စစ်ပွဲတခုရဲ့ ဇာတ်ကောင်များ၊ သားကောင်များ

ပရင့်ထုတ်ရန်

(က)

sis-pway-ta-khyu၁၉၉၃ - ခု၊ ဒီဇင်ဘာလ၊ မာနယ်ပလော။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မိမိကိုယ်မိမိ ကာကွယ်ရေး အခြေခံစစ်ပညာ သင်တန်း ...။

"သေသေချာချာ မိမိရရကိုင်ထားနော်၊ အာရုံကို သေနတ်ပြောင်းထိပ်ပေါ်မှာပဲ စုပြီးတင်ထား၊ ထောင်ထားတဲ့ ပိုက်ဆံကိုပဲ ဂရုစိုက် ... ဟုတ်ပြီနော်"

အမ် ၁၆ ရိုင်ဖယ်မှာ ကျနော့်လက်ထဲတွင် မသိမသာ တုန်ရင်လျက် ရှိ၏။

"မျက်လုံးက ပစ်မှတ်၊ အာရုံကို ပိုက်ဆံဆီမှာထား"

သေနတ်ကို မလှုပ်ရှားရအောင် ဘယ်ဖက်လက်ဖြင့် ပြောင်းထိပ်ကို အားစိုက်ပြီး ဆုပ်ကိုင် ပင့်တင်ထားရ၏။ ပြောင်းထိပ်ပေါ်က ထောင်လျက်တင်ထားသည့် ၁-ဘတ်စေ့ကလေးမှာ တဆတ်ဆတ် တုန်လျက်ရှိ၏။ ကျနော့်စိတ်ထဲ စိုးရိမ်လာရသည်။ ပစ်ခိုင်းပါတော့ ... ပစ်ခိုင်းပါတော့ ...။ ကြာလိုက်တာကွာ ...။ ပစ်ခိုင်းပါတော့ ... ပစ်ခိုင်းပါတော့။

"မောင်းကိုဆွဲရင် တကိုယ်လုံးငြိမ်အောင် တောင့်ထားပြီးမှဆွဲနော်၊ မောင်းကိုပဲ ပါလာအောင်ဆွဲ၊ သေနတ်ကြီးတခုလုံး ပါမလာစေနဲ့၊ ဟို - ရဲဘော် ဘာပြုလို့ ရှေ့ကို တအားကုန်းထားတာတုန်း၊ မောင်းဆွဲရင် မင်းသေနတ်ကြီး ပြုတ်ကျသွားလိမ့်မယ်၊ သောက်ရူး"

ပစ်ခိုင်းပါတော့ ... ပစ်ခိုင်းပါတော့ ...။

"ပစ်"

သေနတ်မောင်းဆွဲသံတချို့ ကြားရသည်။ သင်တန်းဆရာ၏ ဆဲသံဆိုသံများ၊ သင်တန်းသားများရဲ့ ရယ်မော ပြောဆိုသံများ ထွက်ပေါ်လာခဲ့၏။

ကျနော်က အမ် ၁၆ သေနတ်ကို ဘေးတွင်ချကာ မြေပြင်ပေါ်ကို စိုက်ကြည့်နေမိသည်။ မြက်ပင်ကြား သဲမြေပေါ်က ၁-ဘတ်စေ့ ကလေးကို ငုံ့ကြည့်နေမိသည်။

ကျနော်တို့ စစ်သင်တန်းသား အားလုံး၏ လက်ထဲတွင် အမ် ၁၆ ရိုင်ဖယ် ကိုယ်စီ ကိုင်ထားကြ၏။ ကျနော် တယောက်တည်းသာ သေနတ်ကို ဘေးတွင် ချထားလိုက်မိ၏။ သင်တန်းဆရာက ကျနော့်ဘေးတွင်လာပြီး ရပ်သည်။

" ရဲဘော်၊ ဘာပြုလို့လဲ၊ နေမကောင်းဘူးလား"

"နေကောင်းပါတယ် ဗိုလ်ကြီး"

"ဒါဆိုရင် ဘာပြုလို့ သေနတ်မောင်းမချပဲ ငိုင်နေတာပဲ"

"ကျ ... ကျနော် မသိဘူး ဗိုလ်ကြီး"

ရယ်သံများ ထွက်ပေါ်လာခဲ့၏။

"ဒါဆိုရင် ... သေနတ်ပြန်ကောက်၊ မောင်းတင်၊ ပိုက်ဆံထောင် ... ပြန်ပြီး ပစ်"

ထိုနေ့က သေနတ်မောင်းကို ကျနော် အကြိမ်ကြိမ် ဆွဲခဲ့၏။ ပြောင်းထိပ်တွင် ထောင်ပြီး တင်ထားသည့် ငါးဘတ်စေ့ကလေးမှာလည်း မြေပြင်ပေါ်သို့ အကြိမ်ကြိမ် ကျခဲ့၏။ ထို့ကြောင့် သေနတ်ကို ခေါင်းပေါ်မြှောက်ကိုင်ကာ လေ့ကျင့်ရေးကွင်းကို ၅ ပတ် တိတိ ပတ်ပြေးခဲ့ရ၏။ ပစ်ဒဏ်ခတ်ခံရလို့ ကျနော့်ဒူးများ ညွှတ်ခွေကျလုမတတ် ဖြစ်ခဲ့သော်လည်း ကျနော့်စိတ်ကိုမူ တင်ထားနိုင်ခဲ့၏။ ကျနော်က ပြောင်းထိပ်ပေါ်တွင် ထောင်ထားသည့် ၁- ဘတ်စေ့ကို တမင် ပြုတ်ကျသွားအောင် မောင်းကိုဖိပြီး အကြိမ်ကြိမ် ဆွဲချခဲ့၏။ ၁-ဘတ်စေ့ကလေးမှာ မြေကြီးပေါ်သို့ အကြိမ်ကြိမ် ကျ၏။ ကျနော်က ကျနော့်စိတ်ကူးနှင့် ကျနော် သေနတ်မောင်းကို တမင်ဖိပြီး နှိမ့်ပြီးဆွဲခဲ့ခြင်း ဖြစ်သည်။ သို့မှသာ ပစ်မှတ်ကို လွဲသွားမည် မဟုတ်ပါလား။

(ခ)

၁၉၉၄ - ခု၊ ဖားအံမြို့နယ်၊ တောတွင်းတနေရာ ...။

အဖော်တွေနဲ့ ကွဲသွားသည်မှာ နာရီဝက်နီးပါး ရှိပြီ။ လူသွားလမ်းကလေးအတိုင်း အသွားအပြန် လျှောက်သည်။ လမ်းခွဲ တခုနှစ်ခုအတိုင်း လိုက်လျှောက်သည်။ တခါတရံ သစ်ပင်ခြုံပင်များကြားတွင် လူသွားလမ်းကလေးမှာ ဆုံးသွား၊ ပျောက်သွား၏။ လမ်းလျှောက်သွားနေရင်းက နားကို အစွမ်းကုန် စွင့်ထားရသည်။ လူသံ လုံးဝမကြားရ။ ကျနော် စိတ်ပူလာရသည်။ ကျနော့်ရှေ့က သွားနှင့်ကြသူများက နောက်ကလိုက်လာသူ ကျနော့်ကို သည်းခံပြီး မစောင့်ပဲ ရှေ့ကိုပဲ ဆက်သွားနေကြပြီလား။ ဒါမှမဟုတ် ကျနော်ကိုယ်တိုင်က သူတို့နောက်က လိုက်သည့်လမ်း မဟုတ်တဲ့ တခြားလမ်းကွဲ တခုခုကိုပဲ အမှတ်မထင် လျှောက်လာခဲ့မိသည်လား။ မတွေးတတ်အောင် ဖြစ်ရသည်။ တောကလည်း နက်သထက် နက်လာခဲ့သည်။ လူသွားလမ်းကလည်း ပျောက်လုမတတ် မထင်မရှား ဖြစ်လာခဲ့သည်။ တချက် နှစ်ချက် အော်ဟစ်ကြည့်မိသည်။ ရပ်ပြီး နားစွင့်သည်။ ကျနော့်အော်သံသာ ဟိန်းသွားသည်။ မည်သည့်အသံမျှ ပြန်ပြီး မကြားရ။ တောအုပ်တခုလုံး ချက်ချင်းဆိုသလို ပြန်လည် ငြိမ်သက်သွား၏။

ကျောဖက်တွင် သိုင်းလွယ်ထားသည့် သေနတ်ကို ဖြုတ်လိုက်သည်။ ကျနော်နှင့်အတူ ခရီးထွက်လာသည့် ရဲဘော်လေး "ဝှေ့စာ" ဆီက ၀ိုင်းကူပြီး ထမ်းသည့် သဘောအားဖြင့် ခဏယူထားလိုက်သည့် အမ် ၁၆ သေနတ်ကို မောင်းတင်လိုက်သည်။ သည်နေရာတ၀ိုက်တွင် နအဖစစ်တပ်များ မရှိနိုင်ဘူးဟု ပြောခဲ့သည့် ဗိုလ်သိန်းစိုး၏ စကားကို ကျနော် တွေးမိသည်။ ထို့ကြောင့် သေနတ်ပြောင်းကို မိုးပေါ်ထောင်ပြီး ချိန်လိုက်သည်။ မျက်စေ့ ကိုစုံမှိတ်ပြီး သေနတ်မောင်းကွင်းထဲ လက်ညှိုးထည့်လိုက်သည်။ မောင်းကို ဖိညှစ်ချလိုက်သည်။ သေနတ်သံဟု ထင်ရသည့် အသံကြီးတခု ကျနော့်အနားမှ ကပ်ပြီး ကြားလိုက်ရ၏။ ကျည်ဆံတထောင့် ...၊ သစ်ရွက်များကို ဖြတ် တိုက်သွားသည့် တဖြစ်ဖြစ်မြည်သံကို ကြားလိုက်ရသည်။

ကျနော် ... မျက်လုံးများ ရုတ်တရက်ပြန်ပြီး မဖွင့်နိုင်သေး ...။ သေနတ်ကိုလည်း ခန္ဓာကိုယ်နှင့် အဝေးဆုံးဖြစ်အောင် လက်ကို ဆန့်နိုင်သမျှဆန့်ပြီး ကိုင်ထားလိုက်၏။ လက်ထဲမှ သေနတ်မှာ တဆတ်ဆတ် တုန်လျက် ...။ ကျနော့်ရင်ထဲ ရထားတစင်း အရှိန်ပြင်းစွာ မောင်းဝင်လာလေတော့၏။

(ဂ)

၁၉၉၅ - ခု၊ ဖေဖော်ဝါရီလ ၊ (၃) ရက်။ မာနယ်ပလောကျအပြီး ... (၇) ရက်မြောက်နေ့။

ဖွေးပေါလူရွာ၊ ထိုင်းနိုင်ငံနယ်စပ် ... ။

ဆေးရုံဝန်းခြံဝတွင် ထမ်းစင်တခုထမ်းပြီး ထွက်လာသည့် လူအုပ်ကို လမ်းဖယ်ပေးလိုက်ရ၏။ ထမ်းစင်ပေါ်ကို ကျနော် လှမ်းကြည့်သည်။ စောင်တထည်ဖြင့် အုပ်ထားသည့် လူတယောက်ကို တွေ့ရသည်။ ယောက်ျား မိန်းမဟူ၍မူ မခွဲခြားတတ်။ သေချာသည်ကတော့ လူသေအလောင်း တခုပင် ဖြစ်သည်။

ဆေးရုံဝန်းထဲ သစ်ပင်များအောက်တွင် လူတွေ အုပ်စုလိုက် ရှိနေကြသည်။ အထုပ်အပိုးများချကာ၊ တချို့က မြေကြီးပေါ်တွင် သည်အတိုင်း လဲလျောင်း အနားယူနေကြ၏။ သူတို့အားလုံး စစ်ပြေးဒုက္ခသည်များ ဖြစ်ကြ၏။

ဆေးရုံပေါ်ရောက်တော့ တန်းစီထားသည့် ကုတင်တန်းနှစ်ခုကြား၊ လူသွားလမ်းပေါ်တွင် လူနာတွေ ပြည့်ကြပ်နေသည်ကို တွေ့ရသည်။ နေရာ အခက်အခဲကြောင့် လူမမာများကို လူသွားလမ်းပေါ်မှာပင် နေရာချ ထားရ၏။ တချို့ လူမမာများမှာ အခင်းမပါ ကြမ်းပြင်ပေါ်တွင် သည်အတိုင်း စောင်ကို ခေါင်းအုံးပြီးအိပ်နေကြ၏။

ဆေးနံ့ ချွေးနံ့များကို ကျနော်ရှူမိသည်။ လူနာတချို့ လူနာစောင့်တချို့ကို ရှောင်ကာရှားကာ၊ ကျော်ကာ ခွကာနှင့်ပင် ကုတင်တလုံးဆီ ကျနော် ရောက်လာခဲ့သည်။ ကင်မရာတလုံး လက်ကကိုင်လျက်၊ လွယ်အိပ်တလုံး လွယ်လျက်၊ ကျော်ခွသွားနေသည့် ကျနော့်ကို လူတချို့က လိုက်ကြည့်ကြ၏။ ဆေးရုံတခုလုံး ငြီးသံငြူသံများ၊ စကားပြောသံများ ဆူညံလျက်ရှိ၏။

ကုတင်တလုံး၏ ခြေရင်းတွင် ကျနော်သွားပြီး ရပ်လိုက်သည်။ ကုတင်ဘေးတွင် အခင်းမပါပဲ အိပ်နေသည့် ကရင် အမျိုးသမီးကြီးတဦးက ကျနော့်ကို မော့ကြည့်သည်။ ရုတ်တရက်ထရပ်ပြီး အားယူသည့် အပြုံးနှင့် ကြိုဆို၏။

"ဘယ်နှယ်နေသေးလဲ အနော၊ လူမမာ သက်သာရဲ့လား"

လူနာစောင့် ကရင်အမျိုးသမီးကြီးက မျက်လုံးများကို လက်ဖမိုးနှင့် ပွတ်နေသေး၏။ ကျနော်ပြောသည့် စကားကို သိတ်ပြီး နားမလည်သလို ဖြစ်နေ၏။ ထိုစဉ်မှာပင် လူနာ၏ မျက်လုံးများ ပွင့်လာခဲ့၏။ ကုတင်ပေါ်တွင် ပက်လက်လဲလျောင်းနေသည့် လူနာက ကျနော့်ကို ခတ်ယဲ့ယဲ့အသံနှင့် နှုတ်ဆက်သည်။

"အော် .. ဆရာကြီး"

"ဘယ်လိုနေသေးလဲ၊ သက်သာရဲ့လား၊ ဒီကနေ့ ကျနော်နဲ့ စကားနည်းနည်းပြောလို့ ရနိုင်ပါ့မလား"

လူနာက ခန္ဓာကိုယ်ကို အနည်းငယ်လူးလွန့်ပြီး အားယူ၏။

"ရ ... ရပါတယ် ဆရာကြီး၊ ဆရာကြီး ဒီဖက်ကို လာပါလား ..."

ကုတင်ဘေးတွင် ရပ်နေသည့် ကရင်အမျိုးသမီးကြီးကို လူနာက ကရင်ဘာသာဖြင့် တစုံတရာ တဆက်တည်း ပြောလိုက်၏။ ကရင်အမျိုးသမီးကြီးက နေရာဖယ်ပေးရန် ဟန်ပြင်လေသည်။

"နေ ... နေပါစေ အနော၊ ရပါတယ်၊ ကျနော် ကုတင်ဘေးမှာကပ်ပြီး လုပ်ရင်ရပါတယ်၊ အော် ... ဒါတွေက လူနာနဲ့ အနောအတွက် ကျနော်ယူလာတာပါ"

ကျနော်က လက်ထဲက ဂျွတ်ဂျွတ်အိပ်နှင့်ထည့်လာသည့် လိမ္မော်ရည်ဗူးနှင့် ကိတ်ခြောက်ထုပ်ကို ကရင် အမျိုးသမီးကြီးထံ ကမ်းပေးလိုက်၏။

"ဒီလိုလုပ်ရအောင်ပါ ... ၊ ကျနော် အခု၊ ပထမ ... ဓါတ်ပုံ အရင်ရိုက်ဦးမယ်နော် ...၊ ပြီးတော့မှ ကျနော်နဲ့ ခင်ဗျား စကားနည်းနည်း ပြောတာကို အသံဖမ်းစက်နဲ့ ဖမ်းကြည့်မယ်၊ ကျနော် ဓါတ်ပုံ တစ်ပုံ နှစ်ပုံလောက် ရိုက်မယ်နော် ...၊ အနောကိုရောပေါ့"

မနေ့တုန်းက ဆေးရုံအုပ် ဆရာမကြီးနှင့် ကျနော်တွေ့ခဲ့သည်။ ကျနော်က ဒီမိုကရက်တစ် မြန်မာ့အသံ ဒီဗွီဘီက သတင်းထောက် ဖြစ်တဲ့အကြောင်း မိတ်ဆက်ခဲ့၏။ ပြီးတော့ မာနယ်ပလော တိုက်ပွဲတွင် ဒဏ်ရာရခဲ့သူ ရဲဘော်တဦးနှင့် တွေ့ဆုံစကားပြောခွင့် ပြုရန် ခွင့်တောင်း၏။ ဆရာမကြီးက ခြေထောက်တဖက် ဆုံးရှုံးသွားရသူ ရဲဘော်လေးတဦးနှင့် စကားပြောခွင့်ရရန် စီစဉ်ပေး၏။ ထို့ကြောင့် ဒီကနေ့တော့ မနေ့က စီစဉ်ထားခဲ့သည့်အတိုင်း ဆေးရုံပေါ်ကို နောက်တခေါက် ကျနော် ရောက်လာခဲ့ခြင်း ဖြစ်သည်။ ကျနော့်အတွေးထဲ၌ မာနယ်ပလော စစ်ပွဲတွင် ကိုယ်ထိလက်ရောက် ပါဝင် ပါတ်သက်ခဲ့သည့် ရဲဘော်တဦးနှင့်တွေ့ဆုံ မေးမြန်းချင်နေ၏။ ထိုရဲဘော်၏ သဘောထားအမြင်ကို သိချင်နေ၏။ ထိုရဲဘော်၏ ခံစားချက်များကို မှတ်သားချင်နေသည်။ ရေဒီယိုမှတဆင့် အသံလွှင့်ပေးချင်နေသည်။

"ဟေ့ကောင် ... မင်း ... အဲဒါ ဘာလုပ်တာတုန်း"

ကျနော် နောက်ကြောဖက်မှ ထွက်ပေါ်လာသည့် အသံကြောင့် ဓါတ်ပုံရိုက်ရန် ပြင်ဆင်နေသည့် ကျနော့် လက်များအောက်သို့ ကျသွားရ၏။ နောက်ကို ကမန်းကတန်း လှည့်ကြည့်လိုက်ရ၏။

"မင်း ... အဲဒါ ဘာလာလုပ်တာတုန်း၊ သွား ... သွားစမ်းကွာ၊ မင်း ... အခု ထွက်သွားစမ်း၊ အလကား"

ကုတင်ပေါ်က လူတယောက် ...။ ဒေါသ အမျက်ချောင်းချောင်း ထွက်နေသည့် မျက်လုံးများနှင့် ...။ ခန္ဓာကိုယ်ကို ထထိုင်နိုင်ရန် ကြိုးစားနေ၏။ သူ့ဘေးက လူတယောက်က ယင်းပုဂ္ဂိုလ်၏ လက်မောင်းကို ဖိကာ ဖြောင့်ဖျနေ၏။ တားနေ၏။ ဒေါသထွက်နေသည့် ထိုပုဂ္ဂိုလ်၏ ကိုယ်ပေါ်တွင် သွေးများ စွန်းထင်းနေသည့် စောင်စုတ်တထည် ခြုံထား၏။

"ဟေ့ကောင်၊ ဘာရပ်ကြည့်နေတာလဲကွ၊ မင်း ... ဒါ ဘာလာလုပ်တာလဲ၊ မင်းတို့ဒီလို လာလုပ်တော့ကော ၊ ဘာထူးမှာလဲ၊ အလကား ... ၊ နေစမ်းပါဦး ... မင်းတို့အခုလို လာလုပ်တော့ကော ... ငါတို့ ခြေထောက်တွေ ပြန်ကောင်းလာမှာလား၊ သွား .... သွား ... အခုထွက်သွား ... ငါ .........."

ကုတင်ပေါ်က ဒေါသတကြီး အော်ဟစ်ပြီး ပြောနေသည့် လူနာ၏အသံကြောင့် ဆေးရုံတခုလုံး လူသံတွေ တိတ်ကျသွားရ၏။ လူတွေအားလုံး ကျနော်တို့ဖက်သို့ လှမ်းကြည့်ကုန်ကြ၏။ ရုတ်တရက် ဖြစ်ပေါ်လာသည့် ပြဿနာအပေါ် ကျနော့်မှာ ဘယ်လို တုန့်ပြန် ပြောဆိုရမည်ကို မသိနိုင်အောင်ဖြစ်နေ၏။

ကျနော်က လက်ထဲက ကင်မရာကို လွယ်အိပ်ထဲသို့ ထည့်လိုက်သည်။ ကျနော်နှင့် တွေ့ဆုံစကား ပြောရန် စီစဉ်ထားသည့် လူနာဖက်ကိုလှည့်ပြီး ပြုံးပြလိုက်ရ၏။ ပြီးတော့မှ ဒေါသထွက်နေသည့် လူနာဖက်သို့ ကျနော် မျက်နှာမူ၏။

"ကိစ္စမရှိပါဘူး နောင်ကြီး၊ ကျနော်လည်း စိတ်မကောင်းပါဘူးဗျာ ...၊ စိတ်မဆိုးပါနဲ့"

ဆေးရုံပေါ်က ဆင်းချလာသည့် ကျနော့်ခြေထောက်များမှာ အကြိမ်ကြိမ် ခွေညွှတ်ကျလုမတတ် အားအင်များ ကုန်ခမ်းနေခဲ့၏။ ကျနော့်နားထဲ၌ ကုတင်ပေါ်က လူနာ၏ အော်ဟစ် မောင်းထုတ်နေသည့် အသံကို ကြားနေရ၏။ ဆံပင်များ မျက်နှာပေါ် ဖရိုဖရဲ ကျနေလျက်၊ မီးဝင်းဝင်းတောက်သော မျက်လုံးများ ...။

ဆေးရုံဝန်းထဲမှ ထွက်ခွာလာသည့် အချိန်တွင် သံလွင်မြစ်၏ တဖက်ကမ်း မာနယ်ပလောဆီက လက်နက်ကြီးပစ်သံ သဲ့သဲ့ကို ကြားရလေသည်။ လမ်းလျှောက်လာနေရင်းက နောက်တချိန် ထပ်ပြီး ဆေးရုံဆီ လာသင့် မလာသင့် ဝေခွဲလို့မရအောင် ရှိနေခဲ့၏။

ထိုညက ... မှတ်စုစာအုပ်ကလေးကို လှပ်ကာ မွန်ဂိုလီးယား ကဗျာဆရာ "ချိုအီဇင် ဆူရင်" ကဗျာတပုဒ်ကို စိတ်လှုပ်ရှားစွာ ဖတ်ခဲ့မိလေသည်။ ။

စစ်

စစ်ဖြစ်လျင်
သခင်မဲ့သော အိမ်နှင့်
အိမ်မရှိသောသခင်ကို တွေ့မည်။

စစ်ဖြစ်လျင်
ခင်ပွန်းမရှိသော ဇနီးနှင့်
ဇနီးမရှိသော ခင်ပွန်းကို တွေ့မည်။

စစ်ဖြစ်လျင်
အဖေမရှိသောသားနှင့်
သားမရှိသော အဖေကိုတွေ့မည်။

စစ်ဖြစ်လျင်
ခြေထောက်မရှိသော ခန္ဓာကိုယ်နှင့်
ခန္ဓာကိုယ်မရှိသော ခြေထောက်ကိုတွေ့မည်။

စစ်ဖြစ်လျင်
ကျွဲနွားမရှိသော စားကျက်နှင့်
စားကျက်မရှိသော ကျွဲနွားတို့ကိုတွေ့မည်။

စစ်ဖြစ်လျင်
ယမ်းငွေ့တွေဝေ၍
ကပ်ရောဂါများနှင့် ၀မ်းနည်းကြေကွဲမှုကို ကြုံမည်။

ငါတို့ စစ်ကို နှိပ်ကွပ်ကြပါစို့။

ငါတို့ စစ်ကို မဖြစ်ကြပါစို့။ ။


(၁၉၇၃-ခု၊ စက်တင်ဘာလအတွင်း ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှု ပျက်ပြားရခြင်း ၃၅ နှစ်မြောက် အမှတ်တရ)

မောင်သစ်ဦး

ကိုးကား။ ။ ၁၉၉၃၊ နိုဝင်ဘာလထုတ်၊ International မဂ္ဂဇင်းတွင် ပါရှိသည့် TNN ဘာသာပြန်သော "War" ကဗျာကို အသုံးပြု ဖော်ပြခြင်း ဖြစ်ပါသည်။