ပြည်ထောင်စု ခရီးသည် ဦးရွှေအုန်း

ပရင့်ထုတ်ရန်

နယူးဒေလီ (မဇ္ဈိမ) ။       ။ ကိုလိုနီနယ်ချဲ့ခေတ် မြန်မာနိုင်ငံတွင် ၁၉၃၆ ခုနှစ် ဒုတိယ ကျောင်းသားသပိတ်
 ဖြစ်ပွားခဲ့ရာ အလယ်တန်း ကျောင်းသားအဖြစ် ပါဝင်လှုပ်ရှားရင်း မြန်မာ့နိုင်ငံရေး လောကထဲ စတင်ခြေချခဲ့သည့် ဦးရွှေအုန်း၏ ကိုယ်တိုင်ရေး အထ္ထုပ္ပတ္တိစာအုပ်၌ စစ်မှန်သော ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရပ်ခံကြိုးပမ်းခဲ့မှုများကို အဓိက ရေးထားသည်။
 
ဦးရွှေအုန်းကို ယနေ့ခေတ် မျိုးဆက်များက ရှားပါးလက်ကျန် ပင်လုံမျိုးဆက် ရှမ်းတိုင်းရင်းသား ခေါင်းဆောင်တဦးအဖြစ် အသိများသည်။ ပြည်ထောင်စုမူ စာအုပ်စာတမ်း ရေးသားသူ၊ နဝတ-နအဖ အမျိုးသားညီလာခံ တက်ခဲ့သူ၊ ထို့နောက် သပိတ်မှောက် စွန့်ခွါခဲ့သူ၊ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအတွက် ပြည်သူ့ဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲပေးရန်
 ဆော်သြခဲ့သူ၊ ၂ဝ၁ဝ ရွေးကောက်ပွဲဝင်ရန် ပါတီထောင်ခဲ့သူ စသဖြင့် မြန်မာ့နိုင်ငံရေးနှင့် တိုင်းရင်းသားလူမျိုးအရေး၊ ရှမ်းပြည်အရေးများအတွက် သဘောထားများလည်း အခါသင့်သလို ပြောဆိုတင်ပြလေ့ရှိသည်။
 
ယခုအခါ ကိုယ်တိုင်ရေး အထ္ထုပ္ပတ္တိ ရေးလိုက်သည်။u_shwe_ohn 
ဖြတ်သန်းမှု ရှိဖူးခဲ့သူတိုင်းကို ကိုယ်ရေးအထ္ထုပ္ပတ္တိ ရေးသားပါရန် မျိုးဆက်များက တောင်းဆိုခဲ့ဖူးသည်။ ဗိုလ်မှူးချုပ် ကျော်ဇော၊ ဦးနု၏ တာတေစနေသား၊ သခင်ဖေဌေး၏ သခင်ဖေဌေး၊ ဗိုလ်ချုပ်မြ၏ ကျနော့်ဖြတ်သန်းမှု အစစ်အမှန်၊ သခင်တင်မြ၏ ဘုံဘဝများ၊ NLD ခေါင်းဆောင်များ၏ လွတ်လပ်ရေး ကြိုးပမ်းမှု၊ အာဏာရှိသူများ၏ တပ်မတော် သမိုင်းတွဲများနှင့် ရောင်စုံစာအုပ်အမျိုးမျိုး၊ (ဦးကျော်ငြိမ်း၏ စာမူမှာ ရှိသည်ဟုတော့ ကြားဖူး၏။) ထို့နောက်လည်း ထပ်ထွက်နေသည်။ နဝတ ဗိုလ်ချုပ်ဟောင်းများ၏ စာအုပ်များ။
 
သမိုင်းဝင်ပုဂ္ဂိုလ်တို့၏ အထ္ထုပ္ပတ္တိများကို ဖတ်ရှုရင်း သူတို့ဖြတ်သန်းမှုကို လေ့လာတွေ့ရှိရသည်။
 ဖြတ်သန်းမှုများ ဆိုသည်ကား အဖွဲ့အစည်းမူ၊ အမျိုးသားရေးမူ၊ လုပ်ထုံးလုပ်နည်းအရ ဖြတ်သန်းရသည်။ သို့သော် ပင်ကိုယ်ရေး အထ္ထုပ္ပတ္တိမှာ သူ့ရပ်တည်ချက်၊ ကိုယ်ပိုင်အမြင်တို့ကို ရင်ဖွင့်လေ့ရှိသည်မို့ လူအများ မသိခဲ့သည်များပင် ပါရှိတတ်သည်။
 
ဦးရွှေအုန်းမှာ ဖော်ပြခဲ့သလို ရှမ်းဝါရင့်နိုင်ငံရေးသမားကြီးပင်။ ရှမ်းပြည်ကလည်း ပထဝီမြေပြင်အရ အကြီးဆုံး။ အာဏာရ အစိုးရများက ခွဲထွက်ရေးကိစ္စ အစွပ်စွဲခံခဲ့ရသည့် ပြည်နယ်ကြီးပါ။
 
ကျနော်တို့ သိနားလည်ခဲ့သည့် ပင်လုံညီလာခံကို ဦးရွှေအုန်းက နှစ်ပိုင်းခွဲ၍ ပြောသည်။ ပထမနှင့် ဒုတိယ။
 
၁၉၄၇ ဖေဖော်ဝါရီ ၁၂ ရက်နေ့ ညီလာခံကို ဒုတိယ ပင်လုံညီလာခံဟုဆိုပြီး၊ ၁၉၄၆ မတ်လ ၂၆-၂၇ ရက်နေ့များ ညီလာခံကို ပထမ ပင်လုံဟု ညွှန်းဆိုသည်။ ဤတွင်လည်း ရှမ်းအပြင် ချင်း၊ ကချင်၊ ကရင်နီနှင့် ပြည်မမှ ဦးစော၊ ဦးနုတို့ပါ တက်ရောက်ခဲ့ကြသည်။
 
ထိုခေတ်က အခြေအနေကို မြန်မာပြည် ဘုရင်ခံ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလ၊ ရှမ်းစော်ဘွားများ၊ ဦးတင်ဧ ခေါင်းဆောင်သော ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ချုပ် (ရပလ) ၏ လေးပွင့်ဆိုင် လွတ်လပ်ရေး အပြေးပြိုင်ပွဲကြီးဟုပင် တင်စားရေးသားထားသည်။
 
ရှမ်းပဒေသရာဇ်များအနေနှင့် ချင်း၊ ကချင်၊ ကရင်များနှင့် ပူးပေါင်းရန် အဆင်သင့်ဖြစ်နေသော်လည်း မြန်မာနှင့်မူ
 အေးစက်စက်ရှိခဲ့ကြောင်းပါ ရေးသားထားသည်။ ထိုစဉ်က ရပလ ၏ ဆုံးဖြတ်ချက်မှာ နယ်ချဲ့လက်အောက်မှ လွတ်မြောက်ပြီး ရှမ်းပြည် တသီးတခြား အာဏာပိုင်နိုင်ငံ ထူထောင်နိုင်မည်ဟု ယုံကြည်ကြောင်းနှင့် လွတ်လပ်ပြီး နိုင်ငံတွင် ခွဲထွက်ခွင့် ရှိပါက ရှမ်း-မြန်မာ နှစ်ပြည်ထောင် ပူးတွဲနေထိုင်နိုင်ကြောင်း ပါရှိသည်။
 
ဤတွင် ရပလ၏ ရပ်တည်ချက်မှာ သမိုင်းတလျှောက်လုံး ပဒေသရာဇ်များ၏ ထင်သလို ဆုံးဖြတ်ခံခဲ့ရသော ရှမ်းပြည်ကို လူထုအခြေပြု နိုင်ငံရေးလှုပ်ရှားမှုများ စတင်လာခြင်းဟု ဆိုနိုင်ပေမည်။ ညီနောင် တိုင်းရင်းသားများ၏ ပဒေသရာဇ် ဆန့်ကျင်ရေး တာဝန်ကိုပါ ယူခဲ့ရသည့် အဖြစ်များကို စာနာမိသလို၊ ဗမာနှင့် ထပ်တူမကျနိုင်သည့် ပြဿနာများလည်း
 တွေ့မြင်နိုင်သည်။
 
ဦးရွှေအုန်းကိုယ်တိုင် ဦးတင်ဧတို့၏ ဦးဆောင်မှုအောက်မှ ရပလ ၏ လှုပ်ရှားမှုများကို အများဆုံး
 ဖော်ပြရေးသားထားသည်။ ထိုစဉ်က ရှမ်းပြည်အပါအဝင် တောင်တန်းဒေသများအနေဖြင့် ပြည်မနှင့်အတူ ပူးတွဲပြီး လွတ်လပ်ရေး အရယူရန် ရပလ က အထူးလှုံ့ဆော်ခဲ့သည်။
 
ယခုအခါ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ NLD နှင့် ၉ဝ ရွေးကောက်ပွဲဝင် တိုင်းရင်းသား ခေါင်းဆောင် အများအပြားက အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဒုတိယပင်လုံဟု
 ကြွေးကြော်နေစဉ်တွင်၊ ထိုစဉ်က ၁၉၄၇ ပင်လုံညီလာခံကာလ တဦးနှင့်တဦး သဘောထား မတိုက်ဆိုင်မှုများ ရှိခဲ့သလို မဖိတ်သော်လည်း အသိစိတ်ဓာတ်ဖြင့် တက်ရောက်လာသူများ ရှိခဲ့ကြောင်း မှတ်တမ်းပြု ရေးထားသည်ကို ဖတ်ရှုကြည်နူးရသည်။
 
ဦးရွှေအုန်းအနေဖြင့် အခြားသော ပြည်ထောင်စုမူ စာတမ်းများလည်း ရေးသားခဲ့ဖူးသည်။ တတိယ ပြည်ထောင်စု မြန်မာနိုင်ငံတော် ဘာကြောင့် ဘယ်လို ဟူသော စာတမ်းကို ၁၉၉၄ အမျိုးသားညီလာခံသို့ တင်သွင်းခဲ့ပြီး ထောင် တနှစ် အချခံခဲ့ရဖူးသည်။
 
ယခု ကိုယ်တိုင်ရေး အထ္ထပ္ပတ္တိကို မျိုးဆက်သစ်များက တိုက်တွန်းသဖြင့် ရေးဖြစ်ခဲ့သည်။ ၂ဝဝ၅ ခုနှစ်မှ စရေးသည်။ အသည်းကင်ဆာကြောင့် ကျန်းမာရေးဆိုးရွားနေစဉ် ဆက်မရေးနိုင်၍ အသံသွင်းပေးခဲ့သည်။ ပြည်တွင်းတွင် စိစစ်ရေး မကျနိုင်ကြောင်း ဦးရွှေအုန်းကိုယ်တိုင် သိသည်။ ထို့ကြောင့် ထုတ်ဝေဖြန့်ချိရန် မရည်ရွယ်ဘဲ ရင်းနှီးသူ မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဘက်များ လက်ဆင့်ကမ်းဖတ်ရန်သာ ရည်ရွယ်ရေးခဲ့သည်။
 
ယခုလို မှတ်တမ်းမှတ်ရာအဖြစ် ကျန်ခဲ့စေရန် တိုက်တွန်းခဲ့သူများမှာ ထိုင်းအခြေစိုက် သတင်းဌာန သျှမ်းသံတော်ဆင့်နှင့် မျိုးဆက်သစ်များ ဖြစ်သည်။
 
“လူကြီးသူမတယောက် ဆုံးသွားပြီဆိုရင် ကျမ်းစာအုပ်ကြီးတအုပ် ရှုံးသွားသလိုပဲလို့ အာဖရိက စကားပုံတခုလိုပေါ့။ ဥပမာ ယူဂျင်းသိုက် ကွယ်လွန်သွားတော့ သူ့အကြောင်း ရေးထားတာ မကျန်ခဲ့တော့ အများကြီး ဆုံးရှုံးခဲ့ရပါတယ်။ အခုလည်း ဦးရွှေအုန်းက ပင်လုံခေတ်ကတည်းက စပါလာခဲ့သူဆိုတော့ သူဆုံးသွားရင်လည်း
 နောင်လာနောက်သားတွေအတွက် မကျန်ခဲ့မှာ စိုးလို့ ဒီလိုတိုက်တွန်းခဲ့တာပေါ့ဗျာ” ဟု သျှမ်းသံတော်ဆင့် အယ်ဒီတာချုပ် ဦးခွန်စိုင်းက စာအုပ်ထုတ်ဝေရသည့်အကြောင်း ပြောပြသည်။
 
မျက်နှာဖုံးမှာ ဦးရွှေအုန်း၏ ဓာတ်ပုံနှင့်အတူ နောက်ခံ ဝါစိမ်းနီ သုံးရောင်ခြယ်အလံကြီး တွေ့ရသဖြင့် ထုတ်ဝေသူ ဦးခွန်စိုင်းကို မေးကြည့်ရာ … “ဒါက ရှမ်းပြည်အလံဗျ။ ၁၉၄၇ ပင်လုံစာချုပ် မချုပ်မီကတည်းက တရားဝင် တင်ခဲ့တဲ့ အလံပါ။ သုံးရောင်ခြယ်မှာ အလယ်က လဝန်းနဲ့” ဟု ရှင်းပြသည်။
 
ရှမ်းပြည်ကို သိပ်ချစ်သူအတွက် ဂုဏ်ပြုလိုက်သည့် သဘောထင်ပါသည်။
 
လွတ်လပ်ရေးရပြီး ဖဆပလ ခေတ်တွင် ဗျူရိုကရက် အရာရှိတဦးဖြစ်ခဲ့ပြီး၊ မဆလ ခေတ်အတွင်း ဖြတ်သန်းမှုများကိုမူ
 ရေးသားချက် သိပ်မတွေ့ရပေ။ တကယ်တော့ ဒီစာအုပ်မှာ စာမျက်နှာ ၁ဝဝ ကျော်လေးအတွင်း ပြည်ထောင်စု အရေးတော်ပုံကြီးကို ခြယ်မှုန်းထားသည်ဟု ဆိုရမည်။
 
နဝတ လက်ထက် အမျိုးသားညီလာခံရယ်လို့ ခေါ်ယူကျင်းပပြီး၊ အခြေခံဥပဒေ ရေးဆွဲရေး လုပ်တော့လည်း အခြေခံမူ ၁ဝ၄ ချက်နှင့် ဦးတည်ချက် အမှတ် ၆ တို့ကို ပြန်ပြင်ရေး တောင်းဆိုခဲ့ပုံ၊ ငြိမ်းအဖွဲ့များကို ချဉ်းကပ်စည်းရုံးနိုင်ခဲ့ပုံများ ပါရှိသည်။
 
“ငြိမ်းချမ်းရေးအဖွဲ့များသည် မိမိတို့အချင်းချင်း လွတ်လပ်သည့် ပတ်ဝန်းကျင်တွင် စိတ်ထဲရှိသည့်အတိုင်း အမှန်ကို တင်ပြဝံ့ကြသော်လည်း ညီလာခံတွင် တပ်မတော်အရာရှိကြီးများ၏ ရှေ့မှောက်တွင်ကား … ကြောင်ရှေ့သို့
 ရောက်လာသော ကြွက်များပမာ ငြိမ်ဝပ်၍ နေခဲ့ရပေ၏” ဟု မချိတင်ကဲ သုံးသပ်ထားသည်။
 
သို့သော် … “ချီးကျူးရမည့် အဖွဲ့အစည်းများ ရှိပါသေးသည်။ တပ်မတော်အစိုးရက ဖိအားပေးသည်ကို ကြံ့ကြံ့ခံပြီး ဒေါ်အောင်ဆန်းစုကြည်ကို အပုပ်ချရန် ငြင်းဆန်နိုင်ခဲ့ကြသော (၁) မွန်ပြည်သစ်ပါတီ၊ (၂) ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်၊ (၃) ကချင်လွတ်မြောက်ရေးအဖွဲ့၊ (၄) အမျိုးသားဒီမိုကရေစီ
 သွေးစည်းညီညွတ်ရေး တပ်မတော် (မိုင်းလား)၊ (၅) ရှမ်းပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး အဖွဲ့တို့ပင် ဖြစ်သည်” ဟု တခုတ်တရ မှတ်တမ်းတင်ပေးထားသည်။
 
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD မှ ဦးခွန်ထွန်းဦး၊ ဦးစိုင်းညွန့်လွင်တို့ အပါအဝင် စဝ်ဆေထင်နှင့် ရှမ်းတိုင်းရင်းသား ခေါင်းဆောင်များကို ရှမ်းပြည် အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းပြီးနောက် ထောင်ဒဏ် နှစ် ၁ဝဝ နီးပါး ချမှတ်ခဲ့ရသည့် ကိစ္စကိုလည်း ရှင်းပြထားသည်။
 
ဦးရွှေအုန်း အဆိုအရ ရှမ်းပြည်အတိုင်ပင်ခံကောင်စီတွင် SNLD ပါဝင်ရန် စည်းမျဉ်းမရှိ။ သို့သော် အဖမ်းခံခဲ့ရသူများထဲမှ
 ဖော်ကောင်ဖြစ်သူ စဝ်သာဦး၏ ထွက်ချက်ကြောင့် ယခုလို ထောင်နှစ်ရှည်များ အချခံရခြင်းဟု ဖတ်ရှုရသည်။ ထိုအထဲမှ စစ်ကြောရေးဒဏ်ဖြင့် ဦးမြင့်သန်း ကွယ်လွန်သွားရပုံမှာ ရင်နင့်ဖွယ်ပင်။ ဦးမြင့်သန်းမှာ ငြိမ်းအဖွဲ့များနှင့် ဆက်သွယ်စည်းရုံးရေးကို အဓိက ဆောင်ရွက်ခဲ့သူတဦး ဖြစ်သည်။
 
ဝါရင့်နိုင်ငံရေးသမားကြီးများ၏ ပင်ကိုယ်ရေး အထ္ထုပ္ပတ္တိများ ဖတ်ရလေတိုင်း သမိုင်းကွင်းဆက်များ ချိတ်မိသည်။ သို့သော် မပြည့်စုံသေး။
 
မြန်မာပြည်နိုင်ငံရေးတွင် တိုင်းရင်းသားလူမျိုးများအရေးမှာ ဖြေရှင်း၍ မရသေးပါ။ တိုင်းရင်းသားလူမျိုးများ၏ အရေးဆို လှုပ်ရှားမှုတွင် ပင်လုံကို မလေ့လာ၍မဖြစ်။ ယခုကဲ့သို့ ပင်လုံမျိုးဆက် ရှမ်းခေါင်းဆောင်တဦး၏ စာအုပ်မှာ ဆက်စပ်စဉ်းစားစရာများ ပေးစွမ်းနိုင်မည့် စာအုပ်တအုပ် ဖြစ်သည်။
 
ဤကဲ့သို့ စာအုပ်စာတမ်းများ များများဖတ်၊ များများလေ့လာရန်နှင့် တာဝန်ယူခဲ့သူများ၏ ကိုယ်ရေးအထ္ထုပ္ပတ္တိများကို ပိုတန်ဖိုးထားရန်ပါ လိုအပ်လှပါသည်။
 
သဘာဝမိခင်၏ ခေါ်ဆောင်ရာသို့ မရှောင်သာ လိုက်ပါရတော့မည့် ဝါရင့်ခေါင်းဆောင်ကြီးများ မိမိဖြတ်သန်းမှုကို မှတ်တမ်းရေးသား ပေးခဲ့ကြပါက နောင်လာမျိုးဆက်များ ရွေးချယ်မှုနှင့် ဆုံးဖြတ်ချက်များ ပိုမိုမှန်ကန်လာနိုင်မည်
 ဖြစ်ပါကြောင်း …။