တနှစ်ပြည့်သော်လည်း မုန်တိုင်း အကူအညီ မလုံလောက်သေး

ပရင့်ထုတ်ရန်


နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာပြည် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ နာဂစ်ဆိုင်ကလုံး ဖျက်ဆီးခဲ့သည်မှာ တနှစ်တာကြာမြင့်သွားပြီ ဖြစ်သော်လည်း၊ ထိုဒေသတွင် ဆိုင်ကလုံးသင့် ဘဝများ ပြန်လည် ထူထောင်ရေးနှင့် အဆောက်အဦများ ပြန်လည် တည်ဆောက်ရေးသည် များစွာ လိုအပ်နေသေးကြောင်း ကုလသမဂ္ဂ အကူအညီပေးရေး အေဂျင်စီများ အပါအဝင် ကူညီထောက်ပံ့ရေး အဖွဲ့အစည်းများက ထောက်ပြပြောဆိုကြသည်။

မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသ ဧရာဝတီနှင့် ရန်ကုန်တိုင်းတွင် နာဂစ်မုန်တိုင်း မွှေနှောက်ခဲ့သည်မှာ မေလ ၂ ရက်နေ့တွင် တနှစ်ပြည့်မြောက်မည်ဖြစ်သော်လည်း မုန်တိုင်းကြောင့် အသက်မသေဘဲ ရှင်ကျန်ရစ်ခဲ့သူများသည် သူတို့၏ ဘဝများ ပြန်လည်တည်ဆောက်ရန်နှင့် ယခင်အတိုင်း ပုံမှန်နေထိုင်နိုင်သည့် ဘဝသို့ ပြန်ရောက်ရန် မဆိုထားနှင့်၊ ယခုထိတိုင် စားနပ်ရိက္ခာ လုံလောက်မှု မရှိခြင်း ဟူသော ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရဆဲ ရှိနေသေးသည်ဟု၊ အကူအညီပေးရေး အေဂျင်စီများက ပြောဆိုကြခြင်းဖြစ်သည်။

နေရာအတော်များများရှိ မုန်တိုင်းဒဏ်ခံရသူများ၏ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ သောက်သုံးရေနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးတို့ကို ထောက်ပံ့ရန် ဆက်လက် လိုအပ်နေသေးကြောင်း ရန်ကုန်မြို့ရှိ ကုလသမဂ္ဂရုံး ဆက်သွယ်ရေးအရာရှိ အက်စ်ထရစ် ဆီဟဲလ် Astrid Sehl က မဇ္ဈိမကို ပြောပြသည်။

အစိုးရ မဟုတ်သော နိုင်ငံတကာ လူသားချင်း စာနာထောက်ထားသည့် အကူအညီပေးရေး အဖွဲ့များ၊ ကုလနှင့် ဒေသတွင်း အင်ဂျီအိုများ အပါအဝင် အောက်ခြေအဆင့် လူသားချင်း စာနာထောက်ထားသည့် အကူအညီပေးရေး အစုအဖွဲ့များ စသည်တို့၏ ကြိုးပမ်းအားထုတ်ခဲ့မှုများကို ထည့်သွင်းစဉ်းစားသည့်တိုင်အောင်၊ မုန်တိုင်းဒဏ် ခံရသူများ၏ လိုအပ်ချက်မှာ ကြီးမားလျက် ရှိနေဆဲ ဖြစ်သည်။

သူတို့အနေနဲ့ အကူအညီအချို့ ရခဲ့သော်လည်း၊ အသက်ရှင်သန်မှုအတွက် အခြေခံ လိုအပ်ချက်များ ရရန် ရုန်းကန်ရဆဲဖြစ်ကြောင်း ဒေသတွင်း၌ အကူအညီပေးနေသော လုပ်သားတဦးက ပြောသည်။

“မြစ်ဝကျွန်းပေါ်ဒေသရှိ လူအများစုသည် အကူအညီတချို့ကို ရရှိခဲ့သည် မှန်သော်လည်း လုံလောက်မှု မရှိဘဲ၊ နေ့စဉ် ထမင်း ၂ နပ် စားသောက်နိုင်ရန်အတွက် ကြိုးပမ်း အားထုတ် နေရဆဲ ဖြစ်သည်” ဟုလည်း ထည့်သွင်းပြောဆိုခဲ့သည်။

ဆိုင်ကလုံး ဖျက်ဆီးခဲ့သည့် ဒေသတွင်းရှိ အနဲဆုံး သန်းဝက်ခန့် ပြည်သူများသည် အလွန်ဆိုးဝါးသည့်၊ ဘေးအန္တရာယ် လုံခြုံမှု မရှိသည့် အကွယ်အကာများအောက်တွင် နေထိုင်နေရသည်။ ကူညီထောက်ပံ့ရေး အေဂျင်စီများက ထိုသူတို့အတွက် ဆောက်လုပ်ပေးသည့် အကွယ်အကာများသည် လာမည့် မုတ်သုန်ရာသီကို ကြံ့ကြံ့ခံနိုင်မည် မဟုတ်ကြောင်း ဆီဟဲလ်က ပြောသည်။

“လူများစုဟာ ကူညီထောက်ပံ့ရေး အေဂျင်စီတွေကပေးတဲ့ အရေးပေါ် ခိုလှုံရာတွေနဲ့ အစားအစာတွေပေါ်မှာ မှီခိုနေရတုန်းပဲ” ဟု ဆီဟဲလ်က ပြောသည်။

သို့ရာတွင် မုန်တိုင်းဒဏ်သင့် ခံရသူများအတွက် သောက်သုံးရေ ရှားပါးပြတ်လပ်မှုမှာ အဓိက ပြဿနာအဖြစ် ဆက်ရှိနေပြီး၊ ဒုတိယအချက်မှာ နေထိုင်ရန် အကာအကွယ်နှင့် အစားအသောက် ခွဲတမ်းဖြစ်ကြောင်း ဧရာဝတီတိုင်း ဘိုကလေး၊ လပွတ္တာနှင့် ဖျာပုံတွင် ရုံးခွဲများ ဖွင့်လှစ်ထားသည့် ကမ္ဘာ့စားနပ်ရိက္ခာ စီမံကိန်းအဖွဲ့ - WFP က ပြောသည်။

“စားနပ်ရိက္ခာ ရှားပါးမှု အဆင့်များမှာ၊ အထူးသဖြင့် မြစ်ဝကျွန်းပေါ် တောင်ဘက်နှင့် အနောက်ဘက် ဒေသများတွင် အလွန်အမင်း ဆိုးရွားနေသည်ကို လက်တလော လေ့လာချက်များက ပြသနေကြောင်း” မြန်မာနိုင်ငံဆိုင်ရာ WFP အစီအမံ ဒါရိုက်တာ ခရစ်(စ်) ကေး - Chris Kaye က ပြောသည်။

ဆက်လက်လုပ်ဆောင်နေသည့် ပြန်လည်ထူထောင်ရေး ကြိုးပမ်းအားထုတ်မှုများ

မြန်မာစစ်အစိုးရသည် ဆိုင်ကလုံးဒဏ်ခံရသူများအတွက် နိုင်ငံတကာ၏ အကူအညီပေးမှုများကို လက်ခံရန် အစကနဦး၌ ငြင်းပယ်ခဲ့သဖြင့်၊ မေလလယ်တွင် ကုလ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းမှ ကြားဝင်စေ့စပ် ဆွေးနွေးနိုင်ခဲ့သဖြင့် စစ်အစိုးရက အကန့်အသတ်ဖြင့် အကူအညီပေးရေးအဖွဲ့များကို စတင် ခွင့်ပြုခဲ့သည်။

ထိုအချိန်မှစ၍ ကုလသမဂ္ဂ၊ မြန်မာစစ်အစိုးရနှင့် အာဆီယံ ခေါ် အရှေ့တောင်အာရှ နိုင်ငံများ - ဘက်သုံးဘက် ပါဝင်သည့် Tripartite Core Group (TCG) ကို ဖွဲ့စည်းခဲ့ပြီး ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို စတင်လုပ်ဆောင်နိုင်ခဲ့သည်။

TCG ၏ အဆိုအရမူ၊ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးရမှုများကို ပြန်လည်တည်ဆောက်ရန်အတွက် အချိန်ကာလ ၃ နှစ်နှင့် အနဲဆုံး အမေရိကန်ဒေါ်လာ သန်း ၇ဝဝ လိုအပ်မည်ဟု သိရသည်။

မြစ်ဝကျွန်းပေါ်ဒေသရှိ လူဦးရေ ၃ သိန်း ၅ သောင်း ခန့်အတွက် စားနပ်ရိက္ခာ အထောက်အကူများကို ဒဗလျူအက်ဖ်ပီမှ ဆက်လက် ထောက်ပံ့သွားမည်ဖြစ်ပြီး၊ လူဦးရေ ၂ သိန်း ၅ သောင်းကျော်ဟာ လာမည့် ကောက်ပဲသီးနှံ ရိပ်သိမ်းချိန် နိုဝင်ဘာလကုန်အထိ သူတို့၏ အကူအညီကို ဆက်လက် လိုအပ်နေဦးမည်ဟု ခရစ်(စ်) ကေးက ပြောသည်။

“ဆန်၊ ပဲစေ့၊ ဆီနဲ့ ဆား ပါဝင်တဲ့ အဆင့်အတန်းနဲ့ ညီတဲ့ စားနပ်ရိက္ခာအိတ်တွေကို ကျနော်တို့ ဆက်ပြီး ထောက်ပံ့နေပါတယ်” ဟု ကေးက ပြောသည်။

သို့သော် လပွတ္တာတွင် စားနပ်ရိက္ခာ ဖြန့်ဝေပေးခြင်းကို လျှော့ချလိုက်ကြောင်း WFP အကူအညီပေးရေး လုပ်သားများက ပြောသည်။

ပြီးခဲ့သည့်နှစ် မေလမှ ဒီဇင်ဘာလအထိ ကျေးရွာပေါင်း ၇၂၉ ရွာကို အစားအစာများ ဖြန့်ဝေပေးခဲ့ကြောင်းနှင့် ယခုအခါ ၂ဝဝ၉ ဇန်နဝါရီလမှ ဧပြီလအထိ ကျေးရွာပေါင်း ၅ဝဝ အထိ လျှော့ချလိုက်ကြောင်း ပြောသည်။

“တချို့ရွာတွေဆိုရင် သူတို့ဘာသာ သူတို့ စီမံခန့်ခွဲနိုင်ပြီဖြစ်တဲ့အတွက် ရိက္ခာအထောက်အပံ့ ပေးမှုတွေကို ဖြတ်တောက်ခဲ့ပြီး၊ တချို့နေရာတွေကို ကျနော်တို့ တိုးချဲ့ခဲ့ပါတယ်။ ကျနော်တို့အနေနဲ့ သူတို့က ကျနော်တို့အပေါ် မှီခိုနေတာကို လျှော့ချချင်ပါတယ်” ဟု အမည်မဖော်လိုသူ WFP ဝန်ထမ်းတဦးက ပြောသည်။

အလားတူပင်၊ ကလေးသူငယ်များ ကယ်ဆယ်ရေး (Save the Children) အဖွဲ့မှ မြစ်ဝကျွန်းပေါ်ဒေသတွင် ရုံးခွဲ ၈ ခု ဖွင့်ကာ ဝန်ထမ်း ၈ဝဝ ဖြင့် မုန်တိုင်းဒဏ်ခံရသူများ၏ ပညာရေး၊ ကျန်းမာရေး၊ သန့်ရှင်းသော သောက်သုံးရေ ရရှိရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေး၊ အဟာရဓာတ် ရရှိရေးနှင့် နေထိုင်မှုဘဝ စီမံကိန်းများ ပြုလုပ်ကာ အကူအညီများ ဆက်လက် ထောက်ပံ့နေကြောင်း ပြောဆိုခဲ့သည်။

“ကလေးသူငယ်တွေ ကယ်ဆယ်ရေးအဖွဲ့ဟာ လူဦးရေ ၆ သိန်းကျော်ကို အကူအညီပေးခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီအထဲက လေးပုံ တပုံဟာ ကလေးတွေပါ။ သူတို့ဟာ ဆိုင်ကလုံးဒဏ်ကို အများဆုံး ခံခဲ့ရသူတွေ ဖြစ်ပါတယ်” ဟု အဖွဲ့. မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ အင်ဒရူး ကိုက်ဝုဒ် Andrew Kirkwood က မဇ္ဈိမကို ပြောသည်။

သူတို့အဖွဲ့သည် ကလေးငယ် ၁၃၇,ဝဝဝ ကို ကျောင်းပြန်တက်ရန်၊ မိသားစု ၄ သိန်းကို ပြန်လည်နာလံထူနိုင်ရန် ငွေကြေး အထောက်အပံ့များ ပေးခြင်း၊ ခြောက်သွေ့ရာသီ တလျှောက်လုံး လူဦးရေ ၆ သောင်းကို သောက်သုံးရေ ဖြန့်ဝေပေးခြင်း စသည်တို့ကို အခြားသော စီမံကိန်းများနှင့်အတူ လုပ်ဆောင်ပေးနိုင်ခဲ့ကြောင်း သူက မဇ္ဈိမကို ပြောသည်။

ရွှေ့ပြောင်းလုပ်သားများအတွက် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း - IOM ကလည်း သူတို့၏ လုပ်ငန်းများကို မုန်တိုင်းသင့်များ နေစရာ အကွယ်အကာ ရရှိရန် လောလောဆယ် အာရုံစိုက်နေကြောင်း ပြောသည်။

ဘန်ကောက်မြို့ရှိ IOM အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ခရစ်(စ်) လွန်း Chris Lom က “ကျနော်တို့ အခုအခါမှာ သူတို့ နေထိုင်စရာ အကွယ်အကာ ရရှိရေးကို အဓိကထားနေပါတယ်။ အဲဒီဟာကို ကျနော်တို့ဆီမှာ ရန်ပုံငွေ ရှိနေသရွေ့ ဆက်လုပ်သွားမှာပါ” ဟု ပြောသည်။

“အခု လောလောဆယ် ဥရောပနိုင်ငံတွေနဲ့ တခြားနေရာတွေကနေရတဲ့ အလှူငွေတွေနဲ့ မုန်တိုင်းသင့် ဒုက္ခသည်တွေ နေထိုင်စရာ ရရှိရေး စီမံကိန်းကို ကျနော်တို့ လုပ်နေပါတယ်။ ဆေးဝါးဆိုင်ရာ စီမံကိန်းတွေနဲ့ လူမှုရေးဆိုင်ရာ စီမံကိန်းတွေကိုလည်း ဆက်လုပ်နေပါတယ်” ဟု သူက ထည့်သွင်းပြောဆိုသည်။

စိန်ခေါ်မှုများ ရှိနေဆဲ

အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ကုလသမဂ္ဂ၏ ကြိုးပမ်းအားထုတ်မှုများ ရှိသော်လည်း၊ ပြန်လည် ထူထောင်ပေးရေးနှင့် ပြန်လည် တည်ဆောက်ပေးရေး လုပ်ငန်းများသည် အစိုးရ၏ ကန့်သတ်ချက်များကြောင့် ကယ်ဆယ်ရေး ဝန်ထမ်းများ သွားလာလှုပ်ရှားရာနှင့် ကယ်ဆယ်ရေး ပစ္စည်းများ သယ်ဆောင်ရာတွင် အကြီးအကျယ် အနှောင့်အယှက် အဟန့်အတားများ ရှိနေကြောင်း ဒေသတွင်းရှိ ကူညီကယ်ဆယ်ရေး လုပ်သားများက ပြောသည်။

Care International တွင် လုပ်ကိုင်နေသော စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေး လုပ်သားတဦးက အစိုးရသည် မြစ်ဝကျွန်းပေါ်ဒေသတွင် လွတ်လပ်စွာ သွားလာလှုပ်ရှားမှုမှသည် ကယ်ဆယ်ရေးပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် ထိန်းချုပ်ခြင်းအထိ ကန့်သတ်ချက်များကို ဆက်လက် စည်းကြပ်နေသောကြောင့် အကျိုးဆက်အနေဖြင့် ကယ်ဆယ်ရေး အေဂျင်စီတချို့ လွတ်လပ်စွာ လုပ်ဆောင်နိုင်ခွင့် မရှိသည့်အတွက် မြန်မာပြည်မှ ထွက်ခွာသွားရသည်ဟု ပြောသည်။

မည်သို့ဆိုစေ၊ သူ၏ အမည်ကို ထုတ်ဖော်ခြင်း မပြုရန် မေတ္တာရပ်ခံထားသည့် အဆိုပါ စေတနာ့ဝန်ထမ်းက စစ်အစိုးရ၏ ကန့်သတ်ချက်များကို ဆန့်ကျင်သည့်အနေဖြင့် မြန်မာပြည်မှ ထွက်ခွာသွားသော အစိုးရမဟုတ်သော အဖွဲ့ - NGO များ၏ အမည်များကိုမူ ထုတ်ဖော်ပြောဆိုရန် ဆန္ဒ မရှိခဲ့ပေ။

“အကူအညီပေးရေး အဖွဲ့အစည်းတွေ အားလုံးဟာ စစ်အစိုးရရဲ့ ခွင့်ပြုထားတဲ့ ဒေသတွေမှာသာ လုပ်ဆောင်ခွင့် ရှိကြတယ်။ စစ်အစိုးရက တင်းကျပ်ထားတဲ့ နေရာတွေမှာ အကူအညီပေးမှုတွေ လုပ်ဆောင်ဖို့ဆိုတာ သူတို့အတွက် မဖြစ်နိုင်ဘူး” ဟု အဆိုပါ ကယ်ဆယ်ရေး လုပ်သားက ထည့်သွင်းပြောဆိုသည်။

မြန်မာစစ်အစိုးရ၏ လူမှုဖူလုံရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် နေရာပြန်လည်ချထားရေး ဌာနမှ ပုသိမ်မြို့နယ်၊ ပြည်တကောင်းကျေးရွာ အောက်ပိုင်းဒေသတွင် လုပ်ကိုင်နေသော NGO တခုအား ထိုကျေးရွာတွင် ဆက်လက် လုပ်ကိုင်ရန် တားမြစ်လိုက်သဖြင့် ပြီးခဲ့သည့်လမှ စတင်၍ လုပ်ငန်းများ ရပ်တန့်လိုက်ရကြောင်း သူက ပြောသည်။

စစ်အစိုးရ၏ ပြင်းထန်သော တင်းကျပ်မှုများကို ရင်ဆိုင်ရပြီးနောက်၊ Care International သည် ရန်ကုန်တိုင်း ကော့မှူးမြို့နယ် အပါအဝင် အချို့နေရာများတွင် သူတို့၏ လုပ်ငန်းများကို ရပ်တန့်ခဲ့ရကြောင်း သူက ဆက်ပြောသည်။

“နိုင်ငံတကာ ကူညီကယ်ဆယ်ရေး လုပ်သားတွေအတွက် အခုအချိန်ထိ ပြည်ဝင်ခွင့် ဗီဇာကို ပိတ်ပင်ထားဆဲ ရှိနေပြီး၊ အထူးသဖြင့် နိုင်ငံခြားသား ကယ်ဆယ်ရေး လုပ်သားတွေကို မြစ်ဝကျွန်းပေါ်ဒေသတွေကို သွားရောက်ခွင့် ဆက်လက် တင်းကျပ်ထားဆဲ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

“စစ်အစိုးရရဲ့ ပါဝင်စွက်ဖက်မှုတွေကြောင့် ကူညီကယ်ဆယ်ရေး အလုပ်တွေ လုပ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။ ဒါကြောင့် လုပ်ငန်းတွေမှာ ၁ဝဝ ရာခိုင်နှုန်း ထိရောက်မှု မရှိပါဘူး” ဟု သူက ပြောသည်။

“ဒါပေမဲ့ ဒါဟာ ဘာမှ လုပ်မပေးတာထက် စာရင်တော့ ပိုကောင်းပါတယ်” ဟု သူက ဆိုသည်။

''စစ်အစိုးရရဲ့ တင်းကျပ်မှုတွေအပြင်၊ ရန်ပုံငွေ မလုံလောက်မှုဟာလည်း အကြီးမားဆုံးသော စိန်ခေါ်မှုပါပဲ'' ဟု အေဂျင်စီများက ပြောသည်။

TCG ၏ Post Nargis Recovery and Preparedness Plan အစီရင်ခံစာတွင်၊ ၃ နှစ်တာ ပြန်လည် နာလံထူနိုင်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၇ဝဝ ခန့် လိုအပ်မည်ဟု ခန့်မှန်းတွက်ချက်ပြခဲ့ပြီး၊ ယခုအချိန်အထိ အမေရိကန်ဒေါ်လာ သန်း ၅ဝဝ ကိုသာ ရှာဖွေနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ရန်ကုန်မြို့ရှိ ကုလ ဆက်သွယ်ရေးအရာရှိ အက်စ်ထရစ် ဆီဟဲလ် Astrid Sehl ၏ အဆိုအရ ဧပြီလမတိုင်မီအထိ အရေးပေါ်နှင့် ပြန်လည်ကယ်ဆယ်ရေး လုပ်ငန်းများအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၇၇ သန်းကို ကုသလမဂ္ဂမှ တောင်းခံခဲ့ရာတွင် ၃၁၅ သန်းသာ ရရှိကြောင်း၊ ယင်းသည် လိုအပ်ချက်၏ ၆၆ ရာခိုင်နှုန်းသာ ရှိကြောင်း သိရှိရသည်။

WFP မှ ခရစ်(စ်) ကေး Chris Kaye က ချက်ချင်းလက်ငင်း အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ကဏ္ဍများ အမြောက်အမြား ရှိနေသော်လည်း၊ အဓိက အတားအဆီးမှာ ရန်ပုံငွေ မလုံလောက်မှုဖြစ်ကြောင်း ပြောသည်။

“လုံလောက်တဲ့ လူနေမှုဘဝ အထောက်အပံ့တွေ မရှိတဲ့ အခုလို အခြေအနေမှာ၊ အနည်းဆုံး လူဦးရေ ၂ သိန်းခွဲဟာ စားနပ်ရိက္ခာထောက်ပံ့မှု ဆက်ရဖို့ လိုနေအုံးမှာပါပဲ” ဟု သူက ဆိုသည်။

''နိုင်ငံတကာ အစိုးရနဲ့ အလှူရှင်တွေရဲ့ ဆက်လက် ထောက်ပံ့ပေးမှုတွေဟာ အခြေခံ မရှိမဖြစ် လိုအပ်ချက်ပါ။ သူတို့အနေနဲ့ မူလ တောင်းခံထားတဲ့ အမေရိကန်ဒေါ်လာ ၁၁၅ သန်းမှာ ၈ဝ ရာခိုင်နှုန်းဖြစ်တဲ့ ၉၃ သန်းကို လက်ခံရရှိပြီးပါပြီ'' ဟု သူက ဆိုသည်

“မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ လူဦးရေ ၂ ဒဿမ ၄ သန်း အပြည့်အဝ ပြန်လည် နာလံထူနိုင်ရန်အတွက် နိုင်ငံတကာ ပြည်သူတွေအနေနဲ့ ကူညီထောက်ပံ့မှုတွေ ဆက်လက်ပံ့ပိုးပေးကြဖို့ ကုလသမဂ္ဂက တောင်းဆိုထားပါတယ်” ဟု အက်စထရစ် ဆီဟဲလ်က ပြောသည်။

''အသက်ရှင် ကျန်ရစ်ခဲ့သူ အများစုဟာ အကူအညီတချို့ကို ရရှိခဲ့ပေမယ့်လည်း၊ အပြည့်အဝ ပြန်လည် နာလံထူနိုင်ဖို့ အနဲငယ်လောက်သာ လုံလောက်တဲ့ အကူအညီ ရခဲ့ကြတယ်'' ဟု Save the Children အဖွဲ့က ပြောဆိုသည်။

“ကလေးသူငယ် ၂ သိန်း အပါအဝင် လူဦးရေ ၅ သိန်းကျော်ဟာ ယာယီ ရွက်ဖျင်တဲတွေမှာ နေကြရတုန်းပါ” ဟု ရန်ကုန်ရှိ Save the Children အဖွဲ့မှ ဒါရိုက်တာ Andrew Kirkwood က မဇ္ဈိမကို ပြောဆိုခဲ့သည်။