ဟစ်ဟော့ပ်ရဲ့ မျက်နှာစာသစ်

ပရင့်ထုတ်ရန်


ဟစ်ဟော့ပ်ဂီတသည် မြန်မာနိုင်ငံ၏ ဂီတသမိုင်းတွင် ရော့ခ်အင်ရိုး ခေါ် ရော့ခ်ဂီတပြီးလျှင် မြန်မာလူငယ်များကို စွဲဆောင်မှုအရှိဆုံး ဂီတဖြစ်ခဲ့သည်။ ထိုဂီတကိုသာ လူငယ်များက နှစ်ခြိုက်ရုံသာမက ထိုဂီတနယ်ပယ်မှ အဆိုတော်များဖြစ်သည့် ရက်ပါများ ဝတ်ဆင်ကြပုံကိုမှာလည်း ခေတ်လူငယ်များအတွက် အကြိုက်တွေ့စရာ ဖြစ်ခဲ့သည်။

ဟစ်ဟော့ပ်ရဲ့ မျက်နှာစာသစ်ဟစ်ဟော့ပ်ဂီတ မြန်မာနိုင်ငံတွင် ပေါ်ပြူလာဖြစ်ပြီး ဆယ်စုနှစ် တခုလောက်ကြာသည့် အခါတွင် ထိုဂီတ၏ ဘူမိနက်သန်နိုင်ငံဖြစ်သော အမေရိကန်တွင်ပင် ဟစ်ဟော့ပ်နှင့် ပတ်သက်၍ အချိုးအကွေ့၊ အပြောင်းအလဲ တခု ဖြစ်ပေါ်ခဲ့သည်။

အမေရိကန်တွင် လူကြိုက်များသော Gangsta Rap, Down South နှင့် Rap Core စသည့် ဟစ်ဟော့ပ်ဂီတ မျိုးကွဲများမှာ မြန်မာနိုင်ငံတွင်လည်း လူကြိုက်များသည်။ ၂ဝဝ၅ ခုနှစ် နောက်ပိုင်းတွင်မူ မူရင်း ဟစ်ဟော့ပ် ဂီတပုံသဏ္ဍာန်များသည့် နရီ၊ စည်းချက်၊ သီဆို၊ တီးခတ်မှုများနှင့် ကွဲပြားခြားနားလာသည့် ဟစ်ဟော့ပ် ပုံသဏ္ဍာန်သစ်တမျိုးကို ပရိသတ် နှစ်ခြိုက်လာကြသည်။

နောက်ပိုင်း ဟစ်ဟော့ပ် မျိုးဆက်များ လက်ခံအားပေးလာသည့် ထိုဂီတကို အဲလက်ထရို - ဟစ်ဟော့ပ် (Electro Hip-Hop) သို့မဟုတ် အဲလက်ထရိုဟော့ပ် ElectroHop ဟုလည်း ခေါ်သည်။

ဆူညံပေါက်ကွဲသည့် ရော့ခ်သီချင်းတပုဒ်လို သီဆိုမှုမျိုးဖြင့် အီလက်ထရောနစ် နောက်ခံဂီတ ဖြည့်စွက်မှုများဖြင့် ဖန်တီးထားသည့် ထိုဂီတမှာ အမေရိကန်တွင် လွန်ခဲ့သည် ဆယ်စုနှစ်တခုကျော် လောက်ကတည်းက စတင် သန္ဓေတည်နေပြီဖြစ်သော်လည်း ယခုလောက် ပေါ်ပြူလာ မဖြစ်သေးချေ။

အနောက်ဘက်ကမ်းခြေ၏ ဟစ်ဟော့ပ် ဆရာတဆူဖြစ်သော ဒီဂျေလွန်ဇို ဝီလျံ၏ Eve Ever After Dark ညကလပ် စတင်တည်ထောင်သည့် ၁၉၇၉ ခုနှစ်မှ စတင်ကာ Electro Hop ဂီတ ပေါ်ပေါက်ခဲ့သည်ဟု အမေရိကန် ဟစ်ဟော့ပ် သမိုင်းပညာရှင်များက တညီတညွတ်ထဲ မှတ်ချက်ပြုထားသည်။

ဒီဂျေ လွန်ဇို ဝီလျံမှာ အနောက်ဘက်ကမ်းခြေ (west coast) ဟစ်ဟော့ပ် လောကနှင့် ပတ်သက်ပြီး သြဇာကြီးမားသကဲ့သို့ သူ၏ Eve Ever After Dark ညကလပ်မှာလည်း Gangsta Rap နှင့် Electro Hop ဂီတ စတင်ပေါက်ဖွားရာ ရေခံမြေခံများထဲမှ တခုဖြစ်သည်။

ဟစ်ဟော့ပ်ရဲ့ မျက်နှာစာသစ်၁၉၇၉ ခုနှစ်လောက်က စတင်ခဲ့သည့် Electro Hop ဂီတမှာမူ Gansta Rap နှင့် Rap Core များထဲသို့ ပရိသတ်ထဲသို့ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိမသွားဘဲ ၅ နှစ်နီးပါးအကြာတွင် (၁၉၈၄ ခုနှစ်လောက်တွင် ကွယ်ပျောက်သွားခဲ့ရပြီး) ၉ဝ ပြည့်လွန်နှစ်များထိ ထိုဂီတ အမျိုးအစားမှာ အမေရိကန် ဖျော်ဖြေရေးလောကတွင်ပင် ငုပ်ကောင်ဖြစ်နေခဲ့ရသည်။ Electro Hop နှင့်အပြိုင် ပေါ်လာသည့် West Coast: Gangsta Rap ဂီတ အမျိုးအစားမှာမူ Tupac Shakur, Dr Dre, Snoop Dogg စသည့် ရက်ပ်အကျော်အမော်များ၏ သီဆိုဖျော်ဖြေမှုများကြောင့် စင်တင်တေးဂီတအဖြစ် ပရိသတ်၏ အားပေးမှုကို ရရှိကာ စင်တင်တေးဂီတ ဖြစ်ခဲ့သည်။

၁၉၉၆ ခုနှစ် နောက်ပိုင်းတွင်မူ Electro Hip Hop ဂီတမှာ အမေရိကန် အနောက်ဘက်ကမ်းရိုးတန်းနှင့် အရှေ့ဘက်ကမ်းရိုးတန်း ဖလော်ရီဒါနှင့် နယူးယောက် အချို့နေရာများတွင် တစွန်းတစ ပြန်ကြားလာခဲ့ရသည်။ နာမည်ကျော် ဓာတ်ပြားတိုက်ကြီးများမှ ဖြန့်ချိပြီး အပျံစား စတူဒီယိုကြီးများမှ ထုတ်လုပ်သည့် အယ်(လ်)ဘမ်များဖြင့်တော့ မဟုတ်သေးချေ။ တကျော့ပြန် ထိုးဖောက်ဖို့ အားယူနေရစဉ်အတွင်း အပေါစားညကလပ်အချို့က ဖွင့်လှစ်သည့် မြေအောက် တေးအယ်(လ်)ဘမ်
(Underground Album) များ အဖြစ်သာ နားဆင်နိုင်ပေသည်။

ဆူဆူညံညံရှိလှသော အသံ၊ အားပါလှသော အပြင်းစား ဘိ (beat)၊ ရောနှောပေါင်းစပ်ထားသော တီးကွက် (Melody) များက Rap နှင့် Meatal ကို ပေါင်းစပ်ထားသည့် Nu Metal ဂီတနှင့် ဆင်ဆင်တူသော်လည်း Electro Dance ဂီတ စတိုင်လ်ကို ပေါင်းစပ်ထားနိုင်မှုက Electro Hop ၏ ထူးခြားသော ကြန်အင်လက္ခဏာ ဖြစ်ခဲ့သည်။

မွေးစားဂီတ (Adopted Music) ဟု တချို့က ခေါ်ကြသလိုပင် တစတစ လူကြိုက်များလာသည့် ထိုဂီတမှာ Hip Hop, Rock, Jazz, R&B စသည့် ဂီတများကဲ့သို့ တန်းဝင်ပေါ်ပြုလာ မဖြစ်သေးသော်လည်း ၂ဝဝဝ ခုနှစ် နောက်ပိုင်းမှစ၍ နာမည်ကျော် ရက်ပ်ဆရာများ၏ မျက်စေ့ကျစရာ ဖြစ်ခဲ့သည်။ (ဤနေရာတွင် တခုပြောလိုသည်မှာ အမေရိကန်တွင်လည်း ဂီတသစ်တမျိုး လူကြိုက်များလာသည်နှင့် အချို့ အဆိုတော်များက မိမိ၏ ပင်ကိုယ်လိုင်းမှ အနည်းငယ်ပြောင်းလဲ သီဆိုမှုများ ရှိသည်)။

ဟစ်ဟော့ပ်ရဲ့ မျက်နှာစာသစ်Electro Hop ဂီတမှာ အနောက်ဘက်ကမ်းခြေမှ စတင်သန္ဓေတည်ခဲ့သော်လည်း အရှေ့ဘက်ကမ်းခြေမှတဖန် ပြန်လည်စတင်ခဲ့ရသည်။ အများစုကမူ Electro Hop မှာ ရှေးရိုးဟစ်ဟော့ပ် (Old School) မှ ခေတ်သစ် ဟစ်ဟော့ပ် (New School) သို့ အီဗော်လူးရှင်း ဖြစ်လာပုံကို ထင်ဟပ်ပြသနိုင်မှုဟု ယူဆသည်။

အချို့ ကရက်ပ် အဆိုတော်များကမူ Electro Hop မှာ Hip Hop မှ ခွဲဖြာလာသော အကိုင်းအခက် တခုသာဖြစ်ပြီး ထိုသူတို့မှာ ထိုဂီတကို သီခြားဂီတ သို့မဟုတ် ဟစ်ဟော့ပ်၏ ဆင့်ကဲပြောင်းလဲလာသော ဖြစ်စဉ်တခုဟု မှတ်ယူခြင်း မပြုကြပေ။

၂ဝဝဝ ပြည့်နှစ် နောက်ပိုင်းတွင်မူ N.W.A အဖွဲ့ Egyptian Lover နှင့် Pit Bull တို့က Electro Hop ဂီတကို ၎င်းတို့၏ အယ်(လ်)ဘမ်များတွင် ပါဝင်ခဲ့ပြီးနောက်တွင် လူကြိုက်များလာခဲ့သည်။

ဟစ်ဟော့ပ်ဂီတ၏ တိုးတက်ဖြစ်ထွန်းလာသော ဂီတသစ်တခုဖြစ်သည့် Electro Hop နှင့် ပတ်သက်၍ အမေရိကန်တွင် ထင်ရှားသည့် အဖွဲ့များနှင့် အဆိုတော်မှာ Black Eyed Peas, Kanye West , World Class Wreckin Cru, Flo Rida, LMFAO နှင့် DJ Laz တို့ ဖြစ်သည်။

ထင်ရှားသည့် Electro Hop သီချင်းများမှာ နာမည်ကျော် ရက်ပ် အဆိုတော် ဖလို ရိုက်ဒါ (Flo Rida) ၏ ပွဲဦးထွက် အယ်(လ်)ဘမ်ထဲမှ Port of Miami ထဲမှ နာမည်ကျော် Low အမည်ရှိ သီချင်းမှာ Electro Hop သီချင်းဖြစ်သည်။

ယခုနှစ် အကောင်းဆုံးတေးဂီတ ဖန်တီးမှုဆုအပါအဝင် အော်စကာရုပ်ရှင်ထူးချွန်ဆုများ ရရှိခဲ့သည့် Slumdog Millionaire ဇာတ်ကား၏ ဇာတ်ဝင်တေး သီချင်းဖြစ်သည့် M.I.A သီဆိုထားသော Paper Plane သီချင်းမှာ Electro Hop သီချင်းအမျိုးအစားပင် ဖြစ်သည်။

မြန်မာနိုင်ငံတွင် လူကြိုက်များသော အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၏ နောက်ဆုံးထွက် အယ်(လ်)ဘမ်ထဲမှ အဲဗားဂေါ်လီအမည်ရှိ သီချင်းမှာ အမေရိကန် ဟစ်ဟော့ပ်အဖွဲ့တခုဖြစ်သည့် Three 6 Mafia အဖွဲ့ မှ Pop That Body အမည်ရှိ Electro Hop သီချင်းတပုဒ် ဖြစ်သည်။

ယနေ့အချိန်တွင်မူ Electro Hop သည် အမေရိကန်တွင်သာမက ကမ္ဘာတလွှားတွင်ပါ လူကြိုက်များသော ဂီတဖြစ်နေသည်။ နာမည်ကျော် ဟစ်ဟော့ပ် အဆိုတော် အချို့မှာလည်း Electro Hop သီချင်းများကို ၎င်းတို့ အယ်(လ်)ဘမ်များတွင် ထည့်သွင်းသီဆိုကြသည်။

ယခုနှစ်အတွင်း ထွက်ရှိသည့် Black Eyed Peas အဖွဲ့၏ လူကြိုက်များသော Boom Boom Pow အမည်ရှိ သီချင်းမှာလည်း Electro Hop သီချင်းတပုဒ် ဖြစ်သည်။