www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
အင်္ဂါ, ၁၇ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

ဒေါ်နန်းရွှေကြာ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ဒေါ်နန်းရွှေကြာ
(ဗဟိုကော်မတီဝင်နှင့် အလှည့်ကျ ဥက္ကဋ္ဌ၊ ဝံသာနု NLD - ပြည်ထောင်စု မြန်မာနိုင်ငံ)

အမည်                           ဒေါ်နန်းရွှေကြာ
ရာထူး                            ဗဟိုကော်မတီဝင်နှင့် အလှည့်ကျ ဥက္ကဋ္ဌ (၂ဝဝ၅ - လက်ရှိ)
အဖွဲ့အမည်                      ဝံသာနု NLD (ပြည်ထောင်စု မြန်မာနိုင်ငံ)
မွေးသက္ကရာဇ်                   ၁၃. ၁၂. ၁၉၆၃
မွေးရပ်ဇာတိ                    ကွန်ဟိန်းမြို့၊ ရှမ်းပြည်နယ် (တောင်ပိုင်း)
မိဘအမည်                      ဦးစိုင်းနွဲ့၊ ဒေါ်နန်းခင်စိုး
မွေးချင်း                          မောင်နှစ်မ ၄ ဦးအနက်၊ ဒုတိယမြောက်
ခင်ပွန်း                           ဦးရဲမင်း
သားသမီး                        ၃ ဦး (သား ၁၊ သမီး ၂)
ပညာအရည်အချင်း            တောင်ကြီးမြို့ အထက - ၃ မှ ၁၉၇၈ ခုနှစ်တွင် ၁ဝ တန်း အောင်မြင်ခဲ့။
၁၉၈၄ ခုနှစ်တွင် တောင်ကြီးကောလိပ်တွင် မြန်မာစာ အဓိကဖြင့် BA ဘွဲ့ ရရှိခဲ့။
အဝေးသင် တက်ရောက်ခဲ့ရာ ၁၉၈၇ ခုနှစ်တွင် မြန်မာစာ (ဝိဇ္ဇာဘွဲ့) ရခဲ့။
နိုင်ငံရေးလောကသို့
ရောက်ရှိလာပုံ                  ၁၉၈၉ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD သို့ ဝင်ရောက်ခဲ့။
ပါဝင်ခဲ့ဖူးသည့်အဖွဲ့            မန္တလေးတိုင်း အမျိုးသမီးအဖွဲ့ဝင် (၁၉၈၉ - ၂ဝဝ၄)
၂ဝဝ၄ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် NLD နှင့် သဘောထားချင်း
မတိုက်ဆိုင်သဖြင့် ပါတီဝင်အဖြစ်မှ နှုတ်ထွက်ခဲ့။
ထိန်းသိမ်းခံခုနှစ်               ၁၉၉၆ နှင့် ၉၇ ခုနှစ်များတွင် ဗိုလ်ချုပ်ခင်ညွှန့်၏ စစ်ထောက်လှမ်းရေးက တကြိမ်လျှင် အများဆုံး ၆ လ ၊ အနည်းဆုံး ၃ လဖြင့် ၇ ကြိမ် ထိန်းသိမ်းခဲ့။
လက်ရှိလိပ်စာ                  လှည်းတန်းရပ်၊ အနှိပ်တော် အုပ်စု၊ နန်းတော်ရှေ့ရပ်ကွက်၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးတိုင်း။
အဖွဲ့၏ရွေးကောက်ပွဲ
ဝင်ရောက်မည့်နယ်မြေ        မန္တလေးတိုင်း
ပါတီဝင်အင်အား               ၁၅ဝဝဝ မှ ၂ဝဝဝဝ ကြား။

ပါတီ၏ လက်ရှိ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်မှု အခြေအနေ

“ကျမတို့ ပါတီကို မှတ်ပုံတင်ဖို့ ပြင်ဆင်နေပါပြီ။ ဒီလ ၆ ရက်နေ့ နေပြည်တော်သွားမယ်။ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၁၅ ယောက်စာရင်းလည်း ပြုစုပြီးသွားပြီ။ ၇ ရက်နေ့မှာ ပါတီမှတ်ပုံတင်မယ့်အကြောင်းကို သွားအကြောင်းကြားမှာပါ။ ပါတီဖွဲ့စည်းပုံလည်း ကျမတို့ ရေးဆွဲပြီးသွားပါပြီ။ ဝင်ပြိုင်ဖို့တော့ မန္တလေးတိုင်းကို အဓိက ထားပါတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့လည်း တိုးချဲ့ပြီးလုပ်သွားဖို့ အစီအစဉ် ရှိပါတယ်။ အခု ကျမတို့ စည်းကမ်းတကျ လုပ်နေတယ်။ ပြည်သူလူထုကိုလည်း စည်းကမ်းတကျနဲ့ ဒီ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဖြတ်သန်းဖို့ရန် ကျမ စည်းရုံးမှာပါ။ နောက် NLD ထဲမှာရှိတဲ့ မိတ်ဆွေ အပေါင်းအသင်းတွေကိုလည်း မေးကြည့်မှာပါ”

ရွေးကောက်ပွဲဝင်ရသည့် အကြောင်းရင်း

“ရွေးကောက်ပွဲနဲ့သွားမယ့် နည်းလမ်းဟာ ပြည်သူလူထုကို ပိုပြီးအကျိုးရှိစေမယ်လို့ ခံယူတယ်။ အခုချိန်မှာ ပြည်သူလူထုကို ကိုယ်စားပြုဖြစ်ချင်တယ်၊ ပြည်သူလူထုအတွက် ပြောချင်တယ်ဆိုရင် ဒီရွေးကောက်ပွဲကို မဖြတ်သန်းလို့ မဖြစ်ပါဘူး။ ရွေးကောက်ပွဲကို ဖြတ်သန်းမှသာ ပြည်သူလူထုကို ကိုယ်စားပြုမယ်လို့ ယူဆပါတယ်။ အဲဒီလို ရည်ရွယ်ချက်တွေနဲ့ပဲ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်တာပါ”

၂ဝဝ၈ အခြေခံဥပဒေအပေါ် အမြင်သဘောထား

''ဖွဲ့စည်းပုံကို ကျမတို့ လေ့လာပြီးသွားပြီ။ တချို့ကျတော့လည်း ဒီဖွဲ့စည်းပုံ အခြေခံဥပဒေက လိုအပ်ချက်တွေ အများကြီးရှိတယ်၊ သူတို့လိုချင်တာ တဖတ်သတ် ရေးဆွဲတယ်ပေါ့နော်။ အများပြည်သူ အလွှာပေါင်းများစွာ၊ အခြေခံပေါင်းများစွာနဲ့ ရေးဆွဲထားတဲ့ ဒီအခြေခံဥပဒေကို ပြန်ပြင်ဆင်မယ်။ လိုအပ်ချက်ရှိနေတဲ့ အပိုင်းတွေကို လွှတ်တော်ထဲမှာ ပြန်ပြင်ဆင်မယ်ဆိုတဲ့ သဘောလေးပါ။ အခုလောလောဆယ်မှာ ပြည်သူလူထုအများစုက အတည်ပြုပေးထားတဲ့ ဖွဲ့စည်းပုံကိုတော့ ပြင်မှာမဟုတ်ဘူး။ ကျမတို့ ဈေးဆစ်လို့လည်း ရမှာမဟုတ်ဘူးလို့ ယုံကြည်တယ်။ ဈေးမဆစ်ဘဲနဲ့ သူတို့လုပ်ပေးတဲ့ ရွေးကောက်ပွဲကိုဝင်ပြီး ဖြတ်သန်းမယ်၊ အနိုင်ရအောင်လည်း ကြိုးစားမယ်။ ကြိုးစားတဲ့အခါ ကျမတို့အတွက် တနေရာလေးရတဲ့ အခွင့်အရေးတခုကို ကောင်းကောင်း အသုံးချမယ်ဆိုလို့ရှိရင် ပြည်သူလူထုအတွက် အကောင်းဆုံး ဖြစ်လိမ့်မယ်လို့ ယုံကြည်တယ်လေ''

''အခု ၅ နှစ် သက်တမ်းမှာ သူတို့က ၂၅ ရာခိုင်နှုန်း အမြတ်တင်ထားပြီးသား။ ကျမတို့က ၇၅ ရာခိုင်နှုန်း အမြတ်ရအောင် လုပ်ရမယ်။ လုပ်ရမယ့်အပိုင်းမှာ အခု ၅ နှစ်သက်တမ်းမှာ ကျမတို့ လိုချင်တာရဲ့ တဝက်လောက်ရမယ်၊ နောက်ထပ် ၅ နှစ်သက်တမ်းမှာ အပြည့်အဝ ရရမယ်လို့ ယုံကြည်တယ်။ ဘာပဲပြောပြော ပြည်သူလူထု ကိုယ်စားပြုပြီး ပြောနိုင်ဆိုနိုင်တဲ့ အခွင့်အရေးရတဲ့ လမ်းကြောင်းလေးပေါ် လျှောက်လှမ်းကြမယ်ဆိုရင် အောင်မြင်မယ်လို့ ယူဆတယ်။ မိမိကိုယ်ကိုလည်း ယုံကြည်တယ်''

''သူတို့ချထားတဲ့ အုတ်မြစ်တခုကို ခိုင်မာမှု မရှိဘူးဆိုပြီး အဝေးကနေ ပြောနေလို့ မရဘူးလေ။ ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်ခြင်း မပြုဘဲနဲ့ အဝေးကနေ အပြစ်တင်မယ်ဆိုရင် အဆောက်အဦးရဲ့ ခိုင်ခံ့မှုက ကျမတို့ နားမလည်ဘဲ၊ မသိဘဲနဲ့ ခိုင်ခံ့မှုမရှိပါဘူးလို့ အပြစ်တင်မယ်ဆိုရင် ကျမတို့လိုချင်တဲ့ အဆောက်အဦးတခု ဖြစ်လာမှာ မဟုတ်ဘူးဆိုတဲ့ ရည်ရွယ်ချက် ကျမမှာ ရှိတယ်။ ကောင်းတဲ့ အချက်ကလေးတွေကိုလည်း ကြည့်ရမယ်။ မှားတယ်ဆိုတဲ့ အချက်ကလေး၊ ပျက်စီးယိုယွင်းနေတယ်ဆိုတဲ့ အချက်ကလေးတွေကိုလည်း အပြုသဘောနဲ့ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို ချစ်တဲ့ စိတ်နဲ့ ပူးပေါင်းပြီးတော့ ဆွေးနွေးပြီးတော့ ယူသွားမယ်ဆိုရင်ရမယ်လို့ ကျမယုံကြည်တယ်''

၂ဝ၁ဝ ရွေးကောက်ပွဲအပေါ် အမြင်သဘောထား


''အခုက သူတို့ဟပေးတဲ့ ဟကြောင်းလေးတခုကို ကျမတို့ဝင်မှပဲ ပူးပေါင်းမှု ဖြစ်နိုင်မယ်လို့ ယူဆတယ်။ ကျမတို့က ဘာမှမလုပ်ရသေးဘဲနဲ့ အပြစ်တင်စကားတွေပြော၊ အပြစ်ရှာနေမယ်ဆိုရင် ကျမတို့ ပြည်သူလူထု လိုလားတဲ့ ဒီမိုကရေစီနိုင်ငံဆိုတာ ဖြစ်မလာနိုင်ဘူး၊ မပြောင်းလဲနိုင်ဘူးလို့လည်း ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ ဖြတ်သန်းခဲ့တာလည်း ကြာပြီ။ လုပ်ခဲ့တာ နှစ်ပေါင်းလည်း မနည်းတော့ဘူး။ အဲဒီလို လုပ်ခဲ့တဲ့အပိုင်းမှာ ဘာမှလည်း ထိရောက်မှု ရှိမလာဘူးဆိုတော့ အခု ကိုယ်လုပ်မယ့် လုပ်ငန်းမှာ ဘာပဲပြောပြော ထိရောက်မှုရှိမယ်လို့ ယုံကြည်လို့ ဒီလမ်းကြောင်းကို ရွေးလိုက်တာပါ''

''နိုင်ငံတနိုင် ဘယ်နိုင်ငံမှ ဝုန်းကနဲဆို ပြောင်းလဲနိုင်တဲ့ အနေအထား မရှိဘူး။ ဘယ်နိုင်ငံဖြစ်ဖြစ် ကျမတို့ လေ့လာတယ်။ နိုင်ငံတကာလည်း လေ့လာတယ်။ ချက်ချင်း ဝုန်းဆို မပြောင်းလဲနိုင်ဘူးဆိုတော့ ပြောင်းလဲနိုင်မယ့် လမ်းကြောင်းလေးတွေ ရှာပြီး ပူးပေါင်းသွားရင် လွှတ်တော်မှာ  အဆင့်မြင့်မြင့် စကားပြောမယ်ဆိုရင် ကျမတို့လိုချင်တဲ့ လိုအပ်ချက်ကလေးတွေ တနေ့နေ့ တချိန်ချိန်မှာ ရလာမယ်လို့လည်း မျှော်လင့်တယ်။ ရမယ်လို့ ယုံကြည်တယ်။ ၉ဝ ရွေးကောက်ပွဲဟာ လွတ်လပ်တဲ့၊ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့လည်း အားလုံးက ယူဆကြတယ်''

''နောက်ပိုင်းက အစိုးရ မဖွဲ့နိုင်တာက အကြောင်းအမျိုးမျိုးကြောင့်နဲ့ ကိုယ့်ရဲ့ပါတီထဲမှာလည်း တယောက်နဲ့ တယာက် မညီညွတ်မှုတွေလည်း အများကြီး ရှိခဲ့ပါတယ်။ အနိုင်ရပြီးတော့ ကိုယ်ကိုယ်တိုင် အစိုးရမဖွဲ့နိုင်တာဟာ ကိုယ့်အဖွဲ့အစည်းရဲ့ ချို့ယွင်းချက်တခုပေါ့နော်။ ဒီ ၂ဝ၁ဝ ရွေးကောက်ပွဲကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ သွားမယ်ဆိုရင် ဘာပဲပြောပြော ကိုယ် အနိုင်ရမယ်ဆိုရင် ကျမတို့အနေနဲ့ အစိုးရတရပ် ဖြစ်နိုင်တယ်လို့လည်း ယူဆပါတယ်”

ရွေးကောက်ပွဲ ရလဒ်ကို နိုင်ငံတကာ အသိအမှတ်ပြုနိုင်ဖွယ် ရှိ မရှိ


''ဒါက ကျမတို့နိုင်ငံရဲ့ ပြည်တွင်းရေးပါ။ နိုင်ငံတကာ အဖွဲ့အစည်းတွေက အော်နေတာပဲ၊ ကြားနေရ သိနေရတာပဲ။ ကျမတို့က ကိုယ့်ပြည်တွင်းရေးကိစ္စကို အားလုံးက ပူးပေါင်းဆောင်ရွက်ရင် နိုင်ငံတကာ အဖွဲ့အစည်းတွေက NLD မပါလို့ ဒီဟာကြီးကို ပျက်ရမယ်ဆိုတာကို ကျမတို့က လက်ခံမှာမဟုတ်ပါဘူး။ ဘာပဲပြောပြော အားလုံးကို ဖွင့်ပေးပြီးပြီ။ ဟိုလူ မပါလို့၊ ဒီလူ မပါလို့၊ ဟိုလူ မရှိလို့၊ ဒီလူ မရှိလို့ဆိုပြီး ဈေးဆစ်နေမယ်ဆိုရင် ကိုယ့်နိုင်ငံက ပိုပြီးတော့ သူများနိုင်ငံနဲ့ ယှဉ်ပြီးတော့ ရင်ဘောင်တန်းနိုင်မှာ မဟုတ်ပါဘူး။ ဈေးသည်လို ဈေးဆစ်နေလို့ မရပါဘူး''

လက်ရှိ စီးပွားရေး မူဝါဒအပေါ် အမြင်သဘောထား

''စီးပွားရေးပိတ်ဆို့မှုကြောင့် ကျမတို့တိုင်းပြည်က တော်တော်လေးကို ခံရပါတယ်။ ဒါကြောင့် စီးပွားရေးပိတ်ဆို့မှု ဆန့်ကျင်ရေး အမျိုးသား လှုပ်ရှားမှုဆိုပြီးတော့ အဖွဲ့ ၉ ဖွဲ့ပေါင်းပြီး လှုပ်ရှားခဲ့တာ ရှိပါတယ်။ ကျမတို့နိုင်ငံကို စီးပွားရေးပိတ်ဆို့တာကို လက်မခံဘူး။ ဒီဒဏ်ကြောင့် ကျမတို့နိုင်ငံ တိုးတက်သင့်သလောက် မတိုးတက်ခဲ့ဘူး။ ဒီဒဏ်ကို ပြည်သူလူထုက အလူးအလိမ့်ခံရတာပေါ့နော်။ စီးပွားရေးပိတ်ဆို့မှုကြောင့် စက်ရုံအလုပ်ရုံတွေ ပိတ်သွားတယ်။ အဲဒီအခါမှာ အလုပ်လက်မဲ့တွေ အများကြီး ဖြစ်သွားတယ်။ အဲဒီတော့ တိုင်းပြည် စီးပွားရေးကတော့ တော်တော်ပြန်လုပ်ယူရဦးမှာပေါ့နော်''

အာဏာရခဲ့လျှင် ပြည်သူအတွက် လုပ်ဆောင်ပေးမည့် ရည်မှန်းချက်

''လွှတ်တော်မှာ အမှန်အတိုင်း တင်ပြနိုင်ရမယ်လေ။ တိုင်းပြည်နဲ့ချီပြီးတော့ မပြောဘူး။ နိုင်ငံနဲ့ချီပြီးတော့ ပြောမှာမဟုတ်ဘူး။ ကိုယ့်ရဲ့ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ လူထုတွေမှာ ကြုံတွေ့နေရတဲ့ ဒုက္ခတွေ၊ အကျပ်အတည်းတွေ အားလုံးကို လွှတ်တော်မှာ ကျမတို့က တင်ပြမှာဖြစ်တယ်။ လွှတ်တော်မှာ ပြောတာက ပိုပြီးတော့ ထိရောက်မှု ရှိတယ်လို့လည်း ယုံကြည်တယ်''

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်အပေါ် သဘောထား

''၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို တအားမျှော်လင့်ခဲ့ပါတယ်။ ကျမတို့ကိုယ်တိုင်ပင် တအိမ်တက်ဆင်းပေါ့၊ ကျမတို့ ခမောက်ကလေးကို ကြက်ခြေခတ်မယ်ဆိုရင် ပြည်သူလူထု လိုလားတဲ့ ဒီမိုကရေစီနိုင်ငံကို ပြောင်းလဲနိုင်ပါတယ်ဆိုပြီး စည်းရုံးခဲ့တာပါ။ ကျမတို့ အဲဒီတုန်းက အောင်မြေသာစံမြို့နယ်မှာ နေတယ်။ ၉ဝ ရွေးကောက်ပွဲကို အင်တိုက်အားတိုက် လုပ်ခဲ့တယ်။ အနိုင်လည်း အနိုင်ရခဲ့တယ်။ အခု ကျမတို့ရဲ့ NLD အဖွဲ့အနေနဲ့ ပြည်သူတွေရဲ့ ဆန္ဒကိုရအောင်၊ ပြည်သူတွေက တာဝန်ကျေတယ်။ ကျမတို့တွေက တာဝန်မကျေတဲ့ အပိုင်းတွေ ရှိတယ်။ တာဝန်မကျေဘူးဆိုတာက ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ အပိုင်းမှာတွေရော၊ တယောက်နဲ့ တယောက် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းမှာ ရအောင် အကောင်အထည်ဖော် မဆောင်ရွက်နိုင်ခဲ့တဲ့အတွက်ကြောင့် အခုချိန်ထိအောင် ရေစုံမျောနေရတဲ့ အပိုင်းတွေပေါ့''

''သူတို့က ၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် မပြုခဲ့ဘူးဆိုတော့၊ NLD က မဝင်ဘူးဆိုတော့ ကျမ တကယ် စိတ်မကောင်းတာပါ။ ပြီးတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ဝင်စေချင်တယ်။ အခုထိအောင် ပြည်သူလူထုက သူတို့ကို ထောက်ခံနေတဲ့ အပိုင်းကိုလည်း သိစေချင်တယ်။ ပြည်သူလူထုကို ယုံကြည်မှုအပြည့်နဲ့ ဝင်မယ်ဆိုရင် ၂ဝ၁ဝ ရွေးကောက်ပွဲဟာ ဘာပဲပြောပြော အဲဒီတုန်းက ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြီးသား မရှိတဲ့အတွက်ကြောင့် ကျမတို့ NLD ဟာ အစိုးရဖွဲ့တဲ့အထိ မလုပ်ခဲ့နိုင်ဘူး''

''အခုက ဖွဲ့စည်းပုံ အခြေခံဥပဒေ ရှိပြီးပြီ။ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကျမတို့ ရွေးကောက်ပွဲ ဝင်မယ်ဆိုရင် NLD အနေနဲ့ မဲအများဆုံးရရင် အစိုးရဖွဲ့နိုင်တဲ့ အခွင့်အရေးရမှာပဲ။ ဒီမိုကရေစီဆိုတာ အများဆန္ဒကို လေးစားတဲ့ ဝါဒဖြစ်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သူတို့လိုအပ်တဲ့ နေရာမှာ ပြင်ဆင်သွားမယ်ဆိုရင် အကောင်းဆုံး ဖြစ်မယ်လို့ ကျမ ယုံကြည်တယ်။ ဒါကြောင့် NLD ကိုလည်း ပါစေချင်တယ်။ NLD မပါဘူးဆိုတော့ အင်မတန်မှ စိတ်မကောင်းဖြစ်ရပါတယ်။ ကျမတို့က ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအချင်းချင်း ထိပ်တိုက်တွေ့နေမယ့်အစား လက်တွဲပူးပေါင်း ဆောင်ရွက်မယ်ဆိုရင် သူတို့ပေးထားတဲ့ လမ်းကြောင်းကို လျှောက်လှမ်းမယ်ဆိုရင် NLD အနေနဲ့ အခြေအနေ ကောင်းမယ်လို့လည်း ကျမမြင်ပါတယ်''

ဖြည့်စွက်ပြောကြားချက်

''ကျမက တိုင်းရင်းသူတယောက်ဆိုတော့ တကယ်တမ်း ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲ၊ နေရာစွဲ၊ တဦးတယောက်ကို စွဲလမ်းနေမယ်ဆိုရင် ရှမ်းပြည် ကောင်းစားရေးအတွက်ပဲ ကျမ လုပ်နေမှာပေါ့။ မြန်မာ့နိုင်ငံရေး စင်မြင့်ပေါ်ကို ရောက်လာစရာအကြောင်း မရှိဘူး။ ပြည်ထောင်စုစိတ်ဓာတ် အရင်းခံပြီးတော့ ကျမတို့ပတ်ဝန်းကျင် ၄-၅ အိမ်လေးရဲ့ အတိဒုက္ခလေးတခုကို လွှတ်တော်မှာတင်ပြနိုင်လို့ အဲဒီတင်ပြချက်ကလေးက အောင်မြင်ခဲ့မယ်ဆိုရင် ကျမ လုပ်ရကျိုးနပ်တယ်ဆိုတဲ့ ခံယူချက်ကလေးပါ။ NLD မှာ နေတုန်းကလည်း အမျိုးသားရေး အခြေခံပြီး NLD ထဲဝင်ပြီး ၁၆ နှစ်၊ ၁၇ နှစ်လောက် လုပ်ကိုင်ခဲ့တယ်။ အခု ဝံသာနု NLD မှာ ဝင်ပြီးလုပ်ကိုင်ခဲ့တာဟာလည်း အမျိုးသားရေး စိတ်ဓာတ်ကို အခြေခံပြီး လုပ်သွားမယ်ဆိုတဲ့ အပိုင်းလေးပါ''