တတိယလုပွဲ ဂိုးပြတ်မှာလား

ပရင့်ထုတ်ရန်


တတိယလုပွဲ  ပွဲကြို သုံးသပ်ချက်

၂ဝ၁ဝ ဖီဖာ ကမ္ဘာ့ဖလား တတိယနေရာ လုပွဲကို ဒီကနေ့ ညမှာ ယှဉ်ပြိုင်ကစားတော့မှာပါ။ ကမ္ဘာ့အဆင့် ၆ ဂျာမဏီနဲ့ ကမ္ဘာ့အဆင့် ၁၆ ဥရုဂွေးတို့ တွေ့ကြမယ့်ပွဲပါ။ ကမ္ဘာ့ဖလား ၃ ကြိမ်ရ ဂျာမဏီနဲ ကမ္ဘာ့ဖလား ၂ ကြိမ်ရ ဥရုဂွေးတို့ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားမှာ ဒီ ၂ သင်း ၂ ကြိမ်ဆုံဖူးပြီး၊ ဂျာမဏီက တကြိမ်နိုင်၊ တကြိမ်က သရေကျခဲ့ပါတယ်။ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၁၉၉၃ ခုနှစ်တုန်းက ဂျာမဏီက ဥရုဂွေးကို ၅ ဂိုးပြတ်နဲ့ နိုင်ထားဖူးပါတယ်။

ဂျာမဏီက ကမ္ဘာ့ဖလား တတိယနေရာလုပွဲကို ၅ ကြိမ်တိုင်တိုင် ရောက်ဖူးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂ဝဝ၆ ခုနှစ်မှာ ပေါ်တူဂီကို အနိုင်ကစားပြီး၊ တတိယ ရထားတဲ့ အသင်းလည်း ဖြစ်ပါတယ်။ ဥရုဂွေးကတော့ ၁၉၇ဝ ခုနှစ် နောက်ပိုင်း ဒီတကြိမ်ပဲ တတိယနေရာလုပွဲ ရောက်တာပါ။

၂ဝ၁ဝ ကမ္ဘာ့ဖလားမှာ ဂျာမဏီအသင်းက ရေပန်းစားတဲ့ နေရာမှာ ဥရုဂွေးထက် သာပါတယ်။

ဖြစ်သန်းခဲ့တာကို ပြန်ကြည့်ရင် ဂျာမဏီက ထိပ်သီးအသင်းတွေဖြစ်တဲ့ အင်္ဂလန်တို့၊ အာဂျင်တီးနားတို့ကို ရုန်းကန်ကျော်ဖြတ်ခဲ့ရပြီး၊ ဥရုဂွေးကတော့ ဂျာမဏီလောက် ပွဲကျပ်ဖြတ်သန်းခဲ့ရတာ မရှိပါဘူး။

ဂျာမဏီက အခုချိန်ထိ သွင်းဂိုး ၁၃ ဂိုး၊ ပေးဂိုး ၃ ဂိုး၊ ဥရုဂွေးက (ပင်နယ်တီမပါ) သွင်းဂိုး ၈ ဂိုး၊ ပေးဂိုး ၅ ဂိုး ရှိပါတယ်။

ပွဲပယ်နဲ့ ဒဏ်ရာပြဿနာပိုင်းကို ကြည့်ရင်တော့ ဂျာမဏီမှာ နောက်ခံလူ ဖီလစ်လမ်း ဖျားနေပေမယ့် ပွဲကစားနိုင်မှာပါ။ ပွဲပယ်ခံထားရတဲ့ ရှေ့တန်းလူ မူလာလည်း ပြန်ပါလာဖို့ ရှိပါတယ်။ ဥရုဂွေးက ပွဲပယ်ခံထားရတဲ့ တိုက်စစ်မှူး ဆွာရက် ပြန်ပါလာလို့ ဥရုဂွေးတိုက်စစ် ပိုအသက်ဝင်လာဖို့ ရှိနေပါတယ်။ ဖော်လန်လည်း ဒဏ်ရာပြဿနာ ရှိပေမယ့် ပွဲထွက်စာရင်းမှာ ပါလာဖို့ များပါတယ်။

ဂျာမဏီက ပြီးခဲ့တဲ့ ဆီမီးဖိုင်နယ်မှာ စပိန်ကို ရှုံးထားတာက ကစားသမားတွေအတွက် ဖိအား များစေနေပါတယ်။ ဥရုဂွေးကတော့ ဘာဖိအားမှ ရှိမနေပါဘူး။ ဒီအဆင့် ရောက်လာတဲ့အတွက် ကစားသမားတွေ အားတက်ပြီး ရုန်းဖို့ပဲ ရှိပါတယ်။

ကွင်းလယ်ကစားအားက ဂျာမဏီ သာပြီး၊ နောက်တန်းစုဖွဲ့မှုမှာတော့ ဒီနှစ်သင်း ခြေညီပါတယ်။

ရှေ့တန်းမှာတော့ ကလိုဆေးနဲ့ မူလာတို့က ဖော်လန်နဲ့ ဆွာရက်တို့ထက် နှာတဖျား သာနေပါတယ်။

ဂျာမဏီက ထုံးစံအတိုင်း ၄ - ၂ - ၃ - ၁ နဲ့ ပွဲထွက်လာမှာ ဖြစ်ပြီး၊ ဥရုဂွေးကလည်း ၄ - ၃ - ၃ နဲ့ပဲ ပွဲထွက်လာမှာပါ။

ဥရုဂွေးနည်းပြ အော်စကာတေဘာရက်ကတော့ ဂျာမဏီအသင်းကို ရေကုန်ရေခမ်း ခြေကုန်ထုတ်ကစားမယ်လို့ ကြုံးဝါးထားပါတယ်။

ခြေစွမ်းအမှန် ပြန်ရမယ်ဆိုရင်တော့ ဂျာမဏီ သာပါတယ်။

ခြေစွမ်းတည်ငြိမ်တဲ့ ဥရုဂွေးလို အသင်းကို ဂိုးပြတ်အနိုင်ရမလား ဆိုတာကတော့ ပြောရခက်လှပါတယ်။