www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
ဗုဒ္ဓဟူး, ၁၈ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > အထူးကဏ္ဍ > သုတေသန > ၈ လေးလုံး အထူး > နွေဦး အဘယ့်ကြောင့် နောက်ကျနေပါလိမ့်

နွေဦး အဘယ့်ကြောင့် နောက်ကျနေပါလိမ့်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နွေဦး အဘယ့်ကြောင့် နောက်ကျနေပါလိမ့်


(က)

ကျနော်တို့ရဲ့
ငတ်မွတ်ခြင်း
အစော်ကားခံရခြင်း
အနှိမ်ခံရခြင်းများအတွက်
အိမ်အပြင်ဘက်ကို ထွက်ခဲ့ကြ...။
(၈. ၈. ၈၈)

လေထဲမှာ
လွင့်ပျံဖြာထွက်လာတဲ့ ဓာတ်စက်သံဟာ
အိပ်မောကျနေတဲ့ ကမ္ဘာကြီးကို
ရိုက်ပုတ်ပြီးနှိုးလိုက်တယ်။

မသိနားမလည်မှုနဲ့ 
ကြောက်ရွံ့ခြင်းအဖုံဖုံကို သံပုံးတီးလွှတ်ကြ။

လူနဲ့ လူချင်း
လှပစွာ ကျွန်ဇာတ်သွင်းထားတဲ့
စနစ်ဟောင်းရဲ့ မကောင်းဆိုးဝါးမှုကို
မောင်းထုပြီး စစ်ကြေညာကြ။

(မိမိကိုယ်ပေါ်တွင် သစ်တပင် စိုက်ပျိုးခြင်း ... ကဗျာမှ)

စစ်တောင်းမြစ်ဆိပ် ကုန်းထိပ်တွင် ခြေစုံရပ်ရင်းက သူ့စိတ်တွေ အပြင်းအထန် လှုပ်ရှားနေသည်။ အတန်ကြာအောင် မလှုပ်မယှက်ရပ်နေရင်း ကမ်းပါးအောက်က စက်လှေနှစ်စီးကို ငုံ့ကြည့်နေမိသည်။ ကမ်းစပ်တွင်မူ လူတယောက်မျှ မတွေ့ရ။

ကုန်းပေါ်က ဈေးဆိုင်တန်းဆီ ပြန်လျှောက်လာခဲ့သည်။ စက်လှေသမား ̔“ကိုကျော်ဝင်း” ကို လိုက်ရှာသည်။ ဈေးဆိုင်များကို ကျော်လာသည်အထိ “ကိုကျော်ဝင်း” ကို မတွေ့။ ဈေးဆိုင်တန်းလမ်းမပေါ်တွင် လူသူကြဲပါးနေသည်ကို သူ သတိပြုမိသည်။

“ဟော ... ခင်ဗျားက ဒီိရောက်နေတာကိုးဗျ၊ ကျုပ်က လှေဆိပ်မှာကော၊ ဈေးဆိုင်တန်းမှာကော လိုက်ရှာနေတာ”

စက်လှေသမား “ကိုကျော်ဝင်း” က သူ့ကို အပြုံးတဝက်နှင့် နှုတ်ဆက်သည်။ တစုံတရာ စူးစမ်းလိုစိတ် မျက်လုံးများကို “ကိုကျော်ဝင်း” ၏ မျက်နှာပေါ်၌ အထင်အရှားတွေ့ရ၏။ သူက ပြောမည့်စကားကို ချီတုံချတုံ စဉ်းစားနေရပြန်သည်။ “ကိုကျော်ဝင်း” သည် ရေအိုးစဉ်ကျေးရွာအုပ်စု၏ “ကောင်စီစာရေး” ဖြစ်သည်။ သူ့ဦးလေးမှာ “ပါတီစိပ်မှူး” ဖြစ်သည်။ သူပြောပြသမျှကို လက်ခံသဘောတူရန်မှာ ဆယ်လေးတလေးမျှသာ ရှိသည်။ သို့သော် သူ့မှာ တခြားရွေးချယ်စရာ နည်းလမ်းမရှိ။ ရေအိုးစဉ်ကျေးရွာ တအုပ်စုလုံးတွင် စက်လှေ ၃ စီး ရှိသည့်အနက်၊ သည်ကနေ့တော့ “ကိုကျော်ဝင်း” ၏ စက်လှေတစီးတည်းသာ ထွက်သည်ကို သူ စုံစမ်းသိရှိထားပြီး ဖြစ်သည်။ ထို့ကြောင့် “ကိုကျော်ဝင်း” ကို အကူအညီတောင်းရုံမျှအပ တခြားနည်းလမ်း သူ့တွင် မရှိ။

“ကဲ၊ ပြော ... ဆရာလေး၊ ဘာကိစ္စရှိလို့လဲ၊ ရွာပြန်လိုက်မလို့လား”
“အေးဗျ၊ ခင်ဗျားစက်လှေနဲ့ပဲ လိုက်ရမှာပဲ၊ လာဗျာ၊ ကမ်းနားဘက် ခဏလျှောက်ရအောင်၊ ကျနော် ခင်ဗျားဆီက အကူအညီ တောင်းစရာရှိလို့ပါ”

ကျနော်တို့နှစ်ဦး မြင်းလှည်းဆိပ်အနီးမှ ခွာလာခဲ့ကြ၏။ မြစ်ဆိပ်ကမ်းနား မဆင်းခင်မှာပင် “ကိုကျော်ဝင်း” ကို သူ ဖွင့်ပြောပြလိုက်သည်။ ဒီကနေ့ကစပြီး စစ်တောင်းမြစ်ဘေး ကမ်းနားရွာ ၁ဝ ရွာ၏ ဆန္ဒပြပွဲကို စတင်တော့မှာဖြစ်ကြောင်း၊ ဒီကနေ့ တနေ့လည်လုံး စစ်တောင်းမြစ်ထဲ အစုန်အဆန်သွားကာ၊ “ဓာတ်စက်လော်စပီင်္ကာ” ဖြင့် စည်းရုံးလှုံ့ဆော်မှာဖြစ်ကြောင်း။ သည်လို လုပ်နိုင်ဖို့အတွက် “ကိုကျော်ဝင်း” ၏ စက်လှေကို ငှားရမ်းလိုကြောင်း...။

တဖြေးဖြေးချင်း ရှင်းပြနေသည့် သူ့စကားများကို “ကိုကျော်ဝင်း” က ခေါင်းငိုက်စိုက်ချကာ နားထောင်၏။ သူ့စကားဆုံးသည်အထိ စကားဖြတ်မပြောဘဲ နားထောင်၏။ တစုံတရာ ထူးခြားသည့် အမူအယာမပြဘဲ၊ ပြောသမျှစကားကိုသာ ခေါင်းငုံ့ပြီး နားထောင်နေသည့် “ကိုကျော်ဝင်း” ကို သူ စိုးရိမ်သွားရသည်။

“ဘယ်လိုလဲ ကိုကျောင်ဝင်း၊ ဒီကနေ့တော့ စက်လှေအနည်းဆုံး နှစ်ခေါက်တော့ ကျော့ရမှာပေါ့ဗျာ၊ ကျသင့်တဲ့ ပိုက်ဆံ ကျနော် ပေးပါ့မယ်၊ ဘယ်လိုလဲ၊ ဖြစ်နိုင်မလား”
“ဖြစ်ပါတယ် ဆရာလေး၊ ဘာလို့ မဖြစ်နိုင်ရမလဲ၊ ပိုက်ဆံလည်း ပေးဖို့မလိုပါဘူး”

မျှော်လင့်ချက် ရာခိုင်နှုန်း နည်းပါးနေသည်ြ့ကားက “ကိုကျော်ဝင်း” ၏ အဖြေစကားကိုကြားတော့ သူ့ခြေလှမ်းများမှာ တန့်ကနဲ ရပ်သွားရ၏။

“ဆရာလေးတို့က ဘယ်နှစ်ယောက်လဲ၊ ကျနော့်မှာ ခရီးသည် နှစ်ယောက် ရထားသေးတယ်၊ ဆရာလေးတို့ လူများမယ်ဆိုရင် ကျနော်ရထားတဲ့ ခရီးသည်ကို တခြားစက်လှေ လွှဲပေးလိုက်မယ်”
“မလိုပါဘူး၊ ကျနော်တယောက်တည်းပါ၊ ခရီးသည်တွေ လိုက်မယ်ဆိုရင် ခေါ်ခဲ့ပေါ့”

“မြို့က ဟောမယ့်၊ ပြောမယ့်သူ ... တယောက်လောက်တောင် ခေါ်မလာဘူးလား ဆရာလေး”
“သူ့တို့လည်း တယောက်မှ မအားကြဘူးဗျ၊ ရပါတယ်၊ ကျနော် ပြောတတ်ပါတယ်၊ ခင်ဗျား လိုက်မယ်ဆိုရင် အခုပဲ ထွက်ကြရအောင်ဗျာ၊ အခုပဲ ၉ နာရီ ထိုးနေပြီ”

“ဒါနဲ့၊ ဓာတ်စက်ငှားပြီးပြီလား ဆရာလေး၊ ကျွဲပွဲက ငှားလာတာလား၊ ကျနော်တို့နှစ်ယောက် သွားထမ်းကြမယ်”
“မြို့ဆိုးမှာပဲ ငှားလိုက်တာပါ၊ ကျွဲပွဲမှာ ဓာတ်စက်တွေအားလုံး အသိမ်းခံထားရတယ်၊ ငှားလို့မရခဲ့ဘူး၊ လာဗျာ ... ဟိုမှာ၊ မနှင်းကြည် မုန့်ဟင်းခါးဆိုင်ရှေ့မှာ ဓာတ်စက်သေတ္တာနှစ်လုံး ကျနော် ချထားတယ်”

မနှင်းကြည် မုန့်ဟင်းခါးဆိုင်ရှေ့ ရောက်တော့ ဓာတ်စက်သေတ္တာနှစ်လုံးကို သူနှင့် “ကိုကျော်ဝင်း” တို့ တခုစီ မ'ကြ၊ ထမ်းကြ၏။

“ဟင် ဓာတ်စက်ဆရာကော ဆရာလေး”
“ဓာတ်စက်ဆရာက ဓာတ်စက်ပဲ ငှားလိုက်တယ်၊ လူတော့ မလိုက်ရဲဘူးတဲ့ဗျ၊ ရပါတယ်၊ ကျနော် ဖွင့်တတ်ပါတယ်”

“ကိုကျော်ဝင်း” နှင့် ကျနော်၊ ဓာတ်စက်သေတ္တာများကို စက်လှေပေါ်တင်ကြ၏။ ကိုကျော်ဝင်းက ကုန်းပေါ် ခဏဟုဆိုကာ ပြန်တက်သွား၏။ ခဏကြာတော့ ပြန်ဆင်းလာခဲ့သည်။

“ကဲ ... ဆရာလေးရေ ... ကျနော်တို့နှစ်ယောက်ပဲ သွားတော့မယ်၊ ခရီးသည်တွေက မလိုက်ရဲလို့ ခေါ်လို့မရဘူးဗျ၊ ဒါလည်း ကောင်းပါတယ်”

သူက “ကိုကျော်ဝင်းကို” ကို ကျေးဇူးတင်သည့် အပြုံးနှင့် ခေါင်းညိမ့်ပြလိုက်သည်။ ကိုကျော်ဝင်းက စက်လှေနှိုးသည့် ကြိုးကိုဆွဲတော့ သူက ဓာတ်စက်သေတ္တာများကို ဖွင့်ကာပြင်ဆင်၏။ သူ့ခေါင်းထဲ၌ ပြောမည့်ဆိုမည့် စကားများကို အစီအစဉ်တကျ နေရာချနေရပြန်သည်။ စက်လှေက မြို့ဆိုးရွာအောက် ရောက်လာခဲ့သည်။ သရက်တော ရွာထိပ်ကို ကပ်လာသည်။

“ခတ်၊ ဖြေးဖြေးလေးပဲ မောင်းပေးပါလား ကိုကျော်ဝင်း၊ အစုန်ဆိုတော့ ဒီအတိုင်း ထိန်းပြီးပဲ မျှောကြည့်ပါလား”

သူက အသံချဲ့စက် “ဟွန်း” ကို သရက်တောရွာဘက်လှည့်ပြီး ထောင်ထားလိုက်၏။

“လေးစားအပ်တဲ့ သရက်တောရွာ တောင်သူလယ်သမားအပေါင်းတို့ခင်ဗျား၊ လေးစားအပ်တဲ့ ... သရက်တောရွာ အဖိနှိပ်ခံ တောင်သူလယ်သမား ရဲဘော်အပေါင်းတို့ခင်ဗျား၊ ဒီကနေ့ ဒီအချိန်ကစပြီး စစ်တောင်းမြစ်ကမ်း နှစ်ဖက်မှာရှိတဲ့ ကျေးရွာတွေအားလုံးဟာ ၂၆ နှစ်တာ ကျနော်တို့ ကြောပေါ် ဖိနင်းထားတဲ့ မဆလ တပါတီ အာဏာရှင်စနစ်ကို တွန်းလှန်ချလိုက်ကြပြီ ဖြစ်ပါတယ်။ ဒီကနေ့ကစပြီး ၂၆ နှစ်တာကာလ တလျှောက်လုံး နည်းမျိုးစုံ ဖိနှိပ်သွေးစုပ်ခံခဲ့ကြရတဲ့၊ မတရား ချုပ်ချယ်ခံခဲ့ကြရတဲ့ တောင်သူလယ်သမားအားလုံး၊ လွတ်မြောက်သွားပြီ ဖြစ်ပါတယ်။ ဒီကနေ့ ဒီအချိန်ကစပြီး သက်ဆိုင်ရာကျေးရွာ အသီးသီးမှာရှိတဲ့ ပါတီ၊ ကောင်စီများရဲ့ အမိန့်သြဇာအာဏာကို သပိတ်ကော်မီတီမှ သိမ်းယူလိုက်ကြပြီ ဖြစ်ပါတယ်။ မတရား ဖိနှိပ်ချုပ်ချယ် အုပ်ချုပ်လာခဲ့တဲ့ ပါတီကောင်စီများရဲ့ အမိန့်သြဇာများကိုလည်း ဒီကနေ့ကစပြီး လိုက်နာဖို့ မလို့တော့ပါဘူး...”

ဓာတ်စက်သံက သရက်တောရွာထိပ်ကို ကျော်ပြီး ရွာနောက်ဖေး လယ်ကွင်းများဆီအထိ ပြေးဝင်သွားနေ၏။ သူက ဓာတ်စက်ထဲကတဆင့် ကြားရသည့် သူ့အသံကို ဂရုတစိုက်နားထောင်ရင်းက ပြောလက်စကားကို ဆက်ပြောသည်။

“အခုလို သပိတ်ကော်မီတီရဲ့ ကြေညာချက်ကို ထောက်ခံကြတယ်ဆိုရင် ဒီကနေ့ည ၈ နာရီတိတိ အချိန်မှာ၊ ၂၆ နှစ်တာ ကျနော်တို့အပေါ် ဖိနှိပ်အုပ်ချုပ်လာခဲ့တဲ့ တပါတီအာဏာရှင် စနစ်ဆိုးကို မောင်းထုတ်တဲ့အနေနဲ့၊ အိမ်တိုင်းအိမ်တိုင်း၊ ကျေးရွာတိုင်းကျေရွာတိုင်းက သံပုံးတီးပြီး သဘောထားပေးကြပါရန် လေးစားစွာ နှိုးဆော်ဖိတ်ခေါ်အပ်ပါတယ် ခင်ဗျား”

စက်လှေက သရက်တောရွာလည် မရှိတရှိသို့ ရောက်သောအခါ မြစ်ကမ်းပါးထိပ်သို့ ရွာသားတချို့ ထွက်ကြည့်ကြ၏။ သရက်တောရွာအောက်ပိုင်းကို ရောက်တော့ ကမ်းပါးပေါ်တွင် လူတွေ နေရာမလပ်တန်းစီင်္ပြီး ရပ်နေကြသည်ကို တွေ့ရတော့၏။

လူတချို့က တစုံတရာအော်ဟစ်ကာ၊ လက်သီးလက်မောင်းတန်းကာ ကျနော်တို့ကို တုံ့ပြန်နှုတ်ဆက်လိုက်ကြ၏။ “ကိုကျော်ဝင်း” က စစ်တောင်းမြစ် ဒီဘက်ကမ်း ကျိန်တောမြောင် ရွာဘက်ဆီကို စက်လှေ ဦးလှည့်လိုက်၏။

(ခ)
ကျိန်တောမြောင်ရွာဘက်ဆီ စက်လှေဦးလှည့်နေစဉ် ဓာတ်စက်ဖြင့် လိုက်လံနှိုးဆော်ရမည့် အလုပ်ကို ပြန်လည်စဉ်းစားနေမိသေးသည်။ စစ်တောင်းမြစ်၏ အနောက်ဘက်ကမ်း ရေအိုးစဉ်ကျေးရွာအုပ်စုတွင် ကျေးရွာ ၅ ရွာ ရှိ၏။ သူက ယင်းကျေးရွာအုပ်စုဝင် သောင်ပုရွာတွင် ကျောင်းဆရာလုပ်၏။ ရေအိုးစဉ်ကျေးရွာအုပ်စုမှာ အုတ်တွင်းမြို့နယ်အတွင်း ရှိပြီး၊ အနောက်ဘက် ကမ်းနားအတိုင်း ဆင်းလျှင် ဖြူးမြို့နယ်နှင့် သွားပြီး ထိစပ်၏။ သူက ဖြူးမြို့နယ်အစပ်ကျေးရွာ ၂ ရွာအထိ ဆင်းမည်ဟု ဆုံးဖြတ်သည်။ တခါ ... ဒီဘက်ကမ်း စစ်တောင်းမြစ် အရှေ့ဘက်ကမ်းတွင် ကျိန်တောမြောင် ကျေးရွာအုပ်စု ရှိ၏။ ကျေးရွာ ၆ ရွာ ကမ်းနားအတိုင်း တန်းစီပြီး ရှိ၏။ ဤကျေးရွာအုပ်စုမှာ ထန်းတပင်မြို့နယ်အတွင်းက ကျေးရွာများ ဖြစ်၏။ သူက စစ်တောင်းမြစ် ဟိုဘက်ကမ်း သည်ဘက်ကမ်း၊ မျက်နှာချင်းဆိုင် ကျေးရွာအုပ်စုဝင် ရွာ ၁ဝ ရွာကျော်ကို လိုက်လံနှိုးဆော်ရန် ဆုံးဖြတ်ထားခဲ့၏။

“ဆရာလေး၊ ကျိန်တောမြောင်ရွာထိပ်တော့ သိပ်ကပ်လို့ မကောင်းဘူးနဲ့ တူတယ်၊ ရွာထိပ်မှာ စစ်တပ်ဂိတ်ရှိတယ် ဆရာလေး”

ကြိုတင်တွက်ဆပြီး သိထားပြီးသည့်တိုင် “ကိုကျော်ဝင်း” ၏ စကားကိုကြားတော့ သူ့ရင်ထဲတွင် စိုးရိမ်သွားရ၏။ သို့သော် သူက ဓာတ်စက်ဟွန်းကို ရွာထိပ်ဆီလှည့်ပြီး တည့်လိုက်၏။

“ ကျိန်တောမြောင်ကျေးရွာ ... တောင်သူလယ်သမား ရဲဘော်အပေါင်းတို့ ...”

သူ၏ ပြောလက်စ စကားမှာ တဝက်တပျက်နှင့် ရပ်သွားရ၏။ ကျည်ဖူးတခု ရွှီကနဲမြည်ကာ စက်လှေပေါ်မှ ကျော်သွား၏။ သေနတ်သံတချက်ကို ဆက်တိုက်ကြားလိုက်ရ၏။

“ဟာ ... ဆရာလေး၊ ပစ်နေပြီ ဆရာလေး၊ နောက်ပြန်ဆုတ်မှ ဖြစ်မယ်”
“စက်ရှိန်သပ်ပြီး အသာလေး မျှောသာမျှောချထားဗျာ၊ ဒီကောင်တွေ ကျုပ်တို့ကို တကယ် ပစ်ချင်ရင် အပေါ်ကျော်ပြီး ဘယ်ပစ်ပါ့မလဲ၊ တည့်တည့်ပစ်မှာပေါ့၊ ကိစ္စမရှိပါဘူး၊ စက်ရှိန်တော့ သပ်ထားလိုက်”

သူက ဓာတ်စက်စကားပြောခွက်ကို ပါးစပ်ပေါက်ဝတွင် ပြန်ကပ်လိုက်သည်။ သူ့ရင်ပြင်တခုလုံး နေရာလပ် မရှိအောင် သွေးများဆူပွက်လာရ၏။ ဓာတ်စက်ဟွန်းကိုလည်း သေနတ်သံတွေပေါ်လာရာ စစ်တပ်ဂိတ် တည့်တည့်ဆီ လှည့်ထားလိုက်၏။

“ချစ်ခင်လေးစားအပ်တဲ့ ပြည်သူချစ်သော ပြည်သူ့သားကောင်း တပ်မတော်သား ရဲဘော်အပေါင်းတို့ ခင်ဗျား ... ချစ်ခင်လေးစားအပ်တဲ့ ပြည်သူ့တပ်မတော်သား ရဲဘော်များ ခင်ဗျား ... ဒီကနေ့ ဒီအချိန်မှာ မြန်မာတနိုင်ငံလုံးက တောင်သူလယ်သမားအားလုံး၊ အလုပ်သမားအားလုံး၊ ကျောင်းသားကျောင်သူအားလုံး၊ ရုံးဝန်ထမ်းအားလုံးဟာ မိမိတို့ရဲ့ ဆန္ဒကို လွတ်လပ်ရဲရင့်စွာ ထုတ်ဖော်ပြသနေကြတဲ့ အချိန်ဖြစ်ပါတယ်။ ဒီလိုပြသရတဲ့ ကိစ္စဟာ ပြည်သူထဲက ပေါက်ဖွားလာကြရတဲ့ ပြည်သူ့တပ်မတော်သားများရဲ့ မိသားစုများအပါအဝင် လူထုကြီးတရပ်လုံး ဘဝလွတ်မြောက်ဖို့အတွက် ဆန္ဒထုတ်ဖော်ကြတာ ဖြစ်ပါတယ်။ တပ်မတော်သား ရဲဘော်တို့ဟာ တမိသားစုအတွင်းက မိသားစုဝင် ညီအစ်ကိုမောင်နှမများ ဖြစ်ကြပါတယ်။ ဒီကနေ့ အခုလို ကျနော်တို့တတွေ ဆန္ဒထုတ်ဖော်ကြတာဟာ တပ်မတော်ကြီးတခုလုံးကို ဆန့်ကျင်ကန့်ကွက်ကြတဲ့ သဘော မဟုတ်ပါဘူး၊ တပ်မတော်ကြီးကို ကိုယ့်အကျိုးစီးပွား၊ ကိုယ့်အာဏာ တည်မြဲဖို့အတွက် ခုတုံးလုပ် အုပ်ချုပ်နေကြတဲ့၊ ပြည်သူလူထုကို အလုပ်အကျွေးပြုရမယ့်၊ ကာကွယ်မှု ပြုကြရမယ့် တပ်မတော်ကို၊ မိမိ အာဏာတည်မြဲရေးနဲ့ ဖိနှိပ်သွေးစုပ် အုပ်ချုပ်ဖို့အတွက် ခုတုံးလုပ် အသုံးချနေကြတဲ့ အာဏာရှင်လူတစုကိုသာ ဦးတည်ပြီး ဆန့်ကျင်ကန့်ကွက်နေကြတာ ဖြစ်ပါတယ် ....”

စက်လှေက ရေစီးကို ကန့်လန့်ခံကာ၊ စက်ရှိန်ကို သပ်ကာ မြစ်ကြောင်းအတိုင်း ဆင်းချလာခဲ့၏။ စစ်တပ်ဂိတ်ဆီက မည်သည့်အသံမျှ ထပ်ပြီး မကြားရတော့။ နောက်ကြောဘက် သရက်တောရွာဆီက လူသံများ ကြားရသဖြင့် လှည့်ကြည့်ရပြန်သည်။ သရက်တော တရွာလုံး ကမ်းလုံးညွှတ်မျှ လူတွေတန်းစီပြီး ရပ်နေကြ၏။

ရုတ်တရက် ကြွေးကြော်အော်ဟစ်သံများ အနီးကပ်ပြီး ကြားရပြန်သည်။ သူက ကျိန်တောမြောင်ရွာ ကမ်းပါးပေါ် မော့ပြီး ကြည့်ရပြန်သည်။ ကမ်းပါးပေါ်တွင် လူတွေ သူ့ထက်ငါ တွန်းထိုးရင်း စက်လှေနှင့်ယှဉ်ကာ ကုန်းပေါ်မှ ပြေးလိုက်လာနေကြ၏။ လူ့တချို့က နေရာတွင်ပင် ရပ်ကာ ခလေးတွဲလွဲ၊ ခွေးတွဲလွဲနှင့် အော်ဟစ်ကခုန် နေကြ၏။

လူတချို့ကမ်းပါးအောက်သို့ ပြေးဆင်းလာကြသည်။ ကျနော်တို့စက်လှေကို လက်ပြပြီး တားကြ၏။ သူက စက်လှေကို ကပ်ပေးခိုင်းလိုက်၏။ စက်လှေပေါ်သို့ ကျိန်တောမြောင်ရွာသား ၁ဝ ဦးခန့် တက်ကြ၏။ အားလုံးလိုလိုမှာ သူစာသင်ပေးခဲ့ဖူးသည့် ကျောင်းသားဟောင်းများ ဖြစ်နေသည်ကို တွေ့ရ၏။ သူ့မျက်လုံးအိမ်များထဲ၌ မျက်ရည်များ ရုတ်တရက် သိုင်းဖွဲ့လာခဲ့ရ၏။ ကျိန်တောမြောင်ရွာ ဆိပ်ကမ်းမှ စက်လှေခွာသည်နှင့် တပြိုင်နက် ကြွေးကြော်သံများ ကမ်းပါးထိပ်မှ ထွက်ပေါ်လာလေသည်။

“ပါတီ၊ ကောင်စီစနစ်ဆိုး ... အလိုမရှိ၊ အလိုမရှိ ”
“တပါတီ အာဏာရှင်စနစ် ကျဆုံးပါစေ ... ကျဆုံးပါစေ ”
“အရေးတော်ပုံ ... အောင်ရမည် ”

(ဂ)

လယ်သမားတွေက
“တာဝန်ကြေစပါး” “တာဝန်ကြေစပါး” ဆိုတဲ့
ခါးသီးတဲ့ အတိတ်ဇာတ်ကို
မြေမြှုပ်သင်္ဂြိုလ်ဖို့ တောင်းဆိုကြတယ်။

အလုပ်သမားတွေက
“လုပ်အားပေးစနစ်” ဆိုတဲ့
ခေတ်သစ်ကျေးကျွန် “ဗျူရိုကရေစီ” ကို
“ဒီမိုကရေစီ” နဲ့ ဖြိုချကြတယ်။

အကြိမ်ကြိမ် စိမ်ခေါ်
အလီလီ တိုက်ပွဲဝင်ခဲ့ကြတဲ့
စာသင်ခန်းထဲက ကျောင်းသားတွေက
“ကမ္ဘာမကြေဘူး” သီချင်း ဆိုကြတယ်။

သမဂ္ဂမြေကျောင်းတော်က
တဖြောင်းဖြာင်း ရိုက်ခတ်လိုက်တဲ့
“ခွပ်ဒေါင်း” ရဲ့ တောင်ပံခတ်သံဟာ
ကမ္ဘာတလွှားမှာရှိတဲ့
“အာဏာရှင်” ဟူသမျှထံ ရာဇသံပေးလိုက်တယ်။

(မိမိကိုယ်ပေါ်တွင် သစ်တပင်စိုက်ပျိုးခြင်း ... ကဗျာမှ)

“ခင်ဗျားတို့လည်း ကြားတဲ့လူကြားကြမှာပဲ၊ တောင်ငူ၊ အုတ်တွင်း၊ ကျွဲပွဲ၊ ဖြူး၊ ညောင်းခြေထောက် ... မြို့အကုန်လုံး ဒီကနေ့ ဆန္ဒပြကြတယ်၊ ဒီင်္ကနေ့ကတော့ တတိုင်းတပြည်လုံး တညီတညွှတ်ထဲ ဆန္ဒပြဖို့ နှိုးဆော်ထားတယ်၊ ကျနော် မနက်က ကျွဲပွဲမှာ ရှိတယ်၊ ဟိုမှာ တမြို့လုံး လမ်းပေါ်ထွက်ပြီး ဆန္ဒပြနေပြီ၊ ကျနော်တို့နေရာက မြို့နဲ့ ဝေးတာမှန်တယ်၊ လုံခြုံရေးအတွက် စိတ်ပူရတာမှန်တယ်၊ ဒါပေမဲ့ ဒီကနေ့တော့ ဆန္ဒမပြလို့ကို မဖြစ်ဘူး၊ ဒါကြောင့်မို့ တိုင်ပင်သင့်တဲ့သူတချို့နဲ့ တိုင်ပင်ပြီး ကျနော် အခုလိုလိုက်ပြီး နှိုးဆော်တာပဲ၊ အရေးအကြီးဆုံးက ည ၈ နာရီမှာ အိမ်ပေါက်စေ့ သံပုံးတီးကြ၊ မနက်ဖြန် မနက်ကျရင် သောင်တန်းရွာကို ချီတက်ကြ၊ ဒီကြားထဲ ဘာတခုမှ စိတ်လိုက်မာန်ပါ မလုပ်ကြနဲ့၊ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် စည်းကမ်းရှိရှိသာ နေကြလုပ်ကြပါ၊ အထူးသဖြင့် ရပ်ရွာလုံခြုံရေးကို တိုင်ပင်ညှိနှိုင်းပြီး အသိရှိရှိ တာဝန်ယူကြပါ ... အခုတော့ လုံခြုံရေးအရ လူစုခွဲကြပါ၊ မဖြစ်မနေလုပ်ရမယ့် အလုပ်တချို့လုပ်ဖို့အတွက် ပြောဆိုထားတဲ့ လူတချို့ပဲ ဒီမှာ နေခဲ့ကြပါ ..”


တညနေခင်းလုံး “သူ့” မှာ အလုပ်တွေနှင့် ပိနေခဲ့သည်။ အထူးသဖြင့် မနက်ဖြန်မနက် “သပိတ်စခန်း” ဖွင့်နိုင်ရေးအတွက် ကျေးရွာအသီးသီးမှ၊ ရောက်လာသည့် တက်ကြွလှုပ်ရှားသူများနှင့် တိုင်ပင်ရသည်။ လုံခြုံရေးအတွက် ပြည်သူ့စစ်အဖွဲ့များ စစ်တပ်ဂိတ်များကို မျက်ခြေမပြတ် စောင့်ကြည့်ဖို့ တာဝန်ခွဲကြရသည်။ ကျေးရွာပါတီ၊ ကောင်စီလူကြီးများ အခြေအနေကို အကဲခတ်ကြရသည်။

“မဒေဝီ” က သူနှင့် ဧည့်သည်များအတွက် ရေးနွေးကြမ်းအိုး၊ တအိုးပြီးတအိုး လာချပေးနေခဲ့၏။ ဆန္ဒပြပွဲ ကိစ္စများနှင့် အလုပ်ရှုပ်နေခဲ့သဖြင့် “မဒေဝီ” နှင့် လူမမယ် သား ၃ ယောက်ကို သူ မေ့နေခဲ့သည်။ အိမ်ရှေ့ ပိန္နဲပင်အောက်တွင် ဖျားများခင်းကာ လူတွေ ဝိုင်းစုဖွဲ့ထိုင်နေစဉ် “သူ” က ဆန္ဒပြပွဲအတွက် သူ့အစ်ီအစဉ်များကို တတ်အားသရွေ့ ရှင်းပြ၏။ လွန်ခဲ့သော ၃ ရက်ကတည်းက သူကိုယ်တိုင် သွားရောက်လေ့လာထားခဲ့သည့် တောင်ငူမြို့၊ အုတ်တွင်းမြို့၊ ဖြူးမြို့ ဆန္ဒပြပွဲ အတွေ့အကြုံများကို ပြန်လည်ဖောက်သယ်ချရ၏။ တညနေခင်းလုံး အလုပ်ရှုပ်နေရင်းက သတိရလို့ အိမ်ဘက်ကို လှမ်းကြည့်တော့ “မဒေဝီ” နှင့် လူမမယ်သား ၃ ယောက်၊ အိမ်ပေါက်ဝတွင် တန်းစီပြီး ထိုင်နေသည်ကို သူ တွေ့ရသည်။ ထိုအခါကျမှ သူ့မှာ ရင်ထဲ၌ စူးစူးနင့်နင့် ခံစားလိုက်ရသည်။

ဓာတ်စက်တလုံးကို စက်လှေတစီးပေါ်တင်ကာ စစ်တောင်းမြစ်အတွင်း အစုန်အဆန် သွားနေခဲ့စဉ်က အိမ်တွင် ကျန်ရစ်သည့် မဒေဝီတို့ မိသားစုကို သူ မေ့နေခဲ့သည်။ စက်လှေပေါ်ကဆင်းပြီး အိမ်ကို ပြန်ရောက်တော့လည်း အိမ်ရှေ့တွင် ရောက်နှင့်နေသော လူအုပ်နှင့် ပြောဆိုညှိုနှိုင်းရင်း အလုပ်ရှုပ်နေခဲ့သဖြင့် “မဒေဝီ” ကို သူ မေ့နေခဲ့၏။ လူအုပ်အတွင်း မကြာခဏ ရေနွေးကြမ်းအိုး လာချပေးနေသည့် မဒေဝီကို သူ သတိမမူမိ။ သတိရလို့ အိမ်ဆီကို လှမ်းကြည့်မှ ငြိမ်ချက်သားကောင်းစွာ လူချင်းပူးကပ်ပြီး ထိုင်နေကြသည့် မဒေဝီတို့ သားအမိတစုကို သူ တွေ့ရခြင်း ဖြစ်သည်။

“ဒီလိုလုပ်တာ ကောင်းပါတယ်၊ ကျမ သဘောတူတယ်၊ ထောက်ခံတယ်၊ ဒီကိစ္စက အရင်ကတည်းက ကျမ ထောက်ခံခဲ့တာပဲ၊ သဘောတူရမှာပေါ့၊ ဒါက လုပ်ကိုလုပ်ရမယ့်အလုပ်၊ ဒါပေမဲ့ ကျမတို့မှာ စွန့်လွှတ်ရတာတွေ များပြီ၊ ဒီသားလေး ၃ ယောက်ကိုတော့ ကျမ ထပ်ပြီး မစွန့်လွှတ်နိုင်ဘူး၊ မောင်က မောင်လုပ်သင့်လုပ်ထိုက်တာ လုပ်ပါ၊ ကျမကတော့ သားလေး ၃ ယောက်ဘေးမှာ ရှိနေရလိမ့်မယ်၊ မောင့်ကို ကျမ နားလည်သလို ကျမကိုလည်း မောင်က နားလည်ပေးရလိမ့်မယ်”

မဒေဝီရဲ့ မျက်လုံးတွေထဲက အဓိပ္ပ္ပာယ်များကို သူ ကောင်းစွာ ဖတ်ရှုလိုက်နိုင်သည်။ ထိုအခါကျမှ သူက စက်လှေတစင်းပေါ်ကတဆင့် စစ်တောင်းမြစ်ကမ်းတလျှောက် ဆန္ဒပြကြဖို့ စည်းရုံးလှုံ့ဆော်နေစဉ် ...“ မဒေဝီ ” က ဈေးတောင်းတလုံး ခေါင်းပေါ်ရွက်ကာ ရွာစဉ်လျှောက်ပြီး ဈေးရောင်းထွက်နေခဲ့မည်ကို သူ တွေးမိလာရသည်။

“အခုလို ဒီအလုပ်တွေ လုပ်နေတယ်ဆိုတာကလည်း သူတို့လေးတွေအတွက်ပါပဲ၊ အခုဆိုရင် မိုးကုန်တော့မယ်၊ မိုးကုန်ရင် ဆောင်းရောက်လာဦးမယ်၊ ဆောင်းကုန်ရင်တော့ မောင်တို့ မျှော်မှန်းတဲ့ နွေဦးဆိုတာ အသေအချာ ရောက်လာပါလိမ့်မယ် ...”

သူ့ရင်ထဲက စကားများကိုလည်း မဒေဝီ တယောက် ကောင်းစွာ ဖတ်ရှုနိုင်လိမ့်မည်ဟု သူ အခိုင်အမာ နားလည်ထားလိုက်၏။

“ကဲ ... ဒါဆိုရင် ... ကျနော်တို့အားလုံး လူစုခွဲကြရအောင်၊ ညကျမှ ဒီမှာ ခဏပြန်လာပြီး စုကြတာပေါ့၊ အားလုံး သတိဝီရိယနဲ့ နေကြလုပ်ကြတာပေါ့ဗျာ”

ရွာသားတွေ လူစုကွဲတော့ နေဝင်စပြုပြီဖြစ်သည်။ မဒေဝီက စားရေးစာပွဲခုံလည်း ဟုတ်၊ ထမင်းစားခုံလည်း ဖြစ်သည့် သစ်သားစာပွဲခုံလေး ချကာ ထမင်းဝိုင်းပြင်သည်။ သူက စာအုပ်စာတမ်းများကို အိမ်ခေါင်းရင်းဘက်တွင် သွားပြီး ချထားလိုက်သည်။ မဒေဝီကို ကူညီပြီး ထမင်းဝိုင်းပြင်သည်။

အိမ်ပေါက်ဝတွင်ထိုင်ကာ ငြိမ်ချက်သားကောင်းနေကြသည့် သား ၃ ယောက်ကို တချက်ငဲ့ကြည့်ရင်းက သူ စဉ်းစားသည်။ အငယ်ဆုံးသားက ၈ နှစ်၊ အကြီးဆုံးသားကမှ ၁၁ နှစ်၊ ဖခင်ဖြစ်သူ ဘာတွေလုပ်နေသည်၊ ရွာတွင် ဘာတွေဖြစ်နေသည်ကို ခရေစေ့တွင်းကျ နားလည်နိုင်ကြမည့် အရွယ်မဟုတ်ကြ။ လူကြီးတွေ၏ အရိပ်အကဲကို ကြည့်ကာ တစုံတရာ ထိတ်လန့်စိုးရိမ်နေကြပုံကို တွေ့တော့ သူ့မှာ စိတ်မကောင်းဖြစ်ရ၏။

သူတို့မိသားစု ထမင်းဝိုင်းထိုင်နေစဉ် ... နေရောင်ခြည်များမှာ သောင်ပုရွာပေါ်မှ အလျင်အမြန် ဆုတ်ခွာသွားနေလေသည်။

(ဃ)
သားအမိသားအဖ ၅ ယောက် ...။ အိမ်ပေါက်ဝတွင် ထိုင်နေကြသည်။ သူကော မဒေဝီပါ စကားသိပ်ပြီး မပြောဖြစ်ကြ။ ကလေးတွေသည်ပင် လူကြီးများ၏ အရိပ်အကဲကို ကြည့်ကာ ငြိမ်ချက်သားကောင်းနေကြ၏။ သူတို့မိသားစုတွင်သာမဟုတ် သောင်ပုရွာတရွာလုံးပင် ထူးခြားစွာ ငြိမ်ချက်သားကောင်းနေသလားဟု သူ ထင်မိသည်။

“နေ့လည်ကတည်းက၊ ဟိုဘက်ကမ်း ဒီဘက်ကမ်း စစ်တပ်ဂိတ်ကစစ်သားတွေ တယောက်မှ မတွေ့ရတော့ဘူးတဲ့၊ တပ်တွေ ပြန်ရုပ်သွားပြီ်တဲ့”

“သောင်တန်းရွာ ပြည်သူ့စစ်ခေါင်းဆောင် ကိုတင်အုံးက၊ သူတို့ကိုင်တဲ့ သေနတ်တွေအားလုံး မနက်ကျရင် သပိတ်စခန်းမှာ လာအပ်မယ်လို့ ပြောတယ်ဆိုပဲ”

“သရက်တောရွာ ပြည်သူ့စစ် အဖွဲ့ဝင်တွေကတော့ သေနတ်တွေ မအပ်ဘူးတဲ့၊ စစ်တပ်က လာသိမ်းမှ ပြန်အပ်မယ်လို့ ပြောနေကြတယ်”

“လူကြီးတွေ ပြာယာခတ်နေကြတယ်၊ တချို့ သူတို့မိသားစုတွေ လုံခြုံရေးအတွက် စိတ်ပူနေကြတယ်၊ ငိုတဲ့မိန်းမတွေ ငိုကြတယ်တဲ့၊ ညတွင်းချင်းများ မြို့ပေါ်ထွက်ပြေးကြမလား မသိဘူး”

“ကျနော်တို့လည်း လုံခြုံရေးအတွက် ဒီညကစပြီး စီစဉ်သင့်တယ်၊ မြို့နဲ့လည်းဝေး စစ်တပ်ဂိတ်တွေကလည်း မရှိတော့ဘူးဆိုတော့ မသမာတဲ့သူတွေ ပေါ်လာနိုင်တယ်”

“ဒီိလိုလုပ်ပါ၊ ဒီကနေ့ည ၈ နာရီကျော်ပြီးတဲ့အခါ အခြေအနေကြည့်ပြီး စီစဉ်ကြတာပေါ့၊ လောလောဆယ်မတော့ ည ၈ နာရီ အဖြေကိုပဲ ကျနော်တို့ စောင့်ကြည့်ရဦးမယ် ထင်တယ်”

ထမင်းစာပွဲခုံလေးပ်ါက လက်ပတ်နာရီကို “သူ” ငုံ့ပြီး ကြည့်သည်။ ရေနံဆီမီးခွက်မီးရောင်က နာရီဒိုင်ခွက်ကို ကောင်းစွာ မမြင်ရ၊ အသေအချာ ငုံ့ကြည့်မှ ၈ နာရီ ထိုးကာနီးပြီ ဆိုသည်ကို “သူ” တွေ့ရသည်။

“မဒေဝီ” က “သူ့” ကို လှည့်မကြည့်ဘဲ အကဲခတ်ဟန်တူသည်။ သား ၃ ယောက်အနက် အငယ်ဆုံး သားက သူ့ရင်ခွင်ထဲ တိုးဝှေ့ပြီး ဝင်ထိုင်၏။ လရောင်လိုလို၊ ကြယ်ရောင်လိုလို အလင်းရောင် မှိန်ပြပြက အိမ့်ရှေ့ ပိန္နဲပင်ပေါ် ရောက်နေသည်။ သူ့စိတ်ထဲ ၈ နာရီထိုးကာနီးပြီဖြစ်သဖြင့် ဒန်အိုးဖုံးတခုကို သွားယူလာကာ တုတ်ချောင်းနှင့် ရိုက်ပြီး အသံပြုရန် ဆုံးဖြတ်လိုက်၏။ တိတ်ဆိတ်ငြိမ်သက်လွန်းသည့် လောကကြီးကို သူတယောက်ထဲရဲ့ ဒန်အိုးဖုံးခေါက်သံက ထိုးဖောက်သွားနိုင်ပါမည်လား။ သူ ... မသိမသာ .. တုန်လှုပ်နေမိသည်။

ထိုစဉ်မှာပင် ... ခန့်မှန်းရခက်သည့်တနေရာမှ မိုးခြိမ်းသံများကို ကြားလိုက်ရ၏။ စိတ်လှုပ်ရှားစွာ အသေအချာ နားစိုက်ထောင်တော့ သံပုံးတီးသံများကို မည်သည့်ဘက်ကမှန်းမသိ၊ အသေအချာ ကြားလိုက်ရ၏။ ရုတ်တရက်ဆိုသလို အိမ်နားနီးချင်း အိမ်များဆီက သံပုံးတီးသံများ ထွက်ပေါ်လာခဲ့သည်။ “မဒေဝီ” က သူ့လက်ထဲမှ ဒန်အိုးကို ရုတ်တရက် ဆွဲယူကာ တုတ်တချောင်းနှင့် အဆက်မပြတ် ရိုက်တော့၏။ သူက အိမ်ပေါ်မှ ဆင်းလာခဲ့သည်။ အိမ်ရှေ့ပိန္နဲပင်ဘေးတွင် ထွက်ပြီး ရပ်လိုက်သည်။

သံပုံးတီးသံများမှာ တရွာလုံးကို ကိုင်လှုပ်လျက်ရှိ၏။ လူတချို့က တဝေးဝေး တဟေးဟေးနှင့် လိုက်အော်နေကြသည်ဟု သူ ထင်သည်။ သံပုံးတီးသံများမှာ ရေးလှိုင်းများလို ဆင့်ကဲဆင့်ကဲ နီးလာနေရင်းမှ တဖြေးဖြေး ဝေးသွားကြတော့၏။ ။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 112 guests online