ပြန်လည်သင့်မြတ်ရေး၏အတွင်းပိုင်းအမြင်များ

ပရင့်ထုတ်ရန်

inside-view-reconciliationစာတန်းအမည် - ပြန်လည်သင့်မြတ်ရေး၏အတွင်းပိုင်းအမြင်များ

ထုတ်ဝေသူ - ဘရွတ်ကင်းဗိမာန်စာအုပ်တိုက် (Brookings Institution Press)

စာရေးသူ - ဒေါက်တာမောင်ဇာနည်

ဝေဘန်သူ - ဂျိုးဇက်ဘောလ် (Joseph Ball)

“မြန်မာ့နိုင်ငံရေးအကျပ်အတည်းနှင့် ပဋိပက္ခအသွင်ပြောင်းရေး သို့မဟုတ် ပဋိပက္ခဖြေရှင်းရေး အလားအလာများကို လမ်းကြောင်း ၁ နှင့် လမ်းကြောင်း ၃ ကိုင်ထားသူများက ကြာမြင့်စွာကတည်းက ချုပ်ကိုင်ထားခဲ့ကြသည်။ အမှတ် ၁ လမ်းကြောင်းဆိုသည်မှာ တရားဝင်အသိအမှတ်ပြုခံရသော အစိုးရ နှင့် အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များကိုဆိုလိုသည်။ လမ်းကြောင်း ၃ မှာ ကိစ္စတခုချင်းအလိုက် အလေးထားလုပ်နေကြသော လူပုဂ္ဂိုလ်များ၊ သီးသန့်အဖွဲ့အစည်းများကိုဆိုလိုသည်။

“လမ်းကြောင်း ၂ ကကောဘယ်လိုဖြစ်သွားပါသလဲ။ တိုတိုပြောရလျှင် လမ်းကြောင်း ၂ မှာ ထုံးစံအတိုင်းပင် လတ်တလောကြီးစိုးနေသော အသံများ၏ ဖုံးလွှမ်းခြင်းခံနေရသည်။ ဤအသံများကို လှုပ်ရှားထက်သန်နေသော လမ်းကြောင်း ၃ အသိုင်းအ၀ိုင်းက ထောက်ခံအား ပေးနေပြီး ဆက်စပ်လွှမ်းခြုံမှုလည်းရှိ၊ ချက်ချင်းလိုလည်းရလာနိုင်သော လမ်းကြောင်း ၁ အဖြေကို ထောက်ခံအားပေးတောင်းဆိုလျက်ရှိကြသည်။”

အထက်ပါစာပိုဒ်များကို လွန်ခဲ့သော ၂ နှစ်ကကျနော်ရေးသားခဲ့ပြီး မဇ္ဈိမ ၀က်ဆိုက်တွင် `လမ်း ကြောင်း ၂ ကိုရှာဖွေခြင်း´ ဟူသောအမည်ဖြင့် တင်ဆက်ခဲ့သည်။ ဤအကြောင်းအရာနှင့် သိသာမြင်သာလှသော စိတ်ပျက်လက်ပျက်ဖြစ်နေမှုများက ဒေါက်တာဇာနည်၏ စာသား များတွင်ပဲ့တင်ထပ်ဖော်ပြနေသည်။ ဒေါက်တာဇာနည်မှာ မြန်မာ့အရေးတက်ကြွလှုပ်ရှား သူတဦးဖြစ်ပြီး လန်ဒန်တက္ကသိုလ် ဘောဂဗေဒကျောင်း ကမ္ဘာ့အုပ်ချုပ်မှုပညာဌာန (London School of Economics’ Global Governance Centre) မှ သဟာယသုတေသီတဦးလည်းဖြစ်သည်။ ဤအကြောင်းကို `မြန်မာနိုင်ငံ-အတွင်းမှစိန်ခေါ်မှုများနှင့် ပြင်ပအကျိုးစီးပွားများ´ စာအုပ်တွင် သူပါဝင်ရေးသားထားသည်။

ဤစာအုပ်ကို ဘရွတ်ကင်းဗိမာန်က ကမ္ဘာ့စီးပွားရေးနှင့်ဖွံ့ဖြိုးမှုဌာန အကြီးတန်းသုတေသီ (Lex Rieffel) က တည်းဖြတ်ထားပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားပေါ်ပေါက်နေဆဲ နိုင်ငံရေးအကျပ်အတည်း၏အဓိကပြဿနာများအကြောင်း လေ့လာစေ့ငုထားသည်။

မောင်ဇာနည်၏ `ပြန်လည်သင့်မြတ်ရေး၏အတွင်းပိုင်းအမြင်များ´ အခန်းမှာ တွေးတောဆင်ခြင်စရာကောင်းပြီး ရံဖန်ရံခါပုဂ္ဂိုလ်ရေးဆန်ဆန်တွေပါသော်လည်း အများစုမှာ မြန်မာနိုင်ငံတွင် ပြန်လည်သင့်မြတ်ရေးကြိုးပမ်းချက်များ ယနေ့အထိ မည်သည့်အကြောင်း ကြောင့် စိတ်ပျက်ဖွယ်ကောင်းလောက်အောင် မအောင်မမြင်ဖြစ်ခဲ့ရသနည်းဆိုသည့် မပီဝိုးဝါး အကြောင်းများကို လေ့လာတင်ပြထားသည်။ ထို့ပြင် အကယ်၍သာ ပြန်လည်သင့်မြတ်ရေး လုပ်ငန်းကို အောင်မြင်သည်အထိလုပ်ကိုင်မည်ဆိုပါက ပစ္စုပ္ပန်နှင့်အနာဂတ်တွင်ကြုံရဖွယ် ရှိသည့် အတားအဆီးများကိုလည်း အကဲဖြတ်ရေးထားသည်။

ဤအကြောင်းအရာနှင့်စပ်လျဉ်း၍ အသေးစိတ်လေ့လာရေးသားတင်ပြချက်များမှာ စာရေးသူ ၏ကိုယ်ပိုင်အတွေ့အကြုံဖြစ်သော မအောင်မမြင်ဖြစ်ခဲ့ရသည့် အမှတ် ၂ လမ်းကြောင်းသံခင်း တမန်ခင်းကြိုးပမ်းမှုဖြစ်သည်။ `အုပ်စုများ၊ နိုင်ငံများကြားဖြစ်ပွားနေသော ပဋိပက္ခများကို လေ့လာစိစစ်ရန်၊ တားဆီးခန့်ခွဲရန်၊ ဖြစ်နိုင်ပါက အဆုံးစွန်အားဖြင့် ဖြေရှင်းနိုင်ရန် ရည် ရွယ်ချက်ဖြင့် ရန်ဖက်ဖြစ်နေသောအုပ်စုများမှ အထက်လွှာရေပေါ်ဆီ ပညာရှင် အဆက် အသွယ်များမှတဆင့် ပြုလုပ်သော မူဝါဒရေးရာပြဿနာများ ဖြေရှင်းရန် ကြိုးပမ်းမှု´ ဟု သူကဆိုသည်။

လက်တွေ့ဝါဒီများလက်ခံထားသည်က မြန်မာနိုင်ငံ၏ လူမှုနိုင်ငံရေးအခြေအနေများကြောင့် မည်သည့် ငြိမ်းချမ်းရေးနှင့်ပြန်လည်သင့်မြတ်ရေးကြိုးပမ်းချက်မဆို အထက်လွှာရေပေါ်ဆီများအကြား အာဏာခွဲဝေမှုသာဖြစ်လိမ့်မည်။ လူထုဆန္ဒ အတိုင်းသာလုပ်ခွင့်ရလျှင် ဒီမိုကရေစီဆိုသည်မှာ နိုင်ငံရေးအသိုင်းအ၀ိုင်းတွင် လောလောဆယ်စိုးမိုးထားသော ကျဉ်းမြောင်းနုံချာသည့် ခံယူမှုများထက် ပိုကျယ်ပြန့်လာလိမ့်မည်...
မောင်ဇာနည်နှင့် စိတ်တူကိုယ်တူ အတိုက်အခံများသည် အမေရိကန်အစိုးရကိုအသိပေးကာ ၂၀၀၃ နွေရာသီတွင် မြန်မာနိုင်ငံလာပြီး မြန်မာဝန်ကြီးချုပ်နှင့် စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့်၏ရုံးနှင့် တိုက်ရိုက်ဆက်သွယ်ခဲ့ကြသည်။ စာရေးသူအဆိုအရ နောက်နှစ်မတ်လတွင် ဗိုလ်ချုပ်ကြီးနှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အကြား သဘောတူညီမှုတရပ်ရရှိခဲ့ပြီး ထိုသဘောတူညီချက်အရ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်အတွက် ကြိုးပမ်းခွင့်ပြုမည်ဖြစ်သည်။

ဤရေးသားတင်ပြချက်များတွင် ထူးခြားသည်က ဗိုလ်ခင်ညွန့်အကြောင်း အကောင်းဘက်က ရေးခြင်းပင်ဖြစ်သည်။ ထိုသို့ဖော်ပြရာတွင်လည်း အကျင့်သိက္ခာရှုဒေါင့်၊ စံတန်ဖိုးသဘောတရားတို့ဖြင့် တင်ပြထားခြင်းမဟုတ်ဘဲ လက် တွေ့ဝါဒီတဦးအဖြစ်ဖော်ပြထားခြင်းဖြစ်သည်။ မြန်မာ့နိုင်ငံရေးတွင် လက်တွေ့ဝါဒီတို့၏အခန်း ကဏ္ဍ ပျောက်ကွယ်လုနီးပါးဟု မောင်ဇာနည်က ညည်းတွားရှာသည်။

အနောက်နိုင်ငံကျေးဇူးရှင်များအလိုကျ ဒီမိုကရေစီမြှင့်တင်ရေး မီးရှူးမီးပန်းများပစ်ကာ မှန်းချက်နှင့်နှမ်းထွက်မကိုက်၍ စိတ်အပျက်ကြီး ပျက်နေကြသည့် မောင်ဇာနည်နှင့်အပေါင်းပါများ လမ်းကြောင်း ၂ သံခင်း တမန်ခင်းများလုပ်ရင်း ဗဟိုချုပ်ကိုင်သော စစ်တပ်ယန္တရားပုံစံ နိုင်ငံတော်ကို ပြုပြင်ပြောင်းလဲရေးတွင် `စစ်တပ် အစိတ်အပိုင်း´ မပါ၍မရ ဆိုသည်ကို သိလာကြသည် ဆိုသည်။

ဤအစပျိုးကြိုးပမ်းချက်မှာ ဘာမှအရာမထင်ခဲ့ဘဲ နောက်ဆုံး ၂၀၀၄ နှောင်းပိုင်းတွင် ဗိုလ်ခင်ညွန့်ကိုဖယ်ရှားပြီး အကျယ်ချုပ်ချထားလိုက်ခြင်းဖြင့် ဇာတ်သိမ်းသွားခဲ့သည်။ ဤလုပ်ဆောင်ချက်တခုတည်းက နိုင်ငံရေးပြန်လည်သင့်မြတ်ရေး ကြိုးပမ်းချက်ကို အသေသတ်ခဲ့ခြင်းမဟုတ်ကြောင်းပြကာ မောင်ဇာနည်အတွက် အောင်မြင်မှုရစေခဲ့သည်။

ပြန်လည်သင့်မြတ်ရေးလုပ်ငန်းတွင် အတားအဆီးများကိုနောက်ဆုံးဖော်ပြရာ၌ ငွေဆိုလျှင် ငမ်းငမ်းတက်နေသည့် နေရာတကာတွေ့နေရသော ကမ္ဘာပြုဖြစ်စဉ်ကိုသာ ပြောသွားသည်။ လှမ်းမျှော်ကြည့်နိုင်သမျှ မြန်မာ့နိုင်ငံရေးအနာဂတ်တွင် အကောင်းမြင်စရာ မတွေ့ရဟူသော ယခင်အကဲဖြတ်ချက်ကို အစားထိုးလိုက်ခြင်းမျှသာဖြစ်သည်။
စစ်အစိုးရက ထောက်လှမ်းရေးအကြီးအကဲကို ဖမ်းဆီးလိုက်သည့်အပြင် တွေ့ဆုံဆွေးနွေးရေး ကို ပြည်သူ့ဆက်ဆံရေးလုပ်ငန်းတွင် ရေတိုအကျိုးအမြတ်အတွက်သာ သုံးခဲ့ပြီး ရေရှည် ကျသည့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းကို ဆန့်ကျင်ခဲ့သည်။ NLD ကလည်း လမ်းကြောင်း ၂ ကြိုးပမ်းချက်၏ခြိမ်းခြောက်မှုကိုခံစားလာရသဖြင့် ဤ လမ်းကြောင်းကို ဝင်ဖျက်ပြီး စစ်အစိုးရကို အကူအညီပေးခဲ့သည်။

တွေ့ဆုံညှိနှိုင်းရေးဆိုသည်မှာ အကန့်အသတ်မရှိကြောင်း လက်ခံထားသော်လည်း မြန်မာအတိုက်အခံများက အာဏာပိုင်များနှင့် ရဲရဲတင်းတင်း တိုက်ရိုက်ဆက်ဆံလာသည်ကို တုံ့ပြန်သည့်အနေနှင့်လည်းကောင်း၊ ၀ါရှင်တန်က သူတို့ကိုစွန့်ပစ်လိုက်မည်ကို စိုးရိမ်၍လည်းကောင်း ထိုသို့ပြုလုပ်ခဲ့ခြင်းဟု မောင်ဇာနည်က NLD ကို အကဲဖြတ်ခဲ့သည်။

မြန်မာ့နိုင်ငံရေးအသိုင်းအ၀ိုင်းဘက်ပေါင်းစုံက တရားမျှတမှုမရှိစွာ (မျှော်လင့်ထားပြီးသောတုံ့ပြန်မှု) ၀ိုင်းဝန်းဆုံးမကြသည်ကို ရင်ဆိုင်ရာတွင် အာဇာနည်တဦးအဖြစ် မောင်ဇာနည်က သူ့ကိုယ်သူပုံဖော်ထားသော်လည်း ဤအတွေ့အကြုံမှ မောင်ဇာနည်ကို အလွန်ရှင်းသောသင်ခန်းစာနှစ်ခုပေးသည်။ ပထမသင်ခန်းစာမှာ မြန်မာ့နိုင်ငံရေးတွင် လူပုဂ္ဂိုလ်မှာ အသည်းနှလုံးနေရာတွင်ရှိသည်ဆိုသော အချက်ဖြစ်သည်။ ဒုတိယသင်ခန်းစာမှာ ဒေါ်အောင်ဆန်းစုကြည်၏ ကောင်းချီးပေးမှုကို မရလျှင် အစပျိုးကြိုးပမ်းချက်မှန်သမျှ ရေစုန်မျောမည်ဆိုသည့် အချက်ဖြစ်သည်။

မြန်မာ့နိုင်ငံရေးရေချိန်ကျမှုတွင် ပါဝင်သူများ၏ကဏ္ဍကို တွက်ချက်ရာ၌ မောင်ဇာနည်က “ယနေ့မြင်တွေ့နေရသော ပဋိပက္ခအားလုံးသည် အထက်လွှာရေပေါ်ဆီ များကြောင့်ဖြစ်လာသည်” ဟု ရှာဖွေတွေ့ရှိထားသည်။ အနာဂတ်မြန်မာနိုင်ငံအတွက် တွေးတောကြံဆချက်များနှင့် အရိုးစွဲနေသော တုတ်ထမ်းဓားထမ်း ငြင်း၍လည်း မပြီးနိုင်သည့် သမိုင်း ဖွင့်ဆိုချက်များကို ထိုအချက်က ပြောင်းလဲနိုင်ခြင်းမရှိခဲ့ဟု သူကဆိုထားသည်။

အပြန်အလှန် လိုရာဆွဲကောက်ဖွင့်ဆိုနေကြသည့် ပြန်လည်သင့်မြတ်ရေးနှင့်စပ်လျဉ်း၍လည်း မောင်ဇာနည်က ပထမတချက် ဗဟိုမှချုပ်ကိုင်ထားသည့် နိုင်ငံတော်တည်ဆောက်ရန် ဗိုလ်ချုပ်ကြီးများ မဆုတ်မနစ်ကြိုးပမ်းခဲ့သော်လည်း ကိုလိုနီဘဝရောက်ခဲ့ခြင်းနှင့် လွတ်လပ်ရေးရအပြီး ပေါ်လာသည့် ပြည်တွင်းစစ်တို့ကြောင့် ပျက်ပြားခဲ့ရသည်။ ဒုတိယအချက်မှာ ပြန်လည်သင့်မြတ်ရေးဆိုသည်ကို စစ်အစိုးရနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြား လုပ်ရမည့် ကိစ္စဟု ညီမျှခြင်းဆွဲထားသည့် နိုင်ငံရေးအုပ်စုစိတ်ကြောင့် မပြေလည်နိုင်ဖြစ်ရသည်ဟု ရှင်းပြထားသည်။

“အထက်လွှာရေပေါ်ဆီများက ဆုံးဖြတ်ချက်ချမှတ်သည့်ဖြစ်စဉ်ကိုလည်းကောင်း၊ လူထုနယ်ပယ်တွင်လည်းကောင်း လုံးဝနီးပါးချုပ်ကိုင်ထားနိုင်ခြင်းကြောင့်´ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကြီး ရေရှည်အောင်မြင်ရေးအတွက် ` တိုင်းရင်းသားများ၊ စစ်တပ်နှင့် သူတို့၏အခြေခံဒေါက်တိုင်များအပါ အထက်လွှာရေပေါ်ဆီအုပ်စုအားလုံး သဟဇာတဖြစ်စွာ အတူ ယှဉ်တွဲတည်ရှိရမည်” ဟု မောင်ဇာနည်က ခပ်ရဲရဲပြောထားသည်။

သို့သော်စာရေးသူက သာမန်မြန်မာပြည်သူများကို အထက်လွှာရေပေါ်ဆီတို့၏ မဆုံးနိုင်သော အမြတ်ထုတ်သွေးစုပ်မှုအောက်မှာ မထားရစ်ခဲ့ပါ။ ထိုသို့ပြုလုပ်မည့်အစား မတူကွဲပြားသောလူထုကြီးအတွက် ကျယ်ပြန့်သည့် ပညာပေးအစီအစဉ်များ တပြိုင်နက် ပြုလုပ်ဖို့ လိုသည်ဟု မောင်ဇာနည်ကပြောသည်။

မည်သို့ဖြစ်စေ လက်တွေ့ဝါဒီများလောကတွင် လက်ခံထားသည်က မြန်မာနိုင်ငံ၏ လူမှုနိုင်ငံ ရေးအခြေအနေများကြောင့် မည်သည့် ငြိမ်းချမ်းရေးနှင့်ပြန်လည်သင့်မြတ်ရေးကြိုးပမ်းချက်မ ဆို အထက်လွှာရေပေါ်ဆီများအကြား အာဏာခွဲဝေမှုသာဖြစ်လိမ့်မည်ဟု ဆိုသည်။ လူထုက နောက်တကြိမ် နောက်ကလိုက်ရအုံးမည်သာဖြစ်သည်။ သို့သော် လူထုဆန္ဒ အတိုင်းသာလုပ်ခွင့်ရလျှင် ဒီမိုကရေစီဆိုသည်မှာ နိုင်ငံရေးအသိုင်းအ၀ိုင်းတွင် လောလောဆယ်စိုးမိုးထားသော ကျဉ်းမြောင်းနုံချာသည့် ခံယူမှုများထက် ပိုကျယ်ပြန့်လာလိမ့်မည်ဟု ဆိုသည်။

ဤနေရာတွင် နားလည်လွဲမှားမှုများ မရှိသင့်ပါ။ ရလဒ်ကြီးတခု ထွက်လာမည်ဖြစ်ကြောင်း ထင်ရှားလှသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ၂၁ ရာစုတွင် ရပ်တည်နိုင်သည့် မြန်မာနိုင်ငံပေါ်ထွက်လာရေးဖြစ်သည်။ ကြာရှည်ကြာမျောလုပ်ရမည့် အလုပ်ဖြစ်ပြီး နိုင်ငံတွင်းဆယ်စုနှစ်များစွာ မတရား အုပ်စိုးအနိုင်ကျင့်နှိပ်စက်ခဲ့သည့် ပြဿနာကြီးများကို ချက်ချင်းလက်ငင်းဖြေရှင်းနိုင်မည့် သြသဓဆေးတော်ကြီးလည်းမဟုတ်ပါ။

လာမည့်လတွင်ကျင်းပမည့် ရွေးကောက်ပွဲသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် နိုင်ငံ ရေးအသွင်ကူးပြောင်းရေးသို့ ဦးတည်မတည်ဆိုသည်မှာ စံချိန်စံညွှန်းညီ လွတ်လပ်မျှတသည့်ရွေးကောက်ပွဲဖြစ်မဖြစ်ဆိုသည်ထက် ပြိုင်ဆိုင်နေကြသည့် အထက်လွှာရေပေါ်ဆီများကြား တူညီသော ရပ်တည်ချက် နှင့် လက်တွေ့ဝါဒအသုံးကျမှုတို့ ရှာနိုင်ခြင်းရှိမရှိ၊ ပဋိပက္ခအသွင်ကူးပြောင်းရေးဆိုင်ရာ ရသမျှ နည်းနာများချဲ့ထွင်အသုံးပြုနိုင်ခြင်းရှိမရှိပေါ်တွင်သာ ပို၍မူတည်နေသည်။

ဤအခန်း၏နောက်ဆုံးစာပိုဒ်အကြောင်းကို ပြောချင်ပါသေးသည်။ အမျိုးသားပြန် လည်သင့်မြတ်ရေး၏ အတွင်းအကျိုးစီးပွားများနှင့် အဟန့်အတားများကို သေသေချာချာ လေ့လာတင်ပြထားသော်လည်း ရုတ်တရက် သူက မြန်မာအာဏာပိုင်များ၏ထိန်းချုပ်မှု အောက်တွင်မရှိသော၊ မြန်မာ့နယ်စပ်အလွန်က အင်အားစုများ၏ပုခုံးပေါ်သို့ လုံးလုံးကြီး လွှဲချလိုက်တော့သည်။

မောင်ဇာနည်က ဤသို့ရေးသည်။ “ပြင်ပကချမှတ်ထားသော ညီမျှခြင်းအခြေခံအားဖြင့်ပြောင်း လဲသည့်တိုင် လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာအရေးမျှသာမဟုတ်သော မြန်မာ့ပြန်လည် သင့်မြတ်ရေးလုပ်ငန်းမှာ ကမ္ဘာပြုဖြစ်စဉ်၏ သားကောင်ဖြစ်မြဲဖြစ်နေအုံးမည်။ မြန်မာစစ် အစိုးရသည် ဤဖြစ်စဉ်ကြီး၏ ဒေသခံကိုယ်စားလှယ်မျှသာဖြစ်သွားပြီး တိုင်းပြည်၏စီးပွားရေး အချုပ်အခြာအာဏာ လက်ထဲကလွတ်ထွက်သွားသည်ကို မြင်ကြရလိမ့်မည်။”

ဤအဆိုကိုထောက်ခံမည့် စိတ်ဝင်စားဖွယ် ဖတ်ချင်စဖွယ် ဆွေးနွေးပြောဆိုမှုများပါလာသည်မှာ သေချာသော်လည်း ယခုကောက်ချက်ကို ထောက်ခံသည့်အချက် လုံလုံလောက်လောက် မတွေ့ရပါ။ မြန်မာ့သယံဇာတများကိုတူးဖော်ထုတ်ယူနေကြသည့် နိုင်ငံစုံကော်ပိုရေးရှင်းကြီးများ ကိုသာ ၀တ်ကျေတန်းကျေ ဖော်ပြထားသည်။ တရုတ်နှင့်အမေရိကန်လို ပြင်ပနိုင်ငံကြီးများ၏ အကျိုးစီးပွားများကိုလည်း ပြီးစလွယ်သာရေးထားသည်။ လူမှုရေးပိုင်းတွင် သူတို့သာအာဏာပိုင်ကြောင်း မြန်မာပြည်သူများ၊ မြန်မာခေါင်းဆောင်များ သေချာပေါက် မျက်ခြေမပြတ်ကြပါ။

ပြန်လည်သင့်မြတ်ရေးလုပ်ငန်းတွင် အတားအဆီးများကိုနောက်ဆုံးဖော်ပြရာ၌ ငွေဆိုလျှင် ငမ်းငမ်းတက်နေသည့် နေရာတကာတွေ့နေရသော ကမ္ဘာပြုဖြစ်စဉ်ကိုသာ ပြောသွားသည်။ လှမ်းမျှော်ကြည့်နိုင်သမျှ မြန်မာ့နိုင်ငံရေးအနာဂတ်တွင် အကောင်းမြင်စရာ မတွေ့ရဟူသော ယခင်အကဲဖြတ်ချက်ကို အစားထိုးလိုက်ခြင်းမျှသာဖြစ်သည်။ အနိမ့်ဆုံးအား ဖြင့်ရှေ့ဆက်လျှောက်ရမည့်လမ်း၏ မြေမျက်နှာသွင်ပြင်ကို တိုရေရှားရေဖော်ပြလိုက်ခြင်း လည်းဖြစ်သည်။

“မြန်မာ့ပဋိပက္ခမြေမျက်နှာပြင်ကို အကျိုးသက်ရောက်စေမည့် ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းချက်ဆိုသည်ကို တွေ့ရန်ခဲယဉ်းပါသည်။ သို့သော်ဖန်တီးမှုရှိရှိသော်လည်းကောင်း၊ စိတ်ကူးအားဖြင့်သော်လည်းကောင်း၊ အင်ပြည့်အားဖြင့်သော်လည်းကောင်း ထောက်ခံအားပေးခဲ့မည်ဆိုပါက အမျိုးသား ပြန်လည်သင့်မြတ်ရေးကို စစ်အစိုးရက တိုင်းပြည်တွင် တခါမှမရှိဖူးသေးသော အမျိုးသားညီညွတ်ရေး ပြန်လည်တည်ဆောက်ခြင်းဟုသာ ရိုးရိုးလေးမြင်လိုက်ပါက စစ်တပ်သည် တိုင်းပြည်ကို အဆုံးစွန်စုစည်းညီညွတ်စေသူဟု မြင်ကြမည်ဖြစ်သည်။”

ဒဏ္ဍာရီဆန်သည့် ညီညွတ်ရေးမျိုးကို မြန်မာနိုင်ငံသားများထံ အတင်းအကြပ် ပို့မပေးနိုင်ပါ။ အနိမ့်ဆုံး လမ်းစတခုမျှဖြစ်ပါလိမ့်မည်။ ပြဿနာပတ်လည်ဝိုင်းနေသော မြန်မာ့ခေါင်းဆောင်မှု စစ်မြေပြင်သာဖြစ်ပါသည်။