www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၂၁ အောက်တိုဘာ ၂၀၁၉

Mizzima Burmese

Home > အထူးကဏ္ဍ > သုတေသန > မစ္စစ် ကလင်တန်နှင့် ဆွေးနွေးမှု ဦးရွှေမန်း ရှင်းလင်းချက်

မစ္စစ် ကလင်တန်နှင့် ဆွေးနွေးမှု ဦးရွှေမန်း ရှင်းလင်းချက်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံရောက်ရှိချိန် သမ္မတ ဦးသိန်းစိန် အပါအဝင် အစိုးရအဖွဲ့ထိပ်ပိုင်း ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး အောက်လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့်လည်း နိုဝင်ဘာ တရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ပြီး သတ်မှတ်ချိန်ထက်ပိုကာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲ အပြီးတွင် သတင်းမီဒီယာများကို အောက်လွှတ်တော်ရုံးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့် ဆွေးနွေးခဲ့မှုများ အပါအဝင် သတင်းထောက်များက သိလိုသည်များကိုလည်း
အောက်လွှတ်တော် ဥက္ကဋ္ဌက ဖြေကြားခဲ့သည်။

ဆွေးနွေးရာတွင် မစ္စစ် ကလင်တန် တိုက်တွန်းသည့် နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရန် အပါအဝင် ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်မြောက်ရေးကိစ္စတို့ကို ပြုလုပ်ပါမည့်အကြောင်း ကတိပြုခဲ့သည့်အပြင် မြန်မာ၊ အမေရိကန်၊ တရုတ် ဆက်ဆံရေး၊ စီးပွားရေး ပိတ်ဆို့မှုကိစ္စ၊ မြောက်ကိုရီးယား နျူကလီးယားအရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ စာပေလွတ်လပ်ခွင့် စသည့်ကိစ္စရပ်များလည်း ပါဝင်သည်။


မြန်မာအမေရိကန် ဆက်ဆံရေး

“မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံရဲ့ ဆက်ဆံရေးဟာ ပြီးခဲ့တဲ့အချိန်ကာလတွေမှာ မကောင်းဘူးလို့ ပြောရမှာ ဖြစ်ပါ တယ်။ ဒီနေ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန် ရောက်ရှိလည်ပတ်တဲ့ အချိန်နောက်ပိုင်းမှာ မြန်မာ အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးဟာ တိုးမြင့်ကောင်းမွန်လာဖို့ရှိပါတယ်။”

“ဒီလိုဆက်ဆံရေးတိုးမြင့်ကောင်းမွန်လာတာနဲ့အမျှ မြန်မာနိုင်ငံအပေါ် အမေရိကန် နိုင်ငံဘက်က ဆောင်ရွက်ပေး
နိုင်တဲ့ စီးပွားရေးကိစ္စ လူမှုရေးကိစ္စများကို၊ ဆောင်ရွက်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ နိုင်ငံခြားရေး ဝန်ကြီး အနေနဲ့လည်း ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း ကြည့်ပြီးတဲ့အခါမှာ သူတို့ဘက်က ကူညီမှု၊ ရိုင်းပင်းမှုများ ဆောင်ရွက်
ပေးမယ်ဆိုတဲ့ ကတိစကားလည်း ရလိုက်ပါတယ်။”


စီးပွားရေး ပိတ်ဆို့မှု ကိစ္စ

“ဒီနေ့ ဒီညှိနှိုင်း အစည်းအဝေးပွဲမှာတော့ Sanction ကိစ္စနဲ့ ပတ်သက်လို့ အထူးဆွေးနွေးတာ မရှိပါဘူး။ ဘာမျှော်လင့် ရမလဲဆိုတဲ့အခါမှာ အမေရိကန်နဲ့ မြန်မာနှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်လာခြင်းသည် Sanction ထက်ပိုလွန်ကဲ တဲ့ အကျိုးအမြတ်တွေရနိုင်မယ်လို့ ဒီလိုပဲ မျှော်လင့်ရပါတယ်။”


ပြည်တွင်း ငြိမ်းချမ်းရေး

“မြန်မာနိုင်ငံအတွက် တိုက်တွန်းချက်တွေကတော့ အရင်ကြားနေတဲ့ စကားတွေအတိုင်းပါပဲ။ (၁) ကတော့ ပြည်တွင်း ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု ဆက်လက်ဆောင်ရွက်ပေးပါဆိုတဲ့ တိုက်တွန်း အကြံပြုချက်တခု။ နောက်တခုက တချို့
နေရာတွေမှာ လက်နက်ကိုင် ပဋိပက္ခများကြောင့် တိုင်းရင်းသားများ အတော်ဒုက္ခရောက်နေတယ်။ ဒါကြောင့်မို့လို့ သူတို့အတွက် လူသားချင်းဆိုင်ရာ အထောက်အကူများကိုလည်း တိုးမြှင့်ဆောင်ရွက်ပေးခြင်းဖြင့် သူတို့အတွက်ရော
နိုင်ငံအတွက်ရော အများကြီး အကျိုးရှိနိုင်မယ်ဆိုတဲ့အချက်။”


နိုင်ငံရေးအကျဉ်းသား အရေး

“နောက်တခုကတော့ နိုင်ငံရေးအကျဉ်းသားများ စေလွှတ်ပေးဖို့ကိစ္စ ဒီလိုတိုက်တွန်းပါတယ်။ တိုက်တွန်းတဲ့အခါမှာ မိမိဘက်က ဖြေတာကတော့ တိုင်းရင်းသားများ ပြန်လည်စည်းလုံးညီညွတ်ရေးနဲ့ နိုင်ငံသားများအားလုံး ပါဝင်
ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်တည်ဆောက်တဲ့နေရာမှာ ပါဝင်နိုင်ရေးအတွက်၊ နိုင်ငံ့ရဲ့ ရေးရာကိစ္စများ
ဆောင်ရွက်ပေးနိုင်ရေးအတွက် သူတိုက်တွန်း သွားတဲ့ကိစ္စ မိမိတို့ဘက်က အစွမ်းကုန် ဆောင်ရွက်ပေးမယ်ဆိုပြီး
တော့ ကတိပြုလိုက်ပါတယ်။”


ကြားဖြတ်ရွေးကောက်ပွဲ

“သူ့အနေနဲ့ ကြားဖြတ် ရွေးချယ် တင်မြောက်ရေးကိစ္စ ပြီးတဲ့အခါမှာ နိုင်ငံရဲ့သမိုင်းကို ရေးတဲ့နေရာမှာ နောင်လာ
နောက်သားများအတွက် နိုင်ငံ့သမိုင်းကောင်းရွေးချယ်ပေးနိုင်ဖို့အတွက် မိမိတို့ လွှတ်တော်ကိုယ်စားလှယ်တွေမှာ တာဝန်ရှိတယ်လို့ ပြောတဲ့အတွက် မိမိအနေနဲ့လည်း နိုင်ငံ့ရဲ့သမိုင်းကောင်းရေးနိုင်ဖို့အတွက် မိမိတို့ ကြိုးစားဆောင် ရွက်ပါ့မယ် ကတိလည်း ပြုပါတယ်လို့ပြောကြားလိုက်ပါတယ်။”


စီးပွားရေး ပိတ်ဆို့မှုအပေါ် ကလင်တန်၏ တုံ့ပြန်ချက်

“ကျနော်တို့ရဲ့ လုပ်ဆောင်မှုခြေလှမ်း တလှမ်းချင်းစီကို ကြည့်ပြီးတော့ သူတို့ဘက်ကလည်း တခုချင်း၊ တခုချင်း တိုး၍ဆောင်ရွက်ပေးမယ်ဆိုတဲ့ ကတိစကားမျိုးကြားရပါတယ်။ ကျနော့်အနေနဲ့လည်း နိုင်ငံခြားရေး ဝန်ကြီး ပြောဆို တဲ့ စကားပေါ်မူတည်ပြီးတော့ ဒါသည် အမေရိကန်နိုင်ငံမှာ အရေးပါ၊ အရာရောက်တဲ့ ပုဂ္ဂိုလ်တဦး ဖြစ်တဲ့အတွက် ဒါကိုကိတိစကားတခုလို့ မှတ်ယူပါမယ်လို့ ကျနော်ပြောလိုက်ပါတယ်။ ဒါကြောင့်မလို့ ဆန်ရှင်ကို တိုက်ရိုက် သက် ဆိုင်သလား ဆိုတဲ့မေးခွန်းကိုတော့ တိုက်ရိုက်မပြောသွားသော်လည်း သွယ်ဝိုက်သောနည်းအားဖြင့် ဆက်စပ် ဆက် သွယ်နိုင်ပါတယ်။ ပြောရမယ်ဆိုရင်တော့ ဆန်ရှင်ထက်ပိုတဲ့ အခွင့်အရေးများ မြန်မာနိုင်ငံအတွက်၊ ရနိုင်စရာ အကြောင်းရှိပါတယ်။”

“ဆန်ရှင်ထက် ပိုမိုမြင့်မားတယ်ဆိုတဲ့အခါမှာ ကျနော်တို့တတွေ ယခင်မြန်မာနဲ့ အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေး မကောင်းခဲ့ရတဲ့ အကြောင်းကို နှစ်ဦးနှစ်ဘက် ပြန်လည်လေ့လာသုံးသပ်ပြီး သင်္ခန်းစာယူဖို့လိုတယ်။ အဲဒီသင်ခန်းစာ
ပေါ်မူတည်ပြီးတော့ နှစ်ဦး၊ နှစ်ဖက်ကပဲ ဆက်ဆံရေး၊ ဆက်သွယ်ရေးကောင်းအောင် လုပ်တဲ့အခါမှာ မိတ်ဆွေစစ် များဖြစ်လာပြီးနောက်ပိုင်း ပူးပေါင်းဆောင်ရွက်မှုတွေ ပါရှိလာမှာဖြစ်ပါတယ်။ ဆန်ရှင်သည် ပူးပေါင်းဆောင်ရွက်မှု အဆင့်မရှိပါဘူး။ မိမိတို့ မြန်မာနိုင်ငံအတွက် ကန့်သတ်ထားတဲ့ ဆန်ရှင်ပဲဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်မှုဆိုရာမှာ ကန့်သတ်ထားတာတွေအပြင် ကျန်တဲ့ ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်မှာ ဖြစ်သည့်အတွက် ဆန်ရှင်ကို ဖွင့်လှစ်ပေးတာထက် ပိုမိုမြင့်မားလာနိုင်တဲ့ အခွင့်အရေးတွေ ရလာနိုင်တယ်လို့ သုံးသပ်ပြောဆိုခြင်းပဲဖြစ်ပါတယ်။”


တရုတ်နှင့် ဆက်ဆံရေး

“ဒီနေ့ ကျနော်နိုင်ငံခြားရေးဝန်ကြီးနဲ့ ပြောဆိုဆွေးနွေးတဲ့ နေရာမှာ ပိုပြီးထိရောက်ဖို့နဲ့ အချိန်ကုန်သက်သာဖို့ မှတ်မှတ် သားသားဖြစ်ဖို့ ကျနော်တို့ဘက်က စာနဲ့ရေးပြီးတော့ သူ့တို့ကိုပေးထားပါတယ်။ အဲဒီထဲမှာလည်း ကျနော် ထည့်ထားပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံနဲ့ အမေရိကန် နိုင်ငံနှစ်နိုင်ငံ ဆက်ဆံရေး ပိုကောင်းအောင် လုပ်မယ်။”

“အဲသလိုလုပ်တဲ့အချိန်မှာပဲ၊ ကျနော်တို့ ဆက်ဆံရေးကောင်းပြီးသားဖြစ်တဲ့ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အခြား မိတ်ဆွေ နိုင်ငံများရဲ့ ဆက်ဆံရေး၊ ပူပေါင်းဆောင်ရွက်ရေးကို မထိခိုက်စေဘဲ ပိုမို တိုးတက်ကောင်းမွန်အောင်
ဆောင်ရွက်သွားပါမယ်ဆိုတဲ့ ကျနော့်ရဲ့ ဆွေးနွေးချက်တွေပေါ် မူတည်ပြီးတော့ အမေရိကန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးကလည်း ဒီတိုင်းပဲလက်ခံပါတယ်။ ဒီတိုင်းပဲ သဘောတူပါတယ်။ အင်မတန်ကောင်းမွန်တဲ့ သုံးသပ် ဆောင် ရွက်ချက်လို့ ဒီလိုပဲမှတ်ချက်ပေးပါတယ်။”

“ထို့တူပဲ တရုတ်ပြည်သူ့သမ္မတ နိုင်ငံအနေနဲ့ကလည်း ကျနော်တို့ကို တိုက်တွန်းခဲ့ဖူးတာရှိပါတယ်။ မြန်မာနိုင်ငံနဲ့ အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်ဖို့လိုမယ်ဆိုတဲ့ တိုက်တွန်းထားချက် ရှိတာနဲ့အညီ ဒီကနေ့ မြန်မာနဲ့ အမေရိကန်နိုင်ငံ ဆက်ဆံရေး ကောင်းတဲ့အခါမှာ သုံးသပ်ပြီး ထပ်ပြောလိုက်တာက အိမ်နီးနားခြင်းနိုင်ငံများ၊ အာစီယံနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများအတွက်ပါ တည်ငြိမ်မှုနဲ့ အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာ အထောက် အကူပြုနိုင်မယ်လို့ ကျနော် ဒီလိုပဲ ဖြေကြားလိုက်ပါတယ်။”


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်လာရခြင်း၏ အကြောင်းရင်း

“အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်လာဖို့ မိမိတို့နိုင်ငံဘက်က အလျှော့ပေးပြီးတော့ ဆောင်ရွက်ခဲ့ရတာ များ ရှိသလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး ဖြေရမယ်ဆိုရင် အလျှော့ပေးပြီး ဆောင်ရွက်ခဲ့တာမရှိပါဘူး။ တကယ် တမ်းကျတော့ အမေရိကန် နိုင်ငံသည်ပင်လျှင် မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကောင်းဖို့ လိုမယ်ဆိုတဲ့ သူ့ဘက်က အမြင်ရှိသလို မြန်မာနိုင်ငံ ဘက်ကလည်း ဒီအမြင်ရှိတဲ့အတွက် သီးခြား မြန်မာနိုင်ငံဘက်က အလျှော့ပေး ဆက်ဆံရတာမရှိပါဘူး။”

“နောက်တခုက အမေရိကန်ဆီးနိတ်တာတွေ၊ အောက်လွှတ်တော်တွေ မြန်မာနိုင်ငံကို လာရောက်ဖို့ ဖိတ်ခေါ်တဲ့ အခါမှာ ကောင်းစွာမှတ်သားပြီး မြန်မာနိုင်ငံဘက်က လွှတ်တော်ကိုယ်စားလှယ်များ အမေရိကန်နိုင်ငံကို ဖိတ်ခေါ်ဖို့နဲ့ အမေရိကန်နိုင်ငံ ဘက်ကလည်း လွှတ်တော်ဆိုင်ရာ ကိစ္စရပ်များကို အကူအညီပေးဖို့ အသင့်ရှိကြောင်း ဒီလိုပဲ ဖြေ သွားပါတယ်။”


ပြုပြင်ပြောင်းလဲမှုများ

“အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဆွေးနွေးတဲ့အထဲမှာ ခုနက မေးတဲ့မေးခွန်းတွေနဲ့ သက်ဆိုင်တာတွေလဲ ပါပါတယ်။ မိမိရဲ့ ဆွေးနွေးချက်ထဲမှာလည်း ဒီကနေ့ မိမိတို့ရဲ့ ပြုပြင်ပြောင်းလဲမှုဟာ နောက်ကြောင်းပြန်ပြီး လှည့်စရာ မလိုဘူး။
ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ စီးပွားရေးကိစ္စ လူမှုရေးကိစ္စ၊ အုပ်ချုပ်ရေးကိစ္စများလည်း များစွာလုပ်ဖို့ ကျန်နေ
သေးတယ်လို့ ဒီလိုဆွေးနွေးပါတယ်။”

“ဒီအပေါ်ကိုမူတည်ပြီးတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ဆွေးနွေးသွားတာတွေက စီးပွားရေး ပြုပြင်
ပြောင်းလဲမှု လိုတာ အမှန်ပါပဲ။ အဲလိုလုပ်တဲ့နေရာမှာ စီးပွားရေးပြုပြင်ပြောင်းလဲရေး လုပ်ဖို့အတွက်များစွာ အထောက်အကူပြုမယ့် IMF ကမ္ဘာ့ ဘဏ်များကလည်း အကူအညီပေးဖို့၊ UNDP နဲ့ပတ်သက်လို့လည်း အကူအညီ
ပေးဖို့ဆိုတာတွေကို ဒီလိုပဲ ပြန်လည် ပြောကြား ဖြေကြားသွားတာရှိပါတယ်။ ဒါကြောင့်မလို့ ငွေရေးကြေးရေးဟာ စီးပွားရေးအတွက် များစွာသာသွားမယ့် ထိရောက်တဲ့ ကိစ္စတခုဖြစ်တဲ့အတွက် ငွေရေးကြေးရေးဆိုင်ရာ ကိစ္စများကို အခုလို ကူညီဆောင်ရွက်ပေးမယ်ဆိုတဲ့ သူ့ဆီက သတင်းစကား သို့မဟုတ် ကတိစကားကြားရတဲ့အတွက် မြန်မာ
နိုင်ငံရဲ့ စီးပွားရေးကို များစွာအထောက်အကူပြုမယ်လို့ ဒီလိုပဲ ကိုယ်တို့ဘက်ကနေ ယူဆပါတယ်။”


မြန်မာ့စီးပွားရေး တိုးတက်ဖို့ ဆန်ရှင်အမြန်ဆုံးပြုတ်ဖို့လို

“မြန်မာ့စီးပွားရေး ဆယ်စုနှစ်အတွင်း အမြန်ဆုံးတိုးတက်အောင်မြင်ဖို့ ဖြစ်နိုင်မဖြစ်နိုင်ဆိုတာက မိမိတို့ဘက်က မှန်မှန်ကန်ကန် ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ လုပ်ဖို့ရယ်။ အခြားနိုင်ငံများရဲ့ ဝိုင်းဝန်း ကူညီပံ့ပိုးမှုရယ် လိုပါတယ်။ အထူးသဖြင့်
တော့ ခုနကဆွေးနွေးသွားတဲ့ ဆန်ရှင်ကိစ္စနဲ့လည်း သက်ဆိုင်ပါတယ်။ အဲဒီနည်းတူပဲ ပူးပေါင်းပါဝင်မှုနဲ့လည်း သက်ဆိုင်ပါတယ်။ ဆန်ရှင်တွေ ပြုတ်ပြီးတဲ့အခါမှာ ပူးပေါင်းဆောင်ရွက်မှုတွေ များလာမယ်ဆိုရင် ခုနပြောတဲ့ ကာလမဟုတ်တောင် ကာလတခု ကျလို့ရှိရင်တော့ မြန်မာနိုင်ငံအနေနဲ့ စီးပွားရေးအားကောင်းတဲ့ နိုင်ငံ တနိုင်ငံ
ဖြစ်မယ်လို့ ဒီလိုပဲသုံးသပ်ပါတယ်။”


မြန်မာ့စီးပွာရေးအနာဂတ် ပြင်ဆင်မှု

“စဉ်းစားထားတာတွေကတော့ အများကြီးပဲ ဒါပေမယ့် ဘယ်ဟာကို စပြီးလုပ်ရမယ်ဆိုတာ ဦးစားပေး ရွေးချယ်နေ ပါတယ်။ တကယ်တမ်းကျတော့ နိုင်ငံရေးစံနစ်ပြောင်းလဲမှုဆိုတာက အရင်ခေါ်ဆိုလို့ရှိရင်တော့ အပေါ်ယံ အဆောက်အအုံပဲ ဖြစ်ပါတယ်။ နိုင်ငံရေးစံနစ်နဲပအတူ အဓိကပြောင်းလဲရမှာတော့ အခြခံအဆောက်အအုံဖြစ်တဲ့ စီးပွားရေးပါပဲ။ ဒါကြောင့်မလို့ အခြေခံကြတဲ့ စီးပွားရေးပြုပြင်ပြောင်းလဲရေးလုပ်ဖို့အတွက် ဘယ်ကိစ္စက စပြီးလုပ် ရမယ့် ကိစ္စအတွက် မိမိတို့ လွှတ်တော်မှာရှိတဲ့ စီးပွားရေးနဲ့ ပတ်သက်လို့ ကျွမ်းကျင်တဲ့လူတွေ။ စိတ်ဝင်စားသူတွေနဲ့ တိုင်ပင်လျက်ရှိပါတယ်။”


စီးပွားရေးမူဝါဒ ပြုပြင်ပြောင်းလဲရေး

“အပေါ်ပိုင်းပုဂ္ဂိုလ်များ စီးပွားရေးပြုပြင်ပြောင်းလဲဖို့ စိတ်ပါဝင်စားစွာဆောင်ရွက်နေသော်လည်း အလယ်အလတ် ပုဂ္ဂိုလ်များ အနေနဲ့ ထင်သာမြင်သာရှိတဲ့အနေအထားထိ မပြောင်းလဲသေးဘူး။ သိပါသလား ဆိုတဲ့နေရာမှာ သိပါတယ် ဒါပေမယ်လို့ အလုံးစုံသိသား ဆိုတဲ့အခါကြတော့ အလုံးစုံမသိပါဘူး။ သူတို့တွေ လိုက်ပါပြောင်းလဲဖို့ ကတော့ အချိန်တခုယူရပါမယ်။”

“ဒီအချိန်တခုအတွင်းမှာပဲ ဖြစ်မြောက်စေဖို့အတွက်ကျတော့ မိမိတို့ဘက်က လွှတ်တော်တွေဘက်က တကယ်တမ်း လက်တွေ့ လိုက်နာနိုင်တဲ့ ဥပဒေတွေကို အလျင်မြန် ပြဋ္ဌာန်းဖို့လိုပါတယ်။ နောင်သွားမယ့် ပုံစံက အမိန့်ပေးပုံစံ မဟုတ်ဘဲနဲ့ ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေအရ လိုက်နာရမယ့် လူတွေ အားလုံးလိုက်နာဖို့ပဲ ဖြစ်ပါတယ်။ အဲဒီအတွက် မိမိတို့ အဓိကထားပြီးတော့ စဉ်းစားဆောင်ရွက် နေပါတယ်။”


ပညာရေးနှင့် အမေရိကန် အကူအညီ

“ပညာရေးနဲ့ ကျန်းမာရေးကိစ္စတွေနဲ့ ပတ်သက်လို့ တခြားကိစ္စတွေထက်ပိုပြီး လျင်မြန်စွာဆောင်ရွက်နိုင်ပါတယ်။ ပညာရေးဆိုတဲ့ နေရာမှာ သူတို့နိုင်ငံမှာ ရှိတဲ့ ပညာတွေကို သင်ကြားနိုင်ဖို့အတွက် အခွင့်လမ်းတွေပေးမယ်လို့ ဒီလိုပဲသဘောပေါက် ပါတယ်။ ကျန်းမာရေးလဲ ဒီအတိုင်းပါပဲ။ ပညာရေးနဲ့ ကျန်းမာရေးက သူတို့နိုင်ငံက မိမိတို့
နိုင်ငံကို ကူညီမယ်ဆိုလို့ရှိရင် သူတို့နိုင်ငံမှာရှိကြတဲ့ ပြည်သူများ ပြောမယ်ဆိုရင် ကွန်ဂရက်လိုအဖွဲ့အစည်းမျိုးနဲ့ သိပ်ပြီးတော့ တားမြစ်မယ်လို့ မိမိအနေနဲ့ မယူဆတဲ့အတွက် ပညာရေးနဲ့ ကျန်းမာရေး ကူညီမှုတွေဟာ ကျန်တဲ့ ကိစ္စများနဲ့စာရင် အလျင်အမြန် ရောက်ရှိလာနိုင်ပါတယ်။”


နိုင်ငံရေးအကျဉ်းသား လွှတ်ပေးမယ်လို့ ကလင်တန်ကို ကတိပေး

“နိုင်ငံတော်တည်ဆောက်ရေးမှာ နောက်တခုအနေနဲ့ သူတို့ပြောပြောနေတဲ့ နိုင်ငံရေးနယ်ပယ်မှာ အားလုံးပါဝင်နိုင်ဖို့ ဒီကိစ္စကို အလေးအနက်ထားဆောင်ရွက်မယ်။ ဆောင်ရွက်မယ်ဖြစ်ကြောင်းလည်း ကတိပေးတယ်လို့ ပြောလိုက်ပါ တယ်။”


ဦးသန်းရွှေနှင့် လက်ရှိ အစိုးရ ဆက်စပ်မှု

“ဒီကိစ္စကတော့ အစိုးရ အုပ်ချုပ်ရေးဘက်က ဆောင်ရွက်ရမယ့်ကိစ္စဖြစ်ပါတယ်။ မိမိတို့ကတော့ ဥပဒေပြုကိစ္စများ
ဆောင်ရွက်တဲ့အတွက် ဒီကိစ္စနဲ့ ပတ်သက်ပြီး လောလောဆယ် မိမိတို့ဆီမှာတော့ သီးခြားအစီအစဉ်မရှိပါဘူး။”


အာဏာသုံးရပ် ခွဲဝေမှု

“ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အမေရိကန်နိုင်ငံ ဆွေးနွေးပါတယ်။ တော်တော်လဲ စိတ်ဝင်စားပါတယ်။ ဒီအာဏာ သုံးရပ်ပိုင်းခြား အုပ်ချုပ်ဖို့ ဆိုတာနဲ့ ပတ်သက်လို့ မရှိမဖြစ်လိုတယ်။ ဒီဟာသည် ပြောမယ်ဆိုရင်တော့ ဒီဟာသည် ဒီမိုကရေစီရဲ့ အနှစ်သာရပဲ။ နေရာနှစ်ပိုင်းကွဲနေတဲ့ နိုင်ငံတနိုင်ငံကို ဥပမာပေးသွားပါတယ်။ နိုင်ငံ တနိုင်ငံက အာဏာ ၃ ရပ်ကို ခွဲခြားပြီး ကျင့်သုံးတယ်။ အဲဒီ နိုင်ငံက ပညာတတ်တွေများတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေ များတယ်။ ဟိုဘက်နဲ့စာလို့ရှိရင် တည်ငြိမ်အေးချမ်းမှုတွေ ရှိတယ်လို့ သူဒီလိုဖြေသွားပါတယ်။”

“ဒါကြောင့်မို့လို့ အာဏာ သုံးရပ်ကို ပိုင်းခြား ခွဲခြားဆောင်ရွက်မှုဟာ အင်မတန်မှ အရေးကြီးပါတယ်။ ပြီးခဲ့တဲ့ လွှတ်တော် အစည်းအဝေးနောက်ဆုံးနေ့မှာပဲ မိမိလွှတ်တော် ဥက္ကဋ္ဌအနေနဲ့ ဒီလွှတ်တော် ကိုယ်စားလှယ်များကို
ပြောတဲ့နေရာမှာ ဒီလို အာဏာသုံးရပ်ကို ပိုင်းခြားထားခြင်းသည် ဒီနေ့ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အဓိက အနှစ်သာရ
ဖြစ်တယ်။ အကယ်လို့သာ အာဏာသုံးရပ်နဲ့ ပိုင်းခြားခွဲခြားမကျင့်သုံးဘူးဆိုရင် တချိန်ချိန်မှာ အာဏာရှင် စနစ်ကို
ပြန်လည်ရောက်မယ်။ အဲဒီအခါမှာ အဲဒီအခါမှာ ဘာတွေဖြစ်နိုင်လဲ အခု အာဖရိကမှာဖြစ်တဲ့ အရှေ့အလည်ပိုင်းမှာ
ဖြစ်တဲ့ ကိစ္စမျိုးတွေလို တချိန်ကတော့ နိုင်ငံ့ခေါင်းဆောင် နောက်ပိုင်းကြတော့ အာဏာရှင်ဖြစ်ပြီးတဲ့အခါမှာ သူတို့ဘဝမကျဘူး။ သူတို့နိုင်ငံပါ ဆုံးရှုံးမှုတွေရှိတယ်။ ဒါကြောင့်မို့လို့ အာဏာသုံးရပ်ကို ခွဲခြားအုပ်ချုပ်တာ
ကောင်းပါတယ်။ အဲဒီကောင်းတာကို ဘယ်ကဖေါ်ညွှန်းထားလဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေက ဖေါ်ညွှန်းထားတယ်။ ဒါကြောင့်မလို့ အခြေခံဥပဒေကိုလေးစားလိုက်နာဖို့လိုပါတယ်။ ဒီကနေ့ ကမ္ဘာမှာတိုးတက်နေတဲ့၊ ဖွံ့ဖြိုးနေတဲ့၊ တည်ငြိမ်အေးချမ်းနေတဲ့ နိုင်ငံတွေကို ကြည့်မယ့်ဆိုရင်လည်း အဲဒီအာဏာ သုံးရပ်ကို သူ့နည်းသူ့ဟန်နဲ့  အဲဒီ အာဏာ သုံးရပ်ကို ပိုင်းခြားပြီးတော့ ဆောင်ရွက်နေတာဖြစ်ပါတယ်ဆိုပြီးတော့ အဲဒီနောက်ဆုံးရက် ၂၄ ရက်နေ့မှာ ဒီလိုပဲပြောခဲ့ပါတယ်။”


ဥပဒေပြုရေး

“အဲဒီလိုပြောတဲ့နေရမှာ မိမိတို့ မြန်မာနိုင်ငံမှာ လွှတ်တော်ဆိုတဲ့ အတွေ့အကြုံနည်းပါတယ်။ နည်းတဲ့အတွက် လွှတ်တော်တွေက ပြုလိုက်တဲ့ ဥပဒေတွေကိုလိုက်နာရမှာက ပြည်သူတွေရော ပြီးတဲ့အခါကျလို့ရှိရင် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းတွေရော၊ သက်ဆိုင်ရာ လွှတ်တော်အသီသီးကရော လိုက်နာရမှာ ကိုယ်ကဥပဒေပြုလိုက်လို့ ကိုယ်လိုက်နာစရာမလိုဘူး ကျန်တဲ့သူတွေ လိုက်နာရမယ်ဆိုတာ မဟုတ်ပါဘူး။ အားလုံးလိုက်နာရမယ်။ အဲလို လိုက်နာတဲ့အခါမှာ လိုက်နာမှုရှိမရှိဆိုတာကို ဟီလာရီ ကလင်တန်က ဘာပြောလဲဆိုတော့ လွှတ်တော်တွေဆိုတာ
စောင့်ကြည့်နေတာ။ ဘယ်သူမလိုက်နာဘူးလဲ။ တွေ့တယ်ဆိုရင် လိုက်နာအောင်လုပ်ဖို့ အဲဒါက အရေးကြီးတယ်။ ဥပဒေတွေ ထုတ်ပြီးတဲ့အခါ မလိုက်နာဘူးဆိုရင် အလကားပဲဆိုပြီး ဒီလိုပဲ ဆွေးနွေးပါတယ်။”

“ဒါကြောင့်မို့လို့ လွှတ်တော်ထဲက ထုတ်ပြန်လိုက်တဲ့ ဥပဒေ အဲဒီမှာလဲ သူပြောတာ ဥပဒေတရပ် ဖြစ်ဖို့ဆိုလို့ရှိရင် သူ့အမြင်၊ ကိုယ့်အမြင်ဆွေးနွေးပါ။ အမြင်တူတာတွေလဲရှိမယ်။ အမြင်မတူတာတွေလဲ ရှိမယ်။ နောက်ဆုံးကြတဲ့ အခါကြတော့ နိုင်ငံတော် အတွက် အကျိုးရှိတဲ့ ဥပဒေတွေ ထုတ်ပြန်ပါ။ သူက ဒီလိုအကြံပြုတယ်။ ဥပဒေတွေ ထုတ်ပြန်ပြီးတဲ့အခါကျလို့ရှိရင် ဒီဥပဒေတွေ လိုက်နာကြဖို့ပဲ။ မလိုက်နာဘူး။ ဒါကြောင့်မလို့ ဒီနေ့ မြန်မာနိုင်ငံမှာ
ဖြစ်နေတာက အကျင့်မရှိကြသေးဘူး။”

“အရင်အစိုးရတွေလက်ထက်က ဥပဒေ ကိုယ့်ဟာကိုပြုတယ်။ ကိုယ့်ဟာကို ဆောင်ရွက်တယ်။ ဆောင်ရွက်တဲ့အခါ။ ကိုယ့်ဟာ ကိုပဲ check and balance လုပ်တယ်ဆိုတဲ့အခါ သာသာထိုးထိုးနဲ့ လုပ်တဲ့အခါမှာ မထိရောက်ဘူး။ ဒီကနေ့ကြတော့လဲ ဒီစနစ်ကို ပြောင်းလိုက်ပြီ။ ပြောင်းလိုက်တဲ့အခါမှာ check and balance အချင်းချင်း ပြန်လည် ထိန်းကျောင်းခြင်း ဆိုတာကို စနစ်ဟောင်းကို တွယ်တာတဲ့လူတွေက လက်မခံလိုဘူး။ အဲဒီအားကလည်း တော်တော် ကြီးတယ်။ အဲဒီဟာအတွက် ဒီကနေ့ မိမိလွှတ်တော်နဲ့ အဲဒီအဖွဲ့အစည်းတွေမှာ အားလုံးအတွက် အခက်အခဲ ရှိတယ် ဆိုတာ။ သိစေချင်တဲ့အတွက် နိုင်ငံခြားရေး ဝန်ကြီးကိုပြောတဲ့ အခါမှာ သူကဒါကို အလေးနက်ထားပြီးတော့ ဆွေး
နွေး သွားပါတယ်။ အခက်ခဲက အဲဒါပါပဲ။”

“ကိုယ့်ကိုယ်ကို check and balance ဆိုတာကို မခံလိုကြဘူး။ မခံချင်ကြဘူး။ ကျနော်တို့ မြန်မာနိုင်ငံမှာဖြစ်နေတာ မင်းကို check လုက်နေတယ်ဆိုရင် မခံချင်ကြဘူး။ အခုအဲဒီသဘောမျိုးဖြစ်နေတယ်။ အဲဒီအတွက် အခက်အခဲပဲ။ လွှတ်တော်အတွက် အခက်အခဲမဟုတ်ဘူး။ နိုင်ငံအတွက်အခက်အခဲ အဲဒီအခက်အခဲတွေကို ဖြေရှင်းရမယ်။ အဲဒီဖြေရှင်းဖို့အတွက် အစိုးရအဖွဲ့ ပါရမယ်။ ပြီးတဲ့အခါ ပြည်ထောင်စုအဆင့်တွေ ပါရမယ်။ ပြီးတဲ့အခါမှာ ပြည်သူတွေ ပါရမယ်။  အဲဒါအောင်မြင်သွားလိုရှိရင် (Legacy) ဖြစ်မယ်။ ပြီးတဲ့အခါမှာ အခုကျနော်တို့ပြောနေတဲ့ ဒီမိုကရေစီကြီး အဲဒီကြမှ ဖြစ်မယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရမှာ check and balance ဆိုတာပါပါတယ်။”

“အဲဒါကြောင့်မလို့ ကျနော်ကပဲ ဒီကမီဒီယာတွေကို ပြန်ပြီး တိုက်တွန်းချင်တာက မိမိတို့ ဖွဲ့စည်းပုံအခြေခံဥပဒေက အကာအကွယ် ပေးဆောင်ရွက်ထားသော အာဏာသုံးရပ်ကို ခွဲ့ခြား ကျင့်သုံးရေးနဲ့ အချင်းချင်း အပြန်အလှန် ထိန်းကျောင်းရေး တကယ် ဆောင် ရွက်သင့်တယ်။ ဆောင်ရွက်ရမယ်ဆိုတာကို  မီဒီယာပိုင်းကပါ။ ပြည်သူများနဲ့ အခြား၊ အခြားများကို ပညာပေးခြင်း၊ သို့မဟုတ် အသိပေးဆောင်ရွက်ခြင်းဖြင့် မိမိနိုင်ငံ တိုးတက်ရေးအတွက် အကူအညီပေးကြပါလို့ ဒီနေ့တက်ရောက်လာတဲ့ မီဒီယာများကို တိုက်တွန်း၊ ပန်ကြားလိုပါတယ်။”


မီဒီယာဥပဒေ

“လွှတ်တော် နောက်တကြိမ်ပြန်ပြီးတော့ စလို့ရှိရင် မီဒီယာ ဥပဒေ တင်မယ်ကြားရပါတယ်။ မီဒီယာ ဥပဒေ အတည်
ပြုတဲ့ အခါမှာ အဲဒီမီဒီယာ ဥပဒေသည် စာနယ်ဇင်းသမားများကို ကန့်သတ်တဲ့ မီဒီယာ ဥပဒေ မဖြစ်ပဲနဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်ကို ကာကွယ်စောင့်ရှောက်တဲ့ မီဒီယာ ဥပဒေ ဖြစ်အောင် ဥက္ကဌ ကြီးအနေနဲ့ ကူညီဆောင်ရွက်ပေးပါလို့
မေတ္တရပ်ခံလိုပါတယ်။ ကျနော်နဲ့တကွ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးဝိုင်းဝန်းပြီးတော့ အခုတင်ပြချက်
ဆွေးနွေးချက်ကို အလေးထား ဆောင်ရွက်ပေးပါ့မယ်။”


မီဒီယာ၏ ထိန်းကျောင်းမှု

“မီဒီယာက ကျနော် တခါတုန်းက ပြောသလိုပေါ့လေ။ မီဒီယာအချင်းချင်းလည်း ထိန်းကျောင်းနေတာရှိပါတယ်။ မီဒီယာကို ပြည်သူက ထိန်းကျောင်းနေတာလဲ ရှိပါတယ်။ အဲတိုင်းပဲ ကျနော်တို့ ခုန အာဏာ သုံး ရပ် ခွဲဝေကျင့်သုံး
နေတဲ့ နေရာမှာလည်း မီဒီယာက သူ့ပုံစံနဲ့ သူထိန်းကျောင်းပေးဖို့ လိုပါတယ်။ အဲသလို မထိန်းကျောင်းပေးဘူး ဆိုလို့ ရှိရင် မှန်မှန်နဲ့ မြန်မြန် မမြင်နိုင်တဲ့ အနေအထားတွေရှိပါတယ်။ ဒါကြောင့်မလို့ ကျနော့်ဘက်ကတော့ မီဒီယာကို အလေးထားပါတယ်။ မီဒီယာများရဲ့ မှန်ကန်တဲ့ ဆောင်ရွက်မှုအားတွေဟာ ကျနော်တို့ နိုင်ငံအတွက်ပဲ ဖြစ်ရမယ်။ ခုနက မီဒီယာကို ရှောင်ဖယ်၊ ရှောင်ဖယ် မပြောရဲဘူးဆိုတာက လူပုဂ္ဂိုလ် တဦးချင်းနဲ့လည်း ဆိုင်ပါတယ်။ ပြီးတဲ့ အခါမှာ အဖွဲ့အစည်းရဲ့ စည်းမျဉ်း၊ စည်းကမ်းတွေနဲ့လည်း ဆိုင်ပါတယ်။ ဒါအတွက်ကတော့ ကျန်ာတို့ အချိန်လေး နဲနဲပေးပြီးတော့ စောင့်ရမယ်လို့ ကျနော်ထင်ပါတယ်။”


မြောက်ကိုရီးယား၊ မြန်မာ နျူးကလီးယားကိစ္စ

“မြောက်ကိုရီးယားနဲ့ နျူးကလီးယားကိစ္စ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက သီးခြားမမေးပါဘူး။ မမေးတဲ့အကြောင်း အရင်း ကလည်း သူနဲ့ ဆွေးနွေးတဲ့ Write text ထဲမှာပါပါတယ်။ အဲဒါကြောင့် မမေးတာလဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လို့ မေးမယ်ဆိုလို့ ရှိရင်လည်း ဖြေဖို့ အသင့်ရှိပါတယ်။ မမေးတဲ့အတွက် မဖြေလိုက်ရပေမယ့် အခု (မီဒီယာက) မေး တဲ့အတွက် ဒီမှာပဲ ဖြေပါမယ်။”

“မြောက်ကိုးရီးယားနဲ့ မြန်မာ ဆက်ဆံတဲ့ နေရာမှာ ကာကွယ်ရေးဆိုင်ရာ ကိစ္စများနဲ့ပါတ်သက်ပြီးတော့ ထင်သာမြင် သာရှိအောင်လုပ်ဖို့ လိုတယ်ဆိုတာကို မကြာသေးခင်ကပြောသလို အခုခရီးစဉ်မတိုင်ခင်မှာပဲ ဒီကိစ္စကြောင့် မြန်မာ
နိုင်ငံကို မသွားသင့်ဘူး။ စသဖြင့် အခြားစွပ်စွဲချက်တွေနဲ့ အတူ မီဒီယာတွေမှာ ပေါ်လာတာရှိပါတယ်။ ဒါကြောင့်မလို့ ဒီနေ့ တွေ့ဆုံပွဲမှာတော့ ဒါမေးချင်မေးမယ်။ ဒါမှမဟုတ်လို့ရှိရင် နှစ်ဦးသားတွေ့ဆုံ မေးရင်မေးမယ်လို့ထင်ခဲ့ပါတယ် ဒါပေမယ့် မမေး ခဲ့ပါဘူး။ မမေးတဲ့အကြောင်းက Write text ထဲမှာ ပြန်ကြည့်ပါ။ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒဖြစ်တဲ့ independence နဲ့ active  ပေါ့။ လွတ်လပ်ပြီးတော့ တက်ကြွတဲ့ နိုင်ငံခြားရေး ဝါဒ ကျင့်သုံးတယ်။ အဲဒီလိုပဲ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေး ကောင်စီက resolutions (ဆုံးဖြတ်ချက်တွေ) ကိုလည်း မြန်မာနိုင်ငံက အလေးထားလိုက်နာပါ့မယ်။ လိုက်နာနေပါတယ်လို့ပါပါတယ်။”

“မူလရေးတုန်းက ဒီထက်မကပါဘူး။ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်အမှတ် ၁၇၁၈ နဲ့ ၁၈၁၄ က ဘာလဲဆိုရင် မြောက်ကိုးရီးယားနိုင်ငံက ထုတ်လုပ်တဲ့ စစ်လက်နက်ပစ္စည်းများနဲ့ ပတ်သက် ပြီးတော့ အခြားကမ္ဘာ့နိုင်ငံများက ဝယ်ယူခြင်းမပြုရဘူးဆိုတဲ့ resolutions ရှိပါတယ်။ အဲဒါပါ ခုန Write text ထဲမှာ ထည့်ထားပါတယ်။”

“ဒီနေ့မနက်ကြတဲ့ အခါကြတော့ အပေါ်ကပြောတဲ့ဟာလောက်ဆိုရင် အမေရိကန်ဝန်ကြီးလည်း အင်မတန် အမြင် ကျယ်ပြီး အတွေ့အကြုံရှိတဲ့အတွက် ဒီလောက်ထိထည့်စရာမလိုဘူးလို့ဆိုတဲ့အခါမှာ ဒီ ၁၇၁၈ နဲ့ ၁၈၁၄ ကို ဖဲ့ထား လိုက်ပါတယ်။ ဒါကြောင့်မလို့ သူမမေးပါဘူး။ မမေးပေမယ့် အခုမေးတဲ့အတွက် မေးမယ်ဆိုလို့ရှိရင်လည်း ဒီကိစ္စ အတွက်နဲ့ မေးမယ်ဆိုလို့ရှိရင်လည်း မိမိလွှတ်တော် ဥက္ကဌ။ တချိန်တုန်းက နာယကရဲ့ ထိပ်ပိုင်းခေါင်းဆောင်တဦး။ အဲဒီ့နည်းတူပဲ တပ်မတော်မှာလည်း ထိပ်ပိုင်း ခေါင်းဆောင်တဦးအနေနဲ့ မြောက်ကိုးရီးယား (DPRK Democratic People Republic of Korea) ကို မိမိရောက်ခဲ့ပါတယ်။”

“ရောက်ခဲ့ပြီးတဲ့ အခါမှာ မိမိသည် တပ်မှာ တာဝန်ရှိတဲ့အတွက် မြောက်ကိုးရီးယားမှာရှိတဲ့ တပ်မတော်နဲ့ မိမိ တပ်မတော် နားလည်မှု စာချွန်လွှာထိုးခဲ့ပါတယ်။ အဲဒီထိုးခဲ့တဲ့ အချိန်မှာ မိမိဘေးမှာ ဒီနေ့ တချို့လည်း ဝန်ကြီးတွေ
ဖြစ်နေပြီ တချို့လည်း တခြားတာဝန်တွေ ထမ်းဆောင်နေတဲ့ ပုဂ္ဂိုတွေလည်း လက်မှတ်ထိုးတဲ့ပုံမှာ တွေ့ပါလိမ့်မယ်။ မိမိတို့ လက်မှတ်ထိုးတာက မြောက်ကိုးရီးယားနိုင်ငံမှာရှိတဲ့ သူတို့စီက ဦးစီးချုပ်ပေါ့လေ လတ်မှတ်ထိုးတာ ဘာလဲ ဆိုရင် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်ဖို့ဆိုတဲ့ MOU ထိုးခဲ့တာပါ။ ဒီနေ့ ဒီဟာနဲ့ ပတ်သက်လို့ ရဲရဲဝံ့ဝံ့ မှန်မှန်ကန်ကန် ပြောတဲ့အနေအထား ရှိပါတယ်။”

“အဲဒီမှာ တချို့စွပ်စွဲတာကတော့ နျူးကလီးယားကိစ္စ အပါအဝင်မိမိသွားပြီးတော့ လက်မှတ်ထိုးခဲ့တယ်လို့ပြောတယ်။ မဟုတ် ပါဘူး။ နျူကလီးယားကိစ္စဆိုတာ အင်မတန်မှ ကြီးမားတဲ့ကိစ္စပါ။ ဒီကိစ္စမိမိ လတ်မှတ်ထိုးလို့လည်း ရနိုင်တဲ့ အနေအထား မရှိ ပါဘူး။ အဲဒါအပြင် ဒါဖြင့် မြောက်ကိုးရီးယားမှာ ဘာတွေလုပ်ခဲ့သလဲ ဆိုတဲ့အခါမှာ မိမိသူတို့ဆီက
လေကြောင်းရန် ကာကွယ်ရေး လက်နက်စက်ရုံတွေ လေ့လာတယ်။ ပြီးတဲ့အခါမှာ လေယာဉ်ကိစ္စ သင်္ဘောကိစ္စ အခြားကိစ္စလေ့လာသင့်တဲ့ ကိစ္စလေ့လာတယ်။ ပြီးတော့ သူတို့နိုင်ငံက ဘာပဲဖြစ်ဖြစ် နည်းပညာနဲ့ ပတ်သက်လို့
မြင့်မားတာရှိပါတယ်။ ဒါတွေလည်း လေ့လာတယ်။”

“ပြီးတဲ့အခါမှာ ထူးခြားတာက အဲဒီ မြောက်ကိုးရီးယား တပ်မတော်ရဲ့ စွမ်းရည်ဟာ တော်တော်ကောင်းတယ်။ တော်
တော် ကောင်းတဲ့ အတွက် သူတို့စွမ်းရည်ကောင်းအောင် ဘာတွေလုပ်ထားလဲ ဘယ်လို လေ့ကျင့်ထားလဲဆိုတာ
လေ့လာတာ။ လိုအပ်မယ် ဆိုလို့ရှိရင် တပ်မတော်ရဲ့ အရည်အသွေး မြင့်မားရေးအတွက် နှစ်နိုင်ငံ ပူးပေါင်း
ဆောင်ရွက်ရေး ဆိုတဲ့ဟာကို မိမိလက်မှတ် ရေးထိုးခဲ့ပါတယ်။ အဲဒါကြောင့်မလို့ ဒီနေ့မှာကြတော့ အမေရိကန်
နိုင်ငံခြားရေးဝန်ကြီးက မမေးပါဘူး။”

“မမေးတာထက် မမေရိကန်နိုင်ငံမှာ မိမိတို့ သိထားတာထက် ပိုကဲသော ထောက်လှမ်းရေးစံနစ်ရှိပါတယ်။ လူပုဂ္ဂိုလ် တင်မကဘူး။ နည်းပညာထောက်လှမ်းရေးတွေရှိပါတယ်။ နည်းပညာထောက်လှမ်းရေးဆိုတဲ့ အခါမှာ မိမိတို့ မသိ တာတွေအပြင် မိမိတို့ သိတယ် ဆိုတဲ့ ဂြိုလ်တု ထောက်လှမ်းရေးလိုဟာမျိုးက သူလိုချင်တဲ့နေရာမှာ ဂြိုလ်တုကို တင်ထားပြီးတဲ့အခါမှာ လိုတဲ့သတင်း အချက်အလက်တွေ အားလုံး ရယူနိုင်တဲ့ အနေအထားရှိပါတယ်။ အဲဒီိတိုင်းပဲ သူ့မှာ အခြားထောက်လှမ်းရေးတွေရှိပါတယ်။ အဲတော့ မိမိ ဟိုတိုန်းက ဗိုလ်ချုပ်ကြီး တယောက်အနေနဲ့ အဲနိုင်ငံ သွားတဲ့အခါမှာ မိမိသွားတဲ့အကြောင်းလဲ သူသိနေမှာပဲ။ မိမိဘာတွေလုပ်နေတယ်ဆိုတာလဲ သိနေမှာပဲ။ ဒါပေမယ့် သူသိတယ်လို့ သူထုတ်မပြောဘူး။ လိုတဲ့အခါမှာသုံးမှာ ဒါကြောင့်မလို့ မိမိတို့ဘက်က ဒါနဲ့ ပတ်သက်လို့ ဘေးက အထင်မှားအောင် ပြောဆိုခြင်းခံရယုံမှတပါး မိမိတို့မှာ Clear ဖြစ်ပါတယ်။”

“တချို့လည်း ဒီကိစ္စနဲ့ ပတ်သက်လို့ စိတ်မကောင်းတာတွေရှိမှာ။ ဒါကြောင့်မလို့ ဒီလိုဖြစ်တာ။ ဒါကြောင့် မိမိအနေနဲ့ မမှန်မကန် ဥပဒေနဲ့ မကင်းတာလဲမလုပ်ခဲ့ပါဘူး။ ဒါကြောင့် ဒီမေးခွန်း မေးပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါ တယ်။ ဖြေခွင့်ရတဲ့ အတွက် လည်း ကျေးဇူးတင်ပါတယ်။”

ဖြည့်စွက် ပြောဆိုချက်

“အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ စကာပြောတဲ့အခါမှာ သူ့မှာပါလာတဲ့ သံမှူးတို့၊ မစ္စတာ အိုဘားမားရဲ့ အထူး ကိုယ်စား လှယ်တို့က နေပြီးတော့ လက်ဟန်၊ ခြေဟန်နဲ့ အချိန်စိနေပါပြီ ဥက္ကဌကြီး ဆိုတဲ့အခါကြတော့။ မစ္စစ် ကလင်တန် ကိုလည်း ပြောပါတယ်။ နောက်မှာပါတဲ့လူတွေက အချိန်စေ့နေပြီလို့ပြောပါတယ်လို့၊ ဒါပေမယ့်လို့ ဒီလိုရတောင့်ရခဲ့ အချိန်မျိုးမှာ အချိန် ကုန်ရင်ကုန်ပါစေလို့ စကားဆက်ပြောကြရအောင်လို့ ဒီလိုပဲပန်ကြားတဲ့ အခါမှာ သူက လက်ခံပါတယ်။”

“ဘာဖြစ်လို့လဲ ဆိုတဲ့ အခါကြတော့ ဒီကနေ့ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံကို ရောက်လာတဲ့အခါမှာ သူက အထူး
တွေ့ချင်တဲ့ လူတွေ နာမည်စာရင်းနဲ့ ဖိတ်ထားတယ် ရှစ်ယောက်။ ဦးသိန်းညွန့်၊ ဦးမောင်မောင်မျိုးညွန့်၊ ဦးသာစိန် (ကပ္ပတိန် သာစိန်)၊ ဦးစောမြသိန်း၊ ဦးဆောင်စီ၊ ဒေါက်တာ သန်းဝင်း၊ ဦးလှမြင့်ဦး စသဖြင့် အားလုံး ၈ ဦးဖိတ်ထား တယ်။ ရှစ်ဦး ဖိတ်ထားတဲ့ အခါမှာ ဦးလှမြင့်ဦး၊ ဦးစိုင်းဆောင်စီတို့က နိုင်ငံခြား ခရီးသွားတယ်။ ဒေါက်တာ သန်းဝင်း ကျတော့လည်း ကျန်းမာရေး မကောင်းလို့ မတက်နိုင်ဘူး။ ကျန်ာတို့က တကူးတက ဖိတ်ထားပေးတာ။ သူတို့ တွေ့ ချင်တယ်ဆိုလို့။ အဲဒီအတိုင်းပဲ တိုင်းရင်းသား အမျိုးသမီး ရှစ်ဦး၊ ကချင်၊ ကယား၊ ကရင်၊ မွန်၊ မြန်မာ၊ ရှမ်း၊ ရခိုင် ဒါကျနော်တို့ ပြောမယ်ဆိုရင် မျိုးနွယ်စုထဲမှာ ပေးထားတဲ့ဟာပေါ့။”

“ကျန်ာတို့ အနေနဲ့လည်း သူတို့နဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ ပြောစေချင်တယ်။ တယောက်နဲ့ တယောက် မက်ဆေ့ခ်ျ
ပေးစေချင် တယ်။ ဒါကြောင့်မလို့ ခင်ဗျားတို့ကနေ ဒီလိုပြောတဲ့အတွက် ကျနော်က အချိန်လေးတာ့ ပေးပါ၊ ရတောင့် ရခဲ။ အခုကြည့်လေ နှစ်ပေါင်း ၅၀ မှာမှ ဒီတခေါက်လာတယ်။ သူပြောချင်တာပြော။ ကိုယ်ပြောချင်တာပြော။ ပြည် သူများကို ကိုယ်စားပြုထားတဲ့ သူများကို သူပြောစရာရှိတာလည်း ပြောဦးမယ်။ ကျနော်တို့ဘက်ကလည်း ကိုယ်ပြော စရာရှိတာပြောဦးမယ်။ တောင်းပန်ပြီးတော့ လုပ်တဲ့ အခါမှာ လက္ခံပါတယ်။ ဟိုအဖွဲ့တွေလဲ ဘာမှ ပြန်ပြီးတော့ မပြောတော့ပါဘူး။ ဒါကြောင့်မလို့ မူလ ကျနော်တို့ကို အချိန်ပေးတာ ၄၅ မိနစ်။ မနေ့က အချိန်ခွဲဝေတာ မိနစ် ၃၀။ ဒီရောက်တဲ့အခါ အချိန်အသုံးပြုလိုက်တဲ့ အခါမှာ ၅၅ မိနစ်လောက် ကြာသွားတယ်။”

“ဒါပေမယ့် ရလာဒ်က ဘာလဲဆိုတဲ့ အခါမှာ ဒါကျန်ာတို့အမြင် ပြီးလည်း ပြီးရော သိပ်ကျေးဇူးတင်ပါတယ်ပြောတယ်။ ကျနော်က လည်း လက်ဆောင်ပေးလိုက်တယ်။ ဘာလဲဆိုတော့ ဒီမိုကရေစီနေ့တုန်းက ပို့စ်ကဒ်လေး လက်ဆောင်
ပေးလိုက်တယ်။ ဘာလဲဆိုတဲ့ အခါမှာ ကျနော်တို့ လွှတ်တော်ရဲ့ သဘောထားသိအောင် ပြည်သူ့အသံ၊ လွှတ်တော် အသံ၊ ပြည်သူ့ သဘောထား၊ လွှတ်တော် သဘောထား၊ ပြည်သူ့ရဲ့ မျှော်လင့်ချက်၊ လွှတ်တော်က ဖေါ်ဆောင်ရွက် ဆိုတဲ့ အဲဒီဟာလေးကို ပေးလိုက်တယ်။”

“ပြီးတဲ့အခါ တိုင်းရင်းသား ကိုယ်စားလှယ်တွေ လိုက်နှုတ်ဆက်ပြီးတဲ့ အခါမှာ သီးခြားထပ်ပြီး ဥက္ကဋ္ဌကြီး သူပြောတာ presentation ပေါ့လေ။ အင်မတန်ကောင်းပါတယ်လို့ သူကပြောတဲ့အခါမှာ ကျေးဇူးတင်ပါတယ်ဆိုပြီးတော့ ထပ်ပြောတယ်။ နောက်ပြီးတော့ သူ့ရဲ့အဖွဲ့တွေကလည်း လာပြီးတော့ထပ်ပြောတယ်။ အဲဒီမှာမှ ထပ်ပြီးတော့ ကျနော်တို့လည်း အစည်းအဝေးလည်း ပြီးရော ကျနော့်ရဲ့ ဒီမှာ ရောင်းရင်း လုပ်ဖေါ်ကိုင်ဘက်တွေက၊ အဘတဲ့ ဒီနေ့ သိပ်ကောင်းတာပဲတဲ့ ဘာဖြစ်လို့ ကောင်းတာလဲ ဆိုတဲ့ အခါမှာ သူ့စီက ကတိစကား ရအောင်တောင်းလိုက်လို့တဲ့။”

“ကျနော်က ဘာပြောလဲဆိုတဲ့ အခါမှာ အခုနိုင်ငံခြားရေး ဝန်ကြီးပြောတာကို ဂတိတခုပေးတယ်လို့ ကျနော် မှတ်ယူ ပါမယ်။ ကျနော် ပြောတာတွေကိုလည်း ဂတိလို့မှတ်ယူပါ။ ကျနော်ပြောတာတွေ ကျနော်ဖြစ်အောင်လုပ်ပါမယ်။ အဲဒီအထဲမှာ ခုနပြောခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဆိုတာမျိုး ကျနော်ဂတိပေးလိုက်တယ်။ အဲဒီအတိုင်းပဲ ခုန ဘာဖြစ် လဲ ကျနော်တို့ ငြိမ်းချမ်းရေးအတွက် ကျနော်တို့တကယ်လိုချင်တယ်။ အဲဒီအတွက်လည်း ကျနော် ဂတိပေးလိုက်လို့ ငြိမ်းချမ်းရေးဖေါ်ဆောင်မှုမှာ အတွင်းရေးမှူးဖြစ်တဲ့ ဒေါ်ဒွဲဘူရေ ဒီလို၊ ဒီလိုလို့ဆိုပြီး သူ့လဲ ဒီလိုပြောလိုက်တယ်။”

“အဲဒီတော့ ထပ်ပြီးတော့ အခါမှာ အဘက ဒီနေ့ တအားကောင်းတာပဲ ဆိုပြီးတော့ ဒါဖြင့် အရင်တုန်းကရော အဘက မကောင်း ဘူးလားလို့ မေးတဲ့အခါ။ ဒီနေ့ ပိုကောင်းပါတယ်တဲ့ ဘာဖြစ်လို့လဲဆိုတော့ ဟိုဘက်က ဂတိရအောင်
တောင်းလိုက်လို့တဲ့။ ပြောမယ် ဆိုရင်တော့ ဘာပဲဖြစ်ဖြစ် ဒီနေ့ တွေ့ဆုံမှုတွေဟာ ဘာပဲပြောပြော ကျနော်တင် မဟုတ်ပါဘူး။ လွှတ်တော်တင် မဟုတ် ပါဘူး။ ကျနော်တို့ မြန်မာနိုင်ငံအတွက် များစွာ အကျိုးရှိနိုင်တဲ့ ကိစ္စတွေ
ဖြစ်ပါတယ်”

“ဒါကြောင့်မလို့ ဦးဖေမြင့် ခုန ကျနာ့်ကိုမေးတဲ့ မေးခွန်းက တကယ်မေးထိုက်ပါတယ်။ ဆန်ရှင်ကိစ္စ။ ဆန်ရှင်ထက် ပိုပြီးတော့ ကောင်းတဲ့ အခွင့်လမ်းတွေ ရနိုင်ပါတယ်။ အဲလိုရဖို့ ဆိုရင်တော့ ကျနော်တို့ ဘက်ကလည်း လုပ်သင့် တာတွေ လုပ်ရလိမ့်မယ်။ ကျနော်တို့က လုပ်တာကို တလှမ်းခြင်းကြည့်မလား ကြည့်ပါ။ ပြီးတဲ့ အခါမှာ ခင်ဗျားတို့ ဂတိပေးတဲ့အတိုင်း လုပ်ပါလို့ ပြောနိုင်တဲ့ အခွင့်အရေးဟာ ဒီနေ့အတွက်တော့ ကျနော်တို့ လွှတ်တော် ကိုယ်စား လှယ်များ အတွက်တင် မဟုတ်ပါဘူး။ နိုင်ငံအတွက်ပါ အများကြီး အကျိုး ရှိတဲ့နေ့ဖြစ်ကြောင်း ကျနော်တို့ရဲ့
တွေ့ဆုံ ဆွေးနွေးရေးကို ဒီမှာပဲ နိဂုံးချုပ်လိုက်ကြရအောင်။”



 
adv4
19 20 21 18 17
14 13 12 8 7
6 5 9 4 3
2 1
adv5
infosys3s
adv3
16 15 10 10
adv666
Phawphaw1
adv
m zine
journal
mobile
Confronting-Democratic-Modernity-in-Military-ruled-Burma-1srogue-agent-announcement
e-letter-burmese

Who is Online

We have 16 guests online