www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
ကြာသပတေး, ၁၉ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > ရသဘဏ်တိုက် > ခရီးသွားဆောင်းပါး > မန်းချောင်း လရောင်များကိုသိမ်းပိုက်ဖို့ရာ ခရီးထွက်ခြင်း

မန်းချောင်း လရောင်များကိုသိမ်းပိုက်ဖို့ရာ ခရီးထွက်ခြင်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

                                                                   (က)

၁၁၊ ၄၊ ၂၀၁၃ ရက်။ မွန်းလွဲ ၃ နာရီ။

“နမ္မဒါမြစ်(မန်းချောင်း)”ကူးတံတားပေါ် ကားဖြတ်ကူးတော့ ကျွန်တော်ကကားဆရာကို ခပ်ဖြည်းဖြည်း မောင်းပေး ပါရန် တောင်းပန်စကား ပြောမိသွားသည်။ ကားဆရာက စိတ်ရှည်သည်။ အမူအရာထူးခြားနေသည့် ခရီးသည် တစ်ဦးကို တွေ့လိုက်ရဟန် မျက်နှာထားနှင့် ကျွန်တော့်ကိုတစ်ချက်ကြည့်ရုံသာ ကြည့်သည်။ ကားကို ခပ်ဖြည်းဖြည်း ပင် မောင်းပေးသည်။ ကျွန်တော်က နမ္မဒါမြစ်(မန်းချောင်း) ကို ကားပေါ်မှ တစ်ဆင့် လည်ပြန်လိုက်ကြည့်ရင်းက တံတားနှင့် ဝေးလာခဲ့သည်။

လွန်ခဲ့သောတစ်ပတ်ခန့်က ကျွန်တော့်အင်တာနက် ဖေ့ဘုတ်စာမျက်နှာပေါ်တွင် စာကြောင်းတစ်ကြောင်း
ရေးတင် ထားခဲ့သည်။

“မန်းချောင်းနှင့် မုန်းချောင်းလရောင်များကို သိမ်းပိုက်ဖို့ရာ ကျွန်တော်ခရီးထွက်ရပါဦးမည်” ဟူ၍ ဖြစ်သည်။ ယခု မန်းချောင်းပေါ်ကားဖြင့် ဖြတ်ကျော်လာခဲ့ပြီ။ မကြာခင် မန်းချောင်းရေစပ်က ဆည်မြောင်း ထိန်းသိမ်းရေး မိသားစု တည်းခိုရိပ်သာဆီ ကျွန်တော်ရောက်တော့မည်။ မန်းချောင်းရေကို ချိုးမည်။ မန်းချောင်းဝန်းကျင်က ဘုရားပွဲ
ဈေးတန်းများ ကြားတွင် လျှောက်ကြည့်မည်။ ပြီးတော့ မန်းချောင်းပေါ်က လရောင်များကို ကျွန်တော်မော့ကြည့်မည်။ ကျွန်တော် ကျေနပ်သွားရသည်။

ဗုဒ္ဓဘာသာဝင်အများ ယုံကြည်ထားကြသည့် ဗုဒ္ဓမြတ်စွာ၏ ခြေတော်ရာတည်ရှိရာ ရွှေစက်တော် ဘုရားသည် မန်းချောင်းဘေးတွင် ရှိသည်။ သည်နှစ်တော့ ထိုနေရာတွင်တပို့တွဲလဆန်း ၅ ရက်မှ နှစ်ဆန်း ၁ ရက်အထိ ဘုရားပွဲတော် ရက်သတ်မှတ်ထားသည်။ ဤသို့ဆိုလျှင် ဘုရားပွဲပိတ်ရန် တစ်ပတ်ပင်မကျန် တော့သည့်အချိန်တွင် ကျွန်တော်ရောက်သွားခြင်းဖြစ်သည်။ သို့သော် သင်္ကြန်ရက်ဖြစ်သည့်အပြင် ပွဲ တော်ရက်ကုန်ဆုံးကာနီး အချိန်ဖြစ်သည့်အတွက် ဘုရားဖူးခရီးသည်များ အဆမတန်များလာနေသည် ဟုသိရသည်။

စက်တော်ရာဘုရားမှာ မန်းချောင်းဘေးတွင်တည်သဖြင့် မန်းရွှေစက်တော်ရာဘုရားဟု အမည်တွင်လာခဲ့သည်။ ဘုရားပွဲကိုလည်း မန်းရွှေစက်တော်ဘုရားပွဲတော်ဟု သုံးနှုန်းခဲ့ကြသည်။ ပတ်ဝန်းကျင် မနီးမဝေး တွင်မင်းဘူး၊ စကု၊ ပွင့်ဖြူ၊ လယ်ကိုင်းမြို့များရှိသည်။ ရွှေစက်တော်ဘုရားနှင့် မင်းဘူးမှာ ၃၁ မိုင် ၂ ဖာ လုံကွာဝေးပြီး မင်းဘူးစကုကြား လမ်းဆုံမှသွားလျှင် ၁၁ မိုင် ၄ ဖါလုံခန့်ရှိပါက ဘုရားကုန်းတော်ခြေရင်း မန်းချောင်းဘေးသို့ ရောက်မည်။

မန်းချောင်းတံတားပေါ် ကျော်လာခဲ့စဉ် ရဟန်းကဗျာဆရာ “ရှင်မဟာရဋ္ဌသာရ” ၏ “ရွှေစက်တော်သွား တောလား” ကဗျာထဲက စာသားတချို့ဆီ ကျွန်တော့်အတွေးအာရုံများက ဖြန့်ကျက်နေမိပြန်သည်။

“တောင်ရိုက်ကမ်းဆင်း၊ ကုန်းကျင်းချောင်း မြောင်၊ မြောက်တောင်မှိုင်းဝေ၊ သစ်ပင်တွေတွင်၊ ပင်ခြေကျင်းကျင်း၊ ပန်းအင်ကြင်းလည်း၊ ရွက်ချင်းခိုက်ထိ၊ စောင်းကြိုးညှိသို့၊ နှမိနှမြော၊ လွမ်းဘွယ်မောစွ။

ကားလမ်းဘေး ၀ဲယာနှစ်ဖက်တွင် ကျွန်တော်မြင်နေရသည်က သစ်ရွက်ခြောက်တစ်ရွက်တလေသာတပ်ဆင် ထားရှိသည့် ကိုင်းခြောက်သစ်ပင်များ။ မွဲသွေ့လျက်ရှိသည့် ခြုံပုတ်များ။ သစ်ပင်ကြီးကြီးမားမားမရှိသည့်
တောင်ကတုံးများ။ ကျွန်တော် သက်ပြင်းချမိသည်။

ရှိခဲ့ဖူးသည်။ လွန်ခဲ့သည့် နှစ် ၆၀ ကျော်အထိ။ မိဘများပြောပြ။ ထိုစဉ်က ရွှေစက်တော်သွားလမ်းခရီးမှာ တကယ့်ကို စိမ့်ကြီးမြိုင်ကြီး တောကြီးဂနိုင်လမ်းဖြစ်သည်။ လှည်းဖြင့်သာ သွားလို့ရသည်။ လမ်းတွင် လွမ်းမောဖွယ် လှည်းစခန်း ကြီးများက ၁၀ စခန်းထက်မနည်း။ မိဘများက ဆီမန်းမန်းသလိုပြောပြနေ သည့် “ဆည်တော်စခန်း” “ကန်ဘောက်စခန်း” ဆိုသည့်အသံများက ကျွန်တော့်နားထဲက မထွက်။

တစ်ခါတစ်ရံ ကျောက်ကြိုကျောက်ကြား လျှိုကြီးများထဲတွင် အသွားနှင့်အပြန် လှည်းတန်းများ ထိပ်တိုက် ဆုံကြ သည်။ လျှိုတွင်းလမ်းဖြစ်သဖြင့် ကျောက်ကြိုကျောက်ကြားလမ်း။ လှည်းတစ်စီးထက် ပိုပြီးမောင်း လို့မရ။ ထိုအခါ ပါလာသမျှရိက္ခာကိုချကာ နှစ်ဖက်စလုံးက ခရီးသည်များချက်ပြုတ်စားသောက်ကြရ သည်။ ရိက္ခာအရင်ကုန်သည့် ဘက်က လှည်းဖြုတ်ကာလမ်းဖယ်ပေးရသည်။ လမ်းဖယ်မပေးရဘဲခရီးဆက် ထွက်ခွင့်ရသည့် ခရီးသည်လှည်းများ ကလည်း ရိက္ခာကုန်လို့ လမ်းဖယ်ပေးလိုက်ရသည့် ခရီးသည်လှည်း များပေါ် ရိက္ခာများတင်ပေးကူညီလိုက်ကြသည်။ ခိုက်ရန်ဒေါသ ဖြစ်လေ့မရှိ။ ပိုမိုချစ်ခင်ရင်းနှီးသွား ကြ သည်သာ။

အခုတော့ ပင်ခြေမွဲလှောက် ကုန်းခြောက်ခြောက်သာရှိတော့သည့် ကားလမ်းဘေးဝဲယာကို ကျွန်တော် ဖြတ်ကျော် လာခဲ့ရသည်။ နေရာတချို့တွင်မူ လမ်းဘေးဆိုင်းဘုတ်များကို ဖတ်ခဲ့ရ၏။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပါ။ ပြီးတော့ ဘေးမဲ့တောဧရိယာအစရှိသည့် ဆိုင်းဘုတ်များကို တွေ့ခဲ့ရသည်။ ကျွန်တော့်စိတ်ထဲ ယင်းဆိုင်းဘုတ်များ သည်ပင် မွဲမွဲခြောက်ခြောက် ချည့်ချည့်နဲ့နဲ့။ သည်လိုအနေအထား ၀န်းကျင်ကို ဖြတ်သန်းရသဖြင့်လည်း “ရှင်မဟာရ ဋ္ဌသာရ” ၏ “ရွှေစက်တော်သွား တောလားကဗျာ”ကို စိတ် ကူးနှင့် ရွက်ဆိုရသည်မှာပင် ကျွန်တော့်မှာအားမရှိလှ။

ကျွန်တော်စီးလာသည့် ခရီးသည်တင်ကားက မုန်းချောင်းကူးတံတားကိုဖြတ်ပြီးမှ ဘုရားတောင်တော်ခြေရင်း ပွဲဈေးခင်းနှင့် မနီးမဝေးတွင်ထိုးရပ်လိုက်သည်။ ကားပေါ်က ဆင်းဆင်းချင်း ကျွန်တော့်စိတ်က မန်းချောင်းရေကို သာပြေးပြီး ရေချိုးချင်နေသည်။ သို့သော် တည်းခိုရမည့် “ဆည်မြောင်းထိန်းသိမ်းရေး မိသားစု တည်းခိုခန်း” ကို ရှာရဦးမည် ဖြစ်သည်။ မင်းဘူးမြို့မှ မထွက်လာခင် အစ်မတစ်ဝမ်းကွဲတော်သူက စာ တစ်စောင်ရေးပေးလိုက်သည်။
ယင်းတည်းခိုခန်းတာဝန်ခံ “ဦးဝင်း”ထံ စာကိုအပ်ရမည်။ နှစ်ညတာတည်း ခိုခွင့်တောင်းရမည်။ နေရာထိုင်ခင်း ပြင် ရမည်။ ဓာတ်မီးတစ်လက် နှင့်ဆပ်ပြာတစ်ခဲဝယ်ရမည်။ ပြီးတော့မှ မန်းချောင်းရေတွင် စိမ်နိုင်တော့မည်။


အခန်းနံပါတ် ၂ ။ ထရံကာဝါးကြမ်းခင်း တည်းခိုခန်းကလေး။ ဆယ်ပေပတ်လည် ၀န်းကျင်အကျယ်။ ဘေးအခန်းက စကားပြောသံများ၊ ကက်ဆက်သီချင်းသံများ။ မန်းချောင်းထဲက ရေချိုးသူများရဲ့ အော်ဟစ်ပြောဆိုသံများ၊ တည်းခိုခန်းကြား လူသွားလမ်းပေါ်က ခြေသံများ။ “ရေနွေးရမယ် အကြော်စုံရမယ်” ဟု မနီးမဝေးကလည်းကောင်း။

အခန်းဘေးကလည်းကောင်း ဆက်တိုက်ကြားနေရသည့်အသံများမှာ နားထဲတွင် ပြားတွေစီစီညံအောင် အော်ဟစ်
နေသလို ကြားနေရသည်။ ပါလာသည့် ကြောပိုးအိတ်ကိုချကာ နေရာထိုင်ခင်းပြင်ပြီးသောအခါ နေရောင်ခြည်မှာ သိသိသာသာ ကျသွားပြီ ဖြစ်လေသည်။

                                                                 (ခ)

မန်းချောင်းရေတွင် မိနစ် နှစ်ဆယ်နီးပါးစိမ်လိုက်သဖြင့် လန်းလန်းဆန်းဆန်း ဖြစ်သွားသည်။ နေ့လည်ပိုင်း မင်းဘူးမြို့ မှ အထွက်ကတည်းက အပူဒဏ်ကို ကြောကော့အောင် ခံလာခဲ့ရသည်။ အခုတော့ တောရိပ် တောင်ရိပ်လည်းဖြစ်ပြန် မန်းချောင်းရေကိုလည်း စိမ်လိုက်ရသဖြင့် နေလို့ထိုင်လို့ တော်တော်ကောင်း သွားသည်။ တစ်ကိုယ်လုံး အကြော အချဉ်များ ပြေကာခွန်အားများ သိသိသာသာတိုးလာသည် ဟုပင် ထင်မိသည်။ ထိုအခါ မန်းချောင်းရေကို နေပူစပ်ခါး မရှောင်ချိုးသည့်တိုင် အပူရှပ်ခြင်း မရှိတတ်၊ မန်းချောင်း ရေတစ်ခါချိုးပြီးလျှင် နောင်နှစ်တွင်လည်း ပြန်လာပြီး ချိုးချင်သည့် စိတ်များ ရှိနေတတ်သည်ဟု ရောက်ဖူး သူများ ပြောနေကြခြင်းမှာအမှန်ပဲကိုးဟု တွေးမိသည်။

တည်းခိုခန်းကလေးကို သော့ခတ်ပိတ်သည်။ ဖူဂျီကင်မရာလေးလွယ်သည်။ ဈေးဆိုင်တန်းထဲ ဆင်းလာခဲ့သည်။ ဆိုင်အတော်များများ ဖြတ်ကျော်ပြီးသည်အထိ မည်သည့်ဆိုင်တွင် ထိုင်ရမည်ကို ရွေးချယ်လို့မရ အောင်ဖြစ်နေသေး သည်။ နောက်တော့စိတ်ကိုလျော့ကာ နီးစပ်ရာ ခပ်သန့်သန့်ပြင်ဆင် ခင်းကျင်းထားသည့်ဆိုင်တွင် ၀င်ထိုင်သည်။ ထမင်းသုပ်တစ်ပွဲ မှာသည်။

ထမင်းသုပ်က စားလို့မကောင်း။ တစ်ခါတစ်ရံ သဲတကျိကျိပင်ဝါးမိသလို ရှိသည်။ ထို့ကြောင့်အားနာပါးနာ အနည်းငယ်သာ စားကာ ထမင်းဆိုင်မှပြန်ထခဲ့သည်။ တခြား လမ်းဘေးဈေးဆိုင်များဘက် လှည့်လိုက်သည်။ တည်းခိုခန်းများရှေ့ တန်းစီပြီးရပ်ထားသော ကားတန်းဘေးတွင် ဆိုင်းထမ်းချပြီးရောင်းနေသော မုန့်ဟင်းခါးဆိုင်၊ အသုပ်ဆိုင်လေးများရှိသည်။ ဈေးဆိုင်တစ်ခုရှေ့ရောက်တော့ ကြာဆန်ဟင်း ခါးရောင်းသည်ကိုတွေ့သည်။ ရာသီဥတုက ပြင်းထန်ခရီးကပမ်းသဖြင့် ကြာဆန်ဟင်းခါးကိုပဲ ညစာအဖြစ်မှီဝဲပြီး အိပ်ယာဝင်တော့မည်ဟု စဉ်းစားသည်။

ကြာဆန်ဟင်းခါးကမူ ပါးစပ်တည့်သည်။ ထမင်းသုပ်ကို စိတ်ပျက်ခဲ့ရသည့်တိုင် ကြာဆန်ဟင်းခါးက အတော့ကို အဆင်ပြေနေပြန်သည်။ ကြာဆန်ဟင်းခါးသောက်ပြီးနောက် ဆိုင်ဘေးက ခုံပုလေးတွင် ခဏ တဖြုတ်ထိုင်နေ လိုက်သည်။ နောက်နေ့တွင် မိမိဆောင်ရွက်ရမည့် အစီစဉ်များကို စဉ်းစားသည်။ ထိုသို့စဉ်းစားရင်းက ပခုံးထမ်း
ဈေးဆိုင်ပိုင်ရှင် နှင့်စကားစမြည် အနည်းငယ် ပြောဖြစ်သွားသည်။ သည်လိုဆို တော့လည်း ရွှေစက်တော်
ဘုရားပွဲနှင့်ပတ်သက်သည့် အချက်အလက်တချို့ကို အလိုအလျှောက် စုဆောင်းမိသလို ဖြစ်သွားတော့သည်။
မန်းရွှေစက်တော်ဘုရားပွဲတွင် ဈေးလာရောင်းကြသူများမှာ နယ်ခံဈေးသည်ကနည်းပြီး အခြားအနယ်နယ် အရပ်ရပ်မှ လာရောက်ကြသူများက အများစုဖြစ်သည်။ ယခု ကျွန်တော်ထိုင်နေသည့်ဆိုင်က ဆိုင်ပိုင်ရှင် ဈေးသည်မှာ မကွေးမြို့နှင့်တောင်တွင်းကြီးကြား ရွာတစ်ရွာမှ ဖြစ်သည်။ မိသားစုလေးယောက်ဖြစ်သည်။ ဘုရားပွဲမစတင်ခင် ရက်များကတည်းကရောက်လာကြသူများဖြစ်သည်။ ပထမ ဘုရားပွဲဂေါပကအဖွဲ့တွင် လူနေအခန်း အတွက်
မြေနေရာ ၀ယ်ရသည်။ ကိုယ့်ဘာသာကိုယ်တဲထိုးနေရသည်။ ရေဖိုးမီးဖိုး ကိုယ့်ဘာ သာတာဝန်ယူရသည်။ ထို့နောက် ရဲကြေး၊ သစ်တောဌာနကြေး၊ စည်ပင်ကြေး၊ မီးသတ်ကြေးပေးရသည်။ တချို့ဌာနများက ညှိလို့ရသည်။ တချို့လုံးဝ မရ။ ဂေါပကအဖွဲ့သို့ ပေးသွင်းရသည့်ငွေ နှစ်သောင်းခြောက် ထောင်ကျော် အပြင်ဆန်တစ်အိပ်နှင့် ဆီသုံးပိဿာမှာ ထုံးစံလိုဖြစ်လာသည်။

သူတို့မိသားစုက ကိုယ်စီကိုငှ အလုပ်လုပ်ကြသည်။ သားဖြစ်သူ လူပျိုပေါက်အရွယ်က ကားရေဆေး သည်။ အသက် ၁၁ အရွယ် သမီးလေးကဆိုင်အလုပ်ကူသည်။ မိန်းမက တဲမှာပင်နေကာ လိုအပ်တာများ ပြင်ဆင်ပေးသည်။ အိမ်ထောင် ဦးစီးဖြစ်သူက အသင့်စီမံပြီး ဖြစ်သည့် မုန့်ဟင်းခါး၊ ကြာဇံဟင်းခါး၊ လက်ဖက်သုပ်၊ ဂျင်းသုပ်၊
ရှောက်သီးသုပ် ပစ္စည်းများကို ပခုံးနှင့်ထမ်းကာ နေရာအမျိုးမျိုး ပြောင်းရွှေ့ပြီးမှ ဈေးရောင်းသည်။ နေ့စဉ် အနည်းဆုံး
နှစ်သောင်းကျော် ရောင်းရသည်။ ခြောက်သောင်းဖိုးအထိ ရောင်းရ သည်များပင် ရှိခဲ့ဖူးသည်။ ရွှေစက်တော် ဘုရားပွဲခင်းအတွင်း ပခုံးထမ်းဈေးလိုက်ရောင်းသူ အရေအတွက် ၂၀ ကျော်ရှိသည်။ အခုတော့ သင်္ကြန်ပြီးလျှင် ဘုရားပွဲလည်း ပြီးတော့မည်။ ငွေကြေးအနည်းငယ်တော့ စုဆောင်းမိခဲ့သည်ဟု ဆိုသည်။

လမ်းဘေးဈေးဆိုင်လေးဆီမှ ထပြန်လာခဲ့တော့ ညဆယ်နာရီပင်ထိုးပြီ။ တည်းခိုခန်း ထဲဝင်လိုက်တော့ ဘေးချင်းကပ် အခန်းထဲက ဘုရားဖူးခရီးသည်များသည်လည်း မအိပ်နိုင်ကြသေး။ စကားပြောသံများဆူ ညံလျက် ရှိနေသေးသည်။ ကျွန်တော်တို့တည်းခိုခန်းနှင့် ခြေလှမ်းဆယ်လှမ်းမျှလောက်သာ ဝေးသည့် မန်းချောင်းထဲက ရေချိုး နေကြသူများ ရဲ့ ပျော်ရွှင်စွာအော်ဟစ်ဆူညံသံများကို အတိုင်းသား ကြားနေရ သေးသည်။

ပါလာသည့် လက်ဆွဲအိတ်ပေါ် ခေါင်းတင်ရင်း၊ ဖျာကြမ်းတစ်ချပ်သာ ခင်းထားသည့် ၀ါးကြမ်းခင်းပေါ် ကြောဆန့်ရင်း
ဘေးချင်းကပ်အခန်းက အချင်းချင်း ပြောဆိုနေသည့်ခရီးသည် အမျိုးသမီးကြီနှစ်ယောက် ရဲ့စကားသံများကို ကြားတော့ ကျွန်တော့်မှာတစ်ဦးတည်း ကြိတ်ပြီး ပြုံးရသည်။

“ညည်းကိုက နုံပါတယ်အေ။ ငါက နှစ်, နှစ်ကို အပိုင်ထိုးတာ့မယ်ဆိုပေမယ့် ဒီကျတော့ ကိုယ်တော်ကြီး ဆီမှာထပ်ပြီး ဂဏန်းအပ်ဖြစ်အောင် အပ်လိုက်ရသေးတယ်။ နင်အခု အထက်စက်တော်ရာ ရောက်တာတောင် နင့်ဂဏန်းကို မအပ်ခဲ့ရသေးဘူးပေါ့ ဟုတ်လား။ အေး အခုတော့မမှီတော့ဘူး။ မနက်ဖြန် ငါတော့ နှစ်,နှစ်ကို အပိုင်ကစားမယ် ဒါပဲ”

ထို့နောက် တစ်နေရာရာသို့ တယ်လီဖုန်း နှင့်လှမ်းပြီး မနက်ဖြန်အတွက် နှစ်လုံးထီထိုးနေကြသည်။ ကျွန်တော့်နားထဲ တွင် မကြားတစ်ချက် ကြားတစ်ချက်။ ခရီးကပမ်း အပူဒဏ်ကိုလည်း တစ်နေ့လုံးခံခဲ့ရသဖြင့် ကျွန်တော့် ခန္ဓာကိုယ်မှာ
တောင့်တင်းနာကျင်လျက်ရှိသည်။ ထို့နောက် ချက်ချင်းဆိုသလို အိပ်ပျော်သွား ရသည်။

                                                             (ဂ)

မနက် လေးနာကျော်ကျော်တွင် အိပ်ယာက ကျွန်တော် နိုးသည်။ ကမန်းကတန်း မျက်နှာသစ်ကာ တောင်ပေါ် တက်ရန် ပြင်ဆင်သည်။ အထက်စက်တော်ရာသို့ တက်ကာနေထွက်သည့်အချိန် ဓါတ်ပုံရိုက် ယူရမည် ဖြစ်သည်။

တောင်ခြေကိုရောက်တော့ တောင်ပေါ်အထိတက်မည့်ကားက လူပြည့်လုနီးပါးဖြစ်နေသည်
နှင့် စောင့်မနေရဘဲ တောင်ပေါ် တက်လာခဲ့သည်။ နံနက် ငါးနာရီကျော်ကျော်သာရှိသေးသဖြင့် ကားပြင်ပတွင်
မှောင်နှင့်မည်းမည်း။ ပတ်ဝန်းကျင်ကိုမမြင်ရ။

မနေ့ညနေပိုင်း ကားဆိပ်မှတစ်ဆင့် အထက်စက်တော်ရာကို မော့ကြည့်ရင်းက “ဒီတောင်ပေါ်ကားနှင့် တက်လျှင် မတ်စောက်လွန်းသည်” ဟု ထင်ထားခဲ့သဖြင့် အခုလိုကားဖြင့် ကိုယ်တိုင်တက်ခွင့်ကြုံသည့်အခါ စိုးရိမ်စိတ်က ဖြစ်နေသေးသည်။ ကားဆရာ ကမူကားကို သီချင်းတအေးအေးနှင့်ပင် ကျင်လည်စွာ
မောင်းနေသေး။

တောင်ထိပ်ကို ငါးမိနစ်မျှလောက်နှင့်ပင် ရောက်သည်။ ဘုရားရင်ပြင်တော်ပေါ်တွင် ဈေးသည်အများစုသည် အိပ်ယာက မနိုးကြသေး။ ပန်းသည်နှင့် အရုဏ်ဆွမ်းကပ်ရောင်းသည့်ဈေးသည် တစ်ယောက်တစ်လေက ကျွန်တော်တို့ အနား ရောက်လာကာ ဈေးရောင်းသည်။ ကျွန်တော်က တောင်ထိပ်ရောက်သည်အထိ ဆက်မတက်တော့ဘဲ အလင်းရောင်ပြပြမြင်ရပြီဖြစ်သဖြင့် နေထွက်သည်ကို သည်ဘုရားရင်ပြင်ဘေး
နေရာကပင်စောင့်ပြီး ဓါတ်ပုံရိုက်ရန် ဆုံးဖြတ်သည်။ သည်ကြားထဲ အရှေ့အနောက်တောင်မြောက် မဝေခွဲတတ်သဖြင့် ပန်းသည် အမျိုးသမီးတစ်ဦးကို လိုက်မေးရသေးသည်။

နေထွက်လာတော့ ဘုရားရင်ပြင်တော် အစွန်းမှတစ်ဆင့် တောင်အောက်ကို ဓါတ်ပုံရိုက်သည်။ ဆန်းသစ် ကြည်နူး ဖွယ် တောင်ခြေ၀န်းကျင် ပွဲဈေးခင်းကြီးမှာ ကြည့်မ၀နိုင်အောင်ပင်။ ဘုရားဖူးများ ရုတ်တရက်များ လာသည်။

ဈေးသည်များ ဈေးရောင်းသည့် အသံများဆူညံလာသည်။ ကြေးစည်ထုသံ၊ ခေါင်းလောင်းထိုး သံ၊ ဓါတ်စက်နှင့် ဆုတောင်းမေတ္တာပို့သံများဖြင့် ဘုရားရင်ပြင်တော်တစ်ခုလုံး ရုတ်ချည်း စည်ကား ဆူညံလာတော့သည်။

ကျွန်တော်ဝယ်လိုက်သည့် ရွှေစက်တော်ဘုရားသမိုင်းစာအုပ်တွင် မန်းရွှေစက်တော်နှင့် ပတ်သက်သော သမိုင်း အချက်အလက်များမှာ စိတ်လှုပ်ရှားဖွယ်ရာများနှင့် ပြည့်နေသည်။ ဂေါဓမ္မဗုဒ္ဓ၀ါတော် ၂၀ ပြည့်သည့် အချိန်တွင် သာဝတ္ထိပြည်မှ မြန်မာနိုင်ငံ မင်းဘူးနှင့်စကုနယ်သို့ ကြွချီရောက်ရှိပြီး နှောင်းလူများ အထွတ်အမြတ်ထား ကြည်ညိုကိုးကွယ်ဖို့ရာ ခြေတော်ရာနှစ်ဆူကို ယခုဘုရားကုန်းတော်အောက်ခြေနှင့် အထက်ကုန်းထိပ်တွင် နင်းချမှတ်သား ထားရစ်တော်မူခဲ့သည်ဟု ဗုဒ္ဓဘာသာဝင်အများက ယုံကြည်ခဲ့ကြသည်။ ဤခြေတော်ရာနှစ်ဆူရှိရာ ဒေသကို ကောဇာသက္ကရာဇ် ၁၆၄၀ ပြည့်နှစ် တွင် ပုဂံအလောင်းစည်သူ မင်းကြီး
တွေ့ရှိတော်မူ သည်မှစကာ ဘုရားစေတီ၊ ကျောင်းကန်များ ဆောက်လုပ်ကိုးကွယ်ခဲ့ရာမှယခုကဲ့ သို့ ဘုရားဖူးများ အထူးစည်ကားခဲ့သည့်ဒေသ ဖြစ်လာခဲ့သည်ဟု ဆိုပါသည်။ နောင်အခါ ခြေတော်ရာဖူး လာသူ ဘုရားဖူးလာသူများပြားလှသဖြင့် ဘုရား ပွဲတော်ရက်သတ်မှတ်ကာ နှစ်စဉ်နှစ်တိုင်း ဘုရားပွဲတော်များ ကျင်းပလာခဲ့ကြ၏။ စတင်သတ်မှတ်စဉ်အချိန်က တပေါင်းလပြည့်နေ့မှ လပြည့်ကျော် ၇ ရက်အထိ တစ်ပတ် သတ်မှတ်ကျင်းပခဲ့ရာမှ ယခုအခါ တစ်လကျော် ၀န်းကျင် အထိ သတ်မှတ်ကျင်းပလာခဲ့ပြီ ဖြစ်သည်။

ကျွန်တော်က ဘုရားသမိုင်းစာအုပ်ဆိုင်မှ စာအုပ်တစ်အုပ်ဝယ်သည်။ အိမ်သူ မဒေ၀ီအတွက် ခြေတော်ရာပုံ ရိုက်နှိပ် ထားသည့် ဘုရားကျောင်းတက် တံဘက်တစ်ထည်ကို ၀ယ်သည်။

ကျွန်တော်ဝယ်ခဲ့သည့် ဘုရားသမိုင်းစာအုပ်တွင် စိတ်လှုပ်ရှားဖွယ် ဆန်းကျယ်သည့် ရိုးရာသမိုင်းမှတ် တမ်းများဖြင့် ပြည့်နေသည်။ လက်ခံနိုင်ဖွယ် သမိုင်းအချက် အလက်များလည်းပါ, ပါသည်။ တချို့ သမိုင်း အချက်အလက်များမှာ ဒဏ္ဍာရီဆန်လွန်းနေသည်ဟု ထင်မိသည်။

ပွဲတော်ဈေးခင်းအတွင်း အထည်ဆိုင်ကြီးများ တန်းစီနေသည်။ ပစ္စည်းမျိုးစုံရောင်းသည့်ဆိုင်များ၊ စားသောက်ဆိုင်များ၊ ဈေးသည်များမှာ ဆိုင်ရှေ့လမ်းပေါ်အထိတက်ကာ အပြိုင်အဆိုင် အော်ဟစ်ခေါ်ငင်ကာ
ရောင်းချနေကြသည်။ ကျွန်တော် စိတ်ဝင်စားသည့် ဈေးဆိုင်များလည်းရှိသည်။ ဥပမာဩ ဒေသထွက်ကုန် များဖြစ်သည့် သနပ်ခါးဆိုင်များ၊ မျှစ်ခြောက်မျိုးစုံ၊ အာလူးခြောက်၊ မှိုခြောက်နှင့် ထန်းလျက်ခဲအမျိုးမျိုး ဆိုင်များကို ကျွန်တော်စိတ်ဝင်စားသည်။ တစ်နေရာတွင်မူ မြင်ဖူးသလိုရှိသည့် အညိုရောင်သစ်ဥသစ်ဖု များ ရောင်းနေသည့်ဆိုင်ဘေးတွင် ကျွန်တော်သွားရပ် လိုက်သည်။ နှစ်ပေါင်း ၄၀ နီးပါး မမြင်မတွေ့ခဲ့ရသည့် ၀က်မြေစာဥကြီးများ တောင်းအပြည့်ထည့်ထားသည်ကို
တွေ့သည်။ ကျွန်တော် အံ့သြ၀မ်းသာသွား ရသည်။

ဘုရားပွဲတော်ပွဲဈေးကြီးအတွင်း ဈေးဆိုင်ခန်းပေါင်း ထောင်ချီပြီးရှိနိုင်သည်။ ခေါင်းရွက်ဗျပ်ထိုး ဈေးသယ်များ၏
အော်ဟစ်ရောင်းချနေသည့် အသံများမှာလည်း တစ်ရံမပြတ် နေရာအမျိုးမျိုးတွင်ကြားနေ တွေ့နေရသည်။ တည်းခိုခန်း များကြား၊ ဈေးဆိုင်များကြား၊ ကားဆိပ်နှင့် နေရာအနှံ့ပဲပြုတ်၊ ဆီထမင်း၊ အကြော်စုံ၊ ဟင်းမျိုးစုံ
အော်ဟစ် သွားလာ ရောင်းချနေကြသည်။

ယုတ်စွအဆုံး နံနက်ဝေလီဝေလင်းအချိန် အရုဏ်ဆွမ်းခံကြွသည့် ရဟန်းတော်များ လမ်းလျှောက်လာနေစဉ် ထိုရဟန်းတော်များ၏ ရှေ့မှနောက်မှ ဘေးမှဈေးသည်များ အပြေးအလွှား လိုက်ပါလာကြသည်။ အရုဏ်ဆွမ်း တစ်ပန်းကန်စာ ဈေးလိုက်ရောင်းကြခြင်းဖြစ်သည်။

ကျွန်တော့်မှာ ကားကြိုကားကြား၊ လူတွေကြား၊ ဆိုင်တွေကြားမှာ ရုတ်တရက် ဖြတ်တက် လိုက်သည့် ခေါင်း ရွက်ဗျတ်ထိုး ဈေးသည်များနှင့် တစ်ခါတစ်လေ လူချင်းဝင်တိုက်လုမတတ် ရှိခဲ့ရသည်။

ကျွန်တော်ရောက်နေသည့်အခိုက် ရှင်ပြုအလှူပွဲလှည့်သည်နှင့်လည်း ကြုံသည်။ ရှင်လောင်းတစ်ပါးနှစ်ပါး
လောက် ဓါတ်ပုံရိုက်သည်။ မနက်စောစော အရုဏ်ဆွမ်းလောင်းစဉ်ကလည်း ရဟန်းတချို့ကို ဓါတ်ပုံရိုက် ယူနိုင်ခဲ့သေးသည်။ ပိုပြီးတိုက်ဆိုင်ချင်တော့ ကျောက်ဆည်မြို့မှ ဆင်ကအဖွဲ့ လှည့်လည်လာသည်နှင့်လည်း ကြုံလိုက်ရသေးသည်။ ဆင်ကနေပုံကို ဓါတ်ပုံရိုက်ရပြန်သည်။

နေစောင်းလာသည်နှင့် တစ်ပြိုင်နက် ယောက်ျားအနှိပ်သည်များ လမ်းပေါ်ရောက်လာကြသည်။ “အကြော ဖြေဆရာ” ဟူသည့် ဆိုင်းပုဒ်ကလေးများ ကိုယ်စီကိုင်ကာ တစ်နေရာပြီးတနေရာ လမ်းလျှောက် ကာ ဖောက် သယ်ရှာကြသည်။ ပွဲတော်အတွင်း ဈေးသည်များနည်းတူ အနှိပ်သည်များ၊ ဓါတ်ပုံဆရာ များသည် လည်း ဂေါပကအဖွဲ့တွင် မှတ်ပုံတင်ကြရသည်။ အခွန်ဆောင်ပြီးမှ အလုပ်လုပ်ကြရသည်။ ဂေါပက အဖွဲ့ရုံး
နှင့်နီးသည့် လက်ဖက်ရည်ဆိုင်တွင် ကျွန်တော် ထိုင်နေစဉ် ဂေါပကအဖွဲ့ လက်ခံရရှိထားသည့် လှူဒါန်းငွေ စာရင်းချုပ် ကြေညာပေးနေသည်ကို ကြားခဲ့ရသည်။ သိန်းထောင်နှင့်ချီပြီး ကြေညာလိုက်သည်ကို ကြားခဲ့ ရသည်။

တည်းခိုခန်းကို ပြန်ရောက်တော့ မိုးချုပ်တော့မည်ဖြစ်သည်။ မန်းချောင်းထဲကို ဆင်းတော့ ရေချိုးသူများ
ချောင်းလုံးပြည့် ရှိနေသည်။ ကလေး၊ လူကြီး အရွယ်စုံ ချောင်းထဲတွင် ရေချိုးကြသည်။ ရောင်စုံဘောကွင်းများ ကြိုးနှင့်သီဆွဲကာ ရေချိုးနေကြသူများ ကြားလိုက်လံရောင်းနေသည့် ဈေးသည်များကို ချောင်းထဲအနှံ့ တွေ့
နေရသည်။ တချို့ အုပ်စုလိုက်၊ တစ်ဦးချင်းအလိုက် ဓါတ်ပုံရိုက်ကြသည်။ ကျွန်တော့်အထင် မန်းရွှေစက်တော် ဘုရားပွဲကို ဘုရားဖူးများ စိတ်ဝင်စားကြသည့်အချက်မှာ ကြည်လင်အေးမြသော မန်းချောင်းရေ ကို ပျော်ရွှင်စွာ
ရေချိုးခွင့် ရသည့်အချက်သည်လည်း အဓိကကျသော အချက်တစ်ချက် ဖြစ်မည်ဟုထင်မိ သည်။

ယခုအခါ မန်းရွှေစက်တော် ဘုရားပွဲတော်ကို ကျွန်တော်တဖြတ်ထိုးရှပ်ပြီး လေ့လာခွင့်ရလိုက်ပြီ။ မနက်ဖြန် မနက် ခပ်စောစောထ၊ ရေချိုးပြီးနောက် ကားဆိပ်ကိုဆင်းရမည်။ နေပူမပြင်းခင် မင်းဘူးကို ပြန်ရမည်။ ခရီးသည် တစ်ဦးအနေဖြင့် စိတ်ကျေနပ်မှုတော့ ရခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ညအချိန် မန်းချောင်း ရေချိုးဆိပ်က ပြင်တွင်ထိုင်ပြီး မန်းချောင်းလရောင်များကိုမူ ကျနော့်မှာ မသိမ်းပိုက်နိုင်ခဲ့ပါ။ ကျွန် တော် ရောက်သွားသည့်ရက်က လကွယ်ရက်များ ဖြစ်နေသည်။ ထိုအချက်ကိုတော့ ကျွန်တော့်မှာ မချင့်မရဲ ဖြစ်ခဲ့ရသည်ဟု ပြောရပါလိမ့်မည်။ ။

 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 50 guests online