တောင်ယာမီးစွဲအမှောင်ထဲ ရဲရဲစူးစူး ဖူးကြပွင့်ကြ

ပရင့်ထုတ်ရန်

၁။

ကျုံစိန်ကြိုးဝိုင်းထဲတွင် တညအိပ် နားနေခိုအောင်းဖို့ နေရာ ရွေးချယ်ပြီးသောအခါ ည (၈) နာရီ ထိုးကာနီးပြီ။ ထူထပ် သိပ်သည်းလှသည့် သစ်ရွက်သစ်ကိုင်းများ ကြားမှတဆင့် လရောင်များမှာ ကျနော်တို့အပေါ် ခေါင်းစိုက်ပြီး ဆင်းချလာနေကြ၏။ ကျနော်တို့အားလုံး (၄) ယောက် ...။ ဗိုလ်သိန်းစိုး၊ ရဲဘော်လေး ဝှေ့စာ၊ အမည်မသိ ကျုံစိန်ရွာသား တဦးနှင့် ကျနော်တို့ ဖြစ်၏။

ထုံးစံအတိုင်း ဗိုလ်သိန်းစိုးက စကားတိုးတိုးပြောလျှင် ကျန်လူများကလည်း စကားတိုးတိုးပြောကြ၏။ ဗိုလ်သိန်းးစိုးက ရေငုံနှုတ်ပိတ်နေလျှင် ကျန်လူများကလည်း နှုတ်ဆိတ်နေကြ၏။ ထို့ကြောင့် နေရာထိုင်ခင်း ရွေးပြီးသည်အထိ ကျနော်နှင့် ဗိုလ်သိန်းစိုး စကားမပြောဖြစ်သေး။

လရောင် ပြောက်တိပြောက်ကျား အောက်တွင် အိပ်ယာဝင်ရန် ကျနော် ပြင်ဆင်သည်။ ကျနော်ကတော့ လရောင် ထိုးကျနေသည့် သစ်ပင်အောက် ကွက်လပ်မှာပင် သစ်ရွက်ခြောက် တချို့ကို ခင်းပြီး အိပ်ယာ ပြင်လိုက်၏။ ဒီညအဖို့တော့ လရောင်ကို စောင်ခြုံပြီး အိပ်ယာဝင်ခွင့် ရပြန်ပြီဟု တွေးမိသည်။ မနီးမဝေး တနေရာမှ ဗိုလ်သိန်းစိုး၏ ချောင်းဟန့်သံကို ကြားရသည်။ ကျန်နှစ်ယောက်ကိုမူ အမှောင်ထုထဲတွင် ရှာလို့မတွေ့တော့။

ညဥ့်နက်တော့ နှင်းကပိုပြီး သည်းထန်လာခဲ့၏။ သစ်ရွက်ခြောက်များပေါ် တဖောက်ဖောက်နှင့် ကျလာနေသည့် နှင်းကျသံကို ကျနော် နားထောင်နေမိသည်။ ဗိုလ်သိန်းစိုးဆီက သက်ပြင်းချသံလိုလို၊ အသက်ရှူသံလိုလို ကျနော်ကြားရ၏။ သူသည်ကော အိပ်ပျော်နိုင်ပါရဲ့လား။

ဒီကနေ့ ညပိုင်း (၄) နာရီခန့်က ကျနော်တို့ ရောက်နေရာ ကျုံစိန်ကြိုးဝိုင်း အစပ်တွင်၊ ခေတ္တနားနေကြစဉ် သေနတ်သံများ ကြားခဲ့ကြရ၏။ နာရီဝက်တကြိမ် ဖွင့်ပြီး ဆက်သွယ် နားထောင်နေကြ၊ လမ်းလျှောက်စကား ပြောစက်မှတဆင့် ဗိုလ်သိန်းစိုး အလုပ်ရှုပ်နေခဲ့၏။ ကရင်လို ပြောဆိုနေသည့်အတွက် ဗိုလ်သိန်းစိုး ဘာတွေ ပြောနေသည်ကို ကျနော်မသိ။ သို့သော် ဗိုလ်သိန်းစိုး၏ လေသံကို နားထောင်ကြည့်ခြင်းဖြင့် အရေးကြီးသည့် ကိစ္စတခုကို ပြောဆိုနေမှန်း ခန့်မှန်းမိ၏။ ဗိုလ်သိန်းစိုးက စကားပြောစက်နှင့် စကားပြောပြီးပြီးချင်း ခရီးဆက်ရန် ပြောလေသည်။

"ကျနော်တို့ ကျုံစိန်ကို သွားလို့မရသေးဘူး ကိုငြိမ်း၊ ကျနော်တို့ ညအိပ်ခဲ့တဲ့ နေရာမှာ တိုက်ပွဲဖြစ်တယ်၊ ရဲဘော်တယောက် ကျသွားတယ်၊ လူမမာလည်း ကျသွားတယ်၊ ကျနော် ပြောတယ်ဗျာ၊ ဒီနေရာမှာ တပါတ်လောက်အထိ မနေသင့်ဘူးလို့ ကျနော် ပြောခဲ့သေးတယ်၊ အခုတော့ ..."

ညနေပိုင်းက ဗိုလ်သိန်းစိုး ပြောပြသွားခဲ့သည့် စကားများကို ကျနော်တွေးနေမိသည်။ ကျဆုံးသွားသည် ဆိုသော ကရင်ရဲဘော်လေးကို ကျနော့်မျက်စေ့ထဲ မြင်လာရသည်။ ပြီးတော့ ထိုကရင်ရဲဘော်လေးရဲ့လက်ထဲက သနပ်ခါးခဲတတုံး။ မှန်ကွဲလေးတချပ်။ ကျနော်က မျက်စေ့ထဲ မြင်လာနေသည့် ရုပ်ပုံများကို ပျက်သွားအောင် ဖျက်ချနေမိသည်။ သို့တိုင် ရုပ်ပုံတချို့မှာ မျက်လုံးထဲမှမထွက်။

အသက် (၁၈) နှစ် အရွယ် ကရင်ပြောက်ကျား ရဲဘော်လေးတဦး။ သနပ်ခါးပါးကွက်ကြား လိမ်းထားသည့် ရဲဘော်လေး။ ကျနော် လှမ်းပေးသည့် ပိုက်ဆံငါးဆယ်ကို ၀မ်းသာအားရ လှမ်းယူခဲ့သည့် ရဲဘော်လေး။ အခုတော့ သူ ... ကျဆုံးသွားခဲ့ပြီဆိုပဲ။

၂။

စမ်းချောင်းလေးမှာ တံထောင်ဆစ်ချိုးနီးပါး ကွေ့သွားသဖြင့် ကျနော်တို့ ခေတ္တ ပုန်းခိုနေရာမှာ မျက်ကွယ် ဖြစ်နေလောက်သည်ဟု ထင်ရ၏။ သို့သော် မလုံခြုံနိုင်ပါ။

သည်ဒေသတ၀ိုက်တွင် တပ်စွဲထားကြသည့် နအဖ စစ်တပ်များသည် မကြာခဏ ဆိုသလို ကင်းလှည့်လေ့ ရှိကြရာ၌ တော်လှန်ရေး ပြောက်ကျားရဲဘော်များ ခိုအောင်းနိုင်သည့် နေရာများကိုလည်း လိုက်လံရှာဖွေ တတ်၏။ အထူးသဖြင့် ရေရှိသော နေရာများကို ပိုပြီး ပိုက်စိပ်တိုက် ရှာဖွေ တိုက်ခိုက်၏။ ထို့ကြောင့် ယ္ခုလို စမ်းချောင်းဘေးတွင် ခိုအောင်းနေထိုင်ရသည့် အလုပ်မှာ မလုံခြုံသေးဟု ယူဆရပါမည်။

ကျနော်တို့လေးယောက်၊ စမ်းချောင်းလေးဆီ ရောက်မလာခင်က ကျနော်တို့ထက် ဦးစွာရောက်နှင့်နေကြ သူများလည်း ရှိနေနှင့်၏။ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) မှ ရဲဘော် (၆) ယောက် ဖြစ်၏။ သူတို့ကို တပ်ကြပ်လုပ်သူ တဦးက ခေါင်းဆောင်၏။ အသက် (၄၀) အရွယ် တပ်ကြပ်လုပ်သူမှာ အလုံးအရပ် ကျစ်လစ်သူဖြစ်ပြီး စကားနည်း၏။ တညနေနှင့်တည၊ သူတို့အဖွဲ့နှင့် ပူးပေါင်း ခိုအောင်းခဲ့စဉ်က၊ တပ်ကြပ်လုပ်သူသည် ဗိုလ်သိန်းစိုးနှင့် စကားတခွန်းနှစ်ခွန်းလောက်သာ ပြောသည်ကို တွေ့ခဲ့ရ၏။ သူသည် ၀ါးရုံပင်အောက်က သူ့ရဲဘော် လူမမာဘေးမှ ခွါသည်မရှိ။ သူတို့တဖွဲ့လုံး ပင်ပမ်း နွမ်းနယ်နေကြဟန်လည်း ရှိ၏။ ကျနော်တို့နှင့်အတူ ထမင်းလာ မစားကြပဲ သီးသန့် ထမင်းချက်စားကြ၏။ ထွေလီကာလီ ဟင်းမျှသာရှိသဖြင့် ကျနော်တို့နှင့်အတူ ထမင်းလာမစားခြင်း ဖြစ်သည်ဟု ဗိုလ်သိန်းစိုးက ပြောလေသည်။

"မင်းက သနပ်ခါးကြိုက်သလား"

"ဒီမှာ ငါတို့အားလုံး သနပ်ခါးလိမ်းတယ်"

ကျနော့်မေးခွန်းကို ခပ်သွက်သွက် ပြန်ဖြေလိုက်သည့် ကရင် ရဲဘော်လေးဘေးတွင် ကျနော် ၀င်ထိုင်လိုက်သည်။ သူသည် ကျနော့်ဘေးက ထောင်ထားသည့် သေနတ်ကိုယူပြီး တဖက်သို့ ရွှေ့ထောင်လိုက်၏။ ပြီးတော့ မှန်ကို ကြည့်မြဲတိုင်း ကြည့်နေ၏။ ကျနော်က သူ့လက်ဖ၀ါးထဲက ပြဒါးပြယ်စ ပြုနေသည့် လက်တ၀ါးစာ မရှိတရှိ မှန်ကွဲကိုကြည့်ကာ ပြုံးမိသည်။

"ဒီကောင်တွေ သနပ်ခါးပဲ လိမ်းနေတာပဲ"

တပ်ကြပ်လုပ်သူက သူ့ရဲဘော်ကို ငေးကြည့်နေသည့် ကျနော့်ကို ရှက်ရွံ့သွားဟန်ဖြင့် စကားလှမ်းပြော၏။ မှန်ကြည့်နေသည့် ရဲဘော်လေးက အလုပ်မပျက်။

"သနပ်ခါးက ဘယ်ကရတာလဲ"

"ကမ္မမောင်းက၊ လူကြုံနဲ့မှာရင် ရတယ်၊ တခဲဆိုရင် တပါတ်လောက်တော့ လိမ်းရတယ်၊ အခုတော့ မနက်ဖြန်ဆိုရင် ကုန်ပြီ၊ ပိုက်ဆံမရှိသေးဘူး၊ နောက်မှ"

သနပ်ခါးလူးပြီး မှန်ကြည့်နေသည့် ရဲဘော်လေးဘေးမှ ခွါကာ၊ ကျနော့်အိပ်ယာဆီ ပြန်လျှောက်လာခဲ့သည်။ ၀ါးရုံပင်အောက်က အိပ်ယာတွင် ၀င်ထိုင်လိုက်သည်။ ကြောပိုးအိပ်ထဲက မှတ်စု စာအုပ်ကလေးကို ထုတ်လိုက်၏။

သုံးလေးရက်အတွင်း စုစုပေါင်းရရှိသမျှ လူအသေအပျောက် စာရင်းကို စာရင်း ချုပ်ကြည့်သည်။ ၁၉.၁၁. ၉၂-မှ ၁၉.၂.၉၃-နေ့ အတွင်း (၃-လအတွင်း) လူ (၁၇) ယောက် အသတ်ခံခဲ့ရ၏။ သည်အတိုင်းဆိုပါက (၁၀) ရက်လျင် လူ (၂) ဦးကျ အသတ်ခံခဲ့ရတဲ့ သဘော။ အသတ်ခံခဲ့ရသည့် သူများ နေထိုင်သည့်ကျေးရွာ (၁၀) ရွာ။ (ဘောသပြု ) ရွာက ရွာသား (၄) ဦး အထိ အသတ်ခံခဲ့ရ။ ဤလူသတ်မှု အားလုံးကို နအဖစစ်တပ် တပ်မ ၉၉ လက်အောက်ခံ ခ.လ.ရ (၈၄) တခုတည်းက ကျူးလွန်ခဲ့ခြင်း ဖြစ်၏။ ကျနော် တုန်လှုပ်သွားရသည်။

မှတ်စုစာအုပ်တွင် လူအသေအပျောက် စာရင်းကို ချုပ်ကြည့်ပြီးမှ နောက်ထပ် လူတယောက် ထပ်တိုးဖို့ စဉ်းစားရပြန်သည်။ သို့သော်သူက အရပ်သား ရိုးရိုးတော့မဟုတ်။ ကရင်အမျိုးသား အစည်းအရုံး၊ မြို့နယ်အစည်း အရုံးအဖွဲ့ဝင် ကင်းသမား။ သူ့ကိုကြတော့ ကျဆုံးစာရင်းထဲ ထည့်ရမည်။ စာရင်း (၂)ခု ပေါင်းလျှင် ... ။

မှတ်စုစာအုပ်တွင် နောက်ရက်များအတွင်း မိမိ လုပ်ဆောင်ရမည့် အလုပ်ကိစ္စများကို တေးမှတ်ရပြန်သည်။ ဒီကနေ့ ၂၀.၃.၉၃ ရက်။ နောက်ထပ် သဘက်ခါ (၂၂.၃.၉၃) နေ့တွင်၊ ဖလံတောင်ရွာက "မရေသူ" နှင့် တွေ့ဆုံဖို့ရန် ရှိသည်။ လွန်ခဲ့သည့် (၁၀) ရက်က "မရေသူ" ကို နအဖစစ်သား (၂) ဦးက၊ ည (၈) နာရီခန့် ဘောသပြု ရွာထဲမှာပင် အဓမ္မ ပြုကျင့်ခဲ့ကြ၏။ "မရေသူ" က ကျနော်နှင့် လာရောက်တွေ့ဆုံကာ၊ သူ့ရဲ့ကြေကွဲဖွယ် အဖြစ်ကို ရင်ဖွင့် ပြောပြမည်ဟု လူကြုံစကားပါးခဲ့၏။ ကျနော် အိပ်ယာဝင်သည့်တိုင် တော်တော်နှင့် အိပ်မပျော်နိုင်ခဲ့ပါ။

၃။

ယ္ခုတော့ ပြဒါးပြယ်စပြုသည့် လက်တ၀ါးစာ မှန်ကလေးတချပ်နှင့် သနပ်ခါးလူးနေသည့် ကရင်ရဲဘော်လေးကိုလည်း ကျဆုံးစာရင်းတွင် ဖြည့်ရတော့မည်။

"ကျနော်ပြောတယ်၊ မင်းတို့ ဒီနေရာမှာ ကြာကြာမနေနဲ့လို့၊ သူတို့ အဲဒီနားမှာ နေတာ တပါတ်ကျော်ပြီတဲ့၊ လူမမာက မသက်သာလို့ ခဏ စောင့်နေကြတာတဲ့၊ စမ်းချောင်းရှိတာ ဟိုကောင်တွေက သိတယ်၊ အဲဒါ တနေရာ ပြောင်းဖို့ ကျနော် မှာခဲ့သေးတာ"

"အကျအဆုံးရှိသွားလား"

"ရှိတယ်၊ ခင်ဗျား သနပ်ခါးခဲဖိုး ပိုက်ဆံပေးခဲ့တဲ့ ရဲဘော် ကျသွားတယ်၊ လူမမာလည်း အသတ်ခံရတယ်၊ ခက်တယ်ဗျာ၊ ဒီကောင်တွေကိုက ပေါ့တာ"

လရောင်များမှာ ကျနော့် ခန္ဓာကိုယ်ပေါ်မှ ဘေးတိုက် ရွေ့သွားကြ၏။ သစ်ရွက်ခြောက်များပေါ် သတ္တ၀ါငယ် တချို့ ဖြတ်နင်းလိုက်သဖြင့် တဖြိုးဖြိုးတဖျောက်ဖျောက် မြည်သံမှာ အတိုင်းသားကြားရ၏။ ခတ်ဝေးဝေး တနေရာမှ ချေတကောင်၏ လေးတွဲ့တွဲ့ ဟောက်သံကို ကြားနေရ၏။ မိဆိုင်း ကျောက်တောင်ကြီးပေါ်က လှမ်းမြင်ခဲ့ရဖူးသည့် တောင်ယာမီးရှို့လို့ အမှောင်ထုထဲ တစူးစူးတရဲရဲ ဖြစ်နေသည့် မီးပွင့်မီးပွားများကို ကျနော် စိတ်ကူးနှင့် မြင်ကြည့်မိသည်။  ကျနော် အိပ်မပျော်နိုင်သေး။

အခုလို စိတ်လှုပ်ရှားလွန်းသည့်အခါ ကျနော့်နှလုံးသားများ နာကျင်နေလျှက်နှင့်ပင် ကဗျာတပုဒ် စိတ်ကူးနှင့် ရေးနေခဲ့မိ၏။ ကျနော့် ခေါင်းထဲ၌ ကဗျာစကားလုံး တချို့ကို ရွေးချယ်စီစစ်ကာ နေရာချပေးနေမိ၏။ မဲမှောင်လျှက်ရှိသည့် သစ်ရိပ်ဝါးရိပ်ထဲသို့ စူးစူးနင့်နင့် ကြည့်ရင်းမှပင် ကဗျာပိုဒ်တခု စိတ်နှင့်ရေးလို့ ရလာခဲ့၏။ ထို့နောက် ယင်းကဗျာပိုဒ်ကိုပင် စိတ်ထဲက အသံထွက်ပြီး ရွတ်ဆိုမိလေသည်။

ဟိုးအဝေးဆီမှာ
တောင်ယာမီးစွဲ အမှောင်ထဲ
ရဲရဲစူးစူး ဖူးကြပွင့်ကြ။

လေအသုပ်မှာ တောအုပ်အလည်
ချေငယ်ဟောက်သံ
ကျောက်နံရံချောက်ထဲ
ပေါက်ကွဲစင်ကျ ညကိုရိုက်ပုတ်
တုန်လှုပ်သွားခဲ့။

အမှောင်ထဲမှာ မကြာခဏ
သစ်ရွက်ခြောက်တွေ
လေသင့်တဲ့အခါ ကြွေကျသွားကြ။
(ပဉ္စလက်တောင်တန်း ကဗျာရှည်မှ ...)

ငြိမ်းဝေ