တိုက်စားခြင်း

ပရင့်ထုတ်ရန်

Thank-you-for-smoking
ဇာတ်ကားအမည်              Thank You For Smoking
ဒါရိုက်တာ                       Jason Reitman
စာရေးဆရာ                     Jason Reitman (screenplay)
Christopher Buckley (novel)
အဓိကဇာတ်ဆောင်           Aaron Eckhart,Maria Bello,Cameron Bright,Adam Brody,
Sam Elliott, Katie Holmes,David Koechner,
RobLowe,William Macy, J Simmons
အမျိုးအစား                     Comedy / Drama          

ဆေးလိပ်၊ စီးကရက်ကြောင့် အဆုတ်ရောဂါအပြင် ကင်ဆာရောဂါများနဲ့ လူအမြောက်အမြားဟာ နေ့စဉ် သေဆုံးနေကြရပါတယ်။ ကိုယ်တိုင်မသောက်သော်လည်း အနီးအနားမှာ သောက်နေတဲ့ လူဆီက အခိုးအငွေ့ကို ရှူရှိုက်မိရင်လည်း ရောဂါဖြစ်နိုင်ပါတယ်။

သဘာဝဘေးအန္တရာယ်တွေ၊ စစ်ရဲ့အနိဋ္ဌာရုံတွေ၊ ဗုံးတွေကြဲချလို့ လူပေါင်းများစွာ သေဆုံးခဲ့ကြရသလို၊ စီးကရက်၊ ဆေးလိပ် မီးခိုးငွေ့များရဲ့ ထိုးနှက်တိုက်ခိုက်မှုကြောင့် သေရတဲ့လူတွေလည်း နည်းမှာ မဟုတ်ပါဘူး။

‘နစ်ခ်နေလာ’ (Aaron Eckhart) မှာ American Tobacco Studies အဖွဲ့အစည်းမှ ပြောရေးဆိုခွင့်ရှိသူတယောက် ဖြစ်ပါတယ်။  သူတို့အဖွဲ့ကို အဓိကထောက်ပံ့ပေးနေတာက  စီးကရက်ကုမ္ပဏီကြီးတခု ဖြစ်ပါတယ်။ ‘နစ်ခ်’ မှာ အရင်းနှီးဆုံး မိတ်ဆွေ ၂ ဦးရှိပြီး တဦးက အရက်ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူ ‘ပေါ်လီ’ (Maria Bello) ပါ၊ နောက်တဦးကတော့ သေနတ်များကို ရောင်းအားမြှင့်သူ ‘ဘော်ဘီ’ (David Koechner) တို့ ဖြစ်ပါတယ်။ အပတ်စဉ် သူတို့သူငယ်ချင်း ၃ ယောက် ဆုံကြပြီး ဘယ်သူက လူများများ ပိုသတ်နိုင်သလဲဆိုတာကို ပြိုင်လေ့ရှိကြပါတယ်။ သူတို့ကိုယ် သူတို့လည်း Merchants of Death (MOD) လို့ နာမည်ပေးထားကြပါတယ်။

အမေရိကန်မှာ စီးကရက်ကြောင့် လူသေရတာ အများဆုံးဖြစ်တယ်။ နေ့စဉ် စီးကရက်ကြောင့် လူ ၁၂ဝဝ သေဆုံးမှုရှိပြီး၊ နှစ်စဉ်ဆိုရင် ၅ သန်းနီးပါး ရှိတယ်လို့ ဆိုပါတယ်။ အရက်ကြောင့် သေဆုံးရသူကတော့ နေ့စဉ် ၂၇ဝ သာ ရှိပြီး၊ သေနတ်ကြောင့် သေရသူမှာ တနှစ်ကိုမှ တသောင်းကျော်ပဲ ရှိတယ်လို့ ဆိုတယ်။ ဗာမောင့်ပြည်နယ်မှ လွှတ်တော်အမတ် ‘ဖီနစ်စတာ’ (William Macy) က စီးကရက်များကို အလွန်မုန်းသူတယောက် ဖြစ်ပါတယ်။ စီးကရက်ဘူးခွံများမှာ အန္တရာယ်ရှိတယ်ဆိုတဲ့ စာတန်းကပ်မယ့်အစား အရိုးခေါင်းပုံတပ်ခြင်းက လူတွေကို ပိုပြီး သတိပေးရာရောက်တယ်လို့ အစိုးရကို အကြံပြုပါတယ်။ ဖီနစ်စတာရဲ့ အကြံပေးချက်ကြောင့် ‘နစ်ခ်’ ရဲ့ သူဋ္ဌေး ‘ဘီအာ’ (J Simmons) မှာ အလွန်စိတ်ပျက်နေပါတယ်။

တဖက်ကလည်း နစ်ခ်က သူရဲ့သူဋ္ဌေးကို လူတွေစီးကရက် များများသောက်ဖြစ်အောင် ဆွဲဆောင်ဖို့လိုကြောင်း အကြံတမျိုးပေးပါတယ်။ ဒီလိုလူများ ပိုပြီး သိအောင် ဆွဲဆောင်ရာမှာ ရုပ်ရှင်ဇာတ်ကားများထဲတွင် သရုပ်ဆောင်များကို စီးကရက်သောက်ခိုင်းရမှာ ဖြစ်တယ်လို့ နစ်ခ်က အကြံပေးပါတယ်။ နစ်ခ်ရဲ့ အကြံပေးချက်ကို ဘီအာ သဘောကျသွားပါတယ်။

နစ်ခ်ကို ကယ်လီဖိုးနီးယားရှိ ရုပ်ရှင်ကုမ္ပဏီအကြီးအကဲ ‘ဂျက်ဖရီ’ (Rob Lowe) နဲ့ သွားရောက်တွေ့ဆုံပြီး ဆွေးနွေးစေပါတယ်။ ဂျက်ဖရီက အရှေ့တိုင်း အနုပညာလက်ရာများကို နှစ်သက်ပြီး ငွေရရင် ဘာမဆိုလုပ်မယ့် အလွန်ချမ်းသာတဲ့ ခပ်ကြောင်ကြောင် လူတယောက်ပါ။

အနာဂတ် အာကာသအကြောင်း ရုပ်ရှင်တကား ရိုက်မှာဖြစ်ပြီး၊ အဲဒီရုပ်ရှင်မှာ ဘရက်ဒ်ပစ်နဲ့ ကတ်သရင်း ဇီတာဂျုံးစ်တို့ကို စီးကရက်သောက်ခိုင်းမယ့်အခန်း ထည့်ရိုက်မှာဖြစ်ကြောင်း ဆွေးနွေးကြပါတယ်။ ဂျက်ဖရီက သူ့ရဲ့ ဇာတ်ကားထဲမှာ စီးကရက်သောက်တဲ့ ဇာတ်ဝင်ခန်းတွေ ထည့်သုံးရတဲ့အတွက် ငွေသန်းပေါင်းများစွာ တောင်းပါတယ်။

ကယ်လီးဖိုးနီးယား ရောက်နေခိုက်မှာပဲ နစ်ခ်ဟာ Talk Show Host ဒင်းစနစ်ခ်မေလာနဲ့လည်း တွေ့တယ်။ အဲဒီလို show လုပ်နေချိန်မှာ ပရိသတ်တယောက်က show ကို ဖုန်းဆက်လာတယ်။ နစ်ခ်က လူတွေအများကြီး သေစေနေတဲ့ စီးကရက်ရောင်းအား မြှင့်တင်ပေးနေသူဖြစ်တာမို့ သူ့အား ချောင်းသတ်ဖို့ ကြံစည်ထားကြောင်း ဖုန်းဆက်လာတာပါ။ ကုမ္ပဏီက သူ့အတွက် သက်တော်စောင့်များ ထားပေးသော်လည်း သူက လက်မခံပါဘူး။

ဝါရှင်တန်ဒီစီမှာ သတင်းထောက်မလေး ‘ဟတ်သာ’ (Katie Holmes) က သူ့ကို တွေ့ဆုံမေးမြန်းပါတယ်။ သူမက အခွင့်အရေး ပေးတဲ့အတွက် သူတို့ တညအတူ အိပ်ခဲ့ကြပါတယ်။ ‘ဟတ်သာ’ က ချော့မော့ပြီး မေးတာကြောင့် ကယ်လီဖိုးနီးယားမှာ သူကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေ၊ သူ့ရဲ့အမြင်တွေကို ပြောပြလိုက်မိပါတယ်။

တနေ့ နစ်ခ် လမ်းလျှောက်နေရင်း လူတယောက်က သူ့ကို အတင်းဖမ်းချုပ်ပြီး ဗင်န်ကားထဲ ဖမ်းခေါ်သွားပါတယ်။ သူသတိရတဲ့အချိန်မှာ ဆေးရုံပေါ် ရောက်နေပါတယ်။ သူအဖမ်းခံရပြီးနောက် သူ့တကိုယ်လုံးကို နစ်ကိုတင်း Patch တွေ အများအပြား ကပ်ပေးလိုက်ကြပါတယ်။

နစ်ကိုတင်း Patch ဆိုတာက ဆေးလိပ်ဖြတ်ချင်သူတိုင်း တဖြည်းဖြည်း ဖြတ်နိုင်ရန် တနေ့တခု ကပ်ပေးရတဲ့ Patch ဖြစ်ပါတယ်။ ဒါပေမဲ့ သူက အများကြီး အကပ်ခံရတော့ ဆေးရုံကို ရောက်သွားခဲ့တာပါ။ စီးကရက် အများအပြား သောက်ခဲ့သူမို့ ဒီလိုအများကြီး အကပ်ခံရပေမယ့် မသေခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီအတွက် သူက စီးကရက်ကိုတောင် ကျေးဇူးတင်နေပုံရပါသေးတယ်။

လွှတ်တော်အမတ် ဖီနစ်စတာက နစ်ခ် ဒီလိုဖြစ်တဲ့အပေါ် ဝမ်းမသာနိုင်ရှာပါဘူး။ လူတွေက နစ်ခ်ကို Victim အဖြစ် မြင်သွားကြမှာကို စိုးရိမ်နေတယ်။ နစ်ခ်ရဲ့ သူဋ္ဌေး ဘီအာကတော့ နစ်ခ်ရဲ့ အခြေအနေကို အသုံးချနိုင်မှာမို့ ဝမ်းသာနေပါတယ်။

နောက်မကြာမီမှာပဲ သတင်းထောက်မလေး ဟတ်သာက နစ်ခ် ပြောခဲ့သမျှတွေကို ဆောင်းပါးထဲမှာ ထည့်ရေးလိုက်ပါတယ်။ ကယ်လီးဖိုးနီးယားမှာ ဖြစ်ခဲ့တာတွေ၊ ငွေရဖို့အတွက် စီးကရက်ဘက်က ရပ်တည်ရတာပါ ဆိုတာတွေ ထည့်ရေးလိုက်တယ်။ အဲဒီအတွက် နစ်ခ်ရဲ့ သူဋ္ဌေး ဘီအာက နစ်ခ်ကို အလုပ်ဖြုတ်ပစ်လိုက်ပါတယ်။

နစ်ခ်ဘက်ကလည်း သတင်းထောက်တွေနဲ့တွေ့ပြီး ဟတ်သာမှာ သူနဲ့အိပ်ပြီး သူ့ကို အသုံးချသွားတာဖြစ်ကြောင်း၊ နောက်သူ့မှာ အလုပ်မရှိတော့ပေမယ့် ဖီနစ်စတာကို ရှောင်နေမှာ မဟုတ်ကြောင်း ဖွင့်ချလိုက်ပါတယ်။

လွှတ်တော်အမတ် ဖီနစ်စတာက စီးကရက်ဘူးခွံများတွင် အရိုးခေါင်းပုံကပ်တဲ့ ဥပဒေကို ပြဋ္ဌာန်းလိုပါတယ်။ ဒါဟာ အင်္ဂလိပ်စာ မတတ်သူတွေအတွက်ပါ အကျုံးဝင်စေတယ်လို့ ဆိုပါတယ်။ နောက်ဆုံးဥပဒေအဖြစ် ဆုံးဖြတ်လိုက်ကြပါတယ်။ နစ်ခ်ကလည်း ဒီဥပဒေနဲ့ပတ်သတ်ပြီး ပြန်လည်ချေပပါတယ်။ လူတွေကို သေစေနိုင်တဲ့ ဘိုအင်း ဂျက်လေယာဉ်ပျံတွေမှာလည်း အရိုးခေါင်းပုံကပ်ဖို့ ပြန်ပြီး ဆွေးနွေးပါတယ်။ သူရဲ့ဆွေးနွေးချက်ကို သူ့သူဋ္ဌေး ဘီအာက သဘောကျပြီး သူ့ကို အလုပ်ပြန်ခန့်ဖို့ ကမ်းလှမ်းလာပါတယ်။ ဒါပေမဲ့ သူက လက်မခံတော့ဘဲ နောက်ဆုံးမှာ လူများ၊ ကုမ္ပဏီများကို အကြံပေးတဲ့ ကုမ္ပဏီတခုကို ကိုယ်ပိုင်ဖွင့်ဖို့ ရွေးချယ်လိုက်တာနဲ့ ဇာတ်လမ်းကို အဆုံးသတ်ထားပါတယ်။