www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၁၆ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

ဒေါ်ရီရီစံ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ဒေါ်ရီရီစံ
(ဗဟိုဦးစီး အဖွဲ့ဝင်၊ ခေတ်သစ် နိုင်ငံရေးသိပ္ပံ ဘောဂဗေဒ ကျောင်းတော်သားစုအဖွဲ့)

အမည်                           ဒေါ်ရီရီစံ (ခင်ဝင်းစံ)
မွေးသက္ကရာဇ်                   ၁၉.၁ဝ.၁၉၆ဝ
မိဘအမည်                      ဦးစံထွန်းအောင်၊ ဒေါ်ညွန့်ရီ
ပညာအရည်အချင်း            ၁၉၈ဝ ခုနှစ်တွင် ၁ဝ တန်းအောင်၊ ၁၉၉၄ ခုနှစ်တွင် ပထဝီဘာသာဖြင့် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရခဲ့။
မွေးချင်း                          ၆ ဦး အနက် တတိယမြောက်
မိသားစု                          ခင်ပွန်း ဦးထွန်းအောင်ကျော် (ဥက္ကဋ္ဌ၊ ခေတ်သစ် ပြည်သူ့ပါတီ) (သားသမီး မထွန်းကား)
အလုပ်အကိုင်                   အငြိမ်းစား ကျောင်းဆရာမ၊ ဗဟိုဦးစီး အဖွဲ့ဝင် (ခေတ်သစ် နိုင်ငံရေးသိပ္ပံ ဘောဂဗေဒ ကျောင်းတော်သားစုအဖွဲ့)

ဝင်ရောက် အရွေးခံမည့် အခြေအနေ

“ခေတ်သစ်ပြည်သူ့ပါတီမှ ဧရာဝတီတိုင်းဘက်က ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည်။ ဘယ်မြို့နယ်ရယ်လို့  မသတ်မှတ်ရသေးဘူး”

နိုင်ငံရေး ယုံကြည်ချက်နှင့် နိုင်ငံရေး နောက်ခံ

“မျိုးချစ်စိတ်က အခြေခံပြီး ဖြစ်လာတာပါ။  တိုင်းတပါးကို အားမကိုးဘဲနဲ့ ကိုယ်အားကိုယ်ကိုးပြီး တိုင်းပြည်တိုးတက်အောင် ဆောင်ရွက်ဖို့ မိဘတွေကရော ကျောင်းစာတွေမှာပါ သင်ခဲ့ရတယ်လေ။ အဲဒီကနေ နိုင်ငံရေးစိတ်ဓာတ် ဖြစ်လာတာပါ။ ၁၉၉၈ ခုနှစ်မှာ အိမ်ထောင်ကျပြီး ကျောင်းဆရာမအဖြစ်မှ အငြိမ်းစားယူပြီး နိုင်ငံရေးမူဝါဒတွေကို သုတေသနပြုပြီး အမျိုးသားဆီမှာ လေ့လာခဲ့ပါတယ်။ အမျိုးသားနိုင်ငံရေး လှုပ်ရှားမှုတွေမှာ အမခင်ပွန်းနဲ့အတူ ပါဝင်ခဲ့ပါတယ်။ ၂ဝဝ၅ ခုနှစ်မှာ ဗဟိုကော်မတီဝင်ဖြစ်ပြီး ၂ဝဝ၉ ခုနှစ်မှာ ဗဟိုဦးစီးအဖွဲ့ဝင် ဖြစ်လာခဲ့တယ်။ မျိုးရိုးမှာတော့   အမေ့ဘက်ကတော်တဲ့ အဘိုးလေး သီရိပျံချီ ဦးသန်းစိန်က ဝန်ကြီးချုပ် ဦးနု လက်ထက်က ပါလီမန်အမတ် ဖြစ်ခဲ့ပါတယ်။ ဖဆပလ (ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေး) ခေတ်က အတွင်းရေးမှူးပါ”

လက်ရှိ ပါဝင်နေသော အဖွဲ့အစည်း

“ခေတ်သစ် နိုင်ငံရေးသိပ္ပံ ဘောဂဗေဒ ကျောင်းတော်သားစုမှာ ဗဟိုဦးစီးအဖွဲ့ဝင် အဆင့် ၅ ပါ။ ပါတီမှာလည်း ဒီလိုအဆင့်အတိုင်းပဲ သွားမယ်လို့ အဖွဲ့ဝင်တွေ အားလုံး ဆုံးဖြတ်ချက် ချထားပြီးပါပြီ”

အခြား လုပ်ဆောင်မှု

“အစိုးရထုတ် သတင်းစာ ကြေမုံ၊ မြန်မာ့အလင်းတွေမှာ ခင်ဝင်းစံ နာမည်နဲ့ တပ်မတော်နေ့ ဂုဏ်ပြုဆောင်းပါးတွေ၊ အမျိုးသမီးများနေ့ ဂုဏ်ပြုဆောင်းပါးတွေ ရေးပါတယ်။ အမတို့ မြန်မာအမျိုးသမီးတွေရဲ့ ဂုဏ်ပုဒ်ကို ဖော်ညွှန်းချင်လို့ ရေးတာပါ။ ကမ္ဘာမှာရော၊ မြန်မာမှာရော အမျိုးသမီးဦးရေက ထက်ဝက်ရှိပါတယ်။ ခေတ်ရေစီကြောင်းနဲ့အညီ ဒီအမျိုးသမီးတွေက ဆန္ဒပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ လိုက်ပါရတော့မှာပါ”

မြန်မာနိုင်ငံရေးအပေါ် သုံးသပ်မှု

“မြန်မာနိုင်ငံ ဒီမိုကရေစီ ထူထောင်ရေးမှာ လမ်းနှစ်သွယ် ရှိပါတယ်။ အင်္ဂလိပ်၊ ပြင်သစ်၊ အမေရိကန် သွားတဲ့ လမ်းနဲ့ ဂျပန်နဲ့ ဂျာမဏီ သွားတဲ့လမ်းပါ။ အင်္ဂလိပ်တွေ သွားတဲ့ လမ်းက အရင်းရှင်လူတန်းစား  ရှိပြီးသား။ ကူပြောင်းရတာ လွယ်တယ်။ ဂျပန်တွေ သွားတဲ့လမ်းက အရင်းရှင်စနစ် မရှိဘူး၊ အရင်းရှင် လူတန်းစား မရှိဘူး။ အဲဒါကြောင့် အုပ်ချုပ်သူလူတန်းစားက ဦးဆောင်ပြီး တော်လှန်ရတယ်။ မြန်မာနိုင်ငံမှာလည်း  တည်ဆဲ တပ်မတော် အုပ်ချုပ်သူ အစိုးရနဲ့ ဒီမိုကရေစီနိုင်ငံကို တည်တည်ငြိမ်ငြိမ်နဲ့ ကူးပြောင်းသွားဖို့ ရည်ရွယ်ထားပါတယ်။ သူများတွေက တပ်မတော်အစိုးရဘက်က လိုက်ပြောပေးတယ်လို့ ထင်မယ်''

''အမတို့က အဲဒီလိုမျိုး မဟုတ်ပါဘူး။ အမတို့က အိမ်နီးချင်း ထိုင်းနိုင်ငံကို ကြည့်တယ်။ လက်ရှိ ထိုင်းနိုင်ငံမှာ ဒီမိုကရေစီ အတွေ့အကြုံ မရှိသေးတော့ ဒီမိုကရေစီရပြီးတော့မှ ဆူပူသောင်းကျန်းမှုတွေ ဖြစ်လိုက်၊ စစ်တပ်က ပြန်အုပ်ချုပ်လိုက် ဖြစ်နေတယ်။ အဲဒီလိုနဲ့ အချိန်တွေ ကြာနေမယ့်အစား အတွေ့အကြုံရှိတဲ့ စစ်တပ်နဲ့ ဒီမိုကရေစီ စနစ်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တည်ဆောက်သွားဖို့ မျှော်လင့်တယ်။ အချိန်ကျရင် တပ်မတော် အစိုးရကလည်း  သူ့နေရာသူ ပြန်သွားမှာပဲ။ ဒီလိုသွားတဲ့ စနစ်ကို အထက်က လာတဲ့ တော်လှန်ရေးလို့ ခေါ်တယ်။ တော်လှန်ရေးဆိုတာ အပြောင်းအလဲတခုကို တော်လှန်တာကို ပြောတာပါ”

ရွေးကောက်ပွဲ ဝင်ရသည့် ရည်ရွယ်ချက်

“အမကလည်း မြန်မာနိုင်ငံသားစစ်စစ် ဖြစ်တယ်။ အမ အမျိုးသားကလည်း တိုင်းပြည်အတွက် အကျိုးတွေ ဆောင်ရွက်တယ်။ အမရဲ့ ပင်ကိုစိတ်မှာလည်း မျိုးချစ်စိတ် ကိန်းအောင်းနေတဲ့အတွက် ကိုယ့်နိုင်ငံကို တည်ဆောက်ချင်တဲ့အတွက် ဝင်ပြိုင်ဖို့ ဆုံးဖြတ်လိုက်တာပါ။ အမတို့ အဖွဲ့ရဲ့ လမ်းစဉ်ကလည်း အကြွင်းမဲ့ ငြိမ်းချမ်းရေးလမ်းစဉ်လေ။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့  ဒီမိုကရေစီစနစ်ကို  အကောင်အထည်ဖော်သွားမယ်”

ရွေးကောက်ပွဲမှာ အနိုင်ရခဲ့လျှင်

“တိုင်းပြည်ကောင်းကျိုး၊ ပြည်သူကောင်ကျိုးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်သွားမယ်။ ဒီမိုကရေစီနိုင်ငံတော်ကို အေးအေးချမ်းချမ်း၊ တည်တည်ငြိမ်ငြိမ်နဲ့ တဆင့်ပြီးတဆင့် ကြိုးစားပြီး ကမ္ဘာနဲ့ ရင်ပေါင်တန်းနိုင်အောင် တတ်နိုင်သမျှ လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားပါတယ်”

ကြွေးကြော်သံ


“အကြွင်းမဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ဖြင့် ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးပါ”

စီးပွားရေးအပေါ် သုံးသပ်မှု

“အခုက စီးပွားရေးပိတ်ဆို့မှုတွေ ရှိနေတော့ ထိုက်သင့်သလောက်  မတိုးတက်ဘူး။ နောက်တချိန်မှာ ဈေးကွက်ရေး စီးပွားရေးစနစ်ကို ဒီမိုကရေစီနဲ့ အကောင်အထည်ဖော်လိုက်ရင်  အောင်မြင်တိုးတက်လာမယ်လို့ ထင်တယ်။ စီးပွားရေး ပိတ်ဆို့ခံထားရတဲ့အတွက် အမတို့ ပြည်သူတွေက မြေဇာပင် ဖြစ်နေတယ်။ အခု တော်တော်လေးကို အခက်အခဲ ဖြစ်နေကြတယ်။ ရွေးကောက်ပွဲပြီးရင် အစိုးရသစ်တရပ် ပေါ်လာရင်  စီးပွားရေး အခြေအနေ ကမ္ဘာကို ရင်ပေါင်တန်းနိုင်တဲ့ အဆင့်ကို ရောက်လာမယ်လို့ မျှော်လင့်တယ်”

လတ်တလော ဖြေရှင်းသင့်သည့် မူဝါဒ

“နိုင်ငံတည်ဆောက်ရေးမှာ အိမ်တွင်းရေး ပြဿနာကို ကိုယ့်တိုင်းရင်းသားအချင်းချင်း ဖြေရှင်းပြီး မတူတဲ့ ကွဲပြားနေတဲ့ အဖွဲ့တွေက ပူပေါင်းဆောင်ရွက်သွားရင် နိုင်ငံ တိုးတက်အောင်မြင်မှု ရမှာပါ”

၉ဝ ခုနှစ် ရွေးကောက်ပွဲအပေါ် သဘောထား

“အဲဒီတုန်းက ကိုယ်ကလည်း ဝန်ထမ်းဖြစ်တော့ ပါတီနိုင်ငံရေး ကင်းရှင်းခဲ့တယ်။ နိုင်ငံရေးသဘောထားတွေကို နားမလည်ခဲ့တော့ သုံးသပ်လို့ မတတ်ဘူး ဖြစ်နေတယ်”

၂ဝ၁ဝ ရွေးကောက်ပွဲအပေါ် သဘောထား

“၂ဝ၁ဝ ရွေးကောက်ပွဲမှာ  အားလုံးကို ပါဝင်စေချင်တယ်။ အထူးသဖြင့် NLD က မပါဝင်တော့ဘူးဆိုတော့ အမတို့အနေနဲ့ အင်မတန် ဝမ်းနည်းတယ်။ အားလုံးပါပြီးတော့ အစိုးရသစ်တခု ပေါ်လာပြီး လိုအပ်တာကို လွှတ်တော်ကျမှ ပြုပြင်လုပ်သွားရင် ပိုကောင်းမယ်လို့ ထင်တယ်”

စာနယ်ဇင်းလွတ်လပ်ခွင့်အပေါ် သဘောထား

“စာနယ်ဇင်း၊ သတင်းလွတ်လပ်မှုဆိုတာ အမတို့ငယ်ငယ်က လူကြီးတွေ ပြောဖူးတဲ့ အကြောင်းအရာလေး တခုပေါ့။ ပုဏ္ဏားတယောက်က ဘုရားရှင်ကို မေးတယ်။ မြတ်စွာဘုရားက မှန်သော စကားကို ပြောလို့လည်း ငါ မပြောလိုဘူး။ မှားသောစကားကို ပြောပါလို့လည်း မပြောလိုဘူးလို့ ပြန်မိန့်တယ်။ အဲဒါဆိုရင် ဘယ်လို စကားမျိုးကို ပြောရမလဲလို့ မေးတော့  မှန်လည်း မှန်စေ၊ အကျိုးလည်း ရှိစေဆိုတဲ့ စကားကို မိန့်ဆိုခဲ့တယ်။ ဒီလိုပဲ စာနယ်ဇင်းမှာလည်း မှန်လည်း မှန်စေ၊ အကျိုးလည်း ရှိစေဆိုတဲ့ သတင်းမျိုးကိုပဲ ဖြစ်သင့်ပါတယ်”