www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
ကြာသပတေး, ၁၉ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > ရသဘဏ်တိုက် > ခရီးသွားဆောင်းပါး > သရုပ်ဖော် (ရသဆောင်းပါး)

သရုပ်ဖော် (ရသဆောင်းပါး)

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

“အဲဒီပြိုင်ပွဲမှာ ... ယုန်ဟာ လမ်းဘေးမှာ ဝင်အိပ်နေလိုက်တဲ့အတွက် လိပ်ကို ရှုံးသွားခဲ့ရတယ်။ ဖိုးဖိုးတို့ ယုန်တွေလည်း အဲဒီ ယုန်တကောင် အတွက်နဲ့ နာမည်ပျက် သိက္ခာကျခဲ့ရတာ အခုထက်ထိ ဆိုပါတော့ကွယ်”


စကားအဆုံးမှာ ဖိုးဖိုးယုန်ဟာ သူ့ရဲ့လုံချည် အောက်အနားစနဲ့ ကျအံ့ဆဲဆဲ မျက်ရည်တွေကို တို့ပြီး သုတ်ပစ်လိုက်ပါတယ်။ အနားမှာ ငြိမ်သက် လဲလျောင်းနေတဲ့ ချယ်ရီသား တုတ်ကောက်ကို ... အကြောပြိုင်းပြိုင်းထပြီး တုန်ရီနေတဲ့ လက်ချောင်း ပိန်ခြောက်ခြောက်တွေနဲ့ ကောက်ယူ ထောက်မ မတ်တတ် ရပ်လိုက်တယ်။ ပြီးတော့ နှုတ်က အနိစ္စ ... အနိစ္စလို့ တိုးတိုးကလေး ရေရွတ်ပြီး ချိနဲ့လေးလံလှတဲ့ ခြေလှမ်းတွေနဲ့ အနောက်ဘက်က အိပ်ခန်းထဲကို လှမ်းဝင်သွားပါတယ်။ ဒီတော့ ပုံပြင် လာရောက်နားထောင်တဲ့ အခြား တောကောင်ကလေးတွေနဲ့အတူ ကျနော်လည်း ကျနော့် အိမ်ကလေးရှိရာကို လေးလေးပင်ပင်နဲ့ ပြန်လာခဲ့ပါတယ်။

လမင်းဟာ ရီဝေမူးမူးနဲ့ သူ့ရဲ့ အဝါရောင်ရွှေရည် ဖျော့ဖျော့တွေကို ကျနော့်ရဲ့ ကုတင်ပေါ်အနှံ့ စိမ်ပြေနပြေ အန်ချနေပါတယ်။ နှင်းပွင့်ကလေးတွေ ကတော့ ပြတင်းပေါက်က ဝင်လာတဲ့ မြောက်ပြန်လေနဲ့အတူ ကျနော့်ရဲ့ နားရွက်ရှည် နှစ်ခုအပေါ်မှာ ခုန်ပေါက် ဆော့ကစားလို့ပေါ့။ ချမ်းရှာလွန်းလို့ ထင်ပါရဲ့၊ သစ်ရွက်ကလေးတွေရဲ့ သွားချင်းရိုက်သံကိုတောင် တိုးတိုးကလေး ကျနော် ကြားနေရသလိုပါပဲ။ ဟုတ်ပါတယ်။ အင်မတန် သာယာလှပတဲ့ ညကလေးတည ဖြစ်ပါတယ်။ သောကတွေ ကင်းကင်းစင်စင်နဲ့သာ ဆိုရင်တော့ သိပ်ကို ပျော်ရွှင်ကြည်နူး ခုန်ပေါက် နေမိမှာပါ။ ပြီးတော့မောမောနဲ့ နှစ်နှစ်ခြိုက်ခြိုက်ကြီးကို အိပ်ပျော်သွားမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီညကလေးထဲမှာ ကျနော် အိပ်မပျော်ခဲ့ ပါဘူး ... ကျနော့်ရဲ့ အိပ်စက်ခြင်းတွေက ကျနော့်ရဲ့ မျက်ဝန်းတံခါးတွေကနေတဆင့် အဝေးကို ထွက်ပြေး တိမ်းရှောင်နေကြပါတယ်။ ကျနော့်ရဲ့ အိပ်စက်ခြင်းတွေ အဲဒီလို ထွက်ပြေးသွားအောင် ဆွဲဆောင်ခေါ်ယူသွားတဲ့ အရာတွေက အခြား ဟုတ်ပါရိုးလား။ ဖိုးဖိုးယုန် ပြောလိုက်တဲ့ ပုံပြင်ထဲက ... ခိုင်မာမှု သိပ်မရှိလှဘူးလို့ ကျနော် ယူဆယုံကြည်တဲ့ အကြောင်းအရာ အချက်အလက်တွေပါပဲ။

“ဒီယုန်ဟာ ဘာဖြစ်လို့ လမ်းမှာ ဝင်အိပ်နေလိုက်ရတာလဲ ... အင်မတန် နှေးကွေး လေးလံလှပြီး ကိုယ့်ဘက်ကိုယ် ယက်တတ်တဲ့ လိပ်ငပျင်းဟာ ... အလွန် လျင်မြန်ဖျက်လတ် တက်ကြွတဲ့ ယုန်ကို အဲဒီနည်းနဲ့ နိုင်သွားရသတဲ့လား ... ယုန် အိပ်ပျော်သွားတာရော သွေးရိုးသားရိုးမှ ဟုတ်ရဲ့လား ... ဟူး”

သက်ပြင်းရှည်တခုကို ကျနော် ပင်ပင်ပန်းပန်း မှုတ်ထုတ်လိုက်ပြီး ကုတင်ပေါ်က ဆင်းလိုက်ပါတယ်။ ပြတင်းပေါက် ဘောင်ပေါ်မှာ လက်ထောက် ပြီး အပြင်ဘက်က လောကကြီးကို ကျနော် ငေးကြည့်နေမိပါတယ်။ ကြည့်ပါဦး၊ မြေပြင်က ဝါလို့၊ မြက်ခင်းပြင်ကလေးတွေကလည်း နှင်းရည်တွေ စိုစွတ်ပြီး တောက်ပဝင်းလက်လို့၊ ပန်းပွင့်ကလေးတွေကတော့ မျက်တောင် ကော့ကော့ကြီးတွေကို ဖွဖွကလေး ပိတ်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လို့၊ ထောက်ကြံ့ပင်ကြီးရဲ့ ခွဆုံကြား သစ်ခေါင်းထဲမှာတော့ ရှဥ့်ညိုကလေး မောင်ညိုက ဟောက်လို့၊ အိပ်မပျော်တာဆိုလို့ ကျနော်နဲ့ လေပြေကလေးနှစ်ခုပဲ ရှိနေပါတယ်။ ဒါပေမဲ့ လေပြေကလေးကတော့ ကျနော့်လို အတွေး ဝန်ထုပ်ဝန်ပိုးတွေနဲ့ ဖိစီးလေးလံ မနေပါဘူး။ လွတ်လပ်ပေါ့ပါးစွာပဲ တတောတတောင်လုံးအနှံ့ ပြေးလွှားဆော့ကစားလို့ နေပါတယ်။

ဒါပေမဲ့ ... ဒါတွေက ကျနော့်ရဲ့ မျက်ဝန်းတွေထဲမှာသာ ပုံရိပ်တွေအဖြစ်နဲ့ လာထင်နေတာ ဖြစ်ပါတယ်။ ရုပ်ရှင် ပိတ်ကားကြီးပေါ်မှာ ထင်လာတဲ့ အရုပ်တွေကို အဲဒီပိတ်ကားကြီးက မမြင်ရသလို တကယ်က ကျနော် မမြင်ရပါဘူး။ ကျနော် သေသေချာချာ မြင်နေရတာကတော့ ... အရှုံးဆိုတဲ့ ခါးသီး နံစော်လှတဲ့ သစ်သီးကို စားလိုက်ရတဲ့ ပြိုင်ပွဲဝင် အပြေးသမားယုန်ရယ်၊ အရှက်နဲ့သိက္ခာကို မြွေအရေခွံ ချွတ်သလို အချွတ်ခံလိုက်ရလို့ ကြေကွဲနာကျည်းတဲ့ မျက်နှာတွေနဲ့ အပြေးပြိုင်ကွင်းရဲ့ အဝေးကို ထွက်ခွါသွားနေကြတဲ့ ကျနော်ရဲ့ ညီအကိုမောင်နှမ အဘိုးအဘွား ယုန်တွေကိုပါ။

အဲဒီပြိုင်ပွဲရဲ့ နောက်ပိုင်းမှာ ဖြစ်ပေါ်လာတဲ့ ရလဒ်တွေကို ... ကျနော့်အမျိုး ယုန်တွေ ဘယ်လို ရင်ဆိုင် ခံစားခဲ့ကြရမလဲ ဆိုတာကို ကျနော် စာနာ နားလည်နိုင်ပါတယ်။ အပြေးပြိုင်ကွင်းပေါ်က အရှုံးဟာ ကျနော်တို့နဲ့ ပတ်သက်တဲ့ ကိစ္စတွေ အပေါ်မှာတင် မဟုတ်ဘဲ လိပ်တွေက လွဲလို့ ကျန်တဲ့ တောကောင်တွေ အားလုံးအပေါ်ကိုပါ အုပ်ဆောင်းကြီးနဲ့ အုပ်လိုက်သလို လွှမ်းမိုးသွားခဲ့ပါတယ်။

အရင်က ပြဿနာတစုံတရာကို မဖြေရှင်းနိုင်လို့ရှိရင် ပညာရှိလို့ သတ်မှတ်ထားတဲ့ ယုန်တကောင်ကောင်ဆီကို သွားပြီး အဆုံးအဖြတ် ခံယူနေ ကြရာက ... အခုတော့ လိပ်ကြီးတွေဆီကို သွားနေကြရပါပြီ။ အင်မတန် ဖြုစင်တယ်၊ ရိုးသားတယ်လို့ ယုံကြည်ကြပြီး ပွဲလမ်းသဘင်တိုင်းမှာ နေရာ အပေးခံခဲ့ရတဲ့ ယုန်တွေရဲ့ နေရာမှာ လိပ်ကြီးတွေက ခေါင်းပေါင်းကြီးတွေနဲ့ မိန့်မိန့်ကြီးထိုင်လို့ ...၊ ယုန်ကိုမြင်ရင် လမ်းဘေးဆင်းရပ် ... အရိုအသေပေးနေကျ လိပ်တွေဟာ အခုတော့ ပုခုံးချင်းတောင်မှ ဝင်တိုက်ပြီး ... ယုန်တွေကို မျက်စိ မပါဘူးလားကွလို့ ဒေါသတကြီးနဲ့ မေးနေကြပါပြီ။ ယုန်နဲ့လိပ် အပြေးပြိုင်ပွဲက ရရှိခဲ့တဲ့ အရှုံးဟာ ကျနော်တို့ ယုန်တွေရဲ့ ရင်ထဲမှာ ကင်ဆာရောဂါလို အမြစ်တွယ်ခဲ့ပါတယ်။ အဲဒီ ရောဂါဝေဒနာကို မချိမဆန့်ခံစားပြီး မထင်မရှား သေဆုံးသွားကြတဲ့ ယုန်တွေလည်း မနည်းဘူး ရှိလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ အစာစားရင် စိတ်မချ၊ လမ်းသွားရင် စိတ်မချ၊ စကားပြောရင် စိတ်မချ၊ အလုပ်လုပ်ရင် စိတ်မချနဲ့ ... အို အားလုံးစိတ်မချရတဲ့ ဘဝကို ရောက်ခဲ့ရတော့တာပါပဲ။ ရင်ထဲမှာ စိုးရိမ်စိတ်တွေနဲ့အတူ ... ကျနော်တို့ဟာ ဟင်းလင်းပြင် အနာဂတ်ကိုသာ ရင်ဆိုင်နေခဲ့ကြရပါတယ်။

ကျနော် ဘယ်လောက်တောင် အတွေးရေလျဉ်ကြောမှာ မျောပါနေမိတယ် မသိပါဘူး။ ဒူခနဲမြည်သွားတဲ့ မောင်းသံကို သဲ့သဲ့ကလေး ကြားလိုက် ရမှ ပတ်ဝန်းကျင်ကို သတိပြုမိလာပါတယ်။ နှင်းမှုန်တွေ လွင့်ပြယ်စပြုနေပြီး မိုးသောက်ရောင်နီဟာ ကောင်းကင်ပေါ်က တိမ်တိုက်တွေကို နီပြေပြေအရောင် မိတ်ကပ် ခြယ်လိမ်းပေးနေပါတယ်။ ငှက်ကလေးတွေနဲ့ အခြား တောတောင်တွေဟာလည်း မျှော်လင့်ချက် ကင်းမဲ့နေတဲ့ ခြေလှမ်း၊ နွမ်းလျတဲ့ အမူအရာတွေနဲ့ အစာရှာဖို့ ပျံသန်း ထွက်ခွါသွားကြပါပြီ။ ကျနော်က စောစောက ကြားလိုက်ရတဲ့ မောင်းသံကို စူးစမ်းဖို့ အိမ်အပြင်ဘက်ကို ပြေးထွက်လာခဲ့ပါတယ်။

ကျနော်တို့ နေထိုင်ကြတဲ့ တောထဲမှာ အလေ့အထတခု ရှိပါတယ်။ အဲဒါကတော့ ကျနော်တို့ တောထဲကို အခြား တောတခုခုထဲက သားကောင်စိမ်း တကောင်ကောင် ဝင်ရောက်လာခဲ့ရင်ပဲ ဖြစ်ဖြစ်၊ သာရေးနာရေး ကိစ္စတွေရှိခဲ့ရင်ပဲ ဖြစ်ဖြစ် ဒါမှမဟုတ် ... အရေးပေါ် ကြေငြာစရာတခုခု ရှိလာရင်ပဲ ဖြစ်ဖြစ် တတောလုံးလှည့်ပြီး မောင်းခတ် ကြေငြာတတ်တာပါပဲ။ စောစောက ကျနော် ကြားလိုက်ရတဲ့ မောင်းသံဟာလည်း တခုခုကို ကြေငြာတာ သေချာပါတယ်။ ဒါပေမဲ့ ကျနော် အိမ်အပြင်ဘက်ရောက်တဲ့ အချိန်မှာတော့ မောင်းခတ်ကြေငြာတဲ့ အဖွဲ့ဟာ ကျနော့် မြင်ကွင်းထဲမှာတောင် မရှိတော့ပါဘူး။ ဘာတွေ ကြေငြာသွားတယ် ဆိုတာကိုလည်း ကျနော် မသိတော့ဘူး ဆိုပါတော့။

ဒါကြောင့် တကောင်ကောင်ကို မေးကြည့်ဦးမှပဲလေ ဆိုတဲ့ အတွေးနဲ့ တောင်မြောက်ဝဲယာကို ကျနော် လှည့်ပတ် ကြည့်ရှုလိုက်ပါတယ်။ ကျနော် ဘာ တွေ့တယ် ထင်ပါသလဲ။ ကျနော်တို့ကို အများတကာ တံတွေးခွက်မှာ ပက်လက်မျောအောင်လုပ်ခဲ့ ... ကျနော်တို့ရဲ့ ဘိုးဘွားတွေကို ကင်ဆာ ရောဂါ ဝေဒနာတွေ ခံစားစေခဲ့၊ ကျနော်တို့ရဲ့ ကြီးကျယ်မြင့်မြတ်တဲ့ ဂုဏ်သိက္ခာတွေကို တောင်ကျရေလို တဟုန်ထိုး ကျဆင်းစေခဲ့၊ ကျနော်တို့ရဲ့ တန်ဖိုးကြီးမားလွန်းလှတဲ့ ပညာရှိ သရဖူကို လက်ကြမ်းကြမ်းကြီးတွေနဲ့ ချွတ်ယူခဲ့၊ အို ... နောက်ဆုံး ညတုန်းကတောင် ကျနော်ရဲ့ လှပသိမ်မွေ့တဲ့ အိမ်မက်တွေကို ခိုးယူဖျက်ဆီး ချေမွခဲ့တဲ့ လိပ်တကောင်ကိုပါပဲ။

“ထွီ”

သွေးကြောတွေကတဆင့် တစကိုယ်လုံးစကို ပြန်နှံ့လာတဲ့ ဒေါသတွေကို အတတ်နိုင်ဆုံးထိန်းရင်း အိမ်ထဲကို ပြန်ဝင်ဖို့ ကျနော် လှည့်လိုက်ပါ တယ်။

“ဟေ့ ... ဟေ့ ... နေပါဦး”

ကျနော် မရပ်ချင်ပေမယ့် အဲဒီလိပ်ရဲ့ အသံထဲမှာ ကျနော် ခြေလှမ်းတွေကို ဆက်ပြီး လှမ်းလို့ မရနိုင်လောက်အောင် ဖြစ်စေခဲ့တဲ့ အင်အားတွေ ပါနေလို့ ထင်ပါရဲ့။ ဒါမှမဟုတ် ... နှစ်ပေါင်း မြောက်မြားစွာ ကျနော်တို့ရဲ့ ရင်ထဲကို နည်းအမျိုးမျိုးနဲ့ ထည့်ပေးထားခဲ့တဲ့ ကြောက်ရွံ့စိတ်ကြောင့် ထင်ပါတယ်။ ကျနော် ရပ်လိုက်ပါတယ်။ ခြေသံတရှပ်ရှပ်ကို ကြားရပြီးတဲ့နောက် လိပ်ဟာ ကျနော်တို့ရဲ့ ရှေ့မှာ လာရပ်လိုက်ပါတယ်။ ပြီးတော့ ကောင်းဘွိုင် ဇာတ်ကားတွေထဲကအတိုင်း မချိုမချဉ်အပြုံးနဲ့ စီးကရက်တလိပ်ကို ပါးစပ်မှာ ခဲလိုက်ပြန်တယ်။ မီးညှိ၊ ရှိုက်ဖွာ ... ဝှူးခနဲ ကျနော့်မျက်နှာ တည့်တည့်ကို မီးခိုးတွေ အကွင်းလိုက် မှုတ်ထုတ်လိုက်ပြီး မခိုးမခန့်လေသံနဲ့ ပြောပါတယ်။

“မင်း ... ကြားလိုက်တယ် မဟုတ်လား”

“ဘာကို ကြားလိုက်ရမှာလဲ”

“မင်းတကယ်မကြားလိုက်ဘူလားကွ ... ဟင်”

“...... ......”

“ယုန်နဲ့လိပ် အပြေးပြိုင်ပွဲ ကျင်းပမယ် ဆိုတာလေ”

“ဗျာ ...”

ကျနော့်တကိုယ်လုံး လေထဲ မြောက်တက်သွားသလို ခံစားလိုက်ရပါတယ်။ ကျနော့် နှလုံးသားက ညှစ်ထုတ်လိုက်တဲ့ သွေးတွေဟာလည်း ရုတ်တရက် ဆူဝေလာတာကြောင့် ခြေဖျားထိပ်ကလေးတွေကနေ နားရွက်ဖျားကလေးအထိ ပူးနွေး လတ်ဆတ်လာခဲ့ပါတယ်။ ကျနော်ဟာ စိတ်လှုပ်ရှားမှုကို မထိန်းသိမ်းနိုင်တော့ဘဲ အသံတုန်တုန်နဲ့ အမောတကောပဲ လိပ်ကို မေးလိုက်မိတယ်။

“အဲ ... အဲဒီပြိုင်ပွဲက ဘယ် ... ဘယ်တော့ လုပ်မှာလဲဗျ ... ဟင်”

လိပ်က ... မမှတ်သေးဘူးလား ဆိုတဲ့ မျက်လုံးတွေနဲ့ ကျနော်ကို အထင်သေးသေး စိုက်ကြည့်ရင်း ...

“လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် လုပ်မှကွ ... အင်း ... ၃ လလောက်တော့ လိုပါသေးတယ် ... ဒါပေမဲ့ လုပ်မနေပါနဲ့ကွာ ... ဟား ... ဟား ... ဟား ...”

လိပ်ရဲ့မျက်နှာကို လက်သီးနဲ့ ခပ်ပြင်းပြင်း ထိုးထည့်လိုက်ချင်ပေမယ့် ... အဲဒီစိတ်ကို အတတ်နိုင်ဆုံး ချုပ်တီးပြီး အိမ်ထဲကို ကျနော် ဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ချက်ချင်းပဲ ကျနော်ဟာ အိမ်အပြင်ကို ပြန်ထွက်ပြီး ဖိုးဖိုးယုန်ဆီကို ပြေးသွားခဲ့မိပါတော့တယ်။ 

“ဖိုးဖိုးယုန် ... ဖိုးဖိုးယုန်”

“ဟဲ့ ... ဟဲ့ ... ဘယ်လိုဖြစ်လာတာလဲကွ ... မြေးရ”

ပျာယီးပျာယာ နိုင်လှတဲ့ ကျနော်ရဲ့ အမူအရာကို ကြည့်ပြီး ဖိုးဖိုးယုန်က မေးလိုက်ပါတယ်။ ကျနော်ဟာ ဖိုးဖိုးယုန် ထိုင်နေတဲ့ ပက်လက် ကုလားထိုင်ဆီကို ပြေးသွားပြီး ဖိုးဖိုးယုန်ရဲ့ ခြေထောက်နှစ်ဖက်ကို ပွေ့ဖက်လိုက်ရင်း ...

“ယုန်နဲ့ လိပ် အပြေးပြိုင်ပွဲ လုပ်မလို့တဲ့ ဖိုးဖိုးယုန်ရဲ့ ... သိလား”

“ဟေ”

ကျနော်က ဖိုးဖိုးယုန်ကို အကြောင်းစုံ ရှင်းပြလိုက်ပါတယ်။ ကျနော့် စကားလည်းဆုံးရော ဖိုးဖိုးယုန်ရဲ့ တကိုယ်လုံး ကြက်သီးတွေ ဖျန်းခနဲ ထသွားတာကို ကျနော် သတိပြုမိပါတယ်။ မျက်လုံးတွေကလည်း ကြယ်ပွင့်ကလေးတွေလို ရွှန်းလက် တောက်ပလို့ပေါ့။ အဲဒီနောက် ဖိုးဖိုးယုန် ဟာ တောင်ဝှေး အကူအညီမပါဘဲ ပက်လက် ကုလားထိုင်ကနေ ဖျတ်ဖျတ်လတ်လတ် ထလိုက်ပါတယ်။ ပြီးတော့ ပြတင်းပေါက်ဆီကိုသွားပြီး ဟိုးအဝေးကို လှမ်းမျှော် ကြည့်ရှုနေပါတယ်။ ခဏနေတော့မှ သက်ပြင်းရှည်ကြီးတချက်ကို ဟူးခနဲ မှုတ်ထုတ်လိုက်ပြီး ...

“အင်းလေ ... နောက်ဆုံးတော့ အချိန်က စကားပြောလာတာပါပဲ”

အဲဒီနောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပမယ့် ယုန်နဲ့လိပ် အပြေးပြိုင်ပွဲမှာ ကျနော် ပြိုင်ပွဲဝင်မယ့်အကြောင်း ပြေးရင်း အသက်ထွက်သွားပါစေ။ ဒီတခါတော့ လိပ်ကို အရှုံးမပေးနိုင်တော့တဲ့ အကြောင်း နှစ်ပေါင်းမြောက်မြားစွာ ကျဆင်းသိမ်ငယ်ခဲ့ရတဲ့ ယုန်တွေရဲ့ သိက္ခာနဲ့ အဆင့်အတန်းကို ဒီပြိုင်ပွဲရဲ့ အဆုံးအဖြတ်နဲ့ ပြန်လည် မြှင့်တင်တော့မယ့် အကြောင်းတွေကို ဖိုးဖိုးယုန်ကို စိတ်အားထက်သန်စွာနဲ့ ကျနော် ပြောပြနေမိပါတယ်။ ကျနော့်စကား ဆုံးသွားတော့ ကျနော်ရဲ့ ဦးခေါင်းကို လက်နဲ့ အသာအယာပွတ်သပ်ရင်း ဖိုးဖိုးယုန်က ပြောပါတယ်။

“မင်းဟာ ငါတို့ရဲ့ အနာဂတ်ပါပဲကွာ”

“ဗျာ ကျနော်တို့ ယုန်တွေရဲ့ အနာဂတ်၊ ဟုတ်လားဟင် ဖိုးဖိုး”

“မဟုတ်ဘူး ... ငါတို့ ယုန်တွေရဲ့ အနာဂတ်တင် မဟုတ်ဘူး။ ဟောဒီ တတောတတောင်လုံးမှာရှိတဲ့ သားကောင်အားလုံးရဲ့ အနာဂတ်”

“သားကောင်အားလုံးရဲ့ အနာဂတ်”

“အေး ဟုတ်တယ်။ ဖိုးဖိုးတို့ ပညာရှိယုန်တွေကို သူတို့တွေ အနိုင် ရရှိပြီးသွားတဲ့ နောက်မှာ အခြားပညာနည်းတဲ့ ဗဟုသုတ မပြည့်စုံတဲ့ တောကောင်တွေ အားလုံးဟာလည်း လိပ်တွေရဲ့အောက်ကို အလိုလို ကျရောက်သွားခဲ့ရတော့တာပေါ့ကွာ”

ဖိုးဖိုးယုန်ဟာ ပြောရင်းက ဒေါသ ထွက်လာပုံ ရပါတယ်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ကျနော့် မျက်လုံးတွေ တည့်တည့်ကို စိုက်ကြည့်လိုက်ပါတယ်။ ကြည့်စမ်း ... ဖိုးဖိုးယုန်ရဲ့ မျက်လုံးအစုံဟာ ပြူးကျယ် ဝိုင်းစက်နေပါကလား။ ရုတ်တရက် ဖိုးဖိုးယုန်က ကျနော့် လက်မောင်းနှစ်ဖက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ဆွဲထူလိုက်ပြီးတော့ ပြောပါတယ်။

“အဲဒီ လိပ်တွေဟာ နေရာတကာ ဝင်ရောက် စွက်ဖက်လာခဲ့ကြတယ်။ ငါတို့ အများပိုင်တဲ့ စိုက်ခင်းသီးနှံတွေကို သူတို့ရဲ့ ဝမ်းဗိုက်ပြား ချပ်ချပ်ကြီး တွေ အောက်ကို ဆွဲယူသွတ်သွင်းလိုက်ကြတယ်။ အနံ့အရသာနဲ့ ပြည့်စုံတဲ့ သစ်သီးတွေကိုလည်း ဦးနှောက်မရှိ၊ ခိုင်းတာကိုသာ လုပ်တတ်တဲ့ သူတို့ရဲ့ တပည့်မျောက်လွှဲကျော်တွေကို ခူးဆွတ်စေပြီး ဂိုဒေါင်တွေထဲကို ထည့်လိုက်ကြတယ်”

ဖိုးဖိုးယုန်ဟာ ကျနော့်ပုခုံးတွေကို ဆုပ်ကိုင်ထားတဲ့ သူ့လက်နှစ်ဖက်ကို ဖြုတ်လိုက်ပါတယ်။ ပြီးတော့ ပြတင်းပေါက်ဆီကို လျှောက်သွားပြီး အပြင်ကို ငေးစိုက်ကြည့်နေပြန်ပါတယ်။ နောက် ပြတင်းပေါက်ဘောင်ကို လက်သီးဆုပ်နဲ့ ခပ်ဆတ်ဆတ် ထုလိုက်ပြီး ကျနော့်ကို မကြည့်ဘဲ ပြောပါတယ်။

“တောကောင်တွေအားလုံး အစာရေစာအတွက် ပြေးလွှားရှာဖွေ သောကတွေ ဝေလို့ ပင်ပန်းဆင်းရဲ နေကြချိန်မှာ ဒင်းတို့ လိပ်တွေက ကောင်းပေ့ ဆိုတဲ့ ပန်းသီးတွေကို ကိုက်ပြီး ဒေါင်းပျိုမ ကလေးတွေရဲ့ အကကို မှေးစင်းတဲ့ မျက်လုံး အေးစက်စက်တွေနဲ့ အရသာခံ ကြည့်နေခဲ့ကြတယ်။ ပြီးတော့ ဒီတတောလုံးကို သူတို့ ကယ်တင်ထားသလို သူတို့ ကောင်းကြောင်းတွေကို တတွင်တွင် ပြောနေခဲ့ကြတယ်။ သူတို့ရဲ့ မျောက်လွှဲကျော် တွေကို နေရာအနှံ့လွှတ်ပြီး ငါတို့ ပါးစပ်ဟရင် ဟလို့၊ ငါတို့ လမ်းသွားရင် သွားလို့ ဆိုပြီး ဟန့်တား နှောင့်ယှက်လာကြတယ်။ အသက်တောင် ရဲရဲမရှူရဲတဲ့ ဘဝအထိ ငါတို့ ရောက်ခဲ့ကြရတယ်။ အေးလေ ဆန်းတော့လည်း မဆန်းပါဘူး။ လိပ်ဆိုတာ အသိဉာဏ် ပညာကင်းမဲ့ပြီး ကိုယ့်ဘက်ကိုယ် ယက်တတ်တဲ့ အကောင်တွေကိုး။ ဒါပေမဲ့ ... ဒီမှာ မြေးယုန်”

“ခင်ဗျာ ... ဖိုးဖိုး”

ဖိုးဖိုးယုန်ဟာ ပြတင်းပေါက်နားက ပြန်လှည့်လာပြီး နံရံမှာ ချိတ်ထားတဲ့ ပြက္ခဒိန်တခု ရှေ့မှာ ရပ်လိုက်ပါတယ်။ ပြီးတော့ ပြက္ခဒိန်စာရွက် သုံးရွက် လောက်ကို လှန်လိုက်ပါတယ်။ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့ကို မင်နီနဲ့ ခပ်ကြီးကြီး ဝိုင်းထည့်လိုက်ပြီးတဲ့နောက် တိကျပြတ်သားတဲ့ အသံနဲ့ ကျနော့်ကို လှည့်ကြည့်ပြီး ပြောပါတယ်။ 

“မင်း ... ပြိုင်ရမယ် ... ပြီးတော့ ... နိုင်ရမယ်”

နောက်ပိုင်း ရက်တွေမှာတော့ ကျနော်ဟာ အပြေးပြိုင်ပွဲအတွက် အပြင်းအထန် လေကျင့် နေခဲ့ပါတော့တယ်။ အများရဲ့ သာမန်အမြင်မှာတော့ ဒါဟာ အပြေးပြိုင်ပွဲ တခုပဲပေါ့။ ဒါပေမဲ့ တကယ့် အနှစ်သာရက ဒီတောဒီတောင်နဲ့ အဲဒီ တောတောင်အတွင်းမှာ နေထိုင်ကျက်စားကြတဲ့ သတ္တဝါအားလုံးရဲ့ လွတ်မြောက်မှုပါပဲ။ အဲဒီ လွတ်လပ်မြောက်မှုရဲ့ သင်္ကေတဟာ ကျနော် ဖြစ်နေခဲ့တာရယ် ... ကျနော်ကိုယ်တိုင်ကပဲ အများ ကိုယ်စားပြုဖို့ ကိုယ့်ကိုယ်ကို ရွေးချယ်ခဲ့တာရယ်ကြောင့် တစုံတရာ မှားယွင်းသွားခဲ့မှာကို အလွန်ပဲ စိုးရိမ် ပူပန်ခဲ့ရပါတယ်။ ဒါကြောင့် ကျနော်ရဲ့ လေကျင့်မှုကို “လေ့ကျင့်မှု” အဆင့်မှာတင် မထားဘဲ တကယ့်ပြိုင်ပွဲကြီးမှာ ယှဉ်ပြိုင်နေရသလို ကျနော် ကြိုးစားခဲ့ပါတယ်။

အပြေးပြိုင်ပွဲနဲ့ ပတ်သက်ပြီး ရေးသားထားတဲ့ စာအုပ်မျိုးစုံကို ကျနော် စုဆောင်း ဖတ်ရှုခဲ့ပါတယ်။ ဗဟုသုတကြွယ်ဝတဲ့ ဘယ်လို တောကောင်မျိုး တွေဆီကိုမဆို ကျနော် သွားရောက်စုံစမ်း မေးမြန်းပြီး အဲဒီက ကြားရတဲ့ အချက်အလက်တွေအတိုင်း တသွေမတိမ်း လိုက်နာ ကျင့်သုံးခဲ့ပါတယ်။ တပတ်ကို မိုင် ၁ဝဝ ရအောင်လည်း နေ့စဉ် ဂရုတစိုက် အပြေး လေ့ကျင့်ခဲ့ပါတယ်။

တာတိုမှာ ခွန်အား၊ တာလတ်မှာ အဆုံးအဖြတ်၊ တာဝေးမှာ စိတ်ဓာတ်လို့ ဆိုကြတယ် မဟုတ်လား။ အခု ကျနော်နဲ့ လိပ်တို့ ပြိုင်ရမယ့် အပြေးပြိုင်ပွဲက တာဝေး ဖြစ်ပါတယ်။ ဒါ့ကြောင့် စိတ်ဓာတ် ခိုင်မာရင့်ကျက်ဖို့ အရေးကြီးလှပါတယ်။ ဒါပေမဲ့ ကျနော်က ပိုမိုပြည့်စုံရအောင် ခွန်အားကောင်းဖို့ အတွက်ရယ်၊ အဆုံးအဖြတ် ကောင်းဖို့ အတွက်ရယ်ကိုပါ မမေ့မလျော့ဘဲ တပြေးညီ ကြိုးစားခဲ့ပါတယ်။ ကျနော် အပြေး လေ့ကျင့်နေတုန်းမှာ တခါတခါ ကျနော့်မျက်စိထဲကို ပန်းဝင်သွားတဲ့ လိပ်ရဲ့ ပုံသဏ္ဍာန်က ဝင် ဝင်လာတတ်ပါတယ်။ အဲဒီလိုအခါမျိုးမှာ ကျနော်ဟာ ကျနော်ရဲ့ ခြေလှမ်းတွေကို ဒေါသတကြီး မြှင့်တင်လိုက်မိတတ်ပါတယ်။

ကျနော် အဲဒီလို အပြေး လေ့ကျင့်နေတုန်းမှာ အဓိက ကျနော် စိုးရိမ်မိတဲ့အချက် တချက် ရှိပါတယ်။ အဲဒါကတော့ တကယ့်ပြိုင်ပွဲကျရင် ပြေးနေရင်းက လမ်းဘေး တနေရာရာမှာ ဝင်ပြီး အိပ်လိုက်မိမှာကိုပါပဲ။ ဒါကြောင့် ဟိုးအရင် အပြေးပြိုင်ပွဲ ကျင်းပခဲ့တုန်းက ကြည့်ရှု အားပေးခဲ့ ကြတဲ့ သက်ကြီး တိရစ္ဆာန်တွေဆီကို သွားတွေ့ပြီး၊ ယုန် ဝင်အိပ်နေလိုက်တဲ့နေရာ၊ ပြီးတော့ အဲဒီလို ဝင်မအိပ်ခင် ယုန်မှာဖြစ်ပေါ်လာတဲ့ အပြင်ပန်း ရုပ်အခြေအနေ စတာတွေကို သေသေချာချာ မေးမြန်း ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။ တတောလုံးမှာရှိတဲ့ သားကောင်အားလုံးရဲ့ အခွင့်အရေးတွေ ကန့်သတ်ခံခဲ့ရတာဟာ ပြိုင်ပွဲဝင်တဲ့ ယုန် “အိပ်” ပျော်သွားခဲ့လို့ မဟုတ်လား။ ကျနော်က အဲဒီလို ပြေးနေလွှားနေရင်းကနေ အိပ်ပျော်သွားတယ် ဆိုတာကို မယုံကြည်လှပါဘူး။ သွေးရိုးသားရိုးလို့ မထင်ပါဘူး။ ကောက်ကျစ်စဉ်းလဲတဲ့ လိပ်တွေရဲ့ ပယောဂလို့ပဲ ထင်ပါတယ်။ အဲဒါကြောင့် “အိပ်ခြင်း” ဖြစ်ပေါ်လာစေနိုင်မယ့် အကြောင်းတရားတွေ မှန်သမျှက ကျနော် ရှောင်ကွင်း လွတ်မြောက်နိုင်အောင် အတတ်နိုင်ဆုံး ဆင်ခြင်ထိန်းသိမ်း၊ လိုက်နာ ဆောင်ရွက်ခဲ့ပါတယ်။ 

ကျနော် အပြေးလေ့ကျင့်နေတဲ့ အချိန်မှာ တတောလုံးမှာရှိတဲ့ တိရစ္ဆာန်တွေအားလုံး ကျနော့်ကို တက်တက်ကြွကြွ ကူညီခဲ့ကြပါတယ်။ ကျနော် ဟာ သူတို့ဘဝရဲ့ အလင်းရောင်တခုလို အားထားမျှော်လင့်တဲ့ မျက်ဝန်းတွေနဲ့ ကျနော့်ရဲ့ အပြေးစံချိန်ကို အကောင်းဆုံး ဖြစ်စေခဲ့ပါတယ်။ ကျနော့်အတွက် အစားအသောက်တွေကို ချက်ပြုတ် ပေးထားကြသလို အဝတ်အစားတွေကိုလည်း လျှော်ဖွပ် ပေးထားကြပါတယ်။ သောက်ရေ ချိုးရေ စတာတွေ အမြဲပြည့်နေအောင် ခပ်ထည့်ပေးထားကြပြီး ထင်းခြောက်တွေကိုလည်း ကောက်ယူ စုဆောင်းပေးထားကြပါတယ်။ အို ... နောက်ဆုံး ညဘက် ကျနော် အိပ်ယာဝင်ရင် ကျနော်ရဲ့ တင်းမာနေတဲ့ အကြောတွေ ပြေလျော့စေဖို့အတွက် နင်းပေးကြ၊ နှိပ်ပေးကြပြန်ပါတယ်။ သူတို့က အဲလို ပြုစုစောင့်ရှောက်ကြလေ၊ ကျနော် ထမ်းဆောင်ရမယ့် အပြေးတာဝန်က အင်မတန် အရေးကြီး၊ အရေးပါကြောင်း သိရလေမို့ ကျနော့်မှာ စိတ်တွေ လှုပ်ရှား နေခဲ့ရပါတယ်။ ဒီလိုနဲ့ ကျနော့်ကိုကျနော် ကြံ့ခိုင်ပြီး ပြိုင်ပွဲဝင်ဖို့ အကောင်းဆုံး အနေအထားမှာ ရှိနေပြီလို့ ယုံကြည်လာတဲ့ အချိန်မှာပဲ လွတ်လပ်ရေးနေ့ကို ရောက်ရှိလာခဲ့ပါတော့တယ်။

အဲဒီနေ့မနက် ကျနော် အိပ်ယာက နိုးလာတော့ ကျနော်ရဲ့ ကိုယ်ခန္ဓာဟာ အလွန်ပဲ လန်းဆန်းတက်ကြွနေပါတယ်။ ညဦးပိုင်းကတည်းက စောစော အိပ်ရာဝင်ခဲ့တာကြောင့် အိပ်ရေးဝပြီး အားအင်လည်း ပြည့်ဖြိုးနေပါတယ်။ ဒါပေမဲ့ ကျနော့်ရင်ထဲမှာ လှုပ်ရှားပြီး စိုးရိမ်စိတ်ကလေး ရှိနေတာ ကိုတော့ ခွင့်လွှတ်စေချင်ပါတယ်။ အရေးကြီး အရေးပါလှတဲ့ ဆုံးဖြတ်ချက်တခုကို ကျနော်ကိုယ်တိုင် ချမှတ်ရမှာဆိုတော့ ကိုယ့်ကိုယ်ကို ဘယ်လောက်ပဲ ယုံကြည်စိတ်ချ ထားပါစေ နည်းနည်းတော့ ရင်ခုန်မိတာ အမှန်ပါ။ နောက်နာရီပိုင်း အတွင်းမှာပဲ ဟောဒီ တောအုပ်ကြီးဟာ အပြောင်းအလဲတခုနဲ့ ကြုံရတော့မှာမို့ ထင်ပါရဲ့။ အဓိပ္ပာယ် ဖော်ပြဖို့ရာ မစွမ်းသာတဲ့ ဆိတ်ငြိမ်မှုမျိုးနဲ့ ဆိတ်ငြိမ်နေတယ်လို့ ကျနော် ထင်ပါတယ်။ ကြားနေကျ ငှက်ကလေးတွေရဲ့ မိုးသောက်တေးကို အခုမနက်မှာ မကြားရသလို ဘယ်တော့မှ အငြိမ်မနေတတ်တဲ့ မြောက်ပြန်လေအေးကလည်း ထူးထူးခြားခြား ငြိမ်သက်လို့ပါ။ ကျနော်ဟာ ခုန်နေတဲ့ရင်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ကြိုးစားရင်း ပြိုင်ပွဲဝင်ဖို့အတွက် ပြင်ဆင်စရာ ရှိတာတွေကို ပြင်ဆင်နေခဲ့ပါတယ်။ အားလုံး အဆင်သင့်ဖြစ်တဲ့ အချိန်မှာတော့ အပြေးပြိုင်ကွင်းရှိရာကို ကျနော် ထွက်ခွါလာခဲ့ပါတော့တယ်။ 

အပြေးပြိုင်ကွင်းကို ရောက်သွားတဲ့ အချိန်မှာတော့ ကျနော်ဟာ ကျနော့်မျက်စိကို ကျနော် မယုံနိုင်အောင် ဖြစ်သွားခဲ့ရပါတယ်။ အကြောင်းကတော့ ဒီတော ဒီတောင်ထဲမှာ ရှိရှိသမျှ တောင်ကောင်တွေအားလုံး ဒီနေရာမှာ ရောက်နေကြလို့ပါပဲ။ ဒါကြောင့်မို့ ကျနော့်အိမ်မှာ ကျနော် အိပ်ရာကနိုးတော့ ဘာသံမှ မကြားရအောင် တိတ်ဆိတ် နေခဲ့တာကိုး။ သူတို့ဟာ ကျနော့်ကို မြင်လိုက်တယ်ဆိုရင်ပဲ လက်ခုပ်တွေကို စတင် တီးလိုက်ကြပါတယ်။ တကောင်တပေါက်မျိုး တီးကြတာမဟုတ်ဘဲ အချက်ကျကျ စည်းချက်ညီညီ တီးလိုက်ကြတာမို့ တတောလုံး တဖြောင်းဖြောင်းနဲ့ နေပါတယ်။ ဒီလက်ခုပ်သံတွေကို ကြားလိုက်ရတာနဲ့ တပြိုင်နက်ထဲ ကျနော့် ဦးခေါင်းက ဆံပင်တွေဟာ ထောင်မတ်ကုန်ကြပြီး ကျနော့်တကိုယ်လုံးမှာလည်း ကြက်သီးတွေ ထသွားလိုက်တာ မပြောပါနဲ့တော့။ ကျနော်ဟာ နှုတ်ဆက်တဲ့အနေနဲ့ လက်နှစ်ဖက်ကို မြှောက်လိုက်ပြီး အရပ်လေးမျက်နှာကို လှည့်လို့ ဦးညွှတ်ဂါဝရ ပြုလိုက်ပါတယ်။ အဲလို ဦးညွှတ်ဂါဝရပြု နှုတ်ဆက်လိုက်တဲ့ အခိုက်မှာပဲ သူတို့ရဲ့ မျက်လုံးတွေကို ကျနော် သတိပြုမိသွားတာ ဖြစ်ပါတယ်။ သူတို့ရဲ့ မျက်လုံးတွေဟာ သူတို့ရင်ထဲက ခံစားချက်တွေရဲ့ ထွက်ပေါက် ဖြစ်နေကြတာမို့ အဲဒီ မျက်လုံးတွေကို မြင်လိုက်ရတာနဲ့ သူတို့ရဲ့ မျှော်လင့်ချက်တွေကို ကျနော် သိလိုက်ရပါတယ်။ 

“အားလုံး စိတ်ချကြပါ။ ကျနော် အနိုင် ရရပါစေ့မယ်”

ကျနော့်ရင်ထဲက လှိုက်လှိုက်လှဲလှဲ ပြောလိုက်တာပါ။ အဲဒီလို ပြောလိုက်ပြီးတဲ့ နောက်မှာ ကျနော်ဟာ မကြာခင် အပြောင်းအလဲကြီး ပြောင်းလဲသွားတော့မယ့် ဒီတောအုပ်ကြီးရဲ့ အနာဂတ်ကို ဖျတ်ခနဲ တွေးမိလိုက်ပြီး ကြည်နူးမိလိုက်ပါသေးတယ်။ ကြည့်စမ်းပါဦး ... အဲဒီ အနာဂတ် တောအုပ်ကြီးမှာ တောကောင်တွေ အားလုံးဟာ စကားတွေ လွတ်လွတ်လပ်လပ် ပြောကြလို့ အလုပ်တွေကိုလည်း လွတ်လွတ်လပ်လပ် လုပ်ကိုင်ကြလို့၊ ပြီးတော့လည်း လွတ်လွတ်လပ်လပ် ကြံစည်တွေးခေါ်ကြလို့၊ လွတ်လွတ်လပ်လပ် စုဝေးကြလို့၊ သူတို့ ရင်ထဲက ဆန္ဒတွေကိုလည်း လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြသကြလို့၊ သူတို့ ရေးချင်တာတွေကိုလည်း လွတ်လွတ်လပ်လပ် ရေးသားကြလို့၊ နောက်ပြီး အများရဲ့ ဆန္ဒတွေကိုလည်း လေးစားလိုက်နာကြလို့၊ အခြား တောအုပ်ကြီးတွေလို ဒီတောအုပ်ကြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့အတွက် တောတောင်ကြီးတွေဟာ အယူဝါဒ အဟောင်းတွေကို ရဲရဲဝံ့ဝံ့ စွန့်လွှတ်လို့ ကိုယ်ယုံကြည်ရာကို အတ္တကြီးများစွာနဲ့ တဖက်စွန်းရောက် တရားသေ ကိုင်စွဲမထားကြဘဲ ဆုတ်သာတက်သာ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း မျက်နှာချင်းဆိုင် ဆွေးနွေးလို့၊ အို ... သိပ်ကို တရားမျှတပြီး လောကပါလတရားတွေနဲ့ ပြည့်စုံသာယာနေတဲ့ တောအုပ်ကြီးပါပဲ။

“ဟေ့ ... မြေးယုန်”

ဖိုးဖိုးယုန် ခေါ်လိုက်တဲ့ အသံကြားမှ ကျနော့်အတွေးတွေ ပြတ်တောက်သွားပါတယ်။ အသံလာရာကို လှည့်ကြည့်လိုက်တော့ ကျနော့်ဆီကို လျှောက်လာနေတဲ့ ဖိုးဖိုးယုန်ကို တောက်ပတဲ့ မျက်လုံးအစုံနဲ့အတူ တွေ့လိုက်ရပါတယ်။ ဖိုးဖိုးယုန်ဟာ ကျနော့်ရှေ့ကို လာရပ်၊ ကျနော့် ဦးခေါင်းကို သူ့လက်နှစ်ဖက်နဲ့ အားပါးတရ ပွတ်သပ်လိုက်ပြီး “စိတ်လှုပ်ရှားနေသလား ... အေးပေါ့လေ ... တကယ်တော့ ဒါဟာ အပြေးပြိုင်ပွဲတခု ဆိုတာထက် အဓိပ္ပာယ်က ပိုပြီး ကျယ်ပြန့် နက်ရှိုင်းနေတာကိုး။ ဒါပေမဲ့ ဒီပြိုင်ပွဲမှာ ငါတို့ နိုင်ရမယ်ဆိုတာ သိပ်ကို သေချာနေပါတယ် မြေးယုန်ရာ။ ဘာကြောင့်လဲဆိုတော့ တတောလုံးရဲ့ အားပေးမှုကို ဖိုးဖိုးတို့ ရရှိထားလို့ပဲကွ။ စိတ်ချလက်ချသာ မင်း ပြေးပေတော့။ တာထွက်မယ့် နေရာကနေ ပန်းဝင်မယ့်နေရာထိ တလျှောက်လုံး ကွက်လပ်မရှိအောင် ... တောကောင်ကလေးတွေ လက်ချင်း ဆက်ထားကြတယ်။ ဘယ်လိပ်မှ လမ်းက ဖြတ်ပြေးပြီး မင်းအရင် ပန်းဝင်ချင်လို့ မရနိုင်တော့ပါဘူး။ ဒါ ပုံပြင် မဟုတ်ဘူးကွ မြေးယုန်ရ ... ပုံပြင်မဟုတ်ဘူး”

ဖိုးဖိုးယုန်ရဲ့ စကားအဆုံးမှာပဲ ... 

“ပြိုင်ပွဲဝင် အပြေးသမားများ ဖြစ်ကြတဲ့ ယုန်နဲ့ လိပ်တို့ချင်ဗျား ... တာဝေး အပြေးပြိုင်ပွဲကြီး စတင် ကျင်းပတော့မှာ ဖြစ်တဲ့အတွက် တာလွှတ်မယ့် နေရာသို့ အမြန်ဆုံး လာရောက် နေရာယူကြပါရန် ဖိတ်ခေါ်အပ်ပါတယ် ခင်ဗျား”

ဒါကြောင့် ကျနော်ဟာ ဖိုးဖိုးယုန်နဲ့ တောကောင်လေးတွေ အားလုံးကို ပြုံးပြ နှုတ်ဆက်လိုက်ပြီး တာလွှတ်မယ့် နေရာကို ထွက်ခွါလာခဲ့ပါတယ်။ တာလွှတ်မယ့် နေရာမှာတော့ ကျနော်နဲ့ ယှဉ်ပြိုင်ပြီး ပြေးရမယ့်လိပ်က အဆင်သင့် ရောက်ရှိလို့ နေပါပြီ။ ကျနော်ဟာ အဲဒီလိပ်ရဲ့ ဘေးမှာ ဝင်ရောက် နေရာယူလိုက်ပြီး မျက်လုံးကို ထောင့်ကပ်လို့ လိပ်ကို မသိမသာ အကဲခတ်လိုက်ပါတယ်။ ဒီလိပ်ဟာ ဒီပြိုင်ပွဲနဲ့ ပတ်သက်လို့ စိတ်လှုပ်ရှားမှု ဖြစ်နေတဲ့ လက္ခဏာ လုံးဝ မရှိပါဘူး။ ပန်းအဝင် ပထမ နေရာအတွက် စိတ်ချလက်ချ ရှိထားတဲ့ အမူအယာမျိုး အပြည့်နဲ့ ကြွားကြွားဝါဝါ နိုင်လှပါတယ်။ ကျနော်ဟာ တလိပ်လိပ် တက်လာတဲ့ ဒေါသတွေကို အတင်းမျိုချရင်း လိပ်ကို ကျနော့် ဦးခေါင်းထဲက မောင်းထုတ်ပစ်လိုက်ပါတယ်။ ဒီလိပ်ဟာ ကျနော့်ဦးခေါင်းထဲ ရှိနေသမျှ ကျနော့် ခြေလှမ်းတွေကို နှေးကွေးစေမှာ မဟုတ်လား။ ဒါ့ကြောင့် ကျနော်ဟာ ကျနော့်ရဲ့ ပြေးလမ်းတည့်တည့်ကို မျက်နှာမူလို့ စိတ်ကို တည်တည်ငြိမ်ငြိမ် ထားရင်း တာလွှတ်ဒိုင်ဆီက ထွက်ပေါ်လာမယ့် သေနတ်သံကိုသာ သတိထားပြီး နားစွင့် နေလိုက်မိပါတယ်။ 

ဒိုင်းခနဲ သေနတ်သံဟာ ကျနော့်ကို နောက်ကနေ ဆောင့်ကန် လွှတ်လိုက်သလို ကျနော်ဟာ တာလွှတ်စည်းကနေ ခုန်ထွက်လိုက်ပါတယ်။ ကျနော့်နှလုံးသားတွေ ပေါက်ကွဲလွင့်စင်သွားမတတ် လေထုကို ထိုးခွဲပြီး ကျနော် ပြေးနေမိပါတယ်။ တောကောင်ကလေးတွေရဲ့ အော်ဟစ် အားပေးသံတွေရယ်၊ လေတိုးတဲ့ အသံတွေရယ်ကြောင့် ကျနော့်ရဲ့ နားတွေဟာ တစီစီ အူနေပါတယ်။ လိပ်ဟာ ကျနော်နဲ့ကပ်ပြီး လိုက်လာသလို ကျနော့် ခြေလှမ်းတွေရဲ့ အရှိန်ကို မြင့်သထက်မြင့်အောင် ကျနော် ကြိုးစားနေမိတယ်။ ဒါကြောင့်မို့ ကျနော့်ရှေ့က ပြေးလမ်းကြီးနဲ့ လမ်းဘေးက သစ်ပင်တွေ အားပေးနေတာတွေဟာ ကျနော်ရှိရာကို ပြေးဝင်လာကြပြီး ကျနော့် နောက်ဘက်မှာ ချာချာလည်ရင်း ကျန်ရစ်ခဲ့ကြပါတယ်။

“ပန်းတိုင်ရောက်ခါနီးပြီ ... မအိပ်မိစေနဲ့ ... မအိပ်မိစေနဲ့ ...”

ပြေးနေရင်းက အဲဒီလိုလည်း ကျနော့်ကိုယ်ကျနော် မကြာခဏ သတိပေးနေခဲ့ပါတယ်။ မောလွန်းလို့ ကျနော့်ရဲ့ အဆုတ်တွေ တစ်စစီ ကွဲကြေကုန်ပြီလို့ ထင်မှတ်ရတဲ့ အချိန်မှပဲ ပန်းဝင်ဖို့ သတ်မှတ်ထားတဲ့အလံတိုင် အနီကလေးကို ကျနော် လှမ်းမြင်လိုက်ရပါပြီ။ 

ပန်းအဝင်မှာ သွယ်တန်းထားတဲ့ ဖဲကြိုးအပြာကလေးနဲ့ ကျနော့်ရဲ့ နှာခေါင်းတွေ ထိတွေ့လိုက်တဲ့ အချိန်မှာပဲ ကျနော်ဟာ လိပ်ကို အပြတ်အသတ် အနိုင်ယူလိုက်ပြီ ဖြစ်တာကို သိလိုက်ရပါတယ်။ ကျနော် ပန်းအဝင်မှာ ဟေးခနဲ ထခုန်လိုက်တဲ့ တောကောင်ကလေးတွေကြောင့် ဖုန်လုံးတွေ အလိပ်လိုက် ထသွားခဲ့ပါတယ်။ ပြီးတော့ တောကောင်မျိုးစုံဟာ ကျနော့်ဆီ ပြေးလာကြပြီး ကျနော့်ကို ပွေ့ဖက်လို့ လေထဲကို ပစ်မြှောက် လိုက်ကြပါတယ်။ ကျနော် ပြန်အကျမှာ ဆီးဖမ်းကြပြီး ပြန်မြှောက်လိုက်ကြပါတယ်။ အဲဒီလို မြှောက်လိုက်ဖမ်းလိုက်လုပ်ရင်း ...

“ယုန်နဲ့လိပ် အပြေးပြိုင်ပွဲမှာ ဘယ်သူနိုင်တယ် ...

ယုန်နိုင်တယ် ...

ယုန်နဲ့လိပ် အပြေးပြိုင်ပွဲမှာ ဘယ်သူနိုင်တယ် ...

ယုန်နိုင်တယ် ...”

လို့လည်း သံပြိုင် အော်ဟစ်နေခဲ့ကြပါတယ်။ အဲဒီအချိန်မှာ ကျနော်ရဲ့ မျက်ဝန်းတွေဟာ ဝမ်းသာ ကြည်းနှုးမှုကြောင့် မျက်ရည်တွေနဲ့ စိုရွှဲလို့နေပါတယ်။ အဲဒီအခိုက်မှာပဲ ဖိုးဖိုးယုန်ဟာ ကျနော်ရှိရာကို ရောက်လာပြီး ကျနော့်ကို ပွေ့ဖက်လို့ ဝမ်းသာအားရ ပြောရှာပါတယ်။

“အားလုံး ပြီးဆုံးသွားခဲ့ပြီကွဲ့ မြေးယုန်ရဲ့”

ကျနော် ပန်းဝင်ပြီး ၁ဝ နာရီတိတိကြာမှ လိပ်ဟာ ပန်းဝင်လာခဲ့ပါတယ်။ ကျနော်တို့ဟာ သူ့ထက် အလျင် ပန်းဝင်ခဲ့ပြီး အနိုင်ရထားတဲ့ ဟန်ပန် အမူအရာမျိုးနဲ့ သူ့ကို အပေါ်စီးက မကြိုဆိုခဲ့ကြပါဘူး။ ပြိုင်ပွဲတခုကို အတူတကွ ယှဉ်ပြိုင်ခဲ့ကြရတဲ့ အားကစားသမား အချင်းချင်း စိတ်ဓာတ်မျိုးနဲ့သာ နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ လိပ်ဟာ ကျနော်တို့ရဲ့ အဲဒီလို ကြိုဆိုမှုကို လျစ်လျူရူပြီး ကျနော်တို့နဲ့ ဝေးရာကို ထွက်ခွာသွားခဲ့ပါတယ်။ မကြာခင်မှာပဲ ဒိုင်လူကြီးအဖွဲ့ဆီကနေပြီး ကြေငြာချက်တခု ထွက်ပေါ်လာခဲ့တယ်။

“အခု ကျင်းပ ပြီးစီးသွားတဲ့ ယုန်နဲ့လိပ်တို့ရဲ့ တာဝေး အပြေးပြိုင်ပွဲကြီးမှာ လိပ်ဟာ အနိုင်ရ ဗိုလ်စွဲသွားပါတယ်။ ဒါကြောင့် ပထမရတဲ့ လိပ် ဆုယူရန် စင်မြင့်ပေးသို့ ကြွပါခင်ဗျား”

ကျနော်ဟာ ကိုယ့်နားကို ကိုယ်မယုံနိုင်အောင် ဖြစ်သွားခဲ့ရပါတယ်။ တစုံတခု အကြီးအကျယ် မှားယွင်းသွားခဲ့ပြီ ဆိုတာကိုလည်း သိလိုက်ရပါတယ်။ ဒါကြောင့်မို့ ထိန်းမရအောင် ဒေါသထွက်နေကြတဲ့ တောကောင်တွေနဲ့အတူ ဒိုင်အဖွဲ့ရှိရာကို ဖိုးဖိုးယုန် ဦးဆောင်ပြီး ကျနော်တို့ သွားရောက်ခဲ့ကြပါတယ်။ ကျနော်တို့ ရောက်တယ်ဆိုရင်ပဲ မျောက်လွှဲကျော်တွေဟာ တုတ်တွေကိုယ်စီနဲ့ ဒိုင်တွေရဲ့ ရှေ့ကနေ စီတန်းပြီး ကာလိုက်ကြပါတယ်။ ဖိုးဖိုးယုန်ဟာ ဆင်နဲ့ကျားကြီးရဲ့ အလယ်က ခြင်္သေ့ကြီးဆီကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ... 

“ဟောဒီယုန် ... ပန်းဝင်ပြီး ၁ဝ နာရီတိတိကြာမှ လိပ် ပန်းဝင်လာတာ တတောလုံး တတောင်လုံး သိသလို ခင်ဗျားတို့လည်း မျက်မြင်ပဲ ... ဘာကြောင့် ယုန် အပြတ်အသတ်နိုင်တာကို အသိအမှတ်မပြုဘဲ လိပ်ကို အနိုင်ပေးလိုက်ရတာလဲ”

ဖိုးဖိုးယုန်ရဲ့ စကားအဆုံးမှာ ခြင်္သေ့ကြီးဟာ ကျနော်တို့ တောကောင်တွေ အားလုံးကို သနားစရာ တော်တော်ကောင်းတဲ့ သတ္တဝါတွေပါလား ဆိုတဲ့ အကြည့်နဲ့ မခိုးမခန့်စိုက်ကြည့်ပြီး တဝေါင်းဝေါင်းရယ်ရင်း ပြောလိုက်ပါတယ်။

“ကျလည်ကျတဲ့ အကောင်တွေပဲ ... မင်းတို့ ပြိုင်ပွဲစည်းကမ်းကို သေသေချာချာမှ မဖတ်ဘဲကိုးကွ။ ဒါ ... တကယ့်ပြိုင်ပွဲ မဟုတ်ဘူးဟေ့ ... ပုံပြင်သရုပ်ဖော်ကွ ... ပုံပြင်သရုပ်ဖော် ...။ ဒါကြောင့်မို့ ပုံပြင်ထဲကအတိုင်း ဖြစ်ရမယ် ... သိလား။ ... အရင်အတိုင်း ... အရင်အတိုင်း။ ဝေါင်း ... ဝေါင်း ... ဝေါင်း ...”

ရဲခေါင်မဲမောင်

(ပြီး)

 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 88 guests online