www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၁၆ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

ဒေါ်စန္ဒာဦး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ဒေါ်စန္ဒာဦး
(ဒုဥက္ကဋ္ဌ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ)

အမည်                           ဒေါ်စန္ဒာဦး
ရာထူးနှင့် ပါတီ                 ဒုဥက္ကဋ္ဌ (မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ)
မိဘအမည်                      ဦးလှမြင့်၊ ဒေါ်ယဉ်စိန်
မွေးသက္ကရာဇ်                   ၁၆. ၅. ၁၉၆၈
မွေးချင်း                          ၅ ဦးအနက် အကြီးဆုံး
မွေးရပ်ဇာတိ                    ဘိုကလေးမြို့၊ ဧရာဝတီတိုင်း
အလုပ်အကိုင်                   အထက်တန်းရှေ့နေ။
အိမ်ထောင်                      မရှိ
ပညာအရည်အချင်း            ဘိုကလေးမြို့ အထက ၁ မှ ၁၉၈၄ ခုနှစ်တွင် ၁ဝ တန်းအောင်မြင်ခဲ့။
ပုသိမ်တက္ကသိုလ်မှ ၁၉၉၂ ခုနှစ်တွင် အဝေးသင် (ပထဝီ) ဖြင့် ဝိဇ္ဇာဘွဲ့ ရရှိခဲ့။ အထက်တန်းရှေ့နေ စာမေးပွဲကို ၁၉၉၂ ခုနှစ်တွင် ဖြေဆိုအောင်မြင်ခဲ့။
ပါဝင်ခဲ့ဖူးသည့်          
နိုင်ငံရေးအဖွဲ့                    မရှိ
နိုင်ငံရေးလောကသို့
ဝင်ရောက်သည့်ခုနှစ်          မတ်လ၊ ၂ဝ၁ဝ ခုနှစ်။
ဝင်ရောက် ယှဉ်ပြိုင်မည့်
မဲဆန္ဒနယ်                       ဘိုကလေးမြို့နယ် (ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်)
လက်ရှိလိပ်စာ                  အမှတ် ၅၃၊ ပိတောက်လမ်း၊ ၄ ရပ်ကွက်၊ ဘိုကလေးမြို့၊ ဧရာဝတီတိုင်း။

ပါတီ ထောင်ခွင့်
လျှောက်ထားသည့်ရက်  ဧပြီလ ၆ ရက်၊ ၂ဝ၁ဝ ခုနှစ်။

ပါတီထောင်ရန်
ခွင့်ပြုခဲ့သည့်ရက်     ဧပြီလ ၂၉ ရက်၊ ၂ဝ၁ဝ ခုနှစ်။

ရွေးကောက်ပွဲ ဝင်ရသည့် အကြောင်းရင်း

“ကျမက ရှေ့နေလုပ်ငန်းနဲ့ အသက်မွေးပါတယ်။ များသောအားဖြင့် လယ်သမားတွေကိစ္စကို ရှေ့နေလိုက်ပေးရပါတယ်။ အဲဒီအခါကျတော့ လက်ရှိကျင့်သုံးနေတဲ့ လယ်ယာမြေဥပဒေက လယ်သမားတွေအတွက် အဆင်မပြေဘူး။ ပြုပြင်ဖို့လိုအပ်နေတာ တွေ့ရတယ်။ နောက်ပြီးတော့ ကျမတို့ဒေသမှာ နာဂစ်မုန်တိုင်း တိုက်ပြီးသွားတဲ့နောက်ပိုင်း အရမ်းဆင်းရဲ ဒုက္ခရောက်ကြတယ်”

“အဲဒီအခါကျတော့ ကျမက နယ်တွေတောတွေမှာ သွားပြီးကူညီတယ်။ ဝေခြမ်းရေး လုပ်တဲ့အချိန်မှာပဲ နိုင်ငံရေးလုပ်ချင်တဲ့ စိတ်တွေက ပေါ်ပေါက်လာပြီးတော့ အခုလို ပါတီထဲကိုဝင်ပြီး နိုင်ငံရေးလုပ်ဖြစ်တာပါ။ ပြည်သူတွေ လိုအပ်တာတွေကို အပြင်မှာ ပြောနေမယ့်အစား လွှတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့ ကိုယ့်နိုင်ငံသားအားလုံး အကျိုးစီးပွားကို လွှတ်တော်မှာ ပြောဆိုပြီး အကျိုးပြုနိုင်မယ်လို့ မျှော်လင့်လို့ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ဖြစ်တာပါ”

မဲဆွယ်မည့် အခြေအနေ

“ကျမတို့ပါတီက ဒါတွေ လုပ်ပါမယ်ဆိုပြီး ဥပဒေမူကြမ်းကို ချပြတယ်။ ကြိုက်တဲ့လူက ပါတီဝင်ကြတယ်။ ဒီလောက်ပါပဲ။ မဲဆွယ်တာမျိုးတော့ မရှိသေးပါဘူး။ တချို့ဆို ပြည်တွင်း မီဒီယာတွေက ကျမတို့ကို အင်တာဗျူးထားတာတွေ ဖတ်ပြီး အလိုအလျောက် ပါတီလာဝင်တဲ့ လူတွေလည်း ရှိပါတယ်။ လောလောဆယ်တော့ အလုပ်တဖက်နဲ့ဆိုတော့ မဲဆွယ်စည်းရုံးတာမျိုး မလုပ်ရသေးပါဘူး”

၂ဝ၁ဝ ရွေးကောက်ပွဲဖြင့် မြန်မာပြည်ကို ပြောင်းလဲနိုင်မည့် အခြေအနေအပေါ် အမြင်

“ဒီရွေးကောက်ပွဲသာ လျောလျောလျူလျူနဲ့ အကောင်အထည်ပေါ်ဖြစ်ရင် လက်ရှိအာဏာရ အစိုးရထက်စာရင် လွှတ်တော်မှာ မဲခွဲပြီးဆုံးဖြတ်ရမှာ ဖြစ်တဲ့အတွက် အများကြီး ပြောင်းလဲသွားrယ်။ လွှတ်တော်ကနေ လူအများစုက မဲနဲ့ဆုံးဖြတ်မှာ ဖြစ်တဲ့အတွက် အခုထက်စာရင် အများကြီး ပိုကောင်းလာမယ်လို့ ယုံကြည်ပါတယ်”

“ခုလောလောဆယ် လက်ရှိအခြေအနေမှာ ကျမတို့ ပြည်သူတွေဆန္ဒတွေက ဘာမှ ပြောဆိုနိုင်ခွင့် မရှိဘူး။ အဲဒီအချိန်မှာ ကျမတို့တွေက ပြည်သူတွေရဲ့ ကိုယ်စားပြုပြီး လွှတ်တော်မှာ ပြောခွင့်ဆိုခွင့် ရလာမယ်။ ဘာပဲဖြစ်ဖြစ် ကျမတို့ လိုချင်တာတွေ အကုန်လုံး မဖြစ်ဘူးဆိုရင်တောင် တချို့တဝက်တော့ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်”

ပြောင်းလဲကျင့်သုံးရန် ကြိုးစားမည့် လယ်ယာမြေ ဥပဒေ

“ကျမ လယ်မြေကိစ္စ အမှုလိုက်တိုင်းမှာ စိတ်ထဲမှာ အတော်လေး ခံစားရတာရှိတယ်။ ကျမတို့နိုင်ငံမှာ လယ်ယာမြေ နိုင်ငံပိုင်ဥပဒေနဲ့ သွားနေတာ ကြာလှနေပါပြီ။ အဲဒီဥပဒေရဲ့ အဓိပ္ပာယ်က လယ်ယာမြေကို နိုင်ငံတော်ကပဲ ပိုင်တယ်။ လုပ်ပိုင်ခွင့်ကို သီးစားချပေးတယ်။ ကျမတို့ဒေသမှာ နာဂစ်ဖြစ်ပြီးသွားတဲ့ နောက်ပိုင်း လယ်သမားတွေမှာ လယ်လုပ်ပိုင်ခွင့် ရထားပေမယ့် လယ်စိုက်ဖို့ အရင်းအနှီး လုံးဝမရှိတော့ဘူး။ လယ်မြေတွေပဲ ကျန်ခဲ့တဲ့ အခါကျတော့ ငွေကို သူများဆီက ချေးဖို့ဆိုရင်လည်း ကျမတို့ ဘိုကလေးမှာက လယ်ယာမြေကိုပဲ အဓိကထားပြီး ချေးရတော့ ငွေရှင်တွေကလည်း ထုတ်မချေးချင်ဘူး”

“အဲဒီအချိန်မှာ လယ်ယာမြေဟာ ပုဂ္ဂိလပိုင်များ ဖြစ်မယ်ဆိုရင် လယ်ဧက ၁ဝဝ ပိုင်တဲ့လူက ဧက ၂၅ လောက် ရောင်းလိုက်ရင် လယ်စိုက်ဖို့ အရင်းအနှီး ပြန်ရတာပေါ့။ ဒါပေမဲ့ အခုအချိန်မှာ နိုင်ငံတော်ကပဲ ပိုင်တယ်ဆိုတော့ လယ်ယာမြေက ရောင်းချလို့မရဘူး။ ပေါင်နှံလို့မရတော့ လယ်စိုက်ဖို့ အရင်းအနှီး မရှိဘူး ဖြစ်နေတယ်”

“အဲဒီအခါကျတော့ လယ်ယာမြေကို လယ်သမားတွေက မစိုက်ဘူးဆိုရင်လည်း အစိုးရက သိမ်းမယ်။ စိုက်မယ်ဆိုပြန်တော့လည်း အရင်းအနှီးမရှိ။ အဲတော့ လယ်သိမ်းခံရမှာ စိုးတာနဲ့ လယ်သမားက စပါးကို ဟိုနား နည်းနည်းပက်၊ ဒီနား နည်းနည်းကြဲနဲ့ အယောင်ပြပြီး စိုက်တဲ့အခါကျတော့ နိုင်ငံတော်ရဲ့ အဓိက အသက်သွေးကြောဖြစ်တဲ့ လယ်တွေက စပါးမထွက်တော့ဘူး။ အဲတော့ အဲဒီလို လက်ရှိအခြေအနေနဲ့ အဆင်မပြေဖြစ်နေတဲ့ လယ်ယာမြေ နိုင်ငံပိုင်ဥပဒေကို လယ်ယာမြေ ပုဂ္ဂလိကပိုင်ဆိုင်ခွင့် ဥပဒေဆိုပြီး ပြင်ဖို့ စိတ်ကူးထားပါတယ်။ အဲဒါကို ဥပဒေမူကြမ်း နံပါတ် ၁၃ မှာ ထည့်သွင်းထားပါတယ်”

ပြောင်းလဲရန် ကြိုးပမ်းမည့် ပညာရေးစနစ်နှင့် အခြား ဥပဒေများ

“ကျမတို့က ရွေးကောက်ပွဲကော်မရှင်မှာ တင်ပြထားတဲ့ ဥပဒေမူကြမ်းထဲမှာ  ပညာရေးနဲ့ ပတ်သက်ပြီးတော့ တင်ပြထားတာ ရှိပါတယ်။ အဲဒီမှာ ပညာသင်ကြားရေးဆိုင်ရာ ပုဂ္ဂလိက ကျောင်းများ တည်ထောင်ခွင့် ဥပဒေ၊ ပညာသင်ကြားရေးဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်သို့ လုပ်ပိုင်ခွင့်ဆိုင်ရာ လွှဲပြောင်းခြင်း ဥပဒေဆိုပြီး ပါပါတယ်။ ကျောင်းသားတွေ ငွေကုန်ကြေးကျ သက်သာပြီးတော့ နိုင်ငံသားအားလုံးလည်း သင်နိုင်အောင် ရည်ရွယ်ပြီးတော့ ကျမတို့ ဥပဒေမူကြမ်းထဲမှာ ထည့်သွင်းရေးဆွဲ ထားတာပါ”

“ပုဂ္ဂလိက သစ်တော ထူထောင်ခွင့် ဥပဒေကို မူကြမ်း ၂၃ မှာ တင်သွင်းထားပါတယ်။ နောက်ပြီးတော့ ပြည်တွင်း ထွက်ကုန်ပစ္စည်းတွေကို နိုင်ငံအတွင်း လွတ်လပ်စွာ သယ်ယူရောင်းချခွင့် ဥပဒေလည်း ထည့်သွင်းထားတယ်။ ဒါဆိုရင် လူနည်းစုကပဲ လက်ဝါးကြီးအုပ်ပြီး ရောင်းလို့ မရတော့ဘူး။ ဥပဒေနဲ့အညီ လုပ်လို့ရသွားတာပေါ့။ နောက်ပြီးတော့ စိုက်ပျိုးမွေးမြူရေးမြေများ အခြားနည်း အသုံးပြုခြင်းဆိုင်ရာ ကန့်သတ်ဥပဒေ၊ နိုင်ငံခြား ငွေကြေးဆိုင်ရာ ဥပဒေစသဖြင့် ပြည်သူတွေအတွက် အကျိုးရှိမယ့် ဥပဒေတွေကို အများကြီး ထည့်သွင်းရေးဆွဲထားပါတယ်”

ပြောင်းလဲလိုသည့် စီးပွားရေးစနစ်နှင့် လူနေမှုဘဝ

“လျှပ်စစ်မီး၊ သောက်သုံးရေ ဒါတွေနဲ့ ပတ်သက်လို့လည်း လွှတ်တော်မှာ တင်ပြဖို့ စိတ်ကူးထားတာ ရှိတယ်။ ကျမတို့ မြို့မှာဆိုရင် မီးက မလာတာ များတယ်။ ဒါတွေက ကျမတို့ ငယ်ငယ်ကတည်းက ခံစားလာတဲ့ ခံစားချက်တွေဆိုတော့ မီးလာချိန်ပိုများအောင် အဲဒီအချိန်ကျတော့ ကြိုးပမ်းသွားမှာပါ”
“စီးပွားရေးကတော့ ဈေးကွက်စီးပွားရေးစနစ်၊ တံခါးဖွင့်ဝါဒပေါ့နော်။ အဲဒါကို ကျင့်သုံးနိုင်အောင် လုပ်သွားမယ်။ အဲဒီအခါ တခြား နိုင်ငံက လူတွေက မြန်မာပြည်မှာ လာပြီးတော့ စက်ရုံ၊ အလုပ်ရုံတွေ ရင်းနှီးမြှုပ်နှံကြရင် ကျမတို့ နိုင်ငံသူ နိုင်ငံသားတွေ အလုပ်ရကြပြီး တနေ့တာ ဝင်ငွေတွေလည်း တိုးတက်လာကြပါလိမ့်မယ်။ အခုလက်ရှိကတော့ တနိုင်ငံလုံး လူအများစု စီးပွားရေး အဆင်မပြေကြပါဘူး”

ရွေးကောက်ပွဲသို့ ကြံဖွံ့ ဝင်ရောက်လာသည့်အပေါ် အမြင်

“ရွေးကောက်ပွဲထဲကို ပြည်ခိုင်ဖြိုး ဝင်လာတဲ့အပေါ်တော့ ကျမ မစိုးရိမ်ပါဘူး။ အဓိက ရွေးချယ်မှာ ပြည်သူဖြစ်တယ်။ ပြည်သူတွေက သူတို့နှစ်သက်တဲ့ လူတွေကို အမတ်အဖြစ် ရွေးချယ်သွားမှာပဲ။ သူတို့ရဲ့ ငွေအား၊ လူအား၊ လုပ်နိုင်အားအပေါ် စိုးရိမ်မယ်ဆိုရင်လည်း စိုးရိမ်လို့ရပါတယ်။ ဒါပေမဲ့ ပြည်သူက သိပါတယ်။ ဘယ်သူက သူတို့အကျိုးကို လုပ်ပေးမယ့် လူတွေဆိုတာ။ အဲတော့ ကျမကတော့ အားမလျော့ပါဘူး။ နိုင်ငံသား အားလုံးရဲ့ အကျိုးကို လွှတ်တော်မှာ ပြောဆိုဆောင်ရွက်မယ်လို့ ခံယူထားတဲ့အတွက် အောင်မြင်မယ်လို့ပဲ ယုံကြည်ထားပါတယ်။ ရှိတဲ့ အားနဲ့ပဲ အကောင်းဆုံး ယှဉ်ပြိုင်သွားမှာပါ”

လွှတ်တော်များတွင် စစ်တပ်က ၂၅ ရာခိုင်နှုန်း နေရာထူထားသည့်အပေါ် အမြင်

“ဒါကတော့ အာဏာလက်ထဲ ရှိထားတဲ့လူက ရွေးကောက်ပွဲ လုပ်ပေးမယ်ဆိုတော့ သူတို့အကျိုးအတွက်ကို ဒီလိုမျိုးပဲ လုပ်ကြတာပဲလေ။ အဲဒီတော့ စစ်တပ်ကတော့ ၂၅ ရာခိုင်နှုန်း ပါနေတာကို အမတို့က ပြောလို့ မရဘူးလေ။ လက်ခံရမှာပဲ။ ကျန် ၇၅ ရာခိုင်နှုန်းထဲမှာပဲ နေရာရအောင် ဝင်ယူသွားမယ်”