www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၂၅ ဇွန် ၂၀၁၈

Mizzima Burmese

Home > အထူးကဏ္ဍ > သုတေသန > ၈ လေးလုံး အထူး > သမီးလေးအိမ်မပြန်လာခဲ့သော ၂၅ ကြိမ်မြောက်ဇွန်

သမီးလေးအိမ်မပြန်လာခဲ့သော ၂၅ ကြိမ်မြောက်ဇွန်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

အဖြူအစိမ်းကျောင်းဝတ်စုံကလေးကို သပ်သပ်ရပ်ရပ်ဝတ်ဆင်ပြီး လွယ်အိတ်ကလေးကိုလွယ်ကာကျောင်း တက်ရန်သွားခဲ့သည့် သမီးလေး အိမ်ပြန်မလာခဲ့သည်မှာ ဒီမိုးနှင့်ပါဆိုလျှင်  နှစ်ဆယ့်ငါးမိုးရှိခဲ့ပြီ။
နှလုံးသည်း ပွတ်ပမာချစ်ရသော သမီးလေးအတွက် တနုံ့နုံ့နှင့် ခံစားခဲ့ရသော သောကမီးတောက်တစ်ခုလောင် ကျွမ်းခဲ့သည်မှာလည်း နှစ်ဆယ့်ငါးနှစ်တိုင်ခဲ့ပြီ။

သမီးလေး နောက်ဆုံးအိမ်ကထွက် သွားသည့်နေ့က ရန်ကုန်မြို့ပြည်လမ်းနှင့် အင်းစိန်လမ်းမကြီးတစ်လျှောက်တွင် လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားသော လုံထိန်းများနှင့် ထောင်ပေါင်းများစွာသော ပြည်သူတို့ ထိပ်တိုက်တိုးခဲ့သောနေ့လည်း ဖြစ်၏။ ထိုနေ့က ရန်ကုန်တက္ကသိုလ်အ၀င်ဝဖြစ်သော အဓိပတိလမ်းမကြီးသည်
သော့ခလောက်ကြီးများဖြင့် ပိတ်ထားခြင်းကို ခံနေခဲ့ရသည်။

ထိုသို့ သော့ခတ်ပိတ်ထားခြင်း မခံရမီရက်များက အဓိပတိလမ်းမကြီးပေါ်၌ ဗိုလ်ချုပ်လေး။ အောင်ဆန်းလေးဟု တင်စားခေါ်ဝေါ်ကြသည့် တတိယနှစ် သင်္ချာကျောင်းသား မောင်မောင်ကျော်အပါအ၀င် ကျောင်းသားခေါင်းဆောင်များ က တစ်ပါတီအာဏာရှင် မဆလအစိုးရကို ဝေဖန်သောတရားပွဲများ နေ့စဉ်ပြုလုပ်ခဲ့ကြသည်။ ထိုတရားပွဲများသို့ ရန်ကုန်မြို့တွင်းရှိ တက္ကသိုလ်ကောလိပ်များမှ ကျောင်းသားများ သာမက မန္တလေး၊ ပုသိမ်၊ စစ်တွေတို့မှ ကျောင်းသား
ခေါင်းဆောင်များပါ လာရောက်ဟောပြောခဲ့ကြသည်။

ထို့ထက် ပိုမိုထူးခြားသည်ကား အလယ်တန်းနှင့် အထက်တန်းကျောင်းသူ ကျောင်းသားများပါ ယင်းတရားပွဲသို့ လာရောက် နားထောင်နေကြခဲ့ခြင်းပင်ဖြစ်၏။

ထိုစဉ်က တရားဟောကြသော ကျောင်းသားခေါင်းဆောင်တိုင်း၏ တိကျသောထောက်ပြဝေဖန်မှု စူးရှထိမိသော စကားလုံးများက လာရောက်နားထောင်သူတိုင်းအား အာဏာရှင်ဆန့်ကျင်ရေးလမ်းကြောင်းဆီသို့ ချီတက်ရန် ဆွဲခေါ်နေလေသည်။

                                                 xxxx xxxx xxxx xxxx

၁၉၈၈ ခုနှစ်၊ ဇွန်လ ၂၁ ရက် နံနက် ၁၀ နာရီကျော်ကျော်လောက်အချိန်က ဖြစ်၏။

တိုင်းပြည်ကို ဖိနှိပ်ချုပ်ချယ်ကာ ဓါးမိုးအုပ်ချုပ်နေသူမှာ တစ်ပါတီအာဏာရှင် မဆလဖြစ်ကြောင်းနှလုံး သားထဲတွင် သံမှိုနှက်သကဲ့သို့ စွဲမြဲစွာသိရှိလာကြသည့် အဖြူအစိမ်းဝတ် ကျောင်းသားငယ်များသည် သူတို့အား နိုင်ငံရေး
အသိဥာဏ်ဖွင့်ပေးနေသော နောင်တော်ကြီးများ တရားဟောရာ အဓိပတိလမ်းသို့ စုရုံး ရောက်ရှိလာကြသည်။ သို့သော်သူတို့ကား နောင်တော်ကြီးများ၏ အရိပ်အယောင်မျှကိုပင် မမြင်တွေ့ရဘဲ ကျောင်းပိတ်ထားသည်ဟု
ကြေညာထားသော ကြော်ငြာသင်ပုန်းနှင့်အတူ သော့ခတ်ထားသော သံတံခါး မကြီး၏ ကြိုဆိုခြင်းကိုသာ ခံခဲ့ရလေသည်။

ယင်းကျောင်းသားငယ်များသည် ပိတ်ထားသော ရန်ကုန်တက္ကသိုလ်၏ တံခါးဝကိုကြောခိုင်းပြီး ဖွင့်ထားသော အခြားတက္ကသိုလ်ဝင်း တစ်ခုထဲသို့ ၀င်သွားကြလေသည်။ ထိုကျောင်းကား ရန်ကုန်ဆေးတက္ကသိုလ် (၁) ဖြစ်၏။
နိုင်ငံရေးစိတ်ဓာတ် ပြင်းထန်လွန်းလှသော အခြေခံပညာကျောင်းသားလေးများကား အကြောက်တရား ဆိတ်သုဉ်းသွားကြပြီလားဟုပင် ထင်ရလောက်သည်။

ဆေးကျောင်းဝင်းအတွင်း၌ သူတို့ဘာသာသူတို့ နိုင်ငံရေးတရားပွဲများ စတင်ကျင်းပကြသည်။ သူတို့ဘာသာ ရဲရဲတောက် မိန့်ခွန်းများကို ခြွေကြသည်။ ထိုအချိန်တွင် သူတို့တရားဟောနေသော ဆေးကျောင်းနှင့် မျက်နှာချင်းဆိုင်အရပ်ရှိ အသံလွှင့်ရုံအတွင်း၌ လက်မရွံ့တပ်သား လုံထိန်းများရှိနေသည်ကို ကလေးများ သိမည်မဟုတ်။ လုံထိန်းဆိုတာ ဘယ်လိုဟာမျိုးလဲဆိုသည်ကိုပင် တက်ကြွနေသောကလေးတချို့ သိချင်မှ သိမည်။

ဆေးကျောင်းဝင်းအတွင်း ၂ နာရီဝန်းကျင်လောက် တရားဟောပွဲများ ပြုလုပ်ပြီးနောက် ၆ တန်း ၇ တန်း အရွယ်
ကျောင်းသူလေးတစ်ဦး ရှေ့ဆုံးမှ ခွပ်ဒေါင်းအလံကိုလွှင့်ထူကာ သူတို့သည် ခြစ်ခြစ်တောက်ပူလောင်နေသော
ပြည်လမ်းမကြီးပေါ်သို့ ချီတက်လာခဲ့ကြသည်။ အဖြူအစိမ်းဝတ် ကျောင်းသားငယ်လေးများ ပြည်လမ်းပေါ်တွင် ဆန္ဒပြနေကြသည်ဟူသောသတင်းကား တောမီးပမာ တမဟုတ်ချင်း ပြန့်နှံ့သွား၏။ ထိုသတင်းကြောင့် ပြည်လမ်းမကြီး၌ ရန်ကုန်မြို့အနှံ့အပြားမှ လိုက်လာကြသူများနှင့် ပြည့်နှက်သွားလေ တော့သည်။

ချက်ချင်းဆိုသလို လုံထိန်းတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး အသံလွှင့်ရုံရှေ့တွင် နေရာယူလိုက်ကြ၏။ ၎င်းတို့သည် အင်းစိန်ဘက်မှ ပြည်သူများနှင့် မြေနီကုန်းဘက်မှ ပြည်သူများ မပူးပေါင်းမိစေရန် ခါးလယ်မှဖြတ်၍ နေရာယူလိုက်သည့် သဘောပင်ဖြစ်၏။

ခြစ်ခြစ်တောက်ပူလောင်နေသော ပြည်လမ်းမကြီးပေါ်တွင် ခွပ်ဒေါင်းအလံကို တလူလူလွှင့်ကာ ချီတက်နေကြသော ရင်သွေးငယ်များကို လုံထိန်းများ ရက်စက်ကြတော့မည်ဟု သိနေကြသည့် လူအုပ်ကြီးသည် ရင်တထိတ်ထိတ်ဖြင့်
စောင့်ကြည့်ရင်း အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံများကို ဘ၀ဂ်ညံမျှ ဟစ်ကြွေးကြသည်။

လုံထိန်းများသည် လူအုပ်ကြီးထဲသို့ မျက်ရည်ယိုဗုံးများဖြင့်ပစ်ခတ်ပြီး လူအုပ်ရှိရာသို့ပြေးဝင်ကာ နံပတ်တုတ်ဖြင့် ရိုက်နှက်ခြင်း ကန်ကျောက်ခြင်း ဖမ်းဆီးခြင်းများကို ပြုလုပ်ကြသည်။ လူအုပ်ကြီးက နောက်ဆုတ်သွားလိုက် ခဲလုံးများအုတ်ခဲကျိုးများဖြင့် ပြန်လည်ခုခံလိုက်ဖြင့် ရှေ့တိုးနောက်ဆုတ်ဖြစ်နေစဉ် သတင်းဆိုးကြီးတစ်ခုကို ကြားလိုက်ရသည်။ ထိုသတင်းကား “မြေနီကုန်းဘက်မှာ လုံထိန်းတွေကကလေးတွေကို စစ်ကားနဲ့ တိုက်သတ်လိုက်ပြီ” ဟူ၍ဖြစ်၏။ ယင်းသို့တိုက်ချလိုက်စဉ် ခွပ်ဒေါင်းအလံကို မြေကြီးပေါ် သို့အကျမခံဘဲ ကျန်သည့်ကျောင်းသားမျးကာ အသက်နှင့်လဲကာ ကိုင်ထားခဲ့ကြသည်ဟူသော အံ့သြဖွယ်ရာ သူရဲကောင်းများ၏ သတင်းက ထပ်ဆင့်ပါလာသည်။

ဟံသာဝတီအ၀ိုင်းသည် ကမာရွတ်မြို့နယ်နှင့် စမ်းချောင်းမြို့နယ်အစပ်ဖြစ်သည်။ ယင်းအနီးအနားတစ်ဝိုက်၌ အခြေခံပညာကျောင်းပေါင်းများစွာ ရှိကြရာ ယင်းမြို့နယ်နှစ်ခုမှ ကျောင်းသားမိဘများ၏စိုးရိမ်စိတ်၊ ဒေါသစိတ်များကား ထိန်းမနိုင်သိမ်းမရဖြစ်ကုန်ကြတော့သည်။ ကိုယ့်ကလေးများလား သူ့ကလေးများ လား ဘယ်သူ့ကလေးများ ပါလိမ့်ဟူသော သိချင်စိတ်များကြောင့် ပြည်လမ်းမပေါ်သို့ လူများပိုမိုရောက်ရှိ လာကြသည်။ ထို့နောက် နံပတ်တုတ်များ၊ ကြိမ်ခြင်းဒိုင်းကာများနှင့် သေနတ်များကိုင်ဆောင်ထားကြ သော လုံထိန်းများနှင့် ဒေါသထွက်နေသော လူအုပ်ကြီး တို့သည် ထုပ်စည်းတိုးတမ်းကစားသည့်ပမာ ရှေ့တိုးလိုက် နောက်ဆုတ်လိုက် တိုက်ပွဲဆင်နေကြသည်။

                                                         xxxx xxxx xxxx xxxx

၁၉၈၈ ခုနှစ်၊ ဇွန်လ ၂၁ ရက် ညနေ ၄ နာရီနောက်ပိုင်း လှည်းတန်းဘက်ခြမ်းမှ လူအုပ်ကြီးကား လုံထိန်းက မျက်ရည်ယိုဗုံးများဖြင့် အကြိမ်ကြိမ်ပစ်ခြင်း၊ နံပတ်တုတ်များဖြင့် ရိုက်နှက်ခြင်းစသည်ဖြင့် ကြမ်းတမ်းစွာ ဖြိုခွဲလိုက် သဖြင့် နေ့လည် ၃ နာရီကျော်လောက်တွင် လူစုကွဲသွားခဲ့သည်။ သို့သော် ဟံသာဝတီအ၀ိုင်းနှင့် မြေနီကုန်းကြားရှိ
ပြည်လမ်းမကြီးပေါ်တွင်ကား လူစုကမကွဲသည့်အပြင် များသည်ထက် များလာခဲ့၏။ လူထု၏ဒေါသကလည်း ထိန်းမနိုင်သိမ်းမရပေါက်ကွဲနေကြသည်။ လူအုပ်ကြီးနှင့် လုံထိန်းတို့တိုက်ပွဲကလည်း ပြင်းထန်သည်ထက်
ပြင်းထန်လာခဲ့သည်။

                                                xxxx xxxx xxxx xxxx

ထိုနေ့ညနေက သမီးလေးအိမ်ကို ပြန်မရောက်လာခဲ့။ သမီးလာလမ်းကို စောင့်မျှော်ရင်း အကြိမ်ကြိမ် မျက်လုံးများ
ပြာနှမ်းသွားခဲ့ရသည်။ ထိုနေ့က အိမ်ပြန်မရောက်လာသော အဖြူအစိမ်းဝတ်ကျောင်းသူ ကျောင်း သားမည်မျှရှိသည်ကို မည်သူမျှအသေအချာမသိနိုင်ခဲ့။ ဒီမိုကရေစီတိုက်ပွဲတွင် ကျဆုံးခဲ့လေသောကြောင့် အိမ်ပြန်မလာတာလား။ ဒါမှမဟုတ် သမီးတို့တိုက်ပွဲမပြီးဆုံးသေးလို့လား၊ သမီးတို့တောင်းဆိုသော ဒီမိုက ရေစီမရသေးလို့လား စသည့်လားပေါင်းများစွာဖြင့် အိပ်မပျော်ခဲ့သည့်ညပေါင်း မရေမတွက်နိုင်တော့ပြီ။ ညနေစောင်းပြီဆိုလျှင် သမီးလေးအပြန်လမ်းကို မှန်းဆ
စောင့်မျှော်နေခဲ့တာ သည်နှစ်ဇွန်လနဲ့ဆိုရင် နှစ်ဆယ့်ငါးနှစ်မြောက်ခဲ့ပြီလေ။ ။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 55 guests online