အမြင့်ပျံငှက်

ပရင့်ထုတ်ရန်


(က)

Dear ရဲ

ဘုရားသခင် ခင်ဗျားနဲ့အတူ အမြဲရှိနေပြီး အခက်အခဲမျိုးစုံ၊ အန္တရာယ်မျိုးစုံမှ လွတ်မြောက်ရန် ဆုတောင်းလိုက်ပါတယ်။

ချစ်စွာသော ... ရဲရေ ခင်ဗျားမေးတဲ့ ဗိုက်နာတာ ပျောက်ပြီလား ဆိုတဲ့ကိစ္စ ပျောက်ပြီ။ ဒါပေမဲ့ နဲနဲနာသေးတယ်၊ ကောင်းကောင်း မပျောက်သေး ဘူး။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့။

ခင်ဗျားအတွက် အမြဲဆုတောင်းပေးပါတယ်။ သမီးလည်း နေကောင်းပါတယ်။

ချစ်စွာသော ... ရဲရေ ခင်ဗျားကို ဘာအစားအသောက်မှ မပို့နိုင်ပါ။ ငွေမရှိတော့ပါ။ တကျပ်တောင် မရှိတော့ပါ။ ငါ့အတွက်လည်း ဝယ်စားစရာငွေ မရှိပါ။

ခင်ဗျားတောထဲမှာ နေရတာ ဘာမှစားစရာ မရှိမှန်း ငါသိပါတယ်၊ ဒါပေမဲ့ ငွေမရှိလို့ ဘာမှမပို့နိုင်ပါ။

ချစ်စွာသော ... ရဲရေ ၊ တော်လှန်ရေးသမားဆိုတာ ငွေ ဘယ်ရှိပါ့မလဲ။ ခင်ဗျား သဘောပေါက်မှာပါနော်၊ 

ဒါပါပဲ...


(ခ)

၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလ။

ထိုစဉ်က ... ကျနော်တို့အဖွဲ့ချုပ်၏ နယ်စပ်ရုံးကို 'နောင်လုံ' တွင် ဖွင့်လှစ်ထားသည်။ မဲ့ကော့မိုင်သို့ပင် မပြောင်းရွှေ့ရသေး။ ဗဟိုဌာနချုပ်ကိုတော့ 'ထီးခဲဖလှယ်' မှာပင် ထားသည်။ ထီးခဲဖလှယ်က နယ်စပ်မျဉ်း၏ မြန်မာပြည် အတွင်းပိုင်းဘက်အခြမ်းတွင် ရှိသည်။ KNU ဌာနချုပ်သည်လည်း ထီးခဲဖလှယ်တွင်ပင် ရှိသည်။ ဗိုလ်ချုပ်ကြီး စောဘိုမြသည် ထိုစဉ်က ထီးခဲဖလှယ်တွင်ပင် အမြဲလိုလိုနေသည်။ ကျနော်တို့က ပိတောက်မြိုင်စခန်း ဟုလည်း ကိုယ်ဘာသာ မြန်မာလို အမည်သစ် ပေးထားကြသေးသည်။ ဒီနေရာတွင် နယ်စပ်မျဉ်းက သိသိသာသာ စီးမခြားထား။ မာနယ်ပလော ကဲ့သို့မဟုတ်။ မာနယ်ပလောကား နယ်စပ်မျဉ်းအဖြစ် သောင်းရင်းမြစ်က တားထားသည်။ ရန်သူ့ထိုးစစ်များ ဆင်းခွဲလာသည့်အခါ ထီးခဲဖလှယ် သည် မာနယ်ပလောကဲ့သို့ နယ်စပ်မျဉ်း 'အဟန့်' မခိုင်ခန့်သဖြင့် နောက်ကျောမလုံ။ သတိထားရသည်။

အဖွဲ့ချုပ်သည် တိုင်းရင်းသား လူမျိုးစုများနှင့် အေးအတူ၊ ပူအတူ၊ ငတ်အတူ၊ ပျက်အတူ၊ ရှိအတူ၊ မရှိအတူ၊ ဘဝချင်းထပ်၍ ယုံကြည်မှုကို ထုဆစ်ကြမည်။ ပြီးနောက် ... အမျိုးသားသွေးစည်းမှုကို နိုင်ငံရေးအရ တည်ဆောက်ကြမည်။ ဤသို့ အဖွဲ့ချုပ်သည် ယုံကြည်ခဲ့သည်။ သို့ဖြစ်၍ မာနယ်ပလော ကျပြီးနောက်ပိုင်း လွတ်မြောက်နယ်မြေအတွင်း ရပ်တည်နိုင်ရေးအတွက် ကြိုးပမ်းအားထုတ်ခဲ့ကြသည့်အထဲ၌ အဖွဲ့ချုပ်သည် လည်း ပါခဲ့သည်။ ကနဲလေး၊ စခန်းသစ်၊ ထီးခဖလှယ်။ ပြီးနောက် ...။

စခန်းသစ်တွင် အဖွဲ့ချုပ်၏ အလယ်ပိုင်းတိုင်းစခန်းနှင့် ဗဟိုစည်းရုံးရေးဌာန ရှိသည်။ ဗဟိုကျန်းမာရေးဌာနခွဲလည်း ရှိသည်။ 'နောင်လုံ' ကားစခန်း သစ်နှင့်ထီးခဲဖလှယ်အကြား အလယ်ဆုံမှတ်အဖြစ် တည်ရှိနေသည်။ ထိုင်းနိုင်ငံ၏ နယ်စပ်ရွာငယ်လေး ဖြစ်သော်လည်း တယ်လီဖုန်း ဆက်သွယ် ရေးစနစ် ရှိသဖြင့် ပြင်ပသို့လည်း အလွယ်တကူ ဆက်သွယ်နိုင်သည်။ ဤသို့ဖြင့် နောင်လုံသည် အဖွဲ့ချုပ်၏ စီမံခန့်ခွဲရာ ယန္တရားအစိတ်အပိုင်းတခု အဖြစ် ထိုစဉ်က ရှိခဲ့သည်။ 


(ဂ)

ကျနော် 'နောင်လုံ' ရုံးပေါ်သို့ရောက်သည်နှင့် အားလုံးက ဝိုင်း၍မေးကြသည်။ စခန်းသစ်အခြေအနေ ဘယ်လိုလဲ။ သူတို့ သိချင်နေကြသည်။ စခန်းသစ်၏ နောက်ဆုံးအခြေအနေနှင့် ပတ်သက်၍ သူတို့ သတင်းမရတော့။ မနေ့ နေ့လယ်မှစ၍ ဆက်သွယ်ရေးစက် ဆက်သွယ်မှုအားလုံး ပြတ်တောက်သွားခဲ့ပြီ။ အင်အားကြီးမားစွာနှင့် ထိုးဝင်လာသော ရန်သူ့စစ်ဆင်ရေး၏အောက်၌ စခန်းသစ်သည် မည်မျှအထိ ခုခံဟန့်တားထား နိုင်မည်နည်း။ ပြီးလျှင် ... စခန်းသစ်သည် ပထဝီအနေအထားအရ ရန်သူ့ထိုးစစ်ကို ခံစစ်သေဖြင့် ခုခံဟန့်တားထားနိုင်ရန် အခြေအနေကမပေး။ ဤသည်ကို သိကြသည်။ သို့သော် နောက်ဆုံးအချိန်အထိတော့ ကျွန်ုပ်တို့၏ လွတ်မြောက်ဒေသအတွင်းသို့ အာဏာရှင်တို့ကို မဝင်ရောက်စေချင် ကြ။ တားဆီး၍ ထားလိုကြသေးသည်။ 

"မနေ့ညနေက စခန်းသစ်ကျတယ်။ ကျနော်တို့ ဆုတ်ပေးလိုက်တာပါ။ DKBA လည်းပါတော့ ရန်သူက ဝင်လာရဲတယ်။ ကျနော်တို့တွေ့တော့ ရန်သူက ကျနော်တို့ စခန်းကုန်းအနောက်က တောင်ကျော်တွေပေါ်ကို ရောက်နေပြီ ချက်ချင်းတော့ မဆင်းလာဘူး။ ၆ဝ မမနဲ့ပဲ လှမ်းထုတယ်။ ဈေးတန်းတော့ မီးလောင်သွားတယ်"

အိမ်ထောင်သည် မိသားစုများ၏ အခြေအနေနဲ့ ပတ်သက်၍ တယောက်က ဝင်မေးသည်။

"အိမ်ထောင်သည် မိသားစုတွေကိုတော့ မနေ့မနက်ထဲက ကျနော်တို့ ကလောထောကို ရွှေ့ထားလိုက်တယ်။ ကလောထောဘုန်းကြီးကျောင်းထဲ မှာ။ KNU ကရော၊ABSDF ကရော မိသားစုတွေ အားလုံးပဲ။ စခန်းသစ်နားက ဒုက္ခသည်စခန်းက လူတွေလည်း 'ကလောထော' ရွာထဲကိုပဲ စုပြုံပြီး ပြောင်းကုန်ကြတယ်။ DKBA လည်း ပါလာတော့ အဲဒီမှာလည်း လုံခြုံရေးက စိတ်မချရဘူး"

ကျနော့်စကား ဆုံးသွားတော့ ... သူတို့အားလုံး ငြိမ်၍ တွေးနေကြသည်။ စခန်းသစ် ကျဆုံးစဉ်ကရော၊ ပါရီကျဆုံးခန်းကဲ့သို့ပင်လား။ သူတို့ ... တွေးကောင်း တွေးနေကြလိမ့်မည်။ ခဏနေ KNU က ကားလာလိမ့်မယ်။ ကျနော်တို့ ထီးခဲဖလှယ် သွားကြမယ်။ ခင်ဗျားလည်း လိုက်ခဲ့ပေါ့ဗျာ။ ဥက္ကဋ္ဌနဲ့လည်း တွေ့လိုက်ပေါ့။ မနက်ဖြန်ကျမှပဲ ကလောထောကို ပြန်တာပေါ့ဟု တယောက်က ပြောသည်။ 


(ဃ)

ကျနော်တို့ 'နောင်လုံ' ရုံးမှထွက်တော့ ညနေ ၃ နာရီခန့်ရှိပြီ။ နေအပူချိန်က မကျသေး။ ကား၏ နောက်ခန်းကိုယ်ထည် အတွင်း၌ကား ငှက်ပျောခိုင် များ အပြည့်တင်ထားသည်။ ငှက်ပျောခိုင်များပေါ်၌ ထိုင်၍ လိုက်ခဲ့ကြသည်။ စစ်ပွဲဖြစ်နေသည့်နေရာသို့ သွားမည့်ကားပေါ်၌ ငှက်ပျောခိုင်များကို တင်လာသည့်အတွက် စိတ်ထဲ၌ အံ့သြနေမိသည်။ ဘာလုပ်ဖို့လဲဗျ။ ဒါတွေက ဟူ၍ ငှက်ပျောခိုင်များကို လက်ညှိးထိုးပြရင်း ဘေးမှတယောက်ကို မေးကြည့်သည်။ အပေါ်က ဖုံးလာတာတွေလေဟု သူကပြန်ပြောမှ ကျနော် သဘောပေါက်တော့သည်။ ၁၅ မိနစ်ခန့်ရှိသည်နှင့် ကတ္တရာခင်းလမ်း က ဆုံးသွားတော့သည်။ ကတ္တရာခင်းလမ်းအဆုံး၌ ကရင်ဒုက္ခသည် ရွာငယ်လေးတရွာရှိသည်။ ဒုက္ခသည်အိမ်များက မြေနီလမ်းကို ဝဲယာနှစ်ဖက် ညှပ်၍ စီတန်းပြီး ဆောက်ထားကြသည်။ အိမ်ခြေကမူ သိပ်မများလှ။ ၃-၄ဝ ခန့်သာ ရှိမည်။ အချို့အိမ်များတွင် လူမရှိတော့။ နယ်စပ်တွင်စစ်ပူ သဖြင့် ပြောင်းပြေးသွားကြပြီ ထင်သည်။ အိမ်တန်းရှည်များ အဆုံးတွင်တော့ ထိုင်းနယ်ခြားစောင့် တပ်စခန်းတခုကို တွေ့ရသည်။ တပ်အင်အား တိုးချထားသည်ကို မတွေ့ရ။ ယခင်အခါများကဲ့သို့ပင်။

ထိုင်းနယ်ခြားစောင့် တပ်စခန်းကို လွန်သည်နှင့် ကားလမ်းသည် အင်းတောကြီးများအတွင်းသို့ ဖျက်၍ ဝင်သွားတော့သည်။ အင်းပင်ကြီးများက ပေ ၁ဝဝ၊ ၁၅ဝ အထိ မြင့်ကြမည်။ အချို့အပင်များသည် ယောက်ျားကြီးများ လက်ဖြင့်တဖက် ဖက်လျှင်ပင် မှီမည်မထင်။ ခုတ်လှဲပြီးသား သစ်လုံး များလည်း ရှိသည်။ လမ်းက သစ်ထုတ်လုပ်ရေးလမ်း ဖြစ်သဖြင့် ကြမ်းသည်။ ချိုင့်များက နက်သည်။ ကားက 'ထီးခဲဖလှယ်' အတွင်းပိုင်းအထိ မောင်း၍မရ။ စမ်းချောင်းတခု၏ ဘေးတွင်ပင် ရပ်လိုက်ရသည်။ ကျနော်တို့ ကားပေါ်မှဆင်းပြီး စမ်းချောင်းကို ဖြတ်၍ကူးကြသည်။ နွေဦးရာသီ ဖြစ်၍ ရေကသိပ်မနက်၊ ဒူးဆစ်ခန့်သာ ရှိသည်။  ဝါးရွက်ခြောက်များက ချောင်းငယ်အတွင်း မျော၍နေသည်။ စမ်းချောင်း၏ တဖက်တွင်မူ ဝါးရုံ အုပ်အုပ်များနှင့် ပိတောက်ပင်ကြီးများကို တွေ့ရသည်။ အင်ပင်များကိုမူ မတွေ့ရတော့။

ပိတောက်ပင်ကြီးတပင်ဘေး၌ KNU မှ ရဲဘော်လေးနှစ်ယောက် ကင်းစောင့်နေသည်ကို တွေ့ရသည်။ နယ်စပ်မျဉ်းက သိသိသာသာ စီးခြားထား ခြင်းမရှိသဖြင့် နောက်ကျောဘက်တွင်လည်း ကင်းချထားလေဟန် တူသည်။ ရင်ခွဲဘားတိုက်ကြီး နှစ်ခုအနားသို့ ရောက်လာသည်။ ဘားတိုက် အတွင်း၌ကား မည်သူမျှမရှိ။ တိတ်ဆိတ်၍နေသည်။ လွန်ခဲ့သည့် နှစ်လခန့်ကပင် ဤနေရာ၌ ကျနော်တို့အဖွဲ့ချုပ်၏ ဒုတိယအကြိမ်ညီလာခံကို ကျင်းပခဲ့ကြသေးသည်။ ဤနေရာ၌ပင် ကျွန်ုပ်တို့ လည်ပင်းကြောကြီးများ ထောင်အောင် ဆွေးနွေးခဲ့ကြသည်။ ဤနေရာ၌ပင် လက်သီး လက်မောင်းတန်း၍ ငြင်းခုန်ခဲ့ကြသည်။ ဤနေရာ၌ပင် ကျနော်တို့ သစ္စာအဓိဋ္ဌာန် ပြုခဲ့ကြသည်။ ယခုတော့ ... ဤနေရာ၏ ဆိတ်ငြိမ်မှုက သားကောင်ကို ချောင်းမြောင်းနေသည့် ကျားရဲတကောင်၏ ငြိမ်သက်မှုမျိုး ဖြစ်၍နေလေပြီ။

ကျနော်တို့ ဌာနချုပ်က ဖြတ်ကူးခဲ့သော စမ်းချောင်း၏ အညှာဘက်တွင် ရှိသည်။ အဆောက်အဦးများက အားလုံး ဆောက်၍မပြီးသေး။ အစည်း အဝေးခန်းမနှင့် တွဲ၍ထားသည့် ဥက္ကဋ္ဌ ရုံးခန်း၊ စားရိပ်သာနှင့် လူနေဘားတိုက် တလုံးသာ ဆောက်ရသေးသည်။ ဆေးခန်းနှင့် သင်တန်းခန်းမ ဆောက်ရန်အတွက် ပုံထားသည့် သစ်ပုံများကို တွေ့ရသည်။ ရန်သူ့ထိုးစစ်ဆင်လာသဖြင့် မဆောက်ဘဲ ရပ်ထားဟန်ရှိသည်။ အဆောက်အဦ ၃ ခု စလုံး က စမ်းချောင်းငယ်၏ ဘေးတွင်ပင် ကပ်၍မေးတင်ပြီး ဆောက်ထားကြသည်။ စားရိပ်သာ၏ ဘေးမြေကွက်လပ်ရှိ စိုက်ခင်းမှ ခရမ်းတို့က သီး၍ပင်နေပြီ။ အရွက်စား မုန်လာပွင့်အဝါနှင့် ကိုက်လန်ရွက်တို့မှာလည်း သန်လှသည်။

ကျနော့်ကိုမြင်တော့ ဥက္ကဋ္ဌက စခန်းသစ်အခြေအနေ ဘယ်လိုလဲဟု  ဆီး၍မေးသည်။ ကျနော်က နောင်လုံရုံးမှာ ပြောခဲ့သည့်အတိုင်း ဥက္ကဋ္ဌကို ပြန်၍ရှင်းပြရသည်။ ဌာနချုပ်ရုံးရှိ ရဲဘော်များ ကျနော်တို့အနားသို့ စုပြုံရောက်လာကြသည်။ သူတို့လည်း စခန်းသစ်အခြေအနေကို သိချင်နေ ကြသည်။ အချို့ရဲဘော်များ၏ မိသားစုများက စခန်းသစ်တွင် ရှိနေကြသည်။ မိသားစုအတွက် စိုးရိမ်ကြပေလိမ့်မည်။ သူတို့ထဲ၌ ရဲဘော်တယောက် ကို ရှာကြည့်သည်။ မတွေ့။ မေးကြည့်သည့်အခါ ကင်းသွားစောင့်နေသည်ဟု ပြောသည်။ သူ့ကို သူ့ဇနီးပေးလိုက်သော စာပေးရန်ရှိသည်။ နေလုံး ကြီးက ထီးခဲဖလှယ်၏ အနောက်ဘက်ရှိ  ခုနှစ်ထွေတောင်တန်းကြီးနှင့် ကွယ်သွားလေပြီ။ လေအသော့တွင် ဝါးရွက်များက ဖျတ်ဖျတ်လူးနေကြ သည်။ 

မမှောင်ခင် ထမင်းစားလိုက်ကြရင် ကောင်းမယ်ဟု ဥက္ကဋ္ဌက သတိပေး၍ ကျနော်တို့ အားလုံး စားရိပ်သာဆီသို့ ထွက်ခဲ့ကြသည်။ ထမင်းစားရင်း ဥက္ကဋ္ဌက ထီးခဲဖလှယ်၏ အခြေအနေကို ပြောပြနေသည်။ ထီးခဲဖလှယ်၏ အရှေ့မြောက်ဘက် ဥယျာဉ်ခြံတွင် ရန်သူ့စစ်ကြောင်းတကြောင်း ရောက်နေသည်မှာ ၃ ရက်ခန့် ရှိပြီ။ ဥယျာဉ်ခြံက ထီးခဲဖလှယ်နှင့် ကိုက် ၃ဝဝဝ ခန့်သာ ဝေးမည်ဟုထင်သည်။ ရန်သူသည် ၃ ရက်လုံးလုံး ငြိမ်နေ သည်။ လှုပ်ရှားမှု မရှိ။ စခန်းသစ်ဘက်မှ ဆင်းလာမည့် စစ်ကြောင်းများကို စောင့်နေသည်လားဟု ခန့်မှန်းရသည်။ စခန်းသစ်ကျသွားပြီဆိုတော့ စခန်းသစ်ဘက်မှ ရန်သူ့စစ်ကြောင်းများ ထီးခဲဖလှယ်ဘက်သို့ ထိုးလာနိုင်သည်။ ဒီနေ့ည ဒါမှမဟုတ် မနက်ဖြန်။ ခရမ်းသီးပြုတ်တို့စရာက လတ်ဆတ်၍လားမသိ ချိုနေသည်။ 'ကင်း' ချိန်းပြီး ပြန်လာသည့် ရဲဘော်လေးက ကျနော့်နားတွင် ဝင်ထိုင်ပြီး ကျနော့်အတွက် စာပါတယ်ဆိုဟု မေးသည်။၊ ကျနော်ထုတ်ပေးလိုက်သည့် စာကို ဖောက်ကြည့်ပြီး ကရင်လိုရေးထားတယ်ဟု သူ့ဘာသာ ရေရွတ်လိုက်သည်။ သူကားကရင်စာ မဖတ်တတ်။ သူ့ဇနီးသည်က ကရင်လို ရေးလိုက်သည်။ ကျနော်တို့အားလုံး သူ့စာအပေါ် စိတ်ဝင်စားသွားကြသည်။ သူကား အနားတွင်ရှိသော ကရင်ရဲဘော်လေး တဦးကို ခေါ်၍ စာဖတ်ခိုင်းနေသည်။ ကရင်ရဲဘော်လေး ဖတ်ပြနေသည့် စာကို ကျနော်တို့အားလုံး အလိုလို နားစွင့်နေမိကြ သည်။ 

Dear ရဲ

'-----------------'

'------------------'

'ခင်ဗျား တောထဲမှာ နေတာ ဘာမှ စားစရာမရှိမှန်း ငါသိပါတယ်။ ဒါပေမဲ့ ငွေမရှိလို့ ဘာမှ မပို့နိုင်ပါ'

'ချစ်စွာသော ရဲ ရေ ... တော်လှန်ရေးသမားဆိုတာ ငွေဘယ်ရှိမလဲ ။ ခင်ဗျားသဘောပေါက်မှာပါနော် ...'

စာကား ဆုံးသွားပြီ။ ကာယကံရှင် ရဲဘော်၏ရင်တွင်မူ မည်သို့ဖြစ်မည်မသိ။ ကျနော့်ရင်ထဲတွင်မူ လှုပ်ရှား၍နေသည်။ ကြည်နူးသည်လား။ ကျေနပ် မိသည်လား။ မခွဲခြားတတ်။