www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၁၆ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > ရသဘဏ်တိုက် > စာအုပ်စင် > မြန်မာနိုင်ငံနှင့် သင့်မြတ်ရေး၏ ရုတ်ချည်း ပြောင်းလဲမှုများ

မြန်မာနိုင်ငံနှင့် သင့်မြတ်ရေး၏ ရုတ်ချည်း ပြောင်းလဲမှုများ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ခေါင်းစဉ် ။                ။ An Inside View of Reconciliation (ပြန်လည်သင့်မြတ်ရေးကိစ္စ အတွင်းလူတဦး၏ အမြင်)
ထုတ်ဝေသူ ။              ။ Brookings Institution Press (2010)
စာရေးသူ ။                ။ ဒေါက်တာ မောင်ဇာနည်
စာအုပ်ဝေဖန်သူ ။         ။ ဂျိုးဆက်ဖ် ဘော (Joseph Ball)

"မြန်မာနိုင်ငံ၏ ရှေ့မတိုး-နောက်မဆုတ် နိုင်ငံရေး အခြေအနေနှင့် ပဋိပက္ခ အသွင်ကူးပြောင်းမှု (နှင့်/သို့မဟုတ်) ပြေလည်စေရေး ကြိုးပမ်းမှုများတွင် ပထမလမ်းကြောင်း Track I နှင့် တတိယလမ်းကြောင်း Track III ကို ကိုယ်စားပြုသည့် ခေါင်းဆောင်၊ လှုပ်ရှားသူများသာ ကာလကြာရှည် လွှမ်းမိုးထားသည်။ ပထမဖော်ပြထားသည့် လမ်းကြောင်းဆိုသည်မှာ အစိုးရနှင့် အဖွဲ့အစည်းဆိုင်ရာ ခေါင်းဆောင်များက တရားဝင် အသိအမှတ်ပြုထားသည့် လုပ်ဆောင်ချက်များ၊ ကြိုးပမ်းချက်များ ပါဝင်ပြီး၊ နောက်ဖော်ပြထားသည့် တတိယလမ်းကြောင်းဆိုသည်တွင် အရေးကိစ္စ တခုအတွက် ကြိုးပမ်းဆောင်ရွက်နေသည့် တသီးပုဂ္ဂလ လူပုဂ္ဂိုလ်များ၊ အုပ်စုများ၏ ဆောင်ရွက်ချက်များကို ဆိုလိုခြင်း ဖြစ်သည်။

ဒုတိယလမ်းကြောင်း အနေအထားက မည်သို့ရှိနေပါသနည်း? အတိုချုပ်ဆိုရသော် ဒုတိယလမ်းကြောင်းကို ထင်ရှားသည့် ပြောရေးဆိုခွင့်ရှိသူ ခေါင်းဆောင်များက အစဉ်ဆိုသလို ပစ်ပယ်ထားတတ်ကြပြီး၊ တတိယလမ်းကြောင်းကို အားထက်သန်စွာ ဆောင်ရွက်နေသူများကမူ ၎င်းကိစ္စကို တွန်းအားပေးကြသည်။ လက်ရှိကာလ ဆောင်ရွက်နေကြသည့်၊ ထို့အပြင် အရေးကိစ္စအားလုံးအပေါ် လွှမ်းခြုံသက်ရောက်နိုင်အောင် အရေးပါသော ပထမလမ်းကြောင်းအတွက် အထောက်အပံ့ ဖြစ်စေအောင် ဒုတိယလမ်းကြောင်းဖောက် လုပ်ဆောင်ရန်လည်း လိုအပ်တောင်းဆိုမှု ရှိနေပေသည်။" 

အထက်ဖော်ပြပါ စာပိုဒ်ကို ပြီးခဲ့သည့် ၂ နှစ်တွင် မဇ္ဈိမဂျာနယ်၌ ဖော်ပြခဲ့သည့် "ဒုတိယလမ်းကြောင်း လုပ်ဆောင်နေသူများကို ရှာဖွေခြင်း" Searching for Track II ဟု အမည်ရသည့် ကျနော့် အက်ဆေးတစောင်တွင် ထည့်သွင်းရေးသားခဲ့ဖူးသည်။ ဤအကြောင်းကိစ္စ၊ တနည်း အပေါ်ယံမျက်နှာပြင်တွင် ထင်သာမြင်သာ မရှိလှသေးသော်လည်း အောက်ခြေတွင် အစိုင်ဖွဲ့လှုပ်ရှားနေသည့် ၎င်းစိတ်ပျက်အားလျော့မှု အသံများကိုလည်း မြန်မာ့အရေး လှုပ်ရှားသူလည်းဖြစ်၊ လန်ဒန် စီးပွားရေး ပညာသင်တက္ကသိုလ် LSE ၏ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်စီမံခန့်ခွဲရေးဌာန Global Governance centre တွင် ပညာရှင်သုတေသီတဦး အဖြစ်ဆောင်ရွက်နေသည့် ဒေါက်တာမောင်ဇာနည်၏ စာအုပ်ထဲတွင်လည်း ပဲ့တင်ထပ် ဖော်ပြထားသည်ကို ဖတ်ရှုခဲ့ရသည်။ Myanmar/Burma: Inside Challenges, Outside Interests (မြန်မာနိုင်ငံ- ပြည်တွင်း ပြဿနာ စိန်ခေါ်ချက်များနှင့် ပြင်ပ အကျိုးစီးပွားများ) စာအုပ်တွင် ဤသို့သော အမြင်ကို ရေးသားဖော်ပြထားခြင်း ဖြစ်သည်။ ၎င်းစာအုပ်ကို အမေရိကန် ပြည်ထောင်စုရှိ ဘရုကင်း အင်စတီကျုရှင်း Brookings Institution မှ ကမ္ဘာ့စီးပွားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အဆင့်မြင့်ပညာရှင် လက်စ် ရစ်ဖယ် Lex Rieffel က တည်းဖြတ်ပေးထားပြီး၊ မြန်မာနိုင်ငံတွင် ဆက်လက်ရင်ဆိုင်နေရသည့် နိုင်ငံရေး အကျပ်အတည်း၏ ပင်မပြဿနာများကို ဤစာအုပ်တွင် ချည်းကပ်စူးစမ်းထားခဲ့သည်။

မောင်ဇာနည်ရေးသားသည့် အခန်း "ပြန်လည်ရင်ကြားစေ့ရေးအတွက် အတွင်းလူတဦး၏ အမြင်" (An Inside View of Reconciliation) ကို ဖတ်ရသည်မှာ အတွေးဆင့်ပွားဖွယ်ကောင်းသည်၊ တခါတရံ ပုဂ္ဂိုလ်ရေးအမြင် ဆန်သော်လည်း၊ တနည်းတဖုံအားဖြင့် ယခုအချိန်တိုင် မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုများက ဝမ်းနည်းဖွယ်ရာ ကောင်းလောက်အောင် မအောင်မြင် ကျရှုံးနေရသည်ကို ဖြည့်ဆည်းဖော်ပြထားသည်။ ထိုမျှမက လက်ရှိနှင့် လာမည့် အနာဂတ်ကာလတွင် ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များ အောင်မြင်အောင် ဆောင်ရွက်မည်ဆိုလျှင် ကြုံတွေ့ရလေမည့် အခက်အခဲများကိုလည်း သူက သုံးသပ်ဖော်ပြထားသေးသည်။

သူရေးသည့် အက်ဆေးတွင် ပို၍ အတွင်းကျသည့် ဖော်ပြချက်တခုမှာ စာရေးသူကိုယ်တိုင် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး၊ မအောင်မြင်ခဲ့သည့် ဒုတိယလမ်းကြောင်း သံတမန်ရေးလုပ်ငန်း Track II diplomacy ကိစ္စဖြစ်သည့် သူ၏ ကိုယ်တွေ့ အတွေ့အကြုံကို ပြန်ရေးထားခြင်းပင် ဖြစ်သည်။ သူက ဤကြိုးပမ်းမှုကို "တရားဝင် မဟုတ်သည့် သီးခြားကြိုးပမ်းမှုတခု၊ အတိုက်အခံ အင်အားစုများမှ သီးသန့်လူတစု၏ ကျွမ်းကျင်မှုဆိုင်ရာ ပညာရှင် အဆက်အသွယ်များ ပါဝင်ပတ်သက်နေခဲ့ပြီး၊ မူဝါဒဆိုင်ရာ ပြဿနာများကို ဖြေရှင်းပေးနိုင်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ အုပ်စုအဖွဲ့အချင်းချင်းအကြား တည်ရှိနေသော၊ နိုင်ငံတခုနှင့် တခုအကြား တည်ရှိနေသော ပြဿနာများကို သုံးသပ်စိစစ်ရန်၊ ကာကွယ်မှု လုပ်ဆောင်နိုင်ရန်၊ ထိန်းသိမ်းစီမံနိုင်ရန်နှင့် နောက်ဆုံး ဖြေရှင်းနိုင်ရန် သီးခြားကြိုးပမ်းမှု" ဟု အဓိပ္ပာယ်ဖွင့် ဖော်ပြထားခဲ့သည်။

၂ဝဝ၃ ခုနှစ်၊ နွေဦးကာလတွင် မောင်ဇာနည်နှင့် စိတ်တူကိုယ်တူ ပြည်ပရှိ အတိုက်အခံအချို့က အမေရိကန်ပြည်ထောင်စု အစိုးရကို ကြိုတင်အသိပေးပြီး၊ ထိုအချိန်က ဝန်ကြီးချုပ်လည်းဖြစ်၊ စစ်ထောက်လှမ်းရေး အကြီးအကဲလည်းဖြစ်သူ ဗိုလ်ချုပ်ခင်ညွန့်၏ ရုံးသို့ တိုက်ရိုက်ဆက်သွယ်နိုင်ရန် ကြိုးပမ်းခဲ့ကြသည်။ စာရေးသူအဆိုအရဆိုလျှင် ထိုနှစ် မတ်လကပင် ၎င်း ဗိုလ်ချုပ်ခင်ညွန့်နှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အကြား နားလည်သဘောတူညီမှု တစုံတရာ ရရှိနိုင်ခဲ့ပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဤ "အမျိုးသမီး" ကို အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး စီမံချက် စင်မြင့်ပေါ်သို့ ဆွဲတင်စေရန်အထိ အခြေအနေ ရှိနေခဲ့သည်။

ဤနေရာတွင် မှတ်ချက်ပြုရန် ကိစ္စတခုမှာ ဗိုလ်ချုပ်ခင်ညွန့်ကို ပုံဖော်ထားသည်မှာ တချိန်လုံး ထိပ်တိုက်ရင်ဆိုင်လိုသည့် ခေါင်းဆောင်ဆိုသော်လည်း၊ အပြုသဘော ဖော့၍ ရေးထားသည်ကို သတိထားမိသည်။ အကောင်းရေးသည်ဆိုသည်မှာ ကျင့်ဝတ်ပိုင်းဆိုင်ရာ ရှုထောင့်မှမဟုတ်၊ တန်ဖိုးထားမှုအပေါ် ရှုမြင်သုံးသပ်မှုမဟုတ်၊ လက်တွေ့ကျကျ ချည်းကပ်သည်ဟူ၍ အကောင်းမြင်ထားခြင်း ဖြစ်သည်။ ထိုမျှမက မောင်ဇာနည်က ယနေ့အချိန်တွင် မြန်မာနိုင်ငံ၌ လက်တွေ့ကျကျ ဆောင်ရွက်တတ်သူ နိုင်ငံရေးခေါင်းဆောင်များ ဆိတ်သုဉ်းခဲ့ပြီဟု ပြောင်ပင် စိတ်ပျက်အားလျော့ သုံးသပ်ထားသေးသည်။ 

ဒုတိယလမ်းကြောင်း သံတမန်ရေး ကြိုးပမ်းမှုအဖြစ် စ၍ ဆောင်ရွက်ရာ၌ မောင်ဇာနည်နှင့် လုပ်ဖော်ကိုင်ဘက်များက "စစ်တပ်၏ တစုံတရာသော အစိတ်အပိုင်း" ပူးပေါင်းပါဝင်လာမှသာ စစ်တပ်က အလုံးစုံချုပ်ကိုင်ထားသည့် အခြေအနေမှ ဖယ်ခွါပြီး၊ နိုင်ငံတော် အစိုးရအတွင်း ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ ဖြစ်ပေါ်လာနိုင်ခြေကို သဘောပေါက် နားလည်ထားသည်ဟု ဆိုသည်။ ထိုသူများက ဒီမိုကရေစီ မြှင့်တင်ရေးဆိုသည့် အနောက်နိုင်ငံများထံမှ အကျိုးကျေးဇူး ခံစားခွင့် ရှိနေသူများ၏ အပြောသက်သက် လုပ်ရပ်များကို စိတ်ပျက်နေကြသူများ ဖြစ်သည်ဟုလည်း ဆိုသည်။

သို့သော်လည်း ဤကြိုးပမ်းမှုများ အရာမထင်ဖြစ်ခဲ့ရပြီး၊ ဗိုလ်ချုပ်ခင်ညွန့်ကို ၂ဝဝ၄ ခုနှစ် ဖြုတ်ချဖယ်ရှားခံရပြီးနောက်ပိုင်း နိဂုံးချုပ်ခဲ့ရသည်။ နိုင်ငံရေးအရ ရင်ကြားစေ့ရေး မအောင်မြင်ရခြင်းသည် ဤသို့ဖြုတ်ချ ခံရသည့် ကိစ္စတခုတည်းကြောင့် မဟုတ်ပါဟု မောင်ဇာနည်က သုံးသပ်ရာသည်။

စစ်အစိုးရက ထောက်လှမ်းရေး အကြီးအကဲဟောင်းကို ဖမ်းဆီးပြီးနောက်၊ "တွေ့ဆုံဆွေးနွေးရေး" ဆိုသည်ကို ရေရှည် နိုင်ငံတော် တည်ဆောက်ရေးကိစ္စအတွက် ရည်မှန်းဆောင်ရွက်ခြင်း မဟုတ်ဘဲ၊ ရေတို လူထုဆက်ဆံရေးကိစ္စ၊ ထမင်းရည်ပူလာ လျှာလွှဲကိစ္စအဖြစ်သာ အသုံးချခဲ့ကြသည်။ တပြိုင်နက်တည်းပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကလည်း ဒုတိယလမ်းကြောင်း ဖောက်ရန် ကြိုးပမ်းမှုများကို ခြိမ်းခြောက်မှုဟု မြင်၍ ပျက်ရာပျက်ကြောင်း ဖြစ်စေရန် ဆောင်ရွက်ခဲ့ကြသည်။ အတိအကျဆိုရလျှင် မောင်ဇာနည်က သုံးသပ်ရာတွင် ဝါရှင်တန်ရှိ အစိုးရဘက်က ကျော်လွှားလုပ်ဆောင်သွားမည်ကို၊ NLD ပါတီဘက်က အကြောက်တရား စိုးရိမ်မှုဖြင့် တုံ့ပြန်ခဲ့သည်။ NLD ပါတီဘက်က တွေ့ဆုံဆွေးနွေးရေး မဖြစ်နိုင်တော့ဟု သုံးသပ်ကောက်ချက်ချထားချိန်၌၊ အခြား မြန်မာအတိုက်အခံ အင်အားစုများက စွန့်စား၍ အာဏာပိုင်များနှင့် ဆက်ဆံကြည့်သည့် ဧရာမ စွန့်စားဆောင်ရွက်မှုကို စိုးရိမ်တုံ့ပြန်ခဲ့သည်ဟု ဆိုသည်။ 

မတရားမှုအပေါင်းကြား၌ ရင်ဆိုင်ဆောင်ရွက်သည့် အာဇာနည်တယောက်သဖွယ် သူ့ကိုယ်သူ ပုံဖော်ထားပြီး၊ မည်သို့ပင် ဖြစ်စေ မျှော်လင့်ထားသည့်အတိုင်း မြန်မာနိုင်ငံရေး အင်အားစု ရောင်စဉ်ဘက်အသီးသီးမှ သူ့ကို သတိပေးဝေဖန်ခဲ့သည်။ ဤအတွေ့အကြုံမှ ရရှိလာသည့် သင်ခန်းစာများက မောင်ဇာနည်အတွက် ရှင်းသည်။ ပထမအချက်က မြန်မာ့နိုင်ငံရေးအတွင်း ပုဂ္ဂိုလ်ရေးကိုးကွယ်မှု ကိစ္စက အကြီးအမား ရှိနေသေးသည်။ ဒုတိယအချက်က - ဒေါ်အောင်ဆန်းစုကြည်၏ အားပေးထောက်ခံမှုမပါသော ကြိုးပမ်းမှုများလည်း သေဆုံးနိဂုံးချုပ်ရခြိမ့်မည်ဟူ၍ ဖြစ်သည်။

မြန်မာ့အကျပ်အတည်း ဝဲသြဂကို ထောက်ခံပံ့ပိုးနေကြသူများ၏ အရေးပါသည့် အခန်းကဏ္ဍကို သူက ချိန်ဆလေ့လာရာ၌ မောင်ဇာနည်က "ဒီနေ့ ဖြစ်နေတဲ့ ပဋိပက္ခတစုံလုံးက ထိပ်သီးလူနည်းစုက ဖန်တီးတည်ဆောက်ထားကြတာပဲ" ဟု သုံးသပ်သည်။ ဤအင်အားစုများက သူဆိုထားသည့်အတိုင်း သူတို့ ရပ်တည်နေကြသည့်၊ မတူကွဲပြား ပြိုင်ဆိုင်နေကြသည့် သမိုင်းဆိုင်ရာ အဓိပ္ပာယ် ဖွင့်ဆိုချက်များနှင့် အနာဂတ်မြန်မာနိုင်ငံ၏ အလားအလာနှင့် ပတ်သက်၍ အယူဝါဒရေးရာများကို ပြောင်းလဲနိုင်စွမ်း မရှိကြဘဲ ဆက်၍ ပြိုင်ဆိုင်ကွဲလွဲနေကြဆဲ ဖြစ်သည်။ 

အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ကဲ့သို့သော သဘောထား ကွဲလွဲစရာ ကောင်းလှသည့် ကိစ္စမျိုးတွင် မတူကွဲပြားနေပြီး၊ မည်သို့ဖြစ်ရမည်ဟု အချင်းချင်း ပြန်လှန်ခွေပတ်နေကြပြီး ပြိုင်ဆိုင်နေသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များကို မောင်ဇာနည်က အမျိုးအစား ခွဲခြားထုတ်ကြည့်ရာ၌ ပထမအချက်အနေနှင့် စစ်ဗိုလ်ချုပ်များက ဗဟိုချုပ်ကိုင်မှုဖြင့် လွှမ်းမိုးကြီးစိုးထားသည့် နိုင်ငံတော်မျိုးကို ပြန်လည်ဖန်တီးရန် မလျှော့တမ်း အားထုတ်နေကြပြီး၊ ယခင်ရှိခဲ့ဖူးသည့် ဤအခြေအနေမျိုးက ကိုလိုနီစနစ်နှင့် လွတ်လပ်ရေးအပြီး ဖြစ်ပေါ်လာသည့် ပြည်တွင်းစစ်ကြောင့် ကျိုးပျက်လမ်းပြောင်းခဲ့ပြီဖြစ်သည်။ ဒုတိယ အချက်အနေနှင့် အင်အားချင်း ယှဉ်ပြိုင်နေသည့် နောက်အင်အားစုက အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုသည်မှာ စစ်အစိုးရ အုပ်ချုပ်နေသူများနှင့် NLD ပါတီအကြား ရင်ကြားစေ့နိုင်မှုဟု ကောက်ချက်ဆွဲထားကြပြန်သည်။

ဤအနေအထားတွင် ထိပ်သီးလူနည်းစုက ဘက်နှစ်ဖက်လုံးတွင် ဆုံးဖြတ်ချက်ချပိုင်ခွင့် လုပ်ငန်းစဉ်များနှင့် လူအများနှင့် သက်ဆိုင်သည့် နယ်ပယ်များကို လုံးဝနီးပါး ထိန်းချုပ်ထားကြပြီး၊ ပို၍ရှုပ်ထွေးစေသည်ဟု သူက မြင်သည်။ မောင်ဇာနည်က ရေရှည် အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်ဖို့ဆိုလျှင် "တိုင်းရင်းသားများနှင့် စစ်တပ်အပါအဝင် ထိပ်သီးလူနည်းစု အုပ်စုများအကြား သင့်မြတ်လျော်ညီ ယှဉ်တွဲနေထိုင်ရန် လိုအပ်သည်။ သူတို့၏ အဖွဲ့အစည်းများလည်း သဟဇာတကျကျ နေထိုင်နိုင်ရန် လိုအပ်သည်" ဟု တိုက်တွန်းဖော်ပြသည်။

သို့သော်လည်း စာရေးသူက မြန်မာပြည်သူများအနေဖြင့် ထိပ်သီးလူနည်းစုများ၏ အကျိုးစီးပွားအတိုင်း လိုက်လျောလုပ်ဆောင်ပေးနေရသည့် မဆုံးနိုင်သော သမိုင်းအတိုင်း လိုက်ရန် တွန်းပို့နေခြင်း မဟုတ်ပါ။ ၎င်းအစား မောင်ဇာနည်က ဤဖြစ်စဉ်နှင့် တချိန်တည်းတွင် မြန်မာနိုင်ငံ၏ ထွေပြားလှသည့် တိုင်းရင်းသား လူထုများအတွက် ပို၍ ကျယ်ပြန့်သည့် ပညာပေးမှု အစီအစဉ်များ လိုအပ်သည်ဟု မြင်သည်။

မည်သို့ဖြစ်စေ ၎င်းက သုံးသပ်ကောက်ချက်ချရာ၌ လက်တွေ့ကမ္ဘာကြီးတွင် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်လာစေရန် ရည်ရွယ်ဆောင်ရွက်သည့် ကနဦး သဘောတူညီမှုများသည်၊ မြန်မာနိုင်ငံ၏ လူမှုရေး-နိုင်ငံရေး ပကတိ ဝန်းကျင် အခြေအနေများ အရဆိုလျှင် ထိပ်သီးလူနည်းစုများအကြား အာဏာခွဲဝေယူကြသည့် သဘောတူညီချက်မျိုးသာ ဖြစ်နိုင်လိမ့်မည်ဟု သုံးသပ်သည်။ လူထုများကလည်း နောက်တကြိမ် သူတို့နောက်က လိုက်ကြရမည်ဖြစ်သည်။ သို့သော်လည်း ပြည်သူလူထုများက သူတို့ဆုံးဖြတ်ချက်အတိုင်း နောက်လိုက် ဆောင်ရွက်နိုင်လျှင် ဒီမိုကရေစီ၏ အဓိပ္ပာယ်ကို ချဲ့ထွင်နိုင်လိမ့်မည်ဖြစ်ပြီး၊ ယခုလက်ရှိ ကျဉ်းမြောင်းစွာ သတ်မှတ်ဖော်ပြနေကြသည့် နိုင်ငံရေး အခင်းအကျင်းမှ လွတ်မြောက်နိုင်ကြမည်ဖြစ်သည်။

ဤနေရာတွင် နားလည်မှု မလွဲရန် လိုအပ်သည့် ကိစ္စမှာ ပါဝင်ဖြည့်ဆည်း ဆောင်ရွက်မှုများ လုပ်နိုင်ကြသော်လည်း၊ မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းနှင့် ၂၁ ရာစုအတွက် တည်တံ့ခိုင်မာသည့် မြန်မာနိုင်ငံတော် ဖန်တီးတည်ဆောက်ရေးမှာ ကာလရှည် ဆောင်ရွက်ရမည့် ကိစ္စဖြစ်ပြီး၊ လွဲမှားသော စီမံခန့်ခွဲအုပ်ချုပ်မှု၊ ဖိနှိပ်ချယ်လှယ်ခံနေရသည့် နိုင်ငံရေးဝန်းကျင်မျိုးနှင့် ဆယ်စုနှစ်များစွာ နေထိုင်လာခဲ့ရသော မြန်မာပြည်နှင့် ၎င်း၏ လူထုများအနေဖြင့် ကြုံနေရသော ပြဿနာများကို ပုံပြင်မျက်လှည့်ဆန်ဆန် ဥုံဖွ ပျောက်စေနည်းလမ်းလည်း မရှိနိုင်ပါ။

လာမည့်လတွင် ကျင်းပမည့် ရွေးကောက်ပွဲသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေရေးအတွက် မည်မျှ ခရီးပေါက်-မပေါက် ဆိုသည်မှာ၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဝန်းကျင် ဖြစ်ပေါ်လာစေရေးအတွက် စံသတ်မှတ်ချက်များကို လိုက်နာမှု ရှိ-မရှိ မေးခွန်းထုတ်နေသည်နှင့် များစွာ မသက်ဆိုင်လှဘဲ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် ထိပ်သီးလူနည်းစု အုပ်စုများအကြား ဘုံတူညီချက် အလုပ် အတူလုပ်နိုင်မည့် နယ်ပယ်တခုကို ရှာဖွေနိုင်-မနိုင် ဆိုသည်က ပို၍ အရေးကြီးပါသည်။ လက်တွေ့ဝါဒကို မည်မျှ အသုံးချနိုင်သည်၊ ရရှိလာနိုင်သမျှသော ပဋိပက္ခအသွင်ပြောင်း ဖြေရှင်းရေး နည်းနာပရိယာယ်များကို မည်မျှ ချဲ့ထွင်ဆောင်ရွက်နိုင်မည်ကသာ ပို၍ အရေးကြီးပါသည်။

နောက်ဆုံးအနေနှင့် သူရေးသည့် ဤအခန်း၏ နိဂုံးစာပိုဒ်များကိုလည်း ဖော်ပြရန် လိုပေလိမ့်ဦးမည်။ ၎င်းစာပိုဒ်များတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးတွင် အတွင်းကျကျ တည်ရှိနေသည့် အကျိုးစီးပွားကိစ္စများနှင့် အခက်အခဲ ပြဿနာများကို အထူးအာရုံထား တင်ပြထားသော်လည်း၊ စွပ်စွဲပြစ်တင်မှုများက မြန်မာနိုင်ငံ နယ်နိမိတ်အပြင်တွင် ရှိနေသည့်၊ မြန်မာအာဏာပိုင်များ ထိန်းချုပ်မှု ပြင်ပတွင် ရှိနေသည့် အင်အားစုများကို ရုတ်ချည်းဆိုသလို လွှဲပြောင်းလက်ညှိုးထိုး ပုံချခဲ့ပြန်သည်။

မောင်ဇာနည်က ရေးသားထားခဲ့ရာ၌ "ပြင်ပရှိ ပုံသေနည်း ညီမျှခြင်းများ အခြေခံကျကျ မပြောင်းလဲသ၍ မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးနှင့် လူသားဂုဏ်သိက္ခာ ကိစ္စမျှသာမက၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးမှာလည်း ကမ္ဘာ့လွှမ်းခြုံ ပြောင်းလဲမှု (ဂလိုဘယ်လိုက်ဇေးရှင်း) ၏ သားကောင်အဖြစ် ကျန်ရှိနေလိမ့်ဦးမည်ဖြစ်သည်။ နိုင်ငံ၏ စီးပွားရေး အချုပ်အခြာအာဏာ တစတစ လက်လွှတ်ပေးနေရချိန်၌ စစ်အစိုးရဆိုသည်မှာ ပြောရလျှင် ၎င်းဖြစ်စဉ်အတွင်း၌ ဒေသတွင်းရှိ ကိုယ်စားလှယ် နယ်ရုပ်မျှသာ ဖြစ်လိမ့်မည်" ဟု သုံးသပ်ထားသည်။ 

ဤသုံးသပ်ချက်မှာ စိတ်ဝင်စားဖွယ်ဖြစ်၍ ဆက်လက်ဆွေးနွေး ငြင်းခုန်ကြရန် အကြောင်း ဖြစ်သော်လည်း၊ ဤနိဂုံးချုပ်ချက်၏ အရေးပါမှုကို လုံလောက်အောင် ပံ့ပိုးတင်ပြထားနိုင်ခြင်း မရှိပါ။ မြန်မာနိုင်ငံတွင် သဘာဝရင်းမြစ်များ ထုတ်လုပ်နေကြသည့် နိုင်ငံတကာ ကော်ပိုရေးရှင်းများကို သဘောမျှ စာရင်းထိုး၍ စာဖတ်သူများကို တင်ပြထားပြီး၊ အမေရိကန် ပြည်ထောင်စုနှင့် တရုတ်နိုင်ငံကဲ့သို့သော အရေးပါသည့် ပြင်ပမှ အင်အားစုများ၏ အကျိုးစီးပွားများကိုမူ လျှမ်း၍သာ တင်ပြထားသည်ကို တွေ့ရသည်။ မြန်မာလူထုများနှင့် မြန်မာခေါင်းဆောင်များအနေဖြင့် သူတို့၏ လူမှုရေးကဏ္ဍတွင် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်များ ချပိုင်ခွင့် လုံးဝဆုံးရှုံးနေသည်မှာ သေချာပြီလားဟု ပြန်၍ မေးခွန်းထုတ်ရန် ရှိနေပါသေးသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စဆိုင်ရာ အခက်အခဲများအတွက် နောက်ဆုံးဖော်ပြထားရာ၌ နောက်ဆုံး စွပ်စွဲချက်များက ထိန်းသိမ်းမရနိုင်သော၊ လောဘတကြီးနိုင်လှသော ဂလိုဘယ်လိုက်ဇေးရှင်းအပေါ် သည်အတိုင်း ပုံချထားလိုက်တော့သည်။ ဤသို့ဖော်ပြမည့်အစား စာရေးသူ၏ ကနဦးဖော်ပြခဲ့သည့် သုံးသပ်ချက်ကိုသာ အစားထိုး ဖော်ပြလျှင် ပို၍ ကျိုးကြောင်းသင့်မည်ဟု ယူဆပါသည်။ ကနဦးတွင် လာမည့်ခန့်မှန်းကြည့်နိုင်သမျှသော ကာလတွင် မြန်မာ့နိုင်ငံရေး အခြေအနေအပေါ် အကောင်းတကွက်မှ မမြင်သည့်သဖွယ် သုံးသပ်ထားပြီး၊ သို့ဆိုလျှင်တောင် အနည်းဆုံး ရှေ့ဆက်ရမည့် လမ်းအတွက် မှုန်ပြပြလေး မြင်ရနိုင်သေးသည်ဟု ထင်မိပါသည်။

"အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းအပေါ် မည်သို့သော ကြိုးပမ်းချက်မျိုးမဆို၊ မည်မျှ တီထွင်ဖန်တီးမှု ရှိသည်ဆိုဆို၊ မည်မျှ စဉ်းစားတွေးခေါ်ထားသည်ဆိုဆို၊ မည်မျှ ထောက်ခံအားပေးမှု ရသည်ဆိုဆို၊ စစ်အစိုးရက အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုသည်မှာ ယခင်တကြိမ်တခါမျှ မရှိခဲ့ဖူးသည့် အမျိုးသားညီညွတ်ရေးကို ပြန်လည်ဖော်ဆောင်ရန် ကြိုးစားမှုဟု ထင်မြင်ယုံကြည်နေသမျှ ကာလပတ်လုံး၊ စစ်တပ်ကသာ အကြွင်းမဲ့ ညီညွတ်ရေး ဆောင်ကျဉ်းပေးနိုင်သူဟု ထင်မြင်နေသမျှပတ်လုံး၊ မြန်မာနိုင်ငံ၏ ပဋိပက္ခ အခင်းအကျင်းအတွက် အကျိုးသက်ရောက်နိုင်မည်ဟု မမြင်မိပေ" ဟု ဖော်ပြထားသည်။

ဒဏ္ဍာရီဆန်လှသည့် ၎င်းညီညွတ်ရေးမျိုးကို မြန်မာပြည်သူများအပေါ် အတင်းအကျပ် ချမှတ်ဖော်ဆောင်ရန်၊ စကတည်းက ဖြစ်နိုင်ချေ မရှိပါ။ ရန်ဘက်ဖြစ်နေကြသည့် မြန်မာနိုင်ငံ၏ ခေါင်းဆောင်မှုများနှင့်ဆိုလျှင် ပို၍ ခက်ခဲလိမ့်မည် ဖြစ်ပါသတည်း။

(Joseph Ball ရေးသားသည့် စာအုပ်ဝေဖန်ချက် Burma and the vagaries of national reconciliation ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။)


 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 38 guests online