www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္ဂနွေ, ၂၄ စက်တင်ဘာ ၂၀၁၇

Mizzima Burmese

Home > အထူးကဏ္ဍ > သုတေသန > "နေရူးကိုတွေ့ရှိခြင်း"ခေါင်းစဉ်ဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောပို့ချချက်

"နေရူးကိုတွေ့ရှိခြင်း"ခေါင်းစဉ်ဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောပို့ချချက်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ဂျဝါလာဟာနေရူး အထိမ်းအမှတ်နေ့ ဟောပြောပို့ချချက်။ (၂ဝ၁၂)ခှုနှစ်။
"နေရူးကိုတွေ့ရှိခြင်း"ခေါင်းစဉ်ဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောပို့ချချက်
(၂ဝ၁၂) ခုနှစ်၊ နိုဝင်ဘာလ(၁၄) ရက်နေ့။

ကိုယ့်အပေါ် မေတ္တာစေတနာထားခဲ့သူတွေ ရှိသလောက် သူတို့ ကျေးဇူးတွေကို ပြန်ဆပ်ဖို့ အခွင့်အရေးက ကြုံခဲလှ ပါတယ်။ လွန်ခဲ့တဲ့ တစ်လ၊ နှစ်လအတွင်းမှာတော့ ကျွန်မအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးအတွက်ရော၊ ကျွန်မရဲ့ ပုဂ္ဂိုလ် ရေးအတွက်ပါ လှိုက်လှိုက်လှဲလှဲ ထောက်ခံအားပေးခဲ့တဲ့ တိုင်းပြည်အသီးသီးကပြည်သူတွေ၊ အဖွဲ့အစည်းတွေနဲ့ အစိုးရ တွေကို ကျေးဇူးတင် စကားတွေ ဆိုဖြစ်ခဲ့ပါတယ်။ ကမ္ဘာတဝှမ်းလုံးကနေ ကျွန်မတို့ ရရှိခဲ့တဲ့ စာနာမှုတွေ၊ နားလည်မှုတွေ ကြောင့်ပဲ၊ ကျွန်မတို့တတွေဟာ ကျွန်မတို့ ရွေးချယ်ခဲ့တဲ့ လမ်းကြောင်း တလျှောက်လုံး အခက်အခဲကြီးတွေနဲ့ ကြုံတွေ့ရတဲ့ အခါတွေမှာ ခွန်သစ်အားသစ်တွေနဲ့ ဆက်လက်ချီတက်နိုင်ခဲ့ ပါတယ်။ ကျွန်မတို့ရဲ့ အလိုအပ်ဆုံးအချိန်မှာ လှိုက်လှုက်လှဲလှဲ ပေးခဲ့တဲ့ အားပေးကူညီမှုတွေကို ကျေးဇူးတင် စကားနဲ့ ပြန်လည် ပေးဆပ်ရုံမျှနဲ့ လုံလောက်တာတော့ မဟုတ်ပါဘူး။

ဒီနေ့ ကျွန်မအနေနဲ့ ပထမအကြိမ် အိမ်ချုပ်ကနေ ပြန်လွတ်တဲ့နှစ်၊ (၁၉၉၅) ခုနှစ်တုန်းက ချီးမြှင့်ခံခဲ့ရတဲ့ ဂျဝါဟာလာ
နေရူး အထိမ်းအမှတ်ဆု အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ ကျွန်မတို့ တိုင်းပြည်နှစ်ပြည်ရဲ့ လွတ်လပ်ရေး လှုပ်ရှားမှုချင်း ဆက်စပ်နေမှုရယ်၊ အိန္ဒိယနိုင်ငံအပေါ် ကျွန်မရဲ့ သံယောဇဉ်ရှိနေမှုတွေကြောင့် ဒီဆုဟာ ကျွန်မအဖို့ အထူး အဓိပ္ပါယ် ဆောင်နေပါတယ်။ အိန္ဒိယနိုင်ငံ လွတ်လပ်ရေး လှုပ်ရှားမှုခေါင်းဆောင်များရဲ့ အတွေးအခေါ်တွေနဲ့ ဆောင်ရွက် ချက်များဟာ ကျွန်မအဖို့ အကြံဉာဏ်တွေနဲ့ စိတ်ခွန်အားတွေ ပေးစွမ်းခဲ့ပါတယ်။  ကျွန်မတို့ ရဲ့မြန်မာနိုင်ငံ ဒီမိုကရေစီရေး လှုပ်ရှားမှုဟာ အင်အားအကြီးမားဆုံး ရန်သူကို ဆန့်ကျင်ရာမှာတောင် အစွမ်းထက်တဲ့ နိုင်ငံရေးအင်အားတစ်ရပ်အဖြစ် ဂန္ဒီကြီးကျင့်သုံးခဲ့တဲ့ အကြမ်းမဖက်ရေးမူအပေါ်မှာ စွဲမြဲခိုင်မာစွာ အမြစ်တွယ် ရှင်သန်လာခဲ့တာဖြစ်ပါတယ်။ ကျွန်မရဲ့ နိုင်ငံ ရေးတွေးခေါ်မှုမှာ ဂန္ဒီရဲ့ သြဇာလွှမ်းမိုးခဲ့တာကိုတော့ အများ အသိပဲ ဖြစ်ပါတယ်။ နိုင်ငံရေးမှာ ကျွန်မအပေါ် ဂျဝါလာဟာ နေရူးရဲ့ သြဇာသက်ရောက်မှုကိုတော့ သိတဲ့ လူနည်းပါတယ်။

"ပန်ဒစ်ဂျီး"ဆိုတာ ကျွန်မ လမ်းလျှောက်တတ်ခါစ အရွယ်သာသာ ကတည်းက ကျွန်မ ကြားဖူးခဲ့တဲ့ နာမည်ဖြစ်ပါ တယ်။ ကျွန်မရဲ့ မိခင်က သူ့အကြောင်း ပြောရင် ကြည်ညိုလေးစားအပ်တဲ့ မိတ်ဆွေအဖြစ်နဲ့ ပြောလေ့ရှိပါတယ်။ ကျွန်မရဲ့ မိခင် အဖို့ရော၊ ဖခင်အဖို့ပါ သူဟာ ဖခင်တမျှ ပုဂ္ဂိုလ်ကြီးတယောက်ပါပဲ။ အိန္ဒိယနိုင်ငံရဲ့ ဝန်ကြီးချုပ်
ဖြစ်လာခဲ့ပြီးနောက်ပိုင်းမှာ နိုင်ငံ့ခေါင်းဆောင် တယောက်နေနဲ့ သူဘယ်လောက် အရေးပါခဲ့သလဲဆိုတာကိုတော့ ကျွန်မ မသိခဲ့ပါဘူး။ ကျွန်မရဲ့ လူမမယ်ကလေး အသိထဲမှာတော့ သူဟာ ကျွန်မရဲ့ ဖခင်အတွက် သူ့ရဲ့ အကောင်းဆုံး ဝတ်စုံ နှစ်စုံကို ပေးခဲ့တဲ့၊ ကြင်နာ သနားတတ်တဲ့ လူကြီးတယောက်ဖြစ်နေခဲ့ပါတယ်။ (၁၉၄၇) ခုနှစ်၊ ဇန်နဝါရီ လတုန်းက ကျွန်မရဲ့ ဖခင်ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ပထမအဆင့် တရားဝင်ဆွေးနွေးပွဲဖြစ်လာမယ့်
အောင်ဆန်း-အက်တလီ ဆွေးနွေးပွဲအတွက် လန်ဒန်မြို့ကို အသွား၊ ဒေလီမြို့မှာ နှစ်ရက်တာ ခရီးတထောက် နားခဲ့ပါတယ်။ သူဟာ ပြည်သူ့ရဲဘော်အဖွဲ့ရဲ့ ပါးပါးလျားလျား ချည်ထည်ယူနီဖောင်းဝတ်ပြီး ထွက်သွားခဲ့တာပါ။ ပန်ဒစ်ဂျီးက ဒီ ပါးပါးလျားလျားယူနီဖောင်းကို တချက်ကြည့်လိုက်ပြီး၊ ဒီယူနီဖောင်းနဲ့တော့ ရေခဲလောက်အောင်
အေးတဲ့ လန်ဒန်နဲ့ ဖြစ်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ (အဲဒီနှစ်က လန်ဒန်ရဲ့သမိုင်းမှာ အအေးဆုံးနှစ်ပါပဲ။)
နွေးလည်းနွေး၊ ပုံကျပန်းကျလည်းရှိတဲ့ ပြည်သူ့ရဲဘော် ယူနီဖောင်း (၂) စုံကို အမြန်ချုပ် ပေးဖို့ သူညွှန်ကြားလိုက်ပါ တယ်။ ကျွန်မရဲ့ ဖခင်အတွက် အပေါ်ဝတ် ကုတ်အင်္ကျီကြီးတစ်ထည်လည်း လိုတယ်လို့ သူပြောပြီး၊ တိုင်းချုပ်ဖို့ ကလည်း အချိန် မရှိတော့၊ ဗြိတိသျှတပ်က ထုတ်ပေးတဲ့ အပေါ်ဝတ် ကုတ်အကျီင်္ရှည်ကြီး တထည်ကို သူ ထုတ်ပေးခဲ့ပါတယ်။ အမှတ်(၁ဝ) ဒေါင်းနင်းလမ်း၊ ခြံဝင်းထဲမှာ ကျွန်မရဲ့ဖခင် ဒီကုတ်အင်္ကျီ ဝတ်ထားတဲ့ ဓာတ်ပုံကို
လူ အတော်များများ မြင်ဖူးကြပါတယ်။

ဂျဝါလာဟာနေရူးနဲ့ တခြားအိန္ဒိယ ခေါင်းဆောင်တွေကို ပထမဦးဆုံးအကြိမ်အဖြစ် ကျွန်မရဲ့ ဖခင် တွေ့ဖူးခဲ့တဲ့ အချိန် မှာ သူဟာ တက္ကသိုလ်ကျောင်းသားဘဝမှာပဲ ရှိပါသေးတယ်။ ကျောင်းသား သမဂ္ဂတွေဟာ လွတ်လပ်ရေး လှုပ်ရှား မှုမှာ ရှေ့တန်းရောက်နေခဲ့ကြပြီး၊ တူညီတဲ့ စိတ်ဆန္ဒပြင်းပြမှုတွေကြောင့် ကျွန်မတို့တိုင်းပြည်နှစ်ပြည်ရဲ့ ကိုလိုနီ ဆန့်ကျင်ရေး အင်အားစုတွေအချင်းချင်း သံယောဇဉ်တွေ ဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒုတိယ ကမ္ဘာစစ်ကြီး နီးလာတော့ ဗမာတွေ ရွေးချယ်တဲ့ လွတ်လပ်ရေး လမ်းကြောင်းဟာ ဂန္ဒီရဲ့ အကြမ်းမဖက်ရေး လမ်းကြောင်းနဲ့ ကွဲလွဲသွားခဲ့ပါတယ်။ ကျွန်မရဲ့ ဖခင်ဟာ ‘ရဲဘော်သုံးကျိပ်’ လို့ ခေါ်တဲ့ လူငယ် အုပ်စုတစ်စုကို ခေါင်း ဆောင်ပြီး၊ ဂျပန်နိုင်ငံကို စစ်သင်တန်း သွားတက်ခဲ့ပါ တယ်။ ဒီ ရှေ့ဦးအုပ်စုဟာ ဗမာ့လွတ်လပ်ရေး တပ်မတော်ရဲ့ အမာခံ
ကျောရိုးဖြစ်လာခဲ့ပါတယ်။

ဂျပန် သိမ်းပိုက်ထားတဲ့ (၁၉၄၁ ခုနှစ်မှ ၁၉၄၅) ခုနှစ်အတွင်း ကာလမှာ ဗမာ့လွတ်လပ်ရေးခေါင်းဆောင်တွေဟာ အိန္ဒိယ ခေါင်းဆောင်တွေနဲ့ ထိတွေ့မှု မရှိခဲ့ပေမယ့်၊ နက်တာဂျီ ဆူဘတ်စ် ချန်ဒရာဘို့စ်ရယ်၊ အိန္ဒိယ အမျိုးသား တပ်မတော် (Indian National Army-INA) ရယ်တို့နဲ့ သိကျွမ်းလာခဲ့ပါတယ်။ ကမ္ဘာစစ်ပြီးလို့၊ နက်တာဂျီရဲ့ညီ ဆာရတ် ချန်ဒရာဘို့စ်က ခုံရုံးတင်ခံထားရတဲ့ အိန္ဒိယအမျိုးသားတပ်မတော်ရဲ့ တပ်ဖွဲ့ဝင်တွေ အတွက် ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးဖို့ မြန်မာ နိုင်ငံကို ရောက်လာတဲ့အခါ ကျွန်မရဲ့ ဖခင်က သူ့ကို ကြိုဆိုတဲ့ ရန်ကုန်မြို့၊ မြို့တော် ခန်းမ ဧည့်ခံပွဲမှာ မိန့်ခွန်းပြောခဲ့ပါတယ်။ ဆာရတ် ချန်ဒရာဘို့စ်ကို သူက "အိန္ဒိယပြည်ရဲ့ ခေါင်းဆောင်တစ်ယောက်" … "ကြီးမြတ်တဲ့ အိန္ဒိယ အမျိုးသားတစ်ဦးရဲ့ အစ်ကိုကြီးတယောက်" အဖြစ် ရည်ညွှန်း ပြောဆိုခဲ့ပါတယ်။ ပြီးတော့ ဒီလို "… ကျွန်တော် ဥက္ကဋ္ဌ အဖြစ်တာဝန်ယူဆောင် ရွက်နေတဲ့ ဖ-ဆ-ပ-လ (ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ်) ရဲ့သဘောထား အနေနဲ့ ပြောရရင်၊ အိန္ဒိယပြည်နဲ့ ဒီတိုင်းပြည်က အိန္ဒိယလူမျိုးတွေအပေါ် ကျွန်တော်တို့ရဲ့ပေါ်လစီဟာ သဘောထားအကြီးဆုံးနဲ့ စေတနာ အကောင်းဆုံး ပေါ်လစီတစ်ခု ဖြစ်ပါတယ်။ … ကျွန်တော်တို့မှာ မလိုမုန်းထားစိတ် မရှိပါဘူး။ လူမျိုးရေးမုန်းတီးစိတ်နဲ့၊ မလိုတမာ စိတ်ထားမျိုးမရှိပါဘူး။ ကျွန်တော်တို့မှာ ကမ္ဘာပေါ်က ဘယ်တိုင်းပြည်နဲ့မဆို မိတ်ဆွေတွေအနေနဲ့ ဆက်ဆံဖို့ သဘောထား ရပ်တည်ချက်မျိုး ရှိပါတယ်။ အဓိကအားဖြင့် ကျွန်တော်တို့ဟာ … ကျွန်တော်တို့ရဲ့ အိမ်နီးချင်းတိုင်းပြည်တွေနဲ့ မိတ်ဆွေအဖြစ် ဆက်ဆံဖို့ သဘောထား ရှိပါတယ်။ အိမ်နီးချင်းကောင်းတွေ အဖြစ်နဲ့သာမက၊ ညီရင်း အစ်ကိုရင်းတွေ အဖြစ်နဲ့ပါ ဆက်ဆံ လိုပါတယ်။ ကျွန်တော်တို့ဟာ သိပ်မဝေးတော့တဲ့ကာလတစ်ခုမှာ အာရှ ပြည်ထောင်စုကြီး တစ်ခုလည်း
ပေါ်ပေါက် လာစေချင် ပါတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ အပြန်အလှန် အကျိုးစီးပွားတွေအတွက်၊ အိန္ဒိယပြည်ရဲ့ လွတ်လပ်ရေးအတွက်၊ ဗမာပြည်နဲ့၊ အမှန်ပြောရရင် အာရှတိုက်ကြီး တစ်တိုက်လုံး လွတ်လပ်ရေး အတွက် ဘယ်နေရာ၊ ဘယ်အချိန်အခါမှာမဆို ရင်းရင်းနှီးနှီး၊ အပြန်အလှန် နားလည်မှုနဲ့ ပူးပေါင်းဆောင် ရွက်မှုတွေ ကို လိုလားပါတယ်။ ဒါ တွေကို ကျွန်တော်တို့ လိုလား တယ်။ ကျွန်တော်တို့ဟာ အိန္ဒိယ ခေါင်းဆောင်တွေကို ယုံကြည်လေးစားတယ် … လုံးဝပဲ။ … လွန်ခဲ့တဲ့ တစ်လ၊ နှစ်လ လောက်က ပန်ဒစ်နေရူး မလေးရှား ကနေ အိန္ဒိယကို အပြန် ရန်ကုန်မှာ တစ်ည အိပ်သွားခဲ့တယ်။ ကျွန်တော် သူ့ကို သွား တွေ့ပြီး၊ ဒီကိစ္စတွေ အကြောင်း ကို ကျွန်တော် တို့ နှစ်နာရီလောက် ဆွေးနွေးခဲ့ကြတယ်။"လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ကျွန်မရဲ့ ဖခင်နဲ့
နေရူးတို့ရဲ့နောက်ဆုံးတွေ့ဆုံခြင်းဟာ မမျှော်လင့်ဘဲ ထူးထူးခြားခြား ဖြစ်စေခဲ့တဲ့ ဒေလီမှာ ရှိစဉ် တစ်ရက်၊ နှစ်ရက် အတွင်းမှာပဲ ဖြစ်ပါတယ်။

ကျွန်မရဲ့ ဖခင်ကျဆုံးသွားပြီးတဲ့နောက်မှာ နေရူးက အဝေးကနေပြီးတော့ ဦးလေးတစ်ယောက်လို ကျွန်မမိခင်ကို
စောင့်ရှောက်ခဲ့ပါတယ်။ ကျွန်မတို့ အိန္ဒိယကို သွားတဲ့အခါဖြစ်ဖြစ်၊ ဗမာပြည်ကို သူတရားဝင် အလည်အပတ်ခရီး အဖြစ်နဲ့ လာတဲ့ အခါဖြစ်ဖြစ်၊ သူဟာ ကျွန်မမိခင်ရဲ့ အရေးနဲ့၊ သားသမီးတွေရဲ့အရေးကို သူ အလေးထားကြောင်း
ပြသခဲ့ပါ တယ်။ သူ တစ်ခါ တရားဝင် အလည်အပတ်ခရီးအဖြစ် ရောက်လာတုန်းက သူနဲ့တွေ့ဖို့ ကျွန်မမိခင်က ကျွန်မကို ခေါ် သွားခဲ့ဖူးသလားတောင် မသိပါဘူး။ ကျွန်မ အသက် (၁၆) နှစ်သမီးအရွယ်တုန်းက ဒေလီ မီးရထား ဘူတာရုံမှာ သူ့ကို ပထမဦးဆုံးတွေ့ဖူးတာကို သာ မှတ်မိပါတယ်။

နောက်တော့ ကျွန်မရဲ့မိခင်က အိန္ဒိယနိုင်ငံဆိုင်ရာ သံအမတ်ကြီးဖြစ်သွားခဲ့တယ်။ တစ်နေ့မှာ ကျွန်မမိခင်ရယ်၊ ကျွန်မရယ်၊ သံရုံးနဲ့ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက လူတစ်စုရယ် ကာလကတ္တားမြို့ကနေ မီးရထားနဲ့ ရောက်လာမယ့် ဝန်ကြီးချုပ်ဦးနုကို ကြိုဖို့ စောင့်နေကြတယ်။ နေရူးလည်း ဦးနုကို တွေ့ဖို့ ရောက်လာတယ်။ ဘူတာရုံထဲမှာ လူအုပ်ကြီး ဝင်လို့မရအောင် တားဆီးထားတဲ့ နေရာထဲကို သူရောက်လာလာချင်းပဲ၊ ကြည့်နေတဲ့လူတွေက သူ့ကို တွေ့သွား ပါတယ်။ လူတွေက သြဘာပေးလိုက်ကြပြီး၊ "ပန်ဒစ်နေရူး ကီဂျိုင်"ဆိုတဲ့ အသံတွေ ဟိန်း ထွက်သွားခဲ့တယ်။ သူ့ရဲ့ အများသိကြတဲ့ ကြွပ် ဆတ်ဆတ် မျက်နှာထားမှာ အောက်နှုတ်ခမ်းက စူထွက်နေပြီးတော့၊ နေရူးဟာ သြဘာပေးသံ
တွေ၊ (ကျွန်မအပါ အဝင်) လူတွေကို လုံးဝ ဂရုမစိုက်ဘဲ၊ လူရှင်းနေတဲ့ ပလက်ဖောင်းပေါ်မှာ ခေါက်တုန့်ခေါက်ပြန်
လျှောက်ရင်း၊ ကျွန်မရဲ့မိခင်နဲ့ပဲ စကားပြောနေတော့တယ်။ လူထုရဲ့ ချစ်မြတ်နိုးမှုကို ဂရုမစိုက်တဲ့ သူ့ရဲ့ ပဒေသရာဇ် ဆန်ဆန် ဟန်ပန်ကြောင့် ကျွန်မမှာ အံ့သြတဲ့စိတ်ရော၊ အထင်ကြီးတဲ့ စိတ်ပါ ဖြစ်မိ ခဲ့ပါတယ်။ နေရူးရဲ့ လူထုပရိသတ် က သူ့ရဲ့ ဘယ်သူ့ကိုမှ အရေးမလုပ်တဲ့ စိတ်ကိုဘဲ သဘောကျနေတာလား၊ အပြန်အလှန် လောကွတ်ပြုစရာ မလိုဘူး လို့ သူနဲ့ သူ့ပရိသတ်အကြားမှာ သဘော တူထားလေသလား လို့ ကျွန်မ တွေးကြည့်နေမိခဲ့ပါတယ်။ ကျွန်မရဲ့ဖခင်နဲ့ ပတ်သက်လို့ သူ့ရဲ့ ခပ်တင်းတင်း၊ ရှုတည်တည် မျက်နှာထားနဲ့၊ လူမှုရေး မပြေပြစ်မှုအကြောင်း အများတကာ ပြောဆို
နေကြတာကို ကျွန်မ သွား သတိရမိပါတယ်။ ကျွန်မ တို့ရဲ့ပြည်သူတွေက သူ့ရဲ့ ဒီ ချို့ယွင်းချက်ကြောင့်ဘဲ၊ သူ့ကို သဘောကျခဲ့ကြပါတယ်။ ဒါဟာသူ့ရဲ့ ရိုးသားမှုနဲ့ ပွင့်လင်းမှုတို့ကို ဖေါ်ပြနေခြင်းဖြစ်တယ်လို့ မြင်ကြပါတယ်။ ဒီမှာ ကျွန်မ ဖြည့်ပြောလိုက်ချင်တာကတော့၊ သူမကျဆုံးခင်လောက်မှာ သူဟာ ငယ်ရွယ်တဲ့ တော်လှန်ရေးသမား တယောက်ရဲ့ ရိုးသားပေမယ့်၊ ကြမ်းတမ်းတဲ့ အပြုအမူမျိုးနဲ့ ဆက်သွားလို့ မဖြစ်တော့ဘူး ဆိုတာကို သဘောပေါက်သွားခဲ့တယ် ဆိုတာပါပဲ။

ကျွန်မ အောက်စဖို့ တက္ကသိုလ်ကို သွားတက်တဲ့နှစ်၊ (၁၉၆၄) ခုနှစ်ဟာ ကျွန်မရဲ့ဘဝမှာ အထူးခြားဆုံး အလှည့် အပြောင်း တစ်ခု ဖြစ်ခဲ့တဲ့နှစ်ပါဘဲ။ အဲဒီနှစ်ဟာ နေရူးကွယ်လွန်တဲ့ နှစ်လည်း ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံက လူတွေ သာမကဘဲ၊ တကမ္ဘာလုံးက ပြည်သူတွေပါ အကုန် ဝမ်းနည်းကြေကွဲခဲ့ကြတဲ့ အကြောင်းကို ကျွန်မ မှတ်မိတဲ့အပြင်၊ သူ့စားပွဲပေါ်မှာ ရောဘတ် ဖရော့စ် (Robert Frost) ရဲ့ ကဗျာကို တွေ့ရတယ်လို့ သတင်းထဲမှာ ပါတာကိုလည်း ကျွန်မ ကောင်းကောင်းကြီး မှတ်မိနေပါတယ်။ အောက်စဖို့ တက္ကသိုလ်ကို တက်လိုက်လို့လည်း ကျွန်မဟာ အိန္ဒိယ နဲ့ ကင်းကွာမသွားခဲ့ပါဘူး။ ဘာ ကြောင့်လဲဆိုတော့ ဒီမှာ ကျွန်မရဲ့ မိတ်ဆွေ အပေါင်းအသင်းတွေ အများကြီး ရှိနေလို့ ပါပဲ။ ကျွန်မလက်ထပ်ပြီးတဲ့နောက်မှာ ကျွန်မခင်ပွန်းရဲ့ ဟိမဝန္တာဒေသ သုတေသနလုပ်ငန်းကြောင့် ကျွန်မတို့ မိသားစုဟာ အိန္ဒိယ မြောက်ပိုင်းကို မကြာခဏ ရောက်ခဲ့ပါတယ်။ အိန္ဒိယကို ကျွန်မ နောက်ဆုံး ရောက်ခဲ့တဲ့ အကြိမ်ကတော့၊ (၁၉၈၇) ခုနှစ်ကနေ၊ (၁၉၈၈) ခုနှစ်အထိ ရှမီလာမြို့၊ (Indian Institute of Advanced Studies) မှာ သုတေသီအဖြစ် လုပ်ခဲ့တုန်းက ဖြစ်ပါတယ်။

နေရူးရဲ့ ရာပြည့်နှစ်ဖြစ်တဲ့၊ (၁၉၈၉)ခုနှစ်ကတော့ ကျွန်မ ပထမအကြိမ် အိမ်ချုပ်ကျတဲ့နှစ်ဖြစ်ပါတယ်။ အဲဒီနှစ်ဟာ ကျွန်မ အဖို့ နိုင်ငံရေးရင့်ကျက်စပြုလာတဲ့နှစ်ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ (၁၉၈၈)ခုနှစ်၊ ဒီမိုကရေစီရေး အရေးတော်ပုံ
ကြီးထဲ ကျွန်မ ဝင်ပါတဲ့အချိန်မှာ တစ်တိုင်းပြည်လုံး ကျွမ်းထိုးမှောက်ခုံ ဖြစ်နေပါတယ်။ ဒီအချိန်မှာ ကျွန်မ အဓိက စိတ်ပူမိတာ ကတော့ အာဏာရှင်စနစ် အုပ်စိုးမှု ပေါက်ကွဲထွက်ရာကနေ ပေါ်လာတဲ့ နိုင်ငံရေးအဖွဲ့အစည်း ဧရာမ အများကြီးကို ဒီမို ကရေစီရေးအတွက် ကြံ့ခိုင်သိပ်သည်းတဲ့ အင်အားစုတစ်ရပ်ဖြစ်အောင် ဘယ်လို ကြိုးပမ်း သိမ်းသွင်းရမလဲ ဆိုတာပဲ ဖြစ်ပါတယ်။ တနေ့၊ တနေ့မှာ လုပ်စရာတွေက မကုန်နိုင်လောက်အောင် ဖြစ် နေပါတယ်။ အဲဒါတွေကတော့၊ ဆွေးနွေးပွဲ တွေ၊ ငြင်းခုန်ရမှုတွေ၊ လူထုစည်းဝေးပွဲတွေ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တည်ထောင်တာ၊ တိုင်းပြည်ထဲမှာ လှည့်လည် ပြီး ကျွန်မတို့ ပါတီရဲ့ ရည်ရွယ်ချက်တွေအကြောင်း အများ ပြည်သူ
တွေကို ရှင်းပြရတာတွေပါပဲ။

(နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု ပြန်လည်တည်ဆောက်ရေး ကောင်စီ) က ရွေးကောက်ပွဲတွေကို (၁၉၉ဝ) ခုနှစ်မှာ ကျင်းပပေး မယ်လို့ ကြေညာပြီး၊ (၁၉၈၉) ခုနှစ်၊ ဧပြီလမှာ ရွေးကောက်ပွဲဥပဒေကို ထုတ်ပြန်ခဲ့ပါတယ်။ အဖွဲ့ချုပ်ရဲ့ ဗဟိုကော်မတီမှာ ပါတီအနေနဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သင့်၊ မပြိုင်သင့်ဆိုတာနဲ့ ပတ်သက်လို့ သဘောထား ကွဲခဲ့ပါတယ်။ ကျွန်မက ရွေးကောက်ပွဲ ဥပဒေထဲမှာ အာဏာလွှဲပြောင်းရေး ပြဋ္ဌာန်းချက်မပါဘူး၊ ယခင် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ အနိုင်မရရင် စစ်အစိုးရက အာဏာလွှဲပြောင်းပေးလိမ့်မယ်လို့ ကျွန်မ မယုံကြည်ပါဘူးလို့ ထောက်ပြခဲ့ပါတယ်။ ရွေးကောက် ပွဲ ကိစ္စနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက် မချရသေးခင်မှာပဲ၊ ဇူလိုင်လမှာ ကျွန်မဟာ အိမ်ချုပ်နဲ့ ထိန်းသိမ်းခံလိုက်ပါတော့တယ်။

ဇူလိုင်လ (၂ဝ) ရက်နေ့၊ မနက်ခင်းမှာ မြို့နယ် ငြိမ်ဝပ်ပိပြားမှု ပြန်လည်တည်ဆောက်ရေး ကောင်စီ ဥက္ကဋ္ဌရယ်၊ ဗိုလ်မှူး တစ်ယောက်ရယ် ကျွန်မ အိမ်ခြံဝင်း တံခါးရှေ့ကို ရောက်လာခဲ့ပါတယ်။ သူတို့နဲ့အတူ ဝရမ်းလက်မှတ်၊ အရာရှိ အုပ်စုတစ်စု၊ စစ်ဘက်နဲ့ အရပ်ဘက် ရဲတပ်ဖွဲ့ဝင်တွေ ပါလာခဲ့ပါတယ်။ ကျွန်မကို ထောင်ထဲ ခေါ်သွားလိမ့်မယ်လို့ ကျွန်မ ထင်ခဲ့ပါတယ်။ နောက်ဆုံးမှာ ဒီလိုဖြစ်လာလိမ့်မယ်လို့ အဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်တွေအားလုံးက တွက်ထားခဲ့တာ
ကြောင့်၊ ထောင်ထဲမှာနေရင် လိုအပ်မယ့် ပစ္စည်းတွေကို ကျွန်မက အိတ်ကလေး တစ်အိတ်ထဲမှာ အဆင်သင့် ထည့်ပြီးသားပါ။ ကျွန်မရဲ့ သားတွေက နွေရာသီ ကျောင်းပိတ်ရက်မို့ အိမ်မှာရှိနေကြပါတယ်။ ကျွန်မ အဖမ်းခံရမယ် ဆိုတာကို သူတို့ သဘောပေါက်ထားကြတယ်။ အိမ်ရှေ့ တံခါးဝကို မြို့နယ်ဥက္ကဋ္ဌရောက်လာတော့၊ ကင် (Kim) က  ကျွန်မကို A class အကျဉ်းသားအနေနဲ့ ထားမှာလား၊ B class အကျဉ်းသား အနေနဲ့ ထားမှာလားလို့ မေးပါတယ်။ ကိုလိုနီခေတ်တုန်းက နိုင်ငံရေးအကျဉ်းသားတွေကို B အဆင့် အတန်းပေးပြီး၊ C class ရာဇဝတ်သားတွေထက် ပိုလို့ကောင်းကောင်း ဆက်ဆံပြီး၊ အထူးအခွင့်အရေးပေးခဲ့တယ် ဆိုတဲ့ အကြောင်း သူ့ကို တယောက်ယောက်က
ပြောပြခဲ့ဖူးလို့ ဖြစ်ပါလိမ့်မယ်။ (A class ကတော့ ဝန်ကြီးချုပ်ဟောင်းလို အတော့် ကို အရေးကြီးတဲ့ ပုဂ္ဂိုလ်မျိုးတွေ အတွက် သတ်မှတ်ထားတာဖြစ်ပါတယ်။) ကင် (Kim) ရဲ့ မေးခွန်းကြောင့် မြို့နယ်ဥက္ကဋ္ဌက နည်းနည်း
ကြောင်တက်တက် ဖြစ်သွားပြီး၊ ထောင်ထဲကို ခေါ်သွားမှာ မဟုတ်ပါဘူးလို့ ပြန်ပြောပါတယ်။ ဒီတော့ အရင် တုန်းက ပြောသံဆိုသံ မကြားခဲ့ရဖူးတဲ့ ပုဒ်မတစ်ခုနဲ့ ကျွန်မကို အိမ်ချုပ်ချထားမယ်လို့ ကျွန်မ နားလည်လိုက်ပါတယ်။

အိမ်ချုပ်ကြောင့် အပြင်ထွက်လုပ်ရတဲ့ လုပ်ငန်းတွေ ရပ်သွားပါတော့တယ်။ ကျွန်မတို့ရဲ့တိုက်ပွဲဟာ ခက်ခဲပြီး၊ တာရှည်သွား လိမ့်မယ်လို့လည်း ညွှန်ပြနေပါတယ်။ ကျွန်မဘဝရဲ့ ကြိုတင်မမြင်ရတဲ့ အနာဂတ်အတွက် လမ်းကြောင်း ရှာဖို့ စဉ်းစားရမှာ ဖြစ်ပါတယ်။ ဘယ်သောင်ဘယ်ကမ်းကို ဆိုက်မယ်မှန်းမသိဖြစ်နေတဲ့ နှစ်တွေမှာ ကျွန်မရဲ့ ဘဝ လမ်းကြောင်းကိုရှာဖို့ ကျွန်မအသုံးပြုခဲ့တဲ့ မြေပုံတွေထဲမှာ နေရူးရဲ့ ကိုယ်တိုင်ရေး အတ္ထုပတ္တိနဲ့ အိန္ဒိယကို ရှာဖွေ
တွေ့ရှိခြင်း (Discovery of India) စာအုပ်တွေ အပါအဝင်ဖြစ်ပါတယ်။
 
"ထောင်ထဲရောက်သော အခါ၌ အချိန်၏ သဘာဝသည် ပြောင်းလဲသွားသည်ထင်ရသည်။ ပစ္စုပ္ပန်ဟူ၍ မရှိချေ။ အကြောင်း မှာ သေဆုံးနေသော အတိတ်နှင့် ခွဲခြားပေးနိုင်သော စိတ်ခံစားမှုနှင့် အာရုံခံစားမှုတို့ ကင်းမဲ့နေသော
ကြောင့် ဖြစ်သည်။ သေဆုံးလိုက် ပျောက်ကွယ်လိုက်ဖြစ်နေသော ပကတိကမ္ဘာ၏ သတင်းများသည်ပင် တကယ် မရှိသော အိပ်မက်ဆန်ဆန် အရာကိစ္စများ ဖြစ်နေချေသည်။ အတိတ်၏ အလွန် မရွေ့လျားမှု၊ မပြောင်းလဲမှု
ဖြစ်နေချေသည်။"

နေရူးရဲ့ အထက်ပါ ရေးသားချက်ကို ဖတ်ကြည့်ပြီး၊ ကျွန်မရဲ့ အနေအထားနဲ့ နှိုင်းယှဉ်မှုတွေ လုပ်ကြည့် မိပါတယ်။ ကျွန်မမှာ ကျွန်မကို ပြင်ပကမ္ဘာနဲ့ အမြဲအဆက်အသွယ်ရနေစေတဲ့ လှိုင်းတိုရေဒီယိုတစ်လုံး ရှိနေတော့၊ ကျွန်မက
ပြင်ပကမ္ဘာကို ကျွန်မ အတွက် အမှန်တကယ် အသက်ဝင်အောင် လုပ်ထားခဲ့တာကြောင့် များလား မသိပါဘူး။ ကျွန်မအဖို့တော့ အတိတ်နဲ့ ပစ္စုပ္ပန်ကို ခွဲခြားမရဘူးလို့ မခံစားမိခဲ့တာ အမှန်ပါပဲ။ ဒါမှမဟုတ် ဘဝအပေါ် သဘောထားပုံချင်း မတူကြတာကြောင့် အထီး ကျန်ဘဝ အပေါ် အမြင်ချင်း မတူ ကြတာလား မသိပါဘူး။ (၂ဝဝ၃) ခုနှစ်က ကျွန်မ ထောင်ထဲမှာ ခဏအပို့ခံခဲ့ရတုန်းက တောင် အတိတ်နဲ့ ပစ္စုပ္ပါန်တို့ဟာ တစ်ပေါင်းတည်း ဖြစ်သွား တယ်လို့ ကျွန်မ မခံစားမိခဲ့ဖူးပါဘူး။ နေ့ရက်တွေဟာ တစ်ခုနဲ့တစ်ခု တူညီမှုလည်း ရှိတာအမှန်ပါ။ ဒါပေမယ့် တစ်ခုနဲ့ တစ်ခု တသီးတခြား တည်ရှိကြပြီး၊ တစ်ခုနဲ့တစ်ခု မတူကွဲပြားမှုလည်း ရှိပါတယ်။ လုံးဝ ညီအောင်ညှိထားတဲ့ စိန်တွေ သီးထားရာ စိန်ကြိုးတစ်ကုံးရဲ့ မတူကွဲပြား ခြားနားတဲ့ စိန်အများအပြား လိုပါပဲ။ ကျွန်မ စိန်နဲ့တင်စားပြီး ပြောရတာ ကတော့၊ မိမိရဲ့ လမ်းကြောင်းအတိုင်း ဆက်သွားဖို့ အလျှော့မပေးတဲ့ သံန္နိဌာန်တွေ အသစ် အသစ် တည်ဆောက် သွားရာမှာ တစ်နေ့ တစ်ရက်စီကို အသုံးပြုခဲ့ရလို့ပဲ ဖြစ်ပါတယ်။

ဒါပေမယ့်၊ နေရူးရဲ့ စာအုပ်တွေထဲမှာပါတဲ့ အကြောင်းအရာအတော်များများကြောင့် ကျွန်မတို့မှာ ဘုံတူညီတာတွေ အများ ကြီး ရှိနေပါလားလို့လည်း ခံစားမိပါတယ်။ အိန္ဒိယကို ရှာဖွေတွေ့ရှိခြင်း (Discovery of India) စာအုပ်ထဲမှာ သူကိုးကား ဖေါ်ပြထားတဲ့ ကဗျာအပိုင်းအစလေးဟာ ကျွန်မကြိုက်တဲ့ ကဗျာတစ်ပုဒ်ထဲက ဖြစ်နေ တာကို ကျွန်မအံ့သြမိပါတယ်။ ဒီကဗျာ ဟာ ကျွန်မဖတ်မိတဲ့ အချိန်ကစပြီး ကျွန်မ ခေါင်းထဲမှာ အမြဲလိုလို စွဲနေခဲ့တဲ့ ကဗျာဆရာ ယိစ် (Yeats) ရဲ့ An Irish Airman Foresees His Death (အိုင်းရစ် လေယာဉ်မှူးက သူသေမည်ကို ကြိုသိခြင်း) ကဗျာ ဖြစ်ပါတယ်။ ကဗျာထဲက အကြိုက် စာကြောင်းချင်း တူပေမယ့်၊ မတူတာတစ်ခုတော့ ရှိပါတယ်။ ‘စွန့်စားမှုတွေ၊ အန္တရာယ် တွေဆီ ရှေ့ရှုကာ၊ သေခြင်း တရားကို မျက်နှာချင်းဆိုင်ပြီး၊ လှောင်ပြောင်သရော်’ ရတဲ့ ‘ ဒီ ချစ်စဖွယ် ပီတိစေတသိက်’ (that lovely impulse of delight) ကို နောက်တခါ ထပ်ပြီး ခံစားချင်တယ်လို့ နေရူး
ရေးခဲ့တယ်။ ကျွန်မ မှတ်မိတဲ့ စကားလုံးတွေကတော့ ‘အထီး ကျန် ခံစားမိတဲ့ ပီတိ စေတသိက်’ (that lonely impulse of delight) လို့ပဲ ဖြစ်ပါတယ်။

ဘယ်ဟာမှန်သလဲဆိုတာကို ကျွန်မ စစ်ဆေးမကြည့်နိုင်ခဲ့ပါဘူး။ ကျွန်မအဖို့တော့‘ချစ်စဖွယ်’ (lovely) ဆိုတဲ့ စကားလုံး ကြောင့် ကဗျာရဲ့ အဓိပ္ပါယ် ပြောင်းသွားပါတယ်။ ဒီကိစ္စကို နေရူးနဲ့ဆွေးနွေးရရင် ကောင်းမှာပဲလို့ ကျွန်မ တွေးမိခဲ့ပါတယ်။ ကျွန်မတို့ အများသူငါမှာ လိုလားစရာလုံးဝ မရှိတဲ့၊ အနည်းဆုံးတော့ ဘာရယ်လို့ ရှင်းပြလို့မရတဲ့ အရာကို ပီတိဖြစ်တယ် ဆိုရင် (ချစ်စရာ ကောင်းနေဖို့ မဟုတ်ဘဲ) အထီးကျန် ဖြစ်နေဖို့ မလိုပေဘူးလား။ အိမ်ချုပ်နဲ့ နှစ်တချို့ ကြာပြီးတဲ့နောက် ကဗျာကို ကျွန်မကြိုးစားရှာဖွေပြီး ဖတ်ကြည့်တော့  ‘အထီးကျန်’ (lonely)ဆိုတဲ့ စကားလုံးက အမှန်ဖြစ်ကြောင်း တွေ့ရ ပါတယ်။ ကျွန်မရဲ့ (Discovery of India)စာအုပ်ထဲက ‘ချစ်စဖွယ်’ (lovely) ဆိုတဲ့စကားလုံးဟာ ပုံနှိပ်အမှားပဲလား။ ဒါမှ မဟုတ် နေရူးပဲ ကဗျာကို အဖတ် မှားခဲ့တာလား။

စကားလုံးတစ်လုံးရဲ့အဓိပ္ပါယ်ကို အပြန်ပြန်အလှန်လှန် စဉ်းစားကြည့်တာ၊ ကဗျာတစ်ပုဒ်ကို အနက်ဖွင့်ပြီး အတွေး အခေါ် တစ်ခု ကို တည်ဆောက်ယူတာဟာ အကျဉ်းသားတွေ၊ အထူးသဖြင့် ယုံကြည်ချက်ကြောင့် အကျဉ်းချခံ ထားရသူတွေရဲ့ လုပ်နေ ကျ အလုပ်ပဲ ဖြစ်ပါတယ်။ ဒါဟာ အချိန်တွေကုန်သွားအောင် လုပ်ရုံသက်သက် မဟုတ်ပါ ဘူး။ ပိုနားလည်အောင် လုပ်ဖို့ လိုအပ်ချက်ကြောင့် လုပ်တာဖြစ်ပါတယ်။ တခြား ပုံမှန်လူသားတွေနဲ့ တသီးတခြားစီ ခွဲထားခံရတဲ့ ဘဝကိုရောက်စေတဲ့ လုပ်ဆောင်ချက်တွေဟာ တရားကြောင်း ဖေါ်ပြဖို့ လိုအပ်တာကြောင့် လုပ်တာ လည်း ဖြစ်နိုင်ပါတယ်။ အစကနေ ပြောကြ ရအောင်ပါ။ ကျွန်မတို့ရဲ့ ယုံကြည်ချက်ဆိုတာရဲ့ အဓိပ္ပါယ် အတိအကျက ဘာပါလဲ။ ယုံကြည်ချက် ရှိရင်တရားရုံးရှေ့မှောက်မှာ ရဲရဲဝံ့ဝံ့ ရပ်ရဲရမယ်လို့ ကျွန်မရဲ့ဖခင်က တစ်ခါတုန်းက ပြောခဲ့ ဖူးပါတယ်။ ဒါပေမယ့် ဒီတရားရုံးမှာ တရားစီရင်ပိုင်ခွင့် ဘယ် အတိုင်းအတာအထိ ရှိပါသလဲ။ ကျွန်မတို့အပေါ် ချမှတ်မယ့် ပြစ်ဒဏ်တွေ၊ ကျွန်မတို့ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ အခွင့်အာဏာကို ကန့်သတ်ထားပါ သလား။ ကျွန်မတို့ရဲ့ မိတ်ဆွေတွေ၊ မိသားစုတွေအပေါ် ကျွန်မတို့ ထားရှိရမယ့် သံယောဇဉ်တွေ၊ စောင့်ရှောက်မှု
တွေနဲ့ ပတ်သက်လို့ သမာသမတ်ကျကျ စုံစမ်းကြည့်ပါရဲ့လား။ ဒီမေးခွန်းဟာ နိုင်ငံရေး အတွက် သို့မဟုတ် ယုံကြည်ချက်အတွက် ဒုက္ခခံ၊ ဘေးအဖြစ်ခံနေကြသူ ဘယ်သူ့ကိုမဆို  တကယ်တမ်းဒုက္ခပေးနေတဲ့ မေးခွန်း ဖြစ်ပါ တယ်။

နေရူးဟာ သူ့ဇနီး ကမ္မလာရဲ့ အကြောင်းကိုရေးရာမှာ ဒီလို အကျပ်အတည်းမျိုးကို လေ့လာတင်ပြထားခဲ့ပါတယ်။ သူ နှစ်ရှည်ထောင်ဒဏ်တစ်ခုကို ကျခံနေရတုန်း (၁၉၃၄) ခုနှစ်မှာ "ကြားခံလူ အမျိုးမျိုးကနေဆင့်" သူ့ဆီကို ကမ်းလှမ်းလာတယ်။ သူကျခံဖို့ ကျန်နေသေးတဲ့ နှစ်တွေအတွင်းမှာ သူနိုင်ငံရေးနဲ့ ကင်းကင်းရှင်းရှင်း နေပါမယ်လို့ (တရားဝင် မဟုတ် တောင်) ခံဝန်ချက်ပေးမယ်ဆိုရင် နာမကျန်းဖြစ်နေတဲ့ ဇနီးဖြစ်သူကို ပြုစုဖို့ ထောင်က လွှတ်ပေးမယ်လို့ ဆိုပါတယ်။ ဒီစကားကြောင့် မာနကြီးတဲ့ လွတ်လပ်ရေးခေါင်းဆောင်ဟာ အကြီးအကျယ် ဒေါသ
ဖြစ်သွားခဲ့တယ်။

"အဲဒီအချိန်က နိုင်ငံရေးကို ကျွန်ုပ် တော်တော် စိတ်ကုန်သွားခဲ့တယ်။ အပြင်မှာနေရတဲ့ (၁၁) ရက်ကာလအတွင်း က နိုင်ငံရေးကို ကျွန်ုပ် အော့နှလုံးနာသွားခဲ့တယ်။ ဒါပေမယ့် ခံဝန်ပေးရမယ်တဲ့! ကိုယ်ပေးထားတဲ့ကတိ၊ အရေးတော်ပုံ၊ ကိုယ့်ရဲဘော်ရဲဘက်တွေနဲ့ ကျွန်ုပ်ကို ကျွန်ုပ် သစ္စာဖေါက်ရမယ်၊  ဘာတွေပဲဖြစ်ဖြစ်၊ ဒီလိုလုပ်လို့တော့ မဖြစ်ဘူး။ ဒီလို လုပ်ရင် ကျွန်ုပ် အသက်ရှင်ခြင်းရဲ့ ရေသောက်မြစ်မှာ၊ ကျွန်ုပ် အထွဋ်အမြတ်ထားတဲ့ အရာ အားလုံး လိုလိုမှာ သေ လောက်တဲ့ ဒဏ်ရာ ရသွားမှာပေါ့။ ကမ္မလာရဲ့ အခြေအနေက ဆိုးသည်ထက် ဆိုးလာနေတယ်၊ ကျွန်ုပ် သူ့အနားမှာ ရှိနေရေးဟာ သေရေး၊ ရှင်ရေးဖြစ်မလားပဲလို့ ကျွန်ုပ်ကို ပြောကြတယ်။ ကျွန်ုပ်ရဲ့ အတ္တမာနက သူ့ကို ဒီအခွင့်အရေးပေး လိုတဲ့ ဆန္ဒထက် ပိုကြီးနေခဲ့သလား? အဲဒီ တုန်းက ဒီကိစ္စဟာ ကျွန်ုပ်အတွက် ဧရာမ အကျပ်အတည်းကြီးတစ်ခုများ ဖြစ်ခဲ့ လေသလား? ဒါမေယ့် ကံအားလျော်စွာပဲ၊ ဒီအကျပ်အတည်း ကို ကျွန်ုပ် ဒီပုံဒီနည်းမျိုးနဲ့ ရင်မဆိုင်ခဲ့ရဘူး။

ကမ္မလာကိုယ်တိုင်က ကျွန်ုပ် တခုခု အလျှော့ပေး လိုက်မှာကို လုံးဝ လိုလားမှာ မဟုတ်မှန်း ကျွန်ုပ်သိတယ်။ ကျွန်ုပ် သာ တခုခု အလျှော့ပေးလိုက်ရင် ကမ္မလာလည်း အကြီးအကျယ် တုန်လှုပ်ပြီး၊ ဒုက္ခရောက်သွားမှာပဲ။အောက်တိုဘာ လဆန်း မှာ ကျွန်ုပ်ကို ခေါ်ထုတ်သွားပြီး၊ ကမ္မလာနဲ့ နောက်ထပ်တွေ့ခွင့်ပေးတယ်။ ကမ္မလာက ကိုယ်ပူရှိန်တက်
နေလို့ ယောင် ချာချာ ဖြစ်နေတယ်။ ကျွန်ုပ်ရောက်အလာကို သူတမ်းတနေခဲ့တာ။ အကျဉ်းထောင်ကို ကျွန်ုပ်
ပြန်တော့မယ့်ဆဲဆဲမှာ သူ တချက် ပြုံးပြပြီး၊ သူ့အနားရောက်အောင် ကိုယ်ကို ကိုင်းပေးဖို့ လက်နဲ့ လုပ်ပြတယ်။ ကျွန်ုပ် ကိုင်းပေးလိုက်တော့ ‘အစိုးရ ကို ခံဝန်ပေးဘို့ ကိစ္စက ဘယ်လိုလဲ?။ မပေးပါနဲ့’ လို့ ကျွန်ုပ်ကို ယဲ့ယဲ့လေး
ပြောလိုက်တယ်။"  

အထက်ပါ စာပိုဒ်က ကျွန်မကို ဖမ်းစားခဲ့ပါတယ်။ ‘ကျွန်ုပ်ရဲ့ကတိတွေ’၊ ‘ကျွန်ုပ်ရဲ့ ရဲဘော်ရဲဘက်တွေ’၊ ‘ကျွန်ုပ် ကို ကျွန်ုပ်’၊ ‘ကျွန်ုပ်အသက်ရှင်ခြင်းရဲ့ ရေသောက်မြစ်တွေ’။ ဒါတွေဟာ ကျောက်စာတိုင်ကြီးလို မယိမ်းမယိုင်တဲ့ အတ္တပါပဲ။ မိမိရဲ့ ကိုယ်ပိုင်မူတွေအရဆိုရင်၊ အော့နှလုံးနာစရာ လုပ်ရပ်ကို လုပ်ခြင်းအားဖြင့် ကမ္မလာအဖို့
ကောင်းကျိုးထက် ဆိုးကျိုးသာ ဖြစ်စေလိမ့်မယ်လို့ မဆုံးဖြတ်ခင်၊ သမာသမတ်ကျတဲ့ ယုံကြည်ချက်တရာရုံး
ရှေ့မှောက်မှာ အချိန်အတိုဆုံး အစစ်ခံရခြင်း ပါပဲ။ တကယ်တော့ ကမ္မလာရဲ့ စကားက သူ့ဆုံးဖြတ်ချက်ကို အတည်ပြု တံဆိပ်တုံး ခတ်နှိပ်ပေးလိုက်ခြင်း ဖြစ်ပါတယ်။

နေရူးရဲ့ အတ္တနဲ့ သူ့ကိုယ်သူ လှည့်စားတယ်လို့ ထင်ရစရာရှိတဲ့ အချက်တချို့ကို ကောင်းကောင်းကြီး သတိပြုမိပေ မယ့်၊ ဒီကိစ္စမှာ သူ့ရဲ့ရပ်တည်ချက်ကို ကျွန်မ အပြည့်အဝ ထောက်ခံမိတယ်လို့ ဝန်ခံရမှာဖြစ်ပါတယ်။ ကျွန်မ ပထမ အိမ်ချုပ်ကနေ လွတ်အပြီး၊ သီတင်းပတ်ကုန် နေ့တွေမှာ ကျွန်မရဲ့ အိမ်ခြံဝင်းအပြင်က လမ်းပေါ်မှာ လာရောက်စုဝေး ကြတဲ့ ထောက်ခံအား ပေးသူတွေကို ကျွန်မ မိန့်ခွန်းပြောခဲ့ပါတယ်။ တခါ ဟောပြောတုန်းက အထက်ပါ ဖြစ်ရပ်ကို
ပြောပြပြီး၊ ဒီမိုကရေစီ အရေး လှုပ်ရှားသူများရဲ့ မိသားစုတွေအဖို့ ကမ္မလာရဲ့ ဇွဲသတ္တိမျိုး မွေးဖို့ ကျွန်မ တိုက်တွန်းခဲ့ပါ တယ်။ ဒီဖြစ်ရပ်မျိုးတွေဟာ အန္တရာယ်များလှတဲ့ လူထုလှုပ်ရှားမှုမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်ရပ်မျိး တွေပါဘဲ။ ကျွန်မ အမှန်တကယ်ရလိုက်တဲ့ သင်ခန်း စာ ကတော့ ယုံကြည်ချက် အတိုင်း ချီတက်ရာမှာ မိမိဟာ စွန့် လွှတ်အနစ်နာခံ
နေတာဘဲဆိုပြီး၊ မိမိကိုယ် မိမိ ဖြစ်စေ၊ တပါး သူတွေကို ဖြစ်စေ မလှည့်စားမိဖို့ဘဲ ဖြစ်ပါတယ်။ ကျွန်မတို့ဟာ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ် လုပ်နေကြတာသာဖြစ်ပြီး၊ ဒီလို ရွေးချယ်ရာမှာ ကိုယ်ကျိုးကြည့်တဲ့ ရွေးချယ်မှုမျိုးလည်း ရှိနိုင်ပါတယ်။ တကယ် ကိုယ်ကျိုးစွန့်တဲ့ ပုဂ္ဂိုလ်တွေဟာ သူတပါးရဲ့ အတွင်းရေးကိစ္စတွေကို ဝင်မစွက်ပဲ သူ့ကြမ္မာနဲ့ သူရှိပါစေလို့ သဘောထားသူတွေ ဖြစ်ပါတယ်။

နိုင်ငံရေးဟာ လူတွေနဲ့ ပတ်သက်ပါတယ်။ လူတွေဟာ တစ်ဦးချင်းကိစ္စမှာဖြစ်ဖြစ်၊ အများပြည်သူ ကိစ္စမှာဖြစ်ဖြစ် ဆက်ဆံ ရေးတွေနဲ့ ပတ်သက်ပါတယ်။ ကျွန်မနဲ့ အနီးစပ်ဆုံးလို့ ကျွန်မထင်တဲ့ အိန္ဒိယ ခေါင်းဆောင် (၂) ဦးကတော့ ဂန္ဒီနဲ့ နေရူးတို့ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လွတ်လပ်ရေးလမ်းကြောင်းအတိုင်း ချီတက်ရာမှာ သူတို့ ကြုံတွေ့ရတဲ့ စိန်ခေါ်မှု တွေ ဟာ လာမယ့်နှစ်မှာ နှစ်အစိပ် ပြည့်မယ့်၊ ကျွန်မတို့ရဲ့ တိုက်ပွဲလမ်းကြောင်းမှာ ကျွန်မတို့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုမျိုးတွေ ဖြစ်နေလို့ပါဘဲ။ မတူကွဲပြားမှုတွေ အများအပြားရှိနေပေမယ့်၊ သူတို့ရဲ့ ဆက်ဆံရေး
တွေ (တစ်ဦးချင်း ဆက်ဆံရေးဖြစ်စေ၊ အမျာပြည်သူနဲ့ဆိုင်တဲ့ ဆက်ဆံရေးတွေ ဖြစ်စေ) ဆက်လက်ရှင်သန်နေခြင်း ဟာ အိန္ဒိယနိုင်ငံရေးရဲ့ အောင်မြင်ချက်တစ်ခု ဖြစ်ပါတယ်။ ဂန္ဒီက အာဏာဖီဆန်ရေး လှုပ်ရှားမှု (civil disobientent movement) ကို ရုပ်သိမ်းမယ်လို့ ဆုံးဖြတ်လိုက် တော့၊ နေရူးဟာ အကြီးအကျယ် မခံမရပ်နိုင်ဖြစ်ပြီး၊ "စိတ်ဝါဒ နာမ်ဝါဒ အကြောင်းရင်းတွေကြောင့်လားတော့ မသိဘူး။ ဒါတွေကို ကျွန်ုပ် စိတ်မဝင်စားပါဘူး။ ကျွန်ုပ်တို့တစ်တွေက ဘာကြောင့် ဝါးအစည်းပြေသလို အပြေခံရမှာလဲ? ဒါဆိုရင် ဘယ်နိုင်ငံရေးလှုပ်ရှားမှုကို စဉ်းစားလို့ရအုံးမှာလဲ?" လို့ ဒေါသတကြီးပြောခဲ့ပါတယ်။ ဂန္ဒီကျင့်သုံးတဲ့ နည်းလမ်းတွေနဲ့ ပတ်သက်လို့ သူ့မှာ ဖြစ်မိတဲ့ သံသယစိတ်ကြောင့်
နေရူးမှာ တစစ်စစ် နာနာကျင်ကျင်ခံစားခဲ့ရပါတယ်။ အလီပို (Alipo) အကျဉ်းထောင်ထဲက သူ့အခန်းကျဉ်းလေး ထဲမှာ နေရတာ သူ့အဖို့ "စိတ်ညူးစရာ ကိစ္စတစ်ခု" ၊"ဆောက်တည်ရာမဲ့တဲ့  ကမ်းမမြင် လမ်းမမြင် ဘဝတစ်ခု"
ဖြစ်ခဲ့ကြောင်း တွေ့ရပါတယ်။ ကျွန်မ ဘဝမှာ ရရှိခဲ့တဲ့ သင်ခန်းစာတွေထဲမှာ ကျွန်မ ခု ကြုံတွေ့ခဲ့ရတဲ့ သင်ခန်းစာဟာ အခက်ခဲဆုံးနဲ့ အနာကျင်ဆုံး ဖြစ်ပါတယ်။ သေရေးရှင်ရေး အရေးကြီးတဲ့ ဘယ်ကိစ္စမှာမဆို သူတပါးကို အားကိုးလို့ မရဘူးဆိုတဲ့ သင်ခန်းစာပါဘဲ။ ဘဝလမ်းကို လျှောက်လှမ်းရာမှာ တစ်ကိုယ်တည်း လျှောက်လှမ်း သွားရမှာ ဖြစ်ပါ တယ်။ သူတပါးကို အားကိုးတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် စိတ်နှလုံး ကြေကွဲအောင် ဖိတ်ခေါ်ခြင်းပဲ ဖြစ် ပါတယ်။

နေရူးရခဲ့တဲ့ သင်ခန်းစာကတော့ လုံ့လ ဝိရိယ၊ ဇွဲတို့နဲ့သာလျှင် ရောက်ရှိနိုင်တဲ့ ပန်းတိုင်ဆီ ရှည်လျား၊ ခက်ခဲတဲ့ ခရီးကို နှင်ရာမှာ လေ့လာရမယ်၊ နောက်ထပ်ပြန်လေ့လာရမယ်၊ လေ့လာပြီးရင်း လေ့လာရမယ်ဆိုတဲ့ သင်ခန်းစာပဲ
ဖြစ်ပါတယ်။ ထို့အတူပါဘဲ ကျွန်မတို့ဟာ မိမိရဲ့ ရဲဘော်ရဲဘက်တွေအပေါ် သစ္စာ မစောင့်သိနိုင်ဘူးဆိုရင်၊ မိမိနဲ့ တန်ဖိုးထားမှုချင်း၊ မျှော်မှန်းချက်ချင်းတူတဲ့ သူတွေအပေါ် သစ္စာမစောင့်သိနိုင်တော့ဘူးဆိုရင်၊ သို့မဟုတ် သူတို့ရဲ့ သစ္စာစောင့်သိမှုကို သံသယ ဖြစ်လာမိပြီဆိုရင် လမ်းဘယ်မမြင်တဲ့ အဖြစ်ဆီကို လွင့်စင်ထွက်သွားပြီလို့ ဆိုနိုင်ပါ တယ်။ ကျွန်မရဲ့ ဧကစာ ကာလတစ်ခု အတွင်းမှာ ကျွန်မ စာရွက်တစ်ရွက်ပေါ်မှာ ချရေးမိတယ်။ ကျွန်မမှာ ဒီပုထုဇဉ်
လောကရဲ့ လောကဓံတွေထဲမှာ ကျွန်မနဲ့ ကျွန်မ တို့ယုံကြည်တဲ့ လှုပ်ရှားမှုကြီးကို သစ္စာစောင့်သိမယ့်၊ လုံးဝ ယုံကြည်ရတဲ့၊ လုံးဝ အားထားရမယ့်၊ လုံးဝနားလည်မှုရှိတဲ့၊ လုံးဝ မိတ်ဆွေပီသတဲ့၊ လုံးဝ ရဲဘော်ရဲဘက် ပီသတဲ့သူ တစ်ယောက်သာ၊ တစ်ယောက်ဆိုမှ တစ်ယောက်တည်းသာ သေချာ ပေါက်ရှိမှန်းသိရင် ကျွန်မအနေနဲ့ မိုးနဲ့မြေကို
တောင် စိန်ခေါ်ရဲပါတယ်လို့ ချရေးမိပါတယ်။ ဧကစာနေရတဲ့ ဘဝမှာ တွေးမိ တွေးရာ လျောက်တွေးတတ်တာပါပဲ။

တစ်နေ့မှာ ရေဒီယိုနားထောင်တော့ ရုတ်တရက်၊ မမျှော်လင့်ဘဲ သတင်းတစ်ခုကြားလိုက်ရပါတယ်။ ကျွန်မ အထိန်းသိမ်းခံ နေရတယ်ဆိုတဲ့ အကြောင်းပြချက်လောက်နဲ့ပဲ၊ ဗဟို အလုပ်အမှုဆောင်ကော်မတီက ကျွန်မကို ပါတီက ထုတ်ပယ်ပစ် လိုက်တယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ သတင်းကြားလိုက်ရတော့ ကျွန်မမှာ ကျွန်မ လူ့လောကမှာ ရှိနေတာမှ ဟုတ်ရဲ့ လားလို့၊ ကျွန်မကိုယ်တိုင်မှတပါး အရာအားလုံးနဲ့ ကင်းကွာသွားပြီလားလို့ စိတ်ထဲမှာ ခံစားမိခဲ့ ပါတယ်။ ပါတီအပေါ် ဖိအား ပေးလို့ ဒီလိုဖြစ်ရတယ်၊ ပါတီဟာ အလွန်ခက်ခဲတဲ့ ကာလ တစ်ခုကို ဖြတ်သန်းနေရတာ ဖြစ်မယ်လို့ ကျွန်မ နားလည်လိုက်ပါ တယ်။ နောက်ဆုံးတော့ ကျွန်မမှာ တရားဝင် ရာထူး ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ၊ ပါတီက ကျွန်မတို့ရဲ့အရးတော်ပုံကြီး ကို သစ္စာစောင့်သိနေသရွေ့တော့ ကျွန်မအနေနဲ့ ပါတီအပေါ် သစ္စာ စောင့်သိသွားမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ (နှစ်ယောက် အကြားမှာ အကြီးအကျယ် ကွဲလွဲမှုတွေ ရှိပေမယ့်) ဂန္ဒီအပေါ် နေရူးရဲ့ သစ္စာစောင့်သိနိုင်စွမ်းရှိပုံကို ကျွန်မစဉ်းစားမိတော့၊ ကျွန်မအဖို့ မကျေနပ်မှုတွေ၊ ကွဲလွဲမှုတွေ ရှိနေတဲ့ကြားထဲမှာပဲ ရဲဘော်ရဲဘက်တွေ၊ လုပ်ဖေါ်ကိုင်ဖက်တွေအပေါ် သစ္စာရှိရ မယ်ဆိုတဲ့ ကျွန်မရဲ့ ခံယူချက်ဟာ ပိုခိုင်မာလာခဲ့ပါတယ်။

နေရူးရဲ့ နှစ်တစ်ရာပြည့်မွေးနေ့ဖြစ်တဲ့ (၁၉၈၉) ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့ နီးလာတော့၊ သူ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ ထဲက အောက်ပါ စာပိုဒ်တစ်ပိုဒ်ကို စက္ကူချပ်ကြီး တစ်ချပ်ပေါ်မှာ ကျွန်မ ကူးရေးခဲ့ပါတယ်။

"ငြိမ်ဝပ်ပိပြားမှု" (law and order)သည် အိန္ဒိယရှိ ဗြိတိသျှအုပ်ချုပ်ရေး၏ ဂုဏ်ယူလောက်သော အောင်မြင်မှုများ အနက် တစ်ခု ဖြစ်သည်ဟု ကျွန်ုပ်တို့အား သူတို့ဆိုခဲ့သည်။ ကျွန်ုပ်၏ စိတ်ရင်းက ငြိမ်ဝပ်ပိပြားမှုကို နှစ်နှစ်ကာကာ
နှစ်ခြိုက်ပါသည်။ ကျွန်ုပ်၏ ဘဝမှာ စည်းကမ်းကလနားကို ကျွန်ုပ်နှစ်ခြိုက်သည်။ ထိန်းမနိုင် သိမ်းမရ၊ ဝရုန်းသုန်းကား
ဖြစ်ခြင်းကို မကြိုက်ချေ။ သို့ရာတွင် ခါးသီးသော အတွေ့အကြုံများအရ၊ ကျွန်ုပ်သည် နိုင်ငံတော် နှင့် အစိုးရများက အများပြည်သူတို့ အပေါ်ချမှတ် သော ငြိမ်ဝပ်ပိပြားမှု၏ တန်ဖိုးကို အယုံအကြည်မရှိခဲ့ချေ။ ငြိမ်ဝပ်ပိပြားမှုအတွက် မတန်တဆတန်ဖိုး ပေးရခြင်းများရှိ တတ်သည်။ ဥပဒေသည် ကြီးစိုးနေသော အုပ်စု၏ ဆန္ဒအရသာ ဖြစ်ပြီး၊ စည်းကမ်းသေဝပ်မှု (order)သည် နေရာအနှံ့ ကြောက်စိတ် ပြည့်နှက်နေခြင်း၏ အရိပ်လက္ခဏာဖြစ်သည်။ ထိုငြိမ်ဝပ်ပိပြားမှုဆိုသောအရာကို ဥပဒေနှင့် စည်းကမ်း သေဝပ်မှု ကင်းမဲ့သောအရာဟု ဆိုက ပိုမှန်လိမ့်မည် ထင်သည်။

ကြောက်စိတ် လွှမ်းမိုးနေအောင်လုပ်ထားခြင်းအားဖြင့် ရရှိသော အကျိုးသည် လိုလားအပ်သော အကျိုး မဟုတ်ချေ။
နိုင်ငံတော်အစိုးရ၏ အကျပ်ကိုင်ရေး ယန္တရားဖြင့် ဖန်တီးထားသော ‘စည်းကမ်းသေဝပ်မှု’သည်လည်း အစိုးရမရှိလျှင် မရှိနိုင်ချေ။ အရပ်သားအစိုးရအုပ်ချုပ်ရေးနှင့်မတူဘဲ စစ်တပ် သိမ်းပိုက် အုပ်စိုးထားခြင်းနှင့် တူသည်။ ကဗျာဆရာ ခါလ် ဟာန (Kalhana)၏ နှစ်ပေါင်းထောင်နှင့်ချီ တည်တံ့ခဲ့သော သမိုင်းဝင် သူရဲကောင်းဘွဲ့ ရာဂျတရန် ဂီရိ (Rajatarangiri) ကဗျာရှည်ကြီးထဲမှာ အစိုးရက ငြိမ်ဝပ်ပိပြား မှုကို ထိန်းသိမ်းရန် တာဝန်ရှိကြောင်းနှင့် ငြိမ်ဝပ်ပိပြားမှု ဟူသော အဓိပ္ပါယ် သည် ဓမ္မနှင့် အဘယာ (တရားမျှတခြင်းနှင့် ကြောက်စရာ ကင်းမဲ့ခြင်း) ဖြစ်ကြောင်း အဖန် တလဲလဲ ရေးဖွဲ့ထားသည်ကို ကျွန်ုပ်ဖတ်ရှုရသည်။ ထိုကဗျာထဲ၌ ဥပဒကို ဥပဒေသက်သက်မျှထက်ပို၍ ကျင့်သုံးရ သည့်အခါများ ရှိတတ်ကြောင်း၊ စည်းကမ်း သေဝပ်မှု ဆိုသည်မှာ အများပြည်သူတို့မှာ ကြောက်စရာကင်းမဲ့ခြင်း
ဖြစ်ကြောင်း ရေးဖွဲ့ထားသည်။ အများ ပြည်သူတို့ ကြောက်နေအောင်လုပ်ထားပြီး၊ ‘စည်းကမ်းသေဝပ်’ စေခြင်းထက်၊
ကြောက်စရာမရှိအောင် လုပ်ခြင်းက အဘယ်မျှ အပုံကြီး ပို၍ နှစ်ခြိုက်စရာကောင်းလိုက်ပါသလဲ။"

နေရူးရဲ့ စကားဟာ ကျွန်မရဲ့စိတ်ဓါတ်ကို ထင်ဟပ်ဖေါ်ပြပေးရုံမျှသာမကပါဘူး၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု ပြန်လည် တည် ဆောက်ရေးကောင်စီက ဗမာပြည်မှာ ကြောက်နေအောင်လုပ်ထားပြီး၊ အုပ်စိုးနေတဲ့ အချိန်နဲ့လည်း အံကိုက်
ဖြစ်နေပါ တယ်။ ကျွန်မက အဲဒီစက္ကူချပ်ကြီးကို (ကျွန်မအိမ်ရဲ့ တစ်မျိုးတစ်စားတည်းသော ဧည့်သည်ဖြစ်တဲ့) လုံခြုံရေးအရာရှိတွေ (အများအားဖြင့် စစ်ထောက်လှမ်းရေးတွေ) ဝင်လာရာ အိမ်ရှေ့ တံခါးဝဘေးမှာ ကပ်ထားခဲ့ပါ တယ်။ အောက်ခြေမှာ ဂျဝါ လာဟာနေရူး (Jawaharlal Nehru) လို့ စာလုံးကြီးကြီးတွေကို မင်နီနဲ့ရေးထား လိုက်ပါ တယ်။ စာရေးသူဘယ်သူဘယ်ဝါ ဆိုတာကို အသိအမှတ်ပြုတဲ့ သဘောသက်သက် မဟုတ်ပါဘူး၊ ငြိမ်ဝပ်ပိပြားမှု ဆိုတာနဲ့ပတ်သက်လို့ တမျိုးတမည်မြင်တဲ့ အတိုက်အခံတယောက်ရဲ့ အမည်ကို ကပ်ထားတဲ့ သဘောလည်း ပါ ပါတယ်။

အိမ်ချုပ်နဲ့နေခဲ့ရတဲ့နှစ်တွေမှာ ကျွန်မဟာ ကျွန်မနဲ့ လူချင်းသိကျွမ်းခဲ့တဲ့သူတွေ မဟုတ်ဘဲ၊ တစိမ်းသက်သက်လူတွေ သို့ မဟုတ် အတိတ်ခေတ်က ပုဂ္ဂိုလ်တွေဖြစ်ရင်တောင် နိုင်ငံရေးအရဖြစ်စေ၊ ဉာဏ်ပညာအရဖြစ်စေ၊ စိတ်ဓာတ် အရ ဖြစ်စေ  ကျွန်မနဲ့ တထပ်တည်းကျတယ်လို့ သူတို့ရဲ့ အတွေးအခေါ်တွေကနေတဆင့် ယူဆလို့ ရတဲ့သူတွေနဲ့ ပိုပြီး ရင်းနှီးသွား တယ်လို့ ခံစားခဲ့ရပါတယ်။ ဒါဟာ အကျဉ်းကျခံနေရပြီး၊ အဖေါ်ပြုစရာရယ်လို့ ကိုယ့်ယုံကြည်ချက် မှတပါး အခြားမရှိတဲ့ သူတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ စိတ်ပဲလို့ ကျွန်မတွေးမိပါတယ်။ အဲဒီစိတ်မျိုးဟာ ဘဝသစ်ပင်က
နေ့စဉ် လုပ်ဆောင်ချက် ဆိုတဲ့ မြေကြီးနဲ့ထိတွေ့ပြီး ခိုင်ခိုင်မြဲမြဲ အမြစ်တွယ်သလို မျှော်မှန်းချက်တွေဆီ ရောက်တဲ့ အထိ အမြစ်တွယ်နိုင်မယ်လို့တော့ ကျွန်မ မျှော်လင့်မထားပါဘူး။

မိုတီလာနေရူး (Motilal Nehru)ရဲ့ အသိသာဆုံးထူးခြားချက်ဟာ သူ့သားအပေါ် ထားရှိတဲ့ မေတ္တာပဲလို့ ဂန္ဒီက တစ်ခါတုန်းက ပြောခဲ့ဖူးပါတယ်။ "အိန္ဒိယပြည်အပေါ် မိုတီလာရဲ့ ချစ်မြတ်နိုးတဲ့စိတ်ဟာ ဂျဝါဟာလာနေရူးအပေါ် ချစ်မြတ်နိုးတဲ့ စိတ်ကနေ လာတာဖြစ်တယ်။" လို့ ပြောပါတယ်။ ဒီစကားကြောင့် ကျွန်မ ဗမာပြည်ကို ချစ်မြတ်နိုးတဲ့ စိတ်ဟာ ကျွန်မကောင်းကောင်း မမှတ်မိတဲ့ ကျွန်မရဲ့ဖခင်အပေါ် ချစ်မြတ်နိုးတဲ့စိတ်ကနေ လာတာလားလို့ ကျွန်မ စဉ်း စားကြည့်ခဲ့မိပါတယ်။ ကျွန်မအဖို့ သူ့ရဲ့ ရုပ်သဏ္ဍာန်ကို ကျွန်မတို့တိုင်းပြည် လွတ်လပ်ရေးလှုပ်ရှားမှုမှာ သူပါဝင်ခဲ့တဲ့ အခန်းကဏ္ဍနဲ့ ခွဲခြားကြည်လို့ မရဘဲ၊ ကျွန်မစိတ်ထဲမှာ ဒီရုပ်သဏ္ဌာန်ဟာ ကျွန်မတို့ရဲ့ မပြီးဆုံးသေးတဲ့ လက်ရှိ ဒီမိုကရေစီရေးတိုက်ပွဲနဲ့ လာပေါင်းစပ်နေတယ်လို့ မြင်မိပါတယ်။ သူနဲ့ သူ့ဖခင်တို့အကြားမှာ မေတ္တာတရား ချင်း၊ စီတ်ဓါတ်ချင်း၊ သွေးချင်း စွဲစွဲမြဲမြဲဆက်သွယ်နေပေမယ့်၊ သို့ မဟုတ် ဒီလိုစွဲစွဲမြဲမြဲ ဆက်သွယ်နေတာကြောင့် များ ဖြစ်မလားမသိ၊ နေရူးဟာ အိန္ဒိယပြည်သူတွေရဲ့ အလင်းရောင်အဖြစ် သူ သဘောထားနိုင်ခဲတဲ့ ဂန္ဒီကို သူ့ရဲ့ဖခင် အဖြစ်၊ နိုင်ငံရေး၊ စိတ်ဓါတ်ရေးဖခင်အဖြစ်လည်း သဘောထားနိုင်ခဲ့ပါတယ်။ ဒီလို နိုင်ငံရေး စိတ်ဓာတ်ရေးအရ
သွေးသား တော်စပ်မှုကြောင့်ပဲ ကျွန်မတို့တတွေဟာ (စကားနဲ့ ဖေါ်ပြဖို့ခက်တဲ့) ကလနားတစ်ခု နဲ့ ပေါင်းစည်းပေး ခံကြရပါတယ် (ကျွန်မတို့ မစည်းလုံးမညီညွတ်ရင် ကျဆုံးမယ်)။ ကျွန်မတို့အချင်းချင်း ချစ်ခင်မှုဟာ ပုဂ္ဂိုလ်ရေး ချစ်ခင်မှုထက် ပိုနွေးထွေးပါတယ် (ကျွန်မတို့ရဲ့ အမာခံအင်အားစု ထိခိုက်မခံရအောင် တစ်ယောက်တစ်လက် ဝိုင်း ကူဖို့ လိုပါတယ်)။

မကြာသေးခင်ကပဲ ဗက်ဆလက် ဟာဗဲအတွက် ဂုဏ်ပြုစာလွှာထဲမှာ ကျွန်မ လူချင်းမတွေ့ဖူးခဲ့တဲ့ ဗက်ဆလက် ဟာဗဲ၊ အခြား မိတ်ဆွေတွေ၊ ဆရာသမားတွေဟာ (ကျွန်မရဲ့ ပုဂ္ဂိုလ်ရေးဘဝနဲ့ ခွဲခြားလို့မရတဲ့) ကျွန်မရဲ့ လူထုအရေး ကြိုးပမ်း အားထုတ်မှုတွေအတွက် ဘာကြောင့် အဓိကတွန်းအားဖြစ်ခဲ့ကြောင်း အောက်စဖို့မှာ ကျောင်းနေစဉ်က သူငယ်ချင်း ဖြစ်ခဲ့သူ အန်း (Ann) လွန်ခဲ့တဲ့နှစ်အတော်ကြာလောက်က ကျွန်မအကြောင်းရေးခဲ့တဲ့ ဆောင်းပါးကို ရည်ညွှန်းပြီး ကြိုးစား ရှင်းပြခဲ့ပါတယ်။ အန်းက အိုင်းရစ်တော်လှန်ရေးသမား မော့ဒ် ဂိုနဲ (Maud Gonne) အတွက် ရည်ရွယ်ရေးခဲ့တဲ့ ယိစ် (Yeats) ရဲ့ ကဗျာထဲက စာကြောင်းအချို့ကို ကိုးကားခဲ့ပါတယ်။

သင့်ရဲ့ ကျက်သရေ မင်္ဂလာရှိတဲ့ တဒင်္ဂတွေကို ချစ်မြတ်နိုးကြတဲ့လူတွေ ဘယ်လောက်များများ လိုက်ကြပါသလဲ ပြီးတော့၊ အတုပဲ ဖြစ်စေ၊ အစစ်အမှန်ပဲဖြစ်စေ သင့်အလှကို ချစ်မြတ်နိုးကြသပေါ့လူတစ်ယောက်ကတော့ သင့်ကိုယ်ထဲက သူတော်ကောင်း ဝိဉာဉ်ကို ချစ်မြတ်နိုးတာ ယိုယွင်းလာနေတဲ့ သင့်မျက်နှာပေါ်က ဝမ်းနည်းကြေကွဲ မှုတွေကိုလည်း ချစ်တာပါပဲလေ။

အန်းက နောက်ဆုံးစာကြောင်းကို ဖြုတ်ထားခဲ့ပါတယ်။ နိမိတ်မကောင်းဘူးထင်လို့ဖြုတ်ထားခဲ့တာ ဖြစ်ကောင်း
ဖြစ်ပါလိမ့်မယ်။ မိတ်ဆွေ စစ်မှန်ကြောင်း အကောင်းဆုံး သက်သေပြတဲ့အနေနဲ့ ဖေါ်ကျူးထားတာဖြစ်လို့ ကျွန်မ ကတော့ ဒီစာ ကြောင်းကို ခုဖေါ်ပြလိုက်ပါတယ်။ ဉာဏ်ပညာ လိုလားတောင့်တစိတ်ကြောင့် ချစ်မြတ်နိုးခံရခြင်းဟာ
ကောင်းနိုင်သမျှ အကောင်းဆုံးနည်းနဲ့ ချစ်မြတ်နိုးခံရခြင်း ဖြစ်ပါတယ်။ ဒါ့အပြင်၊ ရှည်ကြာတဲ့ တိုက်ပွဲရဲ့ အခက်အခဲ
တွေကြားထဲမှာ နားလည် မှုနဲ့ ထောက်ခံအားပေးမှုမှု ရရှိတယ်ဆိုရင် ဘယ်တော့မှ အထီးကျန်ဖြစ်မှာ မဟုတ်ပါဘူး။

ဒီနေ့ ကျွန်မကို နေရူးအထိမ်းအမှတ်ဆု ချီးမြှင့်တဲ့အတွက် သင်တို့အားလုံးကို ကျေးဇူးတင်စကားဆိုရင်း၊ ကျွန်မရဲ့ အဖိုး ထိုက် အဖိုးတန်ဆုံးသော မိတ်ဆွေတွေဖြစ်လာခဲ့ကြတဲ့ အိန္ဒိယ ခေါင်းဆောင်များကို အလေးအနက် တန်ဖိုးထားကြောင်း ပြောလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီခေါင်းဆောင်တွေရဲ့ ဘဝတွေက လမ်းမရှိတဲ့
တောကြီး မျက်မည်းထဲမှာ ကျွန်မ လမ်းရှာတွေ့အောင် အထောက်အကူပြုပေးခဲ့လို့ပဲ ဖြစ်ပါတယ်။ နေရူးကို ရှာဖွေတွေ့ရှိ ခြင်းဟာ ကျွန်မကိုယ်ကျွန်မ ရှာဖွေ တွေ့ရှိခြင်းလည်း ဖြစ်ပါတယ်



 
adv4
19 20 21 18 17
14 13 12 8 7
6 5 9 4 3
2 1
adv5
infosys3s
adv3
16 15 10 10
adv666
Phawphaw1
adv
m zine
journal
mobile
Confronting-Democratic-Modernity-in-Military-ruled-Burma-1srogue-agent-announcement
e-letter-burmese

Who is Online

We have 43 guests online