www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၁၆ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

ဦးညိုမင်းလွင်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ဦးညိုမင်းလွင်
(မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ)


အမည်                                                   ဦးညိုမင်းလွင်
မိဘ                                                       ဦးလှမြင့်၊ ဒေါ်ခင်သိန်း
မွေးသက္ကရာဇ်                                           ၂၁. ၁၁. ၁၉၆၁
မွေးချင်း                                                  ၅ ဦး အနက် တတိယမြောက်
မွေးရပ်                                                   ပျဉ်းမနားမြို့နယ်၊ မန္တလေးတိုင်း
လက်ရှိနေရပ်                                           ရန်ကုန်
ပညာရေး                                                မန္တလေး AGTI မှ EC ဒီပလိုမာ (၁၉၈၄)၊ မန္တလေး အဝေးသင် တက္ကသိုလ်မှ B.Sc(Phy) (1991)
အိမ်ထောင်ဘက်                                       ဒေါ်အေးအေးမြင့်၊ (သားသမီး မထွန်းကား)
အလုပ်အကိုင်                                           တော်ဝင်ပန်း ကုန်သေတ္တာနှင့် အထွေထွေ ကုန်စည်ပို့ဆောင်ရေးတာဝန်ခံ

ပါတီ/တသီးပုဂ္ဂလ

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ကိုယ်စားပြု သို့မဟုတ် ပါတီ တည့်တံ့ရေးနှင့် အောင်မြင်ရေး ဦးစားပေး လုပ်ဆောင်မည်။

နိုင်ငံရေးနောက်ခံ

''နိုင်ငံရေးကို အသက် ၁၃ နှစ်ကတည်းက လုပ်ဖို့ စိတ်ဝင်စားခဲ့တာပါ။ News week ထဲမှာပါတဲ့ အမေရိကန် သမ္မတ ရွေးကောက်ပွဲအကြောင်း စိတ်ဝင်းစားသွားတာ။ အဲဒီတုန်းက အင်္ဂလိပ်တော့ မဖတ်တတ်ဘူး။ ဖတ်တတ်တဲ့လူကို မေးကြည့်ပြီးမှ ဒီလိုမျိုး ဖြစ်ချင်ခဲ့တာ။ အဲဒီကတည်းက အသက် ၄ဝ ကျော်ရင် နိုင်ငံရေးလုပ်ဖို့ ရည်မှန်းထားခဲ့တာ။ ၁၉၉ဝ ရွေးကောက်ပွဲရောက်မှ နိုင်ငံရေးနဲ့ နီးစပ်တာ။ ကျနော့်အဖေက ပျဉ်းမနားမြို့နယ် NLD အဖွဲ့ဝင်လေ။ ကျနော်က အဖွဲ့ဝင်မဟုတ်ပေမယ့် အဖေနဲ့ ပတ်သက်ပြီး NLD ရုံးကို ဝင်ထွက်မှု ရှိခဲ့တယ်။ ရွေးကောက်ပွဲမတိုင်မီ ကာလမှာ လူငယ်ခေါင်းဆောင် ကိုသိန်းဇ်ာတို့၊ မခင်အုန်းတို့ အဖမ်းခံရပြီး ခေါင်းဆောင် မရှိတဲ့အတွက် ကျနော့်ကို လူငယ်တွေက ခေါင်းဆောင်လုပ်ဖို့ ပြောပြတယ်။ ကျနော်က ပါတီဝင် မဟုတ်ကြောင်း ပြောပြပေမယ့်၊ ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ အင်အားတရပ်အနေနဲ့ ပါဝင်ပေးပါဆိုလို့ ပါဖြစ်ခဲ့တယ်။ ရွေးကောက်ပွဲပြီးလို့ ကျနော့်အဖေ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ စာရင်းကို ကော်မရှင်ကို တင်ပြပြီးတဲ့အခါမှာ ထွက်လိုက်တယ်။ အဲဒီကတည်းက ကျနော်လည်း နိုင်ငံရေးနဲ့ အဆက်ပြတ်သွားတယ်။  ကျနော် ၁၉၉၅ မှာ ရန်ကုန်ရောက်ပြီး ၂ဝဝဝ မှာ ၈၈ ကျောင်သား ကိုသိန်းတင်အောင်၊ ကိုအေးလွင်တို့နဲ့ ပေါင်းမိပြီး နိုင်ငံရေးလုပ်ဖြစ်တယ်''

လက်ရှိ မြန်မာနိုင်ငံရေးအပေါ် သုံးသပ်မှု

''ကျနော်သုံးသပ်တာကတော့ နိုင်ငံရေး လောကမှာ စည်းလုံးညီညွတ်မှု အားနည်းတယ်။ အဲဒီတော့ ကျနော်တို့ ဖြစ်ချင်တဲ့ ဒီမိုကရေစီက နည်းနည်းကြာမယ် ထင်တယ်။ ဘာလို့လဲဆိုတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် လက်ရှိ နိုင်ငံရေးနဲ့ တပ်မတော်မှာ၊ ဥပမာပေါ့ - တပ်မတော်က ခေတ်အဆက်ဆက် နိုင်ငံရေး အတွေ့အကြုံကြောင့် စစ်ရေးရော၊ နိုင်ငံရေးရော နားလည်တယ်။ နိုင်ငံရေးသမားတွေက နိုင်ငံရေး အတွေ့အကြုံ ရှိတယ်ပဲဆိုပါစို့ အရည်အချင်း၂ ခုရှိတာနဲ့ အရည်အချင်း တခုပဲ ရှိတဲ့အခါ၊ ၂ ခုရှိတာကို ၁ ခုရှိတာနဲ့ အနည်းဆုံး Level ကျအောင် ဘာနဲ့ ယှဉ်ကြမလဲလို့ နိုင်ငံရေး လောကမှာ မေးကြည့်တဲ့အခါ အဖြေမထွက်ဘူး။ ကျနော့်ကိုပဲ ဖြေကြပါလို့ ပြောတဲ့အတွက် ကိုယ်ကျင့်သီလ သိက္ခာကောင်းမွန်မှု၊ လာဘ်ပေးလာဘ်ယူ ကင်းရှင်းမှုတွေနဲ့ ယှဉ်မှသာ ရမယ်လို့ ပြောလိုက်ပါတယ်။ အဲဒီလိုမှ မလေ့ကျင့်ထားရင် မလုပ်နိုင်ရင်  နိုင်ငံရေးလောကထဲကို မဝင်ပါနဲ့လို့ ပြောလိုက်တယ်။ ဘာလို့လဲဆိုတော့ ဝင်လာလို့မှ လာဘ်ပေးလာဘ်ယူမှု ကိုယ်ကျင့်သီလ မရှိရင် မင်းတို့ကို ဘာလို့ပေးမှာလဲ၊ ငါတို့ပဲ ဆက်အုပ်ချုပ်မှာပေါ့။ ပြီးတော့ ကျနော်တို့က ၆၂ ခုနှစ် ကတည်းက နိုင်ငံတော် အုပ်ချုပ်မှု အတတ်ပညာနဲ့ ကင်းကွာခဲ့တယ်။ လက်ရှိ အုပ်ချုပ်နေတဲ့ တပ်မတော်ဆီကလည်း ပညာရပ်တွေကို ကောင်းသော ယူခြင်းမျိုးနဲ့ သင်ယူရမယ်။ ကျနော်တို့ဆီကလည်း ကောင်းသော သိက္ခာ သမာဓိ ဖြူစင်မှုကိုလည်း သူတို့ကို ပေးနိုင်ရမယ်။ အဲဒါမှ ကောင်းသော ယှဉ်ပြိုင်ဘက် ဖြစ်မယ်။ ရန်သူလို သဘောမထားဘူး။ အခုတော့ နိုင်ငံရေး လောကက ငါသိငါတတ်များတယ်။ ငါ့ အတွေ့အကြုံက ပိုတယ်။ လုံးချာလည်လိုက်နေတယ်။ မဆွေးနွေးကြဘူး''

လက်ရှိ အစိုးရ အပေါ် သဘောထား

''လက်ရှိ အစိုးရအပေါ် သဘောထားက ၁၉ ရာစုက အဆိုအမိန့်လေးတခု ရှိပါတယ်။ တပ်မတော်သည် ဗဟို ဦးဆောင်အဖွဲ့အစည်းတရပ် ဖြစ်ရမယ်။ ဒီမိုကရေစီ လူ့ဘောင်အဖွဲ့အစည်းတရပ် ဖြစ်တည်တိုးတက်ရေးအတွက် တပ်မတော်ရဲ့ အားပေးအားမြှောက်မှု ရှိမှသာ အောင်မြင်မှု ရှိမယ်။ အဲဒီအဆိုကို ကျနော်က လက်ခံပါတယ်။ လက်ခံတယ်ဆိုတာ ပစ်ပယ်လို့ မရဘူး။ ဒီမိုကရေစီ ပေါ်ပေါက်ရေးအတွက် အားပေးအားမြှောက်ပေးမယ့် အဖွဲ့အစည်းလို့ပဲ သတ်မှတ်တယ်။ သို့သော် အာဏာရှင်စနစ်တွေ သက်ဦးဆံပိုင်စနစ်ကို မကြိုက်တာက မကြိုက်တာဘဲ၊ တွေ့ဆုံဆွေးနွေးရေးကို မကြိုက်တာကို မကြိုက်ဘူးလို့ ပြောချင်တယ်။ အဲဒါကို ကျော်လွှားချင်ရင်၊ ကျော်လွှားမယ်ဆိုရင် သူတို့ကို အပြုသဘောဆောင် ပူးပေါင်းပြီးတော့ ဆောင်ရွက်ရမယ်။ ရန်သူလို့ တဖက်နဲ့ တဖက် မြင်နေလို့ ရှိရင် လုပ်လို့ မရတော့ဘူး''

ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်မယ့် သူတယောက်အနေနဲ့ ဘယ်လို ရည်ရွယ်ချက်မျိုး ရှိပါသလဲ။

''ကျနော် ဝင်ဖြစ်ရင် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ဝင်ဖြစ်မယ်။ ဥပဒေပြုရေးမှာ ပါချင်တယ်''

ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် လူထုအတွက် ဘာတွေ လုပ်ပေးနိုင်မလဲ

''နိုင်ငံသားအားလုံး တိုင်းပြည်မှာ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ၊ ခံစားသင့် ခံစားထိုက်တာတွေ ရရှိရေးအတွက် ဥပဒေပြုရေးကို အလေးထားတယ်။ လူထုကို ကျနော်တို့ ဘာလုပ်ပေးမယ်ဆိုတဲ့ အချက်အလက် မပြောဘူး။ လူထုက ဘာဖြစ်ချင်လည်းပဲ မေးတယ်။ ကျနော်က လူထုတွေနဲ့ စကားပြောတယ်။ ၂ဝဝ၆ တည်းက ကျနော်က လူထုတွေ (တနေ့ ၅ ယောက်)၊ သူတို့ဆီက ခံစားချက်တွေ၊ လိုလားတောင့်တချက်တွေကို ကျနော် မေးတယ်။ အရေးကြီးတာတွေကို အဖြေရှာထားတယ်။ အဖြေရတဲ့ဟာ ရှိသလို၊ အဖြေ မရတဲ့ဟာလည်း တွေ့ရတယ်။ တချို့ကျတော့  တက်ညီလက်ညီ ဖြေရှင်းရမယ့် ဟာတွေ တွေ့တယ်။ ကျနော်တို့ ဘာလုပ်ပေးမယ်၊ ညာလုပ်ပေးမယ်ဆိုတာတွေက တကယ်တမ်း လုပ်မပေးနိုင်ရင် ကတိပျက်ရာ ရောက်တယ်''

လက်ရှိ စီးပွားရေး မူဝါဒအပေါ် သဘောထားအမြင်

စီးပွာရေးကတော့ လွတ်လပ်ပွင့်လင်းတဲ့ Open Door Policy ကို ကြိုက်ပါတယ်။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်တဲ့နေရာမှာ တနိုင်ငံနဲ့ တနိုင်ငံ ကူးလူးဆက်ဆံရေးမှာ ကုန်စည်ပို့ဆောင်ရေးကနေ ငွေများများရအောင် ရှာချင်တယ်။ တိုင်းပြည်ရဲ့ သယံဇာတတွေ ထုတ်လုပ်သုံးစွဲတာတွေကို လျှော့ချချင်တယ်''

ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးမှာ လက်တလော ဖြေရှင်းသင့်တဲ့ မူဝါဒ

''ကျနော်အဓိက လုပ်ချင်တာတော့ တနိုင်ငံလုံး လျှပ်စစ်ဓာတ်အား အပြည့်အဝ ရရှိရေး။ ကျနော့် အယူအဆအရဆိုရင် လျှပ်စစ်မီးက လောကနိဗ္ဗာန်ပဲ။ ဆေးရုံနဲ့ ပတ်သက်တဲ့ ခေတ်မီပစ္စည်းတွေ။ e education စက်ကိရိယာတွေ ဘယ်လောက်ပဲကောင်းနေပါစေ။ မီးမရရင် ဘာမှ သုံးမရဘူး။ လျှပ်စစ်မီး အပြည့်အဝ ရရှိရေး တပိုင်းချင်း တပိုင်းချင်း လုပ်တဲ့နေရာမှာ အစိုးရကို ကူညီမယ်''

စာနယ်ဇင်း လွတ်လပ်ခွင့်အပေါ် သဘောထား


''စာနယ်ဇင်းလွတ်လပ်ခွင့် မြန်မာနိုင်ငံမှာရှိဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ၉၈ ရာခိုင်နှုန်းထိ လုပ်ပေးချင်ပါတယ်။ ၁ ရာခိုင်နှုန်းကတော့ ချန်ထားမယ်။ ဘာလို့လဲဆိုတော့ ဘာသာရေး ပြဿနာတွေ ဖြစ်ပေါ်စေမယ့် အရေးအသားတွေကိုတော့ ချန်ရင် ချန်မယ်။ နောက် ၁ ရာခိုင်နှုန်းကတော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ မြန်မာဓလေ့ထုံးတမ်း  ဓလေ့စရိုက်တွေ၊ ယဉ်ကျေးမှုတွေ ပျက်သွားစေမယ့် အရေးအသားမျိုးကိုတော့ လက်မခံဘူး။ ၉၈ ရာနှုန်း ပွင့်လင်းတာကို ကြိုက်တယ်။ ပွင့်လင်းမှု ရအောင်လည်း ကြိုးစားမယ်''