www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
ကြာသပတေး, ၁၉ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

ဒေါက်တာ မင်းစိုးလင်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ဒေါက်တာ မင်းစိုးလင်း

(အတွင်းရေးမှူး၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့)


အမည်
ဒေါက်တာ မင်းစိုးလင်း
ရာထူး အတွင်းရေးမှူး (၁၉၈၉ - လက်ရှိ)၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ (Mon National Democratic Front)
ရေးမြို့နယ် မဲဆန္ဒနယ် အမှတ် - ၁ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
မွေးသက္ကရာဇ်
၃၁. ၈. ၁၉၅၇
မွေးရပ်ဇာတိ ကော့ဒွန်းကျေးရွာ၊ ရေးမြို့နယ်၊ မွန်ပြည်နယ်
မိဘအမည် ဦးသာခင်၊ ဒေါ်ခင်မြင့်
မွေးချင်း
မောင်နှစ်မ ၅ ဦးအနက် အကြီးဆုံး
ဇနီးအမည် ဒေါ်မိကွန်းထော
သားသမီး မရှိ
ပညာအရည်အချင်း ၁၉၇၇ ခုနှစ်တွင် မုဒုံမြို့ အထက ၁ မှ ဘာသာစုံဂုဏ်ထူးဖြင့် ၁ဝ တန်း အောင်မြင်ခဲ့။ ၁၉၈ဝ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ ရန်ကုန် မင်္ဂလာဒုံ ဆေးတက္ကသိုလ် ၂ တွင် တက်ရောက်ခဲ့ပြီးနောက် ၁၉၈၅ ခုနှစ်တွင် ဆရာဝန်ဘွဲ့ (M.B.B.S) ရရှိခဲ့။
နိုင်ငံရေးလောကသို့ ဝင်ရောက်ခဲ့ပုံ ၁၉၈၈ ခုနှစ်တွင် မော်လမြိုင်မြို့ အထွေထွေသပိတ်၌ ပါဝင်ခဲ့ပြီး ကျန်းမာရေး တာဝန်ခံအဖြစ် တာဝန်ယူခဲ့။ ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ တည်ထောင်ရာမှ စတင်၍ အထွေထွေ အတွင်းရေးမှူး တာဝန်ယူခဲ့။
ထိန်းသိမ်းခံရခြင်း ၁၉၉၇ ခုနှစ်တွင် အမှတ် ၅ စစ်ထောက်လှမ်းရေး တပ်ဝင်းအတွင်း တပတ်ခန့် ထိန်းသိမ်းခံခဲ့ရ။ ၁၉၉၈ ခုနှစ် စက်တင်ဘာလတွင် မွန်ပြည်သစ်ပါတီကို ပေးပို့သည့် အကြံပြုစာကို လက်မှတ်ရေးထိုးသဖြင့် နအဖနှင့် မွန်ပြည်သစ်ပါတီကြား အထင်မြင် လွဲမှားအောင် ပြုလုပ်သည်ဟုဆိုကာ အရေးပေါ် စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (ည) ဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရ။ ၂ဝဝ၄ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် မော်လမြိုင် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့။
လက်ရှိ လိပ်စာ အမှတ် ၆၅၉ (က)၊ အောက်လမ်းမကြီး၊ မောင်ကန်အလယ်တန်းရပ်၊ မော်လမြိုင်မြို့။


ရွေးကောက်ပွဲ မဝင်ရသည့် အကြောင်းရင်း

“၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ တိုင်းရင်းသားလူမျိုးတွေရဲ့ အကျိုး၊ ပြည်ထောင်စုရဲ့ အကျိုးရယ်၊ ဒီမိုကရေစီ ဖြစ်ထွန်းမှုကို လုံးဝ မဖော်ဆောင်နိုင်ဘူးလို့ အပြည့်အဝ ယုံကြည်တယ်။ ဒီအတိုင်း ဆက်သွားရင် စစ်အုပ်ချုပ်ရေး ဝဲဂယက် သံသရာထဲကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူးလို့ တိတိပပ ယုံကြည်တဲ့အတွက် ၂ဝဝ၈ (ဖွဲ့စည်းပုံ) ကို မပြင်ဘူးဆိုရင် မည်သည့် ရွေးကောက်ပွဲမဆို ကျနော်တို့ ဝင်မှာမဟုတ်ဘူးလို့ ကျနော့်အနေနဲ့ ဆန္ဒရှိတယ်”

၂ဝ၁ဝ ရွေးကောက်ပွဲအပေါ် အမြင်

“၂ဝ၁ဝ ရွေးကောက်ပွဲဟာ ၂ဝဝ၈ ကတည်းက ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်ရေး လမ်းကြောင်းကို ကျဉ်းကျဉ်းလေးပဲ ဖွင့်ထားတယ်။ နောက် ရွေးကောက်ပွဲကော်မရှင် ဥပဒေတွေ ထုတ်ပြန်တဲ့အခါကျ ပိုပြီးတော့ ကျဉ်းလာတာကို တွေ့ရတယ်။ အဲဒီ အင်မတန်ကျဉ်းတဲ့ အပေါက်ကနေ တိုးထွက်ပြီးတော့ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်ရမှာပါ။ တိုးထွက်ပြီးတော့ ဟိုဘက်ရောက်သွားမယ်ဆိုရင် ဒီအခြေခံဥပဒေကို ပြင်လို့မရဘဲ စစ်အုပ်ချုပ်ရေး ဝင်္ကပါထဲမှာ တနိုင်ငံလုံး ဝဲလည်လည် နာတာရှည် နှစ်ပေါင်းများစွာ ကြာလိမ့်မယ်ဆိုတဲ့အမြင် ရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်ကာလတွေကတော့ စစ်အစိုးရအတွက် လုပ်တိုင်းဖြစ်တဲ့ အနေအထားမျိုး ဖြစ်နေတယ်။ သူတို့ ၁၉၉ဝ ရွေးကောက်ပွဲကလွဲရင် ၉ဝ ရွေးကောက်ပွဲတုန်းကတော့ သူတို့ လုပ်တိုင်းမဖြစ်ခဲ့ဘူး။ ရွေးကောက်ပွဲပြီးတော့ ၁၉၉၃ မှာ အမျိုးသား ညီလာခံခေါ်တယ်။ ညီလာခံခေါ်တော့လည်းပဲ အတိုက်အခံတွေ ကြားကနေ ရွေးကောက်ခံရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ၄ဝဝ ကျော်ရှိတဲ့အထဲက ၁ဝ ယောက်ကျော်ကျော်လေးနဲ့ပဲ ရအောင်လုပ်ခဲ့တယ်။ သူတို့ ရခဲ့ပါတယ်။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ၁၄ နှစ်လောက် သူတို့ အချိန်ယူပြီးတော့ ဆွဲတယ်။ ၂ဝဝ၈ မှာ အတည်ပြုတယ်။ သူတို့ ရအောင် အတည်ပြုနိုင်ခဲ့ပါတယ်။ ကျနော်ထင်တယ် ၂ဝ၁ဝ ရွေးကောက်ပွဲကတော့ သူတို့ ဖြတ်သန်းခဲ့တဲ့ သူတို့လုပ်တိုင်း ရခဲ့တဲ့ဟာတွေလို မဟုတ်ဘူးလို့ ကျနော်မြင်တယ်”

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရလာဒ်အပေါ် သဘောထား

“ဒီရလာဒ်ကို ဖျက်သိမ်းတယ်ဆိုတာကို အမိန့်ဥပဒေတရပ်အနေနဲ့ ထုတ်ပြန်လို့ မရဘူးလေ။ ပြည်သူတွေ သောင်းနဲ့ သိန်းနဲ့ချီပြီး ဆန္ဒမဲပေးခဲ့တဲ့ ပြည်သူ့ဆန္ဒကို ကျနော်တို့ အလေးထားတယ်။ ၁၉၉ဝ ရွေးကောက်ပွဲရလာဒ်ကို ဖျက်သိမ်းလို့ မရပါဘူး။ အဲတော့ ၁၉၉ဝ ရွေးကောက်ပွဲကတည်းက ပေးထားတဲ့ ပြည်သူတွေရဲ့ လုပ်ပိုင်ခွင်ဟာ ကျနော်တို့လက်ထဲမှာ ရှိနေတုန်းပဲလို့ ယူဆတယ်။ အဲဒါကို ဘယ်လို အကောင်အထည် ဖော်ရမလဲဆိုတော့ ဖြစ်ပေါ်ပြောင်းလဲလာတဲ့ အနေအထားပေါ် မူတည်ပြီးတော့ ကျနော်တို့ အကောင်အထည် ဖော်သွားရမှာပေါ့”

၂ဝဝ၈ ခုနှစ် အခြေခံဥပဒေအပေါ် သဘောထား

“ဒါကို ရေးဆွဲတုန်းက အခြေခံရမယ့် မူထဲမှာ တပ်မတော်က နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ ပါဝင်ရမယ် ဆိုကတည်းက ကျနော် မနှစ်သက်တာပါ။ အာဏာသည် ပြည်သူက ဆင်းသက်ရမယ်။ တပ်မတော်သည် ပြည်သူ့ဝန်ထမ်း ဖြစ်တယ်။ နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍ လိုချင်ရင် နိုင်ငံရေးသမားလုပ်ပါ။ နိုင်ငံရေးသမား လုပ်ပြီးတော့ ပြည်သူတွေရဲ့ ဆန္ဒကို ရယူပါ။ ပြည်သူ့အာဏာကို ရယူပါ။ အဲလိုမူနဲ့ သွားမှ ဖြစ်မှာပါ။ ဒီ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်ရေး လမ်းကြောင်းနဲ့ ပြဒါးတလမ်း၊ သံတလမ်း ဖြစ်နေတယ်လို့ မြင်တယ်။ ဒါကို အသေးစိတ် ပြောရရင်တော့ အများကြီးဗျ။ ဆက်ဖတ်ဖို့တောင် မကောင်းတဲ့ ဖွဲ့စည်းပုံမျိုး ဖြစ်နေတယ်”

၁၉၉ဝ ရွေးကောက်ပွဲနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲ ခြားနားချက်

“၁၉၉ဝ ရွေးကောက်ပွဲတုန်းက ကော်မရှင်ကစ ဖွဲ့စည်းပုံကလည်း မရှိဘူး။ ကော်မရှင်ကစ ညင်သာတယ်။ ဥပမာ - ပါတီထောင်တယ်ဆို ၉ဝ တုန်းက ငွေကြေးစပေါ် တင်ရခြင်းလည်း မရှိပါဘူး။ အခုက ၃ သိန်း ပေးရတယ်။ နောက်တခါ ကိုယ်စားလှယ်တွေ ၁ သောင်းပဲ ပေးရတယ်၊ ရွေးကောက်ပွဲဝင်ဖို့ ကိုယ်စားလှယ် တင်မယ်ဆိုရင်ပေါ့၊ အခုက ၅ သိန်း။ နောက်ပြီး ပြန်ရဖို့ကလည်း အလားအလာ မရှိဘူး။ အဲဒါတွေကအစ အများကြီး ကွာခြားပါတယ်။ နောက် ၁၉၉ဝ ရွေးကောက်ပွဲ ဝင်တယ်ဆိုတာ လွတ်လပ်ပြီး တရားမျှတတဲ့ အနေအထားမှာ ရှိနေတဲ့အတွက် ကျနော် ဝင်ခြင်းဖြစ်တယ်။ ရွေးကောက်ပွဲပြီးရင် ကျနော်တို့ ဖွဲ့စည်းပုံဆွဲကြမယ်။ အဲလိုအနေအထားမှာ ရှိတယ်။ ဒီ ၂ဝ၁ဝ ကျတော့ အင်မတန် ကျဉ်းကျပ်တဲ့ ဖွဲ့စည်းပုံ၊ ဒီမိုကရေစီကို ဘယ်လိုမှ မဖော်ဆောင်နိုင်တဲ့ ဖွဲ့စည်းပုံ၊ ကျနော်တို့ အဲဒါကို ဦးထိပ်ပန်ဆင်၊ ဒါကို လက်ခံပါတယ်ဆိုပြီး လက်မှတ်ထိုးပြီးမှ ကျနော်တို့ ဝင်ရမယ်ဆိုတော့ ဘယ်လိုမှ မဖြစ်ဘူး။ ချုပ်ပြီးသား၊ နှောင်ပြီးသား ဖြစ်နေတဲ့ ဖွဲ့စည်းပုံပေါ်မှာ ဒီရွေးကောက်ပွဲကို ကျနော်တို့ မဝင်ခြင်းဖြစ်တယ်”

၂ဝ၁ဝ ရွေးကောက်ပွဲအား နိုင်ငံတကာမှ အသိအမှတ်ပြုမှုအပေါ် အမြင်

“၂ဝ၁ဝ ရွေးကောက်ပွဲက တယောက်ထဲ အပြေးပြိုင်သလိုမျိုး ဖြစ်နေတယ်။ တယောက်ထဲ အပြေးပြိုင်တဲ့ အခါကျတော့ ယှဉ်ပြိုင်သူ မရှိဘူးပေါ့ဗျာ။ သူတို့ ပန်းတော့ ဝင်ကြမှာပဲ။ သူတို့ ပထမရခြင်းသည် ကျန်တဲ့လူကို တုပ်နှောင်ထားပြီးတော့ အပြေးပြိုင်တဲ့ သဘောမျိုး ဖြစ်တဲ့အခါကျတော့ နိုင်ငံတကာရဲ့ ထောက်ခံမှု၊ တိုင်းရင်းသားတွေရဲ့ လေးစားမှု၊ကို သူတို့အနေနဲ့ ဘယ်လိုမှ ရနိုင်မှာမဟုတ်ဘူးလို့ ထင်ပါတယ်”

ဖွဲ့စည်းပုံကို လွှတ်တော်အတွင်း ပြုပြင်နိုင်ဖွယ် ရှိ၊ မရှိ အမြင်သဘောထား

“ချည်ပြီး တုပ်ပြီးသားဆိုတော့ ၂၅ ရာခိုင်နှုန်းက တပ်မတော်က ယူထားပြီးသား။ ဒါက အမာပိုင်းပဲ။ ကျနော်တို့ ၇၅ ရာခိုင်နှုန်းရမှ ပါလီမန်မှာ အပြောင်းအလဲ လုပ်လို့ရမှာ။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ ပြည်လုံးကျွတ်ညီလာခံ ပြန်လုပ်ရမှာ။ ၇၅ ရာခိုင်နှုန်းရမှ ပြင်ဖို့အလားအလာရှိမှာ။ ကျနော်တို့ ၇၅ ရာခိုင်နှုန်း ဘယ်လိုမှ မရနိုင်ဘူး။ နောက်ထပ် ကျနော်တို့ ကြားနေရတာက ယခင် တပ်မတော်ဝင်ဟောင်းတွေကို နယ်ခံတွေ ဖြစ်တယ်ဆိုရင် အထောက်အပံ့ ပေးပြီးတော့ နည်းလမ်းပေါင်းစုံနဲ့ တသီးပုဂ္ဂလတွေ၊ ပါတီတွေ ထောင်ပြီးတော့ လူမသိ၊ သူမသိ အထဲကို တိုးဝင်လိမ့်မယ်။ အဲလို တိုးဝင်လာတဲ့အခါကျတော့ ကျနော်တို့ဘက်က ၇၅ ရာခိုင်နှုန်းက ဘယ်လိုမှ မရနိုင်တဲ့ အနေအထားမှာ ရှိနေတယ်ဗျ။ အဲတော့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို အများတွေးထင်ထားသလို ဘယ်လိုမှ ပြုပြင်လို့ရမှာ မဟုတ်ဘူး”

ရွေးကောက်ပွဲလွန်ကာလ ခန့်မှန်းချက်

“တိုင်းသူပြည်သားက ရွေးကောက်ပွဲတို့၊ နိုင်ငံရေးတို့ကို စိတ်ဝင်စားတာကလည်း တပိုင်းပေါ့။ စားဝတ်နေရေးက တော်တော်ကြီး ရုန်းကန်နေရတယ်။ အခုဆိုရင် ကျနော်တို့ မော်လမြိုင် အပါအဝင် ရန်ကုန်မှာလည်း သတင်းရပါတယ်။ ရေတို့၊ မီးတို့ ဒါတွေကအစ တနေ့လုပ် တနေ့စားတွေ တော်တော်လေး ဒုက္ခရောက်နေပါတယ်။ ကျနော်ထင်တယ်၊ ဒီဆင်းရဲမှု ပြဿနာက ထပေါက်ကွဲတာမျိုး ဖြစ်လာနိုင်တဲ့ အနေအထားမှာ ရှိတယ်။ ကျနော်တို့ မော်လမြိုင်မှာနေတာ နှစ်ပေါင်း တော်တော်ကြာပါပြီ။ ဒီလောက်ထိ ကျပ်တည်းတဲ့ကာလဟာ တော်တော်တွေ့ရခဲပါတယ်။ ဆိုတော့ကာ ဒီရွေးကောက်ပွဲကာလ မတိုင်ခင်နဲ့ ရွေးကောက်ပွဲလွန် ကာလတွေမှာ ပြည်သူတွေရဲ့ မကျေနပ်မှုကို တနည်းနည်းနဲ့ ထုတ်ဖော်လာတဲ့ အနေအထား တခုခုတော့ ပေါ်ပေါက်လာမယ် ထင်တယ်။ နောက်တခုက အပစ်အခတ် ရပ်စဲရေးအဖွဲ့တွေကလည်း ထိန်းသိမ်းမနိုင်တဲ့ အနေအထားဖြစ်လာရင် အဲဒီကနေများ စစ်မီးများ ထတောက်လာတဲ့ အနေအထားမျိုး ဖြစ်လာလေမလားလို့ အဲလိုမြင်မိတယ်”

ရှေ့ဆက် လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များ

“မွန်ဒီမိုကရေစီအဖွဲ့ဟာ ၉ဝ ခုနှစ်ကနေ ဒီနေ့အထိ ဖျက်သိမ်းခံခဲ့ရတာ ၁၈ နှစ်ကျော်ခဲ့ပါပြီ။ အဲဒီကာလ အတောအတွင်းမှာ ကျနော်တို့ ပါတီအဖွဲ့အစည်းဟာ ရုံးချုပ်နဲ့ တခြားရုံးခွဲတွေ တည်ထောင်ခွင့် မရှိပါဘူး။ အလံမရှိပါဘူး။ ဆိုင်းဘုတ် မရှိပါဘူး။ ဒါပေမဲ့ ကျနော်တို့ ၁၈ နှစ် လုံးလုံး ဒီပါတီတခုကို ဒီအသိုင်းအဝိုင်းတခုကို ဆက်လက်ပြီးတော့ ထူထောင်ထားနိုင်ဆဲပဲ ဖြစ်တယ်။ သူတို့ မှတ်ပုံတင်မရှိဘဲနဲ့ လှုပ်ရှားရတယ်၊ စည်းရုံးရတယ်ဆိုတာ နေသားကျနေပါပြီ။ အဲတော့ ဒီအတိုင်းပဲ ဆက်လက်လှုပ်ရှား ရုန်းကန်သွားမှာပါ။ တိုင်းရင်းသားပြည်သူတွေ တောင်းဆိုနေတဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့်ရှိတဲ့ သက်ဆိုင်ရာ လူမျိုးအသီးသီးရဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးတခု ပေါ်ထွက်လာဖို့အတွက်က ကျနော်တို့ရဲ အန္တိမ ရည်မှန်းချက်ပါ။ ဒီမိုကရေစီစနစ်ကို ရောက်ဖို့က ရွေးကောက်ပွဲတွေ တလီ၊ နှစ်လီ၊ သုံးလီ ဖြတ်သန်းကြရမှာလေ။ အဲဒီအခါမှာ ရွေးကောက်ပွဲတခုဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲု ဖြစ်ရမယ်။ ဖွဲ့စည်းပုံဆွဲပြီးသား ဒီလိုအခြေအနေမျိုး ဖြစ်မယ်ဆိုရင်လည်းပဲ အဲဒီဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဖက်ဒရယ် ပြည်ထောင်စုဘက်ကို ဦးတည်တဲ့၊ စစ်မှန်တဲ့ ဖွဲ့စည်းပုံဖြစ်ရမယ်။ ကျနော်တို့ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့က တိုက်နေတာ ၂ဝဝ၈ ဖွဲ့စည်းပုံပဲ။ အဲဒါက လိုလားတဲ့ ပုံစံမျိုးအတိုင်း တိုင်းရင်းသားကိုယ်စီ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပိုင်ဖို့ အခွင့်အရေးတွေ မရှိဘူး။ နောက်ပြီး ပြည်ထောင်စု တခုလုံးကိုလည်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို တာဝန်ခံနိုင်တဲ့ ဖွဲ့စည်းပုံမျိုး မဟုတ်တဲ့အခါကျတော့ အဲဒီဖွဲ့စည်းပုံကို လက်မခံခြင်းဖြစ်တယ်။ အဲတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကျနော်တို့ လိုချင်တဲ့ ပုံစံမျိုးနဲ့ မရရအောင် ရေးဆွဲအကောင်အထည် ဖော်သွားဖို့က ပထမကျတယ်လို့ ကျနော် မြင်မိတယ်”