အနှစ် ... နှစ်ဆယ် လွန်သော်

ပရင့်ထုတ်ရန်


(၈.၈.၂ဝဝ၉ နေ့တွင် ကျရောက်သည့် ၂၁ မြောက် `၈´လေးလုံး အရေးတော်ပုံသို့)

အနှစ် ... နှစ်ဆယ် လွန်သော်


(၁)
တပ်မတော်က အာဏာသိမ်းထားတာ ၂၁ နှစ် ရှိပါပြီ။ အနှစ် ၂ဝ ဆိုတဲ့ ကာလဟာ လူ့သက်တမ်းရဲ့ သုံးပုံတပုံ ကာလပါ။ နိုင်ငံတခုအတွက် ဆိုရင်လည်း နှစ် ၂ဝ ကာလဟာ အခြေအမြစ်ကစပြီး ကြီးကြီးမားမား ပြောင်းလဲလို့ရတဲ့ အချိန်ပါ။ အဆင်းရဲဆုံး နိုင်ငံအဖြစ်ကနေပြီး တိုးတက်မှုအကောင်းဆုံး နိုင်ငံအဖြစ်ကို ရောက်နိုင်အောင် ပြုပြင်လုပ်ဆောင်လို့ရတဲ့ ကာလပါ။ ဒါပေမဲ့ ….. မြန်မာပြည်မှာတော့ …… လွန်ခဲ့တဲ့ ၂၁ နှစ်က အာဏာသိမ်းခဲ့တဲ့ စစ်တပ်ဟာ ဒီနေ့ ၂၁ နှစ် ပြည့်တော့လည်း အာဏာကို ချုပ်ကိုင်ထားဆဲပါပဲ။ မြန်မာပြည်ရဲ့ အချုပ်အခြာအာဏာ စက်ဝန်းအတွင်းမှာ စစ်တပ်က ရှိနေဆဲပါပဲ။ နှစ်ပေါင်း ၂၁ နှစ်လုံးလုံး စစ်ဗိုလ်ချုပ်တွေဟာ အချုပ်အခြာအာဏာ အရပ်ရပ်ကို လက်ဝယ်ပိုင်ပိုင် ရယူထားနိုင်တာ ဘာကြောင့်လဲ…….။ အနှစ် …. ၂ဝ လွန်မှ ဒီမေးခွန်းကို ဆန်းစစ်ရတာကတော့ လိပ်ပြာမသန့်သလိုပါပဲ။ ထားတော့……။

အဖြေကလည်း ရှင်းပါတယ်။ စစ်အုပ်စုအနေနဲ့ အချုပ်အခြာအာဏာ အရပ်ရပ်ကို လုံးလုံး လက်မလွှတ်ရဲလို့ပါပဲ။ လက်မလွှတ်ရဲရတဲ့ အကြောင်းအချက်တွေကလည်း သမိုင်းနဲ့ချီပြီး အခိုင်အခန့် ရှိနေခဲ့တာပါ။ ကာယကံရှင် စစ်အုပ်စုက ပိုသိနိုင်ပါတယ်။

စစ်တပ်ဟာ……မဆလတခေတ်လုံး ဗိုလ်ချုပ်ကြီးနေဝင်းကို အလုပ်အကျွေး ပြုခဲ့တယ်။ မဆလက `လက်´ဆိုရင် စစ်တပ်ဟာ `တုတ်´လုပ်ခဲ့တယ်။ တုတ်ဆိုပေမယ့် …..စစ်တပ်ဟာ သက်မဲ့ရုပ်ဝတ္ထု `တုတ်´မဟုတ်ဘူး။ သက်ရှိ `တုတ်´…….။ ၈၈ အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ …..စစ်အုပ်စုဟာ ခေါင်းရော…..ကိုယ်ရော….လက်ရော ဖြစ်သွားတယ်။

ဒီအခြေအနေအောက်မှာ စစ်အုပ်စုဟာ သေနတ်ကိုင်ပြီး အာဏာရှိနေမှသာ ဖြစ်မယ်။ အာဏာလွှဲပေးလို့ မဖြစ်ဘူး။ အာဏာခွဲဝေယူလို့ မရဘူး။ အာဏာအဝန်းအဝိုင်းထဲမှာ အပြည့်ရှိနေဖို့ လိုတယ်။ ထွက်သွားလို့ မရဘူး။ ထွက်ရင်လည်း `ကျော´ နဲ့ပဲ ထွက်မယ်။ လက်ရှိအာဏာဆုံးရှုံးမှာကြောက်တဲ့ `ဘယာ´…..။ အာဏာမဲ့ရင် အရင်က ရာဇဝတ်မှုအဖုံဖုံအတွက် ပြန်ပြီး ရင်ဆိုင်ရမှာကို ကြောက်တဲ့ `ဘယာ´ …..။

ဒီတော့ ….. စစ်အုပ်စုရဲ့ `ပါရာဒိုင်း´ကို ပြောပါဆိုရင် …….
`သူတည်းတယောက် ကောင်းဖို့ရောက်မူ
သူတယောက်မှာ ပျက်လင့်ကာသာ
ဓမ္မတာတည်း…….´

(၂)
မြန်မာပြည်သမိုင်းကိုကြည့်ရင် ….. အချုပ်အခြာအာဏာ အဝန်းအဝိုင်းမှာရှိခဲ့တဲ့ အာဏာရှင်တွေ၊ အာဏာရှိသူတွေဟာ သူ့သဘော သူဆောင်ပြီး အာဏာစက်ဝန်းကနေ ဖယ်ခွာခဲ့တာ မရှိသလောက်ပါပဲ။ မြန်မာ့ပဒေသရာဇ်စနစ်ရဲ့ နောက်ဆုံးမင်းဆက်ဖြစ်တဲ့ သီပေါဘုရင်……။

ဗြိတိသျှတို့ရဲ့ ရေကြောင်းချီ တပ်မကြီးဟာ ဧရာဝတီကိုဆန်တက် ….. နေပြည်တော်ကိုရောက် …… နန်းတော်ထဲဝင်ပြီး ထီးရိပ်အောက်က ဆွဲခေါ်သွားမှ သီပေါဘုရင်လည်း အာဏာအဝန်းအဝိုင်းထဲက ထွက်ပြီး အိန္ဒိယမှာ နေအိမ်အကျယ်ချုပ်နဲ့ သွားနေတော့တာပါ။

နေမဝင်အင်ပါယာကြီးရဲ့ ရန်ကုန်ဘုရင်ခံ ဆာဒေါ်မန်စမစ်လည်း အတွင်းဝန်ရုံးကြီးကနေပြီး အသာတကြည်နဲ့ `ဆင်းမလား´ ကို သွားခဲ့တာ မဟုတ်ပါဘူး။ ဘီအိုင်အေနဲ့ နီပွန်တပ်တော်ကြီး ယိုးဒယားကနေ စစ်ကြောင်းကြီးတွေနဲ့ ဝင်လာ……၊ စစ်တောင်းမြစ်ကို ဖြတ်ကူး၊ ရွှေတောင်ကိုသိမ်း၊ အင်ဖားအထိ လိုက်တိုက်မှသာ ဆာဒေါ်မန်စမစ်လည်း အိန္ဒိယကို အောင်မြင်စွာနဲ့ ဆုတ်ခွာသွားတော့တာပါ။

နေမျိုးနွယ်တို့ လက်နက်ချအရှုံးပေးလိုက်ရတဲ့ မတ်လတော်လှန်ရေးကလည်း …… လက်နက်ကိုင် တော်လှန်ရေးပါပဲ။ ဖက်ဆစ်နီပွန်တို့ မြန်မာ့မြေပေါ်က ထွက်သွားဖို့၊ အချုပ်အခြာအာဏာ ရပ်ဝန်းက ဖယ်ခွာဖို့ကို ထိုစဉ်က စားပွဲဝိုင်းမှာ နေမျိုးနွယ်တို့နဲ့ ထိုင်ပြီး ဗိုလ်ချုပ်အောင်ဆန်း ဆွေးနွေးခဲ့တာ မဟုတ်ပါဘူး….။ `အနီးကပ်ဆုံး ရန်သူကိုရှာပြီး တိုက်ကြ´ လို့ မိန့်ခွန်းပေးပြီး …… သေနတ်တဒိုင်းဒိုင်းနဲ့ ပစ်ခတ်ပြီးမှ အာဏာအဝန်းအဝိုင်းကနေ ဖက်ဆစ်နီပွန်တို့ကို မောင်းထုတ်နိုင်ခဲ့တာပါ။

ဆာဟူ့ဘတ်ရန့်(စ်) ရန်ကုန်ကနေပြီး ထွက်တော်မူနန်းက ခွာတယ်ဆိုတာလည်း ဒေါင်းနင်းလမ်းနေအိမ်မှာ အက်တလီနဲ့ သခင်အောင်ဆန်း စကားပြောကောင်းခဲ့လို့ မဟုတ်ပါဘူး။ လက်နက်ကိုင်အင်အား ၅၂ဝဝ ရှိတဲ့ မြန်မာ့မျိုးချစ်တပ်က ရန်ကုန်မှာရှိတယ်။ သံလျင်မှာရှိတယ်။ ပဲခူးမှာရှိတယ် …..။ ၅၂ဝဝ ကနေပြီး ချက်ချင်း ၅၂ဝဝဝ ဖြစ်လာနိုင်တယ်။ ၅၂ဝဝဝဝ ဖြစ်လာနိုင်တယ်။ ဒါကို …. ဗိုလ်ချုပ်ကြီး မောင့်ဘတ်တန်သိတယ်။ ဖဆပလ ဟာ လူထုအပေါ် သြဇာရှိတယ်။ စီတန်းလမ်းလျှောက် ဆန္ဒပြဟေ့ဆိုရင် ….. လူထုဟာ လမ်းပေါ်ကို ထွက်လာကြတယ်။ ဝန်ထမ်းပေါင်းစုံ သပိတ်မှောက်ကြပါဆိုရင် …… ပုလိပ်တွေပါ ပါလာကြတယ်။ ဖဆပလရဲ့ အာဏာအတိမ်အနက်ကို နန်းရင်းဝန်အက်တလီက သိတယ်။ လက်နက်ကိုင်တိုက်ပွဲနဲ့ လူထုတိုက်ပွဲ အဆင်သင့်ရှိနေလို့ အောင်ဆန်း-အက်တလီစာချုပ် ဖြစ်ခဲ့တာပါ။ ပြီးတော့ ……. သခင်အောင်ဆန်း ကိုယ်တိုင်ကလည်း ဒေါင်းနင်းလမ်းအိမ်ထဲကို သွားတာကိုက `ရရင်ရ မရရင်ချ´ ဆိုပြီး သွားတာ ……။

(၃)
၈ လေးလုံးအလွန် မြန်မာ့နိုင်ငံရေးမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ပေါက်ဖွားလာခဲ့တယ်။ ABSDF က လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်နဲ့ လုပ်ငန်းစဉ်ကို ချတယ်။ လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွှဲတယ်။ ကျောင်းသားတပ်မတော် တပ်ရင်းတွေက တနင်္သာရီရိုးမကနေပြီး ကချင်တောင်တန်းတွေအထိ တနံတလျား ရှိတယ်။ ပန်ဆိုင်းမှာက ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပြည်သူ့တပ်မတော် ရှိတယ်။ တိုင်းရင်းသားလူမျိုးစု လွတ်မြောက်ရေး လက်နက်ကိုင် အင်အားစုတွေဟာလည်း အန္ဒိယ၊ ထိုင်း၊ တရုတ်နယ်စပ်တလျှောက်မှာ လက်ယှက်ထိုး ရှိနေကြတယ်။ လက်နက်ကိုင်အင်အားအရ အာဏာသိမ်းစစ်အုပ်စုက သာပေမယ့် ….. စိတ်ဓာတ်ရေးရာအရ၊ စည်းကမ်းအရ၊ အမိန့်နာခံမှုအရ၊ လူထုထောက်ခံမှုအရ အဖက်ဖက်မှာ စစ်အုပ်စုဟာ ဘယ်လိုမှ မယှဉ်သာပါဘူး။

၈ လေးလုံး ဒီရေမြင့်သစ်ကြီးကို စီးပြီး လက်နက်ကိုင်တော်လှန်ရေးဟာ အောင်ပွဲခံဖို့ အလားအလာကောင်းတွေ ရှိခဲ့တယ်။ ဒါပေမယ့်……

၁၉၈၉မှာ ….. ပန်ဆိုင်းအရေးနိမ့်မှုကြီး ပေါ်ပေါက်ခဲ့တယ်။ `ဝ´၊ `ကိုးကန့်´ တို့ရဲ့ ပုန်ကန်မှုကို ဗမာပြည်ကွန်မြူနစ်ပါတီ ရင်ဆိုင်ခဲ့ရတယ်။ ပြည်သူ့တပ်မတော်ဟာလည်း ပြိုကွဲခဲ့ရတယ်။ ခွဲထွက်သွားကြတဲ့ `ဝ´၊ `ကိုးကန့်´ ….. တို့ဟာ မကြာပါဘူး။ အာဏာသိမ်းစစ်အုပ်စုနဲ့ အပစ်အခတ်ရပ်စဲရေး ပြုလုပ်လိုက်ကြတယ်။ ပန်ဆိုင်းအရေးနိမ့်မှုဟာ မြန်မာပြည် လက်နက်ကိုင်တော်လှန်ရေးကိုပါ အရေးနိမ့်စေခဲ့တယ်။ `ဒိုမီနို´ ကစားနည်းလိုပါပဲ။ ပန်ဆိုင်းက `ဒိုမီနို´ ရဲ့ အောက်ဆုံးအံစာတုံး ဖြစ်ခဲ့တယ်။ မကြာပါဘူး….။ အလယ်ပိုင်းအဖွဲ့တွေ ပါသွားကြတယ်။ နောက် ကချင်၊ မွန်တို့ `ငြိမ်း´ လိုက်ကြတော့တာ ဖြစ်လာတယ်။ မြန်မာပြည်တော်လှန်ရေးရဲ့ လက်နက်ကိုင်တော်လှန်ရေး မျက်နှာစာဟာ ….. ပွင့်သွားခဲ့ရတယ်။

တော်လှန်ရေးဟာ ဟန်ချက်ပျက်သွားခဲ့ရတယ်။ `ကကြိုး´ မလှတော့ဘူး ……။ အနုပညာမဲ့သွားတယ်။ ၈ လေးလုံး ဒီရေမြင့်သစ်ကြီးဟာလည်း ….. `တန့်´ သွားခဲ့ရတော့တယ်…..။

၂၁ နှစ် ကြာသွားပြီ…..။ ပြန်ပြီး စောင်းငဲ့ကြည့်တော့ ……. စစ်အုပ်စုရော ၊ `ငြိမ်း´ တွေရော ၊ …… တိုင်းပြည်ရော ….. ပြည်သူလူထုရော …..၊ အားလုံးဟာ ….. အားလုံးဟာ …. Lose–Lose Paradise အတွင်း ရောက်နေပါရောလား……။