www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
ကြာသပတေး, ၁၉ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

ဦးအေးသာအောင်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
ဦးအေးသာအောင်
(အထွေထွေ အတွင်းရေးမှူး၊ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် - ALD)

အမည်                           ဦးအေးသာအောင်
အဖွဲ့အမည်၊ တာဝန်           တွဲဖက် အတွင်းရေးမှူး (၁၉၈၉-၁၉၉၁) ၊ အထွေထွေ အတွင်းရေးမှူး (၁၉၉၁ မှ လက်ရှိ) ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် (ALD)
အတွင်းရေးမှူး၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP)
(၁၉၉၈ မှ လက်ရှိ)
အတွင်းရေးမှူး အဖွဲ့ဝင်၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် UNLD (၁၉၈၉ မှ လက်ရှိ)
မွေးသက္ကရာဇ်                   ၁ဝ. ၁၂. ၁၉၄၅
မိဘအမည်                      ဦးအောင်ထွန်းဇံ၊ ဒေါ်အေးမြိုင်
မွေးရပ်ဇာတိ                    မြေပုံမြို့၊ ရခိုင်ပြည်နယ်
မွေးချင်း                          မောင်နှစ်မ ၅ ဦးအနက် တတိယမြောက်
ဇနီးအမည်                      ဒေါ်သိန်းရင်
သားသမီး                        သား ၂ ဦး ရှိ
လက်ရှိလိပ်စာ                  အမှတ် ၃၇၃၊ အောက်ပုစွန်တောင်လမ်း၊ ၃ ရပ်ကွက်၊ ပုစွန်တောင်မြို့နယ်၊ ရန်ကုန်တိုင်း
ပညာအရည်အချင်း            ၁၉၆၁ ခုနှစ်တွင် လသာ အထက (၁) ကျောင်းမှ ၁ဝ တန်း အောင်မြင်ခဲ့
ပါဝင်ခဲ့သည့် အဖွဲ့များ         ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် (Arakan League for Democracy)
ထိန်းသိမ်းခံ ခုနှစ်              တပါတီ အာဏာရှင်စနစ် ဆန့်ကျင်ရေး မြေအောက်လှုပ်ရှာမှု ပြုလုပ်သဖြင့် ၁၉၇၅ ခုနှစ်တွင် အင်းစိန်ထောင်၌ ၂ နှစ်ခွဲခန့် ထောင်ဒဏ်ကျခံခဲ့ရ။
၂ဝဝဝ ခုနှစ် ဧပြီလတွင် ထိန်းသိမ်းခံခဲ့ရပြီးနောက် အစိုးရ အကြည်ညိုပျက်စေရန် ရေးသားလှုံ့ဆော်မှု ၅ (က)၊ ပုံနှိပ်ဥပဒေ ၁၇ ၊ ၂ဝ ဟူ၍ ပုဒ်မ ၃ ခုဖြင့် တရားစွဲဆိုကာ ထောင်ဒဏ် ၂၁ နှစ် ချမှတ်ခဲ့။ သို့သော် ၂ဝဝ၂ ခုနှစ်တွင် အဆုတ်ကင်ဆာဖြစ်သဖြင့် ခွဲစိတ်ကုသရန် ပြန်လွှတ်ပေးခဲ့သည်။

ရွေးကောက်ပွဲ မဝင်ရသည့် အကြောင်းအရင်း


“၂ဝဝ၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လေ့လာကြည့်တဲ့အခါကျတော့ အချက် ၂ ချက် တွေ့ရတယ်။ ပထမတချက်က ဒီဥပဒေအရ တိုင်းပြည်ဟာ ဒီမိုကရေစီနိုင်ငံ ဖြစ်လာဖို့ အလားအလာ မရှိဘူး။ ဘာကြောင့် ပြောနိုင်သလဲဆိုတော့ တပ်မတော်က လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်း နေရာယူထားပြီးတော့ အရေးကြီးတဲ့ ဝန်ကြီးဌာန ၃ ခုဖြစ်တဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ဒေသရေးကိုလည်း တပ်က ရယူထားတဲ့အပြင် ဖွဲ့စည်းပုံကို ပြင်လို့ မရနိုင်လောက်အောင် ရေးဆွဲထားတယ်။ ဥပမာ - လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း ကျော် ထောက်ခံမှ ပြင်လို့ရမယ်လို့ ပါတယ်။ တပ်မတော်က ၂၅ ရာခိုင်နှုန်း ယူထားတော့ ကျန်တဲ့အရပ်ဘက် ၇၅ ရာခိုင်နှုန်း ညီညွှတ်ဖို့တောင် မလွယ်တာ ၇၅ ရာခိုင်နှုန်းကျော်မှ ပြင်ရမယ်ဆိုတော့ ပြင်ဖို့မလွယ်တော့ဘူး''

''နောက်တခုက သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်စသဖြင့် အဖွဲ့ဝင် ၁၁ ဦး ပါဝင်တဲ့ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဆိုပြီး တခုဖွဲ့ထားတယ်။ ဒီကောင်စီဟာ အမြင့်ဆုံးအာဏာတွေကို ချုပ်ကိုင်ထားမယ့် သဘောရှိတယ်။ ပြီးတော့ အဲဒီကောင်စီရဲ့ အဖွဲ့ဝင် ၁၁ ဦးမှာ စစ်တပ်က ၆ ဦး ပါတယ်။ ကျန် ၅ ယေက်ထဲမှာလည်း တပ်နဲ့ သက်ဆိုင်သူတွေ ပါနိုင်တယ်။ ဒီကောင်စီဟာ တိုင်းပြည်နဲ့ ပတ်သက်ပြီး အဆုံးအဖြတ်ပေးမယ့် အဖွဲ့အစည်းတခု ဖြစ်နေတယ်''

''ဒါကိုကြည့်ခြင်းအားဖြင့် ကျနော်တို့မျှော်မှန်းတာက တိုင်းပြည်ဟာ ဒီမိုကရေစီနိုင်ငံဖြစ်မှ၊ ဒီမိုကရေစီ အခြေခံတွေ ပြည့်ဝမှ နိုင်ငံရေး၊ စီးပွားရေး လွတ်လပ်ခွင့်တွေ ရှိမယ်၊ ဒါမှ တိုင်းပြည် ဖွံဖြိုးတိုးတက်မယ်။ အခုက ဒီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက ချုပ်ကိုင်ထားတဲ့အတွက်ကြောင့် ဒီမိုကရေစီ အခွင့်အရေး၊ လူ့အခွင့်အရေးတွေ ဆုံးရှုံးနေမယ်။ ဒါကြောင့် ပါလီမန် ဒီမိုကရေစီကိုလည်း စစ်တပ်က ချုပ်ကိုင်ထားတော့မယ်။ စစ်အုပ်ချုပ်ရေးအောက်မှပဲ ရှိနေမယ်။ ကျနော်တို့ဖြစ်ချင်တာ ပါလီမန် ဒီမိုကရေစီကို လွတ်လွတ်လပ်လပ်ပဲ ဖြစ်စေချင်တယ်။ ဒါက မဝင်ရတဲ့ အကြောင်းပြချက်တခု''

''နောက်တခုက ၄၈ ခုနှစ်မှာ လွတ်လပ်ရေးရဖို့အတွက် ပင်လုံစာချုပ်မှာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို တန်းတူညီတူရဖို့ သဘောတူညီခဲ့တယ်။ အခု နှစ်ပေါင်း ၆ဝ ကျော်လာတဲ့အထိ တိုင်းရင်းသားတွေ၊ ပြည်နယ်တွေ တန်းတူအခွင့်အရေး မရခဲ့ဘူး။ တိုင်းရင်းသား လူမျိုးတွေရဲ့ မွေးရာပါ အခွင့်အရေးတွေ မရဘူး''

''ဒီဖွဲ့စည်းပုံအရ ပြည်နယ်တွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတွေ၊ ဒေသတွေ သတ်မှတ်ပေးထားပေမယ့် အဲဒီဒေသတွေမှာ တပ်မတော် ကိုယ်စားလှယ်တွေက ၂၅ ရာခိုင်နှုန်း ပါကြမယ်။ ပြည်နယ်ဝန်ကြီးချုပ်ကို သမ္မတက ခန့်မယ်ဆိုတော့ ပြည်နယ်ရဲ့ ဥပဒေပြုခွင့်က မယ်မယ်ရရ ဘာမှပြောပလောက်အောင် မရှိဘူး။ ဒါကြောင့် ပြည်နယ်တွေရဲ့ တန်းတူညီတူ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကို လိုလားတဲ့ အန်ကယ်တို့ရဲ့ ရည်မှန်းချက်နဲ့ မကိုက်ဘူး။ တိုင်းရင်းသား အခွင့်အရေးတွေကို ဒီဖွဲ့စည်းပုံက လျစ်လျူရှုထားတယ်။ တပ်မတော်ကပဲ ပြည်နယ်တွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတွေ၊ ဒေသတွေကို စိုးမိုးချယ်လှယ် အုပ်ချုပ်နိုင်မှာ ဖြစ်တဲ့အတွက် တိုင်းရင်းသားတွေရဲ့ တန်းတူရေး၊ အခွင့်အရေးတွေဟာ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဘယ်လိုနည်းနဲ့မှ ဖော်ဆောင်နိုင်မယ်၊ ပေါ်ထွက်လာမယ်လို့ မယုံကြည့်တဲ့အတွက် ဒီဥပဒေအရ ကျင်းပပေးမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲကို မဝင်ရောက်တာ ဖြစ်ပါတယ်''

ရွေးကောက်ပွဲဝင်ရောက်နိုင်မည့် အနေအထား

“ဒီ ၂ဝဝ၈ အခြေခံဥပေဒကို ပြုပြင်ရေးပေါ့၊ ဒီမိုကရေစီအခြေခံတဲ့ တိုင်းရင်းသား အခွင့်အရေးတွေ ဖော်ဆောင်ပေးမယ့် အချက်အလက်တွေကို ပြင်ဆင်မယ်ဆိုရင် ရွေးကောက်ပွဲဝင်ဖို့ စဉ်းစားမယ်”

၂ဝ၁ဝ ရွေးကောက်ပွဲ၏ လိုအပ်ချက်

“ရွေးကောက်ပွဲဆိုတာ နိုင်ငံတနိုင်ငံကို ဒီမိုကရေစီဖော်ဆောင်ဖို့အတွက် လုပ်ထုံးလုပ်နည်းတခုပေါ့။ ရွေးကောက်ပွဲ ကျင်းပပေးရုံနဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာမယ်၊ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ရောက်လာမယ်လို့ သေချာပေါက် ပြောလို့မရဘူး။ ဒါကြောင့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ် ထူထောင်ဖို့အတွက် အချက်တချက်ပဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမလုပ်ခင်မှာ ကောင်းမွန်တဲ့ နိုင်ငံရေးအခင်းအကျင်းတွေလုပ်ဖို့ လိုအပ်ပါတယ်။ ကျနော်တို့နိုင်ငံမှာ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲနေပါတယ်။ အထူးသဖြင့် တပ်မတော်အင်အားစုနဲ့ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသား အင်အားစုတွေ မညီမညွတ် ဖြစ်နေပါတယ်။ ဒါတွေကို ညီညွတ်အောင်လုပ်ဖို့ အမျိုးသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်ရပါမယ်။ အဲဒါ တည်ဆောက်ဖို့အတွက် ရွေးကောက်ပွဲမတိုင်မီ တွေ့ဆုံဆွေးနွေးရေးတွေ လုပ်ပြီးတော့ အမျိုးသား စည်းလုံးညီညွတ်ရေး အတွက် လုပ်ငန်းစဉ်တွေ ချရပါမယ်။ ဖွဲ့စည်းပုံတွေ ဆွဲရပါတယ်။ အဲလို အခင်းအကျင်းတွေပြီးမှ ရွေးကောက်ပွဲကို သွားဖို့လိုပါတယ်။ အခု နိုင်ငံရေး အခင်းအကျင်းတွေက ဒီမိုကရေစီနိုင်ငံ ဖော်ဆောင်ပေးမယ့် အခင်းအကျင်းမျိုး မဟုတ်ပါဘူး”

၁၉၉ဝ ရွေးကောက်ပွဲနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲ ကွာခြားချက်

''ဟိုတုန်းကတော့ အပြောင်းအလဲတခုခု ဖြစ်မယ်ပေါ့။ ဒီမိုကရေစီနိုင်ငံ ဖြစ်လာမယ်။ ရွေးကောက်ပွဲပြီးရင် အနိုင်ရပါတီက အစိုးရဖွဲ့မယ်။ ပြီးရင် လွှတ်တော်ခေါ်မယ်။ လွှတ်တော်မှာ အမျိုးသားရေး လုပ်ငန်းစဉ်တွေချမယ်။ ဖွဲစည်းပုံရေးဖို့အတွက် ပင်လုံလိုမျိုး ညီလာခံခေါ်ယူမယ်။ ဒါမှမဟုတ် အထူးတာဝန်ပေးထားတဲ့ ကော်မရှင်တရပ်က အခြေခံ ဥပဒေရေးဆွဲဖို့လုပ်မယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တိုင်းရင်းသားဆန္ဒ၊ ပြည်သူတွေရဲ့ ဆန္ဒတွေနဲ့ ရေးနိုင်မယ်။ အဲဒီအခါ စစ်မှန်တဲ့ ပြည်ထောင်စုတခု ပေါ်ထွက်လာမယ်လို့ ရွေးကောက်ပွဲမတိုင်မီ အခင်းအကျင်းတွေအရ မျှော်လင့်လို့ရတယ်''

''အခုက အဲဒီလို မျှော်လင့်လို့မရဘူး။ ဖွဲ့စည်းပုံကို တဖက်သတ်ရေးဆွဲတယ်။ ညီလာခံကလည်း ပင်လုံလိုမျိုး မဟုတ်ဘဲ တဖက်သတ်ကျင်းပတယ်။ သူတို့ချမှတ်ထားတဲ့ မူအတိုင်း တဖတ်သတ်ရေးဆွဲတယ်။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကိုလည်း လျစ်လျူရှုတယ်။ ၉ဝ တုန်းက နဝတဟာ အခြေခံဥပဒေကို အကာအကွယ်ယူထားတာ မရှိဘူး။ ဒီ ၂ဝ၁ဝ မှာတော့ နအဖက ၂ဝဝ၈ အခြေခံဥပဒေနဲ့ အကာအကွယ် ယူထားတယ်။ အဲဒါတွေ  ကွာခြားတယ်''

၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်အပေါ် သဘောထား

''ကျနော်တို့ကတော့ ဒီ ၉ဝ ရလဒ်ကို ဆုပ်ကိုင်ထားမယ်။ ၉ဝ ရလဒ်ဟာ နဝတ က ကျင်းပပေးတာ ဖြစ်ပေမယ့် လွတ်လပ်ပြီး တရားမျှတတယ်။ နိုင်ငံတကာကလည်း အသိအမှတ်ပြုတယ်။ ကြေလည်း ကြေညာပြီးပြီ။ ဒါကို တစုံတခုသော နည်းလမ်းနဲ့ မဖော်ဆောင်ဘူးဆိုရင် နိုင်ငံအတွက်ရော၊ နိုင်ငံရေးသမိုင်းမှာပါ အမည်းစက်တခုအဖြစ် တင်ကျန်ခဲ့မှာ ဖြစ်တယ်။ မကောင်းတဲ့ အစဉ်အလာတခုပဲ။ ဒါကို တနည်းနည်းနဲ့ သိက္ခာရှိရှိ အကောင်အထည် ဖော်စေချင်တယ်။ အကောင်အထည် မဖော်မချင်း ဆုပ်ကိုင်ထားမယ်''

ရွေးကောက်ပွဲလွန်ကာလ ဖြစ်လာနိုင်မည့် အနေအထား

''ဒီရွေးကောက်ပွဲဟာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ဖော်ဆောင်ပေးနိုင်မယ်လို့ မယူဆဘူး။ အဲတော့ ရွေးကောက်ပွဲလွန်ကာလမှာ တိုင်းရင်းသားတွေရဲ့ ကျေနပ်မှုကိုလည်း ရမယ်မထင်ဘူး။ တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ KIO ၊ ဝ ၊ မွန်ပြည်သစ်တွေကလည်း ၂ဝဝ၈ အခြေခံဥပဒေအရ လုပ်ဆောင်လာတဲ့ နယ်ခြားစောင့်တပ်အရေးကို လက်မခံဘူး။ အဲတော့ တိုင်းပြည်မှာ နိုင်ငံရေး တည်ငြိမ်မှုတွေ မရှိနိုင်ဘူး။ ပြည်တွင်းစစ်ကိုလည်း ငြိမ်းစေမှာ မဟုတ်သလို၊ ပြည့်ဝတဲ့ ငြိမ်းချမ်းရေးကိုလည်း ဖော်ဆောင်နိုင်မှာ မဟုတ်ဘူး။ အန်ကယ်တို့လို ပါတီတွေ၊ NLD လို ပါတီတွေ မပါဝင်တဲ့အတွက် အမေရိကန်၊ ဥရောပနိုင်ငံတွေ အပါအဝင် နိုင်ငံတကာကလည်း ဒီရလဒ်ကို အသိအမှတ်ပြုမယ်လို့ မယုံကြည်ဘူး။ ဒီလိုဆိုရင် ဒီရွေးကောက်ပွဲရဲ့ ဟိုဘက် ရလဒ်ဟာလည်းပဲ နိုင်ငံရေးအဓိပ္ပာယ် ရှိလိမ့်မှာ မဟုတ်ဘူး။