www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၂၃ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > အထူးကဏ္ဍ > ၂၀၁၀ ရွေးကောက်ပွဲ > ရွေးကောက်ပွဲ အထူး > ရွေးကောက်ပွဲနှင့် ပုဂ္ဂလိက မီဒီယာ

ရွေးကောက်ပွဲနှင့် ပုဂ္ဂလိက မီဒီယာ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

၂ဝ၁ဝ ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သတင်းများ၊ ဆောင်းပါးများ၊ တွေ့ဆုံမေးမြန်းမှုများကို ပြည်တွင်းပြည်ပ သတင်း ပုဂ္ဂလိကမီဒီယာများတွင် စဉ်ဆက်မပြတ် ဖော်ပြလာကြသည်။

Myanmar-Journalနှစ်ပေါင်း ၂ဝ အတွင်း ပထမဆုံး ကျင်းပမည့် နိုဝင်ဘာ ၇ ရက်ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ဖော်ပြချက်များကို ပြည်တွင်း ပုဂ္ဂလိက သတင်းမီဒီယာများအနေဖြင့် အတော်အသင့် ရေးသားခွင့် ရရှိကြပြီး၊ ကြံ့ဖွံ့ပါတီအပေါ် ဝေဖန်ထောက်ပြမှုများ၊ ၁၉၉ဝ ခုနှစ်အတွင်းက ရွေးကောက်ပွဲ အခြေအနေများကို ပြန်လည်ဖော်ပြ ရေးသားခြင်းများကို ဖော်ပြခွင့်မရှိဟု သိရသည်။

ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ဂျာနယ်ထုတ်ဝေမှုနှင့် ပတ်သက်သည့် အခြေအနေများကို သိရှိနိုင်ရန် နိုင်ငံရေး သတင်းများကို ဦးစားပေး ဖော်ပြလေ့ရှိသည့် ပြည်တွင်း သတင်းဂျာနယ်တခုမှ အယ်ဒီတာတဦးကို မဇ္ဈိမက မေးမြန်းကြည့်ရာ -

“မဲပေးဖို့ လှုံ့ဆော်တဲ့ သဘောမျိုး ကျနော်တို့ ရေးလို့ရတဲ့ အနေအထားကို ရှိတယ်။ တပါတီနဲ့ တပါတီ တိုက်ခိုက်တာမျိုးကို လက်မခံပါဘူး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီပေါ့နော်၊ ဒါမျိုးတွေမှာ ကျနော်တို့အတွက် သတိထားရေးရတဲ့ အနေအထားမျိုး ရှိတာပေါ့ဗျာ။ နောက်ပြီးတော့ ၉ဝ တုန်းက အခြေအနေကို တချို့ဟာတွေ ပြန်သွင်းရာမှာ ကျနော်တို့အတွက် အဆင်မပြေဘူး။ ဘယ်လိုလွတ်လပ်ခွင့်ရှိတယ်၊ ဘယ်လိုလုပ်ခွင့်ရှိသလဲ အဲဒါမျိုးတွေ ပြန်ပြီးလုပ်တဲ့ ဟာမျိုးမှာတော့ မရပါဘူး။ ကျန်တဲ့အပိုင်းမှာတော့ တော်တော်များများကို ဖော်ပြခွင့်ရှိပါတယ်။ တော်တော်များများလည်း ပြောနိုင်ကြပါတယ်” ဟု သူက ဖြေကြားသည်။

ရန်ကုန်အခြေစိုက် နာမည်ရ ဂျာနယ်များဖြစ်သည့် မြန်မာတိုင်းမ်၊ ရန်ကုန်တိုင်းမ်၊ Weekly ၊ The Voice ၊ Monitor စသည့် ဂျာနယ်များတွင် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သတင်းများကို ကဏ္ဍခွဲတခုအနေဖြင့် ဖော်ပြလာသည်ကို တွေ့လာရပြီး ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သတင်းများကို ကျယ်ပြန့်စွာ ဖော်ပြခွင့် ရလာသည်ဟု အခြားဂျာနယ် တခုမှ အယ်ဒီတာတဦးက ပြောသည်။

“လွန်ခဲ့တဲ့ နှစ် ၂ဝ ထက်စာရင်တော့ ဒီအချိန်က နိုင်ငံရေးပါတီနဲ့ ပတ်သက်ပြီးတော့၊ နိုင်ငံရေးအကြောင်း ရေးရတာကတော့ အလွတ်လပ်ဆုံးအချိန်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းက နိုင်ငံရေးပါတီမှာ လုပ်နေတဲ့ လွှတ်တော်ရဲ့ ကိုယ်စားလှယ်လောင်း တချို့တွေကလည်း အရင်တုန်းက နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ထောင်ကျခဲ့ဖူးတာတို့၊ အကြောင်းကြောင်းကြောင့် အထိန်းသိမ်းခံခဲ့ရတာမျိုးတော့ ရှိခဲ့ကြတာပဲ။ အဲလူတွေအကြောင်း ရေးတဲ့အခါ အရင်တုန်းက ပေးမရေးဘူး။ အခုရွေးကောက်ပွဲ လုပ်တော့မယ် ရွေးကောက်ပွဲဥပဒေ ထွက်လာပြီ။ နိုင်ငံရေးပါတီတွေနဲ့ ပတ်သက်ပြီး ရေးတဲ့အခါမှာကျတော့ တော်တော်များများ လွှတ်ပေးတယ်။ ဒါက အရင်ထက် စာရင်တော့ ပိုလွတ်လပ်လာတာပေါ့” ဟု သူက ဆိုသည်။


လူထုအနေဖြင့် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်များအကြောင်း သိလိုသည့်အတွက် ဂျာနယ်များ ဝယ်ဖတ်လိုသော်လည်း ဖတ်နိုင်သည့် ဦးရေ နည်းနေသည်ဟု ရန်ကုန်မြို့ခံတဦးက ယခုလို ပြောသည်။

“ဝယ်ဖတ်နိုင်ဖို့ လူထုက သိပ်နည်းတယ်ဗျ။ ပါတီတွေ၊ ကိုယ်စားလှယ်တွေနဲ့ ပတ်သက်လို့ လူထုကတော့ စစ်စစ်မှန်မှန် သိနိုင်တဲ့ အခွင့်အရေးကတော့ လုံးဝ မရှိပါဘူး။ စိတ်ဝင်စားလို့ ဖတ်တယ်ဆိုတာထက် ဂျာနယ်တွေထဲမှာ ဖတ်တဲ့အခါမှာ နိုင်ငံရေးပါတီတွေ တွေ့ရမယ်၊ သူတို့ရဲ့ ကိုယ်စားလှယ်လောင်းတွေ တွေ့ရမယ်။ နိုင်ငံရေးပါတီတွေနဲ့ သူတို့ရဲ့ ကိုယ်စားလှယ်လောင်းတွေက လူထုကို ဘယ်လိုလုပ်ပေးနိုင်မလဲ၊ ဟိုဘက်က လုပ်ခဲ့တာနဲ့ လက်ရှိ အခြေအနေမှာရော ဘယ်လိုကွဲလွဲနေသလဲ၊ သူတို့အခြေခံ ဒေသတွေမှာ လူထုကို ဘယ်လောက်အထိ လုပ်ပေးနိုင်မလဲ၊ လူ့အခွင့်အရေးတွေ လွတ်လပ်ခွင့်တွေကို သူတို့ကိုယ်တိုင် ဘယ်လောက် တိုက်ပွဲဝင်သွားနိုင်မလဲ စတာတွေကို ကျနော်တို့က ချိန်ဖို့အတွက်ကြောင့် ဖတ်တာပေါ့ဗျာ” ဟု သူက ဆိုသည်။

အချို့သော မဲဆန္ဒရှင်များကလည်း ဒီရွေးကောက်ပွဲကို စိတ်ဝင်စားမှု မရှိဟု မန္တလေးမြို့ခံ အမျိုးသမီးတဦးက ယခုလို ပြောပြသည်။

“ဂျာနယ်တွေ အဲလိုမျိုးတွေ အများကြီးမှာ ဟိုရေးဒီရေးတွေကိုတော့ တွေ့တော့ တွေ့ရတယ်။ ပြီးတော့ ကိုယ်လည်း သိပ်စိတ်မဝင်စားလို့လေ။ နားလည်းမလည်တော့ မဖတ်ဖြစ်တာများတယ်။ အလုပ်ကိုပဲ လုံးပန်းနေရတော့ အဲဒီကိစ္စတွေကို သိပ်ခေါင်းထဲမထည့်အားဘူး” ဟု သူက ပြောသည်။

နိုင်ငံရေးပါတီများအနေနှင့် မဲဆွယ်စည်းရုံးရာတွင် နိုင်ငံပိုင် မီဒီယာများကို တကြိမ်တည်းသာ အသုံးပြုခွင့်ရှိသည်။ တသီးပုဂ္ဂလ ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံပိုင် မီဒီယာများကို အသုံးပြု ဟောပြောခွင့် မရှိသည့်ပြင် နေ့စဉ်ထုတ် သတင်းစာများတွင်လည်း ဖော်ပြခွင့်မရှိပါ။ ထို့ကြောင့် ယခု ပုဂ္ဂလိက မီဒီယာများသည် ပြည်သူများကို ထိတွေ့ဆက်ဆံရန် အထောက်အကူ ဖြစ်စေသည်ဟု အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ၏ ရန်ကုန်တိုင်း စည်းရုံးရေးမှူး ဒေါက်တာ သန်းဝင်းက ပြောဆိုသည်။

Dr-Than-Winsသူက “ကျနော်တို့ နိုင်ငံရေးမှာ ပုဂ္ဂလိက မီဒီယာရဲ့ အရေးပါမှုက အများကြီးပဲ အသုံးဝင်တယ်လို့ ပြောရမယ်။ ဘာဖြစ်လို့လဲဆို သူတို့နေ့စဉ်ထုတ် သတင်းစာတွေဘာတွေမှာ ဖော်ပြမှုမရှိဘူးလေ။ တီဗီမှာလည်းပဲ တကြိမ်ပဲ ဖော်ပြခွင့်ရှိတယ်။ အဲဒီတော့ ပုဂ္ဂလိက မီဒီယာတွေကတော့ အပတ်စဉ်တိုင်းမှာ အလှည့်ကျထွက်နေတာဆိုတော့ ဂျာနယ်တွေ ဘာတွေပေါ့လေ။ ဒီမီဒီယာတွေကိုပဲ ပြည်သူတွေက ဖတ်ရှုခွင့်ရတယ်။ နိုင်ငံရေးပါတီတွေရဲ့ လှုပ်ရှားမှုတွေကို လွတ်လွတ်လပ်လပ် ဖတ်ရှုခွင့်ရတယ်။ ကျန်တဲ့ အစိုးရမီဒီယာတွေမှာက ဖော်ပြခွင့်မရတော့ သူတို့ ပုဂ္ဂလိက မီဒီယာတွေကိုပဲ အားကိုးရပါတယ်။ ဒီမီဒီယာတွေကနေပြီး ဖော်ပြမှပဲ သူတို့က ပြည်သူတွေကနေပြီးတော့ နိုင်ငံရေးပါတီတွေ လှုပ်ရှားမှုကို သိမယ်။ သိလို့ဆိုရင် သူတို့က ပိုပြီးတော့ စိတ်ဝင်စားလာကြလိမ့်မယ်။ ရွေးကောက်ပွဲကို ပိုပြီးတော့ အောင်နိုင်ရေးအတွက် အများကြီးပဲ အထောက်အကူပြုမယ်လို့ ကျနော် ယုံကြည်တယ်” ဟု ဆိုသည်။

နိုင်ငံရေးပါတီများမှ နိုင်ငံပိုင် မီဒီယာများကို အသုံးပြု၍ မဲဆွယ်စည်းရုံးရာတွင် ဆင်ဆာဖြတ်တောက်မှုများ ကြုံနေကြရသည်ကိုလည်း ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က ပြောသည်။

“ရုပ်မြင်သံကြားမှာလေ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကနေ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီလက် ပြောင်းသွားတာတွေမျိုး ကျနော် ပြောလိုက်လို့။ အဲဒါမျိုးတွေတော့ ပါမလာဘူး။ ကျနော်တို့ နယ်ဘက်မှာကတော့ တီဗီရှိကြတာပေါ့ဗျာ။ ဂျာနယ်ကတော့ သိပ်မရောက်ဘူး။ ကျနော်တို့ ချင်းတောင်မှာဆိုတော့ အဲဒီတီဗီလေးကို ကျနော့်ဟာဆိုရင် ၁၅ မိနစ် လုပ်ထားတဲ့ ဟာကို ၅ မိနစ်စာလောက် ဆင်ဆာမိတယ်။ ဆိုတော့ ၉ မိနစ်လေးနဲ့ ကျနော် ဒီမှာ တော်တော်လေး အခက်တွေ့နေတာ” ဟု သူက ရှင်းပြသည်။

ရှေ့လာမည့်လတွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ၏ သတင်းနှင့် အချက်လက်များ၊ ပါတီများ၏ စည်းရုံးလှုံ့ဆော်မှု မူဝါဒများကို ပြည်သူအများ သိရှိနိုင်ရန် ပုဂ္ဂလိက မီဒီယာကဏ္ဍသည် အရေးပါသည်ဟု နိုင်ငံရေး ပါတီများက ပြောနေသော်လည်း၊ ရွေးကောက်ပွဲအတွက် နိုင်ငံတကာ သတင်းဌာနများနှင့် စောင့်ကြည့်လေ့လာရေး အဖွဲ့များ မြန်မာနိုင်ငံကို လာရန်မလိုအပ်ဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက အောက်တိုဘာလ ၁၈ ရက်နေ့တွင် ပြောခဲ့သည်ဟု နိုင်ငံတကာ သတင်းဌာများတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် ၁၉၆၂ ခုနှစ် စစ်တပ်အာဏာမသိမ်းခင် အစောပိုင်း ကာလများအတွင်း သတင်းစာပေါင်း ၃ဝ ကျော် ထုတ်ဝေနိုင်ခဲ့ပြီး အာရှနိုင်ငံများတွင် သတင်းစာလွတ်လပ်ခွင့် အရှိဆုံးဖြစ်ခဲ့သည်။ ယခုအချိန်တွင် နိုင်ငံပိုင် သတင်းစာ ၂ စောင်တည်းသာ ထုတ်ဝေနိုင်ပြီး၊ သတင်းလွပ်လပ်ခွင့် အဆိုးဆုံး နံပါတ် ၅ နိုင်ငံအဖြစ် ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့၏ ယခုနှစ် ၉ ကြိမ်မြောက် စစ်တမ်းတွင် ဖော်ပြထားသည်။

internet-ygn


သတင်း မီဒီယာအား ကန့်သတ်သည့် ဥပဒေများ