www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
ကြာသပတေး, ၁၉ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

ဦးအာရ်ပီသောင်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ဦးအာရ်ပီသောင်း
(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ သံတောင်မြို့နယ်)

အမည်                           ဦးအာရ်ပီသောင်း
မိဘအမည်                      ဦးနီစီသောင်း၊ ဒေါ်မောနီကာ အရိမ်း
မွေးသက္ကရာဇ်                   ၂၄. ၁ဝ .၁၉၂၂
မွေးရပ်ဇာတိ                    ဗန်ခုသုန်ကျေးရွာ၊ ဗန်းမော်မြို့နယ်၊ ကချင်ပြည်နယ်
မွေးချင်း                          ၆ ယောက်အနက် စတုတ္ထမြောက်။
ဇနီးအမည်                      ဒေါ်ထရီဇာသောင်း
သားသမီး                        ၄ ဦးရှိ။ (သား ၁ ဦးနှင့် သမီး ၃ ဦး)
ပညာအရည်အချင်း            မန္တလေး စိန့်ပီတာကျောင်းမှ ၁၉၄၇ ခုနှစ်တွင် ၁ဝ တန်းအောင်မြင်ခဲ့။ ၁၉၄၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ နိုင်ငံရေးသိပ္ပံအဓိကဖြင့် ပထမနှစ် တက်ရောက်ခဲ့ပြီး ၁၉၅၁ ခုနှစ် တတိယနှစ် အရောက်တွင် ကျောင်းထွက်ခဲ့။ ပြည်သူ့အုပ်ချုပ်ရေး ပညာကို ၁၉၅၉ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၌ သင်ကြားအောင်မြင်ခဲ့။
ပါဝင်ခဲ့ဖူးသည့်
အဖွဲ့အစည်းများ                ၁၉၄၅ ခုနှစ် ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင် ဆက်သွယ်ရေးတပ်သားအဖြစ် အမေရိကန်တပ် - OSS လက်အောက်တွင် ၁၁ လ ကြာ အမှုထမ်းခဲ့။ ၁၉၅၃ ခုနှစ်မှ ၁၉၈၂ ခုနှစ်ထိ ကယားပြည်နယ်၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် မြို့ပိုင်၊ နယ်ပိုင်၊ အရေးပိုင်လုပ်ခဲ့။
ပါတီနှင့် တာဝန်များ           ကရင်ပြည်နယ်၊ သံတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နာယက အဖွဲ့ဝင် (၁၉၈၉ ခုနှစ်မှ လက်ရှိ) ကယန်းအမျိုးသား ဒီမိုကရေစီပါတီ (Democratic Organization for Karen)၊ သဘာပတိအဖွဲ့ဝင် (၁၉၈၉ - လက်ရှိ)   ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် (UNLD)၊ သဘာပတိ အဖွဲ့ဝင် (၂ဝဝ၆ - လက်ရှိ) ညီညွတ်သော တိုင်းရင်းသားလူမျိုးစုများ မဟာမိတ်အဖွဲ့ (UNA)
ထိန်းသိမ်းခံခုနှစ်               ပုဒ်မ ၅ (ည) ဖြင့် အင်းစိန်ထောင်တွင် ၁၉၅၁ ခုနှစ်မှ ၁၉၅၆ ခုနှစ်ထိ ပြစ်ဒဏ်ကျခံခဲ့။
နေရပ်လိပ်စာ                   အမှတ် ၂၄၊ ထူပါရုံလမ်း၊ ၁ ရက်ကွက်၊ သာကေတ စုပေါင်းအိမ်ယာ၊ ရန်ကုန်တိုင်း

ရွေးကောက်ပွဲ မဝင်ရသည့် အကြောင်းရင်း

“အခြေခံဥပဒေရေးဆွဲတာဟာ မပြည့်စုံဘူး။ အချက်တွေ လိုနေသေးတယ်။ ဒီလို မပြည့်စုံတဲ့ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲခေါ်ရင် ကျနော်က ဘယ်လိုနည်းနဲ့မှ  မထောက်ခံနိုင်ဘူး”

၂ဝဝ၈ အခြေခံဥပဒေအပေါ် အမြင်

“အခြေခံဥပဒေမှာ လိုနေတာဘာလဲဆိုတော့ ဥပဒေပြုပိုင်ခွင့်ဇယား ၃ မျိုး ရှိရမယ်။ ဗဟိုရယ်၊ ဗဟိုနဲ့ ပြည်နယ်၊ နောက် ပြည်နယ်သက်သက် အဲလိုဇယားတွေ ရှိရမယ်။ ဗဟိုရော၊ ပြည်နယ်ရော ဝင်ဆန့်နိုင်မယ့် ညှိုနှိုင်းရေးအဖွဲ့ ရှိရမယ်။ ဥပဒေကို မှန်မှန်ကန်ကန်နဲ့ ပြန်လည်သုံးသပ်တဲ့ အထူးကော်မရှင်ရှိရမယ်။ အဲဒါ အရေးကြီးတယ်။ အဲဒါတွေပါမှ နိုင်ငံသား အခွင့်အရေး၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး တိုးတက်လာမှာပေါ့။ Constitution ဆိုတာ အုပ်ချုပ်ရေး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ခေါ်တာ။ မပြည့်စုံရင် အုပ်ချုပ်ရေး ဖျက်ဆီးပုံ အခြေခံဥပဒေပဲ ဖြစ်လိမ့်မယ်။ ကျနော်က အတိုက်အခံလည်း မဟုတ်ဘူး။ မပြည့်စုံလို့ကို မထောက်ခံတာ”

၂ဝ၁ဝ ရွေးကောက်ပွဲအပေါ် သဘောထား

“ကျနော်နားလည်ထားတာတော့ သူတို့ကြိုက်သလို သူတို့အာဏာကို တရားဝင်အောင် လုပ်နေတာ။ ကမ္ဘာကို မျက်လှည့်ပြနေတာ။ အာဏာရှင်အစိုးရကို အခြေခံဥပဒေနဲ့ တရားဝင်ဖြစ်အောင် လုပ်နေတာ။ ဖြစ်ရမှာက ပြည်သူလူထုက ရွေးချယ်တင်မြှောက်သော အစိုးရသည် ပြည်သူအတွက်ဖြစ်ရမှာ။ အခုတော့ မဟုတ်ဘူး။ သူတို့ဟာသူတို့ အစိုးရဖြစ်အောင် လုပ်မယ်။ သူတို့အကျိုးကို သူတို့လုပ်မယ့် အစိုးရပဲ တက်လာလိမ့်မယ်”

၁၉၉ဝ နှင့် ၂ဝ၁ဝ ရွေးကောက်ပွဲ ခြားနားချက်

“ရွေးကောက်ပွဲဆိုတာ ပြည်သူလူထုက အကြောက်အလန့်မရှိဘဲ စိတ်ဝင်တစားနဲ့ ဝင်ရောက်မှ ကောင်းပါတယ်။ အခုဟာက ပြည်သူလူထုက ကြောက်လန့်နေတဲ့အချိန် ရွေးကောက်ပွဲ ဝင်ကြတဲ့လူတွေက လွှတ်တော် အမတ်နေရာ အချောင်လိုချင်လို့သာ ဖြစ်တယ်။ ၉ဝ ခုနှစ်တုန်းက ပြည်သူတွေရော၊ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေရော စိတ်ဝင်တစားနဲ့ ဝင်ကြတယ်။ အဲဒီတော့ ၉ဝ ခုနှစ် ရွေးကောက်ပွဲနဲ့တော့ တော်တော်ကွာခြားပါတယ်။ အခုကတော့ ပြည်သူတွေက ကြောက်ကြောက်လန့်လန့် ဝင်ရမယ်။ အမတ်လောင်းတွေက အမတ်နေရာ အချောင်ရဖို့ ဝင်ကြမယ်”

“ကျနော် ရှင်းရှင်းပဲပြောမယ်။ ကျနော်တို့တိုင်းပြည်မှာ Rules of Laws ဆိုတဲ့ တရားဥပဒေ စိုးမိုးရေး မရှိဘူး။ လူတဦးတယောက်က အုပ်ချုပ်နေတဲ့ Rules of Man ပဲ ရှိတယ်။ အဲဒီတော့ ရွေးကောက်ပွဲကိုလည်း Rules of Man နဲ့ပဲ သူတို့ကြိုက်သလို လှည့်ပြီးတော့ လုပ်သွားမှာပဲ”

နိုင်ငံရေးအကျပ်အတည်းမှ လွတ်မြောက်ရာလမ်းအပေါ် သုံးသပ်ချက်


“သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို ပထမဆုံး လုပ်ရမယ်။ ဒါမှသာ အမျိုးသားရင်ကြားစေ့ရေးဆိုတာ တိုင်းပြည်မှာ ပေါ်ပေါက်လာမယ်။ အဲဒီကနေ အဖြေပေါ်လာမယ်။ အခုက သူတို့ ဒိုင်ယာလော့ခ် မလုပ်ချင်ဘူး။ ဆွေးနွေးဖို့ တဖက်က ကမ်းလှမ်းတဲ့လက်ကို ဂရုမစိုက်ဘဲ သူတို့ တရားဝင်အောင် ကမ္ဘာကို မျက်လှည့်ပြဖို့ပဲ လုပ်နေတယ်”

“သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကိုတော့ မျှော်မှန်းလို့ မရတော့ဘူး။ အဲတော့ စကားပုံတခုရှိတယ်။ Diamond cuts diamond. တဲ့။ စိန်သည် စိန်ကိုဖြတ်၏ တဲ့။ စိန်ဟာ မာတယ်။ သူ့ကိုဖြတ်နိုင်တဲ့ တခြားသတ္ထုမရှိဘူး။ စိန်ပဲ ရှိတယ်။ အဲဒီတော့ ဆိုးတဲ့၊ ကြမ်းတဲ့အရာကို သူ့ထက် ဆိုးတဲ့၊ ကြမ်းတဲ့ အရာကပဲ ဖျက်လို့ရမယ်”

“ကျနော် ဘုရားရှိခိုးတဲ့အခါတိုင်း ဆုတောင်းတယ်။ ဘာလဲဆိုတော့ သူတို့စစ်တပ်ထဲမှာလည်း နှစ်ခြမ်းကွဲနေတာ ရှိတယ်။ ဒါပေမဲ့ သတ္တိမရှိဘူး။ ကျနော် ဘယ်လိုဆုတောင်းသလဲဆိုတော့ အိုဘုရားသခင် နိုင်ငံရေးခေါင်းဆောင် တချို့ကို ထူးခြားသော ဆန္ဒတွေ၊ သတ္တိတွေ ပေးသနားတော်မူ၍ သူတို့သည် အုပ်ချုပ်ရေးအဖွဲ့တခု ဖွဲ့စည်းနိုင်အောင် ကူညီတော်မူပါလို့ အမြဲဆုတောင်းတယ်”

ရွေးကောက်ပွဲလွန်ကာလ ဖြစ်လာနိုင်သည့် တိုင်းပြည်အနေအထား

“ဒီနိုင်ငံရေး အကျပ်အတည်းရဲ့ ထွက်ပေါက်ဟာ သုံးပွင့်ဆိုင် ဆွေးနွေးရေးဖြစ်တယ်။ အဲဒါကို မလုပ်နိုင်ဘူး၊ သူတို့က လက်မခံဘူးဆိုရင် Diamond cuts diamond. ပဲ။ ဒါပဲ ရှိတယ်။ ဒီပုံအတိုင်း ဆက်သွားရင် တိုင်းပြည်မှာ ဖိနှိပ်မှုတွေ ပိုဆိုးလာမယ်။ တည်ငြိမ်အေးချမ်းမှု မရှိနိုင်ဘူး။ နိုင်ငံအတွင်းမှာ သွေးထွက်သံယိုမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်”

စစ်အစိုးရနှင့် နျူကလီးယားအန္တရာယ်အပေါ် အမြင်

“မြန်မာပြည်ကို UN (ကမ္ဘာ့ကုလသမဂ္ဂ) မှာ အရေးယူမယ်ဆိုရင် တရုတ်နဲ့ ရုရှားက အမြဲကန့်ကွက်နေခဲ့တယ်။ သူတို့ ကန့်ကွက်လို့ UN က ဘာမှအရေးမယူဘဲ လိုက်လျောနေခဲ့တယ်။ အဲဒါက မှားတယ်။ ကမ္ဘာအတွက် မကောင်းဘူး။ အခု နျူကလီးယား လက်နက်ကို သူတို့ တိတ်တဆိတ် လုပ်နေပြီ။ ရုရှားက ပညာရှင်တချို့လွှတ်ပြီး အကူအညီပေးနေတယ် ကြားရတယ်။ မြောက်ကိုရီးယားကိုလည်း ဆက်ဆံလိုက်သေးတယ်။ အဲဒီတော့ သူတို့ ပြောပြောနေတဲ့ ပြည်ပအားကိုး ပုဆိန်ရိုးဆိုတာ သူတို့မှ သူတို့ပဲ။ ရုရှားနဲ့ တရုတ်ကို အားကိုးနေတာ။ အဲဒီ နျူကလီးယားလက်နက်ဟာ ကမ္ဘာကိုချဖို့၊ ခြိမ်းခြောက်ဖို့။ ဒါကြောင့် ဒီကိစ္စကို လူငယ်တွေရော၊ အားလုံးပဲ နားလည်ဖို့ကောင်းတယ်။ အဲတော့ သူတို့က နျူလက်နက်ထုတ်လုပ်ပြီး ကိုင်ထားနိုင်တဲ့အဆင့်ကို တဖြည်းဖြည်းချင်း ရောက်သွားလိမ့်မယ်''

''UN ကလည်း အီရော အီရောနဲ့။ ချပါလား။ သူတို့ မချရဲဘူး။ အဲတော့ ဒီလိုအစိုးရမျိုးကို ကျနော် မထောက်ခံတာ အဆန်းမဟုတ်ဘူး”

ဖြည့်စွက်ပြောကြားချက်

“နိုင်ငံရေးသမားတွေကို ကျနော် မှာချင်တာကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ မပြည့်စုံဘူးဆိုတာကို နားလည်ကြပါ။ မပြည့်စုံတဲ့ အခြေခံဥပဒေနဲ့ ကျင်းပမယ့် ရွေးကောက်ပွဲကို ပြည်သူတွေအပေါ် သစ္စာဖောက်ပြီး မဝင်သင့်ပါဘူးလို့ ပြောချင်ပါတယ်”