မျိုးဆက်မပြတ်သေးသည့် ရှစ်လေးလုံးခရီး (ဆက်သွယ်မေးမြန်းချက်)

ပရင့်ထုတ်ရန်

(ABSL ကျောင်းသား ဥက္ကဋ္ဌ ကိုကျော်သန်းနှင့် ဆက်သွယ်မေးမြန်းချက်)


ရှစ်လေးလုံး အရေးတော်ပုံ စတင်ပေါ်ပေါက်စ အတွေ့အကြုံ တစိတ်တဒေသ၊ မျိုးဆက် မပြတ်သေးသည့် ယနေ့ ဒီမိုကရေစီ တော်လှန်ရေးခရီး၊ ရှစ်လေးလုံး လှုပ်ရှားမှု အတွင်းက အားသာချက်၊ အားနည်းချက်နှင့် လက်ရှိ အခြေအနေ၊ လူငယ်ထုထံ တိုက်တွန်း ပန်ကြားချက်များကို ၁၉၈၈ ခုနှစ်မှ ယနေ့တိုင် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှု ရေစီးကြောင်းတွင် တက်ကြွစွာ ပါဝင်နေပြီး ရှစ်လေးလုံးကာလ ကျောင်းသားများ လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ အဖွဲ့ချုပ် (ABSL) ၏ ဥက္ကဋ္ဌ ကိုကျော်သန်းကို ဆက်သွယ် မေးမြန်းထားသည်ကို တင်ပြလိုက်ပါသည်။

မေး။ ရှစ်လေးလုံး အနှစ် ၂ဝ ပြည့် နှစ်ပတ်လည်မှာ ကိုကျော်သန်းအတွက် မမေ့နိုင်တဲ့ အဖြစ်အပျက်လေးတွေ အရင်ဆုံး ပြောပြပါလား။

ဖြေ။ သြော် ... အမှတ်ရစရာတွေက အများကြီးပဲ။ အဲဒီထဲကမှ မတ်လ အင်ယားကန်ဘောင်ကိစ္စ ဖြစ်ခဲ့တဲ့ အဖြစ်ပျက်ပေါ့။ တကယ်တမ်းဆိုရင် ကျနော်တို့က တိုင်းပြည်နဲ့ လူမျိုးအတွက် နာလွန်းလို့ မခံစားနိုင်လွန်းလို့၊ ကျနော်တို့ ထလုပ်ခဲ့ကြတာ။ အဲလို အလုပ်လုပ်ခဲ့တဲ့ အချိန်မှာ ကျနော်တို့က ဘာမှ နိုင်ငံရေး အတွေ့အကြုံလည်း မရှိ၊ ဘာမရှိ ဆိုတဲ့အခါကျတော့ ကျနော်တို့ ဘယ်လိုဆန္ဒပြမလဲ၊ ဘယ်လို ကြွေးကြော်မလဲ၊ ဘယ်လို အော်ရမလဲ ဆိုတာတောင် မသိတဲ့ဘဝပါ။ အလံဆိုတာတောင် စွပ်ကျယ်အင်္ကျီက ခွပ်ဒေါင်းကိုပဲ ချိတ်ပြီး လုပ်ခဲ့ရတဲ့ ဘဝပါ။ အဲဒီမှာ ကျနော်တို့ ကမောက်ကမ အများကြီး ဖြစ်ခဲ့ရတာပါ။ ဒါပေမဲ့ အားလုံးမှာ တိုင်းပြည်နဲ့ လူမျိုးအတွက် ခံစားချက်တွေ၊ ဆန္ဒတွေ ရှိနေတဲ့အခါကျတော့ မဖြစ်ဖြစ်အောင် ကြိုးစားခဲ့ရတဲ့ အခြေအနေပေါ့။

အဲဒီကနေ သွားကြရင်းနဲ့ ကျနော်တို့ အင်းယားကန်ဘောင်ကို ရောက်ခဲ့ကြတယ်။ ရောက်ပြီးတဲ့အခါကျတော့ အဲဒီ စွပ်ကျယ်စက်နားက စစ်သားတွေ ၅ဝ လောက် အတန်း သုံးတန်းလောက်နဲ့၊ နောက်မှာလည်း ပုလိပ်တွေနဲ့ တားထားကြတယ်။ အဲဒီတော့ ဆိုချင်တာက ဘာလဲဆိုတော့ စစ်တပ်ထဲမှာလည်း ဘာပဲဖြစ်ဖြစ် တိုင်းပြည်ကို ခင်တွယ်နေတဲ့သူ၊ စေတနာရှိတဲ့ သူတွေ ရှိတယ်ဆိုတာ တွေ့ရတယ်။ အဲဒီထဲက တာဝန်ကျတဲ့ တပ်မှူးတယောက်က ကျနော့်ကို ပြောတယ်။ ‘မင်းလူတွေကို မင်းခေါ်သွားပါ။ ငါတို့ ဒီမှာ အမိန့်ရှိတယ်။ လိုအပ်ရင် ငါတို့ အကြမ်းဖက်တဲ့ဟာတွေ လုပ်ရလိမ့်မယ်။ သွေးထွက်သံယို ဖြစ်ကုန်လိမ့်မယ်’ တဲ့။

အဲဒီမှာ ကျနော့်စိတ်ထဲမှာ တော်တော် ခံစားမိတယ်။ ဝမ်းနည်းမိတယ်။ ဘက်နှစ်ဖက်က ဘာပဲဖြစ်ဖြစ် တူညီတဲ့ ခံစားချက်တွေ ရှိနေရဲ့သားနဲ့၊ အပြန်အလှန် သတ်ရဖြတ်ရမယ့် အခြေအနေမျိုး၊ ရင်ဆိုင်ရမယ့် အဖြစ်မျိုးကို သွားသတိရမိတယ်။ ကျနော့်အတွက် မမေ့နိုင်တာပဲ။ အဲလို ခံစားချက်ကြောင့်လည်းပဲ၊ အဲလို အသိကြောင့်လည်းပဲ ကျနော်တို့ ဒီနေ့ တိုက်ပွဲကို အဆုံးထိ ပါလာနိုင်တာပဲလို့ ဆိုရမှာပါပဲ။ ဒါပေမဲ့ ခုနပြောသလို မမေ့နိုင်တာတွေက အများကြီးပေါ့။ ကျနော့်ရှေ့မှာတင် အထက်တန်းကျောင်းသူလေးတွေ ရက်ရက်စက်စက် အသတ်ဖြတ် ခံရတာတွေ၊ မြင်တဲ့ဟာတွေ အများကြီးပါပဲ။

မေး။ နိုင်ငံရေး အတွေ့အကြုံ မရှိခဲ့ဘူးဆိုတာ ဘယ်လိုဟာမျိုးကို ပြောချင်တာလဲရှင့်။ အဲဒီတုန်းက ဘယ်လို အားနည်းချက်၊ အားသာချက်တွေ ရှိခဲ့လဲ။


ဖြေ။ သေချာတာပေါ့။ ကျနော့် အမြင်အရဆိုရင် အတွေ့အကြုံဆိုတာ နိုင်ငံရေးမှ မဟုတ်ပါဘူး၊ ဘယ်ဟာမဆို လိုပါတယ်။ နိုင်ငံရေးမှာ ကျတော့ ပိုဆိုးတာပေါ့။ သူ့မှာကျတော့ အသက်တွေပါ ပါတာကိုး။ လုပ်ရကိုင်ရတဲ့ အလုပ်ကိုက သေရေးသတ်ရေးဆိုတော့ အတွေ့အကြုံရှိတဲ့သူက သာတာပါပဲ။ ကျနော်တို့ ငုတ်တုတ် ခံလိုက်ရတယ်ဆိုတာ စစ်အုပ်စုက သက်တမ်း တလျှောက်လုံး အာဏာနဲ့ ကစားနေတာဆိုတော့၊ ရက်စက်မှုပါတဲ့ အခါကျတော့ သူတို့က အစစအရာရာ သာနေတာပဲ။ ကျနော်တို့မှာက ခုနပြောသလို စာသင်ခန်းက ထွက်ခါစအရွယ်ပဲ။ အများစုက အဲဒီအချိန် တိုက်ပွဲဝင်နေတဲ့ သူတွေက ၁၆၊ ၁၇ နှစ် အရွယ်တွေပါပဲ။ ဘယ်လိုအတွေ့အကြုံ ရှိနိုင်မလဲ။

အဲဒီတော့ အာဏာကိုလည်း ဆက်တိုက် ကိုင်ထား၊ ဖိနှိပ်ရေး လုပ်ငန်းကိုလည်း ကောင်းကောင်း အတွေ့အကြုံ ရှိထားတဲ့ စစ်အုပ်နဲ့ ရင်ဆိုင်တဲ့အခါ ကျနော်တို့ နောက်မှာ လူထုကြီးက ပါပေမယ့် သေနတ်နဲ့ဖြေရှင်းတဲ့အခါ ကျနော်တို့က မနိုင်ဘူး ဖြစ်သွားတယ်။

နောက်တခုက အရေးအခင်းပြီးတဲ့နောက် ဗိုလ်နေဝင်းက အုပ်ချုပ်ရေး ယန္တရားတွေကို နောက်ကို ရုတ်လိုက်တယ်။ ရုတ်လိုက်တဲ့ အခါကျတော့ တိုင်းပြည်ထဲမှာ မင်းမဲ့စရိုက်တွေ ဖန်တီးနေတယ်။ ဆိုတော့ ဒီလိုအခြေအနေမျိုးမှာ ကျနော်တို့က ကောင်းကောင်း သဘောမပေါက်နိုင်ဘဲ ကိုယ်ပဲ နိုင်နေသလိုမျိုး ထင်လိုက်မိတဲ့ အခြေအနေမျိုးတွေ အထိ ကျနော်တို့ ရောက်သွားခဲ့တာပါ။ ဒီအခြေအနေမျိုးတွေကြောင့် ကျနော်တို့ အတွေ့အကြုံ လိုအပ်တယ်လို့ ဆိုတာပါ။

တကယ်တမ်းကျတော့ သူတို့က အကွက်ချပြီး လုပ်သွားခဲ့တာပါ။ ကျနော်တို့ ယုံကြည် အားကိုးခဲ့ကြတဲ့၊ အဲဒီအချိန်က ခေါင်းဆောင်ဆိုတဲ့ ပုဂ္ဂိုလ်များကလည်း ရှင်းရှင်းပြောရရင် ပြန်ဝေဖန်ကြမယ်ဆိုရင် ကျနော်တို့ အောင်ပွဲက ရပြီးသား လက်တကမ်းကနေ လွတ်သွားတယ် ဆိုတာက ကျနော်တို့ တာဝန်ထက် ရှေ့က လူကြီးတွေရဲ့ တာဝန်လို့ ဒီအချိန်မှာ ပြောကို ပြောရတော့မှာပဲ။ ဘာကြောင့်လဲ။ သေတဲ့လူက သေပြီ၊ အနှစ် ၂ဝ ရှိပြီ။ သူတို့ အိပ်မက်ကို အခုချိန်ထိ အကောင်အထည် မဖော်နိုင်သေးဘူး။

မေး။ ရှစ်လေးလုံး လှုပ်ရှားမှုထဲ ဝင်ရောက်လာပုံကို ပြောပြပါလား။

ဖြေ။ အဲဒီအချိန်မှာတော့ ကျနော်က ဆရာပေါ့။ ဘွဲ့လွန်သင်တန်း တက်ရင်း၊ တဖက်ကတက်ရင်း တဖက်မှာ အလုပ်လုပ်နေပြီပေါ့။ အစိုးရဌာန တခုမှာဖြစ်တဲ့ ပညာရေးဌာန တခုမှာ ကျနော် အလုပ် လုပ်နေပါတယ်။ ဒါပေမဲ့ ခုနပြောသလိုပေါ့၊ ကျနော်က အလုပ် စလုပ်ခါစဆိုတော့ ကျောင်းသားစိတ် မကုန်ဘူး။ အဲဒီတုန်းက အဖွဲ့အစည်းရယ်လို့ သတ်သတ်မှတ်မှတ်တော့ မရှိဘူးပေါ့လေ။ ဒါပေမဲ့ လုပ်ကြတဲ့ အစုတွေ၊ သူငယ်ချင်းတွေကတော့ ဒီစိတ်ရှိတဲ့ သူတွေပါပဲ။

ကျနော်တို့ တက္ကသိုလ်မှာ အတူတက်ကြတယ်။ လ္ဘက်ရည်ဆိုင်မှာ အတူထိုင် စကားပြောကြတယ်။ ည စာကျက်ရင်လည်း၊ နောက်ဆုံး စာကျက်နေရင်တောင်မှ စာမေးပွဲပေါ်မှာ မကျေနပ်တဲ့ စိတ်ကနေ နောက်ဆုံး အစိုးရကို မကျေနပ်တဲ့စိတ် ဆိုတာနဲ့ ဒီလိုနဲ့ လုပ်နေကြတဲ့ အခါကျတော့ အစုအသင်းရယ်လိုတော့ ရှိတာပေါ့။ အခုလို Informal တွေချည်းပဲပေါ့။ ပုံစံတကျ အဖွဲ့အစည်းရယ်လို့ မရှိဘူးပေါ့။ ကျနော်တို့ကို ဘယ်သူကမှ ခေါ်ထုတ်တယ်လို့ မဆိုနိုင်ပါဘူး။ ကျနော်တို့ခံစားချက်နဲ့ ကျနော်တို့ စခဲ့တဲ့အလုပ်ပါ။ တကယ်တမ်း ပြောမယ်ဆိုရင် ဒီလို ဆန္ဒပြပွဲတွေ၊ အစိုးရဆန့်ကျင်ရေး၊ အစိုးရ ဖြုတ်ချရေး အလုပ်တွေလုပ်ဖို့ ဆိုတာက ဟို ၈၅ ၊ ၈၆ ကတည်းက၊ ကျနော်တို့ ကျောင်းမှာ ရောက်ကတည်းက ကြိုးစားနေတဲ့ အခြေအနေပါပဲ။

ဒါပေမဲ့ မပြေလည်နိုင်ဘဲနဲ့ နောက်ဆုံး ၈၇ ခုနှစ်ဘက်ကစပြီး တကယ့် အစိုးရဆန့်ကျင်ရေး တိုက်ပွဲလမ်းကြောင်းကို ခြေရာကောက်မိတယ် ဆိုတဲ့ အခြေအနေကို ရောက်လာတာပါ။ ပိုက်ဆံကိစ္စ ၈၇ စက်တင်ဘာပေါ့။ အဲဒီအချိန်ကမှ စတယ်လို့ ဆိုရမှာ။ ဟိုတုန်းကတည်းက ကျနော်တို့ ကြိုးစားမှုတွေ ရှိခဲ့တာပဲ။ မအောင်မြင်ခဲ့လို့ပါ။

မေး။ ရှစ်လေးလုံး လှုပ်ရှားမှု မဖြစ်ခင် ဘယ်လို စဖြစ်ခဲ့တာလဲဆိုတာ ပြောပြပါလား။

ဖြေ။ ခုန ကျနော်ပြောတဲ့ စက်တင်ဘာဆိုတာ ၈၇ ခုနှစ်ကို ပြောတာ၊ ၈၈ မရောက်သေးဘူး။ ၈၇ မှာ သူတို့ (မဆလ အစိုးရ) ပိုက်ဆံသိမ်းတယ်လေ။ ကျနော်တို့ စာမေးပွဲ ဖြေနေတဲ့အချိန်မှာ အဲဒီအချိန်ကစပြီး ကျနော်တို့ ဒီလမ်းကြောင်းပေါ်ကို လုံးလုံးရောက်လာတယ်လို့ ဆိုရမှာပဲ။ ဟိုတုန်းကတည်းကလည်း လျှို့ဝှက်စာစောင် ဖြန့်တာတို့၊ တတ်နိုင်သလောက်တော့ ကျနော်တို့ လုပ်ခဲ့ကြတာပေါ့။ ဒါပေမဲ့ ဒီလောက်ကြီး မထိရောက်ပါဘူး။ အဲဒီတော့ နောက်ပိုင်း အရှိန်ကတော့ ခုန ပိုက်ဆံကိစ္စကနေ စလိုက်တယ်။ နောက်ပြီးတော့ မတ်လ အရေးအခင်း၊ အင်းယားကန် အရေးအခင်းတို့က တိုက်ပွဲကို ပိုပြီးတော့ သေချာရေရာတဲ့ဆီကို ပြဋ္ဌာန်းနိုင်တဲ့ အခြေအနေကို ရောက်သွားတာပေါ့။

မေး။ အဲဒီနေရာမှာရော ကိုကျော်သန်းက ဘယ်အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါသလဲ။

ဖြေ။ တကယ်တမ်း ပြောရလို့ရှိရင် လိုက်စုစည်းတယ်လို့ ပြောရမှာပဲ။ မတ်လကနေ ကျနော် ထွက်လာတဲ့ အချိန်ထိပေါ့။ ကျနော်တို့တုန်းက မြေအောက် အဖွဲ့အစည်းဆိုရင် ၄-၅-၆ ဖွဲ့တော့ ရှိတာပဲ။ ဒါပေမဲ့ တော်တော်များများ တဖွဲ့နဲ့တဖွဲ့ မသိကြတာ များပါတယ်။ ဒါပေမဲ့ အခုမှ ကျနော်တို့ ပြန်ဆက်စပ်ပြီးတော့ လုပ်ကြည့်ကြတဲ့ သဘောပါပဲ။

မေး။ စစ်တပ်က စပြီး လက်နက်သုံး အင်အားဖြိုခွဲခဲ့တဲ့ အချိန်မှာ ကိုကျော်သန်း ဘယ်ရောက်နေလဲ။

ဖြေ။ စစ်တပ်က ဘယ်တုန်းက စပစ်တယ်ဆိုတာ ကျနော် မစဉ်းစားမိတော့ဘူး။ ပြောရမယ်ဆိုရင်တော့ ဇွန်လလောက်ကလို့ ပြောရမယ်။ အစောပိုင်းက သူတို့က ကျနော်တို့ကို နှိမ်နင်းတာ၊ လုံထိန်းတွေနဲ့ လွှတ်ပေးထားတာ။ စစ်တပ်က အင်အား ဒီလောက် မသုံးသေးဘူး။ စစ်တပ်က နောက်က ရံတာပဲ ရှိသေးတယ်။ အဲဒီတော့ ကျနော်တို့ကလည်း စစ်တပ်ကို ဘာမှမပြောသေးဘူး။ ကျနော်တို့က လုံထိန်းတွေကိုပဲ ဆဲ၊ ရဲတွေကိုပဲ ဆဲတာ။ ရိုက်စရာရှိရင်လည်း သူတို့ပဲ ရိုက်ပေါ့၊ အဲလို ဖြစ်တာပေါ့။

ဒါပေမဲ့ ဇွန်လမှာတော့ ကျနော်တို့ မြောက်ဥက္ကလာပ အဖြစ်အပျက်ပေါ့။ အခုတော့ လူတွေ တော်တော်များများ သိပ်ပြီးတော့ မပြောတော့ဘူး။ တကယ်တော့ ဇွန်လ ၂ဝ၊ ၁၉ မှာဖြစ်ခဲ့တဲ့ မြောက်ဥက္ကလာပ သားတွေက သူရဲကောင်းပီပီ တပ်ခွဲတခုလောက်ရှိတဲ့ အင်အားကို မြောက်ဥက္ကလာအဝင် တံခါးနားမှာ ဝိုင်းမိကြတယ်။ အဲဒါတွေ ဝိုင်းတယ်ဆိုက အခု အမေရိကားမှာ ရောက်နေတဲ့ ဗကသ မှာ အတွင်းရေးမှူး လုပ်ခဲ့တဲ့ ကိုကိုဦးတို့ ဦးစီးတာပေါ့ဗျာ။ သူတို့က မြောက်ဥက္ကလာသားတွေဆိုတော့ ကျနော်တို့လည်း အဲဒီမှာ ပါခဲ့တာ။ တကယ်တော့ စစ်တပ်က အဲဒီချိန်ကစပြီး တိုက်ရိုက်ပါပြီး၊ တိုက်ရိုက်ပစ်တာ။ အဲဒီဇွန်လမှာပဲ မြောက်ဥက္ကလာမှာ စပစ်တာပဲ။

မေး။ အဲဒီမှာ ကျောင်းသား ဘယ်နှစ်ယောက်သေခဲ့လဲ။

ဖြေ။ အရေးအခင်း ဆိုတော့ ကျနော်တို့လည်း တိတိကျကျ မသိနိုင်ဘူး။ တခါတလေ ကျတော့လည်း ၁၅ ယောက်။ တခါတလေ ကျတော့လည်း အယောက် ၂ဝ၊ ၃ဝ အစုအပြုံလိုက် သေသွားတာမျိုးမြင်ရင်၊ ဒီလိုပဲ ခန့်မှန်းရတာပဲ။ ကိုယ်လည်း ရှင်းရှင်းပြောရရင် လွတ်အောင်ပြေးရ၊ ရှောင်ရတဲ့ အခြေအနေမျိုး ဆိုတဲ့အခါကျတော့ ပစ်ပြီဆိုရင် အလောင်း လှည့်မကြည့်နိုင်ဘဲ၊ မကောက်နိုင်ဘဲ။ ကောက်နိုင်တယ် ဆိုတာက တခါတလေ စစ်တပ်က ပစ်ဖို့ အမိန့်ပဲပါတဲ့ အချိန်မှ၊ ပစ်ပြီး ထွက်သွားတဲ့ အချိန်မှ ဝိုင်းပြီး ကောက်နိုင်တဲ့ အခြေအနေပါ။ အဲဒါကြောင့် အရေးအခင်းမှာ ဘယ်လောက် သေတယ်ဆိုတာ အခုချိန်ထိ ဘယ်သူမှ ပြောနိုင်ခြင်း မရှိသေးပါဘူး။ ကျနော်တို့လည်း မသိနိုင်ပါဘူး၊ အမှန်ပြောရရင်တော့။

မေး။ မြောက်ဥက္ကလာမှာ စစ်တပ်ပစ်လို့ ဆုံးသွားတဲ့အထဲမှာ ကျောင်းက သူငယ်ချင်းတွေ ပါသေးလား။

ဖြေ။ ပါတယ်ဆိုတာက ရင်းရင်းနှီးနှီးပေါင်းတဲ့ သူငယ်ချင်းတွေက မပါဘူး။ ပါတယ်ဆိုတာက အသိမိတ်ဆွေတွေ ပါခဲ့ကြတာပေါ့။ တော်တော်များများတော့ ကျနော့်သူငယ်ချင်းတွေ ထိခိုက်ဒဏ်ရာ ရတဲ့သူတွေ၊ သေတဲ့သူတွေ ၄-၅-၆ ယောက်ပါပဲ။

မေး။ အဲလိုဆိုရင် နှစ်ပေါင်း ၂ဝ အတွင်း ကိုကျော်သန်း နည်းနည်းတော့ စဉ်းစားမိမယ်လို့ ထင်တယ်။ အားသာချက်၊ အားနည်းချက်။ ခုနကလည်း ပြောတယ်။ နိုင်ငံရေး အတွေ့အကြုံ မရှိဘူးလို့ ပြောတယ်။ ဒါဆိုရင် ဒီလိုမျိုးတွေ လုပ်ဖို့ဆိုရင် နိုင်ငံရေး အတွေ့အကြုံ အရင်ရှိဖို့ လိုသလား။

ဖြေ။ အားသာချက်ဆိုတာက ခုန ကျနော်ပြောသလို ပြည်သူလူထုရဲ့ ယုံကြည်မှုကို အရယူနိုင်ခဲ့တယ်။ ပြီးတော့ ရှေ့တန်းကနေ မားမားမတ်မတ် တိုက်ပွဲ ဝင်နိုင်ခဲ့တယ်။ ကျနော်တို့မှာက လူထုကို တကယ် ယုံကြည်မှုရအောင် လုပ်နိုင်ခဲ့လို့သာ ကျနော်တို့က ရခဲ့တာ။ ဒီလိုဖြစ်ခဲ့တာလည်း အခုခေတ် ကျောင်းသားတွေနဲ့ မတူတာ တခုတော့ ရှိတာပေါ့။ နောက်တခု အားသားချက်လို့ ဆိုရအောင် ဒီခေတ် ကျောင်းသားတွေက ပိုပြီးတောင် သတ္တိရှိတာပေါ့။ ပိုပြီး ချီးကျူးချင်တယ်။ ကျနော်တို့ အခြေအနေကထက် သူတို့အခြေအနေက သူတို့ ရင်ဆိုင်နေရတာ ပိုပြီး ရက်စက်တယ်။ ကြမ်းတမ်းတဲ့ အခြေအနေမျိုးကို ရင်ဆိုင်နေရတယ်။

ဒီကြားထဲ ကျနော်တို့ အခြေအနေတုန်းက ကျောင်းတွေက မြို့ထဲမှာပဲ စုစုစည်းစည်း ရှိတယ်။ (အဲဒါကြောင့် ကျနော်တို့ ဆက်စပ် လှုပ်ရှားဖို့ လွယ်တယ်။ အခုချိန်က ရန်သူက အဲဒီ အခြေအနေကို လုံးလုံး ဖြတ်လိုက်တယ်။ ကျောင်းတွေ အကုန်လုံးကို ခွဲထုတ်လိုက်တယ်။ ဟိုး ရွာစွန်ရွာဖျား လယ်ကွင်းတွေထဲ ပို့လိုက်တယ်။

အဲလို အချက်အလက်တွေကြောင့် ကျနော်တို့က အားသာချက် ဖြစ်ခဲ့တယ်။ လူထု ယုံကြည်မှုကို ရခဲ့တယ်။ လူထုပါအောင် ရခဲ့တယ်။

အားနည်းချက်ကတော့ အာဏာနဲ့ပတ်သက်ပြီး၊ တိုက်ပွဲနဲ့ပါတ်သက်ပြီး အတွေ့အကြုံ ကျနော်တို့မှာ မရှိဘူး။ မရှိတဲ့အပေါ်မှာ ရန်သူက ကောင်းကောင်း အမြတ်ထုတ်သွားနိုင်ခဲ့တယ်။ ဒီကြားထဲ ကျနော်တို့အားကိုးတဲ့ လူကြီးတွေကလည်း ပျက်ကွက်မှုတွေ အများကြီးရှိခဲ့တယ်။

မေး။ ၈၈ ခုနှစ် ကျောင်းသားလှုပ်ရှားမှုနဲ့ ဒီခေတ် ကျောင်းသားတွေနဲ့ ကွင်းဆက် ပြတ်နေပြီလို့ ပြောလို့ရလား။

ဖြေ။ ပြောမယ်ဆိုရင် ၂ဝဝဝ ခုနှစ် ဝန်းကျင်အထိတော့ ကျနော်က ငါတို့ခေတ် ဝန်းကျင်နဲ့တော့ မတူတော့ဘူး၊ ကျောင်းသားတွေ၊ လူငယ်တွေ အကုန် ပျက်စီးကုန်ပြီလား မသိဘူး၊ ရန်သူ စစ်အုပ်စုအောက်မှာ ကျနော်တို့ စိုးရိမ်မိတယ်။ သောကဖြစ်မိတာတွေ ရှိတယ်။ ဒါပေမဲ့ စက်တင်ဘာကိစ္စတို့ အထူးသဖြင့် မင်းကိုနိုင်တို့၊ ကိုကိုကြီးတို့ လွတ်လာပြီး နောက်ပိုင်း ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေက ပြန်ပြီး ညွှန်းဆိုနေတာက ရှင်းရှင်းပြောရရင် သူ့မျိုးဆက်နဲ့သူပဲ။ အချိန်တန် ပေါ်လာမှာပဲ။ တိုက်ပွဲဝင်မယ့် သူရဲကောင်းဆိုတာ ခေတ်မရွေး ပေါ်လာမှာပဲဆိုတာ ကျနော်တို့ သိရတယ်။

နောက်ပိုင်း ကျနော်တို့ ပြန်ပြီး ဆက်စပ်မိသလောက် ပြန်ပြီး ပြောရမယ်ဆိုရင်တော့ ရှေ့နောက် မျိုးဆက်တွေက ဒီလောက်ကြီး မျိုးဆက် မပြတ်ပါဘူး။ တကယ်တမ်း ကျနော်တို့ ရှေ့ကို မတိုးနိုင်ဘူးဆိုတာက ရန်သူရဲ့ ဖိနှိပ်မှုက ကြီးလွန်းတာလည်း တချက်ပါသလိုပေါ့လေ၊ ခုနပြောသလို ကျောင်းသားလူငယ်တွေရဲ့ အဓိကကျတဲ့ ကျောင်းတွေ တက္ကသိုလ် နယ်မြေတွေ ဖြန့်ခွဲ ထုတ်လိုက်တဲ့ အခါကျတော့ တယောက်နဲ့တယောက် မသိ၊ ဘာညာ ဆက်သွယ်ရေး ခက်ခဲတာ၊ ဒီလို အခြေအနေတွေကြောင့် သူတို့ လုပ်ရကိုင်ရ ခက်ခဲတာ ဖြစ်နေတာပါပဲ။ တကယ်တော့ အခြေအနေပေးရင် ဒီကျောင်းသား မျိုးဆက်သစ်တွေက သူတို့တာဝန် သူတို့ ယူကြမှာပါပဲလို့ ကျနော် ယုံကြည်တယ်။

မေး။ နောက်ဆုံး အနေနဲ့ အခုခေတ် လူငယ်တွေကို ဘာတိုက်တွန်း၊ အားပေးချင်ပါသလဲ။

ဖြေ။ ၈၈ ကတော့ တခုတော့ ပြောချင်တယ်ပေါ့လေ။ လူငယ်တွေတင် မဟုတ်ပါဘူး၊ အားလုံးကို ပြောချင်တယ်။ တချို့တွေက ဒီတိုက်ပွဲနဲ့ ပတ်သက်လို့ ဇဝေဇဝါ ဖြစ်နေတာတွေ ရှိတယ်။ ကျနော်တို့တိုက်ပွဲက နိုင်ပါတော့မလား၊ ဘာလား ညာလား ဆိုတာမျိုး။ ဒါကြောင့်လည်း ကျနော်တို့ ကြားထဲမှာ ထိန်းရသိမ်းရခက်တဲ့ အခြေအနေမျိုးတွေ ဖြစ်နေတာပါပဲ။ ဒါပေမဲ့ ကျနော်ကတော့ အပြည့်အဝ ယုံကြည်ဆဲပဲ။ ၈၈ က ဒီမိုကရေစီ လှုံ့ဆော်လိုက်တဲ့ တော်လှန်ရေး ဆိုတာက အဆုံးသတ်အောင်ပွဲ မရမချင်း ဆက်လက် တည်ရှိနေမှာပဲ။ ရန်သူ ပြုတ်မကျမချင်း ဆက်လက် တည်ရှိနေမှာ ဖြစ်တယ်။ မျိုးဆက် အသီးသီးက စဉ်ဆက်မပြတ် တိုက်ပွဲဝင်သွားမယ်လို့ ကျနော်ကတော့ ယုံကြည်တယ်။

နောက်ပြီးတော့ လူငယ်တွေကို ကျနော်ပြောချင်တာက ဘာလဲဆိုတော့ ၈၈ ဆိုတာ မှန်ပါတယ်။ တိုက်ပွဲကို အဆုံးထိ ကျနော်တို့ သယ်မသွားနိုင်ခဲ့ဘူး။ အကြောင်းကြောင်းတွေကြောင့် ပေါ့လေ။ ဒါပေမဲ့ ကျနော်တို့က ဘာတွေ လုပ်နိုင်ခဲ့လဲ ဆိုတော့ ၈၈ မတိုင်ခင်တုန်းက ဘာပဲဖြစ်ဖြစ် လူတွေအားလုံးက မဆလ ကို တော်လှန်ဖို့ မေ့လျော့နေတဲ့ အခြေအနေပါ။

မဆလ က တိုင်းပြည်ပေါ်မှာ ဒီလောက် ဖောက်ပြန်နေတာ၊ သွေးစုပ်နေတာ ဖောက်ပြန်သူတွေဆိုတာ သတိမရတဲ့ အခြေအနေမျိုးမှာ ရောက်နေပါတယ်။ အဲလို အခြေအနေမျိုးကို လုံးဝ တော်လှန်လိုက်ပြီးတော့ စစ်အုပ်စုဟာ တိုင်းပြည်ရဲ့ ရန်သူဖြစ်တယ်။ အန္တရာယ် ဖြစ်တယ်လို့ ကျနော်တို့က ကောင်းကောင်း လက်ညှိးထိုး ပြနိုင်ခဲ့တယ်။ ဒါကြောင့် စစ်အုပ်စုက လူထု ကျေနပ်နိုင်တဲ့ နိုင်ငံရေး အဖြေပေါ့၊ မထွက်မချင်း သူဟာ ဆန့်ကျင်မှုတွေ၊ ပုန်ကန်မှုတွေ အစဉ်တစိုက် ခံနေရအုံးမှာ ဖြစ်တယ်။

လူထုလက်ထဲကို လူထုမျှော်မှန်းချက်၊ ဒီမိုကရေစီပန်းတိုင် မရောက်မချင်း၊ အောင်ပန်း မရမချင်း ဒီတိုက်ပွဲက ဆက်လက် ရှိနေအုံးမှာ ဖြစ်တယ်။ ဒါက ရှစ်လေးလုံးက ဗမာပြည်သူတွေကို ပေးလိုက်တဲ့ တော်လှန်ရေးအမွေ ဖြစ်တယ်။ ဒါကြောင့် ဒီတော်လှန်ရေးအမွေကို သတ္တိရှိတဲ့ လူငယ်တိုင်း၊ အမျိုးကောင်းသား အားလုံးက သတ္တိရှိရှိနဲ့ အမြော်အမြင်ရှိရှိနဲ့ ပါဝင်ကြဖို့ လိုတယ်။ တိုင်းပြည်ရဲ့ လွတ်မြောက်ရေး ဖြစ်တယ်၊ တမျိုးသားလုံး ဒုက္ခရောက်မယ့်ဘေးက ကယ်တင်ဖို့ ဖြစ်တယ်။ ဒီဒုက္ခ ရောက်မယ့်ဘေးကို စစ်အုပ်စုက ဖန်တီးနေတယ်။ စစ်အုပ်စု ရှိနေသမျှ ဒီအရာတွေက ဆက်လက် ဖြစ်ပေါ်နေအုံးမှာ ဖြစ်တယ်။ လူငယ်ပီပီ၊ လူငယ်တွေ တာဝန်ကျေကြပါလို့ ကျနော်က ဒါပဲ ပြောချင်တယ်။