www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
ကြာသပတေး, ၁၉ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > ရသဘဏ်တိုက် > ခရီးသွားဆောင်းပါး > ထီးမူခီး (ဆောင်းပါး)

ထီးမူခီး (ဆောင်းပါး)

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ထီးမူခီး

ကျသောင်းဝါးတောကြီးအတွင်း ကျနော်တို့ တောတိုးနေခဲ့ကြသည်မှာ နာရီဝက်ခန့်ရှိပြီ။ ယခုထိ ၀ါးတောအတွင်းမှ မထွက်နိုင်သေး...။ မြေသားထက်တွင်မူ ၀ါးရွက်ကြွေတို့က အထပ်လိုက် ... အထပ်လိုက်...။ သိပ်သည်းစွာ ရှိနေကြသည်။ အချို့က ၀ါရွှေရွှေ...။ အချို့က ... နီညိုညို...။ အချို့က ညိုညစ်ညစ်...။ ပင်ယံထက်ရှိ ၀ါရွက်တို့ကမူ ... စိမ်းမြမြ။ မြရောင်အဆင်းဖြင့် လေအသော့တွင် ယိမ်းနွဲ့ကာနေကြ၏။ မိုးရေ၀နေသဖြင့် ၀ါးရွက်ကြွေများအပေါ် ဖြတ်နင်းသည့် ကျနော်တို့၏ ခြေသံက မထွက် ... လုံနေ၏။ မိုးရွာပြီးစ ကောင်းကင်သည် ထင်းထင်းလင်းလင်းမရှိ...။ အုန့်အုန့်မှိုင်းမှိုင်း...။

ပင်ယံချင်းယှက်ဖျာနေသော ၀ါးတောကြီးအတွင်း အလင်းရောင်သည် ဖျော့ကာ ညိုမှိုင်းနေသည်။ ချွေးဖြင့် ရွှဲနစ်နေသော ခန္ဓာသည် စိမ့်ပြီး အေးနေ၏။ လှုပ်ရှားနေသဖြင့်သာ အေးခဲမသွားခြင်းဖြစ်မည်။ အရှေ့တွင် ချောင်းရိုးငယ်တခုကို တွေ့ရ၏။ ချောင်းရေပြင်က မကျယ်၊ ၀ါးတရိုက်မျှပင် ရှိမည်။ ရေက ရင်စို့မျှပင် မနက်။ တောင်ကျရေ ထိုးဆင်းနေသဖြင့် ရေစီးကမူ သန်သည်။ တဦးချင်းစီ ဖြတ်ကူး၍မရ...။ တယောက်လက်တယောက် ချိပ်ပြီး ထိမ်းကူးကြရသည်။

အမ်ဆယ့်ခြောက် မောင်းပြန်ရိုင်ဖယ်အား အသင့်ကိုင်အနေအထားမှ ကြောတွင် ပိုးလိုက်၏၊ ရေက အေးစက်နေသည်။ ချောင်းက သဲချောင်းမဟုတ်...၊ အောက်တွင် ကျောက်တုံးများ ရှိသည်။ ကျောက်တုံးများက ရေညှိများနှင့် ချောနေ၏။ ရေစီးက ထိုး .. ကျောက်တုံးက ချောနှင့် မလဲရန် သတိထားပြီး တလှမ်းချင်း လှမ်းရသည်။

`ဒီအချိန် အပစ်ခံရရင်တော့ ချောင်းထဲမှာ အလောင်းတွေ မျောကုန်တော့မှာပဲ` ဟူ၍ ကူးနေရင်း အတွေးက တွေးမိသေး၏။ အတွေးမျှသာ...။ ပြဿနာကမရှိ...။ ကျနော်တို့ရှေ့တွင် KNLA ရင်း (၈) မှ တပ်ခွဲတခွဲလုံး ကူးပြီး တဖက်ကမ်းပါးတွင် နေရာယူထားကြပြီးဖြစ်သည်။ ချောင်းရိုး၏ တဖက်ကမ်းပါးတွင်မူ `ကော`နေပြီဖြစ်သည့် လယ်ကွင်းငယ်...။

ကျသောင်း ၀ါးတောကြီးက ချောင်း၏ တဖက်တွင် ကျန်ခဲ့ပြီ။ ချောင်းရိုးငယ်က ၀ါးတောကြီးအား တိကနဲ ဖြတ်ပိုင်းထားသကဲ့သို့...။ လယ်ကွင်းငယ်၏ တဖက်တွင်မူ တောင်စွယ်စွန်းသည် တဖြေးဖြေး သွယ်နှိမ့်ကာ ဆင်းသွား၏။ လူသွားလမ်းအား ရေးရေးတွေ့ရသည်။ လူသွားလမ်းက ချောင်းရိုးအတိုင်း ဆန်ပြီး ချောင်းရိုးနှင့် ယှဉ်လျက်ရှိ၏။ လမ်းက တောင်စွယ်အတိုင်း တောင်ပေါ်သို့တက်သည့် လမ်းမဟုတ်...။ တောင်စွယ်အစွန်းအား ပွတ်ကာသီကာ ကပ်ပြီး ချောင်းနှင့်ယှဉ်လျက် ချောင်းညှာဘက်ဆီသို့ သွားသည့်လမ်း...။

ကျနော်တို့က ချောင်းကူးပြီး လူသွားလမ်းငယ်လေးအတိုင်း ချောင်းအား ဆန်လျှောက်သည်။ တောင်စွယ်အစွန်းသို့ ရောက်သည့်အခါတွင်မူ လမ်းငယ်အတိုင်း မလိုက်တော့...၊ လမ်းမှ ဖယ်ခွာပြီး တောင်စွယ်အစွန်းမှ ဆင်ခြေလျှောအတိုင်း တောင်ပေါ်သို့ တက်ကြသည်။ လူသွားလမ်းငယ်နှင့် တောင်စွယ်တန်းသည် မျဉ်းပြိုင်လည်းမကျ...။ ကြက်လျှာသဏ္ဍာန်စွေစွေလေး သွယ်နေ၏။ တောင်စွယ်တန်းက လူသွားလမ်းငယ်အား မိုးထား၏။

တောင်စွယ်တန်းပေါ်မှကြည့်လျှင် လူသွားလမ်းငယ်အား စီး၍မြင်ရ၏။ ထိုတောင်စွယ်တန်းလေးတွင်ပင်စီ၍ ကျနော်တို့ စစ်ကြောင်းအား နေရာချလိုက်သည်။ ကျနော်တို့ စစ်ကြောင်းတွင် KNLA ရင်း (၈) မှ တပ်ခွဲတခွဲ၊ ရင်း (၉) မှ တပ်ခွဲတခွဲနှင့် ကျနော်တို့က တပ်စိတ်တစိတ်...၊ စုစုပေါင်း တရာကျော်ခန့် ရှိမည်။

စစ်ကြောင်းမှူးက သုခိုပိုးလိုဖြစ်သည်။ သူကား ... KNLA တပ်ရင်း (၉) မှ ဒုရင်းမှူးလည်းဖြစ်သည်။ ကျနော်တို့ စစ်ကြောင်းတွင် RPJ-5...RPJ-7...၊ ၆၀ မမ တလက်နှင့် `နာတိုး` စက်လက် နှစ်ခုံပါသည်။ သစ်ပင်ဝါးပင်တို့က အပင်ငယ်များသာ...။ ကျဉ်ကွယ်မရ..၊ မျက်ကွယ်သာရ၏။ စစ်ကြောင်းမှူးက ပစ်ကျင်းတူးခိုင်း၏။ ပေါက်ပြားမပါ .. ဂေါ်ပြားကမရှိ..၊ မတက်နိုင်..။ ခြေသလုံးခန့်ရှိသည့် သစ်မာပင်တပင်အား ခုတ်၍ အဖျားချွှန်ပြီး သစ်သားတူရွင်းလုပ်ကာ တူးကြရသည်။ မြေသားက ပျော့သဖြင့် လူတထိုင်စာပစ်ကျင်း တူးရသည်မှာ မကြာ...။ အလင်းရောင်က လုံးလုံးစုန်းစုန်းမြုပ်သွားလေပြီ။ ဘုတ်`အီ`သံတို့ကား ... တိုး၍၊ တိတ်၍ သွားကြပြီ။ အမှောင်သည် တစ္ဆေတကောင်အလား ခြောက်ခြားဖွယ်ရာ တိုးဝင်လာ၏။ ကင်းအား နှစ်ယောက်တကင်းချသည်။ ကိုယ့်ပစ်ကျင်းတွင်ပင် စောင့်ရမည်။ ကျနော်တို့အဖွဲ့မှ စစ်ရေးတာဝန်ခံက ကျနော်တို့ စစ်ကြောင်း၏ စစ်ရေးရည်မှန်းချက်အား ရှင်းပြသည်။

ရန်သူ၏ စခန်းတခုအား တိုက်မည်။ စခန်းသိမ်းတိုက်ပွဲ...။ ဒီ-ဒေးက .. မနက်ဖြန်..။ န-နာရီက .. ၀၄.၃၀ နာရီ...။ စခန်းက`ထီးမူခီး`စခန်းဖြစ်သည်။ ရန်သူအင်အား တရာခန့် ရှိမည်။ ဒုရင်းမှူးတယောက် ဦးစီးသည့်စခန်း ဖြစ်သည်။ စခန်းသို့ တက်ရာတွင်မူ... KNLA ဗဟိုမှ အထူးကွန်မန်ဒို တပ်ခွဲတခွဲက တက်မည်။ ကျနော်တို့ စစ်ကြောင်းက စခန်းမှ ပြိုဆင်းလာမည့် ရန်သူအား စောင့်၍ ချေမှုန်းရန်ဖြစ်သည်။ ရန်သူ့ဘက်မှ အနီးဆုံး စစ်ကူလာနိုင်သည်က...`မူသယ်-ဗျက်ကော´စခန်းမှ ဖြစ်သည်။ `မူသယ်-ဗျက်ကော´တွင် တပ်ရင်းမှူးနှင့် စစ်ကြောင်း (၁) ရှိသည်။ မူသယ်-ဗျက်ကောနှင့် ထီးမူခီးတို့၏ ရှေ့တမ်းဗျူဟာက `ကျောက်ကြီးမြို့` တွင် ထိုင်၏။ ကျောက်ကြီးဗျုဟာ၏ လက်အောက်ခံစခန်းများ ဖြစ်သည်။ ဗျုဟာက အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ဗျူဟာဖြစ်သည်။

ထိုစဉ်က ဗျုဟာမှူးမှာ ဗိုလ်မှူးကြီးဇော်ထွန်းဖြစ်သည်။ ကျနော်တို့ စစ်ဆင်ရေးဘက်မှ ဗျူဟာမှူးမှာမူ KNLA မှ ဗိုလ်မှူးကြီး `လောဝါဒီ´ ဖြစ်၏။ `လေ၀ါဒီ´ကား ... မာနယ်ပလော ခုခံရေးစစ်ပွဲတွင် နာမည်ရသည့် စစ်သည်တော်တဦး...။ KNLA မှ အားကိုးရသော စစ်ခေါင်းဆောင်တဦး...။ ပြီးလျှင်.... KNU ဥက္ကဋ္ဌဟောင်း မန်းဘဇံ၏ သားမက်လည်းဖြစ်သည်။ တော်လှန်ရေးတွင်ပင် ကြီးပြင်းခဲ့သည့် တော်လှန်ရေးသမားတဦးဟု ဆိုရမည့်သူ ဖြစ်၏။

ကျနော်နားလည်လိုက်၏။ ရန်သူ၏ မာနယ်ပလောထိုးစစ်ကို အောင်အောင်မြင်မြင် ရိုက်ချိုးလိုက်ပြီးသည့်နောက် ... မြို့ပြနှင့် နီးကပ်သည့် ရန်သူ့စခန်းများအား ပြန်လည်ထိုးစစ်ဆင်သည့် စစ်ဆင်ရေး...။ ပထမ .. ထီးမူခီး။ ပြီးလျှင် ... ကျောက်ကြီးကို သိမ်းမည်။ ပြီးလျှင်...။ ပြီးလျှင်...။ ကျနော့်ရင်တွေ အခုန်မြန်လာ၏။ အတွေးထဲတွင်မူ မ၀ံ့မရဲတော့ ဖြစ်မိ၏။ မ၀ံ့မရဲဖြစ်မိသည်ကား ... ကျနော်တို့၏ အခြေအနေနှင့် ပတ်သက်၍ ဖြစ်သည်။ ကျနော်တို့အဖွဲ့၏ စစ်ရေးစုဖွဲ့မှုက တပ်စိတ်နှစ်စိတ် ရှိ၏။ ထိုတပ်စိတ်နှစ်စိတ်အား တာဝန်ခံသည့် စစ်ရေးတာဝန်ခံ တယောက်ရှိ၏။ တပ်စုမှူးသဘော ဆောင်မည်။ ကျနော်တို့အဖွဲ့က စစ်ရေးလမ်းစဉ်မရှိသည့်အတွက် အမြဲတမ်း တိုက်ခိုက်ရေးတပ်မျိုး စုဖွဲ့ထားခြင်းမရှိ...။ လက်နက်ကိုင်တော်လှန်ရေး အခြေအနေက တောင်းဆိုလာလျှင် .. လက်နက်ကိုင်တပ်ဖွဲ့အား စုဖွဲ့၍ လက်နက်ကိုင်တော်လှန်ရေးအတွင်း ပါဝင်ကြသည်။

တိုက်ပွဲပြီးလျှင် .. တပ်စုဖွဲ့မှုအား ဖျက်သိမ်း၍ အခြား နိုင်ငံရေး၊ စည်းရုံးရေးလုပ်ငန်းများအား လုပ်ဆောင်ကြ၏။ ကျနော်တို့က လက်နက်ကိုင်တော်လှန်ရေးတွင် `ဗော်လံတီယာ´ သဘောဆောင်၏။ ယခုစစ်ကြောင်းနှင့် ပါလာသည့် ကျနော်တို့အဖွဲ့၏ တိုက်ခိုက်ရေးသမားများအား ကြည့်လျှင် ... စစ်ရေးတာဝန်ခံနှင့် တပ်စိတ်မှူး နှစ်ဦးက၊ ယခင် ABSDF တပ်ရင်း (၂၀၉) နှင့် (၂၁၀) တို့တွင် တာဝန်ထမ်းခဲ့ကြဖူးသဖြင့် စစ်သင်တန်းကျေမည်။ တိုက်ပွဲအတွေ့အကြုံ ၃-၄ နှစ်စီ ရှိဖူးကြ၍ စစ်ရေးအတွေ့အကြုံ ရှိသည့်သူများဟုဆိုလျှင် ရမည်။

ကျန်သည့်သူများက....။ ကျနော်တို့ ရဲဘော်သုံးယောက်က မြို့ပြမှ ထွက်ခွာလာကြပြီး အဖွဲ့၏ `ဟိတိုးထ`စခန်းသို့ ရောက်သည်မှာ သုံးရက်မျှပင် မပြည့်တတ်သေး...။ သုံးရက်မြောက် မနက်တွင် ဤစစ်ဆင်ရေးကိစ္စ ပေါ်လာ၏။ အမှန်တွင်မူ ဖွဲ့စည်းပုံပြည့် အစိတ်သုံးဆယ်ခန့်နှင့် တပ်စုတစုစာ ထွက်ဖို့ ဖြစ်သည်။ သို့သော် ..... မဖြစ်ခဲ့။ စခန်းတွင်ရှိသည့် ရဲဘော်များက ရောဂါသည်နှင့် ဂီလာနများ......။ အချို့က အူကျသည့်သူ....။ အချို့က အရိုးယားသည့် ရောဂါသည်....။ ရောဂါတွေက ဆန်း၏။ စစ်ရေးအရ တိုက်ပွဲဝင်ရန် ကျန်းမာရေးက မသင့်....။ထားတော့.... အဆုံး၌ ဆယ်တစ်ယောက်သာ ထုတ်နုတ်၍ရ၏။ ဤတွင် ကျနော်တို့ ရဲဘော်သစ် သုံးယောက်အား အရေးပေါ်တိုက်ခိုက်ရေး ကျူရှင်ပေးတော့၏။ ကျနော်တို့၏တိုက်ခိုက်ရေးကျူရှင်အား ဘားတိုက်အတွင်း၌ပင် ဖွင့်၏။

ဒါက ..... AK-47 ၊ ဒါက .... AR-15၊ ဒါက ......M-16.....။ မဂ္ဂဇင်းကျည်အိမ်ကို တပ်ရင် ဒီလို....ဖြုတ်တော့ ဒါလေးကို ဖိပြီး ဖြုတ်.....။ မောင်းက ဒီလိုတင်.....လုံခြုံရေးခလုတ်က ဒီမှာ .....၊ တချက်ချင်းပစ်ရင် ဒီခလုတ်ကို ဒီမှာထား .... အတွဲလိုက်ပစ်ရင်တော့ ခလုတ်ကို ဒီကိုရွှေ့......။ ဒါပဲ။ ကျနော်တို့ သင်တန်းချိန်က နာရီနှင့်တွက်လျှင် သုံးနာရီထက်မပို.....။ ကျနော်နှင့် ကင်းအတူကျသည့် ရဲဘော်လေးများအား မေးကြည့်သည်။ သူတို့က ကျနော်တို့ထက် နည်းနည်းသာသည်။ `ဟီတိုးထ´ သို့ ရောက်ခါစ၌ စစ်သင်တန်းအား ၇ ရက်ခန့် တက်ခဲ့ကြရသည်ဟု ဆိုသည်။ ပစ်၊ ထောက်၊ မှောက်၊ လှိမ့်တို့ ရသည်။ သေနတ်တလက်လုံး ဖြုတ်တတ်၊ ဆင်တတ်သည်။ ပစ်မှတ်ကိုချိန်ပြီး လေးငါးဆယ်ချက်ခန့် သေနတ်ဖောက်ဖူးကြသည်ဟု ဆို၏။ မဆိုးသေး.....။ စစ်အနုပညာတွင် ချိုမှိုင်မှိုင်သာ ကတတ်သော ကျနော်တို့က ဇာတ်ခုံပေါ်သို့ တက်၍ နေရာယူထားပြီးကြလေပြီ....။ ကပြရမည့်ပွဲက ပွဲကြီး .....။ မတတ်နိုင်....။ ခွက်ခွင်းသံက မြည်နေပြီ....။

ကျနော်၏ရှေ့ လျှိုကလေးအတွင်းမှ သစ်ကိုင်းခြောက်နင်းသံကြောင့် ကင်းတာဝန်ယူနေသည့် ကျနော့်တာဝန်အား သတိကပ်မိ၏။ အတွေးတို့အား ရပ်ပစ်လိုက်၏။ အသံလာရာသို့ ကြည့်သည်။ မမြင်ရ....။ လျှိုလေးအတွင်း မည်းမည်းမှောင်မှောင်.....။ အသံအား နားစွင့်၏။ တွားသွား၍တက်လာသည့် အသံမျိုးများ ကြားရလေမလား.....။ အကြားအာရုံအား အစွမ်းကုန် စူးစိုက်ထား၏။ မကြားရ.....။ နောက်ထပ်မူ မည်သည့်အသံမှ ထပ်မကြားရ။ ညသည် တိတ်ဆိတ်စွာနှင့်ပင် ....။ ကောင်းကင်သည် ဖျော့ဖျော့လေး လင်းလာလိုက်၊ ပိန်းပိတ်အောင် မှောင်သွားလိုက်နှင့် အလင်းနှင့်အမှောင်အား တလှည့်ဆီ လှစ်ပြနေသည်။ လေးကိုင်းသဏ္ဍာန် လကလေးသည် တရွှေ့ရွှေ့နှင့် အနောက်အရပ်ဆီသို့ လွင့်မျောနေ၏။ ညိုမဲမဲ မိုးတိမ်များက အုပ်စုဖွဲ့၍ လေးကိုင်းသဏ္ဍာန် လလေးဆီသို့ လေဟုန်စီး၍ အပြေးလိုက်နေ၏။ ပြီးလျှင် ..... လမင်းငယ်အား ဖုံးဖိလိုက်ကြ၏။ ပြီးလျှင် ..... နောက်တွင် ချန်ထားခဲ့ပြီး တိမ်ညိုမဲတို့က လေဟုန်နှင့်အတူ နှင်ပြန်၏။

ညက မဟူရာတလှည့်.... ဘော်ငွေအိုရောင်တလှည့်။ စိတ်အတွင်း ဆရာမောင်နှင်းခိုင်၏ `တကြောင်းဆွဲမုဆိုး´ ကဗျာအား သတိရမိ၏။

`စိမ့်ကြီးမြိုင်ကြီး လျှိုမြောင်ခရီးမှာ....

ည ကလည်း ကျပ်တည်းကျပ်သပ်

လ ကလည်း ကပ်သီးကပ်သပ်

အရပ်ရှစ်မျက်နှာ မျက်လုံးငတ်တော့......´

ရွှေအိမ်စည်


 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 108 guests online