ဇင်ဘာဘွေမှ မဟာဘီလူးများ

ပရင့်ထုတ်ရန်

book-cover-of-ZinbarBweစာအုပ်အမည်                                           ဇင်ဘာဘွေ
မူရင်းရေးသူအမည်                                    WilBur Smith
ဘာသာပြန်သူအမည်                                 တက္ကသိုလ်နေဝင်း
စာမူခွင့်ပြုချက်                                          ၅ဝ၁၁၉၉ ဝ၆ ဝ၉
ထုတ်ဝေသူ                                              ဒေါ်ခင်အေးမြင့် - ရာပြည့်စာပေ ဝ၃၈ဝ၁
ပထမအကြိမ် ( ဇန်နဝါရီလ ၊ ၁၉၈၆ ခုနှစ်)
ဒုတိယအကြိမ် (ဇန်နဝါရီလ၊ ၂ဝဝ၇ ခုနှစ်)
တန်ဖိုး                                                    ၃၅ဝဝ ကျပ်
အုပ်ရေ                                                   ၅ဝဝ အုပ်


(၁)

ဝီလ်ဘားစမစ် (Wilbur Smith) ရဲ့The Leopard Hunts in Darkness ကို ဆရာတက္ကသိုလ်နေဝင်းက ‘ဇင်ဘာဘွေ’ အမည်နဲ့ ဘာသာပြန်ထားပါတယ်။ ဒီစာအုပ်ကိုပဲ ဆရာအထောက်တော်လှအောင်ကလည်း ‘မဟာဘီလူး’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဘာသာပြန်ခဲ့ဖူးတာလည်း ရှိပါတယ်။ ဆရာနှစ်ယောက်စလုံးရဲ့ ဘာသာပြန်မှုများကတော့ မြန်မာစာဖတ်ပရိသတ် အားလုံးအတွက် ကောင်းမှုပြုခဲ့ကြတာတွေပါပဲ။

ဒီစာအုပ်ရဲ့ မူရင်းစာရေးဆရာ ဝီလ်ဘားစမစ် (Wilbur Smith) ဟာ အာဖရိကတိုက် ဇင်ဘီယာနိုင်ငံမှာ မွေးဖွားခဲ့တဲ့ မျက်နှာဖြူလူမျိုးတယောက် ဖြစ်ပါတယ်။ သူဟာ သူရဲ့ ဇာတိဖြစ်တဲ့ အာဖရိကကို သံယောဇဉ်ရှိတဲ့ သူတဦးပါ။ ဒါကြောင့်လည်း သူရဲ့ ဝတ္ထုနောက်ခံ ဇာတ်လမ်းများကို ရေးဖွဲ့တဲ့အခါမှာ အာဖရိကကို မှန်ကန်အောင် ပုံဖော်နိုင်တဲ့ သူတယောက်လို့ ဆိုရမှာပါ။ အဲဒီအတွက်လည်း နိုင်ငံတကာရဲ့ စာဖတ်ပရိသတ်ကို သူရဲ့ စာများက ဆွဲဆောင်ဖမ်းစားနိုင်ခဲ့တာပါ။

(၂)

ဒီဝတ္ထုရဲ့ ဇာတ်အိမ်က အာဖရိကတိုက် ဇင်ဘာဘွေနိုင်ငံကို နောက်ခံအဖြစ်ထားပြီး၊ ရှုတ်ထွေးလွန်းလှတဲ့ ဇင်ဘာဘွေနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ ရောယှက်ရေးသားထားပါတယ်။ အဓိကဇာတ်ဆောင်က အာဖရိကတိုက်မှာ မွေးဖွားကြီးပြင်းခဲ့သူ မျက်နှာဖြူလူမျိုး ကမ္ဘာကျော် စာရေးဆရာ ‘ခရိတ်မယ်လို’ ဖြစ်ပါတယ်။

ဇင်ဘာဘွေနိုင်ငံရဲ့ မူလနာမည်မှာ  ‘ရိုးဒီရှား’ နိုင်ငံ ဖြစ်ပါတယ်။ စတင်တည်ထောင်ခဲ့သူ မျက်နှာဖြူလူမျိုး ရိုဒ့်ဆိုသူရဲ့ အမည်ကို အမှတ်တရအနေနဲ့ ပေးထားတဲ့နာမည်ပါ။ ဒါပေမဲ့ ဒုတိယကမ္ဘာစစ်ကြီး ပြီးတဲ့နောက်ပိုင်း ဒေသခံတိုင်းရင်းသား အများစုဖြစ်တဲ့ ကပ္ပလီ(လူမည်း)များက မျက်နှာဖြူလူနည်းစု အောက်က လွတ်မြောက်ဖို့အတွက် လက်နက်ကိုင် တော်လှန်ပုန်ကန်ခဲ့ကြပါတယ်။ နောက်ဆုံး တိုင်းရင်းသား လူမည်းတို့ရဲ့ တော်လှန်ရေး အောင်မြင်ခဲ့ပြီး လူမည်းများ အာဏာရခဲ့ပါတယ်။ နိုင်ငံရဲ့ မူလအမည်ဖြစ်တဲ့ ‘ရိုးဒီးရှား’ အစား အာဖရိကတိုင်းရင်းသားများရဲ့ အခေါ်အဝေါ်ဖြစ်တဲ့ ‘ဇင်ဘာဘွေ’ လို့ ပြောင်းလဲခဲ့ကြပါတယ်။

ဒါပေမဲ့လည်း ဇင်ဘာဘွေနိုင်ငံမှာက ဒေသခံတိုင်းရင်းသား လူမျိုးစုများဟာ တမျိုးတည်းမဟုတ်ဘဲ ‘ရှိုနာ’ လို့ ခေါ်တဲ့ လူမျိုးစုအုပ်စုနဲ့ ‘မာတာဘယ်လီ’ လို့ ခေါ်တဲ့ လူမျိုးအုပ်စုဆိုပြီး လူမျိုးစု ၂ စု ရှိပါတယ်။ အစိုးရအဖွဲ့မှာ ‘ရှိုနာ’ အုပ်စုက အင်အားကြီးပြီး အစိုးရအဖွဲ့မှာ လက်ဝါးကြီးအုပ်ထားကြပါတယ်။

‘မာတာဘယ်လီ’ အုပ်စုက အစိုးရအဖွဲ့မှာ ဝန်ကြီးတဦးသာ ရပါတယ်။ အာဏာရ ‘ရှိုနာ’ တိုင်းရင်းသား အုပ်စုတို့က လူနည်းစုဖြစ်တဲ့ ‘မာတာဘယ်လီ’ အုပ်စုတို့ကို အနိုင်ကျင့်ညှဉ်းပန်းမှု အမျိုးမျိုးနဲ့ ဖိနှိပ်အုပ်ချုပ်ကြပါတယ်။ အကျိုးဆက်ကတော့၊ ဇင်ဘာဘွေမှာ တိုင်းရင်းသားလူမျိုးစု ၂ စုရဲ့ ပဋိပက္ခများ အလွန်ပြင်းထန်လာပါတယ်။

ဒီလိုအခြေအနေမှာ ဇင်ဘာဘွေနိုင်ငံသား မျက်နှာဖြူလူမျိုး ကမ္ဘာကျော်စာရေးဆရာ ခရိတ်မယ်လိုဟာ ဇာတိနိုင်ငံကို ပြန်ရောက်လာပါတယ်။ ဇင်ဘာဘွေအစိုးရအဖွဲ့အတွင်း လုပ်ကြံမှုများ၊ လူမျိုးအုပ်စုများရဲ့ ပဋိပက္ခများ၊ မဟာဘီလူးကြီးများနဲ့ ဇင်ဘာဘွေ ဖြစ်လာပါတယ်။ ခရိတ်မယ်လိုကတော့ ဇင်ဘာဘွေရဲ့ အဓိကဇာတ်ကောင်ပါ။

(၃)

ဝတ္ထုရဲ့ အစမှာပဲ ဇင်ဘာဘွေရဲ့ သဘာဝတောရိုင်းတိရစ္ဆာန် ဆင်ရိုင်းတွေကို မိုင်းကွင်းထဲမောင်းထည့်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ပုံနဲ့ စထားပါတယ်။

“ခေါင်းဆောင်ဆင်ထီးကြီးသည် မိုင်းဗုံးများ ဆင်ထားရာ နေရာအတွင်း ကိုက် ၅ဝ မျှ ဝင်သွားမိချိန်တွင် ပထမဆုံး မိုင်းဗုံးတလုံးသည် ပြင်းထန်စွာ ပေါက်ကွဲလေတော့သည်။ ယမ်းအား အလွန်ပြင်းထန်သော မိုင်းအမျိုးအစား ဖြစ်သောကြောင့် ပေါက်ကွဲသည်နှင့် ဆင်းထီးကြီး၏ နောက်ခြေထောက်ကို လွှနှင့်တိုက်ဖြတ်သလို ပြတ်ထွက်သွားစေကာ သွေးသံရဲရဲ ဖြစ်သွားစေလေသည်။ တချိန်းတည်းမှာပင် နောက်ထပ် မိုင်းဗုံးတလုံး ပေါက်ကွဲပြန်ရာ ဆင်ထီးကြီးသည် မြေပြင်ပေါ် လဲကျသွားက ပြင်းစွာနာကျင်ခြင်း ဝေဒနာကြောင့် ဟစ်အော်ညည်းညူနေရှာလေသည်။

ထိုအချိန်၌ အခြားမိုင်းဗုံးများသည်လည်း တလုံးပြီးတလုံး ဆက်တိုက်ပေါက်ကွဲကုန်သဖြင့် အခြားဆင်များသည် မိုင်းဗုံးထိပြီး အတုံးအရုံး လဲကျကုန်ကြလေသည်။ ဆင်ပေါက်ငယ် တကောင်သည် မိုင်းဗုံးအတော်များများကို လွတ်ကင်းသွားပြီး တအားကြိုးစားပြေးသော်လည်း နောက်မိုင်းဗုံးတလုံး ထိမှန်သွားရှာလေသည်။ ပတ်ဝန်းကျင်တခုလုံး ဆင်များ၏ ဟစ်အော်ညည်းညူသံများဖြင့် ဆူညံလျက်ရှိလေသည်။ မိုင်းဗုံးများကလည်း အဆက်မပြတ် ပေါက်ကွဲလျက်ရှိရာ ဆင်အုပ်ကြီးထဲမှ ဆင်များအားလုံး ထိမှန်ကုန်လေသည်” (စာမျက်နှာ ၁ဝ-မှ)

တောရိုင်းဆင်များကိုသတ်ပြီး ဆင်စွယ်များကို ခိုးထုတ်သူခေါင်းဆောင်က အစိုးရအဖွဲ့မှ ဝန်ကြီးတဦး ဖြစ်နေပါတယ်။ သူ့ရဲ့ တကိုယ်ရည်ကိုယ်ကျိုးအတွက် နိုင်ငံရဲ့ တောရိုင်းဆင် အမြောက်အမြားနဲ့ လူတချို့ရဲ့ အသက်တွေကို သတ်ဖြတ်ပြီး ကိုယ်ကျိုးရှာနေတဲ့သူပါ။ ဒီဝန်ကြီးဟာ ‘ရှိုနာ’လူမျိုး အုပ်စုကလား၊ ‘မာတာဘယ်လီ’ လူမျိုးအုပ်စုကလား ဆိုတာကိုတော့ စာရေးသူက ဇာတ်ရှိန်အမြင့်ဆုံး၊ နောက်ဆုံးမှာမှ ဘယ်သူဆိုတာကို ဖော်ပြခဲ့ပါတယ်။

ဇာတ်လမ်းအရ မျက်နှာဖြူကမ္ဘာကျော် စာရေးဆရာ ခရိတ်မယ်လို ဇာတိမြေသို့ ပြန်လာခဲ့တယ်။  ရှားပါးတိရစ္ဆာန်တွေကို ကာကွယ်ထိန်းသိမ်းရန် တာဝန်နဲ့ပါ။ တောရိုင်းတိရစ္ဆာန်များကို အထူးစိတ်ဝင်စားပြီး ရှားပါးတိရစ္ဆာန်မျိုးဆက် မပြုတ်ရေးကိုလည်း အလွန်လိုလားတဲ့၊ ဓာတ်ပုံသတင်းထောက်မလေး ဆယ်လီနဲ့ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌတို့ ဆွေးနွေးပြီး နည်းလမ်းရှာခဲ့ကြပါတယ်။ နောက် တောရိုင်းတိရစ္ဆာန်များကို သတ်ဖြတ်ခဲ့မှုအပေါ် တရားခံအား လျှို့ဝှက်ဖော်ထုတ် အရေးယူသွားရန် အစီအစဉ်များနဲ့ ဓာတ်ပုံသတင်းထောက်မလေး ဆယ်လီဟာလည်း ဇင်ဘာဘွေကို ရောက်လာခဲ့ပါတယ်။

“တောရိုင်းတိရစ္ဆာန်တွေ တရားမဝင် တိတ်တိတ်ခိုးပြီး သတ်ဖြတ်မှု အလွန်ကြီးကျယ်တဲ့ စီးပွားရေး လုပ်ငန်းကြီးတခု ဖြစ်လာရုံမက ထိပ်သီးပိုင်းက ကြီးကြီးလူတွေ ပါဝင်နေတယ်။ ကြီးကြီးလူဆိုတာ တကယ့် ထိပ်သီးအာဏာပိုင်အဆင့်က လူတွေကို ဆိုလိုပါတယ်။ အဲဒီလို တိရစ္ဆာန်တွေကို တရားမဝင် သတ်ပြီး ဆင်စွယ်တွေ၊ ကြံ့ချိုတွေ မှောင်ခိုထုတ်ရောင်းနေတာကို ပိတ်ပင်းတားမြစ်ဖို့ လိုပါတယ်။

ဆင်အုပ်ကြီး တအုပ်လုံးမိုင်းဗုံးတွေ ထောင်ထားတဲ့နေရာကို မောင်းသွင်းပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ ဓာတ်ပုံတွေ ခင်ဗျားမြင်ရပြီးပြီ မဟုတ်လား။ ဇင်ဘာဘွေမှာ အဲဒီလို တိရစ္ဆာန်တွေ ခိုးသတ်နေတာကို အကြီးအကျယ် စနစ်တကျ လုပ်နေပုံက ထိပ်သီးပိုင်း ပုဂ္ဂိုလ်ကြီးကြီးတယောက် ပါဝင်ပတ်သက်နေတယ်လို့ သင်္ကာမကင်း ဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် အဲဒီလုပ်ရပ်ကို ဖြစ်တဲ့နည်းနဲ့ ရပ်ဆိုင်းပစ်ဖို့လိုတယ်” (စာမျက်နှာ ၃၉၊ ၄ဝ- မှ)

(၄)

ဇာတ်လမ်းမှာ ရှားပါးတိရစ္ဆာန်များသတ်ဖြတ်မှုကို ကာကွယ်ထိန်းသိမ်းသွားရန်ဟု ဆိုသော်လည်း ဇင်ဘာဘွေနိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူနေမှု ဘဝအခြေအနေများကို သိရှိရတဲ့အပြင် အစိုးရအဖွဲ့အတွင်း အာဏာနေရာလုကြပုံ၊  ဒီလိုပဋိပက္ခများအကြား အတင်းအဓမ္မ ရက်ရက်စက်စက် သတ်ဖြတ်မှုများ၊ လူမျိုးစုများရဲ့ အစွဲ၊ ယုံကြည်မှု၊ ဓလေ့စရိုက်တို့ကိုလည်း သည်းထိတ်ရင်ဖို လှိုက်မောဖွယ်ဖြစ်အောင် ရေးသားထားတာ တွေ့ရှိရပါတယ်။

ဆရာတက္ကသိုလ်နေဝင်းရဲ့ ဘာသာပြန်အရေးအသားကြောင့် အသက်ဝင်လှပါတယ်။ ဇင်ဘာဘွေနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ၊ အာဖရိကတိုက်ရဲ့ ရိုးရာယဉ်ကျေးမှု၊ ဓလေ့စရိုက်တို့ကို စိတ်ဝင်စားတယ်ဆိုရင် လေ့လာဖတ်ရှုသင့်သော စာအုပ်ကောင်းတအုပ် ဖြစ်ပါတယ်။