ဘရာဇီးတို့ အိပ်မက်ပျက်၊ ဥရုဂွေးတို့ ဆီမီးတက်

ပရင့်ထုတ်ရန်

ကွာတားဖိုင်နယ်အဆင့်

(ဘရာဇီး-နယ်သာလန်)

ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်အဆင့် မနေ့တုန်းက စတင်ကစားရာမှာ ပထမပွဲစဉ်အဖြစ် ဘရာဇီး-နယ်သာလန်တို့ ကစားခဲ့ပါတယ်။ ဒီပွဲမှာ ဘရာဇီးတို့အနေနဲ့ ခြေစွမ်းကို တသမတ်ထဲ ထိန်းမထားနိုင်ခဲ့လို့ ရှုံးချက်နာရတာပါ။ အရှုံးနဲ့ ထိုက်တန်တယ်လို့ပဲ ပြောရပါတော့မယ်။

ဘရာဇီး ပထမပိုင်း ကစားပုံ ကောင်းပါတယ်။ ၂ ဂိုးလောက် ရသင့်ခဲ့ပါတယ်။

နယ်သာလန်နည်းပြ ဗန်မာဝစ်က သူ့အသင်း ပထမပိုင်းကစားပုံက ဘရာဇီးကို ရှိန်နေတယ်၊ ဒါကြောင့် သူ့ကစားသမားတွေကို ပုံမှန်အတိုင်း ကစားဖို့ အားလပ်ချိန်မှာ မှာခဲ့တယ်၊ သူပြောတဲ့အတိုင်း ကစားနိုင်လို့ အခုလို အနိုင်ရတာလို့ ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။

ဘရာဇီးနည်းပြ ဒွန်ဂါကတော့ သူ့အသင်း ဒုတိယပိုင်း ကစားပုံက ပထမပိုင်းကစားပုံနဲ့ မတူဘူး၊ ကမ္ဘာ့ဖလားလို ပွဲမျိုးမှာ အမှားအယွင်း သေးသေးလေးတွေကအစ ပွဲအဖြေကို ပြောင်းတတ်ပါတယ်၊ ရှုံးနိမ့်မှုအတွက် တာဝန်ယူတဲ့အနေနဲ့ နုတ်ထွက်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ ပြောပါတယ်။

သူဟာ လူစားလဲတာတွေ လုပ်သင့်ခဲ့ပေမယ့် မလုပ်ခဲ့ပါဘူး။

ဒီပွဲရဲ့ အကောင်းဆုံးဆုကို စနိုက်ဒါ ရသွားပါတယ်။

ကွင်းလယ် ဂျပန်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေကလည်း ပြောစရာဖြစ်နေပြီး၊ ဒီနှစ် ကမ္ဘာ့ဖလားရဲ့ ပွဲကြီးပွဲကောင်း တော်တော်များများကို ဒိုင်တွေ ဖျက်ဆီးပစ်နေတယ်လို့တောင် ဆိုချင်ပါတယ်။

ဒီပွဲမှာ စိတ်ပျက်စရာ အကောင်းဆုံးကတော့  နာမည်ကြီးကစားသမား ရော်ဘင် အိုက်တင်များနေတာပါပဲ။

ဘရာဇီး ထွက်သွားရတာ ပရိသတ်တွေအတွက်တော့ နစ်နာမှုတခုပါပဲ။

ဘရာဇီးရဲ့ ၆ ကြိမ်မြောက် ကမ္ဘာ့ဖလားအိပ်မက်တွေ အဆုံးသတ် သွားခဲ့ပါပြီ။

(ဥရုဂွေး-ဂါနာ)

ဥရုဂွေးက ကံတရား ဖေးမမှုနဲ့ အနိုင်ရသွားတာပါ။

ခြေက သိပ်ပြီး မကွာတော့ အကြိတ်အနယ် ရှိပါတယ်။

ဂါနာက ပရိသတ်အား ယူပြီး ကစားသွားခဲ့တာပါ။

ဒီပွဲမှာ တိုက်စစ်မှူး ဒီဂို ဖော်လန် ခြေစွမ်းပြ ကစားသွားပြီး အကောင်းဆုံး ဆုလည်း ရသွားပါတယ်။

ဂါနာအသင်းသားတွေ  ဒုတိယပိုင်းမှာ အမှားအယွင်း များခဲ့ပြီး၊ ဥရုဂွေး ဂိုးသမား မူစလီရာ လက်စွမ်းပြလို့ နိုင်သွားခဲ့တာလို့လည်း ပြောလို့ရပါတယ်။

ဥရုဂွေးက နှစ်ပေါင်း ၄၀ ကျော်ကြာမှာ ပထမဆုံးအကြိမ် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်တာပါ။ ဆီမီးမှာတော့ နယ်သာလန်နဲ့ ဆုံရပါလိမ့်မယ်။

တောင်အမေရိကအသင်းနဲ့ ဥရောပအသင်းတို့ ထပ်တွေ့ကြရဦးမယ့် ပွဲပါပဲ။


ပွဲကြို

(ဂျာမဏီ-အာဂျင်တီးနား)

ဒီကနေ့ ညမှာတော့ ကွာတားဖိုင်နယ် နောက်ဆုံး ဒုတိယပွဲအဖြစ် ဂျာမဏီနဲ့ အာဂျင်တီးနားတို့ ကစားပါမယ်။

ဂျာမဏီက ကမ္ဘာ့အဆင့် ၆ ၊ အာဂျင်တီးနားက ၇ ဖြစ်ပါတယ်။

ရေပန်းစားမှုမှာ အာဂျင်တီးနားကသာပြီး၊ အစဉ်အလာမှာတော့ ဂျာမဏီ ချန်ပီယံ ၃ ကြိမ် ဖြစ်ထားမှုက ပိုသာပါတယ်။

အာဂျင်တီးနားမှာ လီယွန်နယ် မက်ဆီ လေ့ကျင့်ရေး တရက် မဆင်းနိုင်ပေမယ့် ပွဲစကတည်းက ပါလာမယ်။

ကွင်းလယ်မှာ ဂျာမန်ရဲ့ ကောင်တာကို ထိန်းနိုင်ဖို့  ဒီမာရီယာ အစား ခံစစ် ပိုသန်တဲ့ ဂူတီရက်စ်နဲ့ အစားထိုးဖွယ် ရှိနေပါတယ်။ ဒါ့အပြင် ကွင်းလယ်မှာ ရောဒီကွတ်ဇ်နဲ့ ဗီရွန် ဘယ်သူကို သုံးမလဲဆိုတာလည်း မာရာဒိုနာ ဆုံးဖြတ်ရတော့မှာပါ။

တယ်ဗက်နဲ့ ဟီဂူရီရန်ကို တင်ပြီး နောက်မှာ မက်ဆီက တိုက်စစ်ကို လိုက်ပါကစားဖို့ ရှိပါတယ်။ ၄ - ၃ - ၁ - ၂ နဲ့ ပွဲထွက်လာမှာပါ။

၂ သင်းစလုံး ဒဏ်ရာရ ပွဲပယ် ပြဿနာ ကြီးကြီးမားမား မရှိပါဘူး။

ဂျာမဏီမှာ တိုက်စစ်မှူး ပိုဒေါစကီး ကြွက်သားဒဏ်ရာတော့ ရှိနေပါတယ်။ ဒါပေမဲ့ ကစားဖြစ်ဖို့ များပါတယ်။ ထုံးစံအတိုင်း ကွင်းလယ် ဖန်တီးရှင် အိုဇေး ပါမယ်။ တိုက်စစ်မှူး ကလိုဆေး၊ ပိုဒေါစကီးတို့ကို တင်ပြီး ၄ - ၂ - ၃ - ၁ နဲ့ ထွက်ဖို့ ရှိပါတယ်။

၁၉၉၀ ခုနှစ် နောက်ပိုင်းမှာ ၆ ကြိမ် ဆုံဖူးထားပြီး၊ အာဂျင်တီးနားက ၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလား ကွာတားမှာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ ဂျာမဏီကို ရှုံးထားဖူးပါတယ်။

နောက်ဆုံး ဆုံခဲ့တဲ့ ဂျာမန်မြေမှာ ကစားတဲ့ ခြေစမ်းပွဲမှာလည်း အာဂျင်တီးနားက ဂျာမဏီကို တဂိုး ဂိုးမရှိနဲ့ အနိုင်ရထားဖူးပါတယ်။ ဂျာမဏီအနေနဲ့ အာဂျင်တီးနားနဲ့တွေ့တိုင်း ခက်ခက်ခဲခဲ ရုန်းကန်ရလေ့ရှိတာကို သတိထားဖို့ ရှိပြီး၊ ဂိုးပြတ်လေ့လည်း မရှိပါဘူး။

ဂျာမဏီက ဒီပွဲမှာ ခံစစ်ကို ပိတ်ပြီး၊ ကောင်တာကနေ ကစားဖိှု့ ရှိပါတယ်။

တိုက်စစ်ပိုင်းမှာ ဟီဂူရီရန်၊ တယ်ဗက်ဇ်၊ မက်ဆီတို့က ထက်မြက်ပါတယ်။

ဒီပွဲမှာ အာဂျင်တီးနားရဲ့ တိုက်စစ်ကို ဂျာမဏီ နောက်တန်းနဲ့ မှတ်ကျောက်တင်သွားမှာပါ။

တဦးချင်း ထူးချွန်တဲ့ အာဂျင်တီးနားတို့်ရဲ့ ကစားပုံနဲ့ အသင်းလိုက် စုစည်းမှုကောင်းတဲ့ ဂျာမဏီတို့ ကစားပုံ ဘယ်သူ ပိုသာမလဲဆိုတာ ဆုံးဖြတ်ပေးသွားပါမယ်။

အာဂျင်တီးနားပဲ ဘရာဇီးနောက် လိုက်သွားမလား၊ ဂျာမဏီပဲ နယ်သာလန်ခြေရာ နင်းလေမလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

ပွဲတိုင်းလိုလို ဂိုးတွေ များများသွင်းနေပြီး၊ စိတ်အားတက်ကြွနေတဲ့ အာဂျင်တီးနားတို့ ဆီမီးရောက်ဖို့ ရှိပါတယ်။ လွယ်လွယ်နဲ့တော့ မဟုတ်ဘူးပေါ့။


(စပိန်-ပါရာဂွေး)

တော်တော်များများကတော့ ပါရာဂွေးကို အောက်အသင်းလို့ သဘောထားကျတယ်။ စပိန်ပဲ ဆီမီးတက်မယ်ပေါ့။ ဘောလုံးမှာက မထင်တာတွေ ဖြစ်တတ်ပါတယ်။ မနေ့က ကစားပွဲ ဘရာဇီးကိုပဲ ကြည့်ပါ။

စပိန်မှာ ကွင်းလယ်က မာတီနက်ဇ် ဒဏ်ရာရှိနေပေမယ့်  ကျန်တာ လူစုံပါတယ်။ စပိန်မှာ တော်ရက်စ်နဲ့ ဗယ်လာအတွဲပဲ ဆက်ပြီး ပွဲထွက်လာနိုင်ဖို့ ရှိပါတယ်။ ကွင်းလယ်မှာ အလွန်ဆို၊ ဇာဘီ၊ အင်နစ္စတာတို့ ရှိနေပြီး၊ ၄ - ၃ - ၃ နဲ့ ပွဲထွက်လာပါလိမ့်မယ်။

ပါရာဂွေးမှာ ကွင်းလယ်က ဆယ်စီရက် ပြန်ပါလာပြီး၊ တိုက်စစ်မှာ ဆန်တာခရုပ်၊ ဘာရီရို့စ်၊ ဗယ်ဒက်ဇ်တို့နဲ့ ထွက်လာဖို့ ရပါတယ်။ ၄ - ၃ - ၃ ကစားမှာပါ။

ပါရာဂွေးက ကွာတားကို ပထမဆုံးအကြိမ် တက်နိုင်တာဖြစ်ပြီး၊ စပိန်က ကမ္ဘာ့ဖလားသမိုင်းမှာ တကြိမ်မှ ဗိုလ်မစွဲဖူးသေးတဲ့ မှတ်တမ်းကို ချေဖျက်ဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။

ပါရာဂွေးက ခံစစ် ကစားပုံ ကောင်းပါတယ်။ ဒါပေမဲ့ စပိန်ကွင်းလယ်ကို ယှဉ်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

ရေပန်းစားတဲ့ စပိန်ပဲ ၁၉၅၀ နောက်ပိုင်းမှာ ပထမဆုံးအကြိမ် ဆီမီးကို တက်နိုင်မလား ဒါမှမဟုတ် ပါရာဂွေးကပဲ မထင်တာတွေ လုပ်ပြနိုင်မလားဆိုတာ စောင့်ကြည့်ကြရအောင်ပါ။

စပိန်တိုက်စစ်မှူးတွေ စောစောစီးစီး ဂိုးပေါက်တွေ့သွားရင် ဂိုးပြတ်သွားနိုင်ကြောင်းပါ။