www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၁၇ ဒီဇင်ဘာ ၂၀၁၈

Mizzima Burmese

Home > အထူးကဏ္ဍ > သုတေသန > ၈ လေးလုံး အထူး > အမှတ်တရ ရှစ်လေးလုံး

အမှတ်တရ ရှစ်လေးလုံး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


၁၉၈၈ သြဂုတ်လ ၈ ရက်(ရှစ်လေးလုံး) ... မနက်။

ရှစ်လေးလုံး လူထုဆန္ဒပြပွဲတွေ မုံရွာမြို့မှာပါ ဖြစ်စေချင်ခဲ့တာပါ။ အမှန်ပြောရရင် နိုင်ငံရေး သိပ်နားလည်လို့တော့ မဟုတ်ပါဘူး။

ဘာကြောင့်လဲဆိုတော့ ရန်ကုန်မှာ အစိုးရဆန့်ကျင်ရေး လူထုဆန္ဒပြပွဲတွေနောက် တကောက်ကောက် လိုက်ကြည့် ဖူးခဲ့တာကြောင့်ပါ။ လမ်းဘေးနံရံ လှေကားထောင်ပြီး ဟောပြောတာတွေ၊ လက်သီးလက်မောင်းတန်း ကြွေးကြော်တာ
တွေက ကျွန်တော့်ဘ၀မှာ ပထမဆုံးမြင်တွေ့ခဲ့တဲ့ မြင်ကွင်းတွေပါ။ မျက်စိထဲ ကကိုမထွက်နိုင်တော့ဘူး။ ကိုယ်တိုင်က
ကျောင်းသားလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါခဲ့ဖူးတော့ ကြွေးကြော်သံကြားရင်ပဲ သွေးကနားထင်တက်ဆောင့် တုန်း။ ဒါကြောင့် ရန်ကုန်လိုပဲ ကျွန်တော့်မြို့ပါ ဆန္ဒပြတဲ့အထဲ ပါစေချင်တာ။ ကျောင်းသားတွေကလည်း ၈ ရက် ၈ လ ၈၈ ခုနှစ်မှာ တစ်တိုင်းတစ်ပြည် လုံးဒီမိုကရေစီရေးအတွက် ဆန္ဒပြကြဖို့ တဖွဖွ တိုက်တွန်းနေပြီ ...။

ကျွန်တော်က အညာသား၊ မုံရွာမြို့က။ ကလော ဂျီတီအိုင်ကနေ ကျောင်းပြီးခဲ့တာ ပူပူနွေးနွေးပဲရှိသေးတယ်။ ကျောင်း အတူပြီးခဲ့တဲ့ သူငယ်ချင်းသုံးယောက်နဲ့ ကျောက်တံတားမြို့ လွစ္စလမ်းမှာ စုနေခဲ့ကြတာ။ အလုပ်အကိုင်အတွက် ရန်ကုန်မှာ ငါးလလောက်သောင်တင်တုန်းမှာ ဆန္ဒပြပွဲတွေက အရှိန်ကောင်းနေပြီ ပေါ့။ ကျောင်းသားတွေသာမက အရပ်သားတွေပါ ၀ိုင်းရံလာကြတယ်။

အဲဒီအချိန်မှာ ကျွန်တော့်ကိုစိတ်မချလို့ ပြန်လာဖို့မိဘက လှမ်းခေါ်လိုက်ပါတယ်။ ဒါကြောင့် ရန်ကုန်မှာ Maha Engineering တက်နေတဲ့ အစ်မနဲ့အတူပြန်ရတော့တာပါ။ အဖေနဲ့အမေက မန္တလေးအထိလာ ကြိုခဲ့ပါတယ်။ မုံရွာကို ရှစ်လေးလုံးမရောက်ခင် နှစ်ရက်အလို၊ သြဂုတ်လ ၆ ရက်မှာ ပြန်ရောက်ပါတော့တယ်။

ဒါကြောင့်“ငါ့မြို့မှာ ဘာမို့ဆန္ဒမပြရမှာလဲ။ မုံရွာဟာခေတဲ့မြို့မှမဟုတ်တာ” ဆိုတဲ့ မြို့ရပ်ဒေသစွဲ အတွေးနဲ့ ဖြစ်စေချင် ခဲ့တာပါ။ ဖြစ်စေချင်ပေမယ့် ကိုယ်တိုင်ထလုပ်ခဲ့တာ မဟုတ်ပါဘူး။ သူများတွေ လုပ်လာမှာ ကိုပဲမျှော်နေခဲ့တာပါ။ ဒါပေမဲ့ သတိ္တရှိသူတွေ၊ အမြော်အမြင်ကြီးသူတွေကတော့ ကျွန်တော့်လိုမဟုတ်ပါဘူး။ ကြုံရာနေရာကထပြီး ဆန္ဒပြကြ၊
တော်လှန်ကြတော့တာပါပဲ။

မနက် ၉ နာရီလောက်မှာ အယောက် ၂၀ အစိတ်ပါတဲ့ လူတစုဟာဘူတာလမ်းတစ်လျှောက် အနောက်ကနေ အရှေ့ဘက်ဆီချီတက်လာကြတယ်။ ရှေ့ဆုံးတစ်ယောက်ရဲ့ မျက်နှာကိုမှတ်မိသေးတယ်။ မယုံတစ်ဝက် ယုံတစ်ဝက် မျက်နှာမျိုးနဲ့ မဟုတ်ဘူး။ “လုပ်ကိုလုပ်ရမယ့် အလုပ်၊ လုပ်နိုင်တယ်” လို့ ယုံထားပုံ မျိုးပဲ။

“မဆလအစိုးရအလိုမရှိ” ဆိုပြီး သူကတိုင်ပေးတော့ သူ့နောက်ပါလာသူတွေက အမြီးအမောက်မတည့် “အလိုမရှိ ...အလိုမရှိ” လိုက်အော်ကြတယ်။ ကြည့်ရတာ “ဘူတာလမ်းနဲ့ သာစည်လမ်းဆုံတဲ့နေရာကမှ စထွက်လာဟန် တူတယ်။ နှစ်လမ်းဆုံနေရာက ကျွန်တော့်အိမ်နဲ့ဆို တစ်ခေါ်လောက်ပဲဝေးတာ။ ဆန္ဒပြ တာသိပ်အထာမကျသေးဘူး
ပြောရမလားပဲ။

မကြာပါဘူး။ အဖေ့ဆီကို သူ့မိတ်ဆွေတွေ ဖုန်းဆက်လာတယ်။ “မုံရွာအနောက် ဘက်ကမ်းနားဘက်မှာ စနေပြီ” တို့၊ “တောင်ဘက်မှာလည်းပြနေပြီ” တို့ ကြားရတော့တာပဲ။ အဖေ့မျက်နှာက ရှူတည်တည်ကြီး ဖြစ်လာပြီး မေးပြောခေါ် ထူးတောင် မကြားတစ်ချက်ကြားတစ်ချက် ဖြစ်နေတယ်။ ဘာတွေစဉ်းစားနေလဲ မသိပါဘူး။ ကျွန်တော်ကတော့ “ဒါမှ ငါ့မြို့” ဆိုတဲ့ ခပ်နိမ့်နိမ့်ခံစားချက်ပဲ ရှိခဲ့တာပါ။

သြဂုတ်တစ်လလုံးမှာ ကျောင်းသား၊ လူငယ်၊ အလုပ်သမား၊ ဆရာဝန်၊ လုပ်ငန်းရှင်၊ အိမ်ရှင်မ၊ ဘာသာရေး...အစရှိ သဖြင့် ခေါင်းစီး အမျိုးမျိုးတပ်ဆန္ဒပြအဖွဲ့တွေအလျှိုလျှို ပေါ်လာတယ်။ လူတစ်ယောက် တည်း နှစ်နေရာပါရင်ပါ
ကြတာပဲ။ အရှေ့အနောက်၊ တောင်မြောက်မြို့နယ်အတွင်းက ကျေးရွာအုပ်စု တွေလည်း မုံရွာမှာလာပေါင်းပါတယ်။ တချို့ဆို ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေပဲချန်ထားပြီး ရွာ လုံးကျွတ်လာကြတာပါ။ ဒီဖြစ်ရပ်မျိုး မမြင်ဖူးကြလို့။ တချို့ဆို မုံရွာမှာ တစ်ရက်နှစ်ရက် ကျန်ရစ်ခဲ့ရင်း ကိုယ်တိုင် ဆန္ဒ၀င်ပြသလို၊ သူများတွေပြတာလည်း ကြည့်ကြပါတယ်။

ချင်းတွင်းမြစ်ကမ်းကနေ တက်လာသူတွေက ဆိပ်ကမ်းကပ်တာနဲ့ ရောက်တဲ့နေရာကနေ စချီတက်ပါ တယ်။ ကုန်းလမ်းတွေ ဘက်က ကုန်ကားတွေ၊ ဘတ်စ်ကားတွေနဲ့ လာတာပါ။ ဗဟိုစုရပ်ဖြစ်တဲ့ဆုတောင်း ပြည့်နဲ့
ရွှေစည်းခုံဘုရားကြီးတွေမှာ နေ့ညမပြတ်စည်ကားပါတော့တယ်။ တစ်မြို့လုံး ပွက်လောရိုက်နေ တာပါ၊ တစ်နေကုန် လှည့်ပတ်နေကြတာပါ။ တစ်ယောက်တစ်လှည့် ဟောကြပြောကြနဲ့ လက်ခုပ်တီးသံ တွေ၊ အော်ဟစ်သံတွေနဲ့ မမောနိုင်ကြဘဲ တသောသောပွဲကျကြပါတယ်။ လမ်းတစ်လျှောက်ရေနဲ့ စားသောက်ဖွယ်ရာ ပေးကမ်းသူတွေလည်း မရှားပါဘူး။

ဂျီတီအိုင် ကျောင်းသားသမဂ္ဂကို အမှတ် (၃) အထက်တန်းကျောင်းမှာ ဖွဲ့ခဲ့တယ်။ ကျွန်တော် ကျောင်းပြီးပြီမို့ ကလော
ကျောင်းတက်ကျောင်းသားတွေကို တစ်အိမ်ဆင်းတစ်အိမ်တက် အစည်းအဝေး ဖိတ်ပေးရုံပါ ပဲ။ အမှတ်ရခဲ့တဲ့ သမဂ္ဂ ဖွဲ့စည်းမှု နောက်တစ်ခုက “ရှေ့နေများသမဂ္ဂပါ။ သြဂုတ်နှောင်းကျမှ ဖွဲ့ဖြစ်ခဲ့တာပါ။ အဖေအပါအ၀င် ရှေ့နေလေးဦးကို နာယကတင်ကြပြီး၊ ဆန္ဒပြပွဲစမယ့် စုရပ်နဲ့ အစည်းအဝေး ကျင်းပ မယ့်နေရာကို ကျွန်တော်တို့အိမ်ကို ရွေးချယ်ခဲ့ကြ ပါတယ်။ တိုက်ပုံအမည်းတွေ ၀င်ပါလာတော့ ဆန္ဒပြသူတွေက ၀မ်းသာအားရ ကြိုဆိုခဲ့ကြတာပါ။

သြဂုတ်အစောပိုင်းတုန်းက “မဆလ အစိုးရ” ၊ “စိန်လွင်အစိုးရ”၊ “ဖက်ဆစ်အစိုးရ” ဖြုတ်ချရေး၊ တစ်ပါတီ စနစ်ကျ ဆုံးရေး၊ ဒီမိုကရေစီရရှိရေးကို ဒေါသပါပါအော်ခဲ့ကြသလို၊ ခွေး၊ ကျွဲ၊ နွား တိရစ္ဆာန်တွေရဲ့ ခန္ဓာ ပေါ်မှာ “စိန်လွင် စိန်လွင် .. အို့ အို့” စာသားမျိုးတွေ၊ ဓာတ်ပုံတွေကပ်လို့ကပ်ထွင်ခဲ့ကြတယ်။ သြဂုတ် ၁၂ ရက်မှာ သမ္မတဦးစိန်လွင် ဆင်းပြေးပြီး
နောက် ပြုံးပြုံးပျော်ပျော်ဆန္ဒပြလာကြတယ်။ ၂၆ နှစ်လုံးလုံး မျို သိပ်ခဲ့ရတာတွေ ပွင့်အန်ထွက်ခွင့်ရကြပြီဖြစ်သလို၊ သားသတ်သမား ဦးစိန်လွင်လည်း မရှိတော့တာကြောင့် အောင်မြင်မှုအဖြစ်မှတ်ယူပြီး ပျော်ရွှင်ခဲ့ကြတာပါ။

မြို့လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးကို သံဃာ-ကျောင်းသား တာဝန်ယူပါတယ်။ သံဃာတော်တွေဟာ ကျောင်းသား
တွေနဲ့ တွဲပြီး အရပ်သားကိုင် လိုင်စင်ရသေနတ်တွေ လိုက်သိမ်းပါတယ်။ လမ်းဆုံလမ်းခွ တွေမှာ လောက်လေးခွကိုင်ပြီး လမ်းစည်းကမ်းထိန်းသိမ်းပါတယ်။ ကျောင်းသား-လူငယ်တွေရဲ့ CMO အမည်ရ ကွန်မန်ဒိုအသေခံတပ်ဖွဲ့တော့ သူငယ်ချင်းတချို့ဝင်ပါခဲ့ကြပါတယ်။ မြို့ပြ အုပ်ချုပ်ရေးကို သံ ဃာထုအပါအ၀င် ကျောင်းသားနဲ့လူထုရယူထားတဲ့ အချိန်ပါ။

သြဂုတ် ၁၉ ရက်ရောက်တော့ လူယဉ်ကျေးဦးမောင်မောင် သမ္မတဖြစ်လာတယ်။ ဒါပေမဲ့ လူတွေက မယုံ တော့တာနဲ့ အမျှ ဆန္ဒပြပွဲတွေ တိုးသထက်တိုးလာခဲ့ပါတော့တယ်။ BBC ကလူဦးရေ ငါးသိန်းကျော်လို့ ပြောခဲ့ပေမယ့် မြို့ခံတွေကြား မှာ ၁၀ သိန်းအထိတောင် ခန့်မှန်းခဲ့တာပါ။ “တစ်ပါတီစနစ်”၊ “အာဏာရှင် စနစ်” ဖျက်သိမ်းပစ်ရေးကိုပဲ မုံရွာဆန္ဒပြပွဲ
တွေက တွင်တွင်ကြီး တောင်းဆိုပါတော့တယ်။

ကြေညာချက်တွေ၊ ကဗျာ၊ ဆောင်းပါးနဲ့ ကာတွန်းပါတဲ့ လက်ကမ်းစာစောင်တွေ ပလူပျံနေပါတယ်။ အခု ခေတ်လို ကွန်ပျူတာတွေ မပေါ်သေးပါဘူး။ မိတ္ထူကူးစက်တွေ ကျယ်ကျယ်ပြန့်ပြန့် မသုံးနိုင်ပါဘူး။ စီမံ ထားတဲ့စက္ကူမှာ သံဆူးနဲ့ဖောက်ရေးပြီး၊ gestetner စက်မှာတပ် လက်လှည့်ထုတ်တာပါ။ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေဆီက စာရွက်စာတမ်းတွေ၊ သတင်းတွေ၊ ဓာတ်ပုံတွေ ရောက်လာရင် အလုအယက် ဖတ်ကြ၊ ကော်ပီကူးကြ၊ ဖြန့်ဝေကြ၊ အတုယူကြ၊ ပြန်ပို့ကြနဲ့ အလုပ်ရှုပ်နေကြတာတွေလည်း တွေ့ရပါ တယ်။

သြဂုတ်-စက်တင်ဘာ စပ်ကူးမတ်ကူးကာလအတွင်း နိုင်ငံအနှံ့ ရာဇ၀တ်သား ထောင်ဖောက်မှုတွေ ကြား ခဲ့သလို၊
မြန်မာလို စစ်ဆေးတာတောင်မသိတဲ့သူတွေ မုံရွာမြို့ထဲ ရောက်လာခဲ့ပါတယ်။ ဆူးလေကုန်း မီးသတ်ကင်းတဲမှာ ထိုးကြိတ်မေးတာတောင် မတုန်လှုပ်တဲ့သူကို မြင်ဖူးခဲ့ပါတယ်။ ဒါ့အပြင် နယ်ခံတပ် ခလရ ၁၆ (ယခု အနောက်မြောက် တိုင်းစစ်ဌာနချုပ်) မဟုတ်ဘဲ တခြားကနေစစ်ကားတွေရောက်လာ လို့အတွင်းလမ်းအတိုင်းသွားရင် အပြန်အလှန် ပစ်ခတ်နိုင်တာကြောင့် မြို့ပတ်လမ်းကသွားကြဖို့ သံဃာ တော်တွေ ဦးဆောင်ပြီး ညှိနှိုင်းခဲ့ရပါတယ်။ မြို့တောင်ဘက် ကနေ၀င်လာကြတဲ့ စစ်ကား အစီးရေ ၂၀ ၀န်းကျင်ဟာ ခလရ ၁၆ တည်ရှိတဲ့ မြို့မြောက်ဘက်ရှိ သစ်ဖြတ်စက်ရုံထဲမှာ စခန်းချပါတယ်။

အခုလိုအခြေအနေကြားမှာ ဆန္ဒပြသူအချင်းချင်း စိတ်ဝမ်းကွဲမှုနဲ့ မယုံသင်္ကာဖြစ်မှုတွေ ကြုံလာရတော့ တာပါပဲ။ “သံဃာ့သမဂ္ဂီ” နဲ့ “ပြည်သူ့သံဃာ”အဖွဲ့ရှိတဲ့အနက် ပြည်သူ့သံဃာအဖွဲ့ဝင်လူဝတ်ကြောင်တွေ ကပြာသာဒ် ကျောင်းထဲ
ကနေ သေနတ်တွေနဲ့ ခံပစ်သလို၊ လူထုက ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်က နေပြန်ပစ်တာပါ။ နောက်ဆက်တွဲအဖြစ် သုံးဦးကို “ရန်သူ့လူ” စွပ်စွဲပြီး ဦးခေါင်းဖြတ်မှု ဖြစ်လာပါတယ်။ ဒီဦးခေါင်းတွေကို ၀ါးချွန်ထိပ်ထိုးပြီး မြို့ထဲလှည့်ပြတဲ့
မြင်ကွင်းအပြီး ဆန္ဒပြအသံတွေ ခွန်အားကျသွားခဲ့ပါတယ်။ မြို့ခံအများ မစားနိုင်မအိပ်နိုင်အဖြစ် ရောက်သွားပါတော့ တယ်။

ဒါကိုရိပ်စားမိတဲ့ ကျောင်းသားတွေက မြို့လယ်ဈေးကြီးရှေ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်မှာ အစာငတ်ခံ ဆန္ဒပြကြ ပါတယ်။ သံဃာထုကလည်း စပီကာတပ် ဂျစ်ကားပေါ်ကနေ ပရိတ်တရားတော်တွေ လှည့် ပတ်ရွတ်ဖတ်ကြပါတယ်။ ဒါပေမဲ့လည်း ဆန္ဒပြအရှိန်အဟုန်ဟာ ချည့်နဲ့လေးဖင့်တုန်းပါပဲ။ လူထု အုပ်ချုပ် ရေးအစမှာ အိုးနင်းခွက်နင်းဖြစ်ခဲ့ရတဲ့ သင်ခန်းစာအဖြစ်၊ ပန်းမ၀င်ခင်တက်ထောင်တဲ့ အဖြစ်လို့ ဝေဖန်ခဲ့ သူတွေ ရှိခဲ့ပါတယ်။

စက်တင်ဘာ ၁၀ ရက်မှာ မဆလ ဒုတိယအကြိမ် အရေးပေါ်ညီလာခံလုပ်တဲ့အခါ ပါတီစုံစနစ်အောက်မှာ
ရွေးကောက်ပွဲတွေ ပြုလုပ်ရေးအဆိုတွေ တင်ခဲ့ကြပါတယ်။ ၁၆ ရက် အရောက်မှာတော့ တပ်သားတစ် သိန်းရှစ်သောင်း ရှိတဲ့ စစ်တပ်ကို မဆလပါတီထဲကနေ နုတ်ထွက်ခွင့်ပေးကြောင်း ဒေါက်တာမောင်မောင် အစိုးရ ကြေညာပါပြီ။ မုံရွာ လူကြီး တချို့ကတော့ “စစ်တပ်က အာဏာသိမ်းနိုင်တယ်”လို့ ခန့်မှန်းခဲ့ပါ တယ်။

စက်တင်ဘာ ၁၈ ရက် ညနေ ၄ နာရီမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမောင်က နိုင်ငံတော် အာဏာကို လွှဲပြောင်းယူကြောင်းနဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န၀တ) ကိုဖွဲ့စည်းကြောင်း
ရေဒီယိုကနေကြေညာလိုက်ပါတော့တယ်။ ။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 16 guests online