သံလွင်ရေဆန်၊ နှင်းကာ အင်္ကျီနှင့် သော်လဲထဈေးခင်း

ပရင့်ထုတ်ရန်

(၁)

ဦးမောင်မောင်လတ်က မာနယ်ပလောသို့ ရောက်သွားပြီ။ ကျနော်တို့ လူငယ် ၄ ယောက်မှာမူ မဲလထ၌ပင် ရှိသေး၏။ အဖူးစံလင်း၊ ပဒိုမန်းရှာတို့နှင့် တွေ့ပြီး ဆွေးနွေးခဲ့သည့် အစီအစဉ်များမှာလည်း အပြောင်းအလဲများ ဖြစ်သွား၏။ ရှေ့ခရီးစဉ်မှာမူ KNU ၏ တပ်မဟာ ၃ နယ်မြေသို့ပင် သွားရမည်။ သို့သော် ... KNU နှင့်အတူ တွဲ၍ စစ်ဆင်ရေး ထွက်ရန် မဟုတ်တော့ ... 

KNU တပ်မဟာ ၃ နယ်မြေရှိ ကျနော်တို့ အဖွဲ့ချုပ်၏ ဒေသစခန်းသို့ သွားရန် ဖြစ်သည်။ ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေအတွင်း ကျနော်တို့ အဖွဲ့ချုပ်၏ ဒေသစခန်း ၂ ခု ရှိသည်။ တခုက တပ်မဟာ ၃ KNLA အမှတ် ၈ တပ်ရင်း နယ်မြေတွင် ဖြစ်ပြီး တခုမှာ အမှတ် ၉ တပ်ရင်း နယ်မြေတွင် ဖြစ်သည်။ KNU အုပ်ချုပ်မှုအရမူ ကျောက်ကြီးမြို့နယ် အတွင်း၌ ဖြစ်သည်။ ရင်း ၈ စခန်းအား နွားလေးခို့ စခန်းဟူ၍လည်း ခေါ်သည်။ ကျနော်တို့ သွားရမည့် စခန်းက ရင်း ၉ ရှိ ဒေသစခန်းသို့ ဖြစ်သည်။ ရင်း ၉ စခန်းအား ဟိတိုးထ စခန်းဟူ၍လည်း ခေါ်သည်။ 

ဟိတိုးထ စခန်းက ဟိတိုးထ ချောင်းဘေးတွင် တည်ထားသဖြင့် ချောင်းအား အစွဲပြု၍ ခေါ်ခြင်းဖြစ်သည် ဆိုသည်။ 

မဲလထ မှ ဟိတိုးထ သို့ ...

သံလွင် မှ ဟိတိုးထ သို့ ...

(၂)

ကျနော်တို့အား လာ၍ခေါ်သည့် စက်လှေက နံနက် ၆ နာရီခန့်တွင်ပင် မဲလထ ဆိပ်သို့ ရောက်လာ၏။ သူတို့ ရောက်လာသည့် အချိန်၌ ကျနော်တို့က ထမင်းစားနေဆဲ ...။ တပ်ကြပ်ကြီး စောငါးပြားက မြေမြှုပ်မိုင်းထိ၍ သေသည့် ကျွဲသားများ ယူလာ၍ စောစောပင် ထ၍ ချက်ကာ စားနေကြသည်။ 

လာခေါ်သည့်သူများက သော်လဲထ ရောက်မှ ထမင်းစားမယ် ... ထားခဲ့လိုက်တော့ဆိုပြီး ထမင်းဝိုင်းအား အဆုံးသတ်ခိုင်း၏။ 

အသား၊ ငါးနှင့် မစားဖြစ်သည်မှာ ကြာပြီဖြစ်၍ ကျွဲသား ရေလုံပြုတ် ဟင်းအား သံယောဇဉ် မပြတ်ချင် ...။ မတတ်နိုင် ...။ စီစဉ်သူတို့၏ အစီအစဉ် အတိုင်းပင် ထလိုက်ခဲ့ကြတော့၏။

ကျနော်တို့ အရာခံဗိုလ် ကျော်သန်းနှင့် တပ်ကြပ်ကြီး စောငါးပြားတို့အား နှုတ်ဆက်၏။ 

ထမင်းစားနေရင်း ချက်ချင်း ထလိုက်သွားကြရ၍ သူတို့က ကျနော်တို့အား ကြည့်ပြီး စိတ်မကောင်းကြ။ 

စစ်ပူနေတာမှ မဟုတ်ဘဲဗျာ ... ၅ မိနစ်၊ ၁ဝ မိနစ်ကြာလို့ ဘာဖြစ်မှာလဲဟူ၍ စောငါးပြားက မသက်မသာ ဆိုသည်။ 

ကျနော်တို့ ကမ်းပါးထက်မှ ဆင်းခဲ့ကြ၏။ ကမ်းပါးနှင့် ရေစပ်သည် နွေကာလမှာကဲ့သို့ သောင်ပြင်က ကြား၌ ခံ၍မနေ ... ရေစပ်သည် ကမ်းပါးသို့ ဦးခိုက်၍နေလေပြီ။

လှေက ဝမ်းပြားပြီး လှေဦးမှာ မော့၍ထောင်နေသည်။ အင်ဂျင်မှာမူ T.E 11 အင်ဂျင်ဖြစ်၍ စက်အားကောင်းသည်။ လှေဝမ်းအတွင်း လှေနံရံနှစ်ဖက်အား ကန့်လန့်ဖြတ်၍ ပျဉ်ချပ်များ ခင်းထား၏။ ဤအခင်းပေါ်၌ ထိုင်ကြရသည်။ တတန်းတွင် ၃ ယောက်ခန့် ယှဉ်ပြီး ထိုင်စီး၍ရသည်။ 

လှေပေါ်၌ မနေ့က ကျနော်တို့နှင့် မဲလထတွင် လာတွေ့သည့် ကျနော်တို့ အဖွဲ့ချုပ်မှ ဗဟိုစည်းရုံးရေး ကော်မတီဝင် တဦးနှင့် ဗဟိုဌာနချုပ်ရုံး၏ ဒု-ရုံးအဖွဲ့မှူးတို့အား တွေ့ရ၏။

သူတို့နှင့်အတူ လှေပေါ်၌ လူငယ် ၃ ယောက်လည်းပါ၏။ ဘုရင်လိုလားသည့် ကမ္ဘောဒီးယား ပြောက်ကျားများ ဝတ်သည့် သံလွင်ရောင် စစ်အင်္ကျီအား ဝတ်ထားကြသည်။ စစ်ဝတ်စုံအား အပြည့်အစုံ ဝတ်ထားကြခြင်းကား မဟုတ် ... ။ အေး၍ အပေါ်မှ ထပ်ဝတ်လာသည့် ပုံသဏ္ဍာန်မျိုး ...။ လက်မောင်း တံဆိပ်များက ဘယ်ဘက်တွင်မူ အနီရောင်အောက်ခံ၌ သံလျက်နှစ်စင်းအား ကြက်ခြေခတ်ထား၏။ ညာဘက်လက်မောင်းတွင်မူ အနီအောက်ခံ ကြယ်ဖြူနှင့် ခွပ်ဒေါင်း ...။ 

(၃)

လှေသည် သံလွင်အား ဆန်၍ တတ်နေသည်။ မြစ်ရေသည် နီညစ်ညစ် ...။ သစ်လုံးများ၊ သစ်ခွဲသား ပကာများသည် ရေစီးနှင့်အတူ မျှောပါ၍ လာသည်။ ဝဲကတော့များက မြစ်ပြင်အတွင်း နေရာအနှံ့၌ ပေါ်လာလိုက် ပျောက်သွားလိုက်နှင့် ...။ ညယံကောင်းကင်၌ ကြယ်စင်များ လင်းလက်နေသကဲ့သို့ ...။ သစ်တိုသစ်စတို့က ဝဲအတွင်းမြှုပ်သွားလိုက် ... ပြန်၍ ပေါ်လာလိုက်နှင့် ရေစီးတွင် မျှောပါ၍ သွားသည်။ 

ကျွဲ၊ နွား တင်သည့် လှေကြီးတစင်း စုန်ဆင်းလာသည်။ ခဏအတွင်း ကျနော်တို့၏ အဆန်လှေအား ကျော်ဖြတ်သွား၏။ လှိုင်းလုံးများက ကျနော်တို့၏ လှေငယ်အား အဆက်မပြတ် ရိုက်ပုတ်နေတော့၏။

အရှေ့၌ မြစ်တစင်းသည် သံလွင်အတွင်းသို့ အရှေ့ဘက်မှ စီးဝင်၏။

သောင်ရင်း ... ။ လှေသည် အရှေ့သို့ ဆန်၍ တိုးလာ၏။ သောင်ရင်းအား နီးနီးကပ်ကပ် တွေ့ရပြီ ...။ သောင်ရင်းရေသည် ကြည်စိမ်း၍ နေ၏။ သံလွင်ကမူ ညိုညစ်ညစ် ... သံလွင်အတွင်း ရောက်သွားသည်နှင့် သောင်ရင်း မြစ်ရေသည်လည်း ညိုညစ်၍ နီရဲသွားတော့၏။ သံလွင်နှင့်သောင်ရင်းဆုံရာ အရပ်က သုမွဲထ အရပ် ... ။

သံလွင်နှင့် သောင်ရင်း အရှေ့ဘက်ကမ်းက ထိုင်းနိုင်ငံ ... ။ ထိုင်းနိုင်ငံ၏ တောင်ကုန်းများ၌ ကျွန်းပင်များအား စိုက်ထားသည်။ ကျွန်းပင်များက သက်နုသေးသည်။ သုမွဲထမှ သောင်ရင်းအား ဆန်တတ်လျှင် ထူးဝါးလူ သို့ ရောက်မည်။ ထူးဝါးလူအား လွန်လျှင် ... လောကွားလူ၊ ပြီးလျှင် ... မာနယ်ပလော ... ။

သောင်ရင်းက တောင်မှ မြောက်သို့ စီးဆင်းသည့်မြစ်တစင်း ... ။ သောင်ရင်း၌ သမိုင်းများ ရှိသည်။ မော်ကွန်း ကျောက်စာတိုင်တို့ ရှိခဲ့ကြ၏။ 

(၄)

မြစ်ဆုံအားလွန်သော် ... သံလွင်သည် နယ်ခြားစည်းအဖြစ်နှင့် ထိုင်း-မြန်မာ နယ်နိမိတ်အား ခွ၍ တားထား၏။ အရှေ့ဘက်ကမ်းသည် ထိုင်း၊ အနောက်ဖက်ကမ်းသည် မြန်မာပြည် ...။ ထိုင်းကမ်းတလျှောက် တောင်တန်းငယ်များ၌ ကျွန်းစိုက်ခင်းများအား အစီအရီ တွေ့ရ၏။ သစ်ကြီးဝါးကြီးများ မရှိ။ သဘာဝ သစ်တောများက ထိုင်းနယ်စပ်၌ ပြုန်းတီး၍ သွားခဲ့ပြီး ဖြစ်လိမ့်မည်။ ယခုမူ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသည့် အသိနှင့် ထိုင်းတို့က ကျွန်းစိုက်ခင်းများအား ပြန်၍ စိုက်နေကြပြီ ...။

အနောက်ဘက်ကမ်းမှာမူ ညိုမှိုင်းသော တောင်တန်းများ၊ တောအုပ်များ ...။ သဘာဝအလှသည် မြန်မာပထဝီ၌ရှိနေဆဲ ...။ ကျန်နေဆဲ ...။

အနောက်ဘက် ကမ်းပါးထက်၌ နီနီရဲရဲ ခွပ်ဒေါင်းအလံသည် လေ၌ တလွင့်လွင့် ...။ ကမ်းပါးစောင်းအား လှေကားထစ်ပြု၍ သီးပင်စားပင်များ စိုက်ထား၏။ စိုက်ခင်း၏ အနောက်၌ ခြံစည်းရိုး ...။ ခြံစည်းဝိုင်းအတွင်း ကမ်းပါးထက်မှ ခွပ်ဒေါင်းအလံ ...။ ဘားတိုက်ရှည် အဆောက်အဦ၏ အမိုးများအား အလံတိုင်၏ အနောက်၌ တွေ့ရ၏။ အင်ဖက်မိုးထားသည်။ ကျနော် စိတ်ဝင်စားစွာနှင့် လေတွင် လွင့်နေသည့် ဒေါင်းအလံအား ဦးညွှတ်၏။
စာမျက်နှာ ၂ သို့ ဆက်ရန် ...


အဲဒါ ABSDF တပ်ရင်း ၂ဝ၈ လေ။ ကမ္ဘောဒီးယား စစ်အင်္ကျီနှင့် သူမှ ဒေါင်းအလံအား လက်ညိုးညွှန်ရင်း ပြော၏။ ကျနော် ရင်ခုန်သွားသည်။ ကျောင်းသားတပ်မတော် တပ်ရင်း ၂ဝ၈ ...။

တပ်ရင်း ၂ဝ၈ တွင် ကျနော်တို့ နယ်သား အများစု ရှိသည်။ ဇာတိစွဲနှင့် ၂ဝ၈ အား ရင်းနှီးသွားသည်။ လှေက ဒေါင်းအလံအား ကျော်လာပြီ ...။

ကိုကျော်သူရိန် ... ကိုလှတိုး ...။ သူတို့သည် တပ်ရင်း ၂ဝ၈ တွင် တပ်ရင်းမှူးနှင့် ဒု-ရင်းမှူး တာဝန်များ ထမ်းဆောင်နေကြသည်ဟု မြို့မှာ ရှိစဉ်မှပင် သိထားခဲ့၏။

အတွေးတို့က အတိတ်သို့ ရွှေ့၏။ လှေကမူ ပစ္စပန်တွင် သံလွင် ရေဆန်အား ဆန်ဆဲ ...။ ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့တွင် ကျနော်တို့မြို့၌ ဆန္ဒပြမှုအား စတင်၏။ ရန်ကုန်တက္ကသိုလ် ကျောင်းသားအချို့နှင့် မော်လမြိုင် တက္ကသိုလ် ကျောင်းသားအချို့တို့ ပေါင်းပြီး မြို့၏ အထက်တန်း ကျောင်းတွင် စသည်။ ကျောင်းဝင်း အတွင်း၌သာ စနိုင်ခဲ့၏။ လူထုနှင့်မူ မပေါင်းမိခဲ့။ အာဏာပိုင်များမှ ကျောင်းအား ပိတ်လိုက်သည်။ ထားတော့ ...။ 

ညပိုင်းတွင် မြို့လေး၏ ဘောလုံးကွင်းအတွင်း လူထုနှင့် ကျောင်းသားစုရုံး၍ ပေါင်းပြီး တမြို့လုံး လှည့်ကာ ဆန္ဒပြကြ၏။ မြို့လေးသည် ၈၈ ၏ သမိုင်းတာဝန်အား ကျရာမှ တာဝန်ကျေလိုက်၏။

နောက်နေ့တွင် ... ကျနော်တို့ မြို့လေး၏ သပိတ်စခန်းအား ဘုန်းတော်ကြီး ကျောင်းတခု၌ စုဖွဲ့၏။ ကျောင်းအမည်ကား ... အနောက်ကျောင်း ...။

ဤကျောင်းတွင်ပင် ... ကျနော် ... ကိုကျော်သူရိန်အား စ တွေ့ခဲ့ခြင်း ဖြစ်သည်။ 

အသားမဲမဲ ... သွားခေါခေါ ... ပိန်ပိန်သွယ်သွယ်နှင့် ...။ စကားကို ကျယ်ကျယ် ပြောတတ်၏။ ဒိုးဒိုးဒေါက်ဒေါက် ပြော၏။ ထိုစဉ်က သူသည် မော်လမြိုင် တက္ကသိုလ်တွင် ရူပဗေဒ အဓိကနှင့် တတိယနှစ် တတ်နေသည်။ သို့သော် ... သူ့ရုပ်သဏ္ဍာန်က တက္ကသိုလ် ကျောင်းသား တယောက်နှင့်မတူ ...။ အညာသား ထန်းတက်သမား တယောက်၏ ရုပ်မျိုး ...။ လူထုကြားမှ ကျောင်းသားသဏ္ဍာန် ... လူထုဘဝနှင့် နီးစပ်၍ လူထုသဏ္ဍာန် ပေါက်နေ၏။ ဤကြောင့်ပင် ... သူသည် ၈၈ ၏ သမိုင်းစဉ်၌ ကျောင်းသားတပ်မတော်တွင် စစ်ရေး တာဝန်များအား ထမ်းဆောင်နေခြင်း ဖြစ်မည်။ 

လှေ၏ အင်ဂျင်စက်သံသည် စူးစူးဝါးဝါး ထွက်လာ၏။ ရေပြင်အား ပြင်းပြင်းထန်ထန် ရုန်းတော့မည့်ဟန်မျိုး ...။ လီဗာအား ပုတ်သည်။ တချက် ... နှစ်ချက် ...။

အင်ဂျင်စက်သံ ပြင်းပြင်းကြောင့် ... အတိတ်သည် အတွေးမှ လွင့်ကျန်ခဲ့၏။

အို ... အရှေ့၌ မြစ်ပြင်အတွင်း ဝဲဂယက်ကြီး ...။ ဝဲက ဓာတ်မီးတိုင် နှစ်တိုင်စာမျှ ကျယ်၏။ သစ်တုံး၊ သစ်စများသည် ဝဲကြီးအတွင်း ချားရဟတ်သဖွယ် လည်နေ၏။ ပြီးလျှင် ... တဖြည်းဖြည်း ဝဲကတော့အတွင်း မြှုပ်ဝင်သွား၏။ ဝဲ၏ အချင်းစက်ဝန်းနံဘေး၌ လှိုင်းဂယက်သည် မြစ်ပြင်အထက်၌ မို့မောက်၍ နေသည်။ 

ဤဝဲအား ကျနော်တို့ လှေငယ်သည် ကျော်ဖြတ်ရမည်။ 

အဲ့ဒါ ... မဲခေါင်ဝဲ။

လှေပေါ်မှ တယောက်ကပြောရင်း ... ပိုးထားသည့် ကျောပိုးအိတ်အား ဖြုတ်၏။ စီးထားသော စစ်သုံး တောစီးဖိနပ်အား ချွတ်၏။

အခြေအနေအရ အန္တရာယ် ရှိနိုင်ကြောင်း သိလာရ၏။

လှေမောင်းသမားသည် တတိယအကြိမ် စက်လှေ၏ လီဗာအား ပုတ်၏။ ပြီးလျှင် ... ဝဲ၏ ယာဘက်အစပ်မှ ဖြတ်မောင်းတော့သည်။ 

စက်လှေ အင်ဂျင်စက်သံသည် စူးစူးဝါးဝါး ... ဆင်ရိုင်းတကောင်၏ အော်မြည်သံကဲ့သို့ ...။ 

(၅)

သော်လဲထ ရောက်ပြီ ... ။

မြင်ရသည်ကား ကမ်းပါးမှ ရေဆိပ်သို့ သွယ်ဆင်းလာသည့် ကွန်ကရစ်လမ်း ...။ လမ်း၏ ဝဲယာ၌ ဈေးဆိုင်တန်းများ ...။ ရေဆိပ်၌မူ ... စက်လှေများက အစီအရီ...။ အုန်းလက်တခုအား ကမ်းပါး၌ ချထားသကဲ့သို့ ...။ လှေဦး၌မူ ထိုင်းအလံငယ်များ လွှင့်ထားကြ၏။

ဤဘက်ကမ်းက ထိုင်းနိုင်ငံ ...။ အနောက်ဖက်ကမ်း၌မူ ... ခွဲပြီးသား ပကာပုံကြီးအား ကမ်းပါးထက်၌ တွေ့ရသည်။ သစ်ခွဲသံများလည်း ကြားရ၏။ လှေသည် လှေတစီး၏ နောက်၌ ကပ်၍ ရပ်လိုက်သည်။ လှေလုပ်သား တယောက်က အနားရှိလှေပေါ်သို့ ကူးသွားပြီး လှေကြိုးအား ထိုလှေတွင်ပင် ချီလိုက်၏။ လှိုင်းပုတ်မှုကြောင့် လှေသည် လူးနေ၏။ သို့သော် ... လှေပေါ်၌ လျှောက်၍ရသည်။ လှေများပေါ်မှ ကျနော်တို့ ဖြတ်လျှောက်ခဲ့ကြ၏။ ကမ်းပါးစပ်သို့ ခြေချမိ၏။ ထိုင်းမြေ...။ ကွန်းကရစ်လမ်းကမ်းပါးအား လှေကားထစ်များအဖြစ် စီမံထားသည်။ လှေကားထစ်များ၏ ဝဲယာတွင်လည်း ဈေးဆိုင်ခန်းများ၊ အဝတ်အထည်ဆိုင်များ ဖြစ်သည်။ အရာအားလုံးသည် သစ်လွင်၍နေသည်။ လှေကားထစ်များ၏ အဆုံး၌ စားသောက်ဆိုင်များအား တွေ့ရ၏။

ငရုတ်သီးအစိမ်းအား ဆီသတ်သည့် အနံ့သည် ဆိုးဆိုးဝါးဝါး ...။ အနံ့သည် နှာခေါင်းတွင်သာမက မျက်လုံး၌ပင် စူးရှစေ၏။

ဤဆိုင်အတွင်းသို့ ကျနော်တို့အား ဦးဆောင်လာသည့်သူများ ဝင်ကြ၏။ ထမင်းဟင်းရသည်။ သို့သော် ... မြန်မာ ထမင်း၊ ဟင်းတော့ မဟုတ်။ ထိုင်းဟင်းလျာများ ...။

သကြားအချိုကဲသော်လည်း စား၍ ကောင်းသည်။ တခါပြင် ပုဂံများနှင့် ထမင်းအား ပြင်ပေး၏။ ကျနော်တို့၏ အနားတွင် ထမင်းပုဂံ လွတ်များ ပုံ၍သွားသည်။ 

ဗာဂျီးနီးယား ဆေးမီးသင့်နံ့သည် ကျနော့် နှာခေါင်းအတွင်းသို့ ဝင်လာ၏။ ချဉ်ခြင်းက တက်ပြီ ...။ ဆေးလိပ် သောက်တတ်သူတို့၏ ဒုက္ခ ...။ အစာစားပြီးလျှင် ဆေးလိပ်ဖွာချင်၏။ ကျနော်တို့အား မဲလထတွင် လာတွေ့ခဲ့သူသည် ကျနော်တို့ လှေပေါ်၌အတူ ပါလာခဲ့သည့် လူငယ်များနှင့် မိတ်ဆက်ပေး၏။

သူတို့က နွားလေးခိုကို သွားမယ့်သူတွေ ဘဘတို့ အဖွဲ့ကပဲ ... သူက ဆက်သွယ်ရေးသမား ...။

လက်ညှိုး ညွှန်ပြရာကို ကျနော် ကြည့်မိ၏။ လှေပေါ်တွင် ကမ္ဘောဒီးယား စစ်အင်္ကျီ ဝတ်ထားသည့်သူ ...။ ပိန်ပိန်သေးသေး ... ညိုညို ...။

ကျနော်က ... ညွှန်ပြသောသူထက် ... ညွှန်ပြသည့် လက်ညှိုးနှင့် လက်ခလယ်ကြားမှ မီးသင့်နေသည့် စီးကရက်အား စိတ်ဝင်စားနေသည်။ 

ဗာဂျီးနီးယားဆေး၏ ညှော်နံ့က နှာခေါင်းအတွင်း ဝင်လာပြန်၏။ ဆေးနံ့က ဒူးယားနှင့်လည်း မတူ ...။ ခပေါင်း ...။ မိုး ...။ မဟုတ် ...။ ထိုင်းနိုင်ငံထုတ် စီးကရက်တမျိုး ဖြစ်မည်။ 

ရော့ ... ညီတော်မောင်တို့အတွက် အင်္ကျီနဲ့ ဘောင်းဘီ။ စီးကရက်ကို ရှိုက်ဖွာရင်း ပြောပြောပေးပေး ... ပေးသည်။ ကျနော်တို့ အထဲမှ ကျူရှင်ဆရာပေါက်စက ... မိုးကာအင်္ကျီတွေဟု ပြောသည်။ တယောက်ကမူ ... မိုးကာအင်္ကျီ မဟုတ်ဘူး။ နှင်းကာအင်္ကျီတွေဟု ဆို၏။ 

အင်္ကျီများက ... အဖြူရောင်များ ...။ ကျနော်တို့သွားမည့် ဒေသက ရှေ့တန်း စစ်ဆင်ရေးနယ်မြေ ...၊ အဖြူရောင် နှင်းကာ အင်္ကျီများနှင့်...။ စဉ်းစား၍မရ...။ ကရင်ပုဆိုးကြမ်းလေး တထည်ဖြစ်ဖြစ်၊ ဘောင်းဘီတိုလေး တထည်ဖြစ်ဖြစ် ပေးရင် ကောင်းမည်ဟု စိတ်ထဲမှ တွေးမိ၏။ မတတ်နိုင် ...။ ကျနော့်အတွက် လှမ်းပေးသည့် အင်္ကျီကို ယူလိုက်သည်။ 

လက်ညှိုးနှင့် လက်ခလယ်ကြားမှ စီးကရက် ပြာတောင့်သည် အင်္ကျီပေါ်သို့ ကျသွား၏။ 

ဗာဂျီးနီးယား ဆေးနံ့ကမူ သင်းသင်းပျံ့ပျံ့ ...။ ချဉ်ခြင်းက တက်လာပြန်၏။ ဆေးလိပ်ဖြတ်မှ ဖြစ်မည် ...။