www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
ကြာသပတေး, ၁၉ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > အထူးကဏ္ဍ > ၂၀၁၀ ရွေးကောက်ပွဲ > သတင်းဖြစ်စဉ်များ > တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု

တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
15:30
နေပြည်တော်မှာ တစည ရှုံးဟု ဆို
နေပြည်တော်ခရိုင်မှာ ဝင်ပြိုင်ခဲ့တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ တစည အနေနဲ့ လွှတ်တော် နှစ်ရပ်လုံးမှာ ရှုံးနိမ့်ခဲ့တယ်လို့ ပါတီပြောခွင့်ရ ဦးဟန်ရွှေက မဇ္ဈိမကို ပြောပါတယ်။

“ကျနော်တို့ လောလောဆယ် မန္တလေးတိုင်းကနေ သတင်းပို့တဲ့ အနေအထားအရတော့ နေပြည်တော်ခရိုင်မှာ ကျနော်တို့ မရဘူး။ ပုံစံ ၁၉ တွေဘာတွေ တရားဝင်ဟာမျိုးတော့ မဟုတ်ဘူး။ အတည်မပြုတဲ့ သတင်းပေါ့နော်” လို့ ဦးဟန်ရွှေက ပြောပါတယ်။

နေပြည်တော်ခရိုင်ထဲမှာ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်အတွက်ပဲ ပါတွေ ယှဉ်ကြရပြီး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး၊ တစည၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်၊ တသီးပုဂ္ဂလ ၂ ဦးနဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်တို့ ဝင်ပြိုင်ခဲ့တာပါ။

ပါတီတချို့က ကြံ့ဖွံ့ပါတီက လိမ်ညာတာရှိတယ်လို့ စွပ်စွဲနေတာကြောင့် တစည ကရော အဲဒီအဖြစ်မျိုး တွေ့ရလားလို့ မေးကြည့်ရာမှာ သူက “ကျနော်တို့ဆီလည်း အခုဟာကတော့ ရွေးကောက်ပွဲပြီးတဲ့ နောက်ပိုင်းမှာ report တွေ တက်နေတုန်း ရှိသေးတယ်။ ကျနော်တို့ စိစစ်နေသေးတယ် အဲဒါတွေကို။ စိစစ်နေတဲ့အတွက် ဘယ်နေရာ ဘယ်လို ဘာညာ ဒါတွေကတော့ ပြောလို့ မရသေးဘူး။ ဒါပါပဲဗျာနော်” လို့ ဆိုပါတယ်။

နေပြည်တော်ကို ပြည်ထောင်စု နယ်မြေအဖြစ် သတ်မှတ်ထားပြီး၊ သူ့နယ်ထဲမှာ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း၊ ဇေယျာသီရိ၊ ပုဗ္ဗသီရိ၊ ဥတ္တရသီရိ၊ ဇမ္ဗူသီရိ၊ ဒက္ခိဏ သီရိမြို့နယ်တွေ ပါဝင်ပါတယ်။
14:40
မြန်မာဒုက္ခသည်များ မဲဆောက် ယာယီစခန်းတွင် ခိုလှုံ

တနလာင်္နေ့၊ နိုဝင်ဘာလ ၀၉ ရက် ၂၀၁၀ ခုနှစ်
23:40
မဲဆောက် ဒုက္ခသည်များ အခြေအနေ

မြဝတီစစ်ပြေး ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး မဲဆောက်ရောက် မဇ္စျိမ သတင်းထောက် ကိုဟောင်ဆာကို ဆက်သွယ် မေးမြန်းထားပါတယ်။ ၁၅,ဝဝဝ ခန့်ရှိတဲ့ ဒုက္ခသည်များ လုံခြုံရေးအတွက် ထိုင်းစစ်တပ် ၃-၄ထပ်ချထားလို့ မစိုးရိမ်ရဘူးလို့ ပြောပါတယ်။ လူအများစုက ကွင်းလယ်ခေါင်မှာ စုဝေးနေကြပြီး ထိုင်းစစ်တပ်က အစာနဲ့ရေ ဝေငှပေးသလို မဲဆောက် မယ်တော်ဆေးခန်းက ကျန်းမာရေး စောင့်ရှောက်ပေးတယ်လို့ ဆိုပါတယ်။ အသေအပျောက်၊ နှစ်ဖက် တပ်အင်အားနဲ့ စတင် ပစ်ခတ်ပုံ အသေးစိတ်ကို စုံစမ်းလို့ မရသေးကြောင်းလဲ ဆိုပါတယ်။ အသေးစိတ် ဆက်လက် ပေးပို့ပါမယ်။
23:30
မဲ မသမာမှု စွပ်စွဲချက်များနှင့် ပက်သက်၍ ဒေါက်တာ သန်းငြိမ်းနှင့် တွေ့ဆုံ မေးမြန်းချက်
21:50
ရန်ကုန်တွင် NDF က ၁၄ နေရာနိုင်
အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီက ရန်ကုန်တိုင်းမှာရှိတဲ့ မြို့နယ် ၈ မြို့နယ်ထဲက မဲဆန္ဒနယ် ၁၄ နယ်မှာ အနိုင်ရခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသိန်းညွန့်ရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ် ဦးမျိုးထွန်းက မဇ္ဈိမကို ပြောပါတယ်။  

NDF ပါတီက သင်္ဃန်းကျွန်းနဲ့ မြောက်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်အားလုံး အနိုင်ရခဲ့ပြီး မြောက်ဒဂုံ၊ လမ်းမတော်၊ သာကေတ၊ အလုံ၊ ရန်ကင်းနဲ့ ကျောက်တံတားက ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွေမှာ အနိုင်ရခဲ့တာလို့ ဆိုပါတယ်။

သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်မှာ ဝင်ပြိုင်တဲ့ NDF ခေါင်းဆောင် ဦးသိန်းညွှန့်ဟာ ဒုတိယနေရာက ကြံ့ဖွံ့ကိုယ်စားလှယ် ဦးခင်ဝေကို ၁၁၂၃၃ မဲ အသာနဲ့ အပြတ်အသတ် အနိုင်ရတာပါ။ ဦးသိန်းညွှန့်က ထောက်ခံမဲ ၄၈၆ဝ၃ မဲ (မဲအားလုံး၏ ၄၇. ၉၈ ရာခိုင်နှုန်း) ရခဲ့ပြီး၊ ဦးခင်ဝေက ၃၇၃၇ဝ မဲ (မဲအားလုံး၏ ၃၆. ၉ဝ ရာခိုင်နှုန်း) ရခဲ့ပါတယ်။

သင်္ဃန်းကျွန်း အမျိုးသားလွှတ်တော်မှာတော့ NDF အမတ်လောင်း ဦးဖုန်းမြင့်အောင်က ဒုတိယနေရာက ကြံ့ဖွံ့ အမတ်လောင်း ဒေါက်တာ မောင်သင်းကို ၁၂ဝ၄၂ မဲအကွာဖြင့် အနိုင်ရပါတယ်။ ဦးဖုန်းမြင့်အောင်က ထောက်ခံမဲ ၄၇၇၇ဝ မဲ (မဲအားလုံး၏ ၄၇. ၄၇ ရာခိုင်နှုန်း) ရခဲ့ပြီး၊ ဒေါက်တာ မောင်သင်းက ၃၅၇၂၈ မဲ (မဲအားလုံး၏ ၃၅. ၅ဝ ရာခိုင်နှုန်း) ရတာပါ။

သင်္ဃန်းကျွန်း တိုင်းဒေသကြီးလွှတ်တော် အမှတ် ၁ မှာတော့ NDF အမတ်လောင်း ဦးကျော်က ဒုတိယနေရာက ကြံ့ဖွံ့အမတ်လောင်း ဦးစောသိန်းကို ထောက်ခံမဲ ၈ဝ၇၃ မဲအသာနဲ့ အနိုင်ရပါတယ်။ ဦးကျော်က ထောက်ခံမဲ ၂၂၆၃၅ မဲ (မဲအားလုံး၏ ၅၃. ၅၁ ရာခိုင်နှုန်း) ရရှိခဲ့ပြီး၊ ဦးစောသိန်းကတော့ ၁၄၅၆၂ မဲ (မဲအားလုံး၏ ၃၄. ၄၂ ရာခိုင်နှုန်း) ဖြစ်ပါတယ်။

တိုင်းဒေသကြီးလွှတ်တော် အမှတ် ၂ မှာတော့ NDF အမတ်လောင်း ဒေါ်စန်းစန်းမြင့်က ဒုတိယနေရာက ကြံ့ဖွံ့အမတ်လောင်း ဦးရွှေအိကို ထောက်ခံမဲ ၈ဝ၁၄ မဲ အသာနဲ့ အနိုင်ရပါတယ်။ ဒေါ်စန်းစန်းမြင့်က ထောက်ခံမဲ ၃၁၃၆၃ မဲ (မဲအားလုံး၏ ၅၄. ၇၅ ရာခိုင်နှုန်း) ရခဲ့ပြီး၊ ဦးရွှေအိက ၂၃၃၄၉ မဲ (မဲအားလုံး ၄ဝ. ၇၆ ရာခိုင်နှုန်း) ရခဲ့ပါတယ်။

21:45
ဘုရားသုံးဆူကို သိမ်းထားပြီဟု ဒီကေဘီအေ ပြော
ဘုရားသုံးဆူမြို့၏အချက်အချာကြသောနေရာများကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် - ဒီကေဘီအေ တပ်များက သိမ်းပိုက်ထားလိုက်ပြီဟု ၉ဝ၆ တပ်ရင်းမှူး ဗိုလ်စောအေဝမ်းက ပြောသည်။

ဗိုလ်စောနော်တယာ ဦးဆောင်သော တပ်ရင်း (၉ဝ၇) နှင့် ဗိုလ်စောအေဝမ်း၏ တပ်ရင်း (၉ဝ၆) တို့မှ အင်အား ၂ဝဝ ခန့်သည် ယနေ့ နံနက် ၁၁ နာရီမှစ၍ တိုက်ပွဲဖြစ်ပြီးနောက် မွန်းလွဲပိုင်းတွင် သိမ်းဆည်းရမိခြင်း ဖြစ်သည်ဟု ဆိုသည်။
21:00
အမေရိကန်သမ္မတ အိုဘားမားက အိန္ဒိယအစိုးရကို ဝေဖန်
အိန္ဒိယနိုင်ငံမှာ ရောက်ရှိနေတဲ့ အမေရိကန်သမ္မတ အိုဘားမားက အိန္ဒိယအစိုးရကို  မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖေါက်မှုတွေအပေါ် နှုတ်ဆိတ်မနေဖို့ ဝေဖန် ပြောကြားလိုက်ပါတယ်။



ဒီမိုကရေစီအရေး ငြိမ်းချမ်းစွာ ကြိုးပမ်းမှုတွေကို အဖိနှိပ် ခံရရင်၊ တခြား ဒီမိုကရေစီ နိုင်ငံတွေ အနေနဲ့ နှုတ်ဆိတ် မနေသင့်ဘူးလို့ အမေရိကန် သမ္မတ အိုဘားမားက ပြောလိုက်တာ ဖြစ်ပါတယ်။

တချိန်ထဲမှာပဲ အမေရိကန်နဲ့ အိန္ဒိယနိုင်ငံတွေအနေနဲ့  မြန်မာ့ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုဖို့ အိန္ဒိယရှိ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။
20:56
လှိုင်သာယာ တိုင်းလွှတ်တော် (၂) တစည နိုင်
ရန်ကုန်တိုင်း လှိုင်သာယာ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် ၂ မှာ တဦးတည်းသောပြိုင်ဘက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ဦးသန်းအောင်ကို မဲ ၆ ထောင်ကျော်နဲ့ နိုင်လိုက်တယ်လို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ အမတ်လောင်း ဦးနေလင်းက ပြောပါတယ်။



“ မဲက ကျနော့်လွှတ်တော်မှာ ကြံ့ခိုင်ရေးနဲ့ နှစ်ဦးထဲ ပြိုင်ရတာကိုး။ တိုင်းဒေသမှာ ကျနော်က သူ့ကို မဲ ၆ ထောင်ကျော်နဲ့ နိုင်တာပါ။ ကျနော်က နိုင်တယ်ဆိုတာကိုပဲ သိတယ်။ ကော်မရှင်က အတိအကျ မကြေညာသေးဘူး။ ဘယ်သူ ဘယ်လောက်ရတယ်ဆိုတာ မသိသေးဘူး’’ လို့ သူက ပြောပါတယ်။
20:18
စစ်ဘေးရှောင်သည့် ဒုက္ခသည်များ
မြဝတီဘက်မှ စစ်ဘေးရှောင် ထွက်ပြေးလာသော ဒုက္ခသည်များကို ထိုင်းနိုင်ငံ မဲဆောက်ရှိ ယာယီခိုလှုံရာစခန်းတွင် တနင်္လာနေ့က နိုဝင်ဘာ ၈ ရက်၊ ၂ဝ၁ဝ ပြည့်နှစ်က တွေ့ရစဉ်။  ဓာတ်ပုံ- မဇ္ဈိမ။ ဒုက္ခသည်ပေါင်း ၁ သောင်းကျော် ရောက်ရှိလာပြီး ဖြစ်သည်ဟု ကူညီပေးရေး အဖွဲ့အစည်းများက ပြောသည်။ မြဝတီဘက်မှ စစ်ဘေးရှောင် ထွက်ပြေးလာသော ဒုက္ခသည်များကို ထိုင်းနိုင်ငံ မဲဆောက်ရှိ ယာယီခိုလှုံရာစခန်းတွင် တနင်္လာနေ့က နိုဝင်ဘာ ၈ ရက်၊ ၂ဝ၁ဝ ပြည့်နှစ်က တွေ့ရစဉ်။  ဓာတ်ပုံ- မဇ္ဈိမ။ ဒုက္ခသည်ပေါင်း ၁ သောင်းကျော် ရောက်ရှိလာပြီး ဖြစ်သည်ဟု ကူညီပေးရေး အဖွဲ့အစည်းများက ပြောသည်။ မြဝတီဘက်မှ စစ်ဘေးရှောင် ထွက်ပြေးလာသော ဒုက္ခသည်များကို ထိုင်းနိုင်ငံ မဲဆောက်ရှိ ယာယီခိုလှုံရာစခန်းတွင် တနင်္လာနေ့က နိုဝင်ဘာ ၈ ရက်၊ ၂ဝ၁ဝ ပြည့်နှစ်က တွေ့ရစဉ်။  ဓာတ်ပုံ- မဇ္ဈိမ။ ဒုက္ခသည်ပေါင်း ၁ သောင်းကျော် ရောက်ရှိလာပြီး ဖြစ်သည်ဟု ကူညီပေးရေး အဖွဲ့အစည်းများက ပြောသည်။ မြဝတီဘက်မှ စစ်ဘေးရှောင် ထွက်ပြေးလာသော ဒုက္ခသည်များကို ထိုင်းနိုင်ငံ မဲဆောက်ရှိ ယာယီခိုလှုံရာစခန်းတွင် တနင်္လာနေ့က နိုဝင်ဘာ ၈ ရက်၊ ၂ဝ၁ဝ ပြည့်နှစ်က တွေ့ရစဉ်။  ဓာတ်ပုံ- မဇ္ဈိမ။ဒုက္ခသည်ပေါင်း ၁ သောင်းကျော် ရောက်ရှိလာပြီး ဖြစ်သည်ဟု ကူညီပေးရေး အဖွဲ့အစည်းများက ပြောသည်။
19:48
ကြိုတင် ကြံ့ခိုင်ဖွံ့ဖြိုးရေး မဲ NDF ကန့်ကွက်
ရွေးကောက်ပွဲမတိုင်မီ နိုင်ငံအနှံ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဥပဒေမဲ့ ကြိုတင်မဲကောက်ခြင်းကို ကန့်ကွက်တိုင်ကြားစာကို အမျိုးသားဒီမိုကရေစီ အင်အားစုက နေပြည်တော်သို့ နိုဝင်ဘာ (၆) ရက်နေ့ ရက်စွဲဖြင့် ပေးပို့ထားကြောင်း သိရသည်။

ရှမ်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်း ဒေသအများအပြားတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် နယ်မြေ ရွေးကောက်ပွဲ ကော်မရှင်တို့ ပူးပေါင်းပြီး ဥပဒေမဲ့ ကြိုတင်မဲများ ကောက်ခဲ့ကြောင်း အန်ဒီအက်ဖ် ရုံးခွဲများက တင်ပြလာသည်ဟု  မဇ္ဈိမက လက်ခံရသည့် ထိုတိုင်ကြားစာ မိတ္တူတွင် ဖော်ပြထားသည်။

ကြိုတင်မဲပေးပိုင်ခွင့်ရှိသည့် လူဦးရေထက် ကြိုတင်မဲက ပိုများနေခြင်းမျိုးလည်း ကြုံရကြောင်း NDF ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းက မဇ္ဈိမ ကိုပြောသည်။

ရွေးကောက်ပွဲနေ့က စုံစမ်းသိရသည့် အခြားမတရားပြုမှုများနှင့် ပတ်သက်၍လည်း NDF တွင် အချက်အလက်များရှိကြောင်း၊ ပါတီတွင်းညှိနှိုင်းပြီး ဆက်လက် ဆောင်ရွက်သွားမည်ဟု အတွင်းရေးမှူး ဒေါက်တာဝင်းနိုင်က မဇ္ဈိမသို့ပြောသည်။
19:10
NDF ဒေါက်တာမြတ်ဥာဏစိုး အနိုင်ရ
ရန်ကုန်တိုင်းဒေသကြီးထဲက အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၄ မှာ အဓိကပြိုင်ဘက် ကြံ့ခိုင်ဖွံ့ဖြိုးရေးမှ စာရေးဆရာ တက္ကသိုလ်မြတ်သူကို အနိုင်ရတယ်လို့ အမျိုးသားဒီမိုကရေစီအင်အားစု NDF မှ ဒေါက်တာ မြတ်ဥာဏစိုးက ပြောပါတယ်။

တက္ကသိုလ်မြတ်သူက ကြိုတင်မဲ ၆၄ဝဝ အပါအဝင် မဲပေါင်း ၇၈၇၁၄ ရရှိပြီး၊ ဒေါက်တာမြတ်ဥာဏစိုးကတော့ ကြိုတင်မဲ ၂၉ဝဝ အပါအဝင် မဲပေါင်း ၈၃၅၅၈ ရပါတယ်။



’’အဓိက ပြိုင်ဘက်က စာရေးဆရာ တက္ကသိုလ်မြတ်သူပါခင်ဗျ။ နောက်ဆုံး မဲစုစုပေါင်းပေါ့နော်။ အားလုံးမှာ ကျနော်က ၈၃၅၅၈။ ကျနော်ရဲ့ ပြိုင်ဘက်က ၃ ယောက်ရှိရာမှာ ကျန်တဲ့ တစညနဲ့ ဒီမိုကရက်တစ် ပါတီကတော့ အင်အားနည်းပါတယ်။ တက္ကသိုလ်မြတ်သူက ၇၈၇၁၄ ပါခင်ဗျ” လို့ ဒေါက်တာမြတ်ဥာဏစိုးက ပြောတယ်။ မဲပေးနိုင်သူ လူဦးရေ ၄ သိန်းအနက် မဲပေးခဲ့သူက ၆ဝ ရာခိုင်နှုန်း ပေးတယ်လို့ ဆိုပါတယ်။

တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ တစည မှ ဦးသီဟမြင့်အောင်က မဲ ၄ သောင်းနီးပါးနဲ့ တတိယ၊ ဒီမီုကရက်တစ်ပါတီ (မြန်မာ) မှ ဦးတင့်နိုင်က စတုတ္ထ နေရာရပါတယ်။

အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၄ မှာ ပါဝင်တဲ့ မြို့နယ်တွေကတော့ တာမွေ၊ မင်္ဂလာတောင်ညွှန့်၊ ပုဇွန်တောင်၊ ဘိုတထောင်နဲ့ ဒေါပုံ မြို့နယ် ဖြစ်ပါတယ်။
19:10
ABSDF က အဆင်သင့်ဟု ပြောဆို
ကရင်ပြည်နယ် မြဝတီနဲ့ ဘုရားသုံးဆူဘက်မှာ ဖြစ်ပွားနေတဲ့ ဒီကေဘီအေနဲ့ စစ်အစိုးရတပ်အကြား တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က နိုင်ငံရေး၊ စစ်ရေးအရ ပူးပေါင်းသွားဖို့ အဆင်သင့်ဘဲလို့ ဥက္ကဋ္ဌ ကိုသံခဲက ပြောပါတယ်။

“ABSDF ကတော့ KNU ရဲ့ တပ်မဟာ ၇ ဒေသထဲမှာတော့ ကျနော်တို့ အမြဲတမ်း ပူးတွဲပြီးမှ အလုပ်လုပ်နေပါတယ်။ ပူးပေါင်းပါဝင်ဖို့ ABSDF က အဆင်သင့်ဖြစ်ပြီ။ ကာယကံရှင်တွေနဲ့ ကျနော်တို့က လက်တွေ့ကျကျ လက်တွဲလုပ်နိုင်ဖို့အတွက်က တေ့တေ့ဆိုင်ဆိုင် ဆွေးနွေးဖို့ပဲ လိုတော့တယ်” လို့ ကိုသံခဲက ပြောပါတယ်။

“ဒီနေ့ အခုဖြစ်နေတဲ့ မြဝတီကတိုက်ပွဲတွေက ၂ဝ၁ဝ ရွေးကောက်ပွဲပြီးပြီးချင်း နအဖ က ပထမဆုံး တွေ့ရတဲ့ စစ်ရေး အကျပ်အတည်းပဲ။ ဒီနေ့ ဗမာပြည်မှာဖြစ်နေတဲ့ ၂ဝ၁ဝ အပေါ်ကို စိန်ခေါ်လိုက်တာပဲ။ အထူးသဖြင့် ၂ဝဝ၈ ဖွဲ့စည်းပုံနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲဟာ အားလုံး လက်မခံနိုင်ဘူးဆိုတာကို နိုင်ငံရေး၊ စစ်ရေးနည်းနဲ့ တုံ့ပြန်တဲ့ သဘောလို့ ယူဆတယ်။ ရှေ့ဆက်ပြီးတော့ ဒီအတိုင်းသာ နအဖက ခေါင်းမာမာနဲ့ ဆက်သွားနေမယ်ဆိုရင် သည့်ထက်မကတဲ့ ဗမာပြည်ထဲမှာ အကျပ်အတည်းပေါင်းစုံကို ဆက်ပြီးတွေ့ရလိမ့်မယ်” လို့ သူက ဆိုပါတယ်။
17:55
ချောင်းဦးမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး နိုင်
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် လွှတ်တော် ၃ ရပ်လုံးမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမတ်လောင်းတွေကပဲ အနိုင်ရတယ်လို့ အဓိကပြိုင်ဘက် အမျိုးသားဒီမိုကရေစီအင်အားစု NDF က ပြောပါတယ်။

ပြည်သူ့လွှတ်တော်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ဦးစောလှထွန်းက မဲ ၁ သောင်းကျော်နဲ့ သူ့ကို နိုင်သွားတယ်လို့ NDF အမတ်လောင်း ဦးနေဝင်းက ဆိုပါတယ်။ ဦးစောလှထွန်းက ထောက်ခံမဲ ၂၂၂၅၂ မဲ ရပြီး၊ ဦးနေဝင်းက ၉၉၉၁ မဲ ရတာကြောင့် ၁၂၂၆၁ မဲ လျော့နည်းခဲ့တာပါ။

အမျိုးသားလွှတ်တော်အတွက် ယှဉ်ပြိုင်ရာမှာလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေး ဦးကံညွန့်က NDF က ဦးကျော်ညိမ်းကို အနိုင်ရသလို၊ တိုင်းဒေသကြီးအတွက်လည်း ကြံ့ဖွံ့ကပဲ နိုင်တယ်လို့ သူက ဆိုပါတယ်။

ချောင်းဦးမှာ  မဲပေးပိုင်ခွင့်ရှိသူ ၆ သောင်းကျော်အနက် ၄ သောင်းကျော် မဲပေးခဲ့ပါတယ်။ မဲပေးသူ ဦးရေထဲမှာ ၁၅.၄ ရာခိုင်နှုန်းက ကြိုတင်မဲတွေဖြစ်ပြီး၊ ကြိုတင်မဲရဲ့ ၈၈.၉ ရာခိုင်နှုန်းက ကြံ့ဖွံ့အတွက် ဖြစ်သွားတယ်လို့ ဦးနေဝင်း အဆိုအရ သိရပါတယ်။
15:26
တိုက်ပွဲကြောင့် မဲဆောက်သို့ ထွက်ပြေးလာသော ဒုက္ခသည်များ
ဒီကေဘီနှင့် စစ်အစိုးရတပ်များအကြား ဖြစ်ထွားသော တိုက်ပွဲများကြောင့် မြဝတီဘက်မှ ထွက်ပြေးလာသော ဒုက္ခသည်များကို မဲဆောက်မြို့တွင် တနင်္လာနေ့ နိုဝင်ဘာ ၈ ရက် နေ့လည်က  ရိုက်ကူးထားသော ဗီဒီယိုများ

13:00
ချမ်းအေးသာဇံမှာ ကျန်းမာရေးဝန်ကြီး အနိုင်ရ
မန္တလေးတိုင်း ချမ်းအေးသာဇံမြို့နယ် ပြည်သူ့လွှတ်တော်အတွက် အဓိကပြိုင်ဘက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ကျန်းမာရေးဝင်ကြီး ဒေါက်တာ ကျော်မြင့်က အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF ကိုယ်စားလှယ် ဦးခင်မောင်သက်ကို ၁၃ဝ၄ မဲ အကွာနဲ့ အနိုင်ရသွားပါတယ်။

ဒီအကြောင်းကို ချမ်းအေးသာဇံ တိုင်းဒေသကြီးလွှတ်တော် NDF ကိုယ်စားလှယ်လောင်း ဦးတင်အောင်အောင်ရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ် ဦးသန်းညွန့်က ပြောပြတာပါ။

ဒေါက်တာကျော်မြင့်က ၃ဝ၅၉၁ မဲ၊ ဦးခင်မောင်သက်က ၂၉၂၈၇ မဲ ရပါတယ်။ တစည ဦးစံရင်က ၆၅၅၈ မဲ ရပြီး၊ တသီးပုဂ္ဂလ ဦးစိန်လှကတော့ ၆၆၅၇ မဲ ရကြပါတယ်။

ဒေါက်တာကျော်မြင့်ရဲ့ မဲတွေမှာ ကြိုတင်မဲ ၃၃၇၆ မဲ ပါဝင်ပြီး ဦးခင်မောင်သက်ရဲ့ ကြိုတင်မဲ ၈၅၆ မဲ ပါဝင်တယ်လို့ ဦးသန်းညွန့်က ပြောပါတယ်။ ကြိုတင်မဲ ပမာဏ ၂၅ဝဝ ကျော် ကွာခြားတာကြောင့် ရှုံးရတာလို့ ဆိုပါတယ်။
14:20
ပေါက်တောမှာ RNDP နိုင်ဟု ဆို
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှာရှိတဲ့ လွှတ်တော် ၃ ရပ်လုံးမှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က အနိုင်ရတယ်လို့ RNDP စစ်တွေရုံးချုပ် ပြန်ကြားရေးတာဝန်ခံ ဦးသိန်းထွန်းအေးက မဇ္ဈိမကို ပြောပါတယ်။

ပြည်သူ့လွှတ်တော်မှာ ဦးအောင်ကျော်ဇံ၊ အမျိုးသားလွှတ်တော်မှာ ဦးကျော်ထွန်းအောင်၊ ပြည်နယ်လွှတ်တော် အမှတ် ၁ မှာ ဦးမောင်ကျော်သိန်းနဲ့ အမှတ် ၂ မှာ ဦးတက်ထွန်းအောင်တို့ အနိုင်ရတယ်လို့ ဆိုတာပါ။

ပေါက်တော လွှတ်တော် ၃ ရပ်လုံးမှာ ကြံ့ခိုင်ဖွံ့ဖြိုး၊ တစည၊ RNDP နဲ့ မြို (ခေါ်) ခမီ အမျိုးသား ညီညွတ်ရေးပါတီတို့ ဝင်ပြိုင်ကြပါတယ်။
14:10
စစ်ဘေးရှောင် ဒုက္ခသည် ၅ ထောင် ရှိပြီ
မြဝတီမြို့ ရပ်ကွက် ၄ နဲ့ ၅ ကနေ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့ထဲကို ရောက်လာရာ အခုဆိုရင် လူဦးရေ ၅ ထောင်လောက် ရှိသွားပြီလို့ ထိုင်းလုံခြုံရေး သတင်းရပ်ကွက်နဲ့ လေ့လာသူတွေက ပြောပါတယ်။
13:30
ဘိုကလေးမှာ မဲပုံးလုသွား
ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် မြသိန်းတန် ကျေးရွာအုပ်စု ကြံခင်းရွာမှာ ရွာသားတွေက မဲပုံးတွေကို မနေ့ ည ၇ နာရီလောက်မှာ လုယူထွက်ပြေးမှုတခု ဖြစ်ပွားခဲ့တယ်လို့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ပြည်သူ့လွှတ်တော် အမတ်လောင်း ဒေါ်ခင်စန္ဒာဦးက ပြောပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ အငြင်းပွားနိုင်စရာ ကြိုတင်မဲတွေရှိနေတာကြောင့် မကျေနပ်တဲ့ ရွာသားတွေက မဲပုံးတွေ လုယူခဲ့တာလို့ သူမက မဇ္ဈိမကို ပြောပါတယ်။“ မဲပုံးကို လုပြီး ထွက်ပြေးသွားတယ်၊ ကြံ့ခိုင်ရေးက ကြိုပြီးတော့ မဲအများကြီး ယူထားတာကိုး။ အဲဒီမဲတွေအားလုံးကို ကြံ့ခိုင်ရေးက ရတယ်။ မဲရုံတိုင်း မဲရုံတိုင်းမှာလေ အဲဒီလိုမျိုး မဲမသမာမှုတွေရှိတယ်”

ကြံခင်းရွာမှာ မဲရုံ ၄ ရုံရှိပြီး၊ ဒီအထဲကမှ တရုံမှာ ဖြစ်ခဲ့တာပါ။
12:48
မြဝတီတိုက်ပွဲ အဆက်
ခေတ္တငြိမ်နေတဲ့ မြဝတီတိုက်ပွဲမှာ ဒီကေဘီအေ ဘက်က အင်အား ၄ဝဝ ကျော်ရှိနေပြီး၊ ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတားနဲ့ ကိုက် ၁ဝဝ လောက်ဝေးတဲ့ ကြံခင်းကျောင်းတိုက်ရှေ့ အာရှလမ်းမကြီးပေါ်နဲ့ ကြံခင်းလမ်းပေါ်မှာ နေရာယူထားကြတာကို တွေ့ရတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

တိုက်ပွဲကြောင့် ကြံခင်းလမ်းထိပ် ဆိုင်ခန်းထဲမှာ ပိတ်မိနေသူ တယောက်က ဒီကေဘီအေဘက်က နအဖ စစ်တပ်တွေရှိရာ ချစ်ကြည်ရေးတံတားဘက်ကို အာပီဂျီ၊ စက်သေနတ်၊ လက်ပစ်ဗုံးတွေနဲ့ပါ ပစ်ခတ်တာကို တွေ့ရတယ်လို့  မဇ္ဈိမကို ပြောပါတယ်။

“ကျနော်တို့ အခုဝပ်နေရတယ်။ သူပုန်တပ်တွေက ကျနော်တို့ဆိုင်ရှေ့မှာ ရှိနေတယ်။ .. ဒီကနေ မြဝတီ တံတားဘက်ကို RPG တွေနဲ့ လှမ်းပစ်နေတာ ၁ဝ လုံးလောက် ရှိနေပြီး တံတားပြိုနေပြီလား မသိဘူး။ ကျနော်တို့လည်း ထွက်မကြည့်ရဲဘူး။ အပြင်မှာ သူပုန်တပ်တွေ အများကြီးပဲ” သူက ပြောပါတယ်။

တိုက်ပွဲကြောင့် လူနှစ်ယောက် သေဆုံးရာမှာ ဆိုက္ကားသမားနဲ့ ခရီးသည်လို့ ပြောပါတယ်။

ဒီကေဘီအေ တပ်ရင်းမှူးတယောက်ကတော့ နှစ်ဖက်အကျအဆုံး များတယ်လို့ မဇ္ဈိမကို ပြောပြီး၊ မြို့ခံတွေအဆိုအရ ဒီကေဘီအေဘက်က ပေါ်တာဆွဲတာတွေ ရှိနေတယ်လို့ သိရပါတယ်။

“လမ်းမတွေပေါ် မထွက်ရဲဘူး။ ဘယ်သူမှလည်း အသွားအလာ မလုပ်တော့ဘူး။ ပစ်ခတ်မှုတွေထဲမှာ ပါသွားမှာစိုးလို့။ အခု မီးတွေလည်း ဖြတ်ထားတယ်။ ဘာမှ လုပ်လို့မရဘူး။ ဘယ်မှလည်း သွားလို့မရဘူး။ ပစ်ခတ်သံတွေကတော့ တဒိန်းဒိန်း ကြားနေရတယ်” လို့ မြို့ခံတယောက်က ပြောပါတယ်။

မနက်ကစတဲ့ တိုက်ပွဲဟာ ယခု ခေတ္တငြိမ်သက်နေရာက ဒီနေ့မွန်းလွဲပိုင်းမှာ ပြန်ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် ထိုင်းနိုင်ငံ မဲဆောက်ဘက်ကို ထွက်ပြေးလာသူ အရေအတွက်က တိုးလာနေပါတယ်။
12:18
ဦးသုဝေက အလုပ်သမားဝန်ကြီးကို ရှုံးနိမ့်
ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ဝင်ပြိုင်တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) DPM ဥက္ကဋ္ဌ ဦးသုဝေက အလုပ်သမားဝန်ကြီး ဦးအောင်ကြည်ကို မဲ ၈ ထောင်ကျော်နဲ့ အပြတ်အသတ် ရှုံးသွားပါတယ်။

ဦးအောင်ကြည်က ထောက်ခံမဲ ၂၈၅၆၆ ရခဲ့ပြီး၊ ဦးသုဝေက ၂ဝ၂၅၇ ရတာကြောင့် ၈၃ဝ၉ မဲ လျော့နည်းပြီး ရှုံးရတာပါ။ မဲအားလုံးရဲ့ ၅ဝ. ၅ ရာခိုင်နှုန်းကို ဦးအောင်ကြည်က ရပြီး၊ ဦးသုဝေက ၄၁. ၅ ရာခိုင်နှုန်း ရပါတယ်။ မင်္ဂလာတောင်ညွန့်မှာ မဲပေးခွင့်ရှိသူ ၁၅၆၂၂၃ ယောက် ရှိတဲ့အနက် ၄၈၈၂၃ ယောက် (၄၆. ၂ ရာခိုင်နှုန်း) မဲပေးခဲ့ပါတယ်။

“ဒီရလာဒ်ဟာ တော်တော်အံ့သြစရာ ကောင်းပါတယ်။ ပထမ မဲရေတွက်တော့ ရပ်ကွက်မဲရုံတွေမှာ ကျနော် သာနေတယ်။ နောက်ဆုံးတော့ ဘယ်က သာသွားသလဲဆိုတော့ အစိုးရဌာနတွေဖြစ်တဲ့ မီးခြစ်စက်ရုံ၊ စက်ဘီးစက်ရုံ၊ မီးရထားဝင်း၊ စည်ပင်သာယာဝင်းတို့ အဲဒီမှာက မဲတွေ အများကြီးရတယ်။ သူတို့က ၃ဝဝ လောက်ရရင် ကျနော်တို့ ၃ဝ လောက်ပဲ ရတယ်။ အဲဒီမှာ အများကြီး ကွာသွားတယ်။ အစိုးရဌာနဆိုင်ရာတွေက ရတဲ့ မဲတွေနဲ့ အနိုင်ယူသွားတာပဲ” လို့ ရှုံးနိမ့်သူ ဦးသုဝေက ဆိုပါတယ်။

မင်္ဂလာတောင်ညွန့်မှာ ဦးအောင်ကြည်နဲ့ ဦးသုဝေအပြင် တစညမှ ဦးခင်မောင်လွင်၊ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီမှ ဦးဇော်ဝင်းနဲ့ တသီးပုဂ္ဂလ ဦးလှမျိုးမြင့်တို့ ဝင်ပြိုင်ခဲ့ပါတယ်။

ဗဟန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်အတွက် DPM မှ ဒေါက်တာ ညိုညိုသင်း အနိုင်ရတယ်လို့ ဦးသုဝေက ပြောပါတယ်။ ပါတီရဲ့ မဲရုံကိုယ်စားလှယ်က ဗဟန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်ကို သွားပြီး၊ အနိုင်ရကြောင်း လက်မှတ်ထိုးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပဲခူးတိုင်း သာယာဝတီမြို့နယ် တိုင်းဒေသကြီးလွှတ်တော် အမှတ် ၁ နဲ့ ၂ အတွက် DPM မှ ဦးငွေလှိုင်နဲ့ ဦးသောင်းစိန် အနိုင်ရတယ်လို့ ပါတီရုံးချုပ်ကို အကြောင်းကြားလာတယ်လို့ ဦးသုဝေက ပြောပါတယ်။ မဲအရေအတွက် အသေးစိတ် အချက်အလက်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
12:13
မဲဆောက်ဘက် လက်နက်ကြီးများကျ
မြဝတီဘက်ကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ တဖက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့စပ်မှ ခြံဝင်းအတွင်း ဒီနေ့ မနက် ထိုင်းစံတော်ချိန် ၉  နာရီခွဲလောက်မှာ ကျခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတားအနီးကို ကျတာဖြစ်ပြီး၊ အနီးမှာ အစိုးရအထက်တန်းကျောင်း တခု ရှိပါတယ်။

“သုံးချက် ကြားတယ်။ ပထမအချက်က ကားဘီးပေါက်တယ်လို့ ထင်တာ။ နောက်ဆုံး အချက်ကျမှ ယမ်းငွေ့တွေပါ ရလာတယ်။ ကျောင်းထဲမှာလည်း အားလုံး ရုတ်ရုတ်ဖြစ်သွားကြတယ်” လို့ အခင်းဖြစ်စဉ်က ကျောင်းဝင်းအတွင်း ရှိနေသူ တယောက်က ပြောပါတယ်။ “ခြံထောင့်မှာ ရဲတွေဝိုင်းထားပြီး ရှုတ်နေတာကို တွေ့ရတယ်”။

ကျောင်းသားတွေကိုလည်း အိမ်ပြန်လွှတ်လိုက်ပြီး၊ စာသင်ကျောင်းကို ယာယီ ပိတ်လိုက်ပါတယ်။

နယ်စပ်ဂိတ်ကိုသွားတဲ့ လမ်းမကြီးကို ပိတ်ထားလိုက်ပြီး လုံခြုံရေးတွေက အစစ်အဆေးတွေ လုပ်နေပါတယ်။
12:03
မြဝတီမှာ ဒီကေဘီအေနဲ့ နအဖတပ် တိုက်ပွဲဖြစ်နေ
ကရင်ပြည်နယ် မြဝတီမြို့မှာ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ ငြင်းဆန်နေတဲ့ ဗုဒ္ဒဘာသာ ကရင်အမျိုးသား တပ်မတော် (ဒီကေဘီအေ) တပ်မဟာ ၅ ဗိုလ်မှူးကြီး နှုတ်ခမ်းမွှေးရဲ့ လက်အောက်ခံ ဗိုလ်ကျော်သက် ဦးစီးတဲ့ တပ်တွေနဲ့ စစ်အစိုးရ တပ်တွေအကြား ပစ်ခတ်မှုတွေ ဖြစ်ပွားနေခဲ့ပါတယ်။

မြို့ခံတယောက်က တယ်လီဖုန်းကတဆင့် အပြောအရ ဒီကေဘီအေ တပ်တွေက ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားဘက်ဆီ ပစ်ခတ်နေတာကို တွေ့မြင်ရတယ်လို့ ဆိုပါတယ်။

တဖက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်အထိ လက်နက်ကြီးကျည်ဆံ ထိမှန်မှုတွေ ရှိခဲ့ပါတယ်။

မြဝတီဘက်ကနေ ထိုင်းဘက်ကမ်းဆီ ထွက်ပြေးလာသူ  ၅ဝဝ လောက်ရှိသွားပြီလို့ ထိုင်းလုံခြုံရေး အရာရှိတယောက်က ပြောပါတယ်။

နှစ်ဖက်ပစ်ခတ်မှုအတွင်း လူအသေအပျောက် ရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ အတည်မပြုနိုင်သေးတဲ့ စစ်ဘက်သတင်းတရပ်အရ ကော့ကရိတ်ဘက်မှာလည်း ဒီကေဘီအေ နဲ့ စစ်အစိုးရတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။ စစ်ကူအတွက် ဘားအံဘက်ကနေ ဆင်းလာတဲ့ တပ်တွေကို ဒီကေဘီအေ ဘက်က ကော့ကရိတ်မှာ ဆီးကြိုတိုက်ခိုက်တယ်လို့ ဆိုပါတယ်။
11:05
၆ မြို့နယ်မှာ အန်ဒီအက်ဖ်နိုင်
ကော်မရှင်က ထုတ်ပြန်ပြီးတာတွေအနက် ရန်ကုန်တိုင်း မြို့နယ် ၆ မြို့နယ်ရဲ့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ အမျိုးသားဒီမိုကရေစီအင်အားစု NDF အနိုင်ရရှိထားတယ်လို့ ပါတီရဲ့ ရန်ကင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမျိုးသန့်က ပြောပါတယ်။

“လောလောဆယ် အန်ဒီအက် နိုင်နေတာဆိုရင် ကျောက်တံတား၊ ရန်ကင်း နိုင်တယ်။ လမ်းမတော်၊ လသာ နိုင်တယ်။ စမ်းချောင်း၊ ဒဂုံ (မြောက်) နိုင်တယ်” လို့ ဦးမျိုးသန့် ခေါ် ရဲကျော်သူက ပြောပါတယ်။
10:57
မြဝတီမြို့မှာ သေနတ်ပစ်ခတ်သံနှင့် ပေါ်တာဆွဲမှု
မြဝတီမြို့မှာ သေနတ် ပစ်ခတ်သံတွေ ကြားနေရပြီး မြို့ပေါ်မှာ အရပ်သား ပေါ်တာဆွဲမှုတွေရှိနေကြောင်း မြို့ခံများက တယ်လီဖုန်းကနေတဆင့် မဇ္ဈိမကို ဆက်သွယ်ပြောကြားပါတယ်။

တနင်္ဂနွေနေ့၊ နိုဝင်ဘာလ ၀၇ ရက် ၂၀၁၀ ခုနှစ်
23:00
ရွေးကောက်ပွဲနေ့ မြစ်ကြီးနား မဲရုံတချို့
မဲရုံကိုယ်စားလှယ်၊ အကူကိုယ်စားလှယ်များ (ဓာတ်ပုံ - မဇ္ဈိမ) မဲရုံကိုယ်စားလှယ်၊ အကူကိုယ်စားလှယ်များ (ဓာတ်ပုံ - မဇ္ဈိမ) မဲရုံကိုယ်စားလှယ်၊ အကူကိုယ်စားလှယ်များ (ဓာတ်ပုံ - မဇ္ဈိမ) မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက် မဲရုံ အမှတ် ၁၃ တွင် သူနာပြုကျောင်းမှ ကျောင်းသူများ မဲပေးရန် စာရင်းသွင်းနေပုံ (ဓာတ်ပုံ - မဇ္ဈိမ)  မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက် မဲရုံ အမှတ် ၅၇ တွင် မဲပေးရန် မဲစာရင်းရှာနေသော အမျိုးသမီးကြီး (ဓာတ်ပုံ - မဇ္ဈိမ) မြစ်ကြီးနားမြို့ အလယ်ကုန်းရပ်ကွက်ရှိ မဲရုံ အမှတ် ၅၂ တွင် မဲရုံအတွင်း မဲထည့်နေစဉ် (ဓာတ်ပုံ - မဇ္ဈိမ)
22:25
မဲဆန္ဒရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
မြန်မာ့ရုပ်မြင်သံမှ ထုတ်လွင့်သွားသော စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နေပြည်တော် ဇေယျာသီရိ မြို့နယ်တွင် တနင်္ဂနွေနေ့ နိုဝင်ဘာ ၇ ရက်၊ ၂ဝ၁ဝ ပြည့်နှစ်က မဲပေးနေသောပုံ။ စစ်အစိုးရ ထူထောင်ထားသော ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ၅၂ ဦးသည် ပြိုင်ဘက်မရှိသဖြင့် အလိုအလျောက် နိုင်သွားကြောင်း နိုင်ငံပိုင် မြန်မာ့ရုပ်သံက  ယနေ့ညတွင် ကြေညာသည်။
22:10
ပြိုင်ဘက်မရှိ ၅၂ နေရာ ကြံ့ဖွံ့နိုင်
နိုင်ငံတဝှန်း မဲဆန္ဒနယ် ၅၂ နယ်မှာ ပြိုင်ဘက်မရှိတာကြောင့် ကြံ့ဖွံ့အမတ်လောင်းတွေ အနိုင်ရသွားပြီလို့ စစ်အစိုးရ ရုပ်သံလိုင်း MRTV က ဒီကနေ့ ည ၈ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ် လောက်ကိုင်၊ နမ့်ဆန်၊ ကုန်ကြမ်း၊ ကရင်ပြည်နယ် မြဝတီနဲ့ တနင်္သာရီတိုင်း ကျွန်းစုမြို့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွေ အပါအဝင် ၅၂ နေရာမှာ ဝင်ပြိုင်တဲ့ တခြားအမတ်လောင်းတွေ မရှိလို့ အလိုလျောက် အနိုင်ရခြင်း ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အခန်း ၉၊ အပိုဒ် ၄၁ (က) တွင် ’’မဲဆန္ဒနယ်နယ် တနယ်တွင် ရွေးကောက်တင်မြှောက်ခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း တဦးတည်းသာရှိလျှင် ယင်းနယ်အတွက် ရွေးကောက်ပွဲ ကျင်းပခြင်း မပြုတော့ဘဲ ထိုသူအား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ကြောင်း’’ ဖော်ပြထားပါတယ်။
22:00
ပုဇွန်တောင်မှာ ဒေါက်တာ တင်ထွန်းဦး အနိုင်ရ
ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ ကြံ့ဖွံ့အမတ်လောင်း ဒေါက်တာ တင်ထွန်းဦး အနိုင်ရကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်က ထုတ်ဖော်ပြောဆိုပါတယ်။

မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ ဒုဥက္ကဋ္ဌဟောင်းဖြစ်သူ ဒေါက်တာ တင်ထွန်းဦးဟာ ဒုတိယ မဲအများဆုံးရသူကို မဲ ၂ဝဝ လောက်အသာနဲ့ အနိုင်ရခဲ့တာပါ။  ဒါပေမဲ့ သူ့ရဲ့ မဲအရေအတွက် အတိအကျနဲ့ နောက်က ကပ်လိုက်သူရဲ့ အမတ်လောင်း ဘယ်သူဖြစ်တယ်လို့တော့ မသိရသေးပါဘူး။

ပုဇွန်တောင်မှာ ဒေါက်တာ တင်ထွန်းဦး၊ တစညမှ ဦးလှစိန်၊ အမျိုးသား ဒီမိုကရေစီအင်အားစု NDF မှ ဦးအောင်ဒင်နဲ့ တသီးပုဂ္ဂလ အမတ်လောင်း ဦးရန်ကျော်တို့ ဝင်ပြိုင်ခဲ့ပါတယ်။
22:00
ကျောက်မဲမှာ ကျားဖြူ အနိုင်ရ
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် ကျားဖြူပါတီဟု လူသိများသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ - SNDP က လွှတ်တော် ၃ ရပ်စလုံးတွင် အနိုင်ရရှိသွားကြောင်း ပါတီ ဒု ဥက္ကဋ္ဌ ဦးစိုင်းဆောင်ဆီက ပြောသည်။

ပါတီ မဲရုံကိုယ်စားလှယ်များ၏ သတင်းပေးပို့ချက်အရ ကျောက်မဲ ပြည်သူ့လွှတ်တော်တွင် ဦးစိုင်းဆောင်ဆီ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၄ တွင် ဦးစိုင်းသန့်ဇင်၊ ပြည်နယ်လွှတ်တော် အမှတ် ၁ တွင် ဦးစိုင်းခမ်းကျော်နှင့် အမှတ် ၂ တွင် ဦးစိုင်းသန်းမောင်တို့ အနိုင်ရရှိခဲ့ကြောင်း SNDP ဒု ဥက္ကဋ္ဌက ပြောဆိုခြင်း ဖြစ်သည်။

သို့သော် အနိုင်ရရှိခဲ့သည့် မဲအရေအတွက် အသီးသီးနှင့် ဒုတိယ မဲအများဆုံးဖြင့် အရေးနိမ့်ခဲ့သည့် ပါတီများကို မသိရသေးချေ။ ကျောက်မဲတွင် SNDP အပါအဝင် တအောင်း (ပလောင်)၊ တစညနှင့် ကြံ့ဖွံ့ပါတီတို့ ဝင်ရောက် ယှဉ်ပြိုင်ကြသည်။

ထို့ပြင် ရှမ်းပြည်နယ် သိန္ဒီမြို့ပြည်နယ်လွှတ်တော်၌လည်း SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက အနိုင်ရရှိခဲ့ကြောင်း SNDP က ပြောပါတယ်။
19:48
ဒဂုံမြို့နယ်တွင် မဲရေတွက်
ရန်ကုန်မြို့ ဒဂုံမြို့နယ်တွင်  မဲရေတွက်မှုကို နိုင်ငံခြား သံတမန်များနှင့် ပြည်တွင်း သတင်းစာဆရာများ  ရှေ့တွင် ရေတွက်နေသည်ကို တနင်္ဂနွေနေ့ နိုဝင်ဘာ ၇ ရက်၊ ၂ဝ၁ဝ ပြည့်နှစ်တွင်  တွေ့ရစဉ်။ ဓာတ်ပုံ-  မဇ္ဈိမ။ ရန်ကုန်မြို့ ဒဂုံမြို့နယ်တွင်  မဲရေတွက်မှုကို နိုင်ငံခြား သံတမန်များနှင့် ပြည်တွင်း သတင်းစာဆရာများ  ရှေ့တွင် ရေတွက်နေသည်ကို တနင်္ဂနွေနေ့ နိုဝင်ဘာ ၇ ရက်၊ ၂ဝ၁ဝ ပြည့်နှစ်တွင်  တွေ့ရစဉ်။ ဓာတ်ပုံ-  မဇ္ဈိမ။ ရန်ကုန်မြို့ ဒဂုံမြို့နယ်တွင် မဲရေတွက်မှုကို နိုင်ငံခြား သံတမန်များနှင့် ပြည်တွင်း သတင်းစာဆရာများ ရှေ့တွင် ရေတွက်နေသည်ကို တနင်္ဂနွေနေ့ နိုဝင်ဘာ ၇ ရက်၊ ၂ဝ၁ဝ ပြည့်နှစ်တွင် တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။
19:48
ကားမိုင်းမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး နိုင်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်နေရာ ယှဉ်ပြိုင်ရာမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးကိုယ်စားလှယ် ဦးအုန်းမြင့်ကို ၄၂ မဲအကွာနဲ့ အမျိုးသားဒီမိုကရေစီအင်အားစု ကိုယ်စားလှယ် ဒေါ်ဘောက်ဂျာ ရှုံးနိမ့်သွားတယ်လို့ အန်ဒီအက်ဖ် သတင်းရပ်ကွက်က ပြောပါတယ်။

ကြံ့ခိုင်ရေးအမတ်က ၃၇၃ မဲ၊ ဒေါ်ဘောက်ဂျာက ၃၃၁ မဲ ရတယ်လို့ ဆိုပါတယ်။

မဲဆန္ဒရှင် ဦးရေ ၁၇ဝ၆ ယောက် အနက် ၇ဝဝ လောက်ပဲ ဒီနေ့ မဲလာထည့်ခဲ့ပြီး ကြိုတင်မဲကြောင့် ရှုံးနိမ့်ရတာလို့ ဒေသခံ အန်ဒီအက်ဖ်စည်းရုံးရေးမှူးတယောက်က စွပ်စွဲပါတယ်။
19:40
မူဆယ် အမှတ် ၅ မှာ ကျားဖြူနိုင်
ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မဲဆန္ဒနယ် အမှတ် ၅ မှာ ကျားဖြူလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP အမတ်လောင်း ဦးစိုင်းဖုန်းမြတ်က အမျိုးသား လွှတ်တော်မှာ မဲအရေအတွက် ၇ဝဝ နဲ့ အနိုင်ရတယ်လို့ SNDP ရန်ကုန်ရုံးချုပ်က မဇ္ဈိမကို ပြောပါတယ်။ ကြံ့ဖွံ့က ၅၉ မဲနဲ့ ဒုတိယ လိုက်တယ်လို့ သိရပါတယ်။
19:10
ဗျပ်ကြီးမဲ ကြံ့ဖွံ့ အလေးသာ
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဗျပ်ကြီးရွာမှာ ဆေးလိပ်ခုံပိုင်ရှင်ဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ကိုယ်စားလှယ် ဦးကိုကိုဋ္ဌေးကို မဲအပေးများကြောင်း ဒေသခံမဲဆန္ဒရှင်တွေဆီကနေ သိရပါတယ်။

ဒီနေ့ညနေ ၄ နာရီ ဆက်သွယ်ချိန်အထိ “အခုမဲပေးလာတဲ့ လူတွေက ခြင်္သေကို မဲအပေးများလာကြတယ်လို့ အများက ပြောကြတာပဲ။ အဲဒီမှာက ခြင်္သေ့ရယ်၊ ဦးထုပ်ရယ်၊ စပါးနှံရယ်ဆိုပြီးတော့ ၃ ခု ပေးထားတာလေ။ အဲဒါ ခြင်္သေ့ကို အပေးများတယ်” လို့ သူက မဇ္ဈိမကို ပြောပါတယ်။  

မဲရုံရှိရာ ဗျပ်ကြီး အလယ်တန်းကျောင်းရှေ့မှာ ကြံ့ဖွံ့ပါတီဝင်တွေ ရောက်နေပြီး လုံခြုံရေး ရဲ ၁၅ ယောက် ထက်မနည်း ချထားတာကို တွေ့ရတယ်လို့ မဲပေးခဲ့သူ တယောက်က ပြောဆိုပါတယ်။

“ဟုတ်တယ်၊ ဒီမှာ မဲသွားထည့်တဲ့ လူတွေကို မေးကြည့်တိုင်း ခြင်္သေ့ကိုပဲ ပေးကြတယ်ပြောတယ်။ ဒီမှာက သူတို့ပါတီဝင်လူ များတာကိုး” သူက ဆိုပါတယ်။

မဲရုံထဲမှာ ဘယ်ပါတီကို မဲပေးစေလိုတယ်ဆိုတဲ့ တစုံတရာ ဖိအားပေးမှုမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။
18:47
လမ်းမတော်မှာ NDF နိုင်ဖွယ်ရှိဟု ဆို
မဲရေတွက်ဆဲဖြစ်ပေမယ့် ရန်ကုန်တိုင်း လမ်းမတော်မြို့မှာ မဲရုံ ၂၁ ရုံအနက် ၉  ရပ်ကွက်ကလွဲပြီး ကျန်မဲရုံတွေမှာ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီရဲ့ အမျိုးသားလွှတ်တော် အမတ်လောင်း ဒေါက်တာတင်ရွှေနဲ့ သူ  အနိုင်ရဖို့ သေချာသလောက်ပဲလို့ ပြည်သူ့လွှတ်တော် အမတ်လောင်း ဦးခင်မောင်ဝင်းက မဇ္ဈိမကို ပြောပါတယ်။

ရပ်ကွက်အများစုမှာ မဲပေးပိုင်ခွင့်ရှိသူ ၆ဝ ရာခိုင်နှုန်းကျော် မဲလာပေးပြီး၊ တချို့ရပ်ကွက်တွေမှာ ၈ဝ ရာခိုင်နှုန်းလောက် လာပေးတယ်လို့ သိရပါတယ်။ လမ်းမတော်မှာ ကြိုတင်မဲအရေအတွက်က အင်မတန် နည်းတဲ့အတွက် အခြေအနေကောင်းပြီလို့ ဆိုနိုင်ကြောင်း ဦးခင်မောင်ဝင်းက ပြောပါတယ်။
18:43
လုံခြုံရေးနဲ့ ဘီးလင်းမဲ
မွန်ပြည်နယ် ဘီးလင်းမြို့ရဲ့ ဒီကနေ့ ရွေးကောက်ပွဲကို စစ်သားတွေက လှည့်ပတ်ပြီး လုံခြုံရေးယူပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကား ၂ စီးနဲ့ ပတ်နေတယ်။  အနက်ရောင်နဲ့။ ကားပေါ်မှတော့ စစ်သားတွေက သေနတ်တွေနဲ့ အလုံးကြီး ခြေထောက်တွေ (အမြောက်) လည်း တွေ့တယ်။ လိုအပ်ရင် သုံးမယ့် သဘောမျိုးပေါ့။ မနက်ကတော့ လူတော်တော်ကျတယ်၊ ညနေဘက်ကတော့ လူတော်တော် ကျဲသွားတယ်’’ လို့ ဒေသခံတယောက်က ပြောပါတယ်။

မဲရုံတွေကိုတော့ ရယက ကော်မရှင်နဲ့ ကော်မတီအဖွဲ့ဝင်တွေ၊ ဆရာမတွေ၊ ကြက်ခြေနီတွေ၊ ပြည့်သူ့စစ်နဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက စောင့်ကြပ်ပေးပါတယ်။ ဘီးလင်းမှာ ကြံ့ဖွံ့နဲ့ တစည နှစ်ပါတီပဲ ယှဉ်ပြိုင်ကြမှာပါ။

“ကျနော်ကတော့ ကြက်ခြေခတ် ထည့်ခဲ့တယ်။ ပထမတော့ သွားမထည့်ဘူးလို့ နေတာ။ သူတို့ဆီမှာ စာရင်းရှိနေတော့ မထည့်ရင် တခုတခု လုပ်မှာ ကြောက်တယ်လေ။ မထည့်ဘူးဆိုရင် တခုခုဖြစ်မှာ စိုးရိမ်ပြီး သွားထည့်လိုက်တာ” ဘီးလင်းမြို့ပေါ်မှ မဲဆန္ဒရှင် တယောက်က မဇ္ဈိမကို ပြောပါတယ်။
18:40
ကြံ့ခိုင်ဖွံ့ဖြိုးရေး ဒီနေ့ မဲဆွယ်၊ တောင်ကြီးမြို့ခံ ပြော
ရှမ်းပြည်မြို့တော် တောင်ကြီးမှာ ရွေးကောက်ပွဲကျင်းပရက် ဒီနေ့မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကားတွေပေါ် အသံချဲ့စက်တွေ တင်၊ အလံတွေ လွှင့်ပြီး ခြင်္သေ့ကိုပဲ အမှန်ခြစ်ဖို့ ဆော်သြခဲ့တာကို တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြို့မဈေးကြီးမှာ ပရိုဂျက်တာကြီး တပ်ဆင်ပြီး နိုင်ငံတော်က လမ်းဖောက်၊ တံတားဆောက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်နိုင်ခဲ့တာတွေကို တောက်လျှောက်ဖွင့်ပြထားတယ်လို့ သိရပါတယ်။

လင်ခေးမြို့မှာတော့ မဲရုံ ၂၁ ရုံ ရှိရာမှာ တရုံမှာပဲ မဲရေတွက်ပြီးခါနီးလို့ အနိုင်ရဖို့ များတယ်လို့ ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ စပ်ယွန်းပိုင်က ပြောပါတယ်။ ကျန်မဲရုံတွေတော့ ရေတွက်ဆဲပါပဲ။
17:56
မဲစာရင်းထဲ မပါလည်း မဲထည့်ခွင့်ရဟု မဲဆန္ဒရှင်တဦးပြော
ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့ မန်ကျည်းတန်းတောင်-အနောက်ရပ်ကွက်မှာ မဲစာရင်းနဲ့ အိမ်ထောင်စု စာရင်းထဲ မပါပေမယ့် ဒီနေ့မနက် ရယက ရုံးမှာ မဲထည့်ခွင့် ရခဲ့တယ်လို့ ကာယာကံရှင်တွေက မဇ္ဈိမကို ပြောပြပါတယ်။  

မဲပေးခွင့်ရသူတွေက အထက်အညာဒေသကဖြစ်ပြီး၊ လူစုအိမ်ငှားနေရင်း ကြည့်မြင်တိုင် ညဈေးအနီး ကုန်ခြောက်၊ ကုန်စိမ်းနဲ့ သီးနှံတွေ ရောင်းချအသက်မွေးနေသူတွေ ဖြစ်ပါတယ်။



“မဲပေးခဲ့ရပါတယ်ရှင့်။ သမီးက အညာကပါရှင့်။ မဲပေးတော့ မှတ်ပုံတင် ပြရပါတယ်ရှင့်။ အိမ်ထောင်စုစာရင်း သမီးတို့မှာ မပါဘူး။ အဲဒီတော့ မပြရဘူး”

“ကော်မရှင်လားဘာလား မသိဘူး။ ရယက ဥက္ကဋ္ဌပဲ။ မဲထည့်မှာလားလို့ပဲ မေးတယ်။ ထည့်မယ်ပေါ့။ သမီးရဲ့ မှတ်ပုံတင် စစ်ကြည့်ရော။ သမီးတို့ ၇ ယောက်။ အိမ်မှာတော့ လူအများကြီးရှိတယ်။ ဒါပေမဲ့ ၇ ယောက်ပဲ ပေးခွင့်ရှိတယ်လို့ သူက ပြောတယ်”

“သမီးတို့ အိမ်ရှင်ကိုပေါ့နော်။ သမီးတို့က ပြောတာပေါ့။ မဲထည့်ချင်တယ်လို့။ သူများတွေ ကဒ်ဝေ နေပြီပေါ့။ ညကျတော့သွားပြီးပြောတာ။ သမီးတို့အိမ်က အကြီးကို သွားပြောခိုင်းတာပေါ့။ ထည့်ချင် လို့ရှိရင် ၇ ယောက် ထည့်ခွင့်ရှိတယ်လို့ ပြောတယ်။ သမီးတို့အိမ်မှာက လူက ၂၁ ယောက်ရှိတယ်။ မှတ်ပုံတင်ရှိတဲ့ ၇ ယောက်ပေါ့နော်”

“ဒီမနက် ၁၁ နာရီထိုးတော့ ရုံးကို သွားလိုက်တယ်။ သူက ကိုယ်ကြိုက်တာထည့်။ အဲလိုပဲပြောတယ်။ စာရွက်ပေးတယ်။ လက်မှတ်ထိုးခဲ့ရတယ်။ ပုံးထဲမှာပဲ ထည့်ခဲ့ရတာပဲ”

“သမီးက ရန်ကုန်ရောက်တာ ၄ နှစ်ပြည့်တော့မယ်။ အညာကလူက သမီးတို့ ရွာတင်ပဲ လူ ၁ဝဝ ကျော်ရှိတယ်။ သမီးတို့ရွာနားက ၄ ရွာရှိတယ်။ ၇ဝဝ-၈ဝဝ လောက်ရှိတယ်။ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ အလုံတွေမှာ ရှိတယ်”

“မဲသွားထည့်တဲ့ အချိန် (မနက် ၁၁ နာရီကျော်) မှာ အများကြီးတော့ မရှိဘူး။ သမီးတို့က ၇ ယောက်။ အဲဒီထဲမှာ ၄-၅ ယောက်ပဲ တွေ့တယ်။ မဲရုံမှာတော့ မဲဆွယ်တာ မရှိဘူး”
17:40
မန္တလေး မဲပေးမှု
မန္တလေးမြို့ မဲပေးတဲ့ အခြေအနေနဲ့ ဘာကြောင့် မဲပေးကြတယ်ဆိုတာကို မြို့ခံစာရေးဆရာက မဇ္ဈိမကို ပြောပြတာကို တင်ပြလိုက်ပါတယ်။

"လွန်ခဲ့တဲ့ နိုင်ဝင်ဘာ ၃ ရက်နေ့လောက်ကစပြီး မဲကြိုကဒ်ဆိုတာ ထုတ်ပေးတယ်။ တအိမ်တက်ဆင်း လိုက်ပေးတယ်။ ဘယ်သူမှလည်း ကိုယ့်မဲစာရင်းပါမပါ ပေးထားတဲ့ ကဒ်တွေ မစစ်ကြဘူး။ ဒီနေ့မှာပဲ တချို့ကလည်း သူများပေးလို့ လိုက်ပေး။ အဲဒီတော့ ဘာတွေ ဖြစ်ကုန်လဲဆိုတော့ တချို့စာရင်းတွေ လိုနေတာပေါ့။ ကျနော့်အိမ် မိသားစုမှာ ၅ ယောက်ရှိတယ်ဆိုရင် ကျန်တဲ့ ၄ ယောက်ပဲ ပါလာတယ်"

"မဲသွားပေးမယ်လို့ ဆုံးဖြတ်တဲ့သူ နှစ်မျိုးရှိတယ်လေ။ ဘာမှ နားမလည်ဘဲ သွားပေးတာ၊ သူတို့ကို ကြောက်လို့ ပေးတာမျိုး။ နောက်တမျိုးကတော့ သူတို့ကို ဆန့်ကျင်ပြီးတော့ ဒီမိုကရက်ကို သွားပေးတာမျိုးက ရှိတယ်လေ။ ကြိုတင်မဲကတော့ သူတို့မဲ သေချာတယ်။ အခု သွားပေးတဲ့ မဲကတော့ သူတို့မဲ မသေချာဘူး"

မန္တလေးခရိုင် ၇ မြို့နယ်မှာ မဲဆန္ဒရှင် ၈ သိန်းကျော်ရှိပြီး မဲရုံပေါင်း ၆ဝဝ ကျော် ရှိပါတယ်။ ကြံ့ဖွံ့၊ တစည၊ ၈၈ ကျောင်းသား၊ NDF ၊ ဝံသာနု NLD နဲ့ တသီးပုဂ္ဂ အမတ်လောင်းတွေ ဝင်ပြိုင်ပါတယ်။
17:25
ရန်ကုန်မြို့မှ မဲဆန္ဒရှင်တယောက် ပြောကြားချက်
17:00
အဆင်သင့် စောင့်ဆိုင်းနေသော ရဲကားတစီး
အဆင်သင့် စောင့်ဆိုင်းနေသော ရဲကားတစီး :: ရွေးကောက်ပွဲ မဲပေးရက်တွင် ရန်ကုန်မြို့လယ် ဆူးလေဘုရားလမ်းတွင် အဆင်သင့် စောင့်ဆိုင်းနေသော ရဲကားတစီးကို တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ
17:00
ပြည်ကြီးတံခွန်မှာ ၈၅ ရာနှုန်း မဲပေး
မန္တလေးတိုင်း ပြည်ကြီးတံခွန်မှာ မဲရုံတရုံ မဲပေးခွင့်ရှိသူ ၂ ထောင်လောက် ရှိတဲ့အနက် ၈၅ ရာခိုင်နှုန်း လောက်က ဒီကနေ့ မဲပေးခဲ့တယ်လို့ အမျိုသားဒီမိုကရေစီအင်အားစု NDF ရဲ့ ပြည်သူ့လွှတ်တော်အတွက် အမတ်လောင်း ဦးအောင်ခိုင်က ပြောပါတယ်။

"နေ့လည် ၂ နာရီကနေ ၃ နာရီဝန်းကျင်လောက် မဲရုံတွေကို သွားကြည့်ဖြစ်ပါတယ်။ မဲရုံတိုင်းကို လိုက်ကြည့်တော့ လူ ၁၉ဝဝ လောက် စာရင်းရှိတဲ့ မဲရုံမှာလည်း ၁၅ဝဝ၊ ၁၇ဝဝ လောက် လာပြီး မဲပေးကြတယ်။ ကျနော်သွားတဲ့အချိန် သိရတဲ့ စာရင်းဇယားအရ  ၈၅ ရာခိုင်နှုန်းလောက်ကို လာပြီး မဲပေးကြပါတယ်" လို့ သူက ပြောပါတယ်။ လွတ်လပ်တဲ့ လျှို့ဝှက်မဲပေးစနစ်ဖြစ်ပြီး ရွေးကောက်ပွဲ ကော်မရှင်ကလည်း အတိအကျ လုပ်ကိုင်တယ်လို့ ဆိုပါတယ်။

မနက်ပိုင်းမှာ ကြိတ်ကြိတ်တိုး မဲထည့်ခဲ့ကြောင်းနဲ့ ၃ မဲ မထည့်ဘဲ တမဲထဲနဲ့ လှည့်ပြန်သူတွေ ရှိခဲ့ကြောင်း သူက ပြောပါတယ်။

ပြည်ကြီးတံခွန်မှာ ပြည်သူ့လွှတ်တော်အတွက် NDF ဦးအောင်ခိုင်အပြင် ကြံ့ဖွံ့ ဦးမောင်ကို၊ တစည ဦးမောင်စိုး၊ ဝံသာနု NLD ဒေါက်တာ သန်းထိုက်ဦးနဲ့ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) မှ ဦးမြင့်ခိုင်တို့ ဝင်ပြိုင်ကြပါတယ်။
16:35
မန္တလေး မဲပေးပုံ လွတ်လပ်
မန္တလေးတိုင်း ချမ်းမြသာစည်နဲ့ မဟာအောင်မြေ မြို့နယ်တွေမှာ မဲပေးရတာ လွတ်လပ်မှုရှိပြီး လုံခြုံရေးချထားတာလည်း နည်းပါတယ်လို့ ကိုယ်တိုင်မဲထည့်ခဲ့သူ ဒေသခံတွေ အဆိုအရ သိရပါတယ်။

"လုံခြုံရေးက သိပ်တော့ မရှိပါဘူး။ အလွန်ဆုံးမှ ၅ ယောက်၊ ၈ ယောက်လောက်ပေါ့။ တနေရာနဲ့ တနေရာ မတူဘူး ထင်တယ်။ ကျနော်တွေ့တဲ့ မဲရုံမှာတော့ လုံခြုံရေးက မများပါဘူး။ သူတို့ မဲပေးပုံတော့ လွတ်လပ်ပါတယ် အေးဆေးပဲ" လို့ ချမ်းမြသာစည်မြို့ခံက ပြောပါတယ်။ ကိုက် ၅ဝဝ ကို မဲရုံတရုံနှုန်း ရှိတာကြောင့် မနက် ၉ နာရီတုန်းက  ကျွဲဆည်ကန် ကားကွင်းနားရှိ မဲရုံမှာ မဲပေးသူ ၅ဝ လောက် တွေ့ခဲ့ရပြီး၊ နေ့လည်အရောက် လူပြတ်သွားတယ်လို့ ဆိုပါတယ်။

ချမ်းမြသာစည်မှာ ပြည်သူ့လွှတ်တော်အတွက် တစည၊ ကြံ့ဖွံ့၊ အမျိုးသားဒီမိုကရေစီအင်အားစု NDF နဲ့ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီတို့ ဝင်ပြိုင်ကြပါတယ်။

မဟာအောင်မြေမြို့မှာတော့ ပြည်သူ့လွှတ်တော်အတွက် တစည၊ ကြံ့ဖွံ့၊ အမျိုးသားဒီမိုကရေစီအင်အားစု NDF ၊ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီနဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဝင်ပြိုင်မှာပါ။ အဲဒီမှာလည်း မဲထည့်ရတာ လွတ်လပ်တယ်လို့ မဲထည့်သူ ဒေသခံက ပြောပါတယ်။

"အနားမှာ ရဲတချို့မြင်ခဲ့တယ်။ တခြားဝင်ခွေနေရင်တော့ မသိဘူး။ မြင်ခဲ့ရတော့ ၄ ယောက်တိတိပဲ။ မဲရုံပိတ်ချိန်က ညနေ ၆ နာရီအထိ။ တစစ လာပေးနေကြတာပေါ့။ ထည့်ရတာ လွပ်လပ်ပါတယ်။ လျှို့ဝှတ်ခန်းရှိတယ်လေ။ ရပ်ကွက်ထဲမှာတော့ ခမောက်ရယ်၊ ကဒေါင်းရယ် တော်တော်ထည့်ထားတယ် ပြောတယ်။ မဲရုံနားမှာ ပြည်ခိုင်ဖြိုးက မဲဆွယ်တာတော့ မတွေ့ခဲ့ပါဘူး" လို့ သူက ဆိုပါတယ်။
15:45
မြဝတီကို ဒီကေဘီအေ မသိမ်းပါ
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) က ခွဲထွက်သွားခဲ့တဲ့ တပ်တွေက မြန်မာ- ထိုင်း နယ်စပ်မြို့ မြဝတီရဲ့ အချက်အခြာကျတဲ့ နေရာတွေကို သိမ်းပိုက်လိုက်ပြီလို့ ပြောနေကြတဲ့အပေါ် မဟုတ်မှန်ကြောင်း ထိုင်းလုံခြုံရေး အရာရှိ တယောက်က ပြောပါတယ်။

ဗိုလ်နှုတ်ခမ်းမွှေးလို့ လူသိများတဲ့ ဗိုလ်မှူးကြီးစောလားပွယ် ဦးစီးတဲ့ တပ်မဟာ ၅ တပ်တွေက သိမ်းပိုက်တဲ့အတွက် စစ်အစိုးရတပ်တွေနဲ့ ရဲတွေ ထွက်ပြေးကြတယ်ဆိုတဲ့ ကောလာဟလကို သူက မဟုတ်မှန်ဘူးလို့ ငြင်းဆိုလိုက်တာပါ။

နယ်ခြားစောင့်တပ်ပြောင်းသွားတဲ့ ဒီကေဘီအေ တပ်တွေက တပ်ရင်းမှူးအဆင့်ရှိသူ ၄ ဦးကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာမှာလည်း ဒီကေဘီအေက မြို့သိမ်းတယ်ဆိုတာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ရဲစခန်း၊ မြို့ခံတွေနဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအင်ယူ) ကိုလည်း လိုက်လံ မေးမြန်းရာမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုကြပြန်ပါတယ်။

ဒီကနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာတော့ မနေ့တုန်းက မြဝတီနဲ့  ၁၄ ကီလိုမီတာ ဝေးတဲ့ အရပ်မှာ ပေါက်ကွဲမှုတခုဖြစ်တယ်လို့ ထိုင်းလုံခြုံရေး အရာရှိတွေကို ကိုးကားပြီး ဖော်ပြထားပါတယ်။

သို့ပေမယ်လည်း မဲရုံတွေမှာ မဲပေးသူနည်းနေတာကို မြို့ခံတွေက ပြောပါတယ်။
15:37
မဲရုံအလုပ်ပါ ကြံ့ခိုင်ရေး ဝင်လုပ်ဟုဆို
ကြံ့ခိုင်ဖွံ့ဖြိုးရေး မဲရုံကိုယ်စားလှယ်တွေဟာ မဲရုံအလုပ်တွေပါ ဝင်လုပ်နေတယ်လို့ မန္တလေးတိုင်း အမရပူ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ မှာ ဝင်ပြိုင်တဲ့ တသီးပုဂ္ဂလ အမတ်လောင်း ဒေါက်တာသန်းမြင့်ရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ် ကိုညီညီကျော်က ပြောပြပါတယ်။



"မဲရုံစောင့် ကြံ့ခိုင်ရေးက ၂ ဦးစီ ရှိတယ်။  မဲရုံတခုမှာ ၆ ဦး ရှိတယ်။ သူတို့က ရပ်ကွက်သူ ရပ်ကွက်သားတွေဆိုတော့ နဂိုအရှိန်နဲ့ ကြိုဆိုတာ၊ မဲထည့်ခိုင်းတာ၊ လုံခြုံရေးသဘောမျိုး လုပ်တာတွေကို မဲရုံမှူးတွေဖြစ်တဲ့ ဆရာ၊ ဆရာမတွေက သဘောမပေါက်ကြဘူး။ အမှန်တကယ် နားမလည်တဲ့ ပညာရေးဝန်ထမ်းတွေ၊ ဆရာ ဆရာမတွေ၊ ကျောင်းအုပ်တွေကို မဲရုံမှူးလုပ်ခိုင်းထားတာကိုး။ ဆရာ၊ ဆရာမတွေဆိုတာက ကြောက်တတ်တယ်လေ။ ဆိုတော့ မဲရုံထဲမှာ တာဝန်ရှိတဲ့ လူနဲ့ ရောထွေးပြီး လုပ်တာမျိုး တွေ့ရတယ်"

အမရပူရ တိုင်းဒေသကြီးလွှတ်တော် အမှတ် ၁ မဲဆန္ဒနယ်မှာ ဦးသိန်းဝင်း (တစည) နဲ့ ဦးမိုးနိုင်ကျော် (ကြံ့ဖွံ့) တို့ ယှဉ်ပြိုင်ကြပါတယ်။
15:35
ရွှေပေါက်ကံ မဲပေးနောက်ကျ
ရန်ကုန်တိုင်း မြောက်ဥက္ကလာမြို့နယ် ရွှေပေါက်ကံရပ် မဲရုံမှာ ပြည်သူ့လွှတ်တော်အတွက် ဝင်ပြိုင်တဲ့  တသီးပုဂ္ဂလ အမတ်လောင်း ဦးဘတင့်ဆွေကို မဲထည့်နိုင်ဖို့ မဲကဒ်ပြားတွေ မရှိလို့ မဲစတင်ပေးချိန် နောက်ကျသွားရတယ်လို့ ဦးဘတင့်ဆွေက ပြောပါတယ်။

“ကျနော့်ကို မဲပေးမယ့်လူ ၂ဝ လောက်က မဲရုံမှာ တန်းစီနေတာပေါ့။ စထုတ်ပေးတဲ့အခါ အမျိုးသားလွှတ်တော် မဲကဒ်ပြား ထုတ်ပေးတယ်။ ကျနော့်နာမည် မပါဘူးပေါ့ဗျာ။ ထည့်မယ့်လူတွေက ဘယ်မှလဲ ဘတင့်ဆွေရော မေးတော့မှ ကျနော့်ရဲ့ ပြည်သူ့လွှတ်တော်အတွက် မဲကဒ်ပြားတို့၊ မဲစာရင်းတို့ ထုတ်တဲ့ဟာတွေ မပါလာဘူး သူတို့က။ အဲဒီတော့မှ ပြန်ထုတ်ရတာ မျိုးဖြစ်တယ်” လို့ သူက ပြောပါတယ်။

“မြောက်ဥက္ကလာမှာက မဲရုံတွေနားမှာ ရဲ၊ အရံမီးသတ်၊ ကြက်ခြေနီတွေ ချထားတယ်လေ။ ရဲကတော့ အပွင့်ပါတဲ့ လူကတော့ ခြောက်လုံးပြူး ပါတာပေါ့ဗျာ။ ခါးချိတ်ပြီးတော့။ ပန်းဆိုးတန်း၊ ကျောက်တံတားတို့၊ ပန်းပဲတန်းတို့၊ ကားတွေတောင် ခပ်ခြောက်ခြောက်လို့ ပြောတယ်။ မြောက်ဥက္ကလာမှာ ကျနော်တို့ ထင်တာထက် ပိုပေးတဲ့သဘော ရှိတယ်ဗျ။ တချို့မဲရုံတွေ အခုနေ့ခင်း တဝက်နဲ့ပဲ မဲပေးမယ့်လူတွေ ကုန်သလောက် ဖြစ်နေပြီလေ။ ကြားတာကတော့ ၂-၃ ရုံ ရှိနေပြီဗျ” လို့ သူက ဆိုပါတယ်။

မြောက်ဥက္ကလာတွင် မဲရုံက ၃၃၃ ရုံ၊ မဲပေးခွင့်ရှိသူ ၂ သိန်း ၅ ထောင်လောက် ရှိတယ်လို့ သိရပါတယ်။
15:35
ကိုကျော်သူ မဲမပေး
ရွေးကောက်ပွဲ မဲပေးရက်မှာ သေဆုံးသူ တယောက်မှ မရှိရင် မဲထည့်သွားမှာလို့ နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ မင်းသား ကျော်သူက ပြောပါတယ်။

“ကျနော်တို့က နာရေးအသင်းလုပ်နေတာလေ။ အဲဒီတော့ မဲလည်း မလုပ်နိုင်ဘူး၊ မဲလည်း မပေးဘူး။ မပေးဘူးဆိုတာ ဒီမှာ နေ့စဉ် တနေ့ကို အလောင်း ၅ဝ လေ။ ဥပမာ ဒီနေ့လိုရက်မျိုး တယောက်မှ မသေသေးဘူးဆိုရင် သွားထည့်ရင် ထည့်မှာပေါ့ဗျ၊”

”အခုထက်ထိ အားလုံး တိတ်နေတယ်၊ ငြိမ်နေတယ်၊ ကားအသွားအလာတွေ လူတွေကလည်း အပြင်မထွက်ဘူး။ အိမ်ထဲပဲ နေနေတယ်။ ညနေလောက်ကျမှ ထူးခြားမယ်ထင်တာပဲ။ ညနေ မဲရေတော့မှပဲ အဲဒီမှာ ထိုးပွဲကြိတ်ပွဲတွေ ဖြစ်မယ်ပဲ ကျနော် ထင်တယ်”
15:30
အော်ပီကျယ်ရဲ့ အမြင်နဲ့ အတွေး
နာမည်ကျော် ကာတွန်းဆရာကြီး အော်ပီကျယ်ရဲ့ ဒီကနေ့ ရွေးကောက်ပွဲ မဲပေးအတွေ့အကြုံ၊ မဲရုံမြင်ကွင်း ပါတီတွေအပေါ် သဘောထားနဲ့ အတွေးစတချို့ကို တင်ပြလိုက်ပါတယ်။

Apk“ကျနော် မနက် ၇ နာရီလောက်ကတည်းက ပေးတာ။ မြန်မြန်ပေးပြီးရင် ပြီးတာပဲလေ။ ကိုယ်နဲ့ တပြိုင်ထဲ မဲပေးတဲ့ သူကတော့ တယောက်မှ မရှိပါဘူး။ တန်းတွေ ဘာတွေလည်း မစည်ရဘူး”

“လူတော်တော်များများ ပြောနေတာတော့ ကြံ့ဖွံ့ပါတီနဲ့ တစည ကိုတော့ သူတို့ ကောင်းတယ်၊ မကောင်းဘူးဆိုတာကို သူတို့သိတယ်ပေါ့လေ။ ကျန်တဲ့ပါတီတွေကျတော့ သူတို့ကျတော့လည်း သိပ်ပြီး မသိဘူးလေ။ ကျနော်တို့တောင် ရေဒီယို နားထောင်လို့ သိတာ”

“တော်တော်များများက သူတို့မကြိုက်တဲ့ ပါတီကို ဖယ်လိုက်ကြတယ်။ ဒါပေမဲ့ ကြိုက်တဲ့ဟာကျတော့လည်း မရှိဘူးလေ။ ကြိုက်ဖို့ကလည်း ဘာသတင်းအချက်အလက်မှ မရှိတာ။ ဒါတွေ မဲရုံရောက်မှ ကြားဖူးတာ”

“ကျနော်တို့ Referendum (ဆန္ဒခံယူပွဲ) တုန်းက ရပ်ကွက်တခုကို မဲရုံတခုပဲပေါ့။ အခုဟာက ကျနော့် အိမ်နားပတ်ဝန်းကျင်ကို ၄ ခုလောက် ရှိတယ်။ ဘာလို့ ခွဲလိုက်မှန်း မသိဘူး။ အခြေခံဥပဒေတုန်းကလည်း ဒီလူဦးရေပဲလေ။ အခုက မဲရုံတွေကို အများကြီး ပွစိတက်နေတာပဲ”
14:28
ဒေါက်တာဇော်ဦးနှင့် အင်တာဗျူး
ဗဟို ဖွံ့ဖြိုးတိုးတက်ရေး အင်စတီကျူ့ ဒါရိုက်တာ စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးကို ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မေးမြန်းထားတာ ဖြစ်ပါတယ်။

14:25
လွတ်လပ်တဲ့ လားရှိုး
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ မဲရုံတွေ မဲပေးခွင့် လွတ်လပ်တယ်လို့ မြို့ခံဆရာဝန် တယောက်က ပြောပါတယ်။

“မနက် ၆ နာရီကတည်းက စတယ်။ မြို့ပေါ်မှာတော့ ဘာမှမရှိပါဘူး။ အခြေအနေ ကောင်းပါတယ်။ ဒီမြို့ပေါ်က လူတွေကလည်း နိုင်ငံရေး စိတ်မဝင်စားဘူးလေ” ဟု သူက မဇ္ဈိမကို ပြောသည်။
14:15
ငပုတော ၁ မှာ NDF အားသာနေဟု ပြိုင်ဘက်ပြော
ဧရာဝတီတိုင်း ငပုတောမြို့ မဲဆန္ဒနယ် ၁ မှာ မဲဆန္ဒရှင် တဝက်လောက် မဲပေးပြီးဖြစ်လို့ ဒီနယ်မှာ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF အခြေအနေ ကောင်းတယ်လို့ ပြိုင်ဘက်တဦးဖြစ်တဲ့ ငပုတော ကရင်ပြည်သူ့ပါတီ KPP ကိုယ်စားပြု ပြည်သူ့လွှတ်တော် အမတ်လောင်း မန်းထွန်းတင်က မဇ္ဈိမကို ပြောပါတယ်။

“ငပုတောမြို့ပေါ် မဲဆန္ဒနယ် အမှတ် ၁ မှာတော့၊ တဝက်လောက် ထည့်ပြီးသွားပြီ။ အဲဒီမှာ မဲဆန္ဒရှင်တွေ ပြောတာက NDF ကို မဲထည့်တာများတယ်ဗျ။ ဒီမှာတော့ လွပ်လွပ်လပ်လပ် မဲပေးလို့ ရပါတယ်” လို့ သူက ဆိုပါတယ်။

ငပုတောမြို့နယ်မှာ NDF ၊ တစည ၊ ကြံ့ဖွံ့နဲ့ KPP တို့ ဝင်ပြိုင်နေတာပါ။
13:50
မုံရွာမဲရုံ မဲထည့်သူနည်း
စစ်ကိုင်းတိုင်း မုံရွာမြို့ လှည်းတန်း ရပ်ကွက်ထဲက အမက မူလတန်းကျောင်းရှိ မဲရုံကို ဒီကနေ့ နေ့လည် ၁ နာရီကျော်မှာ မဲထည့်သွားသူက မဲရုံမှာ လူရှင်းနေတယ်လို့ ဆိုပါတယ်။

’’ဒီနေ့ မဲသွားပေးတယ်။ မြင်ကွင်းလည်း ရှင်းတယ်၊ လူလည်း ရှင်းတယ်။ အခုပဲ မဲထည့်ပြီးတော့ ပြန်လာတယ်။ မဲလာပေးတဲ့လူက ၃-၄ ယောက်လောက်ပဲ ရှိတယ်။ မဲရုံးပတ်ဝန်းကျင်မှာ ဘာမှ မရှိဘူး။ ဆရာ၊ ဆရာမတွေပဲ ရှိတယ်။ အမျိုးသား ဒီမိုကရေစီ အင်အားစုနဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကိုပဲ မဲထည့်ခဲ့တယ်။ တာဝန်အရ သွားပြီး ထည့်လိုက်တာပါ’’ လို့ သူက ပြောပါတယ်။

မုံရွာမှာ သူထည့်ခဲ့တဲ့ ၂ ပါတီအပြင် တစည၊ ကြံ့ဖွံ့နဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်တို့ ယှဉ်ပြိုင်ပါတယ်။ တိုင်းဒေသကြီး လွှတ်တော်အတွက်တော့ တစည နဲ့ ကြံ့ဖွံ့ပဲ ပြိုင်ကြတာပါ။
13:40
အေးစက်စက် မြဝတီမဲ
ကရင်ပြည်နယ် မြဝတီမြို့မှာ မဲပေးသူ နည်းတယ်လို့ လူဝင်မှု ကြီးကြပ်ရေးဌာန အရာရှိ တယောက်က ဆိုပါတယ်။

“မြဝတီဆိုတာလည်း သိတဲ့အတိုင်းပဲ။ လူတွေက ဗုံးကွဲမှာကို အဓိက ကြောက်နေကြတာရယ်၊ ဒီမဲဆိုတာကြီးကို စိတ်မဝင်စားကြတာရယ်ပေါ့လေ။ တာဝန်ရှိတဲ့ လူတွေကတော့ အိမ်ထောင်စုရှိသူ၊ မဲပေးခွင့်ရှိသူတွေကို မဲမထည့်မနေရ ပုံစံမျိုးတော့ လုပ်ထားတာပဲ။ အခုချိန်ထိတော့ မဲရုံမှာတင် အေးတာမဟုတ်ဘူး၊ ကျောက်လုံးကြီးတို့ ရွှေမင်းဝံဘုရားတို့နဲ့ လမ်းမတွေပေါ်မှာကို လူမရှိတာ” ဟု သူက မဇ္ဈိမကို ပြောပြပါတယ်။

မြို့တွင်းမှာ လုံခြုံရေးတွေကို နေရာအနှံ့ ချထားတယ်လို့ မြဝတီမြို့ခံ ကုန်သည်ကြီး တယောက်ကလည်း မဇ္ဈိမကို ပြောပါတယ်။
13:30
မဲပေးဖို့ တိုးဝင်ရ
ချင်းပြည်နယ် မတူပီမြို့ ဟန်ဘောင်ရပ်ကွက် မဲရုံမှာ မဲပေးသူ များလွန်းလို့ တိုးဝင်ရတယ်လို့ ကိုယ်တိုင်မဲပေးခဲ့သူ အမျိုးသမီး တယောက်က ပြောပါတယ်။

“ကျမကတော့ မဲပေးပြီးပြီ။ မနက် မိုးလင်းကတည်းက ပေးတာ။ ဘယ်ပါတီကို မဲပေးတာကိုတော့ မပြောဘူး။ မဲရုံမှာ လွတ်လွတ်လပ်လပ်နဲ့ ပေးလို့ရတယ်။ ရဲတွေ၊ ဘာတွေ လုံခြုံရေးလည်း မရှိဘူး။ အထက ၂ ကျောင်းမှာ ပေးရတာပါ။ သူတို့ ပေးခိုင်းတဲ့အတိုင်း ပေးတာပေါ့ဟာ။ ပြည်သူ့လွှတ်တော်ရယ်၊ အမျိုးသားရယ်၊ ပြည်နယ်ရယ် အဲလိုပေါ့။ မဲပေးတဲ့သူတွေ များပါတယ်။ မဲရုံမှာ လူအများကြီးပဲ။ တိုးပြီးတော့ ဝင်ကြတာ။ မဲရုံမှာ ဘာထူးခြားမှုမှ မရှိဘူး။ တိတ်ဆိတ်နေပါတယ်” လို့ သူက ဆိုပါတယ်။
13:20
မဲပေးသူ များတယ်လို့ ကြံ့ခိုင်ဖြိုး ကိုယ်စားလှယ် ပြော
ရန်ကင်းနဲ့ တောင်ဥက္ကလာပကို သွားခဲ့တဲ့ ရန်ကုန်တိုင်း ရခိုင် တိုင်းရင်းသား လူမျိုးစုအတွက် ယှဉ်ပြိုင်ရတဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဒေါက်တာ ထွန်းဇံအောင်က မဲပေးသူ များတာကို တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

’’မဲရုံပိတ်တာနဲ့ မဲရုံ ကိုယ်စားလှယ်များရှေ့ ရေတွက်ပြီး မဲများကို မြို့နယ်ကော်မရှင်ကို ပို့ရမှာဖြစ်ပါတယ်။ အနိုင်အရှုံး ကြေညာမယ့် ရက်ကိုတော့ မသိဘူး’’ လို့ သူက ဆိုပါတယ်။

ရန်ကုန်တိုင်းအတွင်း မဲရုံပေါင်း ၁ဝဝဝ ကျော် ရှိသည်။
13:10
လွတ်လပ်ခြောက်ကပ်တဲ့ မဲရုံ
စစ်ကိုင်းတိုင်း မုံရွာမြို့ အုန်းခြံရပ်ကွက်ထဲက ပြဿာဒ်ကျောင်းထဲမှာ မဲပေးတဲ့အခါ လွတ်လွတ်လပ်လပ် ရှိပေမယ့် မဲပေးသူ ခြောက်ခြောက်ကပ်ကပ်ပဲလို့ ကိုယ်တိုင် မဲထည့်ခဲ့သူ ဒေသခံက ပြောပါတယ်။

’’မဲရုံမှာက ခြောက်ခြောက်ကပ်ကပ်ပဲ။ ဘယ်သူမှ သိပ်မလာဘူး။ မဲစာရင်း နံပါတ်ထုတ်တဲ့အခါ လက်မှတ်ထိုးရတယ်။ ကြည့်တဲ့အခါ ဦးရေက တော်တော်ကို နည်းတယ်။ ကျနော် သွားထည့်တုန်းက ၆-၇ ယောက်လောက်ပဲ ရှိသေးတယ်။ ကျနော် ထည့်ခဲ့ရတာက မဲပုံး ၃ ပုံးပေါ့။ သိပ်ပြီးတော့ နားမလည်ဘူး။ အမျိုးသား လွှတ်တော်ရယ်၊ တိုင်းလွှတ်တော်ရယ်၊ ပြည်သူ့လွှတ်တော်က ကြံ့ခိုင်ရေးနဲ့ တစညပါတီ ၂ ခုပဲ ရှိတယ်။ ဘယ်သူမှ မထည့်ပါဘူး။ လျှောက်ခြစ်ထားခဲ့တယ်။ မဲကတော့ လွတ်လွတ်လပ်လပ်တော့ ပေးရတယ်။ လိုက်ကာနဲ့ဘာနဲ့ ကာထားတာ မဟုတ်ဘူး။ ဒီအတိုင်းပဲ အခန်းလေးတွေ ကန့်ပြီးတော့ထားတယ်’’ လို့ သူက ပြောပါတယ်။
13:10
မိုးမောက်မှာ မဲထည့်သူ များ
မဲဆန္ဒရှင်နာမည်နဲ့ မဲစာရင်းနံပါတ်ပါတဲ့ ကဒ်ပြားတွေကို ရယက က လွန်ခဲ့တဲ့ ၂ ရက်မှာ လာပေးထားလို့ ကချင်ပြည်နယ် မိုးမောက်မြို့မှာ မဲထည့်သူများတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“လျှို့ဝှက်မဲပေးစနစ်ဆိုတော့ လွတ်လွတ်လပ်လပ် ထည့်လို့ရတယ်။ မထည့်သူ မရှိသလောက်ဘဲ။ ဒီမှာ အမှတ်စာရင်း နံပါတ်နဲ့ ကြိုလာပေးထားတယ်ဆိုတော့ နောက်ပိုင်း ပြန်ပြောလာမှာစိုးလို့ အားလုံးလိုလို လာထည့်ကြတယ်” လို့ ဒီနေ့ မနက် ၁ဝ နာရီမှာ မဲထည့်ခဲ့တဲ့ ကြေးနန်းရပ်ကွက် ဒေသခံ တယောက်က ပြောပါတယ်။

ခနန်ရပ်ကွက် ဒေသခံကလည်း “မနက်ကတော့ သိပ်မများဘူး။ အခု ၁၂ နာရီနောက်ပိုင်းမှာ လာထည့်သူ များလာတယ်။ တော်တော်များများ မဲလာထည့်တာ တွေ့ရတယ်။ ကျနော်တို့ စပါးနှံနဲ့ ကျားဖြူကို ထည့်ထားတယ်” လို့ ပြောပါတယ်။ မဲပေးခွင့်ရှိသူ ၂ဝဝဝ ရှိတဲ့အနက် အားလုံးလိုလို မဲရုံကိုသွားကြတယ်လို့လည်း ဆိုပါတယ်။

မိုးမောက်မှာ စည်းလုံးညီညွတ်ရေး ကချင်ပြည်နယ်၊ ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသား ဒီမိုကရေတစ်ပါတီ၊ တစညနဲ့ ကြံ့ဖွံ့ပါတီတို့ ယှဉ်ပြိုင်ကြမှာပါ။
13:10
ပါတီအင်္ကျီနဲ့ မဲပေးခွင့်မရ
မန္တလေးတိုင်း အောင်မြေသာဇံမြို့ မဲရုံတရုံမှာ အမျိုးသားဒီမိုကရေစီအင်အားစု NDF အင်္ကျီဝတ်ပြီး မဲသွားပေးရာမှာ ပေးခွင့်မရဘူးလို့ ဒေသခံ အမျိုးသမီးတယောက်က ပြောပြပါတယ်။

"ကျမ ယောက္မက ပါတီအင်္ကျီဝတ်ပြီး သွားပေးတာ၊ အင်္ကျီမဝတ်ရဘူးလို့ ပြောတယ်။ အဲဒါနဲ့ အိမ်ပြန်ပြီး အကျီင်္လဲပြီးမှ ဝင်ရတယ်။ အမက ၂၅ ကျောင်းဘက်မှာလည်း ပါတီအင်္ကျီဝတ်ပြီး မဲပေးကြတာ ဘယ်သူမှ ဘာမှမပြောဘူးလို့၊ အင်္ကျီဝတ်ပြီး မဲပေးတာ ဘာမှမဆိုင်ဘူးလို့ ပြန်ပြောတော့လည်း မရတာနဲ့ အကျီင်္လဲပြီးမှ ပြန်ဝင်ပေးရတယ်" လို့ သူက ဆိုပါတယ်။

"မနက်က အိမ်ကလူတွေ သွားပေးကြတယ်။ ကျမတို့တော့ မပေးရသေးဘူး။ မဲပေးရတာတော့ လွတ်လွတ်လပ်လပ် ပေးရပါတယ်။ သူတို့ မဲပေးမယ့် စာရွက်ကလေးတွေ ပေးထားပါတယ်။ အဲဒီစာရွက်ကလေးတွေ ပြပြီးတော့ တခါထဲ မဲပေးရုံပဲ။ တချို့ကျတော့လည်း မဲပေးတဲ့လက်မှတ် မပါလို့ မရဘူးဖြစ်နေတော့ ကော်မရှင်က ဒီအချိန်မှ ပြောလို့တော့ မရတော့ဘူးလို့ ပြောတယ်" လို့ သူက ဆက်ပြောပါတယ်။
12:30
လွတ်လပ်စွာ ရွေးချယ်ခဲ့ပါတယ် ဆိုတဲ့ ပုဇွန်တောင်က မဲဆန္ဒရှင်တယောက်
12:15
ကြည့်မြင်တိုင်တွင် မဲပေး
ရန်ကုန် ကြည့်မြင်တိုင်မြို့နယ် ဘောဂရပ်ကွက် ဗားကရာလမ်းရှိ အထက်တန်းကျောင်းအမှတ် ၁ တွင် ပြုလုပ်သော မဲရုံတွင် မဲပေးနေသော လူငယ်တဦးကို တနင်္ဂနွေ နိုဝင်ဘာ ၇ ရက်၊ ၂ဝ၁ဝ ပြည့်နှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။
9:49
လှိုင်မှာတော့ ပျင်းဖို့ကောင်း
ရန်ကုန်တိုင်း လှိုင်မြို့နယ်ထဲမှာ မဲထည့်သူ နည်းနေပြီး ဆိုင်တွေလည်း ပိတ်ထားလို့ ခြောက်ကပ်နေတယ်လို့ ၁၃ ရပ်ကွက်နေ ဒေသခံ အိမ်ရှင်မတယောက်က ပြောပါတယ်။

“ကျမ အိမ်နားက မဲရုံ အလယ်တန်းကျောင်းမှာတော့ ရပ်ကွက်လူကြီးတွေနဲ့ ရဲ တယောက်နှစ်ယောက် စောင့်နေတာပဲ ရှိတယ်။ လူတွေ သိပ်လာထည့်မတာ မတွေ့ဘူး။ ကျမကတော့ မထည့်တော့ဘူး။ လာထည့်တဲ့ သူတွေကလည်း ဒီမြို့နယ်မှာ ဧည့်စာရင်းနဲ့ နေကြတဲ့ သူတွေလောက်ပဲ တွေ့ရတယ်။ မနက်စောစောကတည်းက အင်းယားက လမ်းလျှောက်ပြီး ပြန်လာတော့လည်း တွေ့ခဲ့တဲ့ မဲရုံတွေမှာ လာထည့်တဲ့ သူတွေ မတွေ့ခဲ့ဘူး။ မနက် ၈ နာရီလောက်ကပေါ့။ တရုန်းရုန်းလည်း မတွေ့ဘူး။ ဆိုင်တွေလည်း ပိတ်ထားတော့ ခြောက်ကပ်နေတာ။ ပျင်းစရာတောင် ကောင်းနေတယ်။ အနီးအနားမှာလည်း ဘယ်ပါတီမှ မတွေရဘူး၊ အခုပြောနေတဲ့ ၁၀ နာရီခွဲထိတောင် လူတွေ ခြောက်ကပ်နေတယ်” ဟု သူက မဇ္ဈိမကို ပြောပါတယ်။
9:49
ဖလမ်းမဲရုံ လွတ်လပ်ပါတယ်လို့ ကော်မရှင်ဝန်ထမ်းပြော
ချင်းပြည်နယ် ဖလမ်းမြို့နယ် ကျင်မွဲလ်ရပ်ကွက် မဲရုံမှာ ပါတီတွေရဲ့ မဲရုံကိုယ်စားလှယ်တွေရှေ့ လွတ်လွတ်လပ်လပ် မဲပေးနိုင်တယ်လို့ အဲဒီရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ မဲရုံစောင့်တယောက်က မဇ္ဈိမကို ပြောပါတယ်။

“ချင်းတိုးတက်ရေးပါတီ CPP ကို ပေးတယ်။ မနက် ၉ နာရီလောက်မှာ ပေးတယ်။ ပေးတဲ့သူ များတယ်။ ကျနော် အခု ထမင်းစားပြန်လာတာပါ။ ဒီမနက် ပေးတဲ့သူတွေက လူပေါင်း ၄ဝဝ ကျော်ရှိပြီ။ လွတ်လွတ်လပ်လပ်ပေးလို့ ရတယ်။ လုံခြုံရေး မတင်းကျပ်ပါဘူး။ ကျနော်တို့တွေပါပဲ။ မဲရုံမှာ တာဝန်ကျတဲ့သူ ၄ဝ လောက်ရှိမယ်၊ ကော်မရှင်တွေ၊ မဲရုံမှူးတွေ၊ ကိုယ်စားလှယ်တွေ၊ လုံခြုံရေးမှာတော့ မီးသတ်နည်းနည်းပါတယ်။ ဘယ်ပါတီကို မဲပေးတဲ့သူများလဲဆိုတာ ပြောလို့ မရဘူး။ ဘုရားကျောင်းမတက်ခင်မှာ လူများတယ်။ အခုတော့ နည်းနည်းလူနည်းသွားပြီ။ ပါတီတိုင်းက မဲရုံကိုယ်စားလှယ်တွေ အကုန်ရှိတယ်။ အမတ်လောင်းကိုယ်တိုင်တော့ မတွေ့ဘူး” လို့

ဖလမ်းမှာ ချင်းတိုးတက်ရေးပါတီ CPP အပြင် ချင်းအမျိုးသားပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတို့ ယှဉ်ပြိုင်ပါတယ်။
11:51
မဲပေးရန် စောင့်ဆိုင်းနေသူများ
ရန်ကုန်မြို့တောင်ဥက္ကလာပမြို့နယ် မဲရုံတရုံတွင် မဲပေးရန်  စောင့်ဆိုင်းနေသူများကို တနင်္ဂနွေ နိုဝင်ဘာ ၇ ရက်နေ့တွင် တွေရစဉ်။ ဓာတ်ပုံ-  မဇ္ဈိမ
11:37
မလုံမခြုံ မဲရုံ
ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် မဲရုံတွေမှာ မဲပေးသူတွေအတွက် စိတ်ပိုင်းဆိုင်ရာ မလုံမခြုံဖြစ်နေတယ်လို့ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီကနေ အဲဒီမြို့နယ်မှာ ဝင်အရွေးခံမယ့် ပြည်သူ့လွှတ်တော် အမတ်လောင်း ဦးအောင်မျိုးဦးက ပြောပါတယ်။

“မဲပေးရင် ကျနော်တို့ သိတာက ဆန္ဒပြုခန်းဆိုတာ သပ်သပ်ရှိရမယ်။ သူက ရောနေတယ်။ အင်တာနက်ကဖေးမှာ ကွန်ပြူတာထားသလို အကန့်လေးတွေနဲ့ ကာထားတယ်။ ဘေးနားတွေမှာ မဲစာရွက်ထုတ်ပေးတဲ့လူတို့၊ မဲစာရင်းပြုလုပ်ပေးသူတို့ ထိုင်နေကြတယ်။ လုံခြုံမှု သိပ်မရှိဘူးပေါ့ဗျာ။ တမင်သက်သက် လုပ်တယ်လို့ ထင်တယ်။ လျှို့လျှို့ဝှက်ဝှက် မဟုတ်ဘူး။ လုံခြုံမှု မရှိဘူးဆိုတာက မဲပေးတဲ့လူရဲ့ စိတ်ပိုင်းဆိုင်ရာမှာ သူ့ကိုများ အနောက်က ကြည့်နေမလား၊ ဘယ်ပါတီကို ထည့်လိုက်ရင် ဘယ်သူကများ တွေ့သွားမလဲဆိုတဲ့ သံသယဆိုတာ ရှိတယ်။ မဲပေးတဲ့လူက စိတ်လှုပ်ရှားမှု ဖြစ်တယ်ဆိုရင် မကောင်းဘူးပေါ့ဗျာ” လို့ သူက ဆိုပါတယ်။

ဒီလ ၅ ရက်နေ့ ကြိုတင်မဲကောက်ရာ မန်ကျဉ်းမြောက် (အရှေ့) ရယကရုံးမှာ ကော်မရှင်တာဝန်ရှိသူက မဲပေးသူကို ကြံ့ဖွံ့ပါတီ လက်ညှိုးထိုးထောက်ပြပြီး ထည့်ခိုင်းတယ်လို့လည်း သူက ပြောပါတယ်။

သူမဲထည့်ရတဲ့ မန်ကျည်းတန်းတောင် (အနောက်) မှာ မဲထည့်ခွင့်ရှိသူ ၂ဝ၆၈ ယောက်ရှိပြီ၊ ကြည့်မြင်တိုင်မှာ မဲရုံပေါင်း ၄၅ ရုံနဲ့ မဲရုံခွဲတွေလည်း ရှိပါတယ်။ ဒီကနေ့ မဲရုံတွေကို ကော်မရှင်တာဝန်ရှိသူတွေနဲ့ ရဲ ၁-၂ ယောက် ချထားပါတယ်။ မဲပေးသူကတော့ ကွက်တိကွက်ကြား ရှိနေပါတယ်။
11:27
စစ်တွေ မောလိပ်မဲရုံ လုံခြုံရေးမရှိ၊ မဲထည့်သူ များ
ရခိုင်ပြည်နယ် စစ်တွေမြို့ မောလိပ်ရပ်ကွက်မှာ လုံခြုံရေး ချထားတာမျိုး မရှိသလို၊ မဲထည့်သူဦးရေလည်း များပါတယ်လို့ မောလိပ်ရပ်ကွက် ဒေသခံက ဆိုပါတယ်။

“လူတွေကတော့ သွားဖြစ်ကြပါတယ်။ မဲရုံက မနက် ၆ နာရီ ဖွင့်ပါတယ်။ လုံခြုံရေးတွေတော့ ချမထားပါဘူး။ ပါတီက ကိုယ်စားလှယ်တွေလည်း မမြင်ပါ။ လူတွေကတော့ များပါတယ်။ ကျနော်ကတော့ မသွားဖြစ်သေးဘူး’’ လို့ သူက ပြောပါတယ်။
11:26
မရမ်းကုန်းမဲရုံ မှတ်ပုံတင်နဲ့မတိုက်
ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် မဲရုံအမှတ် ၄ မှာ မဲလာပေးသူတွေကို နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်နဲ့ တိုက်မစစ်ဘဲ မဲထည့်ခိုင်းတာတွေ ရှိနေတယ်လို့ မြို့ခံ ဌာနဆိုင်ရာ အရာရှိတယောက်က မဇ္ဈိမကို ပြောပါတယ်။

“မဲပေးနေတဲ့လူတွေ အခုတွေ့နေရတာကတော့ ၁ဝဝ ကျော်လောက် ရှိတယ်ခင်ဗျ။ လုံခြုံရေးကတော့ အေးအေးဆေးဆေးပါပဲ။ အခုဟာက မှတ်ပုံတင်စစ်တာတွေ ဘာတွေလည်း မရှိတော့ဘူး။ အဲတော့ လာပေးတဲ့ လူတွေဟာက အစစ်အမှန် ဟုတ်သလား၊ မဟုတ်ဘူးလားဆိုတာက ဆန်းစစ်ရခက်တာပေါ့လေ” လို့ သူက ဆိုပါတယ်။



“သူတို့က မဲလက်မှတ်တွေ လာဝေထားတယ်လေ။ အဲဒီမဲလက်မှတ်လေးတွေက နံပါတ်နဲ့ ဘာနဲ့ပေါ့။ အဲဒီလက်မှတ်ရှိတဲ့လူ ပေးလို့ရတဲ့ သဘောပါပဲ။ စနစ်တကျ မရှိဘူးပေါ့ဗျာ။ မြန်မြန်လာပေးပြီးရောဆိုတဲ့ သဘောလုပ်ထားတာလို့ ထင်ပါတယ်” လို့ သူက ပြောပါတယ်။

နိုင်ငံသားစိစစ်ရေးကဒ်ပြားနဲ့ တိုက်ညှိခြင်း၊ စိစစ်ကြပ်မတ်ခြင်း မလုပ်နိုင်လို့ မဲလိမ်မှုဖြစ်မှာကို သူက စိုးရိမ်နေပါတယ်။
11:06
ဟားခါးမှာလည်း မဲပေးနေ
ချင်းပြည်နယ် မြို့တော်ဟားခါးမှာလည်း ဒီနေ့မနက် ၆ နာရီကစပြီး မဲထည့်နေပါပြီလို့ ဒေသခံတယောက်က ပြောပါတယ်။

“၆ နာရီကနေ မဲပေးလို့ရတယ်။ ကျမလည်း မနက် ၇ နာရီခွဲလောက်က မဲသွားပြီးပြီ။ ကြံ့ခိုင်ရေးပါတီကို ပေးလိုက်တယ်။ ကြံ့ဖွံ့ပါတီကို အမှန်ခြစ်ပြီးတော့ မဲပုံးထဲ ထည့်လိုက်တာပဲ။ အနာဂတ်အတွက် ကောင်းမယ်ထင်လို့ ပေးလိုက်တာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖတ်ပြီးတော့မှ ဖြည်းဖြည်းချင်းနဲ့ ဒီမိုကရေစီကို ဒီကနေ လျှောက်ရင် ကောင်းမလားထင်လို့ ပေးတာပါ။ လွတ်လွတ်လပ်လပ်ပဲ ပေးလို့ရတယ်။ ကျမသွားတုန်းက စောစောဆိုတော့ လူမများသေးဘူး။ အခုလောက်ဆိုရင် လူများတော့မှာ။ ရဲရုံမှာ လုံခြုံရေးတော့ ရှိတယ်။ မဲရုံအပြင်ဘက်မှာ ရဲတွေ ရပ်နေကြတယ်” လို့ သူက ဆိုပါတယ်။
10:50
မဲရုံကိုယ်စားလှယ် ဘောလ်ပင်၊ စာအုပ် မကိုင်ရ
နိုင်ငံရေးပါတီတွေရဲ့ မဲရုံကိုယ်စားလှယ်တွေကို ဘောလ်ပင်နဲ့ မှတ်စုစာအုပ်တွေကို မြို့နယ်ကော်မရှင်က ကိုင်ခွင့်ပြုပေမယ့် ဒီနေ့မှာတော့ ရပ်ကွက်ကော်မရှင်က ကိုင်ခွင့်မပေးဘူးလို့ ဧရာဝတီတိုင်း အမျိုးသား လွှတ်တော်ကနေ ဝင်ပြိုင်မယ့် တစည ပါတီ လွှတ်တော်အမတ်လောင်း မန်းထိန်ဝင်းစိန်က မဇ္ဈိမကို ပြောပြပါတယ်။

“ပါတီကိုယ်စားလှယ် မဲရုံတရုံကို ၈ ယောက် ကော်မရှင်က ဝင်ခွင့်ပေးထားပါတယ်။ အဲဒီဝင်ခွင့်ရှိတဲ့ ၈ ယောက်သည် ဘောလ်ပင်တချောင်းနဲ့ မှတ်စုစာအုပ်တခု ပေးထားတယ်။ အဲဒါကို သူတို့ကိုင်ခွင့်မပေးပါဘူး။ ပြောတော့လည်း မပေးပါဘူး။ ကျနော်ပြောပါတယ်၊ ပန်းတနော် ကော်မရှင်နဲ့ အဆက်အသွယ်ရှိတယ်၊ ပန်းတနော် ကော်မရှင်က ညွှန်ကြားချက်အတိုင်း လုပ်တာပါလို့။ ကျနော်တို့ အငြင်းပွားနေပါတယ်၊ ပြည်ထောင်စု ကော်မရှင်အထိ ကန့်ကွက်မယ်” လို့ သူက ပြောပါတယ်။
10:41
ရွှေဘိုကမဲ အေးဆေး
မန္တလေးတိုင်း ရွှေဘိုမြို့နယ်၊ အမှတ် ၄ ရပ်ကွက်တွင်လည်း ယနေ့မနက် ၆ နာရီကနေ စပြီ မဲပေးနေပြီလို့ အဆိုပါ မြို့နယ် တာဝန်ရှိသူ တယောက်က မဇ္ဇျိမကို ပြောသည်။

“ကျနော်တို့ဆီမှာတော့ မနက် ၄ နာရီကတည်းက စပေးတယ်။ ဒီလိုပါပဲ ဈေးသူဈေးသားတွေဆိုတော့ စောစော သွားပေးလိုက်ကြတာပါပဲ။ ဒီမှာတော့ ကောင်းပါတယ်။ ဘာမှ တင်းကျပ်တာ မရှိပါဘူး။ အဆင်ပြေပါတယ်။ အေးအေးဆေးဆေးပါပဲ’’ လို့ သူက ပြောပါတယ်။
9:49
ပန်းတနော်မြို့နယ် မရမ်းရွာ လူမျိုးစုလွှတ်တော်အတွက် မဲပေးခွင့်ပျောက်နေ
ပန်းတနော်မြို့နယ် မရမ်းရွာ မဲဆန္ဒနယ် အမတ် ၁ တွင်၊ ကရင် တိုင်းရင်းသား လူမျိုးစု လွှတ်တော်အတွက် မဲဆန္ဒရှင်တချို့ မဲပေးခွင့်ပျောက်နေကြောင်း ဒေသခံ တယောက်က ပြောပါတယ်။ မဲပေးခွင့်စာရင်း တွေကို ကော်မရှင်က မနေ့က ထုတ်ပေးခဲ့ပြီး ဒီစာရင်းမှာတော့ တိုင်းရင်းသား လူမျိုးစု လွှတ်တော်အတွက် မဲပေးခွင့်စာရင်းပါရှိပြီး ဒီနေ့မဲသွားပေးတော့မှ မဲပေးခွင့်မရှိတဲ့အကြောင်း ဒေသခံတွေ ကပြောပါတယ်။



သွားမေးတော့ ကျေးရွာလူကြီး ဥက္ကဋ္ဌ က မသိဘူးလို့ပြောပြီး စာရေးကတော့ ရာအိမ်မှူးဆီက စာရင်းတက်လာကတည်းက မပါတာလို့ပြောတယ်လို့ ဒေသခံတဦးက မဇ္ဈိမကို ကပြောပြပါတယ်။
9:25

9:07
ဘုရားကျောင်း ဝတ်ပြုပြီးမှလာမည့် မဲဆန္ဒရှင်များ
မြစ်ကြီးနားမြို့ ယနေ့ နံနက် ၆ နာရီမှ စတင်၍ မဲရုံများ ဖွင့်လှစ်ခဲ့ရာ ဒေသခံများက မဲရုံသို့ လာရောက်သူ နည်းပါးကြောင်း မဲရုံနှင့် နီးစပ်သူတဦးက ပြောသည်။

“ဒီမနက်တော့ သွားတာလဲ မတွေ့ဘူး။ လူက တဦးချင်းလာနေတာ။ လုံခြုံရေးက မဲရုံအနီးတဝိုက် မီးသတ် ၄ ဦးတော့ စောင့်နေတယ်။ ဒေသခံတွေက အေးတိအေးစက် ဖြစ်နေကြတယ်။ တချို့ မဲစာရင်းတုံကင်သဘော လာမပေးလို့ သွားမပေးဘူးဆိုတဲ့ လူတွေလည်းရှိနေတယ်”ဟု စီတာပူရပ်ကွက်မှ ဒေသခံ တဦးက ပြောသည်။

မနက်ပိုင်း သွားမထည့်ဘဲ ဘုရားကျောင်း ဝတ်ပြုမှု ပြီးမှ မဲ သွားထည့်မည် ဆိုသည့် ဒေသခံများသာ များပြားသည်။

စနေနေ့၊ နိုဝင်ဘာလ ၀၆ ရက် ၂၀၁၀ ခုနှစ်

23:59
ပြည်ပတွင် ပြည်သူ့လွှတ်တော် ဖွဲ့စည်း
ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေး ဦးတည်သော ခြေလှမ်းတရပ်ဟု ဆိုကာ လက်နက်ကိုင် တိုင်းရင်းသား အတိုက်အခံ အဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ အမတ်အချို့က ပြည်သူ့လွှတ်တော် တရပ်ကို ပြည်ပတွင် ဖွဲ့စည်းလိုက်ကြသည်။

ကရင်အမျိုးသား အစည်းအရုံး၊ မွန်ပြည်သစ်ပါတိနှင့် ကရင်နီ တိုးတက်ရေးပါတီတို့မှ ကိုယ်စားလှယ်များနှင့် အမတ်များသည် ကရင်နီပြည်နယ် ဂေ့ဖိုးဒူးဒမ်းခမတွင် နိုဝင်ဘာ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ ပြုလုပ်သော အစည်းအဝေးမှ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ကြေညာချက်တွင် ပါရှိသည်။

”စစ်အာဏာရှင် စနစ်ကို တရားဝင် သက်ဆိုးရှည်စေမည့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသက်သွင်းရန်” စစ်အစိုးရက လုပ်ဆောင်နေသည်ဟု ကြေညာချက်တွင် ပါရှိသည်။

ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်းကို ထောက်ခံသည်ဆိုသော လွှတ်တော်သည် လက်ရှိ စင်ပြိုင်အစိုးရ  ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွှန့်ပေါင်းအစိုးရကို ဆက်လက် အသိအမှတ်ပြုသည်ဟုလည်း ပါရှိသည်။

ထို့အပြင် စင်ပြိုင်ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းကလည်း ပြည်သူ့လွှတ်တော် ဖွဲ့စည်းရေး ထောက်ခံကြောင်း သဘောထားပေးသူ ၄၄ ဦးတွင် ပါဝင်သည်ဟုလည်း ဖော်ပြထားသည်။

သို့သော်လည်း လွှတ်တော်အဖွဲ့ဝင် မည်မျှပါဝင်သည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပါ။

ရှေ့လုပ်ငန်းစဉ်များတွင် စစ်အစိုးရကို ကုလသမဂ္ဂမှ ဖယ်ရှားရေးနှင့် နိုင်ငံတကာမှ အသိအမှတ်မပြုရေး ဆက်လက် ဆောင်ရွက်သွားမည်ဟု ပါရှိသည်။
23:48
ရွှေဘုံသာလမ်းရှိ မဲရုံတခု၏ အတွင်းပိုင်း
ရန်ကုန်မြို့ ရွှေဘုံသာလမ်းရှိ မဲရုံတခု၏ အတွင်းပိုင်းကို မဲပေးရန် တရက်လို စနေနေ့ နိုဝင်ဘာ ၆ ရက်၊ ၂ဝ၁ဝ ပြည့်နှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ
18:45
နေပြည်တော်မှာ ည ၆ နာရီဆို ဆိုင်တွေပိတ်
ရွေးကောက်ပွဲ နီးကပ်လာလို့ နေပြည်တော်မှာရှိတဲ့ ဈေးဆိုင်တွေကို ညနေ ၆ နာရီထိုးရင် ပိတ်ကြဖို့ လွန်ခဲ့တဲ့ ၄ ရက်ကတည်းက အာဏာပိုင်တွေ ညွှန်ကြားခဲ့ပါတယ်။

"ဆိုင်ခန်းတွေ ညနေ ၆ နာရီဆိုရင် ပိတ်ရတယ်။ ၄ ရက် ရှိပြီ။ စားသောက်ဆိုင်တွေ ပိတ်ရတယ်။ ညနေ ၆ နာရီ ဆိုင်တွေ ပိတ်ပေမယ့် အပြင်တော့ သွားလို့ရပါတယ်" လို့ နေပြည်တော် မြို့မဈေးမှ ဆိုင်ရှင်တယောက်က မဇ္ဈိမကို ပြောပါတယ်။

ည ၁၁ နာရီကျော်မှ ပိတ်လေ့ရှိတဲ့ ဘီယာဆိုင်တွေကတော့ လွန်ခဲ့တဲ့ ၃-၄ ရက်မှာပဲ ည ၉ နာရီဆို ပိတ်ကြရပါပြီ။ ဒါပေမဲ့ သူတို့ကိုလည်း မနေ့ကစပြီး ညနေ ၆ နာရီအထိပဲ ခွင့်ပြုပါတော့တယ်။

"ဆိုင်ပိတ်ဖို့ ရယက က လာပြောတာ။ တမြို့လုံးက ဆိုင်တွေ အကုန်ပိတ်ရတယ်။ မနေ့ကစပြီး ၆ နာရီ ပိတ်ခိုင်းတာ။ ဒီနေ့လည်း ၆ နာရီထိုး ပိတ်ရမယ်။ ဟို ၃ ရက်၊ ၄ ရက်က ည ၉ နာရီမှ ပိတ်ရတယ်။ မနက်ပိုင်းကတော့ ဘယ်အချိန်ဖွင့်ဖွင့် ရတယ်။ အခုက အရေးကြီးတဲ့ကာလမို့လို့ ပိတ်ခိုင်းတာလို့ ပြောတယ်" လို့ ဘီယာဆိုင်တဆိုင်မှ စားပွဲထိုးခေါင်းဆောင် တယောက်က ဆိုပါတယ်။
18:18
NDF အရှိန်မြင့် မဲဆွယ်
ရန်ကုန်တိုင်း တောင်ဥက္ကလာပတွင် အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ က မဲဆွယ်ကင်မ်ပိန်း နောက်ဆုံးရက်အဖြစ် နိုဝင်ဘာလ ၆ ရက် ၂ဝ၁ဝ ပြည့်နှစ်၊ ယနေ့တွင် အရှိန်မြှင့်လုပ်ဆောင်နေသည် (ဓာတ်ပုံ - မဇ္ဈိမ)။ ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်း ဝင်ပြိုင်သည့် ယင်းမဲဆန္ဒနယ်၌ အခြားပြိုင်ဘက်တဦးမှာ တသီးပုဂ္ဂလ ကိုယ်စားလှယ် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးကောင်းမြင့်ထွဋ် ဖြစ်သည်။ ရန်ကုန်တိုင်း တောင်ဥက္ကလာပတွင် အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ က မဲဆွယ်ကင်မ်ပိန်း နောက်ဆုံးရက်အဖြစ် နိုဝင်ဘာလ ၆ ရက် ၂ဝ၁ဝ ပြည့်နှစ်၊ ယနေ့တွင် အရှိန်မြှင့်လုပ်ဆောင်နေသည် (ဓာတ်ပုံ - မဇ္ဈိမ)။ ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်း ဝင်ပြိုင်သည့် ယင်းမဲဆန္ဒနယ်၌ အခြားပြိုင်ဘက်တဦးမှာ တသီးပုဂ္ဂလ ကိုယ်စားလှယ် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးကောင်းမြင့်ထွဋ် ဖြစ်သည်။ ရန်ကုန်တိုင်း တောင်ဥက္ကလာပတွင် အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ က မဲဆွယ်ကင်မ်ပိန်း နောက်ဆုံးရက်အဖြစ် နိုဝင်ဘာလ ၆ ရက် ၂ဝ၁ဝ ပြည့်နှစ်၊ ယနေ့တွင် အရှိန်မြှင့်လုပ်ဆောင်နေသည် (ဓာတ်ပုံ - မဇ္ဈိမ)။ ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်း ဝင်ပြိုင်သည့် ယင်းမဲဆန္ဒနယ်၌ အခြားပြိုင်ဘက်တဦးမှာ တသီးပုဂ္ဂလ ကိုယ်စားလှယ် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးကောင်းမြင့်ထွဋ် ဖြစ်သည်။
18:18
ကြံ့ခိုင်ရေးနဲ့ ဒီမိုကရက်တို့ အချေအတင်ဖြစ်
ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့် မြို့နယ်မှာ မဲစာရင်းကိုင်ပြီး တအိမ်တက်ဆင်း သွားနေတဲ့ ကြံ့ခိုင်ရေးပါတီက အဖွဲ့နဲ့ ဒီမိုကရက်တစ်ပါတီ တို့ စကားအချေအတင် အငြင်းပွားစရာ ဖြစ်ခဲ့ကြောင်း ဒီမိုကရက်တစ်ပါတီ က ပြောပါတယ်။ မဲစာရင်း နဲ့ အတူ ခြင်္သေ့ရုပ်ပုံကို အမှန် ခြစ်ထားတဲ့ မဲစာရွက်ကို ကိုင်ပြီး ကြံ့ခိုင်ရေးပါတီအတွက် ကြိုတင်မဲ ပုံစံနဲ့ မလိမ့်တပတ် မဲညာ ယူနေတယ်လို့ ဒီမိုကရက်တစ် ပါတီက စွပ်စွဲ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။



မဲစာရင်း နဲ့ အတူ ခြင်္သေ့ရုပ်ပုံကို အမှန် ခြစ်ထားတဲ့ မဲစာရွက်ကို ကိုင်ပြီး ကြံ့ခိုင်ရေးပါတီအတွက် ကြိုတင်မဲ ပုံစံနဲ့ မလိမ့်တပတ် မဲညာ ယူနေတယ်လို့ ဒီမိုကရက်တစ် ပါတီက စွပ်စွဲ

ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီ ဆီကနေတော့ တုံ့ပြန်ချက် တစုံတရာ မရရှိသေးပါဘူး ။
15:36
ဒူကထောင် ကြိုတင်မဲ မရိုးသားဟုဆို
မြစ်ကြီးနားမြို့နယ် ဒူကထောင်ရပ်ကွက်မှာ မနေ့တုန်းက ကြိုတင်မဲကောက်တော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဘက်က မသမာမှု ရှိခဲ့တယ်လို့ ပြိုင်ဘက်ပါတီ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တစည ကိုယ်စားလှယ် ဦးလနန်ဘောက်က ပြောပါတယ်။

မဲထည့်တော့ မဲဆန္ဒရှင် ၅ဝ လောက်ကို လျှို့ဝှက်မဲပေးစနစ် မဟုတ်ဘဲ လူအများရှေ့မှာတင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးမှူးကိုယ်တိုင် ရေးခြစ်ပေးခဲ့တာကို ရပ်ကွက်ကော်မရှင် ဥက္ကဋ္ဌက လျစ်လျူရှုခဲ့တာကြောင့် ဒီမဲကောက်ခံမှုကို တရားမဝင် ကြေညာပေးဖို့ မြို့နယ်ကော်မရှင်ကို တိုင်တန်းထားတယ်လို့ သူက မဇ္ဈိမကို ပြောပါတယ်။



စွပ်စွဲခံရသူတွေကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေး စည်းရုံးရေးမှူးဟာ ဦးဒိုင်ဟူးနဲ့ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဂျန်မာထွဲဝါ ဖြစ်ပါတယ်။
15:12
၆ဝ ရာခိုင်နှုန်း မဲပေးမယ် (မဇ္ဈိမစစ်တမ်း)
မြန်မာနိုင်ငံသား ၆ဝ ရာခိုင်နှုန်းက ၂ဝ၁ဝ ရွေးကောက်ပွဲမှာ မဲပေးဖို့ အစီအစဉ်ရှိနေပြီး ၃ဝ ရာနှုန်းကတော့ မပေးဘူးလို့ မဇ္ဈိမက ကောက်ယူထားတဲ့ စစ်တမ်းကနေ သိရပါတယ်။

စစ်တမ်းကို ကယားပြည်နဲ့ကလွဲလို့ ပြည်နယ်နဲ့ တိုင်း ၁၃ ခုမှာ ရှိတဲ့ ပြည်သူ ၄ ထောင်ကျော်ကို မေးမြန်းကောက်ခံထားတာကြောင့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လတ်တလော ပြုလုပ်ထားတဲ့ မြန်မာနိုင်ငံက လွတ်လပ်တဲ့သတင်းမီဒီယာတွေထဲမှာ အကြီးမားဆုံး စစ်တမ်းကောက်ခံမှုတခုလို့ ပြောလို့ရနိုင်မှာဖြစ်ပါတယ်။

လူတွေ့မေးတာကော၊ တယ်လီဖုန်းနဲ့မေးမြန်းတာပါ လုပ်ခဲ့တဲ့ စစ်တမ်းမှာ ပြည်သူ ၅၉ ရာခိုင်နှုန်းက သူတို့ဒေသက နိုင်ငံရေးပါတီတွေ၊ ပါတီနဲ့ တသီးပုဂ္ဂလ အမတ်လောင်းတွေ အကြောင်း သဲသဲကွဲကွဲ မသိကြဘူးဆိုတာကို တွေ့ရှိရပါတယ်။

ပါတီတွေထဲမှာ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီက ရေပန်းအစားဆုံး ဖြစ်ပါတယ်။ သူ့နောက်မှာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကပ်လိုက်ပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ကတော့ တတိယနေရာမှာ ရှိတယ်လို့ မဇ္ဈိမ စစ်တမ်းမှာ တွေ့ရပါတယ်။ စစ်တမ်းထဲက ၈၆ ရာခိုင်နှုန်းက မဲပေးဖို့အတွက် မကြောက်ဘူးလို့ ဆိုထားပါတယ်။

လူ ၃ ထောင်ကျော်ကို မျက်နှာချင်းဆုံမေးပြီးတော့ ၁၅ဝဝ ကျော်ကိုတာ့ တယ်လီဖုန်းကနေ မေးထားတာဖြစ်ပါတယ်။
14:42
မတူကွဲပြားပါတီ ဘာတွေ ဆင်ဆာထိလဲ
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီက ရုပ်မြင်သံကြားနဲ့ ရေဒီယိုကတဆင့် ဟောပြောစည်းရုံးဖို့အတွက် ပြောကြားမယ့် စကားတွေကို ရွေးကောက်ပွဲကော်မရှင်က ဆင်ဆာဖြတ်တောက်လို့ ဟောပြောရေး အစီအစဉ်ကို ဖျက်သိမ်းခဲ့တယ်လို့ အထွေထွေအတွင်းရေးမှူး ဦးနေမျိုးဝေက မဇ္ဈိမကို ပြောပါတယ်။

“ဖြတ်ခံရတဲ့ဟာက အနှစ်သာရ၊ ကျနော်တို့ ပါတီရဲ့ နိုင်ငံရေးသုံးသပ်ချက်။ နိုင်ငံတခု ပြောင်းလဲလိုတဲ့ ကိစ္စတွေ အများကြီးထဲက တချို့” လို့ ပြောရင်း ဟောပြောရေး ဖျက်သိမ်းဖို့ လုပ်ရပုံကို ဦးနေမျိုးဝေက ရှင်းပြပါတယ်။

ဆင်ဆာဖြတ်ခံရတဲ့ အကြောင်းရင်းတွေထဲမှာ လွှတ်တော်အတွင်းမှာ ဥပဒေဟောင်းပြင်ဖို့၊ ဥပဒေသစ်ပြဋ္ဌာန်းဖို့အတွက် ဥပဒေကြမ်းကို မဲခွဲဆုံးဖြတ်ရင် ဗြောင်မဲခွဲရေး ကျင့်သုံးဖို့ တင်ပြထားတဲ့ စာသားတွေ ပါဝင်ပါတယ်။

“ပြည်သူကို စည်းရုံးရေးဆင်းစဉ် ကာလက တမျိုး၊ လုပ်တော့ တမျိုး မလုပ်ဖို့သာ အဓိက ကျပါတယ်။ ပြည်သူက သိကို သိနေမှ နောက်ထပ်တဖန် ရွေးကောက်ပွဲအတွက် ထောက်ခံကန့်ကွက် စဉ်းစားနိုင်ပါလိမ့်မယ်” လို့ ဘာကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဗြောင်မဲဆန္ဒကို အသုံးပြုသင့်လဲဆိုတာကို ထဲ့သွင်းပြောထားတာကို တွေ့ရပါတယ်။

မတူကွဲပြားပါတီ ဆင်ဆာဖြတ်ခံရသည့် အကြောင်းအရင်း အပြည့်အစုံကို ဖတ်ရှုရန်အတွက် ဤလင့်ခ်ကို နှိပ်ပါ။
13:01
ရွေးကောက်ပွဲ သပိတ်မှောက်တဲ့ ဆင်သေကန်
ရွေးကောက်ပွဲဆန့်ကျင်တဲ့ အမှတ်အသား ကြက်ခြေခတ်တွေကို ကျောက်ပန်းတောင်းမြို့နားက ဆင်သေကန် ရထားဘူတာရုံမှာ မှုတ်ဆေးနဲ့ ရေးထားတာကို အောက်တိုဘာ ၃ဝ ရက်နေ့က မှတ်တမ်းတင် ရိုက်ကူးထားတဲ့ ဗီဒီယိုတွေဖြစ်ပါတယ်။ ဗကသ ဆိုတဲ့ စာသားလည်း တွေ့ရှိရတာကြောင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂက အဖွဲ့ဝင်တယောက်က ရေးသွားတယ်လို့ ယူဆရပါတယ်။

ဒီရွာဟာ မြောက်ကိုရီးယားလူမျိုးဆရာတွေရှိတဲ့ စစ်ဘက်စီမံကိန်းနဲ့ နီးပါတယ်။

အိမ်ခြေ ၂ဝဝ လောက်ရှိတဲ့ ဆင်သေကန်ရွာဟာ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုမှာ ရွာလုံးကျွတ် ဆန္ဒပြခဲ့ပြီး ယခုအချိန်အထိ စစ်အစိုးရကို ဆန့်ကျင်တဲ့ အမာခံဒေသတခုလို့ ဒေသတွင်းမှာ ကျော်ကြားပါတယ်။ အနီးအနားရွာတွေမှာ စီဒီအမ်အေ တယ်လီဖုန်းတလုံးစီ စစ်အစိုးရက ချထားပေမယ့် ဆင်သေကန်ကိုတော့ တမင်သက်သက် ချန်လှပ်ထားတယ်လို့ ရွာသားတွေက စွပ်စွဲပြောပါတယ်။


 
သတင်း

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

.

ရွေးကောက်ပွဲ ဝင်လိုသူများ မိတ်ဆက် ရွေးကောက်ပွဲ မဝင်သူများ
ပါတီအကြောင်း သိကောင်းစရာ ပါတီ ဟောပြောချက်များ
home-banner-adv
face-book-mizzima
twitter-mizzima Follow Mizzima Mizzima Facebook

Who is Online

We have 63 guests online