အကောင်းဆုံး ဘောလုံးသမားဆု

ပရင့်ထုတ်ရန်


(ဂျူလိုင်လ ၈ ရက်နေ့ထုတ် The Star သတင်းစာပါ Shoot 2010 အားကစားအချပ်ပိုတွင် ဖော်ပြထားသော ဆောင်းပါးရှင် Nkabeng Matshe ရေးသားသည့် “Fans Shouldn’t Choose Awards” ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုထားပါသည်။)

ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက် အမှားအယွင်းတွေနဲ့ ဂိုးဝစည်း ဗီဒီယိုစောင့်ကြည့်စနစ် ကိစ္စတွေကို အသာဘေးဖယ်ထားပြီး ဒီကမ္ဘာ့ဖလားပွဲမပြီးခင် အရေးတကြီး ပြန်လည်သုံးသပ်ဖို့လိုတဲ့ ကိစ္စကတော့ အကောင်းဆုံး ဘောလုံးသမားဆုကို ဘယ်လိုဆုံးဖြတ်ကြမလဲ ဆိုတာပါပဲ။

ဒီကမ္ဘာ့ဖလားပွဲအစမှာ ကမ္ဘာ့ဖလားပွဲသမိုင်းမှာ ပထမဦးဆုံးအဖြစ် ဘောလုံးပရိသတ်တွေက အကောင်းဆုံး ဘောလုံးသမားဆုကို ဆန္ဒမဲပေးပြီး ဆုံးဖြတ်ဖို့ ဖီဖာအဖွဲ့က ကြေညာခဲ့ပါတယ်။ “ဘောလုံးပွဲပရိသတ်ကြီးက မိမိတို့အနေနဲ့ ထိုက်တန်တယ် ထင်တယ်ဆိုတဲ့ ကစားသမားကို ရွေးချယ်ပေးဖို့ပါပဲ။ မိမိတို့အနေနဲ့ ဘယ်သူဟာ အကောင်းဆုံး ဘောလုံးသမားဖြစ်ပြီး ပြိုင်ပွဲကြီး ပြီးဆုံးသွားတဲ့ အချိန်မှာ ဘတ်ဝိုင်ဇာ ဖလား Budweiser trophy ကို ရရှိမယ်ဆိုတာကို ရွေးချယ်ကြဖို့ပါပဲ” လို့  ဖီဖာက ပြောပါတယ်။

ဒါကြောင့် ဖီဖာက ဝဘ်ဆိုဒ်တခု ဖွင့်ပြီး ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့ တောင်အာဖရိကနဲ့ မက္ကဆီကို အသင်းတို့ ဖွင့်ပွဲ ကစားပြီးချိန်က စတင်လို့ ဆန္ဒမဲတွေ စတင်ပေးနိုင်ကြောင်း ကြေညာခဲ့ပါတယ်။

အဲဒီပထမပွဲမှာ တောင်အာဖရိကအသင်းက စီဖီဝေး ရှာဘလာလာ Siphiwe Tshabalala က လှလှပပ သွင်းခဲ့တဲ့ ပထမဂိုးရယ်၊ နိုင်ဂျီးရီးယား ဂိုးသမား ဗင်းဆင့် အီနီရဲမား Vincent Enyeama က အာဂျင်တီးနား သွင်းလိုက်တဲ့ ဂိုးကို ကယ်ဆယ်လိုက်နိုင်ခဲ့တာရယ်ကိုတော့ ဘယ်သူကမှ အငြင်းမပွားဘဲ အကောင်းဆုံး ဘောသမားတွေအဖြစ် ထိုပွဲတွေအပြီးမှာ မဲဆန္ဒပေးခဲ့ကြပါတယ်။ အဲဒီတုန်းကတော့ အားကစားပရိသတ်တွေဟာ မိမိတို့ လုပ်သင့်လုပ်ထိုက်တာကို လုပ်နိုင်ခဲ့ကြတယ်လို့ ထင်စရာပါပဲ။

အဲဒီနောက်ပိုင်း ပွဲစဉ်တွေ ဆက်ကစားအပြီးမှာတော့ မဲပေးပုံတွေဟာ စိုးရိမ်စရာ၊ စိတ်ပျက်စရာ ကောင်းတာတွေကို တွေ့ရှိလာရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နာမည်ကြီးတဲ့ သူတွေကိုပဲ မဲတွေ ပေးလိုက်လာတာမို့ပါ။ သူတို့တတွေ ဘယ်လိုဘယ်ပုံ ကစားခဲ့တယ်ဆိုတာကို ထည့်မတွက်ကြတော့ပါဘူး။ တကယ့်ကို ကောင်းကောင်းကစားနိုင်ခဲ့တဲ့ ကစားသမားတွေကိုတော့ လျစ်လျူရှုထားခဲ့ကြပါတယ်။

ဥပမာတချို့ကို တင်ပြရမယ်ဆိုရင် - ပေါ်တူဂီအသင်းက နာမည်ကြီးတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုကို သူကစားခဲ့တဲ့ ပွဲအားလုံးမှာ မဲပေးခဲ့ကြတာ၊ အီတလီအသင်းက ဒဲန်နီယယ် ဒီ ရော့ဆီကို နယူးဇီလန်နဲ့ ကစားတဲ့ ပွဲအပြီးမှာ မဲပေးခဲ့ကြတာ (အဲဒီပွဲမှာ နယူးဇီလန်ဂိုးသမား မာ့က် ပက်တာဆင်ဟာ အီတလီအသင်းက သွင်းတဲ့ ဂိုးတွေကို လှလှပပကယ်ဆယ်ခဲ့ပါတယ်) တွေပါ။

ဖီဖာက မဲပေးလိုင်စင်ပေးထားတဲ့ ဘောပွဲပရိသတ်ရဲ့ မဲတွေကို စိစစ်ကြည့်လိုက်ရင် စိတ်ဝင်စားစရာကောင်းတဲ့ အချက်က ဆီမီးဖိုင်နယ်ပွဲတွေ မတိုင်မီ ကစားပြီးသမျှ ပွဲပေါင်း ၆ဝ အနက် ၉ ပွဲမှာပဲ ရှေ့တန်းလူတွေနဲ့ အလယ်တန်း လူတွေမဟုတ်တဲ့ ကစားသမားတွေ မဲ ရရှိခဲ့ကြပါတယ်။ ဆိုလိုတာက နောက်တန်းကစားသမားတွေနဲ့ ဂိုးသမားတွေဟာ ဒီဆုဖလားနဲ့ မတန်သလိုမျိုး ဖြစ်နေပါတယ်။ ရှုံးထွက်အဆင့် ပြိုင်ပွဲတလျှေက်လုံးမှာ ဂိုးသမားနဲ့ နောက်တန်းလူတွေတယောက်မျှ မဲမရခဲ့ကြပါဘူး။

နိုင်ဂျီးရီးယားဂိုးသမား အီနီရဲမားအပြင် တခြားထူးချွန်တဲ့ ဂိုးသမားတွေကတော့ ဟွန်ဒူးရပ်နိုင်ငံ ဂိုးသမားဖြစ်တဲ့ နိုဝယ်လ်ဗယ်လာဒရက်စ်၊ အမေရိကန် ဂိုးသမား တင်မ် ဟောင်းဝပ်၊ ဆာဗီယားဂိုးသမား ဗလာဒီမား စတိုကိုဗစ်တို့ ဖြစ်ကြပါတယ်။ ဆားဗီးယားဂိုးသမားဟာ ဂျာမဏီနဲ့ တွေ့ခဲ့တဲ့ အသင်းတွေထဲမှာ ဂျာမဏီက ဂိုးရအောင် မသွင်းနိုင်ခဲ့တဲ့ တဦးတည်းသော ဂိုးသမား ဖြစ်ပါတယ်။ အဲဒီဂိုးသမား ၄ ယောက်ဟာ ထူးထူးချွန်ချွန် ကစားခဲ့တာကြောင့် မဲရှိခဲ့ကြသူတွေ ဖြစ်ကြပါတယ်။

ဂိုးသမားရှေ့ကနေ ကစားခဲ့ကြတဲ့ နောက်တန်းကစားသမားတွေကတော့ အသိအမှတ်ပြုခံကြရတာ နည်းပါးလှပါတယ်။ ပါရာဂွေးနိုင်ငံ နောက်တန်းလူ အင်တိုလင် အယ်လ်ကာရာ့ဇ်ကတော့ ထိပ်ဆုံးက ဖော်ပြရမယ့် အကောင်းဆုံး နောက်တန်းလူ တယောက်ပါ။ သူ့ကြောင့်ပဲ ပါရာဂွေးဟာ အီတလီနဲ့ ပွဲမှာ သရေကစားနိုင်ခဲ့တာပါ။ နောက်တယောက်ကတော့ ဘရာဇီးနိုင်ငံ နောက်တန်းလူ မေကောန် ဖြစ်ပါတယ်။ သူတို့ နှစ်ယောက်ရဲ့ တူညီချက်ကတော့ နောက်တန်းသမားဖြစ်ပြီး ဂိုးတက်သွင်းနိုင်ခဲ့ကြတာပါ။ မေကောန် သွင်းခဲ့တဲ့ ထောင့်ကျဉ်းကျဉ်းလေးထဲကနေ ဝင်သွားတဲ့ ဂိုးကတော့ အကောင်းဆုံး ဂိုးတွေထဲက တဂိုး ဖြစ်ခဲ့ပါတယ်။

အင်္ဂလန်နောက်တန်းလူ အက်ရှလေ ကိုးလ်နဲ့ ဒိန်းမတ် နောက်တန်းလူ ဒဲန်နီယယ် အဂ္ဂါတို့ကိုလည်း မေ့ထားလို့ မရပါဘူး။

အလယ်တန်းလူတွေနဲ့ ရှေ့တန်းတိုက်စစ်မှူးတွေ မဲရကြတာကတော့ သဘာဝကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေက ဂိုးသွင်းတဲ့ သူတွေကိုပဲ အမြဲသတိရနေတတ်ပြီး ဂိုးသွင်းတဲ့ သူမှပဲ လူစွမ်းကောင်းဘွဲ့ တပ်ကြတာမို့ပါ။ ဂိုးမဝင်အောင် ကာကွယ်ကြရတဲ့ နောက်တန်း ကစားသမားတွေကိုတော့ မေ့ထားရိုးထုံးစံ ရှိပါတယ်။

(www.fifa.com) ဝဘ်ဆိုဒ်ပေါ်မှာ မဲပေးဖို့ လုပ်ထားတဲ့ ဖီဖာရဲ့ အစီအစဉ်ကိုတော့ အလေးအနက် ပြန်လည်သုံးသပ်ဖို့ လိုနေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဘောလုံးပရိသတ်ရဲ့ မဲပေးမှုတွေဟာ ဘောလုံးကစား နည်းစနစ်တွေပေါ် သုံးသပ်နိုင်တဲ့ အခြေခံမှုတွေ နည်းပါးနေလို့ပါပဲ။

တခုထောက်ပြချင်တာကတော့ ချီလီနဲ့ ကစားတဲ့ပွဲမှာ ဘရာဇီး တိုက်စစ်မှူး ရောဘင်ဟိုကို မဲပေးထားတာပါ။ အဲဒီပွဲကို ကြည့်ခဲ့တဲ့သူတိုင်း သဘောတူရမှာကတော့ ဂေါင်းတိုက်ဂိုးကို လှလှပပ သွင်းပြခဲ့တဲ့ နောက်တန်းလူ ဂျုအဲန် Juan ဖြစ်ပါတယ်။

အဲလစ် ပါတ်က် ဘောလုံးကွင်းမှာ ကစားခဲ့တဲ့ စပိန်နဲ့ ပါရာဂွေးပွဲမှာ စပိန်က အဲန်ဒရီ အင်နီယက်စတာကို မဲပေးခဲ့ကြတော့ အားလုံးက အံ့အားသင့်သွားခဲ့ပါတယ်။ တကယ်တော့ ဂိုးသမား အိကာ ကက်စီလာ့စ်ကသာ ပါရာဂွေးသွင်းတဲ့ ပယ်နယ်လ်တီဂိုးကို ကာကွယ်နိုင်ခဲ့ပြီး ပွဲပြီးခါနီးမှာလည်း သေချာပေါက် ဂိုး ၂ ဂိုးကို ကာကွယ်နိုင်ခဲ့တာပါ။ နို့မို့ဆိုရင် တောင်အမေရိကအသင်းတို့ အချိန်ပိုကစားပြီးဖြစ်စေ၊ ပယ်နယ်လ်တီမှာဖြစ်စေ နိုင်သွားနိုင်ပါသေးတယ်။

ပေါ်တူဂီ ရှေ့တန်းတိုက်စစ်မှူး နာမည်ကြီး ရော်နယ်လ်ဒိုဟာလည်း သူ မဲရခဲ့တဲ့ ပွဲ ၃ ပွဲစလုံးမှာပဲ အကောင်းဆုံး မဖြစ်ထိုက်ခဲ့ပါဘူး။ အဲဒီမဲတွေထဲမှာ အများဆုံး မဲဆန္ဒရှင်တွေကတော့ အမျိုးသမီးတွေပဲ ဖြစ်ပါတယ်။ ဘောလုံးကစားတာထက် ရုပ်ရည်ကိုကြည့်ပြီး မဲပေးခဲ့ပုံရပါတယ်။ ဒီတော့ ဒီ မဟာဘောလုံး  အားကစားပွဲဟာ မောင်ရွေးပွဲလို ဖြစ်နေပြီလို့ ပြောရမလားပါပဲ။ အိုင်ဗရီကို့စ်အသင်းနဲ့ ကစားတဲ့ပွဲမှာ ဂိုးမရှိ သရေကျခဲ့ပြီး သူကန်တဲ့ အဝေးကန်ဘောကလည်း ဂိုးတိုင်အပေါ် ကျော်သွားပါလျက်နဲ့ ဘာ့ကြောင့် ရော်နယ်လ်ဒိုဟာ အဲဒီပွဲမှာ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ရတာလဲ။

ဒီဖလားပွဲကြီး ပြီးသွားရင်တော့ ဖီဖာအဖွဲ့ကြီးဟာ မူလပုံစံအတိုင်းသာလျှင် အကောင်းဆုံး ဘောလုံးသမား ဆုရွေးချယ်ရေးကို ပြန်လည်ပြင်ဆင်သင့်ကြောင်း အကြံပြုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီဆုပေးအဖွဲ့မှာ  ကမ္ဘာ့ဖလား ဘောလုံးသမားဟောင်းတွေ၊ နည်းပြတွေ ပါဝင်နေတာမို့ပါ။ အခု ဘောလုံးပွဲ ပရိသတ် မဲပေးစနစ်ဟာ ဒီလုပ်ငန်းတာဝန်နဲ့ လုံးဝ ဆီလျော်အပ်စပ်ခြင်း မရှိကြောင်း ပြောချင်ပါတယ်။