www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
စနေ, ၂၁ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

ဦးသုဝေ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ဦးသုဝေ
(ဒီမိုကရက်တစ်ပါတီ - မြန်မာပြည်၊ DPM)

အမည်                           ဦးသုဝေ
မိဘ                               ဦးဘအုန်း၊ ဒေါ်လှမြင့်
မွေးသက္ကရဇ်                    ၃၁. ၁၂. ၁၉၃၂
မွေးချင်း                          ၇ ဦးအနက် ဒုတိယမြောက်
ပညာအရည်အချင်း            B.A (ရန်ကုန် တက္ကသိုလ်) ၁၉၅၃ ခုနှစ်
အလုပ်အကိုင်                   ဥက္ကဋ္ဌ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) - DPM
မိသားစု                         သားသမီး ၃ ဦး


ပါတီ သို့မဟုတ် တသီးပုဂ္ဂလ

ပါတီဖြင့် ဝင်ရောက်အရွေးခံမည်။ ဖြစ်နိုင်လျှင် တနိုင်ငံလုံးမှာ ဝင်ပြိုင်မည်။

နိုင်ငံရေး နောက်ခံ

၁၉၄၈ ခုနှစ် မြန်မာပြည် လွတ်လပ်ရေးရပြီးနောက် ပဲခူးတိုင်း တောင်ငူမြို့တွင် အထက်တန်း ကျောင်းသားများသမဂ္ဂ ခေါင်းဆောင်လုပ်ခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် တောင်ငူခရိုင် အသင်းတွင် တွဲဘက်အထွေထွေ အတွင်းရေးမှူးနှင့် ရန်ကုန်တက္ကသိုလ် ဒီမိုကရက်တစ် ကျောင်းသားများ အဖွဲ့တွင် တွဲဘက်အတွင်းရေးမှူး တာဝန်ယူခဲ့ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂတွင် တွဲဘက်အတွင်းရေးမှူး တာဝန်ယူခဲ့သည်။ ဖဆပလ လူငယ် အဖွဲ့ချုပ် အလုပ်အမှုဆောင် လုပ်ခဲ့သည်။ ဖဆပလ ဒုဥက္ကဋ္ဌ ဦးကျော်ငြိမ်း၏ ကိုယ်ရေးအတွင်းဝန် ဖြစ်ခဲ့ဖူးသည်။ ၁၉၆၅ ခုနှစ်တွင် မဆလ အစိုးရ လက်ထက်တွင် ယုံကြည်ချက်ကြောင့် တောခိုခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် ပြည်ချစ် လူငယ်တပ်ပေါင်းစု ဥက္ကဋ္ဌ ဖြစ်ခဲ့သည်။ ၁၉၈ဝ ခုနှစ်တွင် ပြည်တွင်းသို့ ပြန်ဝင်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် ဗိုလ်မှူးအောင်၊ ဗိုလ်တောက်ထိန်တို့နှင့် ဒီမိုကရေစီ ပါတီကို တည်ထောင်ပြီး ဒုဥက္ကဋ္ဌ ဖြစ်ခဲ့သည်။ ဝန်ကြီးချုပ် ဦးနု တည်ထောင်သော ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အဖွဲ့ချုပ်တွင် အလုပ်အမှူဆောင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။

နိုင်ငံရေး ယုံကြည်ချက်

''အခုခေတ်မှာ၊ ပါတီတွေမှာ ဝါဒတွေက အရေးမကြီးတော့ဘူး။ အရင်ကတော့ ဆိုရှယ်လစ်ဝါဒ၊ အရင်းရှင်ဝါဒ၊ ကွန်မြူနစ်ဝါဒတွေကို ရှေ့တန်းတင်ကြတယ်။ ဒီကာလမှာက အားလုံးက လွတ်လွတ်လပ်လပ်နဲ့ ဒီမိုကရေစီဝါဒကို လက်ခံကြတယ်။ အားလုံးပေါင်းပြီး လုပ်ကြမယ်ပေါ့၊ တိုင်းပြည်အတွက်''

ရည်ရွယ်ချက် သို့မဟုတ် ကြွေးကြော်သံ

''ပြည်သူပြည်သားတွေကို လူဖြစ်ကျိုး နပ်စေချင်တယ်။လူဖြစ်ကျိုး နပ်ချင်ရင် ဒီမိုကရက်တစ်ပါတီကို မဲပေးကြပါ''

လက်ရှိ နိုင်ငံရေးသုံးသပ်မှု

''တိုင်းပြည်မှာ စစ်အစိုးရစနစ်နဲ့ အုပ်ချုပ်နေတော့ ဒီမိုကရေစီ အစိုးရ မဟုတ်ဘူး။ အဲဒီတော့ ဒီမိုကရေစီစနစ် မရှိဘူးဆိုတာ ပြောနေစရာတောင် မလိုဘူး။ ဒီအစိုးရက လွတ်လွတ်လပ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲကို ဒီနှစ်ထဲမှာ ကျင်းပပေးမယ်ပြောလို့ ကျနော်တို့ ပါတီက ကြိုဆိုတယ်။ ဒီလိုရွေးကောက်ပွဲ ကျင်းပနိုင်လို့ရှိရင် အခုအစိုးရကနေပြီး အရပ်သား အစိုးရစနစ် ပြောင်းသွားမယ်။ အရပ်သားအစိုးရ ဖြစ်ပြီဆိုတာနဲ့ ဒီမိုကရေစီလည်း ချက်ချင်း ဖြစ်ဦးမှာ မဟုတ်ဘူး။ ဖြစ်အောင် တဖြည်းဖြည်း ကြိုးစားပြီး ယူရမှာ။ စစ်တပ်က ၂၅ ရာခိုင်နှုန်း၊ လေးပုံ တပုံ ပါမယ်ဆိုတာ သူတို့က အခြေခိုင်အောင် လုပ်ထားတာ။ ဒီလိုပဲ အင်ဒိုနီးရှားမှာ စစတုန်းက စစ်တပ်က ပါတာပဲ။ တဖြည်းဖြည်းနဲ့ အရပ်သား ဖြစ်သွားတာ။ ဒီလိုပဲ ပြောင်းလဲယူရမှာပဲ''

ရွေးကောက်ပွဲ အနိုင်ရလျှင် ပြည်သူများအတွက် မည်သည့်အရာများ ပြုလုပ်ပေးမည်နည်း

''အခုလက်ရှိမှာ အလုပ်အကိုင် ရှားပါးမှုကြောင့် ပြည်သူတွေ ဆင်းရဲနေကြတယ်။ ဝင်ငွေကလည်း နည်းတယ်။ အစိုးရစနစ်ကလည်း ကျပ်တည်းလို့ လူတွေက လွတ်လွတ်လပ်လပ် မပြောနိုင်ကြဘူး။ အဲဒါတွေက တိုင်းပြည်မှာ ဒီမိုကရေစီမရှိလို့ ဖြစ်ရတာ။ ရွေးကောက်ပွဲနိုင်ရင် နံပတ်တစ်ကတော့ ဒီမိုကရေစီစနစ်ကို ရအောင် လုပ်ပေးမှာပေါ့နော်။ ဒီမိုကရေစီရပြီဆိုရင် လွတ်လွတ်လပ် ပြောဆိုဆွေးနွေး လုပ်ကိုင်လာနိုင်ရင် တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေ အများကြီး တိုးတက်လာမယ်။ တခြားတိုင်းပြည်တွေကို မီလာမှာပေါ့။ အရင်က မြန်မာနိုင်ငံဟာ အာဆီယံတိုင်းပြည်တွေထဲမှာ နိုင်ငံရေး၊ စီးပွားရေးတွေ တိုးတက်တဲ့ နိုင်ငံပါ။ လူထုတွေကလည်း တော်ကြတယ်။ သဘာဝ ရင်းမြစ်တွေကလည်း ပေါတယ်။ အခွင့်မသာလို့ မလုပ်နိုင်ကြတာ။ ဒီမိုကရေစီရပြီးရင် အခွင့်သာလာမှာပါ''

စီးပွားရေးသုံးသပ်မှု

''လက်ရှိစီးပွားရေးက ဈေးကွက်စီးပွားရေး ဆိုတယ်။ ဒါပေမဲ့ ဈေးကွက်စီးပွားရေးစနစ် ပီပြင်မှု မရှိဘူး။ ဈေးကွက်စီးပွားရေးမှာ လွတ်လွတ်လပ်လပ် ရောင်းဝယ်ဖောက်ကားနိုင်ရမယ်။ အဲဒီလို လုပ်နိုင်ဖို့ ဥပဒေတွေ ရှိရမယ်။ အခုတော့ အစုအဝေးတစု၊ အသိုင်းအဝိုင်းတခု ကောင်းစားရေးအတွက်ပဲ ဖြစ်နေသေးတာပေါ့နော်။ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်ကို အကောင်အထည်ဖော်ဖို့ အရေးကြီးပါတယ်''

လတ်တလော မဖြစ်မနေ လုပ်ဆောင်ဖြေရှင်သင့်သည့် မူဝါဒ

''တယောက်နဲ့ တယောက် ယုံကြည်ဖို့ လိုပါတယ်။ ယုံကြည်ပြီး ညီညီညွတ်ညွတ် လုပ်မှ တိုင်းပြည်တိုးတက်မှု ရမှာပါ။ တယောက်နဲ့ တယောက် ရန်ဖြစ်ပြီး တိုက်နေရင် တိုင်းပြည် ဘယ်တိုးတက်တော့မလဲ''

စာနယ်ဇင်း လွတ်လပ်ခွင့်အပေါ် သဘောထား

''စာနယ်ဇင်း လွတ်လပ်ခွင့် ရှိဖို့ အသေအချာ လိုအပ်ပါတယ်။ စာနယ်ဇင်း လွတ်လပ်မှု ရှိမှ တိုင်းပြည်ကို အသိတွေ ပေးနိုင်မှာပေါ့။ လူထုတွေရဲ့ အခြေအနေတွေလည်း ဖော်ပြနိုင်မယ်။ အထူးသဖြင့် ရွေးကောက်ပွဲဆိုရင် အရမ်းအရေးကြီးပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လွတ်လွတ်လပ်လပ် ရေးနိုင်မှ ပြည်သူတွေကလည်း ကိုယ်စားလှယ်ကောင်းကို ရွေးနိုင်မယ်။ ကိုယ်စားလှယ်ကောင်း ရွေးနိုင်မှ တိုင်းပြည်မှာ အစိုးရ ရလာပြီး တိုင်းပြည် ချမ်းသာလာမယ်''