အောက်ခြေသန်းတစ်ထောင်နှင့် ကျွန်တော်တို့ မြန်မာပြည်

ပရင့်ထုတ်ရန်

အခုတလော မှတ်မှတ်ရရဖြစ်နေမိတာက ဆရာမဂျူးရဲ့ အောက်ခြေသန်းတစ်ထောင် (Paul Collier ရဲ့ The Bottom Billion) စာအုပ်ပါ။

အကြောင်းကတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေ၊ ဆင်းရဲမွဲတွေမှုနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံတွေမှာ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် ရတဲ့အခါ နှောင့်နှေးမှုတွေ (တစ်နည်းအားဖြင့် အသွင်ကူးပြောင်းရေးဆောင်ရွက်ရာမှာ)၊ ဆင်းရဲတွင်းကနေ ရုန်းထွက် ရာမှာ ရင်ဆိုင်ရတဲ့ အခက်အခဲတွေ ဖွံ့ဖြိုးတိုးတက်မှုကို တားဆီးသည့် ထောင်ချောက်(Development traps) တွေ အကြောင်းကို သိခွင့်ရလိုက်လို့ပါ။

အဲဒီအခက်အခဲ ထောင်ချောက်တွေက

၁။ ပြည်တွင်းစစ် ပဋိပက္ခထောင်ချောက်
၂။ သဘာဝသယံဇာတ ထောင်ချောက်
၃။ ဆိုးဝါးသော အိမ်နီးချင်းနိုင်ငံများကြားတွင် ပိတ်မိနေသော ထောင်ချောက်
၎။ နိုင်ငံငယ်လေးတွင် စီမံအုပ်ချုပ်မှု ညံ့ဖျင်းနေခြင်းဟူသော ထောင်ချောက်တို့ ဖြစ်ပါတယ်။

မောရစ်သျှ (Mauritius)၊ မာဒါဂတ်စ်ကာ(Madagasca) စတဲ့ နိုင်ငံများက အဲဒီထောင်ချောက်တွေကနေ ရုန်းထွက် လွတ်မြောက်ခဲ့သလို ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေရဆဲ၊ ထောင်ချောက်တွေထဲမှာ ပိတ်မိနေဆဲဖြစ်တဲ့ မာလာဝီ၊ ဇဲစတဲ့ အာဖရိကနိုင်ငံငယ်များကို ဥပမာပေးထားပါတယ်။

အာဖရိကနိုင်ငံငယ်တွေကို ဥပမာပေးထားတယ်ဆိုသော်ငြားလည်း အဲဒီခေါင်းစဉ်လေးခုကိုမြင်ရုံနဲ့ ကျွန်တော်တို့
မြန်မာပြည်ဟာလည်း အဲဒီအခက်အခဲတွေနဲ့ အဲဒီထောင်ချောက်တွေ ပိတ်မိနေတယ်ဆိုတာကို ငြင်းလို့ရမယ် မထင်ပါဘူး။

ဟုတ်ပါတယ် “Paul Collier ရဲ့ စာရင်းအရ အဲဒီထောင်ချောက်တွေက မလွတ်သေးတဲ့ နိုင်ငံ ၅၈ နိုင်ငံရှိ ပါသတဲ့” ကျွန်တော်တို့ မြန်မာနိုင်ငံ အပါအ၀င်ပေါ့။ မပါခံနိုင်ရိုးလား “ကျွန်တော်တို့ မြန်မာပြည်ဟာ ပြည်တွင်းစစ် ပဋိပက္ခဖြစ် တဲ့ ထောင်ချောက်နံပတ်၁ထဲမှာ တ၀ဲဝဲလည်နေတာ နှစ်ပေါင်းအတော်ကြာခဲ့ပြီလေ”။

နှစ်ဦးနှစ်ဖက်လုံးရဲ့ စစ်အသုံးစရိတ်တွေ ဘယ်လောက်ကုန်ကျပြီး နိုင်ငံတော်ဘဏ္ဍာတွေ မည်ရွေ့မည်မျှ ပွန်းပဲ့နေ သလဲ။ စစ်ရဲ့ ဓားစာခံအဖြစ်နဲ့ အသက်တွေ သွေးတွေ ဘယ်လောက် ပေးဆပ်စတေးခဲ့ကြရသလဲ။ စစ်ဘေးဒုက္ခသည်
တွေရဲ့ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ကလေးသူငယ်တွေရဲ့ ပညာရေးတွေ ဘယ်လောက် ထိခိုက်ကြရသလဲ။
နုနယ်လှတဲ့ အဲဒီကလေးတွေမှာ စိတ်ဒဏ်ရာတွေ ဘယ်လောက်များ ပြည့်နှက်နေမလဲ” ဆိုတာတွေကို တွေးကြည့်ရုံ နဲ့တင် အနာဂတ်အတွက် အတော်လေး ရင်လေးစရာ ကောင်းနေပါပြီ။ အဲဒါကြောင့်လည်း စစ်ကြောင့် ဒုက္ခပင်လယ်
ဝေနေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေရော၊ စစ်ရဲ့ဒုက္ခကို တိုက်ရိုက်မခံစားရတဲ့ပြည်သူတွေရော အဲဒီပြည်တွင်းစစ်ကို ချုပ်ငြိမ်းစေချင်ကြသော်လည်း အခုလတ်တလောအထိတော့ ပြည်တွင်းမှာ ပဋိပက္ခတွေနဲ့ မငြိမ်သက်သလို ယမ်းငွေ့တွေ ဝေနေဆဲပါ။

ပတ္တမြား၊ ကျွန်းသစ်၊ ကျောက်စိမ်း၊ သဘာဝဓာတ်ငွေ့တို့လို သဘာဝသယံဇာတတွေ ပေါများတဲ့ ကျွန်တော်တို့
မြန်မာနိုင်ငံမှာ ထောင်ချောက်နံပတ် ၂ ဖြစ်တဲ့ သဘာဝသယံဇာ ထောင်ချောက်ဆိုတာကလည်း မြစ်ဆုံစီမံကိန်းလို၊ လက်ပန်းတောင်းတောင်စီမံကိန်းလို သာဓကတွေ အထင်အရှား ရှိနေတယ်လေ။ “ဖွံ့ ဖြိုးဆဲနိုင်ငံတစ်ခုအနေနဲ့ သဘာဝသယံဇာတတွေကို ထုတ်ယူသုံးစွဲရတာ ဓမ္မတာဖြစ်ပေမယ့် ရှေ့မျိုး ဆက်ပေါင်းများစွာရဲ့ အမွေအနှစ်ဖြစ်တဲ့ အဲဒီ သယံဇာတအရင်းအမြစ်တွေကို ထုတ်ယူသုံးစွဲတဲ့အခါ စီမံ ခန့်ခွဲမှု လွဲချော်ညံ့ဖျင်းရင် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး အတွက် တစ်စုံတစ်ရာ အကျိုးဖြစ်ထွန်းမှာ မဟုတ်ဘဲ လေလွင့် ကုန်ဆုံးသွားမယ်ဆိုတာကိုလည်း အလွန်သတိပြုစရာ
ကောင်းတဲ့ အချက်ပါ။

အဲဒီထောင်ချောက်တွေမှာ Black hole လို့ခေါ်တဲ့ အာကာသထဲက မမြင်ရသည့် ဆွဲငင်အားတွေလို အထဲကျသွားရင်
ပြန်တက်လာဖို့ မဖြစ်နိုင်လောက်တဲ့ အခြေအနေ မဟုတ်ကြောင်း၊ ခက်ခဲပေမယ့် ကြိုး စားရင်ပြန်တက်နိုင်ကြောင်း သိလိုက်ရလို့ အနည်းငယ် စိတ်သက်သာရာ ရမိပါတယ်။

မိုဘိုင်းဘဏ်စနစ် (Mobile Banking)၊ လျှပ်စစ်ဖြန့်ဖြူးခြင်း(Electricity)နှင့် အလုပ်အကိုင်အခွင့်အလမ်း (Jobs)
တွေက နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ အခြေခံအဖြစ် ပြောင်းလဲနိုင်တဲ့ အချက်တွေဖြစ်ကြောင်း သိ ရသလို၊ ကမ္ဘာမှာ စီမံအုပ်ချုပ်မှုအကောင်းဆုံးဖြစ်တဲ့ နိုင်ငံမှာ ဂျာမနီနိုင်ငံဖြစ်ကြောင်းနဲ့ အဆိုးဆုံး ဖြစ်ရာကနေ သင်ခန်းစာယူပြီး
နောက်ထပ် မဖြစ်စေဖို့ အားလုံး ၀ိုင်းဝန်းကြိုးစားခဲ့ကြောင်းလည်း သိလိုက်ရပါတယ်။

ကျွန်တော်တို့ မြန်မာပြည် နိုင်ငံသားများအားလုံး (အထူးသဖြင့် အခွင့်အာဏာ လက်ဝယ်ရှိသူများ) လည်း ဂျာမနီနိုင်ငံ ကို သင်ခန်းစာယူပြီး အားလုံး တစ်ညီတစ်ညွတ်တည်း ၀ိုင်းဝန်းကြိုးစားကြပါက အဲဒီထောင်ချောက် ၄ ခုမှာ ကျရောက်
နေတဲ့ အောက်ခြေ သန်းတစ်ထောင်ထဲတွင် ပါဝင်သော ၅၈ နိုင်ငံစာရင်းမှ အမြန်ဆုံး လွတ်မြောက်နိုင်ပါကြောင်း။