ငွေရတု တိုင်တော့မယ့် ရှစ်လေးလုံး

ပရင့်ထုတ်ရန်

“အမိမြေ

တမ်းတစိတ်တွေကို

မီးပူထိုး ခေါက်သိမ်းထားရင်း

အညတရတွေ ပေါင်းစုကာ

သွားလေသူ ဒေါင်းတွေအတွက်

ကောင်းမှုပြုကြမယ့်

အခမ်းအနား ရိုးရိုးလေး တခုပါ” ဆိုတဲ့ စာတန်းပါ နံရံကပ် ဖိတ်ကြားစာလေးက ထိုင်း-မြန်မာနယ်စပ် နို့ဖိုး ဒုက္ခသည် စခန်း ဗုဒ္ဓဝိဟာရ ဘုန်းကြီးကျောင်းဝကနေ ရှစ်လေးလုံး ၂၄ နှစ်မြောက် အခမ်းအနား လာသူတွေကို နွေးထွေးစွာ ကြိုဆိုနေပါတယ်။

အနီရောင်နဲ့ ရေးထားတဲ့ ပိုစတာလက်ရေးနဲ့ စာသားက အမိမြေကိုတင် လွမ်းရတာမဟုတ်ဘဲ လွန်ခဲ့တဲ့ ၂၄ နှစ်က ၈၈ အရေးတော်ပုံကြီးမှာ ကျဆုံးသွားတဲ့ ရဟန်းရှင်လူ၊ ကျောင်းသား ပြည်သူတွေကိုပါ လွမ်းဆွတ်ဂုဏ်ပြု ဦးညွှတ်ရင်း မျက်ရည်ဝဲရပါတယ်။

ရှစ်လေးလုံး အခမ်းအနားကို ကျင်းပသူတွေက နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ABSDF ရဲဘော်၊ ရဲဘော်မတွေ တဖြစ်လဲ အညတရ ဒုက္ခသည်တွေပါ။ ဒီရက်ထဲမှာ ဒုက္ခသည် စခန်းလေးဟာ မိုးသက်လေပြင်းတွေကြားမှာ သစ်ပင်
တွေ ပြိုလဲပြီး တဲအိမ်လေးတွေပေါ် ပိလို့ တဲအိမ် သုံးလုံး ပြိုသွားပါရောလား။ ပြိုကျသွားတဲ့ တဲအိမ်လေးတွေပိုင်ရှင်က AB ရဲဘော်တွေရဲ့ အိမ်တွေပါ။ နေ့ခင်းမှာ တောတိုးပြီး ဟင်းစားရှာရက အပြန် မောမောနဲ့အိပ် ပျော်နေတဲ့ AB ရဲဘော် ကိုဌေးအောင်ရဲ့ တဲအိမ်ကို သစ်ပင်ပိလို့ တဲနီးချင်း နှစ်အိမ်ပါ ပါသွားတာ။ ကိုဌေးအောင်ဆီ  နီးစပ်ရာလူတွေ ပြေးသွားပြီး သစ်ကိုင်းတွေကြားက ဆွဲထုတ်ခဲ့ရတယ်။ ကျမတို့တွေ ရင်တထိတ်ထိတ်နဲ့ ကိုဌေးအောင်ကို ဘယ်လိုများ တွေ့ရမလဲ
ပေါ့။ ယောက်ျားသား သုံးယောက် ဆွဲထုတ်ပြီး ဒုက္ခသည်စခန်းထဲက ဆေးရုံလေးဆီ ပို့လိုက်ရတယ်။

ကံကောင်းချင်တော့ အုန်းဖန်က ဆရာဝန် လာရက်နဲ့ တိုက်ဆိုင်လို့ ကိုဌေးအောင်ကို  အုန်းဖန်ဆေးရုံ ပို့ပေးပါတယ်။ ရှစ်နှစ်အရွယ် သားငယ်လေးကို အိမ်နီးချင်းတွေက ခေါ်ထားတယ်။ ၁၃ နှစ်အရွယ် သမီးလေးက အဖေကို ပြုစုဖို့ ပါသွားပါတယ်။

ကိုဌေးအောင် သစ်ပင်ပိတာကို မြင်ပြီး တဲအိမ်သုံးလုံးပြိုတာကို မြင်ပြီး ဒုက္ခသည်တွေ ထိန့်လန့်တုန်လှုပ်သွားကြတယ်။ သစ်ပင်ကြီးဟာ အမြစ်ကလန်ပြီး ပင်လုံးကျွတ်လဲလို့ အိမ်ပေါ်ပိသွားတာ ဘာမှ အကောင်းအတိုင်း မရတော့ပါဘူး။ ညဘက် လေပြင်းတိုက်ရင် မအိပ်ရဲလို့ ငုတ်တုပ်နေရတဲ့ ကလေးတွေ၊ သားသည်မိခင်တွေ၊ အမျိုးသမီးတွေ တအိမ်ကို တအိမ် အသံပေးရင်း အဖေါ်ပြုနေကြရတယ်။ ကယ်သူမဲ့ ကူရာမဲ့ ဖြစ်နေတဲ့ ဒုက္ခသည်တွေ ဘယ်လိုပဲ ခံစားရ ခံစားရ အမိမြန်မာပြည်ရဲ့ မင်္ဂလာရှိတဲ့ ဘာသာရေးရက်တွေ၊ သွေးစွန်းတဲ့ သမိုင်းဝင် နေ့ရက်တွေကိုတော့ မမေ့နိုင်ခဲ့ပါဘူး။

ဒီလိုအခမ်းအနားကို ကျင်းပနိုင်ဖို့ ဒုက္ခသည်တွေရဲ့ ရိက္ခာထဲက ကိုယ်တတ်နိုင်တဲ့ အားလေးနဲ့ စုပေါင်းပါဝင်ထည့်ဝင် ကြသလို တတိယနိုင်ငံ ရောက်နေတဲ့ ၈၈ အရေး တော်ပုံကြီးရဲ့ သမိုင်းမျိုးဆက်တွေကလည်း တတ်နိုင်သလောက် ပို့ပေးကြတယ်။ ကဗျာဆရာကြီး ဒဂုန်တာရာစကားနဲ့ ပြောရရင် စတုတ္ထမျိုးဆက်တွေ လူချင်း ဘယ်လောက်ဝေးဝေး စိတ်ချင်း နီးနေကြပါတယ်။

ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးဟာ ကျမတို့ မြန်မာနိုင်ငံအတွက်၊ လူထုအတွက် သမိုင်းဝင်တဲ့ ထူးခြားတဲ့ ရက်မြတ်
ဖြစ်ပါတယ်။ လက်နက်မရှိဘဲ အမှန်တရားနဲ့ သတ္တိသာရှိတဲ့ လူထုကြီးဟာ မကြောက်မရွံ့ မ.ဆ.လ တပါတီ အာဏာရှင် စနစ်ကို ဖြုတ်ချနိုင်ခဲ့ပါတယ်။ အဲဒီအတွက် ဘဝ၊ အသက်၊ သွေးစက်၊ မျက်ရည်ပေါင်းများစွာ ပေးဆပ်ခဲ့ရပါတယ်။

စာသင်ခန်းတွေပိတ် ခေါင်းလောင်းသံတွေ တိတ်လို့ ထောင်တံခါးတွေသာ ဖွင့်ခဲ့တယ်။ အဲဒီကာလမှာ ခေတ်နဲ့စနစ်ကို ထင်ဟပ်ခဲ့တဲ့ “လူခါး” ကဗျာလေးက ရင်ထဲ ထိထိခိုက်ခိုက် ဖြစ်ခဲ့ရတာ ဒီနေ့အချိန်ထိပါ။

“သူငယ်ချင်း”

ပကတိငြိမ်ဆိတ်

အိပ်မက်မရှိတဲ့

ညတွေထဲမှာ လဲလျောင်း

မင်းအလောင်းမှာ

ဒဏ်ရာတွေနဲ့...

မင်းထိုင်ခဲ့တဲ့ ခုံလေး

ငါငေးရင်း မျက်ရည်ကျ

သတိရတယ် သူငယ်ချင်း……တဲ့။

“လူ့အခွင့်အရေးချက်ခြင်းပေး”၊ “ဒီမိုကရေစီရေး တို့အရေး”၊ “စစ်အာဏာရှင်စနစ် ဖျက်သိမ်းပစ်”  “လူသတ်ဝါဒ ကျဆုံးပါစေ” ဆိုတဲ့ ကြွေးကြော်သံဟာ မြန်မာနိုင်ငံ တနံတလျား ပဲ့တင်ထပ်ခဲ့တဲ့ အသံတွေ ဖြစ်ပါတယ်။

လမ်းပေါ်က ဆန္ဒပြနေသူတွေကို လက်ကိုင်ပုဝါပေး၊ သောက်ရေ၊ စားစရာတွေ ဆီးကြိုပေးပြီး တပါတီ အာဏာရှင် စနစ်ကို ဆန့်ကျင်ပြကြတဲ့ မြို့နယ်ဒေသခံတွေ အိမ်တိုင်းနီးပါး ရှိခဲ့ပါတယ်။

စစ်တပ်ရဲ့ ကျည်ဆံကို ကြောက်လို့ ရပ်ကွက်တွေထဲ အဖြူအစိမ်းဝတ် ကျောင်းသားကျောင်းသူ လေးတွေ ပြေးဝင်ပုန်းရင် အိမ်ရှင်တွေက ဖွက်ပေးထားတယ်။ ကုတင်အောက်၊ အိပ်ယာအောက်မှာ၊ ဖျာလိပ်ထဲမှာ ထပ်ခိုးပေါ်မှာ ထားပေးတာ။ လာရှာသူတွေ ယုံအောင် ပြောပြီး ဟန်မပျက် နေတတ်တဲ့ လူထုတွေရဲ့ စိတ်ဓာတ်ဟာ လေးစားဂုဏ်ယူစရာကောင်းတဲ့ ၈၈ စိတ်ဓာတ်ပါပဲ။ အဖြူအစိမ်း ကျောင်းဝတ်စုံကို ချွတ်သိမ်းပြီး အိမ်မှာရှိတဲ့ သင့်တော်မယ့် ဝတ်စုံပေးဝတ်၊ အိမ်အပြန် လမ်းစရိတ်ပေးလိုက်တဲ့သူတွေက တခါမှ မမြင်ဖူး၊ မတွေ့ဖူးတဲ့ လူငယ်တွေကို သားသမီးလို သဘောထားနိုင်တာ ၈၈ စိတ်ဓာတ်ပါပဲ။

ညနေ နေဝင်ဆည်းဆာအထိ ပြန်မလာနိုင်တဲ့ သားသမီးအတွက် ကြိတ်ငိုနေကြတဲ့ မိခင်တွေရဲ့ ရှိုက်သံတွေကြား
ခြေသံတိုးတိုးကို နားထောင်ရင်း “သား လူလေး… လုံမလေး သမီးလေး” ဆိုတဲ့ ဝမ်းသာအားရအသံဟာလည်း ညအမှောင်မှာ တိုးတိုးတိတ်တိတ်လေးပါ။ အန္တရာယ်ဆိုတာကို ချက်ခြင်း ရင်ဆိုင်နေရတဲ့ ဘဝပေးအသိက ဘယ်သူမှ သင်ပေးစရာမလိုအောင် တတ်မြောက်ခဲ့ကြတယ်။

ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးဟာ တကယ့်သမိုင်းဝင် အမှန်တရားလို့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဝင်းနိုင်ဦး က “လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း”မှာ အခုလို ရေးသားခဲ့ပါတယ်။

“ကျနော်တို့ နိုင်ငံတော်ရဲ့ သမိုင်းဟာ အစိုးရဆိုးကြောင့် သေးသိမ်ညစ်နွမ်းခဲ့ရတယ်။ အာဏာဟာ ပြည်သူက ဆင်းသက် မလာဘဲ စစ်ဗိုလ်ချုပ်တဦးရဲ့ ပါးစပ်ဖျားက ဆင်းသက်လာတယ်။ ဒါကို မ.ဆ.လ တပါတီ ဟန်ပြနဲ့ ဖုန်းကွယ်ခဲ့တယ်။

အာဏာဟာ ပြည်သူက ဆင်းသက်ရမယ်ဆိုတဲ့ ရာဇဝင် သင်ကြားချက်ရဲ့ အမှန်တရားအရလည်းကောင်း၊ ပြည်သူ
ပြည်သားတို့၏ ဆန္ဒသည် အုပ်ချုပ်မှုအာဏာ၏ အခြေခံ ဖြစ်စေရမည်ဆိုတဲ့ ကုလသမဂ္ဂ ပဋိဉာဉ်စာတမ်းအရ လည်းကောင်း၊ ပြည်သူအာလုံး၏ သဘောတူညီချက်ကို ချိုးဖေါက်သော အစိုးရအား တော်လှန် ပုန်ကန်ခွင့် ပြည်သူများ မှာ ရှိသည်ဆိုတဲ့ နိုင်ငံရေးကျမ်း ဖွင့်ဆိုချက်အရ လည်းကောင်း ကျနော်တို့ ပြည်သူတွေရဲ့ ၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမူ အရေးတော်ပုံကြီးဟာ ပြီးပြည့်စုံတဲ့အမှန်တရား၊ ကမ္ဘာလုံးဆိုင်ရာ အမှန်တရားနဲ့ သမိုင်းဝင် အမှန်တရား ဖြစ်ခဲ့တာ
သေချာတယ်” လို့ ဆိုခဲ့ပါတယ်။

မိုးသက်လေပြင်း တိုက်နေတဲ့ နို့ဖိုးဒုက္ခသည်စခန်းထဲမှာ ရှစ်လေးလုံး၂၄ နှစ်မြောက် အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ ခေတ်စနစ်တစ်ခုထဲကို အတင်း တွန်းပို့ခြင်းခံရတဲ့ AB ရဲဘော်တွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်း
တွေ စုပေါင်းကျင်းပခဲ့တဲ့ ဒီပွဲမှာ ကောင်းမွန်တဲ့စနစ်ကို ပြည်သူတွေ ခံစားဖို့ လွတ်လပ်မှုနဲ့ တရားမျှတမှု အတွက် တိုက်ပွဲရင်း ကျဆုံးသွားရတဲ့ သူရဲကောင်းတွေကို အမျှပေးဝေခဲ့ကြပါတယ်။

မိုးစက်မိုးပေါက်တွေဟာ အရေးတော်ပုံကြီးမှာ ကျဆုံးသွားတဲ့ သူရဲကောင်းတွေ အတွက် ကျမတို့ ကျရတဲ့ မျက်ရည်တွေ ပဲ ဖြစ်ပါတော့တယ်။   ။

နှင်းပန်းအိမ်