www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
စနေ, ၂၁ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > အထူးကဏ္ဍ > သုတေသန > ၈ လေးလုံး အထူး > ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုထွန်းမြင့်အောင် နှင့် ဆက်သွယ်မေးမြန်းချက်

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုထွန်းမြင့်အောင် နှင့် ဆက်သွယ်မေးမြန်းချက်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

(အနှစ် ၂ဝ မြောက် ၈၈၈၈ အရေးတော်ပုံ အမှတ်တရ)


မေး။ ရှစ်လေးလုံးမှာ ဘယ်လို စတင် ပါဝင်ခဲ့တာလဲရှင့်။

ဖြေ။ ရန်ကုန်တက္ကသိုလ် ပင်မမှာ ကျနော်အသက် ၂ဝ နှစ် ဂုဏ်ထူးတန်း ဒုတိယနှစ် ကျောင်းတက်နေတယ်။ ၈၈ မဖြစ်ခင်ကတည်းက ၈၇ အရေးအခင်း၊ ကိုဖုန်းမော် အရေးအခင်းကနေ ကျနော်တို့ မိန်းထဲ ကူးဆက်လာပြီးတော့ စပြီးပါလာတယ်ဗျာ။

အဲဒီကာလက အဖွဲ့အစည်း မရှိသေးဘူး။ ပြောမယ်ဆိုရင် ကျနော်တို့ စာရွက်တွေကို ကူးပြီးတော့ ဖြန့်ရတာ။ ၈၈ မတိုင်ခင် ကလေးမှာပေါ့နော်။ မတ်လ၊ ဇွန်လ အရေးအခင်းတို့မှာ ဘုရားပွဲတွေမှာ စာရေးစားပွဲခုံတွေမှာ တက်ပြီးတော့ တရားဟောရတာကိုး။ နောက် ခုံတွေကို တန်းစီပြီးတော့ အဲဒီအပေါ်မှာ ကျေညာချက်၊ တောင်းဆိုချက်တွေကို ဗလာစာအုပ်တွေမှာပဲ၊ မင်ပြာတောင် မရှိဘူး၊ လက်နဲ့ ရေးပြီးတော့ ဖြန့်ရတယ်။ လမ်းတလျှောက်လုံးမှာပဲ။

ပန်းဆိုးတန်းဘက်ကို ချီတက်တော့ စစ်တပ်နဲ့ မတိုးဘူး။ သခင်မြပန်းခြံနားမှာ တခါ စစ်တပ်နဲ့ တိုးတယ်။ အဲဒီတုန်းက ကြွေးကြော်သံပါတယ်။ တပါတီစနစ် ပြုတ်ကျရေးတွေ ပါတယ်။ ပြီးတော့ ကျနော်တို့မှာ အလုပ်သမားတချို့ ပါတယ်လေ။ သူတို့ ကြွေးကြော်သံတွေက ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရေးတွေ ပါတယ်။ တကယ်တော့ ကျောင်းသားသမဂ္ဂပဲ ပြည်သူက သိတာ။ ကျနော်တို့က အရှုပ်အထွေးတွေ ကြားမှာ ရင်မောလိုက်ရတာပေါ့ဗျာ။

ကျနော်တို့ ရန်ကုန်တက္ကသိုလ် စရောက်တော့ ကျောင်းသားလှုပ်ရှားမှု စတင် စေ့ဆော်လိုက်တာဟာ ရန်ကုန်တက္ကသိုလ် နှစ်ပတ်လည် မဂ္ဂဇင်းပဲဗျာ။ ၁၉၈၅ မှာပေါ့နော်။ အဲဒီ နှစ်လည်မဂ္ဂဇင်း မျက်နှာဖုံးက ကျောင်းသား လှုပ်ရှားမှု၊ ကျောင်းသား အရေးအခင်း၊ ဦးသန့် အရေးအခင်း၊ ကျောင်းသားတွေကို သွေးစွန်းတဲ့ အကြောင်းတွေ၊ အသုံးမကျတဲ့ ပညာရေးကို သင်နေရတဲ့ အကြောင်းတွေ၊ ပုံဖော်ထားတဲ့ ပန်းချီက တော်တော် ကောင်းတယ်ဗျာ။ အဲဒီတော့ ကျောင်းသားတွေကြားမှာ လှုပ်ခတ်သွားတယ်။

အဲဒီလိုနဲ့ ၈ လေးလုံးကာလ သြဂုတ်ရောက်လာတယ်။ အဲဒီလိုပဲ ကိုယ့်အစုလိုက်ပေါ့နော်။ လှုပ်ရှားလာတယ်။ သြဂုတ် ၂၈ ရက်နေ့မှာ ဗကသ ညီလာခံကို မြက်ခင်းပြင်မှာ လုပ်ဖြစ်ခဲ့တယ်ဗျာ။

အရေးအခင်းမှာက ကျနော်က ၂ ပိုင်း ဖြစ်တယ်။ တခုက ဗကသ အနေနဲ့ ပါဝင်ခဲ့တယ်။ အလုံမြို့နယ် ကျောင်းသားသမဂ္ဂကို ဦးဆောင် ဖွဲ့စည်းခဲ့တယ်။ အရေးအခင်း အရှိန်မြင့်လာတော့ ရန်ကုန်ဆေးရုံနားက သရက်တော ကျောင်းတိုက်မှာ တက္ကသိုလ် လေ့ကျင့်ရေးစခန်းမှာ ရှိတယ်။ ဆရာဟောင်းတွေ၊ ကျောင်းသားဟောင်းတွေရော စုပြီးတော့ ဖွဲ့တယ်။ အာဏာသိမ်းတဲ့ အချိန်မှာ ကျနော်က လေ့ကျင့်ရေး စခန်းမှာ။ ကျနော်က အရင်ဆုံး ဗကသ ကျောင်းသားအနေနဲ့ လှုပ်ရှားခဲ့ပြီးတော့၊ တက္ကသိုလ် ရင်ပြင်ကို တက်ခဲ့တယ်။

မေး။ ဒီအရေးအခင်းတုန်းက ထူးထူးခြားခြား မှတ်မိခဲ့တာ တခုလောက်ပြောပြပါ။

ဖြေ။ အမှတ်ရစရာ အများကြီးပါ။ ဒါပေမဲ့ နှစ်ခု ပြောချင်တယ်။ ၈၈ အာဏာသိမ်းပြီးနောက် ကျနော်က ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂပေါ့နော်၊ ကိုပြုံးချိုတို့နဲ့အတူ လှုပ်ရှားတယ်ပေါ့နော်။ အဲဒီကနေ ကျနော်က ရန်ကုန်တက္ကသိုလ် ကျောင်းသား ဗကသ ကိုယ်စားလှယ်တယောက် အနေနဲ့ အောက်မြန်မာပြည် ဗကသမှာ မန္တလေး ညီလာခံမှာ ဗဟို အလုပ်အမှုဆောင် တယောက် ဖြစ်ခဲ့တယ်ဗျာ။

မြေနီကုန်း နှစ်ပတ်လည်မှာပေါ့နော်။ ကျနော်က မြေနီကုန်းမှာ ရှိနေတာ။ စစ်တပ်က ပစ်ထည့်လိုက်တာ ကျနော်တို့ အုပ်စုထဲက တယောက် ထိသွားတယ်။ ကျနော်လည်း မြေနီကုန်း ပန်းခြံဘက်ကို ဝုန်းဝုန်းနဲ့ ပြေးကြတယ်။ လဲကျသွားတဲ့ တစည ကျောင်းသားကို သယ်လာပြီးတော့ တော်လှန်ရေး ပန်းခြံနားက ဘုန်းကြီးကျောင်းကို ပစ်ထားခဲ့တယ်။ အဲဒီကနေပြီးတော့ ကျနော့်သူငယ်ချင်းတွေနဲ့ ဘုန်းကြီးတပါး ပါတယ်။ ကျနော်ကိုယ်တိုင် အဲဒီလူကို သယ်လာပြီးတော့ ဆေးရုံကို ပို့ပေးတယ်။

မဆလက ၉ဝ ရွေးကောက်ပွဲမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) အမည်ခံပြီး ဝင်ပြိုင်ခဲ့တာလေ။ အဲဒီအချိန်မှာ လူတွေက တစည ကို အတော် မုန်းတီးနေတဲ့ အချိန်လေ။ ကျနော်တောင် စိတ်ထဲ တမျိုးဖြစ်သွားတယ်။ ဒါပေမဲ့ တစည မကလို့ ဘာပဲဖြစ်နေနေ လူတယောက် အသက်ကို ကယ်ရမှာပဲဆိုပြီး ပို့လိုက်တယ်ပေါ့နော်။ နောက် သူက မိသားစုကို စကားပြောချင်နေတာ။ ကျနော်တို့လည်း သူ့ဒဏ်ရာကို ဖိပြီးတော့ ပို့လိုက်တယ်။ ဆရာဝန်မလေးတွေက သားတို့ ထားခဲ့လိုက်တော့ တော်ကြာ သူတို့ ရောက်လာတော့မယ်၊ ပြဿနာ ဖြစ်လိမ့်မယ်လို့ ပြောတယ်လေ။ သူက နောက်တနာရီလောက်မှာ သေသွားရှာပြီလေ။
အဲဒီမှာ ကျနော် တွေးကြည့်လိုက်တယ်။ တကယ်တော့ စစ်အစိုးရအနေနဲ့ သတ်ဖြတ်နေတာဟာ သူတို့ မလိုချင်တဲ့ လူတွေသာ မကဘူး၊ သူတို့ ကိုယ်ကိုပါ ပြန်ပြီး အသတ်ခံနေရတယ်။ ဒါပေမဲ့ ကျနော်တို့ လူသားတွေအပေါ်မှာ လူတယောက် အသက်ကို ကယ်ခဲ့တယ်။ ကျနော်တို့နဲ့ ဆန့်ကျင်ဘက်မို့ ဆိုပြီး မထားခဲ့ဘူး။

နောက်တခုက ကျနော် ထောင်တွင်းကာလမှာ ပေါ့နော်။ ကျနော့်ရင်ထဲမှာ ဒီနေ့ထိ ဘယ်လိုမှ မေ့လို့ မရဘူးပေါ့နော်။ အင်းစိန် စစ်ကြောရေး သီးသန့်ထောင်မှာ ပေါ့နော်။ ကျနော့်ကို ဒူးထောက် ခိုင်းထားတယ်။ ကြမ်းပြင်ကလည်း မညီမညာ၊ မျက်နှာကို စည်းထားတယ်။ လက်ကို မြှောက်၊ ခေါင်းပေါ် တင်ခိုင်းထားတယ်။ အဲလို စစ်နေတဲ့အချိန်မှာ ဒူးက အတော်နာတာပေါ့ဗျာ။ ကြမ်းပြင်မှာ ဒူးထောက်နေရတာ နာတာကို ဘယ်လို နာတာမျိုးလဲဆိုတော့ ခါးပိုက်နှိုက် တယောက်ကို ကားမှတ်တိုင်မှာ၊ လမ်းမှာ မိလို့ ဝိုင်းရိုက်သလိုမျိုး ကျနော် ခံစားရတယ်။ အဲလို စစ်နေတဲ့အချိန်မှာ အက်စ်ဘီက စားပွဲရှေ့မှာ ထိုင်ပြီးတော့ သူ စီးထားတဲ့ သားရေဖိနပ်ကို ချွတ်လိုက်တယ်။ ကျနော့်ပါးကို ခြေထောက်နဲ့ ရိုက်လိုက်တယ်။ ဘာကြောင့် ရိုက်လဲဆိုတော့ သူတို့က စုကြည် ကုလားမ၊ စုကြည် ကုလားမနဲ့ သုံးတယ်။ ကျနော်က စစ်တဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် နာမည်ကို အပြည့်အဝ ပြောရမလား ဆိုပြီးတော့ ရိုက်တယ်။ အဲဒါကို ကျနော် လုံးဝ မမေ့ဘူး။

မေး။ ရှစ်လေးလုံး ပြီးတော့ အကိုက ဘယ်လို ဖြစ်ခဲ့လဲ။

ဖြေ။ ကျနော်က ထောင်ဒဏ် ၂ နှစ်ကျခဲ့တယ်။ ပထမက လွှတ်တော် ခေါ်ဆိုရေး ကိစ္စကို ကျနော်တို့ တောင်းဆိုတာ။ အဲဒီတုန်းက ကျနော်တို့က အာဏာ ၃ ရပ် ချက်ချင်းအပ်၊ ပြည်သူ့လွှတ်တော် ခေါ်ဆိုပြီးတော့ ကြွေးကြော်တဲ့အချိန် ပန်းဆိုးတန်း ဆန္ဒပြပွဲမှာ ဖမ်းဆီးလိုက်တာပဲ။ ၁၉၉ဝ ခုနှစ်မှ ၁၉၉၃ ခုနှစ်ထိက အင်းစိန်ထောင်နဲ့ သရက်ထောင်၊ လွှတ်တော်ကိစ္စပဲ။ ကျနော်တို့ ကျောင်းသား လှုပ်ရှားမှုတွေ ရှိနေပြီ။ အဲဒီမှာလည်း ကျနော်တို့ ကျောင်းသား ၁ဝဝ ကျော် ဖမ်းဆီးခဲ့တယ်။ ၁၉၉၈ ခုနှစ်ကနေ ၂ဝဝ၅ ခုနှစ်အထိက အင်းစိန်ထောင်နဲ့ မြင်းခြံထောင်မှာ ကျခဲ့ပါတယ်။

မေး။ လက်ရှိ မြန်မာပြည်ရဲ့ စီးပွားရေး၊ နိုင်ငံရေးပေါ့နော်၊ မြန်မာပြည်ရဲ့ အနာဂတ်ကို အကိုက ဘယ်လို မြင်ချင်ပါသလဲ။

ဖြေ။ ကျနော် မြန်မာပြည်ကို မြင်ချင်တာက ရိုးရိုးလေးပါဗျာ။ တဖက်သတ် ပြောနေတာ မဟုတ်ဘူး။ အားလုံး တန်းတူညီတူ လွတ်လွတ်လပ်လပ်၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြည်သူပြည်သား အားလုံး နေထိုင်နိုင်မယ့် အခြေအနေ တရပ်ကို ကျနော်တို့ လိုချင်တယ်ဗျာ။ ပြည်သူပြည်သား အားလုံး မကြောင့်မကျ ဘဝကို ရောက်စေချင်တယ်။ ကျနော်တို့ တိုင်းပြည်မှာက ချမ်းသာသူတွေနဲ့ ဆင်းရဲသူတွေ ကွာဟနေတယ်။ ချမ်းသာသူကို လက်တဆုပ်လောက်ပဲ။ ချမ်းသာတဲ့လူက ထားစရာနေရာ မရှိလောက်အောင် ချမ်းသာပြီးတော့၊ ပြည်သူအများစုက ဆင်းရဲဒုက္ခ ရောက်နေတယ်။ ကျနော်က အဲဒီ အခြေအနေတွေ မဖြစ်စေချင်ဘူး။

လုပ်ငန်းရှင်ကြီးတွေ၊ စီးပွားရေး သမားတွေလည်း ချမ်းသာကြွယ်ဝမှာပါ။ အဲဒီလိုပဲ ကျနော်တို့ သာမန် အခြေခံ လူတန်းစားတွေရဲ့ စားဝတ်နေရေးကို ပြေလည်ရေးဟာ အဓိကပါပဲ။ အဲလို အခြေအနေ ရောက်ဖို့ဆိုရင် အဲဒီတိုင်းပြည်မှာ လူ့အခွင့်အရေး ရှိဖို့လိုတယ်။ ဒီမိုကရေစီစနစ် ထွန်းကားဖို့ လိုတယ်။ အဲဒါအားလုံး ရှိမယ်ဆိုရင် မညီညွတ်စရာ အကြောင်း နည်းသွားမှာပါ။ အဲလိုမှ တိုင်းပြည်အေးချမ်းမယ်၊ ငြိမ်းချမ်းမယ်၊ တည်ငြိမ်နေမယ် ဆိုရင် ကျန်းမာရေး၊ ပညာရေး၊ ကြီးပွားရေး အဖက်ဖက်က ဖွံ့ဖြိုးတိုးတက်ဖို့ အနေအထားပဲ ရှိပါတယ်။

အဲဒါကြောင့် အဲဒီဟာတွေကို အာမခံချက်ပေးနိုင်တဲ့ အစိုးရမျိုးကို ပြည်သူက ရွေးချယ်တင်မြောက် ပိုင်ခွင့်ပေးပါ၊ ပြည်သူလူထုကို အကာအကွယ်ပေးတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေမျိုးပဲ ရှိဖို့လိုပါတယ်။ ပြည်သူက ရွေးကောက်တဲ့ အစိုးရကသာလျှင် ပြည်သူကို ကိုယ်စားပြုနိုင်မယ်လေ။ အဲဒီလို အစိုးရကပဲ ပြည်သူရဲ့ အကျိုးစီးပွားကို ဖော်ဆောင်နိုင်လိမ့်မယ်လို့ ကျနော် ယုံကြည်တယ်။

မေး။ မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေ ဒီမိုကရေစီ ဖော်ဆောင်မှုမှာရော ဘယ်လို အတားအဆီးတွေ၊ အဟန့်အတားတွေ ရှိနေတယ်လို့ ထင်လဲ။

ဖြေ။ လက်ရှိ လှုပ်ရှားမှုတွေမှာ အခက်အခဲတွေ၊ အဟန့်အတားတွေ အများကြီး ရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဖိနှိပ်မှုက ပိုမိုပြင်းထန်လာတယ်လေ။ ဖိနှိပ်မှု များလာသည်နှင့်အမျှ လှုပ်ရှားတဲ့ အခက်အခဲက အများကြီး အန္တရာယ်တွေလည်း ကြီးမားလာတယ်။ ဒါပေမဲ့ ကျနော် ပြောချင်တာက ဒီနှစ် ၂ဝ လုံးလုံးမှာ ဖမ်းဆီးတာ ရပ်ခဲ့တာမှ မဟုတ်တာ၊ ဒီလိုဖမ်းလိုက်၊ ထောင်ထဲထားလိုက်၊ ပြီးတော့ ပြန်ထွက်လာလိုက်။ ၂ဝဝ၇ စက်တင်ဘာ လှုပ်ရှားမှုကြီးက မျိုးဆက်သစ် တရပ်ကို မွေးထုတ် ပေးလိုက်တယ်လေ။

အဲဒီတော့ အမှန်တရားအတွက် ဆိုတာဟာ ဒီမိုကရေစီ လူ့အခွင့်အရေး ထွန်းကားရေးမှာ ဖိနှိပ်မှုတွေ ရှိနေသရွေ့ ဒါတွေကို ကာကွယ်ခုခံတဲ့ လှုပ်ရှားမှုကတော့ ရှိနေအုံးမှာပဲလေ။ အဲဒီတော့ ဖမ်းလိုက်၊ ထောင်ထည့်လိုက်၊ သတ်လိုက်ရုံနဲ့ ပြီးသွားတာမှာ မဟုတ်တာ။ ဒါ နှစ် ၂ဝ သက်သေတွေ ပြနေတာပဲလေ။ အခု ထောင်ထဲမှာ ထည့်ထားတဲ့ ထည့်ထားပေမယ့် လှုပ်ရှားမှုတွေက ရပ်တန့်မသွားဘူး။

မေး။ ဒီမိုကရေစီ ပန်းတိုင်ရောက်ဖို့ ဝေးတယ်၊ နီးတယ်ဆိုတာကို အကို့ အနေနဲ့ ဘယ်လို ထင်သလဲ။

ဖြေ။ ကျနော်တို့ လှုပ်ရှားခဲ့တာ နှစ် ၂ဝ ပြည့်ခဲ့ပါပြီ။ ကျနော်တို့ လက်ထဲ ဒီမိုကရေစီ မရောက်သေးဘူး။ ပန်းတိုင် မရောက်သေးဘူး။ ကျနော်တို့ ပန်းတိုင် ဝေးတယ်၊ နီးတယ်ဆိုတာ ကျနော်တော့ ဝေးမသွားဘူးလို့ ပြောချင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ဟာ အခုလို တအုံတခဲနဲ့ တွယ်ကုတ်ပြီးတော့ လုပ်မထားဘူးဆိုရင် ကျနော်တို့ ဝေးသွားစရာ အကြောင်းမရှိဘူး။ ဒါပေမဲ့ ကျနော်တို့ ခက်ခက်ခဲခဲ လှုပ်ရှားနေတယ်။ ဗိုလ်ချုပ်တွေအနေနဲ့ သူတို့ အာဏာ၊ စီးပွား၊ ကိုယ်ကျိုးအတွက် ပိတ်ပြီး ရပ်နေတယ်။

အဲဒီ အချိန်မှာ ကျနော်တို့က ဘာမှ မလုပ်ဘဲ ထိုင်ချလိုက်မယ်ဆိုရင် ပန်းတိုင် ဝေးသွားလိမ့်မယ်နော်။ ပြည်သူက ငါတို့က ဘာလက်နက်မှ ရှိတာမဟုတ်ဘူး။ ဒီလို အကြောက်တရားတွေနဲ့ ဆက်ရှိနေအုံးမယ်ဆိုရင် ရမှာမဟုတ်ဘူး။ ကျနော်တို့မှာ လူထုအား၊ လူထုလက်နက် ရှိပါတယ်။ ဒါမှ ပန်းတိုင်ရောက်လာမှာပါ။

 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 77 guests online