တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု

ပရင့်ထုတ်ရန်
13:01
ရွေးကောက်ပွဲ သပိတ်မှောက်တဲ့ ဆင်သေကန်
ရွေးကောက်ပွဲဆန့်ကျင်တဲ့ အမှတ်အသား ကြက်ခြေခတ်တွေကို ကျောက်ပန်းတောင်းမြို့နားက ဆင်သေကန် ရထားဘူတာရုံမှာ မှုတ်ဆေးနဲ့ ရေးထားတာကို အောက်တိုဘာ ၃ဝ ရက်နေ့က မှတ်တမ်းတင် ရိုက်ကူးထားတဲ့ ဗီဒီယိုတွေဖြစ်ပါတယ်။ ဗကသ ဆိုတဲ့ စာသားလည်း တွေ့ရှိရတာကြောင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂက အဖွဲ့ဝင်တယောက်က ရေးသွားတယ်လို့ ယူဆရပါတယ်။

ဒီရွာဟာ မြောက်ကိုရီးယားလူမျိုးဆရာတွေရှိတဲ့ စစ်ဘက်စီမံကိန်းနဲ့ နီးပါတယ်။

အိမ်ခြေ ၂ဝဝ လောက်ရှိတဲ့ ဆင်သေကန်ရွာဟာ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုမှာ ရွာလုံးကျွတ် ဆန္ဒပြခဲ့ပြီး ယခုအချိန်အထိ စစ်အစိုးရကို ဆန့်ကျင်တဲ့ အမာခံဒေသတခုလို့ ဒေသတွင်းမှာ ကျော်ကြားပါတယ်။ အနီးအနားရွာတွေမှာ စီဒီအမ်အေ တယ်လီဖုန်းတလုံးစီ စစ်အစိုးရက ချထားပေမယ့် ဆင်သေကန်ကိုတော့ တမင်သက်သက် ချန်လှပ်ထားတယ်လို့ ရွာသားတွေက စွပ်စွဲပြောပါတယ်။



သောကြာနေ့၊ နိုဝင်ဘာလ ၀၅ ရက် ၂၀၁၀ ခုနှစ်


22:26
ကြံ့ဖွတ်ပါတီ ကြော်ငြာ ဆိုင်းဘုတ်
ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်အနီး၌  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကြီးမားလှသော မဲဆွယ် ဆိုင်းဘုတ်ကို အိုးမဲ့အိမ်မဲ့ သားအမိနှစ်ဦးနှင့် ယှဉ်တွဲလျက် တွေ့ရစဉ်။
21:34
အကျဉ်းသား မလွှတ်ပေး
အင်းစိန်ထောင်မှာ အကျဉ်းသားတွေ လွှတ်ပေးမယ်ဆိုတဲ့ သတင်းရလို့ ထောင်ရှေ့ကို ပြည်တွင်း သတင်းထောက်တွေ ဒီနေ့မနက်မှာ သွားစောင့်ကြပေမယ့် မလွှတ်ပေးခဲ့ဘူးလို့ မွန်းလွဲ ၂ နာရီခွဲအထိ စောင့်ဆိုင်းခဲ့တဲ့ သတင်းထောက် တယောက်က ပြောပါတယ်။

ထောင်ဝန်ထမ်းတွေဆီကနေ စုံစမ်းသိရှိရချက်ကို သူက ပြန်ပြောရာမှာ လာမယ့် တနင်္လာနေ့ကျမှ လွှတ်ပေးမယ်လို့ ဆိုပါတယ်။
19:59
ဒါရိုက်တာ တင်သန်းဦး ကွန်လွန်
ရွေးကောက်ပွဲအမီ ဝါဒဖြန့်ချိရေး ရုပ်ရှင်ဇာတ်ကား အရုဏ်ဦးမှာ ဖူးသည့်ကြာ ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ တင်သန်းဦး ကွယ်လွန်သွားပါပြီ။ ဒီကနေ့ နံနက် ၂ နာရီမှာ မင်္ဂလာဒုံ စစ်ဆေးရုံမှာပဲ ကွယ်လွန်သွားတာလို့ ကွယ်လွန်သူရဲ့ မရီးဖြစ်သူက မဇ္ဈိမကို ပြောပါတယ်။



အရုဏ်ဦးမှာ ဖူးသည့်ကြာဟာ သမိုင်းအချက်အလက် အမှားတွေကို ရိုက်ကူးခဲ့တဲ့ ဇာတ်ကားလို့ ဝေဖန်ခံခဲ့ရပါတယ်။
19:31
ကြိုတင်မဲကို စိုးရိမ်တယ်
ကြိုတင်မဲကောက်ရာမှာ မဲရုံကိုယ်စားလှယ် ထားခွင့်မရတာကြောင့် စိုးရိမ်တယ်လို့ ပြည်ထောင်စု ဒီမိုကရေစီပါတီ အထွေထွေ အတွင်းရေးမှူး ဦးသိန်းတင်အောင်က ပြောပါတယ်။

U-thein-Tin-Aung"မဲရုံတွေမှာ ကြိုတင်မဲပေးလို့ရနေပြီဆိုတော့ မဲရုံစောင့် မထားနိုင်တဲ့အတွက် တချို့နေရာတွေမှာ မလျော်သြဇာသုံးပြီး ပြည်ခိုင်ဖြိုးကို မဲပေးခိုင်းမှာ စိုးရိမ်စရာပါပဲ။ ဒါပေမဲ့လည်း အဲဒီစိုးရိမ်စရာကို ဘယ်လိုမှ မထိန်းချုပ်နိုင်ဘူး။ ပြီးတော့ တရားဝင် မိအောင်လည်း မဖမ်းနိုင်ဘူး။ ကျနော်တို့မှာ လူမရှိဘူး။ အတိအကျ မဖမ်းနိုင်တဲ့အတွက် စာနဲ့ပေနဲ့ တိုင်တန်းတာတို့ တရားစွဲတာတို့ လုပ်နိုင်မှာမဟုတ်ဘူး။ ဒီတိုင်း ကံမ္မသကာပဲ" လို့ သူက ပြောပါတယ်။

သူ့မြို့နယ်မှာ မဲရုံကိုယ်စားလှယ် ၁၉၉ ယောက် ထားဖို့ လိုအပ်ပေမယ့် ၁၅ ယောက်ပဲ ရှိသေးတယ်လို့လည်း တာမွေမြို့နယ် ပြည်သူ့လွှတ်တော်အတွက် အမတ်လောင်းဖြစ်တဲ့ ဦးသိန်းတင်အောင်က ဆိုပါတယ်။

"ပြည်သူလူထုက ဝိုင်းဝန်းကြည့်ရှုပေးရင်တော့ အမှန်တရား ရမယ်ပေါ့ဗျာ။ အခက်အခဲကတော့ အချိန်မရတာရော၊ ပါတီဝင်တွေ မရှိတဲ့အတွက် အပြည့် မရနိုင်ဘူး။ ပြီးတော့ လူထုက အကြောက်တရားရှိနေတယ်။ မဲပေးဖို့တောင် မနည်းတိုက်တွန်းနေရတာ မဲရုံကိုယ်စားလှယ်ဆိုရင် ဓာတ်ပုံတွေဘာတွေ ရိုက်ရမယ်။ ဖောင်တွေဘာတွေ ဖြည့်ရမယ်။ လိပ်စာတွေဘာတွေ ထည့်ရမယ်ဆိုတော့ အမာခံမဟုတ်ရင် ဘယ်သူမှ လုပ်မပေးချင်ဘူး" လို့ သူက ပြောပါတယ်။
18:30
တနင်္ဂနွေမှာ ဘယ်လို မဲပေးမလဲ
17:45
စစ်တွေမှာ သတင်းယူခွင့်ရ
ရခိုင်ဘက် သတင်းယူမယ့် နိုင်ငံခြားသတင်းအေဂျင်စီ သတင်းထောက်တွေနဲ့ ပြည်တွင်းသတင်းထောက်တွေဟာ စစ်တွေမြို့ထဲမှာ သတင်းယူခွင့် ရမှာဖြစ်ပြီး၊ တခြားဒေသတွေကိုတော့ သွားခွင့်မရှိဘူးလို့ နယ်မြေခံ သတင်းထောက် တယောက်က ပြန်ပြောပါတယ်။

“ ၆ ရက်နေ့ရောက်မှာ။ နိုင်ငံခြားသား သတင်းထောက်တွေလည်း ပါမယ်။ ရန်ကုန်ကလည်း သတင်းထောက်တွေ ပါမယ်။ သူတို့သွားရမယ့် နေရာတွေက စစ်တွေတမြို့နယ်ပဲ၊ တခြားနယ်တွေ သွားခွင့် မပေးဘူး’’ လို့ ဂျာနယ်သတင်းထောက်က မဇ္ဈိမကို ပြောပါတယ်။

တနင်္ဂနွေမှာ လုပ်မယ့် ရွေးကောက်ပွဲအတွက် တိုင်းနဲ့ပြည်နယ် ၁၄ ခုမှာ ၁၈ နေရာကို သတင်းယူခွင့် ပေးထားပါတယ်။
17:45
ဘဏ္ဍာရေးဝန်ကြီး ငွေပေး စည်းရုံး
ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်းက ကြံ့ခိုင်ဖွံ့ဖြိုးရေး ကိုယ်စားလှယ်လောင်းအဖြစ် ကျောက်ပန်းတောင်းမြို့မှာ မဲဆွယ်တော့ ငွေနဲ့ အဝတ်တွေ လှူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လွတ်လပ်ရေးရပ်ကွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးမှာ နိုဝင်ဘာ ၃ ရက်နေ့က လုပ်ခဲ့တဲ့ အခမ်းအနားကို တက်ရောက်သူ ၁ဝဝ ကျော် ရှိပါတယ်။ “မနေ့ကဆိုရင် ရွာကလူတွေရော၊ မြို့ကလူတွေရော အင်္ကျီ ၅ ထည်နဲ့ ငွေ ၂ သောင်း ပေးတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။

မြို့နယ်ထဲမှာ ရွာပေါင်း ၂ဝဝ ကျော်ရှိပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ တစည တို့ပဲ ပြိုင်ကြမှာပါ။

ဦးလှထွန်းဟာ တရွာကို ငွေကျပ် ၂ သိန်းကနေ ၁ဝ သိန်းအထိ အကုန်အကျခံပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ဖို့ ရွာအုပ်ချုပ်ရေးအဖွဲ့ကို ငွေပေးဝေမှုတွေ ရှိတယ်လို့ ဒေသခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ခေါင်းဆောင် တယောက်က ပြောပါတယ်။

ဝန်ကြီးဟာ ကျောက်ပန်းတောင်းကို လွန်ခဲ့တဲ့ ၆ လအတွင်း ၁ဝ ကြိမ်လောက် လာရောက်ခဲ့ပြီး၊ မဲဆွယ်ခဲ့တဲ့ စရိတ်တွေကို ပေါင်းကြည့်ရင် ကျပ်ငွေ သိန်း ၃ဝဝဝ ကျော်နိုင်တယ်လို့ သူက စွပ်စွဲပြောဆိုလိုက်ပါတယ်။
17:33
ဘင်္ဂလားဒေ့ရှ်ရှိ မြန်မာသံရုံးရှေ့နှင့် တရားရုံးချုပ်တွင် ဆန္ဒပြ
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရခိုင်အမျိုးသမီးများ အစည်းအရုံးက ဦးဆောင်ပြီး မြန်မာအတိုက်အခံ တက်ကြွလှုပ်ရှားသူ ၃ဝ ကျော်က မြန်မာနိုင်ငံတွင် ကျင်းပမဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာရှိ မြန်မာသံရုံးရှေ့နဲ့ တရားရုံးချုပ်ရှေ့တွေမှာ ဆက်တိုက် ဆန္ဒပြခဲ့ကြပါတယ်။
17:08
လွတ်ပေမယ့် ဆူးခင်းတဲ့လမ်း
16:45
ဘိုကလေးရဲ ကြိုတင်မဲ အရာရှိလက်ထဲ ထည့်ရ
ဧရာဝတီတိုင်း ဘိုကလေးမြို့မှာ ရဲတပ်ဖွဲ့ဝင်တွေဆီက ကြိုတင်မဲကောက်ရာမှာတော့ အရာရှိတွေက စောင့်ကြည့်ခဲ့တယ်လို့ ဘိုကလေးက ဝင်ပြိုင်မယ့် ကိုယ်စားလှယ် ဒေါ်စန္ဒာဦးက ပြောပါတယ်။

“ဒီကြိုတင်မဲက ပုံးထဲကို တခါထဲထဲ့တာ မဟုတ်ဘူးတဲ့။ ခေါက်ပြီးတော့ ဒီအတိုင်း သူတို့ (အရာရှိများ) ကို ပေးထားခဲ့ရတယ်တဲ့” ဟု သူက ပြောသည်။ ဒေါ်စန္ဒာဦးဟာ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဒုဥက္ကဋ္ဌ (၁) လည်း ဖြစ်ပါတယ်။

အမှတ် ၉ ရပ်ကွက် ရယက ရုံးရှေ့မှာ ကြိုတင်မဲကောက်တာကို ပြောပြတာပါ။ မကျန်းမာသူနဲ့ မဲပေးမယ့်ရက်မှာ မဲရုံမလာနိုင်သူတွေကိုပဲ ကြိုတင်မဲ ထည့်ရမှာဖြစ်ပေမယ့် ထည့်ချင်သူတိုင်း ထည့်လို့ရနေခဲ့တာကြောင့် ဒေါ်စန္ဒာဦးက မြို့နယ်ကော်မရှင်ကို တိုင်တန်းမယ်လို့ ဆိုပါတယ်။
14:54
မန္တလေးမှာ မဲမထည့်ရေး လှုံ့ဆော်
ရွေးကောက်ပွဲ သပိတ်မှောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေက မန္တလေးတိုင်းအတွင်းက မြို့နယ် ၂ဝ ကျော်မှာ လက်ကမ်းစာစောင် ဖြန့်ဝေတာကို တပြိုင်ထဲလိုလို ဒီနေ့မနက်မှာ လုပ်ခဲ့ကြတယ်လို့ မိတ္ထီလာ အန်အယ်ဒီ အထွေထွေအတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးက ပြောပါတယ်။

“ကျမတို့ နောက်ကို လိုက်နေတဲ့အဖွဲ့က ၁ဝ ဖွဲ့လောက်ရှိတယ်။ SB (သတင်းရဲတပ်ဖွဲ့)၊ ကြံ့ဖွံ့လူဟောင်းတွေ ပါတယ်။ ကြံ့ဖွံ့ကတော့ သူတို့ကိုပြောရင် သူတို့မပါဘူးလို့ ပြောမယ်။ သူတို့က ပြည်သူ့ဆက်ဆံရေးလို့ သုံးနေတယ်။ စသုံးလုံး ပါတယ်။ ရယက၊ မရက၊ မီးသတ်၊ ဈေးစည်ပင်၊ စရဖ တွေ ပါတယ်” လို့ သူက မဇ္ဈိမကို ပြောပါတယ်။

မန္တလေးမြို့နယ်မှာ အရှေ့တောင်၊ အရှေ့မြောက်၊ အနောက်တောင်၊ အနောက်မြောက်၊ အရှေ့မြို့သစ်၊ ပြည်ကြီးတံခွန်၊ တံတားဦး၊ ပြင်ဦးလွင်နဲ့ မိတ္ထီလာခရိုင်ထဲက သာစည်၊ ဝမ်းတွင်း၊ မလှိုင်၊ မြင်းခြံခရိုင်မှာ တောင်သာ၊ မြင်ခြံ၊ ကျောက်ပန်းတောင်း၊ ရမည်းသင်းခရိုင်မှာကျ ပျော်ဘွယ်၊ ရမည်းသင်း၊ လယ်ဝေး၊ ချောက်၊ ညောင်ဦး၊ ဆိပ်ဖြူတို့ ပါတယ်လို့ ဆိုပါတယ်။
14:41
ချင်းပြည်နယ်က လွတ်လပ်တဲ့ ကြိုတင်မဲ
ချင်းပြည်နယ် ဟာခါးမြို့မှာ တပတ်ကြာ ပြုလုပ်နေတဲ့ ကြိုတင်မဲကောက်ခံမှုတွေမှာ လွတ်လွတ်လပ်လပ် မဲပေးခွင့်ရပြီး ဒီနေ့ဆိုရင် အဆုံးသတ်တော့မှာဖြစ်ပါတယ်။

“ ဒီမနက် နောက်ဆုံးတဲ့။ ဒီမနက်ကို ဘယ်နှနာရီထိ ပေးလို့ရတယ်လို့တော့ မပြောဘူး။ မနက်ပိုင်းထိပဲ ပေးလို့ ရတော့မယ်တဲ့။ မဲရုံမှူးတွေက ပြောတာပါ။ အစိုးရ ဝန်ထမ်းတွေ၊ မဲရုံကိစ္စနဲ့ ခရီးသွားမယ့်သူတွေ၊ ကိစ္စရှိလို့ ခရီးထွက်မယ့်သူတွေ အကုန်လုံး ပေးပြီးသွားပြီ။ မဲရုံမှာ ပေးရတယ်။ လွတ်လွတ်လပ်လပ်နဲ့ ပေးလို့ရပါတယ်” လို့ ဒေသခံက ပြောပါတယ်။

တီးတိန်နဲ့ မင်းတပ်မြို့တွေမှာလည်း ကြိုတင်မဲ ကောက်ခံမှုတွေ ဆက်လုပ်နေပါတယ်။

ဖလမ်းမြို့မှာတော့ ကြိုတင်မဲ ပြီးသွားလို့ တနင်္ဂနွေ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အဆင်ပြေစေဖို့ ရပ်ကွက်အလိုက် အစမ်းမဲထဲ့မှုတွေ ဒီနေ့လုပ်နေပါတယ်။
13:56
ရန်ကုန်ကြိုတင်မဲ ပါတီကိုယ်စားလှယ် ထားမရ
ရန်ကုန်တိုင်းမှာ ဒီနေ့ကစပြီး ကြိုတင်မဲ ကောက်ခံနေရာ မဲရုံတွေမှာ ပါတီကိုယ်စားလှယ်တွေ ထားခွင့်မရဘူးလို့ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီရဲ့ အထွေထွေအတွင်းရေးမှူးလည်းဖြစ်၊ မင်္ဂလာဒုံမြို့နယ် အမျိုးသားလွှတ်တော် အမတ်လောင်းလည်းဖြစ်သူ ဦးနေမျိုးဝေက မဇ္ဈိမကို ပြောပါတယ်။

“ကြိုတင်မဲတွေ ကောက်နေပြီ၊ လာပေးလို့ရပြီ။ ကြိုတင်မဲပေးလိုတဲ့လူတွေ အကုန်လုံး မဲရုံတွေမှာ ပေးလို့ရပြီ။ တရားဝင် အားလုံးရပြီ။ စောင့်ကြည့်မယ့်လူ မထားဘူး။ ကြိုတင်မဲမှာ မထားဘူး။ မထားရတာ။ အဲဒီအတွက် ပူမနေပါဘူးဗျာ။ ပူလို့လည်း ရတာမှ မဟုတ်တာ။ စိတ်ပူနေရင် ဘာလုပ်လို့ ရမလဲ’’ လို့ သူက ပြောပါတယ်။
13:28
ကားမိုင်းက မဲနမူနာ
ကချင်ပြည်နယ် ကားမိုင်းမြို့ မဲထည့်အစမ်းလေ့ကျင့်ရာမှာ အမျိုးသားဒီမိုကရေစီအင်အားစု NDF ကို မဲ့ထဲ့တာများသွားတဲ့အတွက် ဒေသခံတွေအကြား ပြောစမှတ်တွင်နေပါတော့တယ်။

“NDF က မဲများတယ်။ ကြံ့ခိုင်ပါတီရဲ့ မဲက ၂ ပြားပဲ ပါတယ်” လို့ ကချင်ပြည်နယ် ရွေးကောက်ပွဲကို စောင့်ကြည့်နေသူ တယောက်က ပြောပါတယ်။



ဒီလိုဖြစ်ပြီးတဲ့နောက် ကြံ့ဖွံ့ပါတီ ဒေသဆိုင်ရာ ခေါင်းဆောင်တွေက မဲဆွယ်စည်းရုံးရေး လုပ်သားတွေကို ငြိုငြင်နေတယ်လို့ သိရပါတယ်။

NDF ရဲ့ မဲဆွယ်စည်းရုံးရာမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးဘက်က အဟန့်အတားတွေ၊ ပါတီဆိုင်းဘုတ် ခိုးဖြုတ်တာတွေ ရှိနေတယ်လို့ NDF ဖားကန့် အမတ်လောင်း ဒေါ်ဘောက်ဂျာက ပြောပါတယ်။ ဖားကန့်မှာ ဒီနေ့ထိ မဲပေးနိုင်သူစာရင်း မထွက်သေးပါဘူး။
13:06
ဘန်ကောက်ရှိ မြန်မာသံရုံးရှေတွင် တက်ကြွလှုပ်ရှားသူများ ဆန္ဒပြ
ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ မြန်မာတို့ ထိုင်းနိုင်ငံ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးရှေ့မှာ ဒီနေ့မနက် ၁၁ နာရီက ဆန္ဒပြခဲ့ကြပါတယ်။ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ မြန်မာတို့ ထိုင်းနိုင်ငံ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးရှေ့မှာ ဒီနေ့မနက် ၁၁ နာရီက ဆန္ဒပြခဲ့ကြပါတယ်။
12:23
အကျဉ်းသားများလွှတ်ဖို့ရှိ
အကျဉ်းသားများ လွှတ်မည်ဟု သတင်းထွက်ပေါ်နေသဖြင့် အင်းစိန်ထောင်ရှေ့တွင် သတင်း ထောက်များ ယနေ့မနက် စုရုံးရောက်နေပြီး သတင်းစာနယ်ဇင်းသမား ၂ ဦး ထောင်အတွင်းသို့ ဝင်ရောက်သည်ဟု သိရကြောင်း အင်းစိန်ထောင်အနီးနေသူ တဦးက မဇ္ဈိမကို ပြောသည်။

“သူတို့က ညက စာနယ်ဇင်းတိုက် တချို့ကိုပေါ့ ထောင်က လှမ်းဆက်သွယ်တယ်ပေါ့နော်။ သူတို့လည်း ကြားကြားခြင်းပဲ ထွက်လာကြတာပေါ့။ ” ဟု သတင်းထောက်များ၏ ပြန်ပြောချက်ကို ကိုးကားပြီး သူက ပြောသည်။
02:30
မြန်မာ ရွေးကောက်ပွဲ မလွတ်လပ် မမျှတ၊ ဗြိတိန်သံအမတ် ပြော
“ရွေးကောက်ပွဲတွေဟာ လွတ်လပ်မျှတမှာ မဟုတ်ဘူး၊ လွတ်လပ်မျှတအောင်လဲ ကျင်းပမှာ မဟုတ်တဲ့အပြင် ပြည်သူ့ဆန္ဒကိုလဲ ကိုယ်စားပြုမှာ မဟုတ်ဘူး” လို့ မြန်မာ ပြည်ဆိုင်ရာ ဗြိတိန်သံအမတ်ကြီး မစ္စတာ အင်ဒရူးဟန် က နိုဝင်ဘာ ၄ နေ့ည ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက် ကလပ်မှာ ပြောကြားခဲ့ပါတယ်။

ဗြိတိသျှအစိုးရဟာ မြန်မာရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး စောင့်ကြည့်တဲ့ ဝါဒကျင့်သုံးပေမယ့် မြန်မာအစိုးရလုပ်ရပ်တွေက ဥရောပသမဂ္ဂရဲ့ ရွေးကောက်ပွဲလမ်းညွှန်ချက်တွေနဲ့ ဘာမှ မနီးစပ်နိုင်အောင် ဖြစ်နေပါတယ်။

ကျင်းပမည့်  ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှု မရှိသည့်အပြင် ပြည်သူလူထု၏ ဆန္ဒကို  ကိုယ်စားပြုမည်မဟုတ်ကြောင်း မြန်မာပြည်ဆိုင်ရာ ဗြိတိန်သံအမတ်ကြီး မစ္စတာ  အင်ဒရူးဟန်က  နိုဝင်ဘာ ၄ ရက်နေ့ ညက ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်  ကလပ်တွင် ပြောကြားခဲ့သည်။  ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှု  မရှိသည့်အပြင် ပြည်သူလူထု၏ ဆန္ဒကို ကိုယ်စားပြုမည်မဟုတ်ကြောင်း  မြန်မာပြည်ဆိုင်ရာ ဗြိတိန်သံအမတ်ကြီး မစ္စတာ အင်ဒရူးဟန်က  နိုဝင်ဘာ ၄ ရက်နေ့  ညက ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက် ကလပ်တွင် ပြောကြားခဲ့သည်။

ဗြိတိန်ဟာ အမေရိကန်နဲ့ ဥရောပသမဂ္ဂလိုပဲ မြန်မာအစိုးရအပေါ် သဘောထားအတင်းမာဆုံး ဝေဖန်နေခဲ့ရာက ပြောစရာဖြစ်တဲ့ ပြန်လည်စေ့စပ်ရေးလမ်းကြောင်းကို ကျင့်သုံးနေပါတယ်။

ကြာသပတေးနေ့၊ နိုဝင်ဘာလ ၀၄ ရက် ၂၀၁၀ ခုနှစ်
23:45
ရွေးကောက်ပွဲက ဒီမိုကရေစီမရ ဥရောပ မြန်မာကွန်ယက်ကြေညာ
မြန်မာပြည် ရွေးကောက်ပွဲကနေ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အခြေအနေ တိုးတက်ပြောင်းလဲလာမှာ မဟုတ်ဘူးလို့ မြန်မာ့အရေး ထောက်ခံတဲ့ အဖွဲ့ ၂၀ ကျော် ပါဝင်တဲ့ ဥရောပ မြန်မာ့အရေး လှုပ်ရှားသူများကွန်ယက်က ကနေ့ ကြေညာချက်တစောင် ထုတ်လိုက်ပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းက ဒီရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဖို့၊ စစ်အစိုးရ၊ အတိုက်အခံနဲ့ လူမျိုးစုတွေအကြား သုံးပွင့်ဆိုင် ဆွေးနွေးပွဲ အမြန်ဖြစ်လာအောင် သံတမန်နည်းလမ်းတွေနဲ့ ကြိုးစားကြဖို့လဲ တိုက်တွန်းသွားပါတယ်။

နိုင်ငံရေးအကျဉ်းသား များကို ပြန်မလွှတ်သေးတာ၊ တိုင်းရင်းသားလူမျိုးစုတွေကို ဆက်ပြီးထိုးစစ်ဆင်နေတာ၊ ပြည်နယ်တွေမှာ ရွေးကောက်ပွဲ မလုပ်မယ့်နေရာတွေ ပိုများလာတာ၊ နိုင်ငံရေးပါတီတွေ လှုပ်ရှားခွင့်မသာအောင် ရွေးကောက်ပွဲဥပဒေတွေ တင်းကျပ်လွန်းတာ၊ မီဒီယာကို အစိုးရချုပ်ကိုင်ဘက်လိုက်လွန်းတာ စတဲ့ အချက်တွေကို ထောက်ပြပါတယ်။ ကုလသမဂ္ဂဦးဆောင်တဲ့ စစ်ရာဇဝတ်မှုနဲ့ လူမဆန်တဲ့ရာဇဝတ်မှုစစ်ဆေးရေးကော်မရှင် ဖွဲ့ဖို့လဲ တောင်းဆိုထားပါတယ်။
23:08
မလွတ်မလပ်ရွေးကောက်ပွဲ လို့ ARTICLE 19 ဝေဖန်
ကျင်းပတော့မယ့် မြန်မာရွေးကောက်ပွဲတွေဟာ လွတ်လပ်မျှတပြီး အားလုံးပါဝင်မှု ရှိမှာ မဟုတ်ဘူးလို့ ဗြိတိန်အခြေစိုက် ARTICLE 19 လူ့အခွင့်အရေးအဖွဲ့က ကြေညာချက်တစောင် ကနေ့ရက်စွဲနဲ့ ထုတ်ပြန် သတိပေးလိုက်ပါတယ်။ အမတ်လောင်းတွေကလဲ စစ်အစိုးရဘက်တော်သားတွေ၊ ရေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုတွေအကြောင်း ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြခွင့်မရသလို ပြည်သူ့ဆန္ဒ လွတ်လပ်စွာ ဖော်ပြခွင့်လဲ ပိတ်ပင်ခံနေရတယ်လို့လဲ ကြေညာချက်မှာ ပါရှိပါတယ်။

မြန်မာပြည်ကို ပိတ်ဆို့ထားတာတွေ ရုပ်သိမ်းပြီး အကျိုးစီးပွားတွေ ထူထောင်ချင်တဲ့ တချို့အစိုးရတွေကတော့ လူ့အခွင့်အရေးရှုဒေါင့်ကို လျစ်လျူရှုပြီးတနင်္ဂနွေနေ့ ရွေးကောက်ပွဲရလဒ်ကို လက်ခံဖို့ အသင့်ဖြစ်နေပြီလို့လဲ ARTICLE 19 အမှုဆောင် ဒါရိုက်တာ Agnes Callamard က ဆိုပါတယ်။

စစ်တပ်ဘက်မယိမ်းတဲ့ အမတ်လောင်းတချို့တလေမှာလဲ မှတ်ပုံတင်ခွင့်၊ အစိုးရမီဒီယာမှာ ဖော်ပြခွင့်တွေ ရဖို့ အကန့်အသတ်ပေါင်းစုံနဲ့ ဟန့်တားခံနေရတယ်။ အစိုးရမထိန်းချုပ်နိုင်တဲ့ ပြည်ပ အင်တာနက်မီဒီယာတွေကိုလဲ ပိတ်ဆို့နေတာမို့ ပြည်သူတွေ လွတ်လပ်စွာ စဉ်းစားရွေးချယ်ဖို့ အချက်အလက်ရတာ သိပ်နဲနေပြီး ဘာမှ ဆန္ဒဖော်ထုတ်ခွင့်လဲ မရှိဘူးလို့ ARTICLE 19 က သုံးသပ်ထားပါတယ်။
21:10
မဲရုံကိုယ်စားလှယ် မရှိတဲ့ နေရာကို မစိုးရိမ်
ရွေးကောက်ပွဲဝင် မဲဆန္ဒနယ်တိုင်းမှာ မဲရုံကိုယ်စားလှယ် မရှိပေမယ့် တခြား ပါတီတွေလည်း ရှိနေတာကြောင့် မှန်မှန်ကန်ကန် ဖြစ်လိမ့်မယ်လို့ ခေတ်သစ် ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်က ပြောပါတယ်။

ဦးထွန်းအောင်ကျော်တို့ ပါတီဟာ အမတ်လောင်း ၃ဝ ရှိပြီး ဧရာဝတီတိုင်းကနေ အများစု ဝင်ပြိုင်မှာ ဖြစ်ပါတယ်။

“မဲရုံတရုံမှာ အနည်းဆုံး ၃ ယောက် စီစဉ်ထားပါတယ်။ ဧရာဝတီတိုင်းမှာ တတိုင်းလုံးကို ထားထားတယ်။ စောင့်တဲ့ လူတွေက ကိုယ့်စရိတ်နဲ့ကိုယ် စောင့်ရမှာပါ။ ကျနော်တို့ရဲ့ ပါတီဝင်တွေပါပဲ။ သူတို့ကို အဖိုးအခ ပေးစရာ မလိုပါဘူး။ မိမိတို့ ကုန်ကျစရိတ်နဲ့ စောင့်ရှောက်ပေးမယ့် အစီအစဉ်ပါ။ ဒါပေမဲ့ လှိုင်သာယာမှာတော့ စောင့်မယ့်လူ မထားနိုင်ခဲ့ပါဘူး။ လှိုင်သာယာက မဲရုံနဲ့လည်း အလှမ်းဝေးတယ်။ မြို့ပေါ်ဖြစ်နေတာ့ တဦးတဦးကို ကုန်ကျစရိတ်က များတယ်။ ဒါကြောင့် တခြားပါတီတွေနဲ့ပဲ ချိတ်ဆက်ပြီး လုပ်ရမှာပဲ”

“ကျနော်တို့မှာ ပါတီဝင်တွေ များပါတယ်။ ဧရာဝတီတိုင်းမှာ ပိုများတယ်။ အဲတော့ မဲရုံစောင့်မယ့်လူကို ရွေးလို့ လွယ်ပါတယ်။ ဒါပေမဲ့ လှိုင်သာယာလို မြို့ပေါ်ရပ်ကွက်တွေကျ နေရာနဲ့လှမ်းလို့ တယောက်အတွက် ကုန်ကျစရိတ် များတယ်။ အဲဒါကြောင့် တချို့နေရာတွေ လွှတ်ထားပြီးတော့ အဲဒီမှာဝင်မယ့် ပါတီပေါ့လေ။ အဲဒီပါတီက ထားရင် ဒီက မထားဘူး။ အဲဒီလို လုပ်လို့ ရပါတယ်”

“မဲရုံစောင့်မထားနိုင်တဲ့ နေရာတွေအတွက် စိုးရိမ်မှု မရှိပါဘူး။ ဘာကြောင့်ဆိုတော့ တခြားပါတီတွေက ရှိနေမှာပါ။ ဒီမဲရုံမှာ အန်ကယ်တို့ပါတီက မရှိပေမယ့် တခြားပါတီက ကိုယ်စားလှယ်တွေကပဲ မှန်မှန်ကန်ကန်နဲ့ ဒါကို လုပ်သွားမယ်။ ကြိုတင်မဲကောက်ခံတဲ့ နေရာမှာလည်း အန်ကယ်တို့ဆီက ကိုယ်စားလှယ်တွေ သွားကြမှာပါ”
21:00
ကြိုတင်မဲမှာ လွတ်ရက်စေ့နဲ့ အမှုဆိုင်တွေ ပါဝင်
ကြိုတင်ဆန္ဒမဲပေးခွင့် ရှိသူတွေ စာရင်းမှာ ရွေးကောက်ပွဲ မတိုင်မီ လွတ်ရက်စေ့မယ့် အကျဉ်းသားတွေနဲ့ အမှုဆိုင်ဆဲ အချုပ်သားတွေ ပါဝင်တယ်လို့ Weekly Eleven က ဒီတပတ်မှာ ရေးထားပါတယ်။ အမှုဆိုင်နေရသူတွေအတွက် အကျဉ်းထောင် အသီးသီးမှာ မဲရုံတွေ ဖွင့်လှစ်သွားမယ်လို့လည်း ဆိုပါတယ်။

မြန်မာတိုင်းမ် သတင်းဂျာနယ်ကတော့ အကျဉ်းသားပေါင်း ၁ သောင်း ၁ ထောင်လောက် မဲထည့်နိုင်ဖို့အတွက် လွတ်မြောက်နိုင်တယ်လို့ အကျဉ်းဦးစီးဌာနကို ကိုးကားပြီး ပြီးခဲ့တဲ့ လထဲမှာပဲ ဖော်ပြပေးခဲ့ပါတယ်။

မဲပေးမယ့် ဒီလ ၇ ရက်နေ့မတိုင်မီ လွတ်ရက်စေ့ဖို့ နီးနေတာကြောင့် လျှော့ရက်နဲ့ လွတ်မယ့်သူ ဦးရေ ၃ဝဝဝ ကျော်၊ ရက်စေ့လို့ လွတ်မယ့်သူ ၈ဝဝဝ လောက် ရှိတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
20:11
မဲရုံကိုယ်စားလှယ် ထားတယ်၊ ဒါပေမဲ့ မလုံလောက် …
ရွေးကောက်ပွဲ မဲရုံကိုယ်စားလှယ်အဖြစ် ပါတီတွေကနေ လူလွှတ်ဖို့ လျာထားပေမယ့် အကြောင်းအမျိုးမျိုးကြောင့် လုံလောက်မှု မရှိဘူးလို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့တဲ့ ပါတီ ၃ ပါတီရဲ့ ဦးဆောင်သူတွေ ပြောဆိုချက်အရ သိရပါတယ်။

“မြို့နယ်တိုင်း ကိုယ်စားလှယ်ရဖို့ မျှော်မှန်းတယ်။ သူတို့ဓာတ်ပုံတွေ၊ လိုအပ်တဲ့ အထောက်အထားတွေ စာရွက်နဲ့ပေါ့။ လောလောဆယ် စစ်တွေမြို့စာရင်းပဲ သိပါတယ်။ ကျန်မြို့နယ်တွေတော့ မသိရသေးဘူး။ စစ်တွေမှာ မဲရုံပေါင်း ၁၃၈ ရုံ ရှိပါတယ်။ မဲရုံကိုယ်စားလှယ်က ၁၈၂ ယောက် ရပါတယ်။ တခြားမြို့နယ်တွေမှာဆိုရင် မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်းမှာ အခြေအနေ ကောင်းပါတယ်။ မင်းပြားတို့၊ ရသေ့တောင်တို့မှာ ချောင်းမြောင်းများပြီး သွားလာရေးခက်လို့ ကိုယ်စားလှယ် မရနိုင်ပါဘူး။ ကျွန်းရွာတွေမှာ တခြား မဲရုံကိုယ်စားလှယ်တွေက မတော်မတရား လုပ်ကောင်း လုပ်ပါလိမ့်မယ်။ ဒါပေမဲ့ အပြင်က သပ်သပ်စောင့်ကြည့်တဲ့ လူငယ်အဖွဲ့တွေ၊ ကျောင်းဆရာ အဖွဲ့တွေ ရှိပါလိမ့်မယ်” လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP အထွေထွေ အတွင်းရေးမှူး ဦးလှစောက ပြောပါတယ်။

“မဲရုံစောင့် ကိုယ်စားလှယ်တွေလွှတ်ဖို့ အစီအစဉ်ရှိပါတယ်။ မဲရုံတရုံကို တယောက်နှုန်းလောက်ပဲ ထားနိုင်မယ်။ အန်တီ့နယ်က နည်းနည်းလေး ကျယ်တယ်လေ။ မဲရုံပေါင်း ၁၄၆ ရုံဆိုတော့ ပြည့်စုံအောင် ၂ ယောက် မချနိုင်ဘူး။ နီးစပ်မယ့်၊ ကားနဲ့ပတ်နိုင်မယ့် မဲရုံကို ကိုယ်တိုင်ပဲ ကြီးကြပ်မှာပါ" လို့ မန္တလေးမြို့ရှိ ဝံသာနု NLD ပါတီမှ တွဲဖက် ဥက္ကဋ္ဌဖြစ်တဲ့ ဒေါ်နန်းရွှေကြာက ပြောပါတယ်။

သူက ဆက်ပြီး "လုံလောက်မှုရှိအောင် အင်အားစုအချင်းချင်း ရိုင်းပင်းမှုနဲ့ သွားရမှာပေါ့။ အချိန်ကလည်း နည်းတယ်။ တချို့ကျတော့လည်း ဒါလုပ်ရင် ဘာဖြစ်မလဲ ဆိုတာလေးတွေလည်း ပါတယ်။ အခက်အခဲကတော့ အန်တီတို့ ရွာထဲဝင်တယ်၊ မဲရုံကိုယ်စားလှယ် ယူတယ်၊ လုပ်ပေးချင်တယ်။ ဒါပေမဲ့ သူ့တို့မှာ အချိန်အားလပ်မှု မရှိတဲ့ဟာတွေကို နားလည်ပေးရတယ်" လို့ ဆိုပါတယ်။

ချင်းပြည်နယ် ဟားခါးမြို့ ချင်းအမျိုးသားပါတီ (CNP) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးငွန်မောင်းက “မဲရုံတွေမှာ ကိုယ်စားလှယ် အသီးသီးထားမယ်။ လုံလုံလောက်လောက်တော့ မဟုတ်ဘူး။ နည်းနည်းသေးတဲ့ ရွာတွေမှာတော့ လွှတ်တော်ကိုယ်စားလှယ်လောင်းတဦးက မဲရုံကိုယ်စားလှယ်တဦးစီ ထားပါတယ်။ လမ်းခရီးက အလှမ်းဝေးတော့၊ သွားလာဖို့ အရမ်းခက်ခဲတော့ မထားနိုင်ခဲ့ဘူး။ မဲရုံကိုယ်စားလှယ်အတွက် ဓာတ်ပုံရိုက်ခိုင်းတဲ့ ဟာတွေ ဓာတ်ပုံဆရာက မိုးရေတွေ စိုခိုင်းတယ်။ ချောင်းတွေဖြတ်တဲ့အခါ ကင်မရာထဲ ရေဝင်တော့ အကုန်လုံး ပျက်ကုန်တာ။ ဓာတ်ပုံမရတဲ့အခါ မဲရုံကိုယ်စားလှယ် မထားနိုင်တော့ဘူး။ ဟားခါးမြို့နယ်မှာဆို ၁၅ ရွာလောက် ရှိမယ်။ မိုင် ၅ဝ လောက်ဝေးတဲ့ ရွာတွေကို ခြေကျင်နဲ့သွားပြီး ဓာတ်ပုံပြန်ရိုက်ဖို့ ဘယ်လိုမှ မရနိုင်တော့ဘူးလေ။ ရပ်မိရပ်ဖတွေကို ဘာပဲဖြစ်ဖြစ် စောင့်ရှောက်ပေးပါလို့ မှာထားခဲ့ပါတယ်” လို့ ပြောဆိုပါတယ်။
19:57
စစ်တွေဝန်ထမ်းတွေရဲ့ ကြိုတင်မဲ
“ဌာနဆိုင်ရာကနေ ကြိုတင်မဲဆိုပြီးတော့ ထည့်ခိုင်းတာပေါ့။ သစ်တောဌာနမှာလည်း ရှိတယ်၊ ကြိုတင်မဲဆိုပြီး ကောက်တယ်။ ဖိအားပေးတာတွေ ရှိတယ်လို့ ပြောတယ်။ ကြိုတင်မဲတွေမှာလည်း သူတို့က ကြံ့ခိုင်ရေး တံဆိပ်ကဒ်လေးတွေနဲ့ပေါ့။ ကြိုတင်မဲ ကောက်နေတာ ၃ ရက်ရှိပြီ။ အထက်လူကြီးတွေ ဖိအားပေးတာရှိတယ်။ မပေးရင် အလုပ်ပြူတ်မယ်၊ အဲလိုမျိုး ပြောတာရှိတယ်။ ဝန်ထမ်းတွေက သဘောမတူဘူး။ အခု ကြိုတင်မဲတွေကို နယ်ဘက်တွေမှာ ကောက်ခံနေတယ်။ ကျီးကန်းပြင်ရွာတို့မှာ။ လူထုတွေက သူတို့လာရင် အနားတောင် မကပ်ဘူး။ လူထုရှေ့မှာဆိုတော့ လက်ညှိုးထိုးပြီးတော့ ပြတယ်။ အဲဒီပုံတွေမှာ ထည့်ပါလို့’’ လို့ စစ်တွေမြို့ မောလိပ်ရပ်ကွက်မှာရှိတဲ့ သစ်တောရေးရာ ဦးစီးဌာန ဝန်ထမ်းတယောက်က ပြောပါတယ်။
19:57
သင်္ဘောသားတွေအတွက် ကြိုတင်မဲ
“ခရီးထွက်သွားတဲ့သူတွေ၊ သင်္ဘောသား(ဝန်ထမ်း)တွေကို ကြိုတင်မဲ ထည့်ခိုင်းတာတွေ ရှိတယ်။ ဒီနေ့ပဲ သိရတာပါ။ မနက်ဖြန်လောက် ထည့်ရမှာလို့ ပြောတယ်’’ လို့ ပြည်တွင်းရေကြောင်း သင်္ဘောဝန်ထမ်းတယောက်ရဲ့ ဇနီးဖြစ်သူက ပြောပါတယ်။”
19:57
ဝန်ထမ်းသာမက အရပ်သားပါ ကြိုတင်မဲ
“ကြိုတင်မဲ ပေးခိုင်းတာ အခုမှ သတင်းရတဲ့အခါ ကျနော်တို့က တိုင်စာရေးတယ်။ မဲရုံမှူးတွေဘာတွေ၊ လုံခြုံရေး တပ်ဖွဲ့တွေ၊ ရဲတွေက ရွာတွေမှာ သွားပြီးတော့ တာဝန်ထမ်းဆောင်တော့မှာကိုး။ အဲခါ လွန်ခဲ့တဲ့ ၄၊ ၅ ရက်ကတည်းက သူတို့ သွားပြီ။ အဲဒီမှာ ကြိုတင်မဲ ပေးတာတွေ ကျနော်တို့က မသိခဲ့ဘူး။ ဝန်ထမ်းတဦးက ကြိုတင်မဲပေးနိုင်တယ်။ တာဝန်အရ ခရီးသွားတဲ့သူ၊ လူမှုရေး၊ လုံခြုံရေး တာဝန်ထမ်းဆောင်တဲ့သူတွေ ကြိုတင်မဲပေးလို့ ရတယ်ဆိုပြီးတော့ ကျနော်တို့က ယူဆတယ်။ ဒါပေမဲ့ မလိုအပ်တဲ့ အရပ်သားတွေကိုလည်း ပေးခိုင်းတယ်။ မြို့နယ်ကော်မရှင်က ပေးခိုင်းတယ်’’ လို့ ဟားခါးမြို့နယ် ချင်းအမျိုးသားပါတီ ပြည်သူ့လွှတ်တော်အမတ်လောင် ဦးငွန်မောင်းက ပြောတယ်။

သူက ဆက်ပြီး ’’မြို့နယ်ကော်မရှင်ကို မနေ့က တင်ပြတယ်။ ရုံးကလည်း ဟုတ်ပါတယ်၊ ဒါတွေက ကျနော်တို့ တားထားပြီးပြီ။ နောက်နောင် မပေးခိုင်းတော့ဘူးတဲ့။ ကော်မရှင်ရုံးမှာ ကြိုတင်မဲ ပေးရမှာလေ။ ဒါပေမဲ့ ကော်မရှင်ရုံး မဟုတ်ဘဲနဲ့ တချို့ရုံးတွေမှာ ပေးခိုင်းတယ်။ သတ်မှတ်ထားတဲ့ နေရာ မဟုတ်တော့ ဒါတွေက ဥပဒေနဲ့ ဆန့်ကျင်တယ်။ တားမြစ်ပေးဖို့၊ ပိတ်ပင်ပေးဖို့ စာတင်ထားတယ်။ မြို့နယ်ကော်မရှင် ဥက္ကဋ္ဌဆီ စာတင်ပြီးတော့၊ ပြည်နယ်၊ ခရိုင် ကော်မရှင်ကို မိတ္တူ ပေးထားတယ်။ မနေ့ညပဲ အကုန်ပေးတယ်။ ဘယ်ပါတီကို ဦးစားပေး လုပ်ပေးတယ်လို့တော့ သိပ်မပေါ်လွန်ဘူး” လို့ ဆိုပါတယ်။
18:52
စစ်တွေမှာ ကြံ့ဖွံ့ကတော့ စည်းရုံးနေဆဲ
ရခိုင်ပြည်နယ်တဝှန်း ပါတီတွေ မဲဆွယ်စည်းရုံးခွင့်ကို ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်က ပြီးခဲ့တဲ့လ ၃ဝ ရက်နေ့ နောက်ဆုံးထားပြီး ခွင့်ပြုခဲ့ပေမယ့် မြို့တော်စစ်တွေမှာတော့ ကြံ့ဖွံ့ပါတီက ဒီနေ့အထိ မဲဆွယ်တရားပွဲ လုပ်နေတယ်လို့ သိရပါတယ်။

ဒီကနေ့ ည ၇ နာရီဆိုရင် စစ်တွေမြို့ မောလိပ်ရပ်ကွက် ဓမ္မာရုံမှာ မဲဆွယ်ပွဲ လုပ်မယ့်အကြောင်း ကြံ့ဖွံ့ပါတီက ဖိတ်စာကမ်းထားပြီး ဖြစ်ပါတယ်။

“သူတို့ရဲ့ စည်းရုံးရေးပွဲကို မပျက်မကွက် တက်ရောက်ဖို့အတွက် ဖိတ်ကြားအပ်တယ်ဆိုပြီး ဒီကနေ့ ရက်စွဲနဲ့ ပါတယ်။ မဲဆွယ်စည်းရုံးရေးကာလကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် ပိတ်လိုက်ပြီလေ။ အခု စည်းရုံးတာကိုလည်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က ဘာမှ မပြောဘူး။ မနေ့ကလည်း ရွာကြီးမြောက်ရပ်ကွက် ဓမ္မာရုံမှာ လုပ်ခဲ့သေးတယ်’’ လို့ မောလိပ်ရပ်ကွက် ဒေသခံက မဇ္ဈိမကို ပြောပါတယ်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP အထွေထွေ အတွင်းရေးမှူး ဦးလှစောကလည်း “ကျနော်တို့ စစ်တွေမြို့နယ် ဥက္ကဋ္ဌ က အဲဒီဖိတ်စာကိုင်ပြီး မြို့နယ်ကော်မရှင်ကို သွားတိုင်ပါတယ်။ ကျနော်တို့ကျ အစီအစဉ်တွေ ဖျက်လိုက်ရတယ်၊ ကြံ့ခိုင်ရေးကျ ၄ ရက်နေ့တောင် လုပ်နေတယ်၊ ၃ ရက်နေ့ကလည်း ရွာကြီးမြောက် ဓမ္မာရုံမှာ လုပ်ခဲ့တယ်လို့၊ ကော်မရှင် လူကြီးတွေကို သွားပြောတယ်။ သူတို့က ခွင့်ပြုချက်ပေးတာ မဟုတ်ဘူး။ သူတို့ဘာသာ လုပ်တာပါလို့ ပြောတယ်။ ကျနော်တို့ကလည်း လုပ်ချင်တိုင်းလုပ်လို့ ရမလား၊ ဒါကို ရွေးကောက်ပွဲ ကော်မရှင်က ကန့်ကွက်ပေးပါလို့ ပြောခဲ့တယ်။ ဘာမှပြန်မပြောဘူး’’ လို့ ပြောပါတယ်။

သူက ဆက်ပြီး ’’ကော်မရှင်က ဘက်လိုက်မှုရှိလို့ မနက်ဖြန် မနက်မှာ ပြည်နယ်ကော်မရှင်နဲ့ကို တိုင်မယ်။ မိတ္တူကို နေပြည်တော် ကော်မရှင်ကို ပို့မယ်။ ပြီးရင် ကျနော်တို့ မိတ်ဖက် ပါတီတွေနဲ့ ပြည်တွင်းပြည်ပ မီဒီယာတွေကို ဖြန့်မယ်ဆိုတဲ့ အကြောင်းကို နေပြည်တော်ကို ပို့တဲ့စာရဲ့ နောက်ဆုံး စာပိုဒ်မှာ ထည့်ထားပါတယ်” လို့ ဆိုပါတယ်။
18:34
အငြင်းပွားဖွယ် မဲပညာပေး
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မဲထည့်ပုံ လက်တွေ့ပြ မဲပုံစံမှာ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ နာမည်နဲ့ တံဆိပ်ကို သုံးထားလို့ မြို့နယ်ကော်မရှင်က တားမြစ်ခဲ့ပေမယ့်လဲ ဆက်သုံးနေသေးတယ်လို့ အင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဝင်းမြင့်က မဇ္ဈိမကို ပြောပါတယ်။

ပါတီနှစ်ခုကို ယှဉ်ပြထားပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးကို ရွေးချယ်လေဟန် နမူနာမဲထဲ့မှု သရုပ်ပြခြင်းကို အင်းသားအများစုရှိရာ ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ်မှာ အရင်လ ၂၇ ရက်နေ့က စလုပ်ခဲ့တာဖြစ်ပါတယ်။

“အခုတားလိုက်တော့လဲ တံဆိပ်မပါပဲနဲ့ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ စာတမ်းပါတဲ့ မဲပေးပုံစာရွက် သူတို့ ပြန်ထုတ်နေတာ တွေ့ရတယ်” ဦးဝင်းမြင့်က ဆိုပါတယ်။

ရွေးကောက်ပွဲ ဥပဒေ အခန်း (၁၄) မှာတော့ ရွေးကောက်ပွဲ ကြော်ငြာ၊ စာရွက်စာတမ်း၊ ပိုစတာ ဖြန့်ချိပြီး မိမိလိုလားသော အမတ်လောင်းကို အကျိုးရှိစေရင် ဥပဒေ ချိုးဖောက်တယ်လို့ ဆိုထားပါတယ်။

ညောင်ရွှေမြို့နယ်မှာ ရွာ ၄၄၄ ရွာ၊ မဲရုံ ၁၂၈ ရုံ နဲ့ စုစုပေါင်း မဲပေးခွင့် ရှိသူ ၁ဝ၉၆၁၁ မှာ “အင်းသား” မဲဆန္ဒရှင်က ၇၅၉၆ဝ ပါဝင်နေကြောင်း တွေရပါတယ်။
18:16
ချောမွေ့တဲ့ ရွေးကောက်ပွဲကို တရုတ် မျှော်လင့်
ပြည်တွင်းတည်ငြိမ်မှု ထိန်းသိမ်းရေးနဲ့ ရွေးကောက်ပွဲ အောင်မြင်အောင် ကျင်းပရေးဆိုတာ မြန်မာလူထုနဲ့ ဒေသတွင်း ငြိမ်းချမ်းရေး၊ ကြွယ်ဝချမ်းသာရေးဆိုတဲ့ အခြေခံအကျိုးစီးပွားတွေအတွက် အကျိုးပြုစေမှာ ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟုန်လီ Hong Lei ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဆင်ဟွာ သတင်းဌာနမှာ ဒီကနေ့ ဖော်ပြပါတယ်။

“အဆင်ပြေချောမွေ့တဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဒါကနေ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် အထောက်အကူ ဖြစ်စေပါလိမ့်မယ်’’ လို့ သူက ဆိုပါတယ်။
16:42
ရွေးကောက်ပွဲရှိလို့ ဝတ်ပြုရက် ရှေ့တိုးခိုင်း
လာမယ့် တနင်္ဂနွေဟာ ရွေးကောက်ပွဲရက် ဖြစ်နေလို့ ရန်ကုန်မှာရှိတဲ့ ခရစ်ယာန် ဘုရားကျောင်းတချို့ရဲ့ ပုံမှန်ဝတ်ပြုပွဲကို စနေနေ့မှာ ရှေ့တိုးလုပ်သွားဖို့ ဒေသအာဏာပိုင်တွေက နှုတ်နဲ့ ပြောထားတယ်လို့ သိရပါတယ်။

“မဲရုံနဲ့ ကိုက် ၅ဝ အတွင်းရှိတဲ့ ဘုရားကျောင်းတွေလေ။ တက်လို့ မရဘူးတဲ့။ ကျနော်တို့ ဘုရားကျောင်းက မဲရုံနဲ့ ကိုက် ၅ဝ အတွင်း ရှိနေတော့ ဘုရားကျောင်းတက်လို့ မရဘူးပေါ့။ တခြားနေရာတွေ ရှာလည်း မတွေ့တော့။ ဘုရားဝတ်ပြု ပုံမှန်ဆိုရင် ပွဲတော်စမယ့် နေ့ပေါ့။ ပွဲတော်ရက်ဖြစ်ပေမယ့် မလုပ်ဖြစ်တာက အာဏာပိုင်တွေကနေ သတ်မှတ်တဲ့အခါမှာ မလုပ်ဖြစ်တာ။ ရယက က အကြောင်းကြားတာပါ။ နှုတ်နဲ့ပေါ့” လို့ ကျောက်တံတားမြို့ အနော်ရထားလမ်းနဲ့ ဆိပ်ကမ်းသာ လမ်းထောင့်ရှိ Telugu မက်သဒစ် ဘုရားကျောင်းမှ အသင်းဝင် တယောက်က မဇ္ဈိမကို ပြောပါတယ်။

သူက ဆက်ပြီး ’’ဒီလ ပထမပတ် ပွဲတော်ရက် မကျင်းပရတော့ ဝတ်ပြုမယ့် သူတွေ စိတ်ထဲမှာ တမျိုးတော့ ခံစားရတာပေါ့။ ဟာနေသလိုပဲပေါ့’’ လို့ ဆိုပါတယ်။

မြို့တော်ခန်းမနားမှာ တည်ရှိတဲ့ ကျောက်တံတားမြို့ ဧမာနွေလ ဘုရားကျောင်းလည်း စနေနေ့ကို ရွှေ့လိုက်ပြီလို့ သိရပါတယ်။

“စနေနေ့ကို ရှေ့တိုးလိုက်တာက ဘယ်သူမှ ပြောင်းခိုင်းတာ မဟုတ်ဘူး။ အသင်းအုပ်ကနေ တနင်္ဂနွေနေ့ကျရင် မဲထည့်မယ့်သူတွေ သွားတဲ့အခါကျရင် ဒီဟာနဲ့ တိုက်နေမှာ စိုးလို့။ မဲကို လွတ်လွတ်လပ်လပ် ထည့်ချင်ထည့် မထည့်ချင်နေ၊ အဲဒီနေ့တော့ ပိတ်ထားပေးမယ်ဆိုတဲ့ သဘောပါ။ ဘုရားမရှိခိုးနဲ့လို့လည်း မပြောဘူး၊ ရှိခိုးပါလို့လည်း မပြောဘူး။ ရှိခိုးတာတော့ ကြိုက်တာပေါ့နော်။ ဒါပေမဲ့ ပြည်သူတွေ မဲထည့်နိုင်စေချင်တဲ့ သဘောနဲ့ပါ” လို့ ဧမာနွေလ ဘုရားကျောင်း အသင်းတော်လူကြီး တယောက်က မဇ္ဈိမကို ပြောပါတယ်။

မြောက်ဒဂုံမြို့နယ်ရှိ အဲလ်ဘနေဇာ ဘုရားကျောင်းမှ အသင်းဝင် တယောက်ကတော့ “တနင်္ဂနွေကျရင် ဘုရားကျောင်း မတက်ဘူး။ ဒီအပတ်တော့ နားထားမယ်။ ပြီးခဲ့တဲ့အပတ်က ဘုရားကျောင်း မတက်ဘူးလို့ ပြောထားတယ်။ မဲပေးမယ့် နေ့ဆိုတော့ ပတ်ဝန်းကျင်နဲ့ တခုခုဖြစ်မှာ ကြောက်တာလည်း ပါတယ်။ အစိုးရဘက်က တားမြစ်တာတော့ မဟုတ်ဘူး” လို့ ပြောပါတယ်။

ရန်ကုန်ရဲ့ အစွန်အဖျား မြို့နယ်တချို့လည်း စနေနေ့မှာ ကြိုတင်ဘုရားကျောင်းတက်ဖို့ ရပ်ကွက် အာဏာပိုင်တွေက ပြောဆိုထားတယ်လို့ စုံစမ်းသိရှိရပါတယ်။
16:42
မန္တလေး လုံခြုံရေး အခြေအနေ
ရွေးကောက်ပွဲ ကျင်းပရက် ၃ ရက်အလိုမှာတော့ မန္တလေး ရဲလုံခြုံရေးဟာ လူစည်ကားတဲ့ နေရာတွေမှာ များလာသလို၊ ရဲကား သာမက ဆိုင်ကယ်နဲ့ ဟိုင်းလပ်စ်ကားတွေနဲ့ပါ မြို့ထဲ လှည့်ပတ်စောင့်ကြည့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
16:42
အင်တာနက်ဆိုင် ဝန်ထမ်း
’’အလုပ်ပြန်တာ ခပ်လန့်လန့်ဗျ။ ည ၁၁ နာရီမှ အလုပ်ပြီးတာလေ။ အမကိုကျ ၁၂ နာရီ သွားကြိုရသေးတော့ ပြန်တာ မိုးချုပ်တယ်လေ။ လမ်းတွေပေါ်မှာ ရဲတွေစောင့်တာ များသထက် များလာပြီ။ မန္တလေး တက္ကသိုလ်နားရော၊ ကျုံးဘေးပါ ရှိတယ်။ ရဲတွေက ပွိုင့်ကားလေးတွေနဲ့လည်း လှည့်နေတာ။ ဆိုင်ကယ်တွေနဲ့ရော လှည့်နေတယ်ဗျ။ ၇၃ လမ်းပေါ်မှာနဲ့ ၂၆ လမ်းပေါ်မှာ၊ ၆၆ လမ်းမှာရော။ ဒုတ်တွေတော့ ပါတယ်၊ သေနတ်တော့ မမြင်ရဘူး။ ဘာလို့လဲဆိုတော့ ကားထဲမှာ ဖြစ်နေတာလေ။ ဓာတ်မီး၊ ဒုတ်၊ လေးခွ၊ ဒါတွေ ပါတယ်။ အုပ်စုလိုက်တွေ လှည့်နေတာ။ ဆိုင်ကယ်နဲ့ဆိုလည်း အနည်းဆုံး ၃ စီးကနေ အများဆုံး ၇ စီး၊ ၈ စီး။ တချို့တလေကတော့ တစီးထဲ လှည့်တယ်။ တစီးမှာ ရဲ ၂ ယောက်တော့ အနည်းဆုံး ပါမယ်ထင်တယ်။ ကားနဲ့ဆိုရင် ကျုံးဘေးမှာတော့ အုပ်လိုက်ပဲ’’
16:42
ဆေးကျောင်းသား
“ဆိုင်တွေဘာတွေကျတော့ တော်တော်များများ ၁ဝ နာရီခွဲ၊ ၁၁ နာရီဆိုရင် အကုန်ပိတ်ရမယ်။ လက်ဖက်ရည်ဆိုင်၊ ဈေးဆိုင်။ တချို့ လူစည်ကားတဲ့ နေရာတွေမှာ ရဲတွေ တွေ့ရတယ်။ စစ်သားတော့ သိပ်မတွေ့မိဘူး။ ရဲ၊ လုံခြုံရေး ကင်းလှည့်တဲ့ သူတွေလေ။ မီးပွိုင့်တွေမှာဆိုရင် ၂ ယောက်၊ ၃ ယောက် အဲလိုမျိုး တွေ့ရတယ်။ သူတို့က ညတွေမှာ ကားနဲ့ နယ်လှည့်သွားတတ်တယ်။ ရဲကားတွေ အများကြီး မတွေ့မိပါဘူး။ ကျောင်းက သူငယ်ချင်းတွေဆီ သွားလို့ရှိရင် သူတို့အိမ် လမ်းထိပ်လမ်းတောင့်မှာ အမြဲတမ်းနီးပါး ရှိတယ်။ ၆၈ လမ်းနှင့် ၃၅ လမ်းမှာ ရဲတွေ တော်တော်များများ ရှိတတ်တယ်။ ဟိုင်းလပ်ကားပေါ်မှာလည်း ရဲတွေ ၄၊ ၅ ယောက်လောက် ရှိတယ်။ ဆိုင်ကယ်တွေနဲ့လည်း တခါတလေ ကင်းလှည့်တာတွေ ရှိတယ်”
16:42
ဒေါ်နန်းရွှေကြာ (အထွေထွေအတွင်းရေးမှူး) ဝံသာနု NLD (ပြည်ထောင်စု မြန်မာနိုင်ငံ)
“ရဲကားကတော့ မန္တလေးမြို့မှာ ညပိုင်းဆိုရင် လုံခြုံရေးထွက်နေတာတော့ တွေ့တယ်လေ။ အန်တီတို့က စည်းရုံးရေး သွားနေတာ ဘာမှ အန္တရာယ်တော့ မရှိပါဘူး။ ညပိုင်း ကျုံးဘေးမှာ လုံခြုံရေးအတွက် လှည့်နေတာ တွေ့တယ်။ ဒါပေမဲ့ ည ၇ နာရီကျော်မှလို့ ပြောတယ်”
16:42
မဲမပေးရေးကို ကျောင်းသား၊ သံဃာ နှိုးဆော်ပြန်
ပြည်သူတွေ မဲမပေးရေး နှိုးဆော်ချက်ကို မြန်မာပြည်တွင်းက ၈၈ မျိုးဆက် ကျောင်းသားများ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသ နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုက ဒီကနေ့မှာ ထုတ်ပြန်လိုက်ပြန်ပါတယ်။

“၁၉၉ဝ ရွေးကောက်ပွဲလုပ်ပြီး အာဏာပေးမယ်လို့ ပြောတယ်။ အခုတခါ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းထားတယ်။ ကိုမင်းကိုနိုင်တို့ကို အဝေးကို ပို့ထားတယ်။ ဘုန်းကြီးတွေကို ရိုက်တယ်။ အဲဒီလို သူတို့ရဲ့ ပြစ်မှုတွေက စုတ်ပြတ်နေတဲ့ လက်နှီးစုတ်လို ဖြစ်နေပါပြီ။ အဲဒီလို ညစ်ထေးစုတ်ပြတ်နေတဲ့ လက်နှီးစုတ်ကို ဦးထုပ်လည်း မဆောင်းနိုင်ဘူး။ အင်္ကျီချုပ်ပြီးလည်း မဝတ်နိုင်ဘူး။ ဒါကို လူထုအနေနဲ့ ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့ အသိပေးတာ ဖြစ်ပါတယ်” လို့ ဗကသ အဖွဲ့မှ ကိုဇာနည်က ပြောပါတယ်။



“စစ်အာဏာရှင်စနစ်ကိုရော အကြမ်းဖက်ပါတီကိုပါ ဆန့်ကျင်ပြီးတော့ မဲရုံမသွားဘဲ မဲမပေးဖို့၊ ၂ဝဝ၈ ဥပဒေကို အတည်ဖြစ်စေမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲကို လူထုတိုက်ပွဲနဲ့ သပိတ်မှောက်ဖို့ နိုးဆော်တာပါ။ လက်ရှိမှာ ရပ်ကွက်၊ ကျေးရွာ၊ အခြေခံ လူတန်းစားတွေကို မဲမပေးဘဲ နေမယ့်လူကို ဒဏ်ငွေ ၁ သိန်းနဲ ထောင်ဒဏ် ၁ နှစ်ချမယ်လို့ သူတို့ ပါတီစည်းရုံးရေးတွေမှာ ပြောနေတာပေါ့။ NLD နဲ့ ဦးဇင်းတို့က မဲမပေးဘဲ နေလို့ရတယ်ဆိုတာကို ပြန်ပြီးတော့ လုပ်နေတာလေ” လို့ သံဃာ့တပ်ပေါင်းစု ပြောခွင့်ရ ဆရာတော် ဦးသြဘာသ က မိန့်ဆိုပါတယ်။

ကချင်တမျိုးသားလုံးဆိုင်ရာ ကျောင်းသားလူငယ်များသမဂ္ဂ AKSYU က ၂ဝဝ၈ အခြေခံ ဥပဒေအရ ကျင်းပမယ့် ရွေးကောက်ပွဲကို ပြည်သူတွေ ဆန့်ကျင်ဖို့နဲ့ ကလေးမြို့ ကြေညာစာတမ်းဖြစ်တဲ့ ဒုတိယ ပင်လုံညီလာခံကို အမြန်ခေါ်ယူဖို့ ထောက်ခံတယ်လို့ မနေ့တုန်းက ထုတ်ဖော်ပြောဆိုပါတယ်။ ဒုတိယပင်လုံညီလာခံကတော့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဒီမိုကရေစီအင်အားစုတွေ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး ဖြစ်ပါတယ်။
14:45
ဒုတိယပင်လုံအတွက် စည်းရုံးရေး ၇၅ ရာခိုင်နှုန်းအောင်မြင်ဟု အန်အယ်ဒီပြော
အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဒုတိယပင်လုံညီလာခံခေါ်ယူရေးကြိုးပမ်းလျှက်ရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရှမ်းပြည်နယ် အရှေ့ပိုင်း စည်းရုံးရေးခရီးစဉ်မှာ ယနေ့ အဆုံးသတ်လိုက်ပြီဖြစ်သည်။

ယခင်လ ၂၅ ရက်နေ့မှ စတင်၍ ၁၁ ရက်ကြာ ခရီးစဉ်အတွင်း NLD မှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်နှင့် ပြည်သူ့လွတ်တော်ကိုယ်စားပြု ကော်မတီ CRPP မှ ဦးအေးသာအောင်နှင့် အဖွဲ့ဝင်တို့က ဒုတိယပင်လုံညီလာခံခေါ်ယူရေးကို တိုင်းရင်းသားနိုင်ငံရေးပါတီအချို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

“ဒီခရီးစဉ်က ထူးထူးခြားခြားအောင်မြင်တယ်လို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့နဲ့ အဖွဲ့ဝင်တွေ့တဲ့အခါ တခြား ပြည်နယ်နဲ့ တိုင်းကလူတွေလိုဘဲ တစိတ်တဝမ်းထဲ လက်တွဲပြီးတော့ ကူညီဆောင်ရွက်သွားကြဖို့ဆိုတဲ့ ကိစ္စတွေ ရှင်းပြနိုင်ခဲ့တယ်။ ”ဟု ဦးအုန်းကြိုင်က ပြောသည်။

” ပြည်ထောင်စုမူဆိုတာကို လက်ခံပြီးသားဖြစ်တယ်။ တိုင်းရင်းသားအားလုံးလက်တွဲပြီး ပြည်ထောင်စုအကျိုးအတွက် ကိုယ့်မြေ၊ ကိုယ်လူဆိုပြီး ကိုင်စွဲပြီးဆောင်ရွက်နေတဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဖို့လာတာ။ ၇၅ ရာခိုင်နုန်းအောင်မြင်ပါတယ်”

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်၊ ကျိုင်းတုံ၊ တောင်ကြီး မိုင်းဖြတ်၊ နမ့်ဆမ်၊ လွိုင်လင်၊ မိုင်းပင်း၊ ရွှေညောင် စသည့်မြို့နယ်များမှ ပါတီအဖွဲ့ဝင်များနှင့် တိုင်းရင်းသားနိုင်ငံရေးပါတီအချို့နှင့်လည်း တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။
14:36
မီဒီယာ ဘာလုပ်ခွင့်ရမလဲ
နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲနေ့မှာ ပြည်တွင်းမီဒီယာတွေအနေနဲ့ သတင်းဓာတ်ပုံနဲ့ ဗီဒီယိုရိုက်ကူးခွင့် ရှိပေမယ့် စည်းကမ်းချက်တချို့နဲ့တော့ ရွေးကောက်ပွဲ ကော်မရှင်က ကန့်သတ်ထားပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး စာပေနဲ့ စာနယ်ဇင်းအဖွဲ့ အတွင်းရေးမှူး ရန်ကုန်သတင်းမီဒီယာ ဦးဆောင်ညွှန်မှူး ဦးကိုကို (စက်မှု) က ဘီဘီစီ (မြန်မာပိုင်း) ကို ပြောပြခဲ့ရာမှာ ဒီနေ့မနက် ထုတ်လွှင့်ခဲ့ပါတယ်။

“လူတွေက မဲရုံတွေမှာ ဝင်ခွင့်မရှိဘူး။ သို့သော် မဲရုံရဲ့ ပရိဝုဏ်ထဲတော့ ဝင်ရိုက်နိုင်တယ်။ ဗီဒီယိုဓာတ်ပုံ ရိုက်ကူးရာမှာ မဲရုံအတွင်းက လူတွေကို မရိုက်ရဆိုသော်လည်း အပြင်ကနေပြီး ရိုက်နိုင်တယ်။ ဆန္ဒမဲပေး၊ မဲပြားထုတ်တဲ့ပုံ ရိုက်လို့ရတယ်။ မဲစာရင်းလက်မှတ်မှာ လက်မှတ်ထိုးနေတဲ့ပုံ ရိုက်လို့ရတယ်။

မဲပုံးထဲ မဲထည့်တဲ့ပုံ ရိုက်လို့ရတယ်။ မဲရေတွက်တာကို ရိုက်ခွင့်ရှိတယ်။ သို့သော် မဲလက်မှတ်၌ ဆန္ဒပြုနေတာကိုတော့ ပေါ်လွင်အောင်လို့ မဲပေးတဲ့ လူတွေရဲ့ ဆုံးဖြတ်ချက် လုပ်ဆောင်မှု အနှောင့်အယှက်ဖြစ်အောင်၊ လူတဦးရဲ့ လွတ်လပ်ပိုင်ခွင့် ထိခိုက်လောက်အောင် မလိုလားအပ်တဲ့ ရိုက်ကူးမှု မပြုရဘူးဆိုပြီးတော့ ရေးထားတယ်” လို့ သူက ပြောပါတယ်။
14:16
မဲရုံကိုယ်စားလှယ် ရှားပါး
မဲထည့်တာ၊ မဲရေတွက်တာနဲ့ မဲစာရင်းကြေညာတာကို စောင့်ကြည့်ရေးအတွက် မဲရုံတွေမှာ ကိုယ်စားလှယ်တွေထားဖို့ ပါတီအများအပြား လူရှာရခက်နေတယ်လို့ သိရပါတယ်။

အခုလို ဖြစ်တာက လူတွေ အရမ်းကြောက်နေတာကြောင့်လို့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ တွဲဘက် အထွေထွေ အတွင်းရေးမှူး ဒေါ်ချိုချိုကျော်ငြိမ်းက ပြောပါတယ်။



သူက “များသောအားဖြင့်က မဲထည့်မယ်။ လူတိုင်းက အားပေးတယ်။ လက်မှတ်ထိုးပြီး တခုလုပ်ရမှာကို ကြောက်နေတယ်။ မြို့မှာထက် နယ်တွေမှာ ပိုကြောက်တယ်။ အုပ်ချုပ်ရေး မယက၊ ရယက၊ အကုန်လုံးက သူ့နေရာနဲ့သူ တိုင်းမှူးချည်းပဲလေ။ လူတွေက ပြန်ပြောပိုင်ခွင့်မှ မရှိဘဲ၊ အရမ်းကြောက်တာ။ ဒါပဲလေ၊ စနစ်မှားလို့ ကြောက်တာ” လို့ ဆိုပါတယ်။

ပါတီအတွက် မဲရုံကိုယ်စားလှယ် လုပ်မယ်ဆိုရင် နာမည်ပေးရ၊ မှတ်ပုံတင်ပြရ၊ လက်မှတ်ထိုးရတဲ့ အပြင် ဓာတ်ပုံပါ ရိုက်ယူထားမှာ ဖြစ်ပါတယ်။
14:16
စာရွက်ဝေသူများကို အာဏာပိုင်များမှ လမ်းပိတ်ဆို့ တားဆီ


၂ဝဝ၇ ခုနှစ် သံဃာတော်များဦးဆောင်သော ဆန္ဒပြစဉ် လုံခြုံရေးများက ပစ်ခတ်၍ သဆုံးသွားခဲ့သူ အသက် (၂၄)နှစ်အရွယ် NLD လူငယ်အတွက် ရည်စူးပြီး ဆွမ်းကျွေးအခမ်းအနားကို နိုဝင်ဘာ ၃ ရက်နေ့တွင် ပြုလုပ်ရာ အခမ်းအနားတက်ရောက်သော တက်ကြွလှုပ်ရှားသူများက ရွေးကောက်ပွဲတွင် မဲမပေးရေးလှုံ့ဆော်သည့် စာရွက်များဝေရာ အာဏာပိုင်များမှ လမ်းပိတ်ဆို့ တားဆီးခဲ့သည်။