ဥရောပ-တောင်အမေရိက အလှည့်ကျ သီအိုရီလား

ပရင့်ထုတ်ရန်

ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်အဆင့်ကို တက်ခဲ့တာ တောင်အမေရိက အသင်းချည်း ၄ သင်းနဲ့ အများစု ပါဝင်ခဲ့ပါတယ်။ ဥရောပက ၃ သင်းနဲ့ ဒုတိယလိုက်ပြီး၊ တောင်အာဖရိကကတော့ ၁ သင်းပဲ တက်နိုင်ခဲ့တာပါ။

၂ဝ၁ဝ ကမ္ဘာ့ဖလား မတိုင်ခင်က ဥရောပပြင်ပမြေမှာ တောင်အမေရိကအသင်းတွေပဲ ဗိုလ်စွဲလေ့ရှိတဲ့ သီအိုရီ မှန်လေမလားပေါ့။ တကယ်ပဲ တောင်အမေရိကအသင်းတွေ အများစု ကွာတားတက်ခဲ့ကြပေသကိုး။

အခု ကွာတားပွဲတွေရဲ့ ရလဒ် ထွက်ပေါ်ခဲ့ပါပြီ။ မူလသီအိုရီတွေ ကျိုးပျက်ဖို့ လမ်းလည်း များသွားခဲ့ပါပြီ။

ဆီမီးအဆင့်တက်ခဲ့တာ အားလုံးသိတဲ့အတိုင်း ဂျာမဏီ၊ စပိန်၊ နယ်သာလန် စတဲ့ ဥရောပအသင်းတွေပါ။ အစဉ်အလာမပျက် ပွတ်ကာသီကာ ပါလာတာက ဥရုဂွေး (တောင်အမေရိက) တသင်းပဲ ပါလာပါတယ်။ တောင်အမေရိကတိုက်က ဗိုလ်စွဲဖို့ ရေပန်းမစားဆုံးအသင်း ဆီမီးတက်လာနိုင်တာပါ။

ဥရောပကတော့ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အသင်းတွေ ဆီမီးတက်လာနိုင်တာ တွေ့ရပါတယ်။

ဆီမီးတက်လာတဲ့ ဥရောပအသင်းတွေကိုကြည့်ရင် ကမ္ဘာ့ဖလား ၃ ကြိမ် ရထားဖူးတဲ့ ဂျာမဏီက အစဉ်အလာ အကြီးဆုံးပါ။ နယ်သာလန်က ဗိုလ်လုပွဲ ၂ ကြိမ် တက်ဖူးပြီး။ စပိန်ကတော့ ကမ္ဘာ့ဖလားမှာ စတုတ္ထတကြိမ်သာ ရထားဖူးတဲ့ အသင်းပါ။

လက်ရှိခြေစွမ်းတွေအရ ဆိုရင်တော့ ဂျာမဏီက ဗိုလ်စွဲဖို့ အခွင့်အလမ်း များနေပါတယ်။ နယ်သာလန်လည်း ဗိုလ်လုပွဲတက်ဖို့ အခြေအနေကောင်းနိုင်ပါတယ်။ တောင်အမေရိကတိုက်က ဥရုဂွေးကလည်း ကမ္ဘာ့ဖလား ၂ ကြိမ်ရ ခေသူမဟုတ်ပါ။
oolutgy
နှစ်ပေါင်း ၅ဝ လောက် မှန်ခဲ့တဲ့ ဥရောပပြင်ပ တောင်အမေရိကတလှည့်၊ ဥရောပတလှည့် သီအိုရီ ဆက်မှန်ဖို့ ဥရုဂွေး စွမ်းဆောင်ပြသွားလေမလား။ စိတ်ဝင်တစား စောင့်ကြည့်ကြရမှာပါ။

ဥရုဂွေးဆိုတာ

၁၉၃ဝ ကမ္ဘာ့ဖလား စစချင်းနှစ်မှာကတည်းက ချန်ပီယံဖြစ်ခဲ့တဲ့ အသင်းပါ။ ၁၉၅ဝ ကမ္ဘာ့ဖလားမှာလည်း ဒုတိအကြိမ် ထပ်မံဗိုလ်စွဲခဲ့ဖူးပါတယ်။ ဒီကြားထဲနှစ်တွေမှာက ကမ္ဘာ့ဖလား ဝင်မပြိုင်ခဲ့တာနဲ့ ကမ္ဘာစစ်ဖြစ်နေတဲ့ အချိန်တွေပါ။

၁၉၅ဝ နောက်ပိုင်း ဥရုဂွေးတို့ ဘောလုံးအင်အား ချိနဲ့သွားခဲ့ပြီး၊ ၁၉၉ဝ ကျော် ကာလတွေကနေ အခုချိန်မတိုင်ခင်ထိ ကမ္ဘာ့ဘောလုံးလောကရဲ့ အမေ့ခံအသင်းကြီး ဖြစ်နေခဲ့တာပါ။

၂ဝ၁ဝ ကမ္ဘာ့ဖလားမှာတော့ ဥရုဂွေးအသင်း အုပ်စု (အေ) မှာ ပြင်သစ်၊ အိမ်ရှင် တောင်အာဖရိက၊ မက္ကဆီကိုတို့နဲ့ တအုပ်စုထဲ ကျခဲ့ပါတယ်။ အဖွင့်ပွဲမှာ နာမည်ကြီး ပြင်သစ်နဲ့ ဂိုးမရှိ သရေ၊ ဒုတိယပွဲမှာ အိမ်ရှင် တောင်အာဖရိကကို ၃ ဂိုးပြတ်နဲ့ အနိုင်ယူ၊ တခါ အုပ်စုနောက်ဆုံးပွဲမှာလည်း မက္ကဆီကို အသင်းကို တဂိုး ဂိုးမရှိနဲ့ အနိုင်ကစားပြီး၊ အုပ်စုဗိုလ်နဲ့ ရှုံးထွက်အဆင့်ကို ဝင့်ကြွားစွာ တက်ခဲ့ပါတယ်။

ရှုံးထွက်အဆင့်မှာ အာရှက တောင်ကိုရီးယားအသင်းကို ၂ ဂိုး တဂိုးနဲ့ သက်တောင့်သက်သာ အနိုင်ယူပြီး ကွာတားအဆင့် တက်ခဲ့ပြန်ပါတယ်။

ကွာတားမှာ တောင်အာဖရိကသား ဂါနာတို့နဲ့ ဆုံပြန်ပါတယ်။ ပင်နယ်တီအဆုံးအဖြတ်နဲ့ ဥရုဂွေးအသင်း ဆီမီးတက်ခဲ့တာပါ။

ဥရုဂွေး ဖြတ်သန်းခဲ့တဲ့ ပွဲတွေ ပြန်ကြည့်ရင် တောင်အမေရိကတိုက်က အသင်းတွေနဲ့ တွေ့ဆုံခဲ့ခြင်း မရှိဘဲ၊ ကျန်တိုက်တွေက အသင်းတွေနဲ့ ကစားခဲ့ပြီး ဆီမီးအဆင့် ရောက်ခဲ့တာပါ။ အခု ဆီမီးဖိုင်နယ်မှာလည်း ဥရောပ အသင်းတသင်းဖြစ်တဲ့ နယ်သာလန်နဲ့ ကစားရမှာပါ။

ဥရုဂွေးက ခံစစ်ဦးစားပေး ကစားပြီး တန်ပြန်တိုက်စစ်တွေကနေ ဂိုးတွေသွင်းလေ့ ရှိပါတယ်။ ခံစစ်ကြောင်းက အဝေးဘောရော၊ အနိမ့်ဘောတွေကိုပါ ရှင်းထုတ်ပစ်နိုင်တာ တွေ့ရပါတယ်။ ခြေစစ်ပွဲတလျှောက် အလုပ်မဖြစ်ခဲ့တဲ့ ဖော်လန်နဲ့ ဆွာရက် တိုက်စစ်အတွဲကလည်း ပြိုင်ပွဲကာလတလျှောက် အသင်းအတွက် အနိုင်ဂိုးတွေ ခြေစွမ်းပြ သွင်းနေတာကလည်း သတိမထားဘဲ မနေနိုင်လောက်အောင် ဖြစ်ပါတယ်။

ဥရုဂွေး ၂ဝ၁ဝ ကမ္ဘာ့ဖလား ဖြတ်သန်းခဲ့ပုံ ပြန်ကြည့်ရင် ပြီးခဲ့တဲ့ ၂ဝဝ၆ ကမ္ဘာ့ဖလားတုန်းက ချန်ပီယံဖြစ်ခဲ့တဲ့ အီတလီ အသင်းကို ပြန်မြင်ယောင်စေပါတယ်။

အဲ့ဒီတော့ ဥရောပပြင်ပ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ တောင်အမေရိက တလှည့်၊ ဥရောပ တလှည့်ဆိုတဲ့ သီအိုရီ ဆက်မှန်နေအောင် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အမေ့ခံကြီး ဥရုဂွေး စွမ်းဆောင်ပြနိုင်မလား ဆိုတာကတော့ ရက်ပိုင်းအတွင်း အဖြေထွက်မှာပါ။