www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
အင်္ဂါ, ၂၆ စက်တင်ဘာ ၂၀၁၇

Mizzima Burmese

Home > အထူးကဏ္ဍ > သုတေသန > ဒေါ်အောင်ဆန်းစုကြည်၏ အိန္ဒိယ ခရီးစဉ် တိုက်ရိုက်တင်ဆက်မှု

ဒေါ်အောင်ဆန်းစုကြည်၏ အိန္ဒိယ ခရီးစဉ် တိုက်ရိုက်တင်ဆက်မှု

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

inside
Places222

ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ပြန်ရောက်
dsarriveygn
ခြောက်ရက်တာ အိန္ဒိယနိုင်ငံ ခရီးစဉ်မှာ ပြန်လည် ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည် အား နိုဝင်ဘာလ ၁၈ ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တွေ့ရစဉ်။ (ဓာတ်ပုံ - ကိုဘန်းနီ ဖေ့စ်ဘွတ်) 
ဒေါ်အောင်ဆန်းစုကြည် ပြန်သွားပြီ
နယူးဒေလီ (မဇ္ဈိမ) ။        ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယ ကွန်ဂရက် ပါတီ ဥက္ကဋ္ဌ မစ္စဆိုနီယာဂန္ဓီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ ခြောက်ရက်ကြာ လာရောက်ခဲ့သည့် ခရီးစဉ်ကို
နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၁ နာရီတွင် အဆုံးသတ်လိုက်ပြီး မြန်မာနိုင်ငံသို့ ထိုင်းနိုင်မှတဆင့် ထိုင်းလေကြောင်း လိုင်းဖြင့် ပြန်လည်ထွက်ခွါသွားခဲ့ကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အတည်ပြု ပြောကြားသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့တွင် နယူးဒေလီသို့ ကိုယ်ရေးအရာရှိ ဒေါက်တာ တင်မာအောင်၊ ပါလီမန်ရေးရာ ကိုယ်ရေး အရာရှိ (လွှတ်တော်ကိုယ်စားလှယ်) ဦးဖြိုးဇေယျာသော်နှင့် အနီးကပ်လုံခြုံရေး ကိုဘန်းနီတို့နှငိ့တူ ဆိုက်ရောက် လာပြီး Leela Palace ဟိုတယ်ကြီးတွင် တည်းခိုသည်။

နောက်တနေ့နံနက် ၈ နာရီ မိနစ် ၅ဝ တွင် မဟတ္တမဂန္ဓီ ဂူဗိမာန်နှင့် ဂျဝါဟာလာနေရူး ဂူဗိမာန်သို့ သွားရောက် ဂါရဝပြုသည်။ နေ့လည် ၁၂ နာရီခွဲတွင် အိန္ဒိယ နိုင်ငံတော် ဝန်ကြီးချုပ် ဒေါက်တာ မန်မာဟန်ဆင်း နှင့် နာရီဝက်
ကျော်ကြာ တွေ့ဆုံခဲ့သည်။

ထိုနေ့ ညနေ ၆ နာရီတွင် ခရီးစဉ်ဖိတ်ကြားခြင်း၏ အဓိက အကြောင်းဖြစ်သော ဂျဝါဟာလာနေရူး အထိမ်းအမှတ်
ဟောပြောပို့ချချက် ပေးသည်။ ကွန်ဂရက်ဥက္ကဋ္ဌ မစ္စဆိုနီယာဂန္ဓီ၊ အထွေထွေအတွင်းရေးမှူး ရာဟူးလ်ဂန္ဓီတို့အပြင် ဝန်ကြီးများ၊ သံတမန်များနှင့် ဧည့်ပရိသတ် ၂,ဝဝဝ ခန့် တက်ရောက်ရာ မြန်မာ ၂ဝဝ လည်း လာရောက်နားထောင် ခွင့် ရခဲ့သည်။

နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၂ဝ တွင် ဒေလီမြို့ရှိ မြန်မာသံရုံးသို့ သွားရောက်လည်ပတ်ရာ သံရုံးယာယီတာဝန်ခံ ဦးဘလှအေး၊ စစ်သံမှူးကြီးနှင့် သံရုံးမိသားစုများက သံအမတ်ကြီးနေအိမ်တွင် မိနစ် ၄ဝ ကြာ လက်ခံတွေ့ဆုံကြသည်။

ညနေ ၄ နာရီတွင် အိန္ဒိယ စွမ်းအင်နှင့် ရင်းမြစ်များဌာန(TERI)သို့ သွားရောက် လေ့လာခဲ့သည်။

ထိုနေ့ညတွင်ပင် ဒေါ်အောင်ဆန်းစုကြည်အတွက် နိုင်ငံခြားရေးဝန်ကြီး ၏ အလုပ်စကားပြော ဂုဏ်ပြုညစာစားပွဲ တရပ်ကို ဟိုက်ဒရာဘတ် ဟောက်စ်တွင် တည်ခင်းဧည့်ခံခဲ့သည်။ ထိုညစာစားပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးဟောင်းနှင့် ဥပဒေပညာရှင်များ၊ အိန္ဒိယ စီးပွားရေး ထိပ်သီးများ၊ အိန္ဒိယ သတင်းဌာနများမှ အယ်ဒီတာများ အပါအဝင် အိန္ဒိယ၏ ထင်ရှားသော ပုဂ္ဂိုလ်များ တက်ရောက်ကြကာ မဇ္ဈိမ သတင်းဌာနမှ အယ်ဒီတာချုပ် ဦးစိုးမြင့်နှင့် ဘဏ္ဍာရေး ဒါရိုက်တာ ဒေါ်သင်းသင်းအောင် တို့လည်း တက်ရောက်ကြသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီတွင် ၁၉၆ဝ ခုနှစ်များက နိုင်ငံရေးသိပ္ပ ဘွဲ့ယူခဲ့သည့် Lady Shri Ram အမျိုးသမီးကောလိပ်သို့ သွားရောက်ကာ လက်ရှိ ဆရာမများနှင့် ကျောင်းသူများအား တွေပဆုံစကားပြောခဲ့သည်။ ထိုပွဲသို့ ပညာရေးဝန်ကြီး ရှာရှီသာရူး ကိုယ်တိုင်တက်ရောက်ကာ စကားပြောကြားခဲ့သည်။ ကျောင်းပရဝုဏ်အတွင်း တရုတ်စကားပန်းပင် စိုက်ပျိုးပေးသွားခဲ့သည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်၏ နိုဘယ်ဆုရ ငွေထဲမှ မတည်လည်ပတ်နေသည့် Prospect Burma အလွတ် ပညာသင်ကျောင်းသို့ နေ့လည် ၁၁ နာရီတွင် သွားရောက်ကြည့်ရှု စကားပြောကြားကာ အိန္ဒိယရောက် မြန်မာ များနှင့် နေ့လည် ၁၂ နာရီတွင် Oxford Senior Secondary School တက္ကသိုလ်ဝင်တန်းကျောင်းသို့ သွားရောက်ခဲ့သည်။ မြန်မာနိုင်ငံသား ၈ဝဝ ကျော်နှင့် တွေ့ဆုံကာ နာရီဝက်ကြာ မိန့်ခွန်းပြောကြားသည်။

ထိုနေ့ ညနေ ၄ နာရီတွင် အိန္ဒိယ လေကြောင်းလိုင်းဖြင့် အိန္ဒိယ၏ အိုင်တီမြို့တော် ဘန်ဂလိုသို့ ထွက်ခွါသွားသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၉ နာရီတွင် အရူနာချာ ပရာဒေ့ရှ် ပြည်နယ်ရှိ ကျေးလက်ဖွံ့ဖြိုးရေးနှင့် အမျိုးသမီး စွမ်းဆောင်ရည်မြှင့် အစီအစဉ်များအား သွားရောက်လေ့လာကာ ညနေ ၃ နာရီတွင် ဘန်ဂလိုမြို့ရှိ အိန္ဒိယ သိပ္ပံကျောင်း (IISc) သို့ သွားရောက်ကာ ကျောင်းတာဝန်ရှိသူများ၊ ကျောင်းသူ/သားများနှင့် နာရီဝက်ကျော်ကြာ
တွေ့ဆုံသည်။

ညနေ ၅ နာရီတွင် Infosys ခေါ် အိန္ဒိယနိုင်ငံ၏ အကြီးဆုံး အိုင်တီ ဝန်ဆောင်မှု ကုမ္ပဏီ အမှုဆောင်ဥက္ကဋ္ဌ S. Gopalakrishnan နှင့် နာရီဝက်ကျော်ကြာ တံခါးပိတ် ဆွေးနွေးပြီး ကုမ္ပဏီ ပရဝုဏ်အတွင်း၌ အမှတ်တရ သစ်ပင် စိုက်ပျိုးပေးခဲ့သည်။

နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်စောပိုင်းတွင် အိန္ဒိယ လေကြောင်းလိုင်းဖြင့် ထိုင်းနိုင်ငံမှတဆင့် မြန်မာနိုင်ငံသို့
ပြန်လည်ထွက်ခွါသွားခဲ့သည်။

ခရီးစဉ်တလျှောက် လုံခြုံရေး အနှောက်အယှက် တစုံတရာမရှိခဲ့ဘဲ အဆင်ပြေ ချောမွေ့ခဲ့သော်လည်း
ဒေါ်အောင်ဆန်းစုကြည် အတွက် ပင်ပန်းလှသည့် ခရီးစဉ်လည်း ဖြစ်ခဲ့သည်။
"နေရူးကိုတွေ့ရှိခြင်း"ခေါင်းစဉ်ဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောပို့ချချက်
ကိုယ့်အပေါ် မေတ္တာစေတနာထားခဲ့သူတွေ ရှိသလောက် သူတို့ ကျေးဇူးတွေကို ပြန်ဆပ်ဖို့ အခွင့်အရေးက ကြုံခဲလှပါတယ်။ လွန်ခဲ့တဲ့ တစ်လ၊ နှစ်လအတွင်းမှာတော့ ကျွန်မအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး အတွက်ရော၊ ကျွန်မရဲ့ ပုဂ္ဂိုလ် ရေးအတွက်ပါ လှိုက်လှိုက်လှဲလှဲ ထောက်ခံအားပေးခဲ့တဲ့ တိုင်းပြည်အသီးသီးက
ပြည်သူတွေ၊ အဖွဲ့အစည်းတွေနဲ့ အစိုးရ တွေကို ကျေးဇူးတင် စကားတွေ ဆိုဖြစ်ခဲ့ပါတယ်။ ကမ္ဘာတဝှမ်းလုံးကနေ ကျွန်မတို့ ရရှိခဲ့တဲ့ စာနာမှုတွေ၊ နားလည်မှုတွေ ကြောင့်ပဲ၊ ကျွန်မတို့တတွေဟာ ကျွန်မတို့ ရွေးချယ်ခဲ့တဲ့ လမ်းကြောင်း တလျှောက်လုံး အခက်အခဲကြီးတွေနဲ့ ကြုံတွေ့ရတဲ့ အခါတွေမှာ ခွန်သစ်အားသစ်တွေနဲ့ ဆက်လက် ချီတက်နိုင်ခဲ့ပါတယ်။ ကျွန်မတို့ရဲ့ အလိုအပ်ဆုံးအချိန်မှာ လှိုက်လှုက်လှဲလှဲ ပေးခဲ့တဲ့ အားပေးကူညီမှုတွေကို
ကျေးဇူးတင်စကားနဲ့ ပြန်လည် ပေးဆပ်ရုံမျှနဲ့ လုံလောက်တာတော့ မဟုတ်ပါဘူး။
သတင်းအပြည့်အစုံကို ဆက်လက်ဖတ်ရှုရန်
ဒေါ်အောင်ဆန်းစုကြည် Infosys သို့ လည်ပတ်
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် Karnataka ပြည်နယ် Bangalore မြို့တွင် တည်ရှိသည့် Infosys ဟုခေါ်သည့် အိန္ဒိယနိုင်ငံတွင် ရှိသည့် သတင်းနည်းပညာ ကုမ္ပဏီဌာနချုပ်ရုံးသို့ ယနေ့ စနေနေ့ ညနေ ၅ နာရီတွင် သွားရောက် လည်ပါတ်ကြောင်း မဇ္စျိမ သတင်းထောက် က ပြောသည်။

“အင်ဖိုစစ်လို့ ခေါ်တဲ့ IT (Information Technology )infosys1s ကုမ္ပဏီကြီးကို လာရောက်လည်ပါတ်တယ်။ ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Christ Ghopa Christna နဲ့
တွေ့ဆုံနေပါတယ်။ အဲဒါပြီးရင် ဒေါ်အောင်ဆန်းစုကြည် ဟာ အင်ဖိုစစ် ပရဝုဏ် အတွင်းမှာ အမှတ်တရ သစ်ပင် စိုက်ပျိုးဖို့ရှိပါတယ်” ဟုဆိုသည်။

အင်ဖိုစစ် ကုမ္ပဏီ တာဝန်ရှိသူများနှင့် ဒေါ်အောင်ဆန်း စုကြည်တို့တံခါးပိတ် အစည်းအဝေး ကျင်းပ ပြုလုပ်
နေတာကြောင့် သတင်းထောက်များ သတင်းယူ ခွင့်မရကြောင်းနှင့် အိန္ဒိယမီဒီယာများ၊ မြန်မာမီဒီယာများ ကုမ္ပဏီပန်းခြံအနီး သတင်း ရယူနိုင်ရေး စောင့်ဆိုင်းလျှက်ရှိကြောင်း မဇ္စျိမ သတင်းထောက်က သတင်းပေးပို့သည်။

အိန္ဒိယ လူ့အဖွဲ့အစည်းအတွင်း အလုပ်အကိုင် အခွင့်အလမ်း ဖော်ဆောင်ရေးကဏ္ဍ အတွက် အထောက်အကူပြုရန် ၁၉၉၆ ခုနှစ် တွင် Infosys ဖောင်ဒေးရှင်းကို ထူထောင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ အိန္ဒိယနိုင်ငံ၌ IT (Information Technology ) သတင်းနည်းပညာ ကဏ္ဍတွင် အလွန် ထင်ရှားကျော်ကြားသည်။
ဒေါ်စု ခရီးစဉ်ကြောင့် ယာဉ်ကြော ပိတ်ဆို့မှု စိုးရိမ်စရာမလို
ဘန်ဂလို (မဇ္ဈိမ) ။      ။  နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ နှစ်ရက်တာ ဘန်ဂလိုခရီးစဉ် အတွင်း ယာဉ်ကြောပိတ်ဆို့မှုအတွက် စိုးရိမ်ဖွယ်မရှိကြောင်း ဘန်ဂလို ယာဉ်ထိန်းရဲအရာရှိက ပြောသည်။

အိန္ဒိယရှိ သတင်းနည်းပညာIT မြို့တော် ဘန်ဂလိုတွင် ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယ သိပ္ပံကျောင်း နှင့် နည်းပညာ တက္ကသိုလ်သို့ သွားရောက်ရန်ရှိပြီး ထို့အတွက် ယာဉ်ကြောပိတ်ဆို့မှုကို စိုးရိမ်ဖွယ် မရှိကြောင်း
ပြောသည်။

ဘန်ဂလိုမြို့မှာ အိန္ဒိယနိုင်ငံတွင် ယာဉ်ကြောပိတ်ဆို့မှု အများဆုံးမြို့များထဲမှ တမြို့ဖြစ်၍ တက္ကစီများနှင့် အခြား ယာဉ်မောင်းများ၏ စိုးရိမ်မှုအား တုန့်ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

သောကြာနေ့က နယူးဒေလီရှိ Lady Shri Ram ကောလိပ်သို့ အလာတွင် ယာဉ်ကြောပိတ်ဆို့မှုကြောင့်
ဒေါ်အောင်ဆန်းစုကြည် ၁ဝ မိနစ် နောက်ကျခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည် အိန္ဒိ IT မြိုကတော်သို့ ဆိုက်ရောက်
ဘန်ဂလို (မဇ္ဈိမ)။   ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယနိုင်ငံ၏ သတင်း နည်းပညာ IT မြိုကတော်ဟု ကမ္ဘာတွင်ကျော်ကြားလှသည့် ကာနာတာကာ ပြည်နယ်၊ ဘန်ဂလိုမြို့သို့
သောကြာနေ့ည ၈ နာရီ ၅၅ မိနစ်က အိန္ဒိယ လေကြောင်းလိုင်းဖြင့် ဆိုက်ရောက်လာခဲ့သည်။

စနေနေ့တွင် အန်ဒရာပရာဒက်ရှ် ပြည်နယ်ရှိ ကျေးလက်ဖွံ့ဖြိုးရေးနှင့် အမျိုးသမီး စွမ်းဆောင်ရည်မြှင့် အစီအစဉ်များ
ကို မနက်ပိုင်းတွင် သွားရောက်လေ့လာရန်ရှိသည်။
“ပြည်ထောင်စုအမြင်နဲ့ ကြည့်စေချင်တယ်” ဟု ဒေလီရောက် မြန်မာများကို ဒေါ်စု မိန့်ခွန်းပြော
နယူးဒေလီ (မဇ္ဈိမ) ။      ။ နယူးဒေလီရှိ မြန်မာဒုက္ခသည်များအား ဒေါ်အောင်ဆန်းစုကြည် က နိုဝင်ဘာလ ၁၆ ရက်နေ့ နေ့လည် ၁၂ နာရီမှ မွန်းလွဲ ၁ နာရီအထိ Oxford Senior Secondary School သို့ သွားရောက်တွေ့ဆုံကာ နာရီဝက်ကြာ မိန့်ခွန်းပြောကြားသွားခဲ့သည်။

“ကျမ အခု အိန္ဒိယနိုင်ငံကို လာတဲ့အခါမှာ သမိုင်းအစဉ်အလာအရ မိတ်ဆွေနိုင်ငံတခုကို လာတယ်လို့ ဒီလိုပဲ စိတ်ထားပါတယ်။ အခု အန္ဒိယနိုင်ငံမှာ ရောက်နေတဲ့ ကျမတို့ရဲ့ မိသားစုတွေသဖွယ်၊ ညီအကိုတွေ၊ တူတွေ တူမတွေ၊ သားသမီးတွေသဖွယ်ဖြစ်တဲ့ အားလုံးဟာ မိသားစုတွေလို့ပဲ စိတ်ထားစေချင်ပါတယ်။ ကျမတို့နိုင်ငံ ဟာ ပြည်ထောင်စုဖြစ်တယ်ဆိုတာ အထူးအလေးထားပြီး ပြောလိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု အိန္ဒိယနိုင်ငံ မှာ ရောက်နေတဲ့ မြန်မာနိုင်ငံက ပုဂ္ဂိုလ် တော်တော်များများဟာ တိုင်းရင်းသားအသီးသီးက ဖြစ်ပါတယ်။ ဗမာ လူများစုကတော့ ဒီမှာ လူနည်းစု ဖြစ်နေတာ ကောင်းကိုကောင်းတယ်လို့ ထင်ပါတယ်။ တခါတလေ လူများစု ဆိုတာဟာ လူနည်းစုရဲ့ မျက်စိနဲ့ မြင်တတ်ဖို့လိုတယ်” ဟု ထည့်သွင်းပြောကြားသွားသည်။

နယူးဒေလီမြို့တွင် မြန်မာဒုက္ခသည် တသောင်းကျော်ရှိရာ ဗမာလူမျိုးမှာ ၁ဝဝ ပင် မပြည့်ပေ။ ချင်းတိုင်းရင်းသား များမှာ အများစုဖြစ်သည်။

ဒေလီမြို့နှင့် မိုင် ၂,ဝဝဝ ကျော် ဝေးသော နယ်စပ်ဒေသရှိ တိုင်းရင်းသားများလည်း ဒေါ်အောင်ဆန်းစုကြည်အား လာရောက်တွေ့ဆုံကြသည်။ သောကြာနေ့ တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံသား ၈,ဝဝ ကျော် တက်ရောက်ခဲ့ကြသည်။

“နောက်ဆုံး ကျမတို့ ကျမတို့ရဲ့နိုင်ငံဟာ အားလုံးအတွက် ခိုလှုံစရာ၊ လုံခြုံစရာ ပြည်ထောင်စုကြီး ကျမ ဖြစ်စေ ချင်တယ်။ အဲလိုပြည်ထောင်စုမျိုးဖြစ်ဖို့ဆိုတာ အားလုံးဝိုင်းပြီး ကြိုးစားဖို့လိုပါတယ်။ တိုင်းရင်းသားများအကြားမှာ ယဉ်ကျေးမှု မတူတာရှိတယ်၊ မျှော်မှန်းချက်တွေ မတူတာရှိတယ်၊ ဘာသာစကားတွေ မတူတူရှိတယ်၊ ကိုးကွယ်တဲ့ ဘာသာတွေ မတူတာရှိတယ်။ ဒီလို မတူကွဲပြားတဲ့အထဲက ကျမတို့ဟာ ညီညွတ်မှုကို တည်ဆောက်ရမှဖြစ်တယ်။ ဒီလို ညီညွတ်မှု တည်ဆောက်ဖို့ဆိုတာဟာ တယောက်နဲ့တယောက် နားလည်မှုယူဖို့လိုတယ်။ အပြန်အလှန်
လေးစားဖို့လိုတယ်။ နားလည်မှုရဖို့၊ အပြန်အလှန် လေးစားနိုင်ဖို့ဆိုတာဟာ တယောက်နဲ့တယောက် ပြောတာကို နားထောင်ဖို့လိုတယ်။ ကိုယ်တဖက်က ကိုယ်ပြောချင်တာပဲ၊ ကိုယ်ဖြစ်စေချင်တာပဲကို မီးမောင်းထိုးနေလို့ မရဘူး။ ဟိုဘက်ကအသံလည်း နားထောင်ရတယ်၊ ဒီဘက်ကအသံလည်း နားထောင်ရတယ်” ဟု လည်း ဆက်ပြောသည်။

အဆိုပါ Oxford တက္ကသိုလ်ဝင်တန်းကျောင်းမှာ မြန်မာဒုက္ခသည် ကလေးများအား ခွတြန်းစနစ်ဖြင့် အခမဲ့ ပညာသင်ကြားပေးနေရာ ကျောင်းတကျောင်း ဖြစ်ပြီး မြန်မာများ နေထိုင်ရာ Vikas Puri ရပ်ကွက်တွင် တည်ရှိသည်။

“ကျမတို့ဟာ အမျိုးသားသွေးစည်းညီညွတ်ရေးအတွက် လုပ်မယ်ဆိုပြီးတော့ ဒီမိုကရေစီလှုပ်ရှားမှုထဲကို ဝင်လာ တာပါ။ ဒီလို ပြန်လည်သွေးစည်းညီညွတ်ရေးအတွက် လုပ်တဲ့အခါမှာ တဦးနဲ့တဦး နားလည်မှု ယူဖို့ဆိုတာဟာ တဖက်သတ် ကြည့်လို့ မရပါဘူး။ ဟိုဘက် ဒီဘက်ကိုလည်း ကြည့်ရတယ်၊ ပြည်ထောင်စုတခုလုံးရဲ့ အခြေအနေ ကိုလည်း ကြည့်ရတယ်။ ကျမတို့ ပြည်ထောင်စုထဲမှာ တနေရာမှာဖြစ်နေတဲ့ကိစ္စတွေ၊ ပြဿနာတွေဟာ တခြားနေရာတွေနဲ့ မဆိုင်ဘူးဆိုပြီး မြင်လို့မဖြစ်ပါဘူး။ တိုင်းပြည် တပြည်လုံးနဲ့ ဆိုင်ပါတယ်။ ဘယ်နေရာမှပဲ ဘယ်လိုပဲ ဖြစ်နေဖြစ်နေ၊ ကျမတို့ပြည်ထောင်စုတခုလုံးနဲ့ ဆိုင်တယ်ဆိုတဲ့စိတ်ဓာတ် ထားဖို့လိုပါတယ်။ ဒါကြောင့်မို့လို့ တနေရာမှာဖြစ်နေတဲ့ ပြဿနာတွေကို ကြည့်တဲ့အခါမှာ ပြည်ထောင်စုအမြင်နဲ့ ကြည့်စေချင်တယ်” ဟုလည်း ပြောကြားသွားသည်။

ဆက်လက်၍ ““ဒါ ကျမတို့ဟာ ဒုတိယ ပင်လုံကဲ့သို့သော တိုင်းရင်းသားများရဲ့ စည်းလုံးညီညွတ်မှု၊ တကယ့်
နှလုံးသားထဲကလာတဲ့ စည်းလုံးညီညွတ်မှုဖြစ်စေမယ့် ညီလာခံမျိုးလိုတယ်ဆိုတာ ကျမတို့ ပြောတာပါ။ ပင်လုံ စိတ်ဓာတ်ကို ပိုပြီးတော့ ရှင်သန်စေမယ့် ညီလာခံမျိုးကို ပြောတာပါ။ ၁၉၄၇ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ပင်လုံညီလာခံမှာ ဆိုရင် တိုင်းရင်းသားတွေ အစုံပါတာ မဟုတ်ပါဘူး။ ဒါလည်း ကျမတို့ အသိအမှတ်ပြုပါတယ်။ ဒါပေမယ့်လည်း အဲဒီပင်လုံညီလာခံဟာ ပြည်ထောင်စုစိတ်ဓာတ်ကို အမြစ်တွယ်အောင်လို့ အစပျိုးလိုက်တဲ့ ညီလာခံ ဖြစ်ပါတယ်။ အမြစ်တွယ်ရုံနဲ့ အပင်ကြီးကနေ ရှင်သန်လာတာ မဟုတ်ပါဘူး။ ဟိုးတုန်းက တွယ်ခဲ့တဲ့ အမြစ်လေးဟာ ရှင်သန်ပိုင်ခွင့် မရှိတဲ့အခါကျတော့ အခု ကျမတို့ရဲ့ ပြည်ထောင်စုဟာ အင်မတန်မှ သန်မာပြီးတော့ အသီးတွေ၊ အပွင့်တွေ ဝေဆာနေတဲ့အပင်ကြီး ဖြစ်လာတယ်လို့ မပြောနိုင်သေးပါဘူး။ ဒီလိုဖြစ်လာအောင်လို့ ကျမတို့ ဆက်ပြီးတော့ ပြည်ထောင်စုစိတ်ဓာတ်ကို မွေးမြူရမယ်၊ အားပေးရမယ်။ အမြစ်ကလေးတွေကို ရေလောင်းပေးရ မယ်၊ မြေဖို့ပေးရမယ်။ ဒါဟာ ကျမတို့ခေတ် လက်ရှိရှိနေတဲ့ နိုင်ငံသူ နိုင်ငံသားတွေ အားလုံး လုပ်ဖို့ပါပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဘန်ဂလိုမြို့ရှိ အိန္ဒိယ နည်းပညာနှင့် သိပ္ပံကျောင်းသို့ သွားရောက်လေ့လာရန် အတွက် ဒေလီမြို့မှ သောကြာနေ့ ညနေတွင် လေကြောင်းခရီးဖြင့် ထွက်ခွါမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ပြောကြားသွားသည့် မိန့်ခွန်း အသံဖိုင်



ဒေါ်အောင်ဆန်းစုကြည် ဗီးကပ်စ်ပူရီအရပ်ရှိ အောက်စ်ဖို့ဒ်ကျောင်းတွင် မိန့်ခွန်းပြောကြားနေစဉ်
dsmeetmyan
မြန်မာနှင့် အိန္ဒိယ ပရိတ်သတ် ၈ဝဝ ကျော်တို့ကို ဒေါ်အောင်ဆန်းစုကြည်က နယူးဒေလီ ဗီးကပ်စ်ပူရီအရပ်ရှိ
အောက်စ်ဖို့ဒ်ကျောင်းတွင် နိုဝင်ဘာ ၁၆ ရက်နေ့က မိန့်ခွန်းပြောကြားနေစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ နာရီဝက်ခန့်ကြာ
ပြောကြားမှုတွင် သူမက မြန်မာနိုင်ငံတွင် ၂ဝဝ၈ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးနှင့် တရားဥပဒေစိုးမိုးရေး တို့အတွက် အတူတကွ လုပ်ဆောင်ကြရန် တိုက်တွန်းလိုက်သည်။ မြန်မာနိုင်ငံသားများ ပြန်လာချင်ရင်
ပြန်လာလို့ရအောင် ကြိုးစားနေသည်ဟု ထည့်သွင်းပြောဆိုသွားသည်။
Prospect Burma အလွတ်စာသင်ကျောင်း
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရရှိခဲ့သော ဆုရငွေများဖြင့် မတည်ဖွင့်လှစ်ထားခဲသော Prospect Burma အလွတ်စာသင်ကျောင်းမှ အိန္ဒိယနိုင်ငံ နယူးဒေလီရှိ မြန်မာဒုက္ခသည် ကျောင်းသား
ကျောင်းသူများကို " အခက်အခဲတွေ ဘယ်လောက်ရှိရှိ ဘဝစိန်ခေါ်မှုတွေကိုရင်ဆိုင်နိုင်ဖို့် ပညာကြိုးစားကြရန်”
နိုဝင်ဘာ ၁၆ ရက်နေ့က တိုက်တွန်းအားပေးစကားပြောကြားသွားခဲ့သည်။

“ကျောင်းသူ၊ ကျောင်းသားများသို့  သြဝါဒစကား အပြည့်အစုံ”
Prospect Burma1 ... Prospect Burma2 ... Prospect Burma3 ... Prospect Burma4 ...
ပညာရင်နို့ သောက်စို့ခဲ့ရာ LSR သို့
နယူးဒေလီ (မဇ္ဈိမ)။   ။ ၁၉၆ဝ ခုနှစ်များက နိုင်ငံရေးသိပ္ပံပညာ ဆည်းပူးခဲ့သော Lady Shri Ram အမျိုးသမီး
ကောလိပ်သို့ နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီက ဒေါ်အောင်ဆန်းစုကြည် ပြန်လည်သွားရောက် လည်ပတ်ခဲ့သည်။

ကြိုတင်ရေးသားထားသော စာရွက်မပါပဲ နာရီဝက်ခန့်ကြာ မိန့်ခွန်းပြောကြားခဲ့ရာတွင် “ဒီစင်မြင့်ဟာ တခါက ကျမ စကားတွေ တက်ပြောခဲ့၊ သီချင်းတွေ တက်ဆိုခဲ့၊ ပြဇာတ်တွေ တက်ကပြခဲ့တဲ့ စင်မြင့်ပါပဲ။ ကျမ ဒီကျောင်းကို
ပြန်ရောက်ရတာဟာ အိမ်ကို ပြန်ရောက်လာရုံတင် မကဘဲ ပျော်ရွှင်မှုနဲ့ ချစ်မေတ္တာတွေဆီကို ရောက်ရသလိုပါပဲ” ဟု ခံစားချက်ကို ပြောဆိုသည်။

ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်တဦးဖြစ်သွားသည့် ကျောင်းသူဟောင်းကို မိခင်ကျောင်းတော်ကြီးက ဂုဏ်ပြု ကြိုဆိုကြရာတွင် လက်ရှိ နိုင်ငံရေးသိပ္ပံ ကျောင်းသူလေးများက ‘ဒေါ်အောင်ဆန်းစုကြည်’ မြန်မာသီချင်းကို ဂီတာတလက်ဖြင့် သီဆို၍ ၎င်းတို့၏ ဂုဏ်ထူးဆောင် ကျောင်းသူဟောင်းကြီး ဝင်ရောက်အလာကို ကြိုဆို လိုက်ကြသည်။

ထို့နောက် ကဗျာ့ကဝိကြီး ရာဗိဒြာနသ်တဂိုး၏ စာသားတချို့ဖြင့် ဖွဲ့သီထားသည့် ‘ထီးတည်းလျှောက်’ အမည်ရ သီချင်းကိုလည်း သီဆိုဂုဏ်ပြုခဲ့ကြပြန်သေးသည်။

“ကျမအနေနဲ့ ထီးတည်းလျှောက်ခြင်းထက် အတူလျှောက်ခြင်းကို ပိုလိုလားပါတယ်” လို့လည်း
ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းထဲတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။

ပညာရေးဝန်ကြီး Dr Shashi Tharoo ကိုယ်တိုင် တက်ရောက်ဂုဏ်ပြုစကားပြောပြီး ကျောင်းအုပ်ကြီး Dr Meenakshi Gopinath ကိုယ်တိုင် အခမ်းအနားမှူးလုပ်ကာ ကြိုဆိုကြသည်မှာ ဖိတ်ကြားထားသည့် ဧည့်သည်ပေါင်း တထောင်ကျော် တက်ရောက်ခဲ့ကြ၍ ကျောင်းခန်းမကြီး ပြည့်လျှံနေသည်။

ကျောင်းသူမလေးများက ဒေါ်အောင်ဆန်းစုကြည် မတ်တပ်ရပ်လိုက်တိုင်း ထကာထကာ လက်ခုပ်တီး
အော်ဟစ် ပျော်ရွှင်ကြသည်။

“အင်မတန်မှ စိတ်လှုပ်ရှားစရာပဲ။ အမေလည်း အရင်တုန်းက ကလေးလိုပဲ” ဟု မဇ္ဈိမ၏ မေးမြန်းချက်ကို
ဒေါ်စု ပြန်ဖြေသွားသည်။

မိန်းကလေး အတော်များများမှာ “ချောတဲ့” ဒေါ်စု၏ ခရမ်းနုရောင် ဝတ်စုံကိုလည်း အလွန်နှစ်သက်ကြသည်။

“သူ့ လူမှုအတွေးအခေါ်တွေ၊ သူ့ ပြည်သူတွေအတွက် လုပ်ဆောင်ချက်တွေအပြင် ကျမကတော့ သူ ချောတာကိုပါ အားကျလိုက်တာ။ ကျမသာ အသက် ၆ဝ အရွယ်ရောက်ရင် အဲလိုလေးပဲ ဖြစ်ချင်လိုက်တာ” ဟု နိုင်ငံရေးသိပ္ပံ
ကျောင်းသူ တဦးက စိတ်လှုပ်ရှားစွာပြောသည်။

“ဂုဏ်ယူချက်ကတော့ စကားလုံးနဲ့တောင် မဖော်ပြတတ်တော့ဘူး။ တကယ်။ သူလာလည်တာလေ၊ သူလာနေ
စေချင်တာ။ ဒါပေမယ့် ရှင်တို့တိုင်းပြည်က သူ့ကို ပိုလိုအပ်နေတယ်မဟုတ်လား။ ကျမတို့ နားလည်ပါတယ်” ဟုလည်း ကုန်သွယ်စီးပွား ကျောင်းသူတဦးက မဇ္ဈိမကို ပြောသည်။

၁၉၆၄ ခုနှစ်က ကျောင်းမဂ္ဂဇင်းတစောင်တွင် ဒေါ်အောင်ဆန်းစုကြည် ရေးသားခဲ့သည့် “တောထဲက ငှက်ငယ်လေး” ဝတ္တုတိုအား အရိပ်ပြ သရုပ်ဖော်ဖြင့် နောက်ခံဖတ်ကြားကာ တင်ဆက်မှုတခု လုပ်ခဲ့သေးသည်။

သေသွားသည့် ငှက်ကလေးကို တောထဲ သွားမြှုပ်မည့် အဖိုးကို မြေးက မေးတော့ “ငှက်ဆိုတာ တောထဲမှာ
ပျော်တာ။ သေတော့လည်း တောထဲမှာ သေရမှ သေပျော်မှာပေါ့ကွဲ့” ဟူသော စာသားများ ပါဝင်သည်။

ကျောင်းတော်ဟောင်းကို ပြန်ရောက်ရသည်မှာ “အတိတ်ကို ပြန်သတိရတာမျိုးထက် အနာဂတ်ကိုလည်း
မျှော်လင့်ချက်တွေ ရှိနေတယ်” ဟု မိန့်ခွန်းပြောသည့် နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူ့နိုင်ငံရေးအမြင်ကိုလည်း ထည့်သွင်း ပြောကြားသွားသေးသည်။

“နိုင်ငံရေးအလုပ်ဆိုတာ တကယ်မလွယ်တဲ့အလုပ်ပါ။ မူကို မဆုပ်ကိုင်နိုင်ဘူးဆိုရင် နိုင်ငံရေးဘဝကို စွန့်လွှတ် လိုက်ပါတော့။ …စေ့စပ်ညှိနှိုင်းတယ်ဆိုတာ အခြေခံမူတွေကို လိုချင်လို့ပဲဖြစ်တယ်။ … အလုပ်လုပ်ဖို့က မရှိမဖြစ် လိုအပ်တယ်။… ဒီမှာ ရနေတဲ့ အခွင့်အရေးမျိုးတွေအတွက် ကျမတို့ဆီမှာက တိုက်နေရတုန်းပါ” ဟု ဆိုသည်။

ကျောင်းပရဝုဏ်အတွင်း အမှတ်တရ “တရုတ်စကားပန်းပင်” စိုက်ပျိုးပေးခဲ့ပြီး မြန်မာဒုက္ခသည်များနှင့်တွေ့ဆုံရန် Oxford Senior Secondary School နှင့် Prospect Burma အလွတ်ပညာသင်ကျောင်းသို့ ထွက်ခွာသွားသည် အထိ သတင်းထောက်များ၊ ကင်မရာသမားများ တမြုံတမကြီးနှင့် ရှိတော့သည်။

ကြာသပတေးနေ့၊ နိုဝင်ဘာလ ၁၅ ရက်၊ ၂၀၁၂ ခုနှစ်
ဒေါ်စုအတွက် နိုင်ငံခြားရေးဝန်ကြီး၏ ဂုဏ်ပြုညစာစားပွဲ
နယူးဒေလီ (မဇ္ဈိမ)။    ။ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Shri Salman Khurshid နှင့် ဒေါ်အောင်ဆန်းစုကြည်တို့
နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၇ နာရီက တွေ့ဆုံပြီးနောက် ဂုဏ်ပြုညစာစားပွဲတရပ်ဖြင့် ဝန်ကြီးက တည်ခင်း ဧည့်ခံသည်။
dsdinner
စွမ်းအင်နှင့် ရင်းမြစ်ဌာန ဒေါ်စု သွားရောက်လေ့လာ
နေမျိုး (မဇ္ဈိမ)။   ။ အိန္ဒိယနိုင်ငံတွင်း တတိယနေ့ ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်း စုကြည်သည် နယူးဒေလီမြို့အနီး စွမ်းအင်နှင့် ရင်းမြစ်များဌာန (TERI) သို့ နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီက သွားရောက်လေ့လာခဲ့သည်။

မြန်မာနိုင်ငံ စွမ်းအင်နှင့် ရင်းမြစ်များ အသုံးချရေးတွင် နိုင်ငံရေးနှင့် လူမှုရေးရာများပါ ဆက်စပ်ပါဝင်နေကြောင်း
ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နှစ်ပေါင်းများစွာ အာဏာရှင်စနစ်အောက်မှ မြန်မာပြည်အား ဗဟိုချုပ်ကိုင်မှုစနစ် လျှော့ချရန်မှာ အလွန်အလွန် မလွယ်ကူလှကြောင်းလည်း ထည့်သွင်းပြောဆိုသည်။

“ဒေသန္တရ (ပြည်နယ်)အစိုးရများများကို အားကောင်းလာအောင် လုပ်ပေးရမယ်။ စီးပွားရေးအရ ပရောဂျက်တွေက ဗဟိုကနေ လွတ်လပ်စွာ သတ်မှတ်ချပေးရမယ်” ဟု ဆိုသည်။

လေအားနှင့် နေရောင်ခြည်စွမ်းအင်များ စမ်းသပ်ထုတ်လုပ်နေကြသော်လည်း ရေအားလျှပ်စစ်မှာ မြန်မာနိုင်ငံတွင် အသုံးများပြီး ၎င်းတို့မှာ တိုင်းရင်းသားဒေသများတွင် ထုတ်လုပ်နေရသည်။ ထို့ကိစ္စများတွင် ရင်းနှီးမြှုပ်နှံပါက စွမ်းဆောင်ရည်နှင့် ဝင်ငွေပါ ရဖို့လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

မြန်မာနိုင်ငံမှာ သဘာဝရင်းမြစ်များ ပေါကြွယ်ဝပြီး ၎င်းတို့အား ထိန်းသိမ်းရန် စွမ်းအင်ပေါ်လစီတရပ် လိုအပ်
ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ကျမတို့ နိုင်ငံမှာဆို ဝါး အင်မတန်ပေါတယ်။ ဝါးကနေ အဆင့်မြင့် ထွက်ကုန်တွေ ထုတ်သင့်တယ်။ ဂျပန်တို့၊ ကိုရီးယားတို့ဆို သိပ်ကောင်းတယ်။ ဒါ့အပြင် အိန္ဒိယလိုပဲ သစ်ခွကို စီးပွားဖြစ် စိုက်ပျိုးရောင်းချနိုင်တယ်” ဟုလည်း ပြောသည်။

ထို့နောက် အဆိုပါဌာန၏ သုတေသနဆိုက်များကို TERI ညွန်ကြားရေးမှူးချုပ် Dr R K Pachauri နှင့် တာဝန်ရှိသူများက လိုက်လံပြသခဲ့သည်။

ထိုအထဲတွင် သစ်သားတုံး လောင်စာသုံး မီးအပူဖြင့် လျှပ်စစ်ဓါတ် ထုတ်လုပ်ရာတွင် မိုဘိုင်းဖုန်း အားဖြည့်နိုင်
ခြင်းနှင့် အခြား လျှပ်စစ်အားဖြည့်စွမ်းပေးနိုင်ပုံကို ဒေါ်အောင်ဆန်းစုကြည် က အထူးစိတ်ဝင်တစား ကြည့်ရှုခဲ့သည်။

ထို့အပြင် ဇီဝနည်းပညာဌာန၊ အနုစိတ် မျိုးပွားဥယျာဉ် အပါအဝင် သဘာဝ ပတ်ဝန်းကျင်နှင့် စွမ်းအင်ထိရောက်မှု အစီအစဉ်များကို လှည့်လည်ကြည့်ရှုခဲ့သည်။

ထို့နောက် အမှတ်တရ ‘ရေတမာပင်’ စိုက်ပျိုးပေးခဲ့သည်။

TERI တွင် စွမ်းအင်ဆိုင်ရာ အထူးကျွမ်းကျင်သည့် ပညာရှင်များပါဝင်ပြီး လူသားရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းများပေးခြင်း နှင့် အိန္ဒိယနိုင်ငံမှ ပါရမီရှိ လူငယ် ပညာတတ်များအား အနာဂါတ်တွင် စက်မှုအခန်း ကဏ္ဍ၌ ခေါင်းဆောင် ဖြစ်လာစေရန် ရည်ရွယ်ဖွဲ့စည်းထားသည့် ဌာနဖြစ်သည်။  

TERA ဌာန သုတေသနဝင်းသည် ၉၉ ဧက ကျယ်ဝန်းကာ စိုက်ခင်းများ၊ ပရောဂျက်များ၊ သုတေသနများ အများအပြား ရှိသည့် သိပ္ပံဌာနကြီး တခုဖြစ်သည်။
နယူးဒေလီရှိ မြန်မာသံရုံးသို့ ဒေါ်အောင်ဆန်းစုကြည် လည်ပတ်
ဒေါ်အောင်ဆန်းစုကြည်သည် နယူးဒေလီတွင်ရှိသည့်  မြန်မာသံရုံးသို့ ကြာသပတေးနေ့ နံနက် ၁၁ နာရီ မိနစ် ၂ဝ တွင်သွားရောက် လည်ပတ်ခဲ့သည်။

မြန်မာသံရုံး ယာယီတာဝန်ခံ ဦးဘလှအေး အပါအဝင် သံရုံးမိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO တွင် တာဝန်ထမ်းဆောင်နေသည့် ရဲဘော်သုံးကျိတ်ဝင် ဗိုလ်ရန်နိုင် ၏ သမီးဖြစ်သူ
ဒေါက်တာအမရာမွန်နိုင် လည်း ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုရာတွင် ပါဝင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်
နှင့် ဒေါက်တာအမရာမွန်နိုင်တို့မှာ ကျောင်းနေဘက် ငယ်သူငယ်ချင်းများဖြစ်ကြသည်။

မြန်မာသံရုံး မိသားစုနှင့် မိနစ် ၄ဝ ခန့်ကြာ နှုတ်ဆက်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ပြန်လည် ထွက်ခွာသွားခဲ့သည်။

သံရုံးယာယီ တာဝန်ခံ ဦးဘလှအေး က “ အခုလို ၁၉၉၅ ခုနှစ် ကတည်းက အပ်နှင်းထားတဲ့ ဆုကို လာရောက် လက်ခံတဲ့ ကိစ္စဟာ ဝမ်းမြောက်ဝမ်းသာ စရာ ကိစ္စဖြစ်တယ်။ မနေ့က နေရူးလက်ချာမှာ ဒေါ်အောင်ဆန်းစုကြည် ထည့်သွင်း ပြောကြားသွားသလိုပဲ အိန္ဒိယနိုင်ငံနှင့် ပါတ်သက်ပြီးတော့ စိတ်ပျက်မှု မရှိဘူး၊ မျှော်လင့်ချက်ထား တယ်။ နှစ်နိုင်ငံ ပြည်သူချင်း ဆက်ဆံရေးကို တိုးမြှင့်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောထားတဲ့ အတွက် နှစ်နိုင်ငံ ဆက်ဆံရေးအတွက် ကောင်းတဲ့ အလားအလာ၊ ရှေ့ကိုပိုမို တိုးတက်သွားဖို့ပဲ ရှိတယ်” ဟု  မဇ္စျိမ ကို ဖြေကြားသည်။

ဒေါ်အောင်ဆန်းစုကြည် ကားပေါ်တက်ခါနီးတွင် ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံကို ရောက်ရှိလာမည့် အမေရိကန် သမ္မတကြီး ဘားရက်အိုဘားမား နှင့် တွေ့ရန် အစီအစဉ် ရှိ၊ မရှိ မဇ္စျိမက မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က “တွေ့မှာပါ” ဟုဖြေကြားသွားကြောင်း သတင်းရရှိသည်။
၁၉၉၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ကို နေရူးဆု ဆုချီးမြှင့်ခဲ့စဉ်က
(ယခု မဇ္ဈိမ သတင်းဌာန မန်နေးဂျင်း ဒါရိုက်တာ ဦးစိုးမြင့်က ထိုစဉ်က ဒီဗီဘီသတင်းဌာနအတွက် ပေးပို့ခဲ့သော သတင်းကို မူရင်းအတိုင်း အမှတ်တရ ပြန်လည်ဖော်ပြအပ်ပါသည်။)

India နိုင်ငံရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့၊ ၁၉၉၃ခုနှစ်၊ နိုင်ငံတကာ နားလည်မှုအတွက် Jawaharlal Nehru ဆုအား၊
မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမူ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား၊ India နိုင်ငံ အစိုးရက ပေးအပ်မှု အခမ်းအနားကို နယူးဒေလီမြို့ မှာ ကျင်းပခဲ့ပါတယ်။ ထိုအခမ်းအနားကို သမ္မတအိမ်တော်ဝင်း အတွင်းရှိ၊ Ashoke Hall အတွင်း နေ့လည် ၁၂ နာရီမှ ၁ နာရီအထိ ကျင်းပခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့အကြောင်း အမျိုးမျိုးကြောင့်၊ ကိုယ်တိုင် မတတ်ရောက်နိုင်ခဲ့တဲ့အတွက် သူမကိုယ်စား ဒေါ်သန်းအေးက လက်ခံရယူခဲ့ပါတယ်။

ထိုဆုပေးပွဲ အခမ်းအနားကို အိန္ဒိယနိုင်ငံရဲ့ သမ္မတ၊ ဒုတိယ သမ္မတများ၊ ကွယ်လွန်သူ ဝန်ကြီးချုပ် ရာဂျစ်ဂန္ဓီရဲ့ ဇနီး Sonia Gandhi၊ အိန္ဒိယ Cabinet အဖွဲ့ ဝင် ဝန်ကြီးများ၊ လွှတ်တော် အမတ်များ၊ အိန္ဒိယ နိုင်ငံဆိုင်ရာ
နိုင်ငံတကာ သံအမတ်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များအပြင် မြန်မာ့ ဒီမိုကရေစီ အင်အားစုများ တတ်ရောက်ခဲ့သည်။

ထိုဆုပေးပွဲ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကိုယ်တိုင်တတ်ရောက်ပြီး ဆုလက်ခံ မယူနိုင်တဲ့ အတွက်၊ သူမရဲ့ လက်ခံယူတဲ့ မိန့် ခွန်းစကားကို Video ခွေနဲ့  ပြောကြားခဲ့ပါတယ်။

ဒေါ်စုက သူ့ မိန့် ခွန်းထဲမှာ “ သူမ အနေနဲ့ ဒီဆုဟာ၊ သူမကို ပုဂ္ဂိုလ်တဦး တယောက်အနေနဲ့ ပေးအပ်ခဲ့တာ မဟုတ်ပဲ၊ မြန်မာပြည် ဒီမိုကရေစီ လှုပ်ရှားမူ ကိုယ်စားလှယ် တယောက်ကို ပေးအပ်ဖို့ ဆိုတာ သူမသိရှိကြောင်း၊ ရဲရင့်တဲ့ မြန်မာပြည်တွေရဲ့ ကြိုးစားအားထုတ်မူကို အာရုံစိုက်နိုင်စေဖို့ ၊ယခုလို အခွင့်အရေးအတွက် ကျေးဇူးတင်
ကြောင်း၊ မြန်မာပြည်သူတွေ အနေနှင့်မျှော်လင့်ယုံကြည်တာကတော့၊ မဝေးကွာတဲ့တနေ့ မှာ၊ မြန်မာနိုင်ငံဟာ ဒီမိုကရက်တစ်နိုင်ငံတခု ဖြစ်လာမှာဖြစ်ကြောင်း၊ သူမအနေနဲ့  ယခုလို သူမရဲ့ အသဲနှလုံးမှာ လွန်စွာမှ နီးကပ်စွာ တည်ရှိတဲ့ India နိုင်ငံက ၁၉၉၃ ခုနှစ်၊ Jawaharlal Nehru နိုင်ငံတကာ နားလည်မှု ဆုပေးတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပါတယ်။

ထိုဆုကို ဒေါ်စုကိုယ်စား တတ်ရောက်ယူခဲ့တဲ့ ဒေါ်သန်းအေးဟာ၊ India နိုင်ငံမှာ နှစ်ပေါင်းများစွာ နေထိုင် အလုပ်လုပ်ခဲ့သူဖြစ်ပြီး၊ ပထမဆုံး မြန်မာအမျိုးသမီး တယောက်အနေနှင့်၊ ကုလသမဂ္ဂ အတွင်းရေးမှုး အဖွဲ့ ဝင် တဦးဖြစ်ခဲ့တယ်။

Jawaharlal Nehru နိုင်ငံတကာ နားလည်မှုဆုဟာ India နိုင်ငံရဲ့ ဝန်ကြီးချုပ်၊ Pandit Jawaharlal Nehru ကို ဂုဏ်ပြု အမှတ်တရအဖြစ်၎င်း၊ ၄င်းရဲ့ဘဝတစ်ကွေ့၊ ငြိမ်းချမ်းရေးနဲ့ နိုင်ငံအချင်းချင်း နားလည်မှုအတွက် ကြိုးစားခဲ့မှုကို၊ဂုဏ်ပြုသောအားဖြင့်သော၎င်း၊ ထိုဆုကိုထူထောင်ခဲ့ခြင်းဖြစ်သည်။ ထိုဆုအား ဒုသမ္မတ အပါအဝင် ထင်ရှားတဲ့ပုဂ္ဂိုလ် ၇ ဦး ပါဝင်တဲ့  ဆုပေးအဖွဲ့က ရွေးချယ်ခဲ့တာဖြစ်တယ်။

ထိုဆုကို ပထမဆုံးအနေနဲ့ ၊ ၁၉၆၅ခုနှစ်မှာ မြန်မာအမျိုးသားဖြစ်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဦးသန့် ကရရှိခဲ့ပြီး၊ ၁၉၇၉ခုနှစ်မှာ တော့တောင်အာဖရိကခေါင်းဆောင် Nelson Mendala ကရရှိခဲ့တယ်။။

ယခု ၁၉၉၃ ခုနှစ်ဆိုကိုတော့ မြန်မာနိုင်ငံ ဒီမိုကရေစီ လှုပ်ရှားမူခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား
ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၁၂ ခုနှစ်
ဒေါ်အောင်ဆန်းစုကြည်၏ ဂျဝါဟာလာနေရူး အထိမ်းအမှတ် ဟောပြောပို့ချချက် အသံဖိုင်










မပြီးသေးသော မြန်မာ့ ဒီမိုကရေစီအရေးအား အိန္ဒိယပြည်သူများ ဆက်ကူရန် ဒေါ်စုပြော
နယူးဒေလီ (မဇ္ဈိမ)။   ။ နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေ ၆ နာရီ ၁ဝ မိနစ်မှ စတင်၍ နာရီဝက်ကျော်ကြာ
ပြောကြားခဲ့သော ဂျဝါဟာလာနေရူး အထိမ်းအမှတ် ဟောပြောပို့ချချက်အပြီးတွင် မြန်မာ့ဒီမိုကရေစီအရေးမှာ မပြီးဆုံးသေးဘဲ အိန္ဒိယ ပြည်သူများအနေဖြင့် ဆက်လက် ကူညီအားပေးကြရန် တိုက်တွန်းပြောကြားသွားသည်။

“အစိုးရဆိုသည်မှာ အပြောင်းအလဲ ရှိနိုင်တာဖြစ်တဲ့အတွက် ပြည်သူချင်း ဆက်ဆံရေးကို ပိုမိုခိုင်မြဲအောင် တည်ဆောက်ဖို့ လိုပါတယ်” ဟု ပြောဆိုသွားသည်။

ဧည့်ပရိသတ် တထောင်ကျော် တက်ရောက်သော အဆိုပါ ဟောပြောပို့ချပွဲသို့ နေရူးအထိမ်းအမှတ်အဖွဲ့နှင့် ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ မစ္စဆိုနီရာဂန္ဓီ၊ ကွန်ရက်ပါတီ အတွင်းရေးမှူး ရာဟူးလ်ဂန္ဓီတို့ အပါအဝင် အစိုးရဝန်ကြီးများ အိန္ဒိယနိုင်ငံရေး အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များလည်း တက်ရောက်လာကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောချက်တွင် ဂျဝါဟာလာ နေရူးနှင့် မြန်မာ့ လွတ်လပ်ရေးတိုက်ပွဲ ဆက်စပ်နေ မှု၊ ဒေါ်အောင်ဆန်းစုကြည် ၁၆ နှစ်သမီးအရွယ်က နေရူးအား နယူးဒေလီဘူတာရုံတွင် ပထမဆုံး တွေ့ဆုံခဲ့ပုံ တို့ကိုလည်း ထည့်သွင်း ပြောကြားသွားသည်။

ထို့ပြင် နေရူး၏ ဇနီး ကမလာ မမာမကျန်းဖြစ်နေစဉ်က နေရူးမှာ အင်္ဂလိပ် ကိုလိုနီသမားတို့၏ အကျဉ်းထောင်တွင်း ကျရောက်နေရပြီး ခေတ္တလာတွေ့စဉ် ဇနီးကပင် ၎င်းအား ပြန်လည်အားပေးကာ လွတ်လပ်ရေးတိုက်ပွဲအား ဆက်စေခဲ့ခြင်းကို ပြောပြသွားသည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်တွင် ကျခံနေရစဉ် ခင်ပွန်း မိုက်ကယ်အဲရစ် ကင်ဆာဝေဒနာ ခံစားခဲ့ရခြင်းနှင့် နှိုင်းချင့် ကိုယ်ချင့်ကာ စဉ်းစားဖွယ်ဖြစ်သည်။

ထို့ပြင် မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံအားပေးခဲ့သူ အိန္ဒိယနိုင်ငံသားများလည်း တက်ရောက်ခဲ့ကြကာ
မြန်မာနိုင်ငံသား ၂ဝဝ ခန့် လာရောက်နားထောင်ခွင့်ရခဲ့။

ဟောပြောပွဲသို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ဒု-သံအမတ်ကြီးနှင့် အရာရှိတဦး လာရောက်နားထောင်သွား
သေးသည်။
အိန္ဒိယ ဝန်ကြီးချုပ်နဲ့ ဒေါ်စုတို့ နာရီဝက်ကျော်ကြာ တွေ့ဆုံပြီးဖြစ်
နယူးဒေလီ (မဇ္ဈိမ) ။      ။ နယူးဒေလီရှိ အိန္ဒိယဝန်ကြီးချုပ် နေအိမ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီးချုပ်
ဒေါက်တာမန်မိုဟန်ဆင်းတို့ နိုဝင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲမှ စတင်၍ နာရီဝက်ကျော်ကြာ တွေ့ဆုံခဲ့ ကြသည်။

ထိုသို့ ဒေါ်အောင်ဆန်းစုကြည်အား လက်ခံတွေ့ဆုံရသည့်အပေါ် ဝမ်းမြောက်ဝမ်းသာဖြစ်ကြောင်းနှင့် ဂျဝါဟာလာနေရူး ဟောပြောပို့ချပေးရန် ဖိတ်ကြားချက်အား လက်ခံသည့်အပေါ်လည်း ကျေးဇူးတင်ကြောင်း အိန္ဒိယဝန်ကြီးချုပ်က ပြောသည်။

“ကျနော်တို့ အနေနဲ့ သင့်တို့ရဲ့ ဒီမိုကရေစီအရေး ရုန်းကန်လှုပ်ရှားမှုတွေအတွက် လှိုက်လှိုက်လဲလဲ ဆုမွန်ကောင်း
တောင်းပါတယ်။ သင်တို့ရဲ့ မဆုတ်မနစ်တဲ့ ဇွဲလုံလနဲ့ သတ္တိတွေကို လေးစား ချီးကျူးပါတယ်” ဟု ဝန်ကြီးချုပ်က
ပြောသည်။

ဆွေးနွေးကြသည့် အကြောင်းအရာများထဲတွင် မြန်မာနိုင်ငံ အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်နှင့် ဒီမိုကရေစီနိုင်ငံပြုရေး အကြောင်းအရာများလည်း ပါဝင်သည်။ အိန္ဒိယဝန်ကြီးချုပ်အနေနှင့် မြန်မာနိုင်ငံတွင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတတို့ ဆောင်ရွက်ခဲ့ကြသည့် တိုးတက်မှုများအပေါ်လည်း ကြိုဆိုလိုက်သည်။

နှစ်နိုင်ငံ ပြည်သူချင်းဆက်ဆံရေး၏ အရေးကြီးပုံကို နှစ်ဦးလုံး သဘောတူကြသည်။

ထို့ပြင် နှစ်နိုင်ငံ ပါလီမန်လွှတ်တော်များနှင့် တရားစီရင်ရေးဌာနများ ပိုမိုပူးပေါင်းဆောင်ရွက်မှုများ ရှိလာရန်လည်း
ဆွေးနွေးခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယ ဝန်ကြီးချုပ်နှင့် တွေ့ဆုံနေ
နယူးဒေလီမြို့သို့ ရောက်ရှိနေသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် အိန္ဒိယ
နိုင်ငံတော် ဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်း၏ နေအိမ်သို့ နိုဝင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲက စတင်၍ သွားရောက်တွေ့ဆုံနေပြီ ဖြစ်သည်။

ယခု တွေ့ဆုံခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး မေလ ၂၉ ရက်နေ့က ရန်ကုန်မြို့သို့ မန်မိုဟန်ဆင်း လာရောက်စဉ် ကလည်း ဒေါ်အောင်ဆန်းစုကြည်က သွားရောက် တွေ့ဆုံခဲ့ဖူးသည်။

ခရီးစဉ်အတွင်း မျှော်လင့်ချက်များနှင့် ပတ်သက်၍ “ကျမအနေနဲ့ သီးသီးခြားခြား မျှော်လင့်ထားချက်ရယ်လို့ မရှိပါဘူး။ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် နည်းလမ်းတွေ ရှာဖွေဖို့ ရောက်လာတာ ဖြစ်ပါတယ်။ ချစ်ကြည်ရင်းနှီးမှုအတွက်ပါ” ဟု နံနက်ပိုင်းက သတင်းထောက်များအား ပြောကြားထားသည်။

ထိုသို့ မတွေ့ဆုံမီ နံနက် ၁၀ နာရီခွဲခန့်ကလည်း အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန် Ranjan Mathai က
ဒေါ်အောင်ဆန်းစုကြည် တည်းခိုရာ Leela Palace ဟိုတယ်သို့ လာရောက်တွေ့ဆုံ ဆွေးနွေးသွားခဲ့သေးသည်။
ဒေါ်အောင်ဆန်းစုကြည်အတွက် ဂန္ဓီလက်ဆောင်များ
နယူးဒေလီ (မဇ္ဈိမ) ။        ။ မဟတ္တမဂန္ဓီ အထိမ်းအမှတ်dsvisitnayruu3s ဂူဗိမာန်သို့ နိုဝင်ဘာလ ၁၄ ရက်နေ့ နံတက် ၈ နာရီ ၅ဝ မိနစ်က ဒေါ်အောင်ဆန်းစုကြည် လာရောက်ဂါရဝပြု အဖြူရောင် ပန်းခွေချပြီးနောက် ဂူဗိမာန် တာဝန်ရှိသူများ
က အမှတ်တရ လက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့
သည်။

အဆိုပါ လက်ဆောင်များထဲတွင် ဂန္ဓီကြီး၏ အထ္ထုပ္ပတ္တိ စာအုပ်များနှင့် ဂန္ဓီကြီး ရေးသားခဲ့သောစာအုပ်များ၊
ဂန္ဓီကြီး၏ ကိုယ်တပိုင်း ရုပ်တုနှင့် ဂန္ဓီကြီး၏ ‘လူမှုဒုစရိုက်တရား ၇ ပါး’ စာတမ်းများ ရေးထားရာ စာလိပ်ကြီးတခုလည်း ပါဝင်သည်။
ချစ်ကြည် ရင်းနှီးမှုအတွက် လာရောက်ခြင်း ဖြစ်တယ်
နယူးဒေလီ (မဇ္ဈိမ)။    ။ အိန္ဒိယနိုင်ငံသို့ ခြောက်ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိလာသည်မှာ နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုအတွက်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ကျမအနေနဲ့ သီးသီးခြားခြား မျှော်လင့်ထားချက်ရယ်လို့ မရှိပါဘူး။ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတွေ အတွက် နည်းလမ်းတွေ ရှာဖွေဖို့ ရောက်လာတာ ဖြစ်ပါတယ်။ ချစ်ကြည် ရင်းနှီးမှု အတွက်ပါ” ဟု နိုဝင်ဘာလ ၁၄ ရက်နေ့က မဟတ္တမဂန္ဓီ ဂူဗိမာန်သို့ လာရောက် ဂါရဝပြုစဉ် သတင်းထောက်များ၏ မေးမြန်းချက်ကို ဖြေကြား သွားခဲ့သည်။

“အလုပ်လုပ်ရမယ်၊ လုပ်သလောက် ရမှာပဲ”
နယူးဒေလီ (မဇ္ဈိမ)။   ။ အိန္ဒိယ ခရီးစဉ် အတွင်းမှ မျှော်လင့်ချက်များနှင့် ပတ်သက်၍ နိုဝင်ဘာလ ၁၄ ရက်နေ့
နေရူးမွေးနေ့တွင် နေရူး အထိမ်းအမှတ် ဂူဓိမာန်သို့ လာရောက်ဂါရဝပြုစဉ် ဒေါ်အောင်ဆန်းစုကြည် က မဇ္ဈိမကို
ပြောကြားသွားခဲ့သည်။

“အန်တီ အမြဲတမ်းပြောတယ်လေ။ အလုပ်လုပ်ကြရမယ်။ အလုပ်လုပ်ရင် လုပ်သလောက် ရမှာပဲ။ ရရမှာပေါ့” ဟု မဇ္ဈိမကို ဖြေကြားသွားခဲ့သည်။
မြန်မာတွေနဲ့တွေ့ရမှာ ဒေါ်စု ပျော်တယ်
နယူးဒေလီ (မဇ္ဈိမ)။   ။ “မြန်မာတွေနဲ့ ဘယ်နေရာမှာပဲတွေ့တွေ့ အန်တီကတော့ ပျော်တာပဲ” ဟု ဂျဝါဟာလာ နေရူးမွေးနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့နံနက် ၉ နာရီ ၁၀ မိနစ်က ဂျဝါဟာလာ နေရူး အထိမ်းအမှတ် ဂူဗိမာန်သို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်ဂါရဝပြုစဉ် မဇ္စိျ၏ မေးမြန်းမှုကို ဖြေကြားသွားခဲ့သည်။

နိုဝင်ဘာလ ၁၆ ရက်နေ့တွင် နယူးဒေလီရှိ မြန်မာများနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံရန် စီစဉ်ထားသည်။
Daw-Suu-at-Gandhi-Samathi3
အိန္ဒိယနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်သည် Gandhi Samadhi ၌ အိန္ဒိယနိုင်ငံ၏ ကွယ်လွန်သူ ခေါင်းဆောင်ကြီး မဟတ္တမ ဂန္ဒီအား ရည်စူး၍ နိုဝင်ဘာ ၁၄ ရက် ဗုဒ္ဓဟူးနေ့ နံနက်က လွမ်းသူ့ပန်းခွေ ချကာ ဂါရဝ ပြုခဲ့သည်။ ထိုသို့ဂါရဝ ပြုရာတွင် အောက်လွှတ်တော် အမတ် ကိုဖြိုးဇေယျာသော်၊ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေး အရာရှိ ဒေါက်တာ တင်မာအောင် နှင့် ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့် ကိုဘန်းနီတို့လည်း လိုက်ပါခဲ့ကြသည်။ ဓါတ်ပုံ - မဇ္ဈိမ။ အိန္ဒိယနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်သည် Gandhi Samadhi ၌ အိန္ဒိယနိုင်ငံ၏ ကွယ်လွန်သူ ခေါင်းဆောင်ကြီး မဟတ္တမ ဂန္ဒီအား ရည်စူး၍ နိုဝင်ဘာ ၁၄ ရက် ဗုဒ္ဓဟူးနေ့ နံနက်က လွမ်းသူ့ပန်းခွေ ချကာ ဂါရဝ ပြုခဲ့သည်။ ထိုသို့ဂါရဝ ပြုရာတွင် အောက်လွှတ်တော် အမတ် ကိုဖြိုးဇေယျာသော်၊ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေး အရာရှိ ဒေါက်တာ တင်မာအောင် နှင့် ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့် ကိုဘန်းနီတို့လည်း လိုက်ပါခဲ့ကြသည်။ ဓါတ်ပုံ - မဇ္ဈိမ။ အိန္ဒိယနိုင်ငံ နယူးဒေလီရှီ မဟတ္တမဂန္ဒီ အထိမ်းအမှတ် ဂူဗိမာန် Gandhi Samadhi တွင် ကွယ်လွန်သူ အိန္ဒိယနိုင်ငံ ခေါင်းဆောင်ကြီး မဟတ္တမ ဂန္ဒီအား ရည်စူး ဂါရဝ ပြုကာ လွမ်းသူ့ပန်းခွေချနေသည့် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်။ ဓါတ်ပုံ - မဇ္ဈိမ။ အိန္ဒိယ နိုင်ငံရှိ Gandhi Samadhi တွင် မဟတ္တမ ဂန္ဒီအားရည်စူး၍ လွမ်းသူ့ပန်းခွေချ ဂါရဝပြုပြီးနောက် “လူမှုရေး ဒုစရိုက် ၇ ပါး” ဟု ခေါင်းစဉ်တပ်ထားသည့် ဂန္ဒီ၏ မူဝါဒများပါဝင်သည့် ပိုစတာအား ဒေါ်အောင်ဆန်းစုကြည်က ကိုင်ဆောင်ထားသည်ကို နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက တွေ့ရစဉ်။ ဓါတ်ပုံ - မဇ္ဈိမ။ ယ နိုင်ငံ နယူးဒေလီ ရှိ ဂျဝါဟာလာ နေရူး အထိမ်းအမှတ် ဂူဗိမာန်တွင် ဂါရဝပြုပြီးနောက်  ဒေါ်အောင်ဆန်းစုကြည်အား နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက တွေ့ရစဉ်။ ဓါတ်ပုံ - မဇ္ဈိမ။

အင်္ဂါနေ့၊ နိုဝင်ဘာလ ၁၃ ရက်၊ ၂၀၁၂ ခုနှစ်
ဒေါ်စု ပေးမယ့် လက်ချာ ဆိုတာ
dasskleaveindiassနိုဝင်ဘာလ ၁၄ ရက်နေ့ဟာ အိန္ဒိယ လွတ်လပ်ရေးတိုက်ပွဲ ခေါင်းဆောင်ကြီး တဦးဖြစ်တဲ့ ပဏ္ဍစ် ဂျဝါဟာလာ နေရူးရဲ့ မွေးနေ့ ဖြစ်ပါတယ်။ Read More >>
အိန္ဒိယ သတင်းစာတွေက ဘာပြောလဲ
(အယ်ဒီတာ။   ။ ဒေါ်အောင်ဆန်းစုကြည်၏ အိန္ဒိယခရီးစဉ်နှင့် ပတ်သက်ပြီး အိန္ဒိယထုတ် နေ့စဉ်သတင်းစာများ
ရေးသားထားသည်များအနက် ရွေးချယ်ဖော်ပြခြင်း ဖြစ်ပါသည်။)

တန်ဖိုးမဖြတ်နိုင်သည့် ဆက်သွယ်မှု

ဒေါ်အောင်ဆန်းစုကြည်က The Hindu ၏ နိုင်ငံရေး သတင်းထောက် ကေ၊ ရန်ဂါဆွာမိ (K. Rangaswamy) နှင့် ၁၉၄ဝ-၅ဝ-၆ဝ ခုနှစ်များက သိကျွမ်းခဲ့ရသည့်အပေါ် ကြည်နူးစွာ ပြန်အမှတ်ရမိကြောင်း၊

indianewpaperမစ္စတာ ရန်ဂါဆွာမိ (Mr. Rangaswamy) ၏ သမီးနှင့်
ကျောင်းမှာ ကျမ စတင်သိကျွမ်းရသည်။ ကျမတို့က
ဂျီးဆပ်စ် နှင့် မေရီ ကွန်ဗင့်ကျောင်းတွင် အတူတူ တက်နေကြသူများ ဖြစ်သည်။ ကမ်မလာ (Kamla)
နှင့် ကျမတို့က အတန်းဖော်များဖြစ်ပြီး တနှစ်တည်း
တွင်ပင် လေဒီ ရှရီရမ် Lady Shri Ram ကောလိပ်သို့ အတူတက်ခွင့်ရကြသည်။

ကျမတို့ နှစ်ယောက်လုံးက နိုင်ငံရေးသိပ္ပံ ဂုဏ်ထူးတန်း
ကို ယူကြသည်။ ဤသို့နှင့် ကျမက သူတို့နှင့် သိကျွမ်း
လာရခြင်း ဖြစ်သည်။

သို့သော်လည်း ကျမက အောက်စဖို့ဒ်တက္ကသိုလ် ကျောင်းဝင်ခွင့်အတွက် ပြင်ဆင်ချိန်တွင် အန်ကယ် ရန်ဂါဆွာမိနှင့် ပို၍ သိကျွမ်းမိတ်ဆွေဖြစ်ရန် ဖြစ်လာခဲ့သည်။ ထိုခေတ်က အောက်စဖို့ဒ်တက္ကသိုလ် တက်ခွင့်ရရန်အတွက် လက်တင် ဘာသာကိုပါ ပြင်ဆင်ကြရသည်။ ကျမက လက်တင်ဘာသာဆို၍ လုံးဝ မတတ်ကျွမ်းပေ။ အကြောင်းမှာ မြန်မာနိုင်ငံ
နှင့် အိန္ဒိယတွင် လက်တင်ဘာသာ မသင်ကြားသောကြောင့် ဖြစ်သည်။ အခြားရွေးချယ်စရာ နည်းလမ်းတခုအနေဖြင့်
ကျောင်းဝင်ခွင့် ရရန် ကျမက သင်္ချာတွင် အေ (A)အဆင့် ရဖို့ လိုအပ်သည်။

ကျမက နောက်တနှစ် စောင့်ရသည်ထက်စာလျှင်၊ ကျောင်းကို ထိုနှစ်တွင်ပင် တက်ချင်သည်။ ထိုအခါ ကျမအတွက် သင်္ချာ A အဆင့်ရဖို့ ပြင်ဆင်ရန် အချိန် သုံးလသာ ကျန်တော့သည်။ A အဆင့် ရဖို့က မြင့်လှသည်။ ကျမက စာပြမည့် ဆရာ ရှာသည့်အခါ ဆရာများက လက်ခံရန် ငြင်းကြသည်။ သူတို့က သုံးလနှင့် ပြင်ဆင်ရန် မဖြစ်နိုင်ဟု ဆိုကြသည်။ သူတို့က မအောင်မြင်နိုင်မည့် တပည့်ကို သင်ကြားပေးရန် တာဝန်မယူလိုကြပေ။

အန်ကယ် ရန်မာဆွာမိက ကျမတွင် ဆရာမရသေးကြောင်းနှင့် သုံးလအတွင်း စာမေးပွဲ ဝင်လိုနေကြောင်း သိနေ
သည်။ အကြောင်းမှာ ကျမက သူတို့အိမ်ကို ဝင်လိုက်၊ ထွက်လိုက်ရှိသောကြောင့် ဖြစ်သည်။ သူက သူသင်ပေးမည်
ဟု ပြောလာသည်။ အချို့သောသူများက သူ့ကို လန့်ကြသည်။ အကြောင်းမှာ အန်ကယ်ရန်မာဆွာမိက အပြင်ပန်း
တွင် ကြောက်ရွံ့စရာ အသွင်ရှိသောကြောင့် ဖြစ်သည်။ ကျမအထင်တွင် အန်ကယ်က သဘောထား အလွန်ချို
သည်။ ကျမအတွက်တော့ အလွန်သဘောထားကောင်းသူ ဖြစ်သည်။

တနေ့တွင် သူက ကျမကို ပြောလာသည်။ ထိုသို့ပြောလာသည်ကို မမေ့နိုင်ဘဲ၊ ထိုအတွက်ကြောင့် သူ့ကို ယနေ့ထက် တိုင် လေးစားနေရခြင်းလည်း ဖြစ်သည်။ သူက “ငါတတ်နိုင်သမျှတော့ သင်ပေးပြီးပြီ။ ဒီထက်ထပ်ပြီး သင်စရာမရှိ
တော့ဘူး။ ဒါပေမယ့် မင်းက ငါ့ရဲ့ တပည့်တွေထဲမှာ အတော်ဆုံးပဲ။ ဒါကြောင့် ငါ ဆရာတယောက် ရှာပေးမယ်” ဟု ဆိုသည်။ ထို့ နောက် သူက အဆက်အသွယ်သင်္ချာဆရာတဦးကို ရှာပေးသည်။ ကျမ သိရသလောက် သူ၏ တပည့်ဟောင်းတဦး ဖြစ်သည်။ ထိုအမျိုးသမီးကို ကျန်ရှိနေသည့်သင်ရိုးညွှန်းတမ်းများကို ဆက်၍သင်ပေးရန်
ပြောသည်။ သူကလည်း ဆက်သင်ပေးသည်။ ဤသို့ဖြင့် ကျွန်မလည်း စာမေးပွဲအမီ ဝင်နိုင်ရေး လောရတော့သည်။ ကျမလည်း နောက်တနှစ် စောင့်နေစရာ မလိုဘဲ၊ ထိုနှစ်တွင်ပင် ကျောင်းတက်နိုင်ခဲ့သည်။ အန်ကယ် ရန်ဂါဆွာမိ၏
ကျေးဇူးကြောင့်ပဲ ဆိုရတော့မည်။

သူက ကျမအပေါ် ယုံကြည်မှုအပြည့်ရှိသည်။ သူက ကျမကို သူသင်ပေးမည်ဟု ပြောသည်။ သို့သော် သူတတ် သလောက်သာသင်ပေးမည်ဟု ပြောသည်ကို ကျမမေ့သေးပေ။ ကျမက သူ့ကို အလွန်သဘောကျသည်။ ယခုအချိန် တိုင် သူ့ကို အသက်ရှိနေစေချင်သေးလှသည်။ သူသာ အသက်ရှိသေးလျှင်ဖြင့် ကျမကို ပြောပြရန် ကိစ္စ အများအပြား ရှိလိမ့်မည် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဒေဝါလီပွဲတော်ချိန် အလည်ခရီးက
အမှတ်ရစရာများ ပြည့်နေခြင်း
ဟိန္ဒူသတင်းစာ ။        ။ အိန္ဒိယနိုင်ငံအနေဖြင့် ရှေ့သို့ချီတက်နေသည့် နိုင်ငံတခုဖြစ်ကြောင်း ပြသနိုင်ရန်၊ အစီအစဉ် များစွာ ထည့်သွင်းထားသည့် ခရီးစဉ်အဖြစ် မြန်မာနိုင်ငံမှ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဒေဝါလီပွဲတော် အတွင်း ၆-ရက်ကြာ ရောက်ရှိလာဖို့ ရှိပြီး၊ အမှတ်ရစရာ အံ့သြစရာ ပြင်ဆင်မှုများလည်း မြင်တွေ့ရမည် ဖြစ်သည်။

နယူးဒေလီအတွက်မူ ယခင်မိတ်ဆွေဟောင်းတဦးဖြစ်သလို၊ ဒီမိုကရေစီ တောင်းဆိုနေသူ လုပ်ဖော်ကိုင်ဖက် တဦးကို
နွေးထွေးလှိုက်လှဲမှုပြသမည့် အခါသမယ ဖြစ်သည်။

အမှတ်ရစရာများ ပြည့်နေသည့် ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်၊ သူကျောင်းတက်ခဲ့ရာ လေဒီ ရှရီရမ်
ကောလိပ်သို့ သွားရောက်လည်ပတ်မည် ဖြစ်ပြီး၊ မိတ်ဆွေဟောင်းများနှင့်လည်း တွေ့ဆုံလိမ့်မည် ဖြစ်သည်။ မြန်မာ
ခေါင်းဆောင်က နိုဝင်ဘာလ ၁၄-ရက်နေ့တွင် နေရူးအထိမ်းအမှတ် ဟောပြောပို့ချမှုလည်းပြုလိမ့်မည် ဖြစ်သည်။

ကွန်ဂရက်ပါတီ၏ ဥက္ကဋ္ဌ ဆွန်နီယာ ဂန္ဒီ (Sonia Gandhi) က ဒေါ်အောင်ဆန်းစုကြည်ကို သူ၏ အမှတ် ၁ဝ၊ ဂျန်ပတ် လမ်း နေအိမ်တွင် လက်ခံတွေ့ဆုံမည် ဖြစ်ပြီး၊ ၎င်းအိမ်က ၁၉၆ဝ ခုနှစ်များတွင် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ သူ သူ၏ မိခင် ဒေါ်ခင်ကြည်နှင့်အတူ ယခင်နေထိုင်ခဲ့ရာ အမှတ် ၂၄၊ အက်ကဘာလမ်းနှင့် ကပ်လျက်ပင် ဖြစ်သည်။

အိန္ဒိယနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၃ ခုနှစ်တွင် ဂျဝါဟာလာ နေရူးဆု ပေးအပ်ခဲ့စဉ်က၊ မြန်မာ စစ်အစိုးရခေါင်း ဆောင်တို့က အမျက်သိုမှု ခံခဲ့ကြရသေးသည်။

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က အန်ဟာရာ ပရာဒေ့ရှ် (Andhra Pradesh) သို့လည်း သွားရောက်လည်ပတ်ဦးမည် ဖြစ်ပြီး၊ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဂျိုင်ရန် ရာမက်ရှ် (Jairam Ramesh) က ကျေးလက်
ဒေသဖွံ့ဖြိုးရေးနှင့် အမျိုးသမီးတို့ဘဝ ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ရမည့်အဆင့်များကို မိတ်ဆက်ပြသဦးမည်လည်း
ဖြစ်သည်။

မြန်မာခေါင်းဆောင်က ဘန်ဂလိုး (Bangalore) တွင်၊ အိန္ဒိယသိပ္ပံ နှင့် သတင်းနည်းပညာ အင်စတီကျု (Indian Institute of Science and the Infosys) ပုရဝုဏ်သို့လည်း သွားရောက်ဦးမည် ဖြစ်သည်။ ဒေလီတွင်မူ
ဒေါ်အောင်ဆန်းစုကြည်က ဝန်ကြီးချုပ် မန်မိုဟန် ဆင်းဂ်၊ ဒု-သမ္မတ ဟာမစ် အန်ဆာရီ (Hamid Ansari) နှင့် (လော့ခ် ဆာဘား) အောက်လွှတ်တော် ဥက္ကဋ္ဌ (Lok Sabha speaker) မီရာ ကူးမား (Meira Kumar) တို့နှင့်လည်း
တွေ့ဆုံမည် ဖြစ်သည်။
၂၅ နှစ်အကြာ အိန္ဒိယမြေသို့ အလည်အပတ် ရောက်လာပြန်သော
ဒေါ်အောင်ဆန်းစုကြည်
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယစံတော်ချိန် နေ့လည် ၁၂ နာရီ ၁၉ မိနစ်တွင် အိန္ဒိယ လေကြောင်းလိုင်း Air India အိန္ဒိယနိုင်ငံ အင်ဒီယာဂန္ဒီ နိုင်ငံတကာ လေဆိပ်သို့  ရောက်ရှိလာပြီ
ဖြစ်သည်။

အိန္ဒိယနိုင်ငံ တာဝန်ရှိသူများနှင့် အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန် Mr Ranjan Mathai ကိုယ်တိုင် လာရောက် ကြိုဆိုခဲ့သည်။


မြန်မာ့အတိုက်အခံ မိသားစုများက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား လှိုက်လှဲစွာ ကြိုဆိုပါသည် ဆိုသည့် စာတမ်းပါ ပိုစတာများ ကိုင်ဆောင်ကာ ကြိုဆိုကြသည်။

လေဆိပ်တွင် စောင့်ဆိုင်းနေသော မဇ္ဈိမ မြန်မာပိုင်း အယ်ဒီတာ ကိုပေါက်က “လွန်ခဲ့တဲ့ ၃ မိနစ်ကပဲ လေဆိပ်ကို
ရောက်တယ်။ အခု Hotel palace ကိုထွက်သွားကြပြီ၊ အင်္ကျီအပြာ၊ ထမီ အပြာ ဝမ်း ဆက်၊ ဆင်စွယ်ရောင် ကုတ်အကျီ င်္ဝတ်ထားတယ်။ လာရောက်ကြိုဆိုသူများက အမေစု ကျန်းမာပါစေ လို့ အော် ကြတော့ အမေစုက လက်ပြသွားတယ်၊ ပြုံးပြနှုတ်ဆက်တယ်။  Very very important လေဆိပ် အပေါက် ကနေ ထွက်လာလာချင်း ကားပေါ်ကိုတန်းဝင်သွားတယ်။ မာစီးဒီးကား အနက်ရောင်၊ သတင်းထောက်တွေ ကမေးခွန်းတွေ ဝိုင်းမေးကြ တယ်။ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယ ထုံးစံ မြန်မာထုံးစံ ယဉ်ကျေးမှု လက်အုပ်ချီ ပြုံးပြနှုတ်ဆက်တယ်။ ဘာမေးခွန်းမှ ဖြေကြားခြင်း၊ ပြောဆိုခြင်း ပြုမသွားဘူး။ ဖြေချင်တဲ့ ပုံရှိပါတယ်။ ” ဟု ပြောသည်။

လာရောက်ကြိုဆိုကြသူ အတိုက်အခံအင်အားစုများက ဒေါ်အောင်ဆန်းစုကြည်ကို ပန်းစည်းများပေးရန် ရှိသော် လည်း အိန္ဒိယ အစိုးရ လုံခြုံရေး အစီအစဉ်အရ ဒေါ်အောင်ဆန်းစုကြည်အား ခပ်မြန်မြန်သွက်သွက် ခေါ်ဆောင် သွားကြောင်း ဆက်ပြောသည်။

“ဘာမှ မပေးနိုင်လိုက်ဘူး၊ ပန်းစီးပေးဖို့ရာ၊ ပန်းကုံးစွပ်ဖို့ရာ၊ လက်ဆောင် ပစ္စည်းပေးဖို့ရာ နှုတ်ဆက်စကား
ပြောဖို့ရာ စောင့်နေတဲ့ မြန်မာတွေနဲ့ တွေ့မသွားလိုက်ရဘူး” ဟုဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ပြည်သူ့လွှတ်တော် အမတ် ဖြိုးဇေယျာသော် ကိုတွေ့မြင်လိုက်ရကြောင်း
နှင့် ကျန်လိုက်ပါလာသူ အဖွဲ့ဝင် မည်မျှပါရှိကြောင်း မသိရှိရသေးပေ။

မြန်မာအမျိုးသမီးအဖွဲ့များ အပါအဝင် လေဆိပ်ဆိပ်တွင် သွားရောက်စောင့်ဆိုင်း ကြိုဆိုသူ ၅ဝ ခန့်ရှိကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယသို့ နောက်ဆုံးအကြိမ်လည်ပတ်သည်က ၁၉၈၇ ခုနှစ်တွင် ဖြစ်ပြီး ထိုမှအပြန် တွင် နာမကျန်းဖြစ်နေသော မိခင်ကြီး ဒေါ်ခင်ကြည်ကို ပြုစုစောင့်ရှောက်ရန် မြန်မာပြည် ပြန်သွားခဲ့ရာမှ နိုင်ငံရေး နယ်ပယ်တွင်း ခြေစုံပစ်ဝင်သွားခဲ့တော့သည်။

ကွယ်လွန်လေပြီးသော မိခင်ကြီး ဒေါ်ခင်ကြည်သည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ် ၁၉၆ဝ ခုနှစ်က အမှုထမ်းဆောင်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်ငယ်စဉ်က နယူးဒေလီတွင် ကျောင်းတတ်ခဲ့သည်။
ဒေါ်စု ခရီးစဉ်တွင် လိုက်ပါလာကြသူများ
နယူးဒေလီ (မဇ္ဈိမ) ။      ။ ဒေါ်အောင်ဆန်းစုကြည်၏ အိန္ဒိယ ခရီးစဉ်တွင် ကိုယ်ရေးအရာရှိ ဒေါက်တာ တင်မာအောင်၊ ပါလီမန်ရေးရာ ကိုယ်ရေးအရာရှိ ဦးဖြိုးဇေယျာသော်နှင့် အနီးကပ် လုံခြုံရေးတာဝန်ယူမည့် ကိုဘန်နီ တို့ လိုက်ပါလာကြကြောင်း သိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယခရီးစဉ် စတင်ပြီ
နယူးဒေလီ (မဇ္ဈိမ) ။      ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယ ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ မစ္စဆိုနီယာဂန္ဓီ၏ ဖိတ်ကြားချက်အရ ဂျဝါဟာလာနေရူး အထိမ်းအမှတ် ဟောပြောပို့ချမှုပြုရန်အတွက် အိန္ဒိယနိုင်ငံသို့ ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့ညက ရန်ကုန်မြို့မှ စတင်ထွက်ခွါသွားခဲ့သည်။


ခြောက်ရက်တာ ကြာမြင့်မည့် ခရီးစဉ်တွင် အိန္ဒိယနိုင်ငံ၏ ပထမဆုံးသော ဝန်ကြီးချုပ် ပဏ္ဍစ်ဂျဝါဟာလာနေရူး၏
မွေးနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့၌ ဗီဂျရာခန်းမကြီးတွင် ဟောပြောပို့ချမှု ပြုလုပ်မည်။

နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ဒု-သမ္မတနှင့်တွေ့ဆုံပြီး လွှတ်တော်သို့သွားရောက်ကာ အောက်လွှတ်တော် ဥက္ကဋ္ဌနှင့် တွေ့ဆုံမည်ဖြစ်သည်။

၁၉၆ဝ ခုနှစ်များက နိုင်ငံရေးသိပ္ပံပညာ လေ့လာဆည်းပူးခဲ့သော Lady Shri Ram အမျိုးသမီးကောလိပ်သို့
နိုဝင်ဘာလ ၁၆ ရက်နေ့တွင် သွားရောက်ကာ ယခုခေတ် ကျောင်းဆရာမများနှင့် ကျောင်းသူလေးများအား
တွေ့ဆုံပြီး ဒေလီရှိ မြန်မာများနှင့်လည်း Oxford Senior Secondary School တွင် တွေ့ဆုံမိန့်ခွန်းပြောကြားမည်
ဖြစ်သည်။ ထိုနေ့တွင်ပင် ဒေလီမြို့အနီးရှိ အထူးစီးပွားဖွံ့ဖြိုးရေးဇုန်တခုဖြစ်သည့် ဂူရ်ဂေါင်းမြို့မှ စွမ်းအင်နှင့် အရင်းအမြစ်များဆိုင်ရာ သိပ္ပံကျောင်း The Energy and Resources Institute (TERI) သို့ သွားရောက်လေ့လာ ဦးမည်ဖြစ်သည်။

ထို့ပြင် အိန္ဒိယနိုင်ငံ၏ သတင်းနည်းပညာ (IT) မြို့တော်ဖြစ်သည့် ဘန်ဂလိုမြို့ရှိ သိပ္ပံနှင့် သတင်းနည်းပညာ ဝန်ဆောင်မှုတက္ကသိုလ် (Indian Institute of Science and the Infosys Campus) သို့လည်း နိုဝင်ဘာလ ၁၆ ရက်နေ့တွင် လေ့လာရေးခရီး သွားရောက်ဦးမည် ဖြစ်သည်။

နိုဝင်ဘာလ ၁၇ ရက်နေ့တွင်မူ အန်ဒရာ ပရာဒက်ရှ်ပြည်နယ်ရှိ ကျေးလက်ဒေသများသို့ သွားရောက်ကာ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် အမျိုးသမီး စွမ်းရည်မြှင့်တင်မှု အစီအစဉ်များအား ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာ မည် ဖြစ်သည်။

နှစ်ပေါင်း ၄ဝ ကျော်အကြာတွင် ပထမဆုံး ပြန်လည်ရောက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်၏ အိန္ဒိယခရီးစဉ်ကို
နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အဆုံးသတ်မည် ဖြစ်သည်။

ခရီးစဉ် အသေးစိတ်ကို မဇ္ဈိမက တိုက်ရိုက် တင်ဆက် ထုတ်လွှင့်ပေးသွားမည် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ အိန္ဒိယနိုင်ငံသို့ ခြောက်ရက်ကြာ ခရီးစဉ် စတင်
dasskleaveindia
dasskleaveindia1






























dasskleaveindia2






























အိန္ဒိယနိုင်ငံသို့ ခြောက်ရက်ကြာ ခရီးစဉ် စတင်မည့် ဒေါ်အောင်ဆန်းစုကြည် အား ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေ ၇း၎ဝ က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)

 
adv4
19 20 21 18 17
14 13 12 8 7
6 5 9 4 3
2 1
adv5
infosys3s
adv3
16 15 10 10
adv666
Phawphaw1
adv
m zine
journal
mobile
Confronting-Democratic-Modernity-in-Military-ruled-Burma-1srogue-agent-announcement
e-letter-burmese

Who is Online

We have 74 guests online