www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၁၆ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Nine

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ဆယ်ကျော်သက် အရွယ်ပင် မရောက်သေးသည့် ကွီဒို ကွန်တီနီသည် ကျောင်းမှ သူငယ်ချင်းများကို ဦးဆောင်ပြီး ဇိမ်မယ် ဆာရာဂီနာထံ သွားသည်။ ဆာရာဂီနာနှင့် တွေ့သည့်အခါ ၎င်းတို့ စုဆောင်းထားသည့် မုန့်ဖိုးကိုပေး၍ ကပြအသုံးတော်ခံခိုင်းသည်။ သဲသောင်ပေါ်တွင် ကလေးများကို ကပြနေသည့် ဆာရာဂီနာကို ကြည့်ရင်း ကွန်တီနီက နာမည်ကျော် အော်ပရာ အကသဘင်များကဲ့သို့ စိတ်ကူးယဉ်ကြည့်သည်။
9
လင်ဂါရီ ညှို့အလှဖက်ရှင်များဖြင့် ညှို့ဓာတ်အပြည့်ပါသော ဆာရာဂီနာနှင့် အနီရောင်ဝတ် ကချေသည်များ Be Italian တေးသွားဖြင့် ကပြဖျော်ဖြေနေကြသည်မှာ မြင်ရသူကို ရမ္မက်အပြည့်ဖြင့် စွဲဆောင်ဖွယ်ရာ ဖြစ်သည်။ ဂီတပညာရှင်များ၏ သံစုံတေးသွား၊ ဆာရာဂီနာ၏ ရှိုက်ဖိုကြီးငယ်တို့ လှုပ်ခါယစ်မူးစေနိုင်မှု၊ ခွာမြင့် ဒေါက်ဖိနပ်တို့၏ တပြေးညီကျသံများ၊ စည်းချက်နှင့်အညီ ကချေသည်တို့၏ ခေါင်း၊ ခါး၊ ခြေ၊ လက် လှုပ်ရှားမှုများက ရင်ဖိုလှိုက်မောစရာအတိ ပြီးသည်။

ရောင်စုံမီးရောင်များ အောက်မှ ဆာရာဂီနာ၏ ဖျော်ဖြေမှုသည် ကွန်တီနီ၏ ကျောင်းမှ ဗရင်ဂျီ ဖာသာကြီးများ လိုက်လာသည့်အခါ အဆုံးသတ်သွားခဲ့ရသည်။ အနုပညာတွင် ဈာန်ဝင်စားသည့် ကွန်တီနီကို သူ့မိခင်နှင့် သင်းအုပ်ဆရာကြီးက အရွယ်မရောက်ခင် ဇိမ်မယ်နှင့် သွားရောက်ပျော်ပါးသည်ထင်ပြီး ပြစ်ဒဏ်ပေးခဲ့သည်။

Nine ဆိုသည့် ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ရောဘ်မာရှယ်က ရိုက်ကူးသည်။ ထိုဇာတ်ကားကို Cold Mountain, English Patient ဇာတ်ကားတို့၏ ဒါရိုက်တာကြီး အန်ထော်နီ မင်ဂဲလားက ဇာတ်ညွှန်းရေးပေးသည်။ ရောဘ်မာရှယ်က တေးသံစုံ ဇာတ်မြူးကားများတွင် ပြိုင်ဘက်ကင်း ဒါရိုက်တာ ဖြစ်သည်။ ၂ဝဝ၂ ခုနှစ်က သူ၏ Chicago အမည်ရှိ Musical Drama မှာ အော်စကာဆု ရရှိခဲ့သည်။ ၂ဝဝ၅ ခုနှစ်တွင် Memories of Geisha ဇာတ်ကားဖြင့် ဂျပန်ဂေရှာမယ်တို့ ခန္ဓာကိုယ်ကို ရင်း၍သာ အသက်မွေးသူများ မဟုတ်ဘဲ ၎င်းတို့ထံတွင် အနုပညာလည်း ရှိသည်ကို ကမ္ဘာက သိစေခဲ့သူ ဖြစ်သည်။ ရောဘ်မာရှယ်သည် ၄ ကားမြောက် Pirates of the Caribbean  ဇာတ်ကားဖြစ်သည့် On Stranger Tides ဇာတ်ကားကို ဒါရိုက်တာအဖြစ် ရိုက်ကူးခွင့် ရရှိခဲ့သူ ဖြစ်သည်။
91
ကွီဒို ကွန်တီနီအဖြစ် ဒယ်နီရယ် ဒေးလူးဝစ်က သရုပ်ဆောင်သည်။ အင်္ဂလန်နိုင်ငံ လန်ဒန် ဂရင်းဝရှ် ဇာတိဖွား ဒယ်နီရယ် ဒေးလူးဝစ်သည် အိုင်းရစ်ရှ်သွေးပါသူ ဖြစ်သော်လည်း Nine ဇာတ်ကားတွင်မူ အထက်တန်းလွှာ အီတာလျံတယောက်၏ လေသံဖြစ်အောင် တုပပြောခြင်းဖြင့် သရုပ်ဆောင်သွားနိုင်ခဲ့သည်။ ၂ဝဝ၂ ခုနှစ်
က Gang of the New York ဇာတ်ကားဖြင့် အော်စကာဆု ရာထားခံရသည်။ ၂ဝဝ၇ ခုနှစ်တွင်မူ ဒယ်နီရယ် ပလိန်းဗျူးအဖြစ် သရုပ်ဆောင်သည်။ အော်စကာဆု အပါအဝင် ဆုပေါင်းများစွာ ဆွတ်ခူးနိုင်ခဲ့သည်။ Nine ဇာတ်ကားတွင် သရုပ်ဆောင်ချိန်၌ သူ့အသက်သည် ၅၂ နှစ်ရှိပြီ ဖြစ်သည်။

ကာလာသည် အီတာလျံ ဒါရိုက်တာကြီး ကွီဒို၏ မယားမြှောင်တယောက်သာ ဖြစ်သည်။ ကာလာက ကွီဒို၏ ချစ်မေတ္တာကို ရယူချင်သည်။ ကွီဒိုကမူ ကချေသည် တယောက်လည်း ဖြစ်ခဲ့ဖူးသည့် ကာလာ့ကို ငွေရောင် ပိတ်ကားပေါ်တင်လို့ရမလား စိတ်ကူးကြည့်သည်။

ခရမ်းရောင် ဖဲသားစများ အဖြူနှင့် အနက် နှစ်ရောင်စပ် စထရစ်ပါ (Stripper) ကချေသည် ဝတ်စုံဖြင့် ကာလာ့၏ ကကွက်များမှာ ယောက်ျားသားများကို မဆိုထားဘိ မိန်းမသား အချင်းချင်းပင် အသက်ရှူ မှားလောက်သည်။ ပရိသတ်၏ အာရုံကို သူ၏ ကကွက်အောက်မှာပင် သိမ်းသွင်းထားနိုင်လောက်အောင် ညှို့ဓာတ်အပြည့် ရှိသူဖြစ်သည်။ ၁၈ဝ ဒီဂရီအထိ ဆန့်ကားထားလိုက်နိုင်သည့် ဆင်စွယ် သဏ္ဍာန် သူ၏ ပေါင်တံနှစ်ဖက်က သူ၏ ဝါသနာတွင် ကျွမ်းကျင်မှု အပြည့်ရှိပုံကို ဖော်ပြရာရောက်သည်။
92
လီလီက ကွီဒို၏ ရုပ်ရှင်ဇာတ်ကားများအတွက် ဖက်ရှင် ဒီဇိုင်နာလည်းဖြစ်သလို သူ့အတွက် အကောင်းဆုံး အဖော်မွန်လည်း ဖြစ်သည်။ လီလီ၏ ဆန်းသစ်သော ဖက်ရှင်ဒီဇိုင်းများသည် ကွီဒို၏ အောင်မြင်မှုကိုပါ ဖြစ်စေသည်။

စတက်ဖနီသည် အမေရိကန် ဖက်ရှင်မဂ္ဂဇင်းတခုဖြစ်သည့် Vogue မဂ္ဂဇင်းမှ ဂျာနယ်လစ်တယောက် ဖြစ်သည်။ သူမသည် ဖက်ရှင်ဒီဇိုင်းဆန်းများဖြင့် ရုပ်ရှင်ရိုက်ကူးတတ်သည့် အီတာလျံ ဒါရိုက်တာ ကွီဒိုကို အင်တာဗျူးရန် ရောက်ရှိလာခြင်းဖြစ်သည်။

ခေတ်ရှေ့ပြေး ဖက်ရှင်များဖြင့် မိုးနတ်ကလျာသဖွယ် အမြင်မှားလောက်အောင် မင်းသမီးများကို ပွဲထုတ်တတ်သည့် မြေထဲပင်လယ် ကျွန်းဆွယ်လေးပေါ်က ကွီဒိုကို စတက်ဖနီက ပျော့သလား၊ မာသလား စမ်းကြည့်ချင်သေးသည်။

တနေ့ ဧည့်ခံပွဲတခုတွင် ရင်းနှီးသွားသော စတက်ဖနီက ကွီဒိုကို သူ၏ ဟိုတယ်ခန်းသော့ ပေးခဲ့သည်။ လှသွေးကြွယ် အရွယ်ရောက်နေသည့် စတက်ဖနီ၏ ညှို့အကြည့်များက သူ့မိန်းမနှင့် တခန်းကျော်တွင်သာ တည်းနေသည့် သူမ၏ အခန်းသို့ ကွီဒို ရောက်လာစေရန် စွဲဆောင်သည်။

ရေချိုးနေသည့် စတက်ဖနီကို ထိုင်စောင့်ရင်း သူ့စိတ်က ဖက်ရှင်ရှိုးပွဲတခုဆီ ရောက်သွားသည်။ ဖက်ရှင်မော်ဒယ်မလေး စတက်ဖနီက ပြေးလမ်းတလျှောက်ပေါ်တွင် လိင်စွဲဆောင်မှု အပြည့်ဖြင့် ပရိသတ်ကို အသုံးတော်ခံနေသည်။

ဝါရင့်ဖက်ရှင် ဒီဇိုင်နာတဦး၏ လက်ရာဖြင့် ရှုမညီးအောင် လှပနေချေသည်မို့ ကင်မရာ အလင်းများကလည်း တဖျတ်ဖျတ်ကျလျက် ……။ အားလုံးပြီးတော့ စတက်ဖနီနှင့် တွဲ၍ ပရိသတ်၏ ဂုဏ်ပြုလက်ခုပ်သံကို ကြားရသည်မှာ ကြည်နူးပီတိ ဖြစ်စရာ …..။
93
အတွေးဆုံးတော့ သူ စတက်ဖနီအခန်းမှ ထွက်၍ သူ့မိန်းမဆီ ပြန်လာခဲ့သည်။ ခင်ပွန်းဖြစ်သူ၏ အလုပ်ထဲတွင် ပတ်သက်မှု မရှိဘဲ အေးဆေးစွာ နေတတ်သည့် ကွန်တီနီသည် ဧည့်ခံပွဲသို့ ကာလာ လိုက်လာသည့်အခါ ဒေါသူပုန်ထတော့သည်။ ကာလာကလည်း သူ့အချစ်ကို တန်ဖိုးမထားသည့် ကွီဒို၏ သဘောထားကြောင့် နာကျင်ရလေသည်။

အိပ်ရာပေါ်တွင် လှဲနေသည့် ဇနီးဖြစ်သူ ကွန်တီနီကို သွားရောက်ချော့နေစဉ် တယ်လီဖုန်းခေါ်သံ မည်လာခြင်းကြောင့် သူ စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။ ဇနီးဖြစ်သူကလည်း ကွီတိုကို သူ့အနားတွင်ပင် ရှိစေချင်သည်။

ကွီတိုနှင့် လမ်းခွဲပြီးနောက် မိမိ၏ အခန်းကျဉ်းလေးထဲတွင် သွေးအားနည်း ရောဂါဝေဒနာ ခံစားနေရသည့် ကာလာ့ကို ကွီတိုက လာရောက်ကြည့်ရှုကာ တညတာ အတူစောင့်ရှောက်ပေးခဲ့သည်။

ကွီတို ရိုက်ကူးမည့် Nine အမည်ရှိ ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်မည့် ကလော်ဒီယာသည် သူ၏ လက်စွဲတော် မင်းသမီးတလက် ဖြစ်သည်။ ကလော်ဒီယာနှင့် ကွီတိုတို့၏ ဆက်ဆံရေးကို ပါပါရာဇီများက လိုက်လံစုံစမ်းကြသည်။ ကွီတိုကလည်း သူနှင့် ကလော်ဒီယာ၏ ဆက်ဆံမှုကို စိတ်ဝင်စားနေကြခြင်းသည် သူ့ဇာတ်ကားကို ပရိသတ် စိတ်ဝင်စားမှုနှင့် ထပ်တူကျသည်ဟု ယူဆသည်။ ကလော်ဒီယာ မည်မျှအထိ သရုပ်ဆောင်နိုင်မည်ကို ကွီတို စိတ်ကူးကြည့်သည်။ အတွေးထဲတွင်တော့ နတ်ပန်းရထားကို စီးပြီး တာဝတိံသာနတ်ဘုံတွင် တိမ်လွှာမို့မို့လေးများကြား ပြေးပုန်းဆော့နေရသည့်နှယ်။

Nine ဇာတ်ကားတွင် သရုပ်ဆောင်မည့် မင်းသမီးများကို အစမ်းရိုက်ကူးမှုကို ပြန်လည်စစ်ဆေးသည့် နေ့တွင် ကွီတို၏ မင်းသမီးငယ်များအပေါ် အကြင်နာ ပိုလွန်းသည့် အမူအယာကြောင့် ကွန်တီနီမှာ စိတ်မချမ်းမသာ ဖြစ်ရသည်။

သူ့မိန်းမ၏ အပြုအမူများကြောင့် အိမ်ထောင်ရေး မသာမယာဖြစ်ရသည့် ကွီတိုသည် ထိုရုပ်ရှင်ဇာတ်ကားကို ဆက်မရိုက်တော့ဘူးဟု ဆုံးဖြတ်လိုက်သည်။ တနေ့တွင် သူ၏ မိတ်ဆွေကောင်းဖြစ်သည့် လီလီက ရုပ်ရှင်ပြန်ရိုက်ကူးရန် နားချသဖြင့် Nine အမည်ရှိ ရုပ်ရှင်ကားကို သူ ဆက်လက်ရိုက်ကူးရန် ဆုံးဖြတ်လိုက်သည်။

Nine ရုပ်ရှင်ဇာတ်ကား၏ မူရင်းမှာ အီတာလီ ဒါရိုက်တာ ဖယ်ဒယ်ရီကို ဖယ်လီနီ၏ ကိုယ်ရေးမှတ်တမ်း ရုပ်ရှင်ကား 8½. ဖြစ်သည်။ ၁၉၈၂ ခုနှစ်မှ ၂ဝဝ၃ ခုနှစ်ထိ ဘရော့ဝေး၏ စင်တင်ပြဇာတ်ဖြစ်ခဲ့သည်။

Nine ဇာတ်ကားသည် လူလတ်ပိုင်းမှ လူကြီးပိုင်းအရွယ်သို့ ရောက်သွားသူများတွင် ကြုံရသည့် စိတ်ရောဂါဆန်ဆန် အခြေအနေတမျိုးဖြစ်သည့် Midlife Crisis နှင့် ၎င်း၏ အနုပညာအတွက် ဘဝနှင့် အလုပ်တွင် ကြုံတွေ့ရသည့် မိန်းမများတွင် အကျပ်ရိုက်နေသည့် ဒါရိုက်တာတဦး၏ ဘဝကို တင်ဆက်ထားခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ကလော်ဒီယာက ဇာတ်လမ်းမကောင်းလျှင် ထိုဇာတ်ကား၌ သူ ပါဝင်သရုပ်မဆောင်ချင်။
94
ရုပ်ရှင်ဇာတ်လမ်းတခုကို ငွေရောင်ပိတ်ကားပေါ်တွင် ပြသလောက်သာ ကြည့်ရှုသည့် ပရိသတ်က မြင်ရမည်၊ တွေ့ရမည် ဖြစ်သည်။ တိုးတက်လာသော ခေတ်၌ Making မှတ်တမ်းများကြောင့် ထိုဇာတ်ကား မည်ကဲ့သို့ ရိုက်ကူးထုတ်လုပ်သနည်း ဆိုသည်ကို နည်းနည်းစပ်စုတတ်သော ပရိသတ်က ပို၍သိမည်။

သို့သော်လည်း အလုပ်တခု ပြီးမြောက်အောင်မြင်ဖို့ လူပေါင်းများစွာနှင့် ကြုံတွေ့ပြီး မည်သို့ ပြီးမြောက် အောင်မြင်အောင် လုံ့လပြုရပုံ၊ ရင်ဆိုင်ရသည့် နူးညံ့မှု၊ နာကျင်မှု၊ ကြမ်းတမ်းခက်ထန်မှု၊ သိမ်မွေ့မှုများကို မည်သို့ကျော်ဖြတ်လာသည်ကို မည်သူမျှ သိကြမည် မဟုတ်ချေ။

အားလုံး အဆင်သင့်ဖြစ်ချိန်၌ အက်ရှင်ဟု အမိန့်ပေးနိုင်သည့် ဒါရိုက်တာတယောက်နှင့် အက်ရှင်ဆိုသည့် အသံ၏ နောက်ဝယ် အဆင်သင့် သက်ဝင်လှုပ်ရှားနိုင်သူများကိုမူ ကမ္ဘာကြီးက လိုမြဲလိုအပ်နေဦးမည် ဖြစ်သည်။

ကွီတို၏ အမေအဖြစ် ဆိုဖီယာလောရင်းက သရုပ်ဆောင်ကာ လီလီအဖြစ် ဂျူဒီ ဒန့်ရှ်နှင့် ကလော်ဒီယာအဖြစ် နစ်ကိုးကဒ်မန်းက သရုပ်ဆောင်သည်။


 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 23 guests online