www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၁၆ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

ဦးအုန်းလွင်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ဦးအုန်းလွင်
(အမျိုးသားနိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်၊ မင်္ဂလာတောင်ညွန့်)

အမည်

ဦးအုန်းလွင်

အဘ

ဦးဖြူ

အမိ

ဒေါ်လပ်မ

မွေးသက္ကရာဇ်

၂၅၊၂၊၁၉၄၃

ဇနီးသည်အမည်

ဒေါ်အေးမြင့်

သားသမီး

၃ ဦး

မွေးရပ်

မို့ပလင်ရွာ၊ ကျိုက်ထိုမြို့နယ်၊ မွန်ပြည်နယ်

လက်ရှိနေရပ်လိပ်စာ

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်

အဖွဲ့အမည်

အမျိုးသားနိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်

ရာထူး

ဗဟိုသဘာပတိအဖွဲ့ဝင်၊ အောက်မြန်မာပြည် ဆက်ဆံရေးတာဝန်ခံ

ပညာအရည်အချင်း

၁၉၆၂ ခုနှစ်ခန့်တွင် ရန်ကုန်မြို့ ဗိုလ်တထောင် အ.ထ.က (၂) တွင် ၁၀ တန်းအောင်မြင်ခဲ့သည်။

ပါဝင်ခဲ့သည့် အဖွဲ့များ

လွတ်လပ်ရေးရပြီးနောက် ဖဆပလ ပြည်ထောင်စု လူငယ်တွင် အဖွဲ့ဝင်ဖြစ်ခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် နိုင်ငံရေး ဘောဂဗေဒလေ့လာရေး မျိုးဆက်သစ် ကျောင်းတော်သားစု အထွေထွေ အတွင်းရေးမှူး၊ ၁၉၉၉ ခုနှစ်တွင် ညီညွှတ်ရေးနှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးပါတီ မြို့နယ် တာဝန်ခံ

ဝင်ရောက်အရွေးခံမည့် နယ်မြေ

မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရန်ကုန်တိုင်း





ရွေကောက်ပွဲ ဝင်ရောက်မည့် ကြွေးကြော်သံ

‘‘ကျနော်တို့က ကျရာအခန်းကဏ္ဍကနေ ပါဝင်မယ်၊ ဒီနေ့ အနာဂတ်အုပ်ချုပ်ရေးမှာ တပ်မတော်ပါဖို့ လိုသေးတယ်၊ တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်မယ်”

ရွေကောက်ပွဲ ဝင်ရောက်ခြင်း၏ ရည်ရွယ်ချက်

“စစ်အုပ်ချုပ်ရေးကနေ အရပ်သား အုပ်ချုပ်ရေးရဖို့ ကျနော်တို့လိုတယ်၊ နိုင်ငံရေးဆိုတာက နိုင်ငံရေးသမားတွေနဲ့ ပြည်သူတွေ ပူးပေါင်းဆောင်ရွက်ရတာပါ။ လောလောဆယ် နိုင်ငံရေးသမားတွေ ခေတ်အဆက်ဆက် အခြေအနေကြောင့် အားနည်းနေတယ်၊ စစ်တပ်က ပါဝင်ပြီးတော့ အားဖြည့်တဲ့ နိုင်ငံရေးတခု လိုအပ်တယ်။ စခန်းထောက် ကြားကာလမှာ ပြည်သူရယ်၊ နိုင်ငံအကျိုးပြုတွေ ပူးပေါင်းဆောင်ရွက်ရမယ်လို့ ယူဆတာပေါ့”

စစ်အစိုးအပေါ် အမြင်သဘောထား

“စစ်အစိုးရကို အပြင်ကတော့ ပြောနေကြတာပါ။ သူက ဆက်ပြီးတော့ အာဏာလိုချင်လို့ ဆက်လုပ်တယ်ဆိုတာ မဟုတ်ပါဘူး။ နိုင်ငံရေးသမားမှာ အားနည်းနေတယ်၊ စုစည်းမှုမရှိဘူး၊ ညီညွတ်မှုတွေ ပြိုကွဲနေတယ်၊ အဲဒီအချိန်မှာ ကျနော်တို့ နိုင်ငံရေးသမားတွေ သွားဖို့ဆိုရင် မဖြစ်နိုင်တဲ့အရာပါ။ ဒါကြောင့် နိုင်ငံရေး အခင်းအကျင်း လိုအပ်တယ်။ တပ်မတော်ကလည်း နိုင်ငံရေးသမားနဲ့ ပြည်သူနဲ့ပေါင်းပြီး တကယ့်တကယ် လုပ်ဖို့လိုအပ်တယ်။ အခုရွေးကောက်ပွဲဟာ တပ်မတော်နဲ့ လက်တွဲပြီးတော့ ကျနော်တို့လည်း ရွေးကောက်ပွဲ အောင်မြင်အောင် လုပ်ရမယ်။ အစိုးရကလည်း တကယ် အာဏာလွှဲမယ်လို့ ယုံကြည်ပါတယ်။ ကျနော်တို့က သူတို့ကို ရန်ဘက်လို သဘောမထားဘဲ အားလုံးက နိုင်ငံရေး မိတ်ဖက်လို သဘောထားပြီးတော့၊ သူတို့နဲ့ ကျနော်တို့နဲ့ တွေ့ဆုံပြီးတော့ ပြောဆိုတဲ့အခါမှာ သူတို့အာဏာကို ချုပ်ကိုင်ချင်တယ်၊ လက်ဝါးကြီးအုပ်ချင်တယ်ဆိုတဲ့ သဘောမျိုး မဟုတ်ပါဘူး။ နိုင်ငံရေးဆိုတာ နိုင်ငံရေးသမားနဲ့ ပြည်သူနဲ့ ပူးပေါင်းရမယ်။ ဒါကြောင့်မို့ ပြည်သူ့အုပ်ချုပ်ရေးဘက်ကို ပြောင်းပေးတာလို့ ကျနော်တို့ ယူဆတယ်”

အမတ်အဖြစ် အရွေးခံခဲ့ရလျှင် ပြည်သူအတွက် လုပ်ဆောင်ပေးမည့် ရည်ရွယ်ချက်


“လွှတ်တော်မှာ ဆွေးနွေးကြမယ်၊ တိုင်ပင်ကြမယ်၊ ဆုံးဖြတ်ကြမယ်။ ပြီးတော့မှ ပြည်သူအတွက် လုပ်ပေးလို့ရမယ်။ အခု ကျနော်တို့ နိုင်ငံရေးလုပ်နေတာက အာဏာရဖို့၊ ရွေကောက်ပွဲ အနိုင်ရဖို့၊ အဲဒါကို ကျနော်တို့ လုပ်နေတာ မဟုတ်ဘူး။ ကျနော်တို့ ပြောတာက ဒီမိုကရေစီမှာ ပြည်သူလူထု အခန်းကဏ္ဍက ဘာလဲ၊ ဒီမိုကရေစီဆိုတာ ပြည်သူရဲ့ အဆုံးအဖြတ်က ကျနော်တို့နိုင်ငံရေးသမားတွေ နားလည်ပေးရမှာ။ ပြည်သူတွေ ရွေးချယ်တတ်မှ၊ ပြည်သူတွေ ဆုံးဖြတ်တတ်မှ ဒီနေ့ နိုင်ငံရေး အခင်းအကျင်းဟာ တိုးတက်တဲ့ နိုင်ငံကြီး ဖြစ်လာမှာ။ ပြည်သူတွေက ကြောက်နေမယ်၊ လန့်နေမယ်၊ ဘာမှလည်း နားမလည်ဘူး၊ သဘောမပေါက်ဘူး၊ စိတ်မဝင်စားဘူးဆိုရင် ဒီနေ့ နိုင်ငံရေးအခင်းအကျင်းဟာ သူများပြောသမျှ ဝေလေလေနိုင်ငံကြီး ဖြစ်နေလိမ့်မယ်။ အဲဒါကို ပြည်သူတွေ သဘောပေါက်အောင် အခြေခံဥပဒေအကြောင်း၊ ရွေးကောက်ပွဲအကြောင်း နောက်လာမယ့် အစိုးရသစ်အကြောင်း၊ အရင်တုန်းက အစိုးရ နိုင်ငံရေး အကွဲအပြဲတွေအကြောင်းတွေကို သိလာအောင် ကျနော်တို့ ဆောင်ရွက်နေတာဖြစ်ပါတယ်”

လက်ရှိ စီးပွားရေး မူဝါဒအပေါ် အမြင်သဘောထား

“နိုင်ငံရေး တည်ငြိမ်သွားပြီဆိုရင် ပြည်သူတွေနဲ့ လက်တွဲပြီးတော့ ပြည်သူလူထု နက်နာစေတဲ့ အရာမှန်သမျှကို ဖြတ်ချဖို့ တောင်းဆိုချင်တယ်။ ကျနော်တို့ နိုင်ငံမှာ ပုဂ္ဂလိက စီးပွားရေးစနစ်တွေကို လမ်းဖွင့်ပေးစေချင်တယ်။ လောလောဆယ်  ကျနော်တို့ ခံစားနေရတာက စစ်အုပ်ချုပ်ရေးပါ။ စစ်အုပ်ချုပ်ရေးဆိုတာ သူ့အသိုင်းအဝိုင်းနဲ့ သူ့အဖွဲအစည်းနဲ့ ပူးပေါင်းဆောင်ရွက်နေတာပါ။ နောက်လာမယ့် အစိုးရသစ်က အရပ်သားအစိုးရဆိုရင် ပုဂ္ဂလိက လုပ်ပိုင်ခွင့်တွေ ရလာမယ်၊ ကိုယ်တိုင် ဂျာနယ်တွေ ထောင်မယ်၊ သတင်းစာတွေ ထုတ်မယ်၊ ပြည်သူကို အသိပညာတွေ ပေးမယ်၊ မှားတာတွေ ထုတ်ပြမယ်၊ အရပ်သားစနစ် ပြောင်းလာရင် စစ်မှန်တဲ့ နိုင်ငံတခု ပေါ်လာမှာပဲ”

ဒီမိုကရေစီနိုင်ငံ တည်ဆောက်နေဆဲ ကာလတွင် လတ်တလော ဖြေရှင်းသင့်သည့် အရာများ

“ပြည်သူတွေမှာ လုပ်ပိုင်ခွင့်တွေ မရှိဘူး။ ဒါတွေကို ပထမဆုံး ဖြတ်ချချင်တယ်။ လုပ်ပိုင်ခွင့် ရလာတဲ့အခါမှာ အုပ်ချုပ်ရေးတို့၊ တရားစီရင်ရေးတို့ ကျနော်တို့က ပွင့်ပွင့်လင်းလင်းနဲ့ အကျိုးပြုတဲ့ အနေအထာရောက်အောင် ဝေဖန်ရမယ်၊ ထောက်ပြရမယ်၊ ဆွေးနွေးရမယ်၊ အဲဒီအခွင့်အရေးက အဓိကပါပဲ။ ဒီအခွင့်အရေး ရလာရင် တိုင်းပြည်ကို ထိန်းကြောင်းမယ်၊ တရားစီရင်ရေးကို ထိန်းကြောင်းမယ်၊ စီးပွားရေးကို ထိန်းကြောင်းမယ်၊ ထုတ်ပြမယ်၊ ဝေဖန်နိုင်မယ်။ လွတ်လပ်စွာ နေထိုင်ခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့် ရနိုင်မယ်။ အခု စစ်အုပ်ချုပ်ရေးမှာ မရဘူး”

လက်ရှိ စာနယ်ဇင်း လွတ်လပ်ခွင့်အပေါ် အမြင်သဘောထား

“လောလောဆယ်တော့ မရသေးဘူး။ ပေးပါလို့ ဇွတ်တောင်းနေလို့လည်း မရဘူး။ ဒါပေမဲ့ ဒီဥပဒေက ရွေးကောက်ပွဲပြီးလို့ ပြည်ထောင်စု လွှတ်တော်ကြီးပေါ်လို့  အာဏာတည်ပြီဆိုရင် ကျနော်တို့ ပြောပိုင်ခွင့် ရလာမယ်။ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့် ရလာမယ်။ ပြည်သူ့အကျိုးပြု လုပ်နိုင်မယ်” 

၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်အပေါ် အမြင်သဘောထား

“အဲဒါက ခြေခံဥပဒေလည်း မရှိဘူးဗျ။ အခြေခံဥပဒေ ဆွဲပါဆိုတော့လည်း အချိန်တိုအတွင်းမှာ အခြေခံဥပဒေကိုဆွဲဖို့ တယောက်နဲ့တယောက် ပဋိပက္ခတွေ ဖြစ်လာတယ်။ တကယ်ဆိုလို့ရှိရင် အဲဒီတုန်းက အခြေခံဥပဒေကို တနှစ်လောက်နဲ့ ဆွဲဆွဲ၊ တနှစ်ခွဲလောက်နဲ့ ဆွဲရင် အခြေခံဥပဒေကို NLD က အုပ်ချုပ်နိုင်မှာ။ အဲဒါကို သူတို့က လက်မခံတဲ့အခါ တယောက်နဲ့ တယောက် အာဏာလုဖို့ပဲ စဉ်းစားနေတော့ သူတို့ကလည်း အာဏာရဖို့ ကြိုးစားတယ်၊ စစ်တပ်ကို ဖယ်ဖို့ ကြိုးစားတယ်၊ စစ်တပ်ကလည်း သူ့ကိုယ်သူ ကာကွယ်တဲ့အနေနဲ့ အုပ်ချုပ်ရေးကို အပြောင်းအလဲ လုပ်မပေးရဲဘူး။ အဲလို ရန်ဖြစ်နေတဲ့ နိုင်ငံရေးကြောင့် NLD က အာဏာမရခဲ့ဘူး။ ပြည်သူတွေ အနှစ် ၂ဝ လောက်ကို ဒုက္ခရောက်ခဲ့တယ်။ ဒီကြားထဲ စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်လာတော့ ပိုဆိုးတာပေါ့။  ဆင်းရဲတွင်းထဲ ကျနေရတာပေါ့။ အဲဒါမျိုးတွေ နောင်မဖြစ်အောင် ကျနော်တို့နိုင်ငံရေးသမားတွေ ဝိုင်းဝန်းပြီးတော့ ထိန်းကြောင်းမယ်၊ Media ကလည်း ထိန်းကြောင်းမယ်၊ အဲဒီဦးတည်ချက်နဲ့ သွားရမှာ ဖြစ်ပါတယ်”

၂ဝဝ၈ အခြေခံဥပဒေအပေါ် အမြင်သဘောထား

“၂ဝဝ၈ အခြေခံဥပဒေကို ရာနှုန်းပြည့် မရရင်တောင် ရတဲ့နည်းနဲ့ လွှတ်တော်မှာ အားလုံး သဘောတူတူနဲ့ စစ်တပ်ကပါ သဘောပေါက်အောင် ပြောနိုင်ရင် ဘာမဆို ကျနော်တို့ ပြင်လို့ရတယ်။ ကောင်းတာလုပ်ရင် အားလုံး ဝိုင်းပြီးတော့ လက်ခံမှာပဲ။ တယောက်နဲ့ တယောက် ရန်ဖြစ်နေရင်သာ သူ့ဘက်ကို အကာအကွယ်လုပ်၊ သူ့ဘက်ကိုယ့်ဘက် အကာအကွယ် လုပ်နေရတာလောက်သာ ရှိမယ်။ ဘာမှ တိုးတက်မှုရှိမှာ မဟုတ်ဘူး”

လာမည့် ရွေးကောက်ပွဲအလွန် သဘောထား


“ရန်ဖြစ်နေတဲ့ နိုင်ငံရေးကို မလုပ်ချင်ကြပါနဲ့တော့၊ စည်းစည်းလုံးလုံးနဲ့ တပ်မတော်ကို ရန်သူလို သဘောမထားဘဲ တပ်မတော်ကို အမျိုးသားမိတ်ဘက် အင်အားစုလို သဘောထားပြီး သူနဲ့သာ ပေါင်းလုပ်လိုက်ရင် အမြန်ဆုံး ကျနော်တို့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်နိုင်မယ်၊ တည်ငြိမ်အေးချမ်းသွားမယ်။ အချင်းချင်း တိုင်ပင်ပြီးတော့ အပေးအယူ မျှမျှတတနဲ့ တယောက်နဲ့တယောက် လေးလေးစားစားနဲ့ အပြန်အလှန် နားလည်မှုနဲ့၊ ယုံကြည်မှုတွေနဲ့ ဆက်သွားမယ်ဆိုရင် ကျနော်တို့ တိုင်းပြည်က မကြာခင် ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီး ဖြစ်လာလိမ့်မယ်လို ယုံကြည်ပါတယ်”