www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၁၆ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > ရသဘဏ်တိုက် > ရုပ်ရှင် > သိမ်မွေ့သွားသော စစ်မျက်နှာ (သို့မဟုတ်) ငြိမ်းချမ်းမှု၏ နိဒါန်း

သိမ်မွေ့သွားသော စစ်မျက်နှာ (သို့မဟုတ်) ငြိမ်းချမ်းမှု၏ နိဒါန်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

All-Quiet-on-the-western-f ဇာတ်ကားအမည်            All Quiet on the western front
ဒါရိုက်တာ                    Lewsi Milestone (1930)၊
Delbert Mann (1979)
စာရေးဆရာ                 Erich Maria Remarque
သရုပ်ဆောင်               Lousi Wolheim (1930) & Lew Ayres.
Ermes Effron Borgnino (1979) &
Richard Earl  Thomas၊ (1979)
တရားဝင် ထုတ်ပြန်သည့်        သြဂုတ် ၂၄၊ ၁၉၃ဝ (ပထမအကြိမ်)
ရက်စွဲ                   နှင့် ၁၄ နိုဝင်ဘာ၊ ၁၉၇၉  (ဒုတိယအကြိမ်)

ကျဉ်းမြောင်း ရှည်လျားလှသည့် ကတုတ်ကျင်းထဲရှိ အရာအားလုံးသည် အသက်မဲ့နေသကဲ့သို့ပင်။ ပတ်ဝန်းကျင်သည်ကား မီးခိုးလှိုင်းကြီးများအကြား မှုန်ဝါးဝါးနှင့် ဆူညံလျက်ပင်။ တကျီကျီ၊ တဂျိမ်းဂျိမ်း အသံတို့အောက် လွင့်စင်ကြွေကျလာသည့် မီးပွားမီးစတို့သည် ကတုတ်ကျင်းနှင့် မနီးမဝေး ပတ်ဝန်းကျင်တို့တွင် လွင့်စဉ်ကြဲပွလျက်နှင့်။ သက်ရှိအရာအားလုံးတို့သည် ဆိတ်ငြိမ်လျက်ရှိသည်။

အပင်တို့သည် အရွက်အခက်? အကိုင်းအလက် ကင်းမဲ့လျက်ဖြင့် မြေပြင်သည်ကား နီညိုရောင် အဆင်အသွေးဖြင့်။

ပေါလ်ဘာမာ (Paul Baumer)

သူသည် ၁၉ နှစ်အရွယ် ဂျာမန်လူငယ်လေးတယောက်၊ စစ်မတိုင်ခင်က သူသည် တခုခုကို ဖန်တီးလိုသူ၊ ဆတ်ဆတ်ထိမခံလိုသူ၊ စိတ်လှုပ်ရှားလွယ်သူ လူငယ်ကလေးတယောက်ဖြစ်ပြီး မိသားစုအပေါ် သံယောဇဉ်ရှိသူ ဖြစ်သည်။ သို့သော် စစ်ဖြစ်လာသောအခါ သူ၏ ဟန်ပန်နှင့် အမူအရာအားလုံးတို့ ပြောင်းလဲကုန်သည်။ လိပ်ပြာကလေး၊ ငှက်ကလေးများ၏ လှုပ်ရှားမှုဟန်ပန်တို့ကို ကြည့်ရှုလျက် စိတ်ကြည်နူးနေတတ်သည့် သူ့စိတ်ကူးတို့ကို ရပ်တန့်ပစ်လိုက်သည်။

ဆရာဖြစ်သူက ပုံဆွဲတာ ကောင်းမွန်သည်ဟု ချီးကျူးသော်လည်း အခုချိန်သည် အဖနိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်ရမည့် အချိန်ဟု ဆိုလာခဲ့သည်။

ပေါလ်နှင့် အတန်းဖော် သူငယ်ချင်းတသိုက်တို့ အဖနိုင်ငံတော်အတွက်ဟူသည့် ခံယူချက်နှင့်အတူ စစ်မှုထမ်းရန်အတွက် တပ်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။ သူတို့သည်ကား စစ်ဟူသည်ကို ကြီးကျယ်ခမ်းနားသည့် စွန့်စားခန်း လွင်ပြင်ကြီးဟုပင် ထင်မှတ်ထားကြသည်။

စစ်သင်တန်းနည်းပြဖြစ်သူ တပ်ကြပ် ဟင်းမဲလ်စတော့ (Himmelstoss)

သင်တန်းကာလအချိန်အတွင်း သင်တန်းသား စစ်သားငယ်တို့ကို နှိပ်စက်ညှဉ်းပန်းရခြင်းအပေါ် သာယာသူတဦး။ တသုတ်ပြီးတသုတ် ရောက်လာသည့် စစ်သည်ငယ်တို့အပေါ်တွင် သူ့အမိန့်သြဇာ ပေးသံသည် လွှမ်းမိုးလျက်ရှိသည်။ သူ့အား မည်သူမျှ မကြောက်ရွံ့သော်လည်း သင်တန်းနည်းပြအရာရှိ ဟူသည့်စည်းက သူ့တို့ကြားမှာ ရှိနေပြန်သည်။ မည်သို့ပင်ဆိုစေ လူတိုင်းသည်က ဟင်းမဲလ်စတော့ကို မုန်းတီးလျက်ရှိသည်။ နောင်အခါ စစ်မြေပြင်သို့ ကိုယ်တိုင်ကိုယ်ကျ ပါဝင်တိုက်ခိုက်ရသည့်အခါ တပ်ကြပ် ဟင်းမဲလ်စတော့သည် သတ္တိနည်းသူတဦးအဖြစ် တွေ့မြင်ကြရတော့သည်။

သင်တန်းပြီးဆုံးချိန် စစ်မြေပြင်ဆီသို့ ချီတက်ကြရသည့် ပေါလ်တို့ လူငယ်တသိုက် စစ်မြေပြင်မရောက်ခင် စိတ်ဓာတ်တက်ကြွနေသလောက် စစ်မြေပြင်ဆီ သူတို့ကိုကျောပိုးသွားမည့် ကျောက်မီးသွေး မီးရထားကြီးပေါ်က ဒဏ်ရာဒဏ်ချက်အပြည့်နှင့်  ရှေ့တန်းပြန်စစ်သည်များ ပေါလ်တို့ မြင်ကွင်းထဲ ဝင်လာသည့်အခါ ယခင်သွက်လက်နေသည့် ခြေလှမ်းတို့သည် နှေးကွေးလေးကန်စွာဖြင့်။

ပေါလ်တို့ တပ်စိတ်၏ ခေါင်းဆောင်ဖြစ်သူ Stanislaus Katczinsky


သူသည် စစ်မြေပြင်အတွင်း ပေါလ်နှင့် သူ့ရဲဘော်တွေအပေါ် မှန်မှန်ကန်ကန် ရှိလှသူဖြစ်သဖြင့် သြဇာသက်ရောက်သူ။ ထို့ပြင် စစ်ပွဲအတွင်း သူ့သားအရွယ် လူငယ်ကလေးများအား သူ့အတွေ့အကြုံတို့ကို အမြဲတမ်း ဝေငှနေသူ ဖြစ်သည်။ Kat သည် သူ့ရဲဘော်များအတွက် စားစရာသောက်စရာတို့ကို ကြုံလျှင်ကြုံသလို ဖြေရှင်းပေးနိုင်စွမ်းရှိသူ။ တခါတရံ သူ့အတွေ့အကြုံများက ပေးသည့် အသိတို့ကြောင့် ကြိုမြင်နေသူတဦး။ ထို့ကြောင့် ပေါလ်က Kat အား ဆဋ္ဌမအာရုံရှိသူတဦးဟုပင် ဆိုထားသည်။

ပေါလ်တို့တပ်စုသည် စစ်မြေပြင်တွင် ရန်သူ ပြင်သစ်တပ်နှင့် သူတပြန်ကိုယ်တပြန် တိုက်ခိုက်ကြရင်း ရန်သူတို့သည်လည်း ကျဆုံးမှုများရှိသလို၊ ပေါလ်တို့အဖွဲ့တွင်းမှလည်း ပျောက်ဆုံးသူတို့ ရှိခဲ့ကြသည်။

ခွင့်ရက်နဲ့အတူ အိမ်ပြန်ရောက်လာတဲ့ ပေါလ်တယောက် မပြောင်းလဲလှတဲ့ မြို့ကလေးကို ကြည့်မောရင်း သူ့အိမ်က အခန်းလေး၊ သူ့စာအုပ်တွေနဲ့ သူ့မိခင်ကို စစ်သားအလုပ်က စာဖတ်ဖို့ မဟုတ်ဘူး၊ လူတွေကို သတ်ဖို့ဟူသည့် စကားများပြောကာ စစ်မြေပြင်ဆီသို့ ပေါလ်တယောက် ပြန်ရောက်သွားသည့်အခါ။

ငယ်ရွယ်သည့် စစ်သည်တော်ကလေးတို့သည် ကြီးကျယ်မြင့်မြတ်လှပါသည် ဟူသော စစ်မြေပြင်ပေါ်တွင် စစ်၏ အနိဋ္ဌာရုံများကို အမှန်အတိုင်း သိမြင်လာသည့်အခါတွင်၊ တဂျိမ်းဂျိမ်း အမြောက်ကျည်ဆံတို့၏ ပေါက်ကွဲသံအောက်တွင် ကတုတ်ကျင်းထဲရှိ ရဲဘော်ရဲဘက်များကို အားပေးနေသည့် အနည်းငယ် ရင့်ကျက်စပြုလာပြီဖြစ်သည့် လူရွယ်ကလေး ပေါလ်ဘာမာ၊ သူသည်ကား အဆုံးကို ရောက်ချင်လှပြီ၊ စစ်၏ အနိဋ္ဌာရုံတွေကို မတွေ့မြင်လိုတော့ပြီ၊ ငြိမ်းချမ်းမှုကို တွေ့လိုလှပြီ။

ရုတ်တရက် ပေါလ်နောက်ဘက် သစ်ခြောက်ပင်ဆီက ထွက်ပေါ်လာသည့် ကျိုးကျိုးကျည်ကျည်နှင့် ငှက်ကလေးအော်သံ။ ပေါလ် သူ့အိတ်ထဲတွင် ဆောင်ထားသည့် စာအုပ်နှင့် ခဲတံအား အလျင်အမြန် ဆွဲထုတ်လျက်၊ သူ့၏ လက်တို့သည် ကတုန်ကယင်ဖြင့်၊ သူ၏ မျက်ဝန်းတို့သည် အသံလာရာဆီ ငှက်ကလေးဆီ။

ပေါလ် ဆုပ်ကိုင်ထားသည့် ဆွဲလက်စ ပန်းချီစာရွက်ပိုင်းကလေးသည် အနောက်ဘက် စစ်မျက်နှာပြင်၏ ကျဉ်းမြောင်းလှသည့် ကတုတ်ကျင်းအတွင်း သူနှင့်အတူ လဲလျောင်းလျက်။ ပေါလ်သည် သူ၏ ထွက်သက်ကလေးကို မျှဉ်းမျှဉ်းကလေးမျှ ဆုပ်ကိုင်ထားလိုပေလိမ့်မည်။

ကျဉ်းမြောင်းရှည်လျားလှသည့် ကတုတ်ကျင်းသည် မီးခိုးငွေ့များ၊ သံဆူးကြိုးများကြားတွင် တိတ်ဆိတ်ငြိမ်သက်လျက်။ အနောက်ဘက်ဆီမှ နေဝန်းကြီးသည် တရွေ့ရွေ့ ငုတ်လျှိုးကာ အလင်းတရားကို သိမ်းဆည်းသွားရင်း ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်လျက်။

အောက်တိုဘာ ၁၁၊ ၁၉၁၈  ခုနှစ် အနောက်ဘက် စစ်မျက်နှာသည် အေးချမ်းမှုတို့နှင့်၊ ထိုသည်ကား ဂျာမန်တို့၏ တရားဝင် ထုတ်ပြန်ချက်အမိန့်။

မူရင်း All Quite on the Western front သည် ရုရှားနိုင်ငံသား အမေရိကန်ဒါရိုက်တာ Lewsi Milestone က ၁၉၃ဝ ခုနှစ်တွင် ပထဆုံး ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ သူသည် ၁၈၉၅ ခုနှစ်တွင် ရုရှားနိုင်ငံတွင် မွေးဖွားခဲ့ပြီး ၁၉၁၂ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိခဲ့သည်။ ယခု All Quite on the western Front အပါအဝင် သူရိုက်ကူးတင်ပြခဲ့သည့်  The Front Page (1931) နှင့် Two Arabian Knights (1929) တို့သည် အကယ်ဒမီဆုများကို ဆွတ်ခူးခဲ့သည်။ All Quite on the western front သည် အဖြူအမည်း ဂီတသံ မပါဝင်သည့် ဇာတ်ကားတခုဖြစ်ခဲ့ပြီး သူ၏ ဒုတိယအကြိမ် အကယ်ဒမီဆုကို ဆွတ်ခူးခဲ့သည့် ဇာတ်ကားလည်း ဖြစ်သည်။ 

All Quiet on the western front သည် ပထမကမ္ဘာစစ်ကို အခြေခံထားသည့် ရုပ်ရှင်ဇာတ်ကား တခုဖြစ်ပြီး Erich Maria Remarque ၏ ဝတ္တုကို အခြေခံရိုက်ကူးထားခြင်း ဖြစ်သည်။ Erich Maria Remarque သည် ပထမကမ္ဘာစစ်၏ ဂျာမန်စစ်မှုထမ်းဟောင်း တဦးဖြစ်ပြီး ထိုဝတ္တုတွင် စစ်အတွင်း စိတ်ဖိစီးမှုဒဏ်ကို ခံနေရသည့် ဂျာမန်စစ်သည်တို့၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ဆင်းရဲမှုတို့ကို ဖော်ပြထားခြင်းလည်း ဖြစ်သည်။ စစ်နှင့် နဖူးတွေ့ဒူးတွေ့ တွေ့ရသည့် ငယ်ရွယ်သော စစ်သည်တို့၏ အိမ်ပြန်ချင်စိတ်သည် အချိန်နှင့်မရွေး ထကြွလျက်ရှိသည်။

၁၉၃ဝ ခုနှစ်တွင် ရိုက်ကူးခဲ့သည့် All Quiet on the western front သည် အသက် ၅ဝ နှစ်အရွယ်တွင် ၁၉၃၁ ခုနှစ်တွင် အစာအိမ်ကင်ဆာရောဂါဖြင့် လော့အိန်ဂျလိစ်တွင် ကွယ်လွန်ခဲ့သည့် အမေရိကန် သရုပ်ဆောင် Lousi Wolheim၊ က kat ၏ နေရာတွင် သရုပ်ဆောင်ခဲ့ပြီး Paul Baumer ၏ နေရာတွင် အသက် ၈၈ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည့် အမေရိကန် သရုပ်ဆောင် Lew Ayres တို့က ပါဝင်သရုပ်ဆောင်ခဲ့သည်။

၁၉၇၉ ခုနှစ်တွင်မူ All Quiet on the Western Front အား အမေရိကန်ဒါရိုက်တာ တဦးဖြစ်သည့် Delbert Mann က အမေရိကန်သရုပ်ဆောင် Richard Earl Thomas၊ Ermes Effron Borgnino တို့ဖြင့် ပြန်လည်ရိုက်ကူးခဲ့သည်။

Ermes Effron Borgnino ၁၉၁၇ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုတွင် မွေးဖွားခဲ့ပြီး ၁၉၅၅ ခုနှစ်တွင် Marty ဟူသည့် ရုပ်ရှင်ဇာတ်ကားဖြင့် အခြားဆု ၄ ခု အပါအဝင် အကောင်းဆုံး သရုပ်ဆောင် အကယ်ဒမီဆုကို ဆွတ်ခူးခဲ့သည့် ဝါရင့်မင်းသားကြီးတဦး ဖြစ်သည်။ သူသည် သရုပ်ဆောင် ဖြစ်မလာခင်က အမေရိကန် ရေတပ်မတော်တွင် ၁ဝ နှစ်ခန့် အမှုထမ်းခဲ့ဖူးသည်။

ပေါလ်ဘာမာအဖြစ် ပါဝင်သရုပ်ဆောင်ထားသည့် Richard Earl Thomas သည် အမေရိကန် သရုပ်ဆောင်တဦးဖြစ်ပြီး ၁၉၅၁ ခုနှစ်တွင် နယူယောက်တွင် မွေးဖွားခဲ့သည်။

၁၉၇၉ ခုနှစ်တွင် ပြန်လည်ရိုက်ကူးခဲ့သည့် All Quiet on the Wertern Front သည်လည်း ၁၉၈ဝ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု၏ Golden Globes ဆုကို ရရှိခဲ့ပြီး၊ အခြားသော ၇ ဆုကိုလည်း လျာထားခြင်း ခံခဲ့ရသည်။

All Quiet on the western Front သည် စစ်အတွင်း မိမိတို့တိုင်းပြည်အတွက် တာဝန်ဝတ္တရားများကို ထမ်းဆောင်ရသည့် ဆယ်ကျော်သက်အရွယ် လူငယ်ကလေးများ၏ မမြင်ဘူးခင်က စစ်ဟူသည် ကြီးကျယ်မြင့်မြတ်သည့် နေရာဟု ယုံမှတ်မှားကာ နဖူးတွေ့ဒူးတွေ့ ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်လိုက်ရသည့်အခါ စစ်အတွင်း အိမ်ကို လွမ်းဆွတ်မှု၊ မိသားစုကို လွမ်းဆွတ်မှုတို့နှင့် စစ်အတွင်း တွေ့ကြုံရသည့် စစ်သည်တော်တို့၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတို့ကို ဖော်ပြထားသည့် ဇာတ်ကားတကား ဖြစ်သည်။ 

ယခုအခါ All Quiet on the Western Front ဇာတ်ကားအား Harry Potter မင်းသားကလေး  Radcliffe က Paul Baumer နေရာတွင် ဂျာမန်စစ်သားငယ်လေးအဖြစ် ပြန်လည်သရုပ်ဆောင်မည်ဖြစ်ပြီး ယခုလက်ရှိ နောက်ဆုံးရိုက်ကူးနေသည့် Harry Potter and the Deathly Hallows Part (1) ကို နိုဝင်ဘာ ၂ဝ၁ဝ တွင် ရုံတင်ပြသတော့မည်။ Potter and the Deathly Hallows Part (2) ကိုမူ လာမည့် ၂ဝ၁၁ ခုနှစ် ဇူလိုင်တွင် ရုံတင်ပြသမည်။ 

All Quiet on the Western Front သည် Harry Potter မင်းသားလေး Radcliffe ၏ သရုပ်ဆောင်မှုဖြင့် အသစ်တဖန် ပြန်လည်ဆန်းသစ်လာမည်ဟု မျှော်လင့်မိသည်။

 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 45 guests online