www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
စနေ, ၁၈ နိုဝင်ဘာ ၂၀၁၇

Mizzima Burmese

Home > အထူးကဏ္ဍ > ၂၀၁၀ ရွေးကောက်ပွဲ

တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
22:10
တောင်ဒဂုံ သက်ကြီးပူဇော်ပွဲ
တောင်ဒဂုံ (၄၅) ရပ်ကွက်ရှိ လူ့အခွင့်အရေး  လှုပ်ရှားသူ ဒေါ်ခင်အေးအိမ်တွင် ပြုလုပ်သော သက်ကြီးပူဇော်ပွဲအသွား  လမ်းတလျှောက် လူငယ်များ ရွေးကောက်ပွဲတွင် မဲမပေးလိုက နေခွင့်ရှိကြောင်း  ပညာပေး စာစောင်များ အောက်တိုဘာ ၃၁ ရက်က  ဖြန့်ဝေရင်း လူထုအား မဲရုံမသွားရန်  နှိုးဆော်ခဲ့ကြသည်။ ဓာတ်ပုံ- မဇ္ဈိမ။ ရွေးကောက်ပွဲကို သပိတ်မှောက်ရန်  လှုံ့ဆော်သူကို ထောင်ဒဏ် ၁ နှစ်အထိ အပြစ်ပေးနိုင်ကြောင်း စစ်အစိုးရအာဘော်  မြန်မာ့အလင်း သတင်းစာက  ဖော်ပြခဲ့သည်။ တောင်ဒဂုံ လူ့အခွင့်အရေး လှုပ်ရှားသူ  ဒေါ်ခင်အေး အိမ်အသွားလမ်းတွင် လုံထိန်းများ တားဆီး၍ လူငယ်များနှင့် အခြေအတင်  စကားများခဲ့သည်။ ဓာတ်ပုံ-  မဇ္ဈိမ။ အခြေအတင် ဖြစ်ပြီးနောက် လုံထိန်းက  တယောက်ချင်းသွားရန် ပြော၍ သက်ကြီးပူဇော်ပွဲလာ လူငယ်များ တောင်ဒဂုံ (၄၅)  ရပ်ကွက်တွင်း တန်းစီ ဝင်လာကြသည်။ ဓာတ်ပုံ-  မဇ္ဈိမ။
22:00
မုန်တိုင်း ဂီရိကြောင့် ကျပ် ၁၈ ဘီလီယံ ဆုံးရှုံး
ဂီရိမုန်တိုင်းသင့် ရခိုင်ဒေသမှာ ကျပ်ငွေ ၁၈ ဘီလီယံ (သန်းပေါင်း ၁၈ဝဝဝ) ဆုံးရှုံးခဲ့ကြောင်း မြန်မာအစိုးရ စာရင်းအရ သိရတယ်လို့ ရန်ကုန်အခြေစိုက် ကုလရုံးက မနေ့တုန်းက သတင်းထုတ်ပါတယ်။

အောက်တိုဘာလ ၂၂ ရက်နေ့မှာ ရခိုင်ကမ်းရိုးတန်းဒေသ ၇ မြို့နယ်ကို ဂီရီဆိုင်ကလုန်း တိုက်ခတ်ခဲ့တာကြောင့် မြေပုံ၊ ကျောက်ဖြူ၊ ပေါက်တောနဲ့ မင်းပြားမြို့နယ်တွေမှာ လူအသေအပျောက်နဲ့ အထိအခိုက် အများဆုံး ဖြစ်ခဲ့ပါတယ်။ လူပေါင်း ၂ သိန်းလောက် မုန်တိုင်းသင့်ခံရပြီး၊ ၄၅ ဦး သေဆုံး၊ ၄၉ ဦး ဒဏ်ရာရ၊ ၁ဝ ဦး ပျောက်ဆုံးတယ်လို့ ကုလရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မုန်တိုင်းသင့် ဒေသတွေကို ပုဂ္ဂလိက ကယ်ဆယ်ရေး လုပ်သားတွေ၊ ကုလနဲ့ နိုင်ငံတကာ အဖွဲ့တွေက အရေးပေါ် အကူအညီ ပေးအပ်ကြရာမှာ အမေရိကန်က ဒေါ်လာ ၁ သိန်းနဲ့ ဗြိတိန်က ဒေါ်လာ ၇ သိန်းခွဲ ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
21:55
ရွေးကောက်ပွဲ သတင်းမရ
ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်ရှိ နတ်မော်အုန်းရွာတွင် တောင်ယာ လုပ်ကိုင်သော အခါလူမျိုး မိလုံးနှင့် မိအဖယ်သည် ရွေးကောက်ပွဲကို သိသော်လည်း မည်သည့် ပါတီကို မဲထည့်ရမည်မှန်းမသိ ဖြစ်နေသည်။ မည်သူကမျှ ပြောမပြသဖြင့် ရွေးကောက်ပွဲဆိုင်ရာ အကြောင်းစုံကို အခါလူမျိုးများ သေချာစွာ မသိသေးပါ။
21:50
တစည အမတ်လောင်း ကွယ်လွန်
ဧရာဝတီတိုင်း ဒေးဒရဲမြို့မှာရှိတဲ့ တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေးပါတီ တစည ရဲ့ အမျိုးသား လွှတ်တော်အတွက် အမတ်လောင်း ဦးဝင်းဆွေ (အသက် ၆ဝ ကျော်) ဟာ လေဖြတ်ရောဂါနဲ့ လွန်ခဲ့တဲ့ ၇ ရက်တုန်းက ကွယ်လွန်ခဲ့ပါတယ်။

“နာမကျန်း မဖြစ်ခင်တုန်းက လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီး စကားပြောမိသေးတယ်။ နောက် ၄၊ ၅ ရက်လောက် နေရော လေဖြတ်လို့ ကြားတယ်။ လေဖြတ်ပြီး ၁၊ ၂ ရက်လောက်နေတော့ သေတာပဲ” လို့ ဒေးဒရဲမြို့ရှိ ကာလီမယ်တော် ဘုရားကျောင်းမှ ဘုရားလူကြီး ဦးဋ္ဌေးလွင်က ပြောပါတယ်။

ဒေးဒရဲမှာ ရွေးကောက်ပွဲ ယှဉ်ပြိုင်မယ့် ပါတီတွေကတော့ ကြံ့ဖွံ့နဲ့ တစည အပါအဝင် ၃ ပါတီ ရှိတယ်။ တနိုင်ငံလုံးမှာ ကြံ့ဖွံ့က အမတ်လောင်း ၁၁၃၄ ယောက်နဲ့ အများဆုံး ဝင်ပြိုင်မှာဖြစ်ပြီး၊ တစညကတော့ ၉၈ဝ နဲ့ ဒုတိယ အများဆုံး ဖြစ်ပါတယ်။
19:40
ကြံ့ဖွံ့ကြိုတင်မဲ ကျောက်ပန်းတောင်းမှာ ကောက်ခံ
ကြိုတင်မဲထည့်ဖို့ ကြံ့ဖွံ့ပါတီက မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့မှာ ဒီနေ့ကစပြီး မဲစာရင်းစာရွက်တွေ ဖြန့်နေပြီလို့ ဒေသခံတယောက် အဆိုအရ သိရပါတယ်။

“အိမ်တိုင်း လာပို့ပေးတယ်။ ရယက ကနေ မဲစာရင်းနံပါတ် လာပေးတယ်။ နာမည်ပါတယ်။ ကြံ့ဖွံ့ရဲ့ စက္ကူအလံနဲ့အတူ လာပေးတာ။ ကြိုတင်မဲပေးရင် ရတယ်တဲ့။ ကျနော်က ဘာမဲမှ မထည့်ဘူးလို့ ပြောလိုက်တယ်” လို့ သူက ပြောပါတယ်။



ကြံ့ဖွံ့ဘက်ကနေ မီးရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းနဲ့ အခွန်ဘဏ္ဍာဝန်ကြီး ဦးလှထွန်းက တစညပါတီ ဦးရဲမောင်နဲ့ ဦးလှကိုတို့ကို ယှဉ်ပြိုင်သွားမှာပါ။

လွတ်လပ်ရေး ရပ်ကွက်ထဲက ကြံ့ဖွံ့ပါတီရုံးဆီကို အနီးအနားရှိ ရွာသားတွေ ခေါ်ပြီးတော့ အစည်းအဝေးလုပ်ခဲ့ရာမှာ ဦးလှထွန်း ဓာတ်ပုံပါတဲ့ တီရှပ်အဖြူ ၄ ထည်နဲ့ ကျပ်ငွေ ၂ သောင်းစီ ပေးခဲ့တယ်လို့ ဒေသခံက ဆိုပါတယ်။ လူဘယ်လောက် တက်ခဲ့တယ်တော့ မသိရသေးပါဘူး။
19:38
ဘယ်သူ့ကို မဲပေးရမှန်းမသိ


ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်ရှိ ဟိုလန်ရွာမှ အမျိုးသမီးကြီး ပါလန် နှင့် ကျီအေ့ ရွာသူရွာသားတွေပါ သူတို့တွေဟာ ရွေးကောက်ပွဲအတွက် လက်ကမ်း ကြေငြာစာစောင်တွေကို ရရှိခဲ့ပေမယ့် မြန်မာစာ ကောင်းကောင်း ဖတ်မတတ်တာရယ်၊ ပြီးတော့ သက်ဆိုင်ရာ ရွာလူကြီးကလည်း ရွေးကောက်ပွဲ အကြောင်းကို မပြောပြတော့ သူတိုကတွေဟာ ဘယ်သူ့ကို မဲပေးရမှန်း မသိကြပါဘူး။
19:02
ရွေးကောက်ပွဲ မလုပ်တဲ့ မိုင်းယောင်း၊ တိုက်ပွဲ နှစ်ကြိမ်ဖြစ်
ရှမ်းပြည်တောင်ပိုင်း မိုင်းယောင်းမြို့နယ်အတွင်းမှာ စစ်အစိုးရတပ်တွေနဲ့ မကြာသေးခင်ကပဲ တိုက်ပွဲနှစ်ကြိမ် ဖြစ်ခဲ့တယ်လို့ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) အဖွဲ့ရဲ့ အပြောအရ သိရပါတယ်။

ရှမ်းတပ်က ခြေမြန်တပ်ရင်း ၅၁ဝ နဲ့ ၂၉၂ လက်အောက်ခံ တပ်တွေကို အောက်တိုဘာ ၃၁ ရက်နဲ့ နိုဝင်ဘာ ၁ ရက်နေ့တွေမှာ ခြုံခိုတိုက်ခိုက်တာလို့ ဆိုပါတယ်။ မိုင်းယောင်းဟာလည်း ရွေးကောက်ပွဲမလုပ်ဘဲ ချန်လှပ်ခံရတဲ့ ဒေသတခု ဖြစ်ပါတယ်။

ပြောရေးဆိုခွင့်ရှိသူ စဝ်လောဟန်က “ကျနော်တို့တပ်ဖွဲ့တွေက သတ်မှတ်ထားတဲ့ မြန်မာစစ်တပ်ဖွဲ့တွေကို တိုက်ခဲ့တာပါ” လို့ ပြောပါတယ်။

ပထမနေ့တိုက်ပွဲမှာ တနာရီခွဲကျော် ကြာခဲ့ပြီး စစ်အစိုးရတပ်ဘက်က ၇ ယောက် ကျဆုံးပြီး၊ ၇ ယောက် ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။ သီးခြားအတည်ပြုချက်တော့ ရယူနိုင်ခြင်း မရှိပါဘူး။
18:00
ရန်ကုန် လုံခြုံရေး တိုးမြှင့်နေ
ရွေးကောက်ပွဲ ကျင်းပမယ့်ရက် နီးလာတာနဲ့အမျှ ရန်ကုန်မြို့ရဲ့ လူစည်ကားတဲ့ နေရာတွေမှာ ရဲနဲ့ စစ်သားအပါအဝင် လုံခြုံရေးတွေ တိုးချလာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
18:00
အင်းစိန်
“အင်းစိန် ၁ဝ မိုင်ကုန်းမှာ ရဲတွေက ဒိုင်းကာတွေ ကိုင်ထားတာ တွေ့တယ်။ အင်အားကတော့ ၃ဝ လောက် ရှိတယ်။ စစ်သားတွေတော့ မတွေ့ဘူး။ ရဲတွေပဲ လမ်းတွေမှာ လုံခြုံရေးချထားတာ။ လမ်းဆုံတွေမှာလည်း တွေ့တယ်။ ကျနော်တို့ ရပ်ကွက်မှာတော့ ရဲတွေက ဝင်စစ်တာမျိုးတော့ မရှိပါဘူး”
18:00
ဗဟန်း
“ဗဟန်းဘက်တွေမှာ ကျနော် တွေ့ခဲ့တယ်။ လမ်းထိပ်တွေမှာ ရဲနဲ့ စစ်သားတွေပါ။ အင်အားကတော့ ပြောဖို့ခက်တယ်။ သူတို့က အုပ်စုလိုက်ရှိတာပါ။ ၃ ယောက် တအုပ်စု၊ ၅ ယောက် တအုပ်စု၊ အဲလိုရှိတယ်။ လက်နက်တွေ၊ ဒိုင်းတွေ ပါတယ်။ စစ်ဝတ်စုံတွေနဲ့ပါ။ နောက် အင်းလျားကန်မှာလည်း ရှိတယ်။ ကားဂိတ်တွေမှာလည်း ရှိတယ်။ ခရီးသွားတွေကို စစ်ဆေးတာတွေ ရှိတယ်။ ညဆိုရင်လည်း စစ်တပ်ရယ်၊ ရဲရယ် ကင်းလှည့်တာတော့ ရှိတယ်”
18:00
ပုဇွန်တောင်
“ရဲကားပေါ်မှာ ရဲတွေ မပါဘဲနဲ့ ဒိုင်းကာတွေ ကပ်ထားတဲ့ ကားတစီးတော့ တွေ့တယ်။ အရပ်ဝတ်ထဲမှာ ကိုယ်နဲ့ သိတဲ့ လူတချို့ပါလို့ သိတာ”
18:00
သင်္ဃန်းကျွန်းနဲ့ ဒဂုံမြို့သစ်
“ကျိုက္ကဆံလမ်း (သင်္ဃန်းကျွန်းမြို့) မှာ ရဲကားတွေနဲ့ စစ်သားတွေ အများကြီး တွေ့ခဲတယ်။ ၁ဝ စီးကျော်လောက် ရှိတယ်။ သံဆူးကြိုးတွေ၊ ရေသန့်ဗူးကြီးတွေနဲ့ အင်အား ၁ဝဝ ကျော်လောက် ရှိမယ်။ ကျနော်တို့ ဒဂုံမြို့သစ်မှာလည်း စွမ်းအားရှင်တွေ၊ ရဲတွေ၊ လုံခြုံရေးတွေ တော်တော်လေး ချထားတယ်”

လူစည်ကားတဲ့ မင်္ဂလာဈေး၊ သမ္မတ ရုပ်ရှင်ရုံ၊ ဒဂုံစင်တာ၊ ယုဇန ပလာဇာ၊ မီးပွိုင့်တချို့နဲ့ ကန်တော်ကြီးလို နေရာတွေမှာပါ သာမန်ထက်ပိုတဲ့ လုံခြုံရေးတွေ တိုးချထားတယ်လို့ မဇ္ဈိမ ပြည်တွင်း သတင်းထောက်က ပြောပါတယ်။
17:29
ရွေးကောက်ပွဲ အဝင်မခံ တိုင်းရင်းသား လက်နက်ကိုင်များ မဟာမိတ်ဖွဲ့
မြန်မာစစ်တပ်ကို ပြန်တွန်းလှန်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကြီး ခြောက်ခုက စစ်ရေး မဟာမိတ်ဖွဲ့ဖို့ ထိုင်းနိုင်ငံ နယ်စပ်မြို့ မဲဟောင်ဆောင်မှာ မနေ့က ကျင်းပတဲ့ အစည်းအဝေးကနေ သဘောတူညီမှု ရသွားခဲ့ပါတယ်။

ရွေးကောက်ပွဲ မလုပ်တဲ့ ဒေသတွေကဖြစ်ပြီး အပစ်ရပ်ကော၊ မရပ်သူပါ ပါတဲ့ အဖွဲ့တွေဟာ မေလကတည်းက တွေ့ဆုံ ဆွေးနွေးမှုတွေလုပ်ပြီး မဟာမိတ်ဖွဲ့ဖို့ ကြိုးစားနေခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီအဖွဲ့တွေကတော့ ကရင်အမျိုးသား အစည်းအရုံး KNU ၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၊ မွန်ပြည်သစ်ပါတီ NMSP နှင့် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSA-Nတို့ ဖြစ်ပါတယ်။
17:10
ကချင်ရပ်ကွက် မီးလောင်
နေအိမ် ၃ လုံး မီးလောင်ပြီး လူ ၁၇ ယောက် အိုးအိမ်မဲ့ဖြစ်ရတဲ့ မီးလောင်မှုတရပ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မင်းရပ် ရပ်ကွက်မှာ မနေ့မနက်တုန်းက ဖြစ်ခဲ့ပါတယ်။

“မီးလောင်တာက မီးအားလျှပ်စစ်မှ အပူချိန်လွန်ကဲလို့ ဖြစ်တာပါ။ ထိခိုက်ဒဏ်ရာတော့ မရှိဘူး။ မီးဘေးဒုက္ခသည်က ၁၇ ဦး ရှိတယ်။ အိမ်ကတော့ ၃ လုံး ပါသွားပါတယ်။ ရပ်ကွက်က မီးရပ် ရပ်ကွက်မှာပါ။ မနက် ၃ နာရီမှာ ဖြစ်တာပါ’’ လို့ မြစ်ကြီးနားမြို့နယ် မီးသတ်ဌာန တာဝန်ကျ ဝန်ထမ်းက မဇ္ဈိမကို ပြောပါတယ်။

“လူတွေ ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး။ ဒီမနက် ကျနော် အဲဒီဘက်ကို ရောက်ခဲ့တဲ့အချိန်မှာ လျှပ်စစ်မီးကနေ ဖြစ်တာလို့ ပြောကြတယ်။ ဖြစ်တဲ့နေရာကို သွားလို့မရဘူး။ အာဏာပိုင်တွေ လုံခြုံရေး ယူထားတယ်။ ရဲနဲ့ အရံမီးသတ်တွေက စောင့်ကြည့်နေတယ်’’ လို့ အနီးနားက ရပ်ကွက်တခုဖြစ်တဲ့ ရှမ်းစုတောင်ရပ်ကွက် ဒေသခံတယောက်က ဆိုပါတယ်။
17:05
ကြိုတင်မဲကို တစည တိုင်ကြား
တနင်္သာရီတိုင်း မြိတ်မြို့ ငါးလေလံဈေးမှာ ပင်လယ်ပြင်ထွက်မယ့် ငါးဖမ်းလုပ်သားတွေဆီကနေ ကြိုတင်မဲ ကောက်ရာမှာ၊ ကြံခိုင်ရေးပါတီကိုပဲ မဲထည့်ဖို့ ဆောင်ရွက်မှုတွေ ရှိခဲ့တဲ့အတွက် ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်ကြားထားကြောင်း တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီက မဇ္ဈိမကို ပြောပါတယ်။

ရေလုပ်သားတွေဆီက ကောက်ထားတဲ့ ကြိုတင်မဲတွေကို ပယ်ဖျက်ပေးဖို့ စာတင်ထားတဲ့အကြောင်း ရန်ကုန် တစည ရုံးချုပ် တာဝန်ရှိသူ တယောက်က မဇ္ဈိမကို ဒီကနေ့ အစောပိုင်းမှာ ပြောခဲ့တာပါ။ ပြီးခဲ့တဲ့လ ၃၁ ရက်နဲ့ ဒီလ ၁ ရက်နေ့မှာ ကြိုတင်မဲပေးမှု ယာယီရပ်ဆိုင်းခဲ့ပေမယ့် ၂ ရက်နေ့မှာ ပြန်စခဲ့တယ်လို့ သိရပါတယ်။

တခြားဒေသတွေမှာလည်း ကြိုတင်မဲကို ဥပဒေနဲ့မညီတဲ့ နည်းလမ်းတွေနဲ့ ကောက်ခံနေကြောင်း သတင်းတွေ ရရှိခဲ့ပါတယ်။
16:50
ကယား မဲဆန္ဒနယ်တချို့ ဖျက်သိမ်း
ကယားပြည်နယ်မှာ ရွေးကောက်ပွဲ မကျင်းပတော့ဘဲ ဖျက်သိမ်းမယ့် မဲဆန္ဒနယ်တချို့ရဲ့ စာရင်းကို ပြီးခဲ့တဲ့လ ၁၃ ရက်နေ့ကတည်းက ရရှိခဲ့တယ်လို့ လွိုင်ကော်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က မဇ္ဈိမကို ပြောပါတယ်။



လွိုင်ကော်၊ ဒီမောဆို၊ ရှားတော၊ ဖရူဆို၊ ဘောလခဲနဲ့ ဖားဆောင်းမြို့နယ်ထဲက မဲဆန္ဒနယ်တချို့ကို ဖျက်သိမ်းမှာလို့ အမည်မဖော်လိုတဲ့ မြို့နယ်ကော်မရှင် ဝန်ထမ်းတယောက်က ပြောဆိုပါတယ်။ လွိုင်ကော်မှာ ပြီးခဲ့တဲ့လ ၃၁ ရက်နေ့ကစပြီး ညမထွက်ရ နေဝင်မီးငြိမ်းအမိန့်ကို ထုတ်ပြန်လိုက်ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

၂၆ ရက်နေ့တုန်းကလည်း ကရင်နီတပ်နဲ့ စစ်အစိုးရတပ်အကြား တိုက်ပွဲဖြစ်ခဲ့ပါသေးတယ်။ ကယားပြည်နယ်မှာ အဓိက ယှဉ်ပြိုင်မယ့် ပါတီတွေက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ပါတီတွေ ဖြစ်ပါတယ်။ ဒီမောဆိုမြို့နယ်မှာတော့ ကယန်းအမျိုးသားပါတီလည်း ဝင်ပြိုင်မှာပါ။ ပြည်နယ်တခုလုံးမှာ မဲဆန္ဒနယ် ၁၄ ခု သတ်မှတ်ပေးထားတာပါ။
16:24
သံတွဲမှာ မဲစာရင်းတွေကွာ
ရခိုင်ပြည်နယ် သံတွဲမြို့နယ် ကျေးရွာတွေမှာ မဲပေးခွင့်ရှိရက်သားနဲ့ ရွေးကောက်ပွဲကော်မရှင် စာရင်းထဲမပါဘဲ ကျန်ရစ်တာတွေ ရှိတယ်လို့ ကမန်အမျိုးသားတိုးတက်ရေးပါတီ ပြည်သူ့လွှတ်တော် အမတ်လောင်း ဦးတင်လှိုင်ဝင်းက ပြောပါတယ်။

မြို့နယ်နဲ့ ကျေးရွာကော်မရှင်တွေမှာပါတဲ့ စာရင်းဟာ ၃ ပုံ ၁ ပုံလောက်တောင် ကွာနေတာတွေ ရှိတယ်လို့ သူက ဆိုပါတယ်။

“ဥပမာဗျာ သံတွဲမြို့နယ် စေတီပြင်၊ ကျောင်းတိုက်ရွာတွေပေါ့ဗျာ။ လူ ၃ဝဝ မဲထည့်မယ်။ ... ကျေးရွာမှာ ကပ်တာက လူ ၂ဝဝ ပဲ ကပ်တယ်” လို့ ပြောပါတယ်။ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ မဲစာရင်းကို လူအများမြင်စေအောင် ထုတ်ပြန်ရမယ်လို့ ဆိုထားပေမယ့် တချို့ရွာတွေမှာ လိုက်နာမှု မရှိဘူးလို့ သိရပါတယ်။ မဲစာရင်းကွဲလွဲတာတွေနဲ့ ပတ်သက်ပြီး ကော်မရှင်ကို အကြောင်းကြားပေမယ့်လည်း အရေးယူ ဆောင်ရွက်ပေးတာမျိုး မရှိဘူးလို့ ဦးတင်လှိုင်ဝင်းက ပြောပါတယ်။

နာမည်ကျော် ငပလီကမ်းခြေရှိရာ သံတွဲမြို့မှာ မဲပေးပိုင်ခွင့်ရှိသူ ၈ သောင်းကျော် ရှိနေပါတယ်။
16:05
မဲမပေးခွင့် ပညာပေးသူ ကင်မရာ သိမ်းခံရ
ရွေးကောက်ပွဲလုပ်ဖို့ ၄ ရက်အလိုမှာ မဲမပေးလိုက မပေးဘဲ နေနိုင်တယ်လို့ ပညာပေးစာစောင်တွေ ဖြန့်ဝေနေတုန်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် လူငယ်တယောက်ရဲ့ ကင်မရာကို ရဲက သိမ်းဆည်းမှု ဒီနေ့မနက် ဖြစ်ပွားခဲ့ပါတယ်။

တောင်ဒဂုံမြို့နယ်နေ ကိုအေးသွင်ကို မနက် ၁ဝ နာရီလောက်မှာ တောင်ဒဂုံရဲက ဖမ်းဆီးခဲ့ပြီး၊ ဒစ်ဂျစ်တယ် ကင်မရာနဲ့ မဲမပေးရေး လက်ကမ်းစာရွက်တွေကို သိမ်းပြီး ပြန်လွှတ်လိုက်ပါတယ်။ “လူစုခွဲပြီးတော့၊ ပြန်မယ်ဆိုပြီးတော့ ကားပေါ်တက်တာ ကားပေါ်မှာ ကျနော့်ဆီက ကင်မရာကို စွမ်းအားရှင်ကတဖက်၊ ကြံ့ခိုင်ရေးကတဖက် အတင်းဆွဲလိုက်တယ်” လို့ လက်ကမ်းကြော်ငြာဖြန့်ဝေရင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့တဲ့ ကိုအေးသွင်က ပြောပါတယ်။
13:39
ဝ' ကလည်း ကြံ့ဖွံ့နှင့် မပေါင်းဟုဆို
ရွေးကောက်ပွဲပြီးနောက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဦးဆောင်သော အစိုးရပေါ်ပေါက်လာလျှင်လည်း မိမိတို့အနေဖြင့် အတိုက်အခံ ပါတီကြီးများနဲ့သာ ပူးပေါင်းပြီး ရပ်တည်သွားမည်ဟု ဝ' အမျိုးသား စည်းလုံးညီညွတ်ရေး ပါတီက ပြောပါတယ်။

”ကျနော်တို့ကတော့ နိုင်ခဲ့ရင်တော့ ကိုယ့်ဘာသာကို ရှိမှာပေါ့။ အခုတော့ ပေါင်းဖို့ မပေါင်းဖို့တော့ မခေါ်ပါဘူး။ ကျနော်တို့ရပ်တည်ချက် အတိုင်းနေနေတာ။… ဘာလို့လဲ ဆိုတော့ လားရှိုးတုန်းက ကြံ့ဖွံ့ခေါင်းဆောင်တွေ လာတုန်းက အတိုက်အခံပါတီလို ရပ်တည်သွား ဆိုရင်လည်း မမှားဘူးပေါ့။” ဟု ပါတီနာယက ဦးဖိလစ်ဆမ်က မဇ္ဈိမကို ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီအနေနဲ့ ရွေးကောက်ပြီးနောက် အစိုးရတရပ်ကို ဦးဆောင်ဖွဲ့စည်းမှာ ဖြစ်တဲ့အကြောင်းနဲ့ အစိုးရအဖွဲ့အတွင်း တခြားပါတီတွေ ပါဝင်ကောင်း ပါဝင်နိုင်တယ်လို့ ပါတီကြီးအကဲ ဝန်ကြီးချုပ် ဦးသိန်းစိန်က အရိပ်အမြွက် ပြောခဲ့တဲ့အပေါ် တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ နိုဝင်ဘာလ ၀၂ ရက် ၂၀၁၀ ခုနှစ်
20:15
မုန်တိုင်းငယ်တခု ကျောက်ဖြူကို ဦးတည်
လေဖိအားနည်းရပ်ဝန်းကာ ပိုမိုအားကောင်းလာပြီးနောက် မုန်တိုင်းငယ်ဖြစ်ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ အနားတွင် လေဖိအားနည်း ရပ်ဝန်းက ပိုမိုအားကောင်းလာပီး မုန်တိုင်းငယ် ဖြစ်လာကာ ဆက်လက် အားကောင်းလျက်ရှိပီး ကျောက်ဖြူမြို့ကို ဦးတည်နေတယ်လို့ အင်္ဂါနေ့ည မြန်မာ့အသံမှ မိုးလေဝသတင်းကို ကြေညာသွားပါတယ်။
19:16
ကြံ့ဖွံ့နဲ့ မပေါင်းဘဲ အတိုက်အခံလုပ်မယ်
ရွေးကောက်ပွဲအဖြေကနေ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဦးဆောင်တဲ့ အစိုးရပေါ်ပေါက်လာခဲ့ရင် မိမိတို့အနေနဲ့ အတိုက်အခံအဖြစ် ဆက်ရပ်တည်သွားမယ်လို့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီက ပြောလိုက်ပါတယ်။ ကြံ့ခိုင်ရေးပါတီအနေနဲ့ ရွေးကောက်ပွဲအပြီးမှာ အစိုးရတရပ်ကို ဦးဆောင်ဖွဲ့စည်းမှာ ဖြစ်တဲ့အကြောင်းနဲ့ အစိုးရအဖွဲ့အတွင်း တခြားပါတီတွေ ပါဝင်ကောင်း ပါဝင်နိုင်တယ်လို့ ပါတီအကြီးအကဲ ဝန်ကြီးချုပ် ဦးသိန်းစိန်က အရိပ်အမြွက် ပြောခဲ့တာကို NDF ခေါင်းဆောင်တယောက်ဖြစ်တဲ့ ဦးသိန်းညွှန့်က အခုလို တုံ့ပြန်လိုက်တာပါ။ “ပြည်သူ့ အကျိုးစီးပွားကို ထိခိုက်မယ့်အရာကို လွှတ်တော်ထဲမှာ ဘယ်ပါတီ အစိုးရပဲ တင်လာတင်လာ ကန့်ကွက်မှာပါ။ ပြည်သူ့လွှတ်တော်အမတ် ၆၆၄ ယောက်ပါ၊ ဒီမိုကရေစီ အင်အားစုဘက်က အမတ် ၁၃ဝ၊ ၁၄ဝ လောက် ရောက်လာရင် အဓိကထားရမယ့် အလုပ်က ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ ဥပဒေကို ပြဋ္ဌာန်းတဲ့ ပြင်ဆင်ချက်အတိုင်း ပြည်သူတွေကို၊ လွှတ်တော်ထဲမှာရှိတဲ့ တခြားပါတီ၊ တပ်မတော်သား ကိုယ်စားလှယ်တွေကို ကျနော်တို့ တင်ပြနိုင်မှာပါ” လို့ ဦးသိန်းညွှန့်က ပြောပါတယ်။
19:16
မုန်တိုင်း ဖြစ်လာလေမလား
ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းအဖြစ်နဲ့ ရောက်လာနိုင်လို့ လာမယ့် ၄၈ နာရီအတွင်း စောင့်ကြည့်ရမယ့် အနေအထား ဖြစ်တယ်လို့ ရန်ကုန်မှာရှိတဲ့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။ “မုန်တိုင်းက ထိုင်းတောင်ပိုင်း ပင်လယ်ကွေ့ကနေတော့ ထွက်လာပြီ။ ထွက်လာပြီးတော့ ထိုင်းနဲ့ မလေးရှား ကျွန်းဆွယ်ကို ဖြတ်နေပြီ။ ဒီနေ့ ညနေဆိုရင်တော့ တောင်ဘက် အန်ဒမန်ပင်လယ်ထဲ ရောက်မယ်။ ရောက်ရင်တော့ အားပျော့ မသွားဘဲ မုန်တိုင်းအဖြစ် ဆက်ရှိမယ်လို့ ယူဆရတာပေါ့နော်” ဟု သူက ပြောပါတယ်။ “နောက်ထပ် ၄၈ နာရီအတွင်း မြောက်ဘက်ကို တက်မတက်ကြည့်ရမယ်။ အခုချိန်ထိ (ညနေ ၅ နာရီခွဲ) တော့ အနောက်ဘက်ကို သွားမယ့်ပုံနဲ့ ပြနေတယ်။ တကယ်လို့ အနောက်ဘက်တည့်တည့် သွားမယ်ဆိုရင် မြန်မာပြည်က လွတ်နိုင်တယ်။ အဲဒီလိုမဟုတ်ဘဲ အနောက်မြောက်ဘက် နည်းနည်းပါမယ်ဆိုရင်တော့ ရက်လည်း ကြာမယ်။ စောင့်ကြည့်ရမယ့် အနေအထား ရှိနေတယ်။ ပြန်လည်း ကွေ့နိုင်တယ်” လို့ သူက ဆိုပါတယ်။
18:54
ဒေါ်စုလွတ်မြောက်ရေး ဆုတောင်း
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး ဆုတောင်းပွဲတရပ်ကို အင်္ဂါဝတ်ပြု ဆုတောင်းအဖွဲ့ဝင်တွေက ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။ အဖွဲ့ဝင် ဒေါ်ညိမ်းတင် နေအိမ်မှာ ဒီနေ့မနက် ပြုလုပ်ခဲ့ရာ တက်ကြွလှုပ်ရှားသူ ၁၅၀ လောက် တက်ရောက်ခဲ့ပါတယ်။ကဗျာရွတ်ဆိုပွဲလည်း ပါဝင်ပြီး မနက် ၁၀ နာရီလောက်မှာ အဆုံးသတ်ခဲ့ကြပါတယ်။
18:30
လွိုင်ကော်မှာ ကာဖျူးထုတ်
ညမထွက်ရ နေဝင်မီးငြိမ်းအမိန့်ကို စစ်အစိုးရက ကယားပြည်နယ် လွိုင်ကော်မြို့မှာ အောက်တိုဘာ ၃၁ ရက်နေ့ကစပြီး ထုတ်ပြန်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ည ၆ နာရီကနေ မနက် ၆ နာရီအထိ အပြင်ထွက်ခွင့် မပြုဘဲ တားမြစ်ထားတာပါ။ အင်တာနက် ဆိုင်တွေကတော့ ည ၈ နာရီခွဲအထိ ဖွင့်ထားပါသေးတယ်။ ပုံမှန်ဆိုရင် ည ၁၁ နာရီလောက်အထိ ဖွင့်ကြပါတယ်။ ကရင်နီ လူမှုဖူလုံရေးနှင့် ဖွံ့ဖြိုးရေး ကော်မတီ ဒါရိုက်တာ သီဘူးက ’’ကာဖျူးထုတ်တာ အကြောင်းနှစ်ကြောင်းကြောင့် ဖြစ်နိုင်တယ်။ တခုက ရွေးကောက်ပွဲ နီးလာလို့၊ နောက်တကြောင်းက အောက်တိုဘာ ၂၆ ရက် နေ့က ကရင်နီတပ်နဲ့ ဗမာတပ် တိုက်ပွဲဖြစ်တာကြောင့် ဖြစ်မယ်။ နောက်ပြီးတော့ ဒီကာဖျူး ဘယ်လောက်ကြာမယ်ဆိုတာ ဘယ်သူမှ မသိဘူး’’ လို့ ပြောပါတယ်။
17:04
ရွေးကောက်ပွဲပျက်ရင် ဆက်အုပ်ချုပ်မယ်
ရွေးကောက်ပွဲပျက်ရင် လက်ရှိအစိုးရ ဆက်အုပ်ချုပ်မယ်လို့ မနေ့တုန်းက ကြေးမုံသတင်းစာထဲမှာ ရေးထားပါတယ်။ မျိုးမြတ်မောင်ရေးတဲ့ 'မဲရုံကိုသွားလို့ မဲပေးကြပါစို့’ ဆောင်းပါးမှာ “ရွေးကောက်ပွဲ ပျက်လျှင် ပြည်သူလူထုဆန္ဒဖြင့် ရွေးကောက်တင်မြှောက်သည့် အစိုးရ မပေါ်ပေါက်နိုင်ပါ။ လက်ရှိ နိုင်ငံတော် တာဝန်ယူထားသည့် အဖွဲ့အစည်းကပင် ဆက်လက်တာဝန်ယူ ဆောင်ရွက်ပြီး နောက်တဖန် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ဆောင်ရွက်ရပေဦးမည်” လို့ ပါရှိပါတယ်။ “မဲဆန္ဒ မပေးပါနှင့်၊ ရွေးကောက်ပွဲကို သပိတ်မှောက်ကြပါဟု အမျိုးမျိုး သွေးထိုးလှုံ့ဆော်နေသည့် ပြည်ပမီဒီယာမျိုးစုံနှင့် နိုင်ငံရေးပါတီအဖြစ် တရားဝင် ရပ်တည်ခွင့် မရှိတော့သည့် အဖွဲ့အစည်းအချို့မှ လူနည်းစုတို့၏ ရည်ရွယ်ချက်ကား အဘယ်နည်း’’ ဆိုပြီးလည်း ဆောင်းပါးရှင်က မေးခွန်းထုတ်ထားပါတယ်။
16:59
မဇ္ဈိမကို သုံးသပ်ထားတာက
မြန်မာ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ သတင်းတင်ဆက်မှုတွေကို စောင့်ကြည့်လေ့လာတဲ့ အဖွဲ့တခုဖြစ်တဲ့ MEMO 98 ရဲ့ အောက်တိုဘာ ၁၅ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ မဇ္ဈိမ ဝက်ဆိုဒ်ရဲ့ သတင်းတင်ဆက်တာကို သုံးသပ်ထားတာကဖြင့် " မဇ္ဈိမ ဝက်(ဘ်) ဆိုဒ်က နိုင်ငံရေးနှင့် ရွေးကောက်ပွဲ ဆိုင်ရာ သတင်းတင်ဆက်မှု၊ ၂၃.၃ % ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အတွက်ပေးခဲ့သည်။ တင်ဆက်ပုံမှာ အဓိကအားဖြင့် ကြားနေလေသံဖြင့် ဖြစ်သည်။ ဒုတိယ အများဆုံး ဖေါ်ပြခံရသည့် အကြောင်းအရာမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဖြစ်ပြီး အဓိကအားဖြင့် အဆိုးမြင်လေသံနှင့် ကြားနေလေသံတို့ဖြင့် ၁၇.၄ % တင်ဆက်ခံရသည်။" လို့ ဆိုပါတယ်။" လူပုဂ္ဂိုလ်သတင်းဖေါ်ပြမှုအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်က အဓိကအားဖြင့် ကြားနေလေသံဖြင့် ၃၉.၄% ဖေါ်ပြခံရပြီး ဒုတိယလိုက်သူမှာ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်ရွှေဖြစ်ပြီး ကြားနေ လေသံဖြင့် ၁၉.၁ % ဖေါ်ပြခံရသည်။" လို့လည်း ပါပါသေးတယ်။
13:16
ရခိုင်မှာ မဲဆွယ်ခွင့် မရတော့
ရခိုင်ပြည်နယ်မှာ နိုင်ငံရေးပါတီတွေကို ရွေးကောက်ပွဲကော်မရှင်တွေက ပြီးခဲ့တဲ့လ ၃၁ ရက်နေ့ကစပြီး မဲဆွယ်ခွင့် ပိတ်လိုက်ပါပြီ။ “ကျနော်တို့ ၃ နေရာလောက်မှာ စည်းရုံးဖို့ရှိလို့ ၃ဝ ရက်နေ့က ပြည်နယ်ရုံး သွားတင်တာ ၃၁ ရက်နေ့ကစပြီး စည်းရုံးခွင့် မရှိတော့ဘူးလို့ ပြန်ပြောလိုက်တာ” လို့ မြို့တော်စစ်တွေမှာရှိတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ - တစည ရုံး တာဝန်ရှိသူ တယောက်က မဇ္ဈိမကို ပြောပါတယ်။ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က “ပြည်နယ် ရွေးကော်ပွဲကော်မရှင်က စာနဲ့ ပို့တာ မဟုတ်ဘဲ နှုတ်နဲ့ တားပါတယ်။ ကျနော်တို့မှာ ၃ဝ ရက်နေ့ထိပဲ လုပ်ခွင့်ရခဲ့ပါတယ်။ ဒါက ပြည်မနဲ့ မတူတဲ့ သဘော ဖြစ်နေပါတယ်။ ပြည်မမှာ ၆ ရက်နေ့ထိ ရပါတယ်” လို့ ဆိုပါတယ်။ ကျောက်တော်မြို့မှာတော့ မြို့နယ်ကော်မရှင်ကနေ ပြီးခဲ့တဲ့လ ၃ဝ ရက်နေ့ နောက်ဆုံးစည်းရုံးနိုင်ကြောင်း စာပို့ခဲ့တယ်လို့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီရဲ့ အတွင်းရေးမှူးနဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးမြင့်ဇော်က မဇ္ဈိမကို ပြောပြပါတယ်။
15:03
ကော်မရှင်ကပြောတဲ့ မဲဆွယ်ရက်တွေ ကွဲလွဲ
မဲဆွယ်စည်းရုံးရက် သတ်မှတ်ရာမှာ ချင်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်နဲ့ ဟားခါးကော်မရှင် ကြား ကွဲလွဲမှု ရှိခဲ့တယ်လို့ ချင်းအမျိုးသားပါတီ CNP က ပြောပါတယ်။ မြို့နယ်ကော်မရှင်က ပြီးခဲ့တဲ့လနှောင်းမှာ ၃၀ ရက်နေ့အထိ မဲဆွယ်ခွင့်ပြုမယ်လို့ စာပို့လာတာကြောင့် မဲဆွယ်မှု ရပ်ဆိုင်းခဲ့ပြီး၊ ပြည်နယ်ကော်မရှင်ကို ပြန်မေးရာမှာ ဒီလ ၆ ရက်နေ့အထိ ခွင့်ပြုတယ်လို့ ပြောပြန်ကြောင်း CNP ရဲ့ ဟားခါးမြို့နယ် ပြည်သူ့လွှတ်တော်အတွက် အမတ်လောင်း ဦးငွန်မောင်းက ပြောတယ်။ “ပြည်နယ်ရုံးကို မနေ့တနေ့က သွားမေးကြည့်တော့ ၃၀ ရက်နေ့ဆိုတာ တီဗီကြော်ငြာတာတို့၊ တီဗီကနေ စည်းရုံးရေး စကားပြောတာတို့ ဘာတို့ကို ပြောလိုတာပါတဲ့။ နိုဝင်ဘာလ ၆ ရက်နေ့အထိ စည်းရုံးရေးဆင်းလို့ ရပါတယ်ဆိုပြီးတော့ ပြည်နယ်ကော်မရှင် ဥက္ကဋ္ဌက ပြန်ပြောတယ်’’ လို့ သူက ဆိုပါတယ်။ အခုအခါ CNP က တအိမ်တက် တအိမ်ဆင်း စည်းရုံးရေးကို ဒေသတွင်းမှာ ပြန်လုပ်နေပါပြီ။
15:01
သတင်းထောက်တွေကို ကြံ့ခိုင်ရေးက တားမြစ်
ရန်ကုန်မြို့မှာ ကြံ့ခိုင်ရေး ပါတီ ရဲ့ စည်းရုံးရေး သတင်းရယူတဲ့ နိုင်ငံခြား သတင်းထောက် (၂) ဦးကို သတင်းမယူဖို့ တားမြစ်မှု အောက်တိုဘာလ (၃၁)ရက်က ဖြစ်ပွားခဲ့ပါတယ်။ တာမွေမြို့ နယ်တွင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက စည်းရုံးရေး ဆင်းနေတဲ့အချိန်မှာ နိုင်ငံခြား သတင်းဌာနတွေဖြစ်တဲ့ AP နဲ့ ဂျပန်သတင်းဌာန TBS က သတင်းထောက်တွေက ဓါတ်ပုံနဲ့ ဗီဒီယို သတင်းယူနေတုန်း တာမွေမြို့နယ် ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်း ဒေါ်လဲ့လဲ့ဝင်းဆွေက တားမြစ်ခဲ့တယ်လို့ TBS သတင်းထောက်က မဇ္ဈိမကို အခုလိုပြောပါတယ်။



နောက်ပိုင်းမှာ ဓါတ်ပုံ ရိုက်ခွင့် ပေးလိုက်တယ် ဆိုပေမယ့်၊ ပထမပိုင်းက ဖြစ်ထားတဲ့ အခြေအနေကြောင့် ဓါတ်ပုံ ဆက်မရိုက်ဖြစ်တော့ ဘူးလို့လည်း သိရပါတယ်။
13:16
မုန်တိုင်းသင့်ဒေသ ရွေးကောက်ပွဲ
ဂီရိမုန်တိုင်းသင့် ရခိုင်ဒေသမှာ ရွေးကောက်ပွဲကျင်းပရက်ကို တလထက်မနည်း ရက်ရွှေ့ပေးဖို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က နေပြည်တော် ရွေးကောက်ပွဲကော်မရှင်ဆီ စာပို့ခဲ့ပေမယ့် ဒီနေ့အထိ အကြောင်းပြန်စာ မရသေးဘူးလို ပါတီဥက္ကဌ ဒေါက်တာအေးမောင်က ပြောပါတယ်။ အောက်တိုဘာ ၂၂ ရက်နေ့တုန်းက တနာရီ မိုင် ၁ဝဝ ကျော်နှုန်းနဲ့ ဂီရိဆိုင်ကလုန်း မုန်တိုင်းတိုက်သွားလို့ ရခိုင်ပြည်နယ် မြေပုံ၊ ကျောက်ဖြူ၊ မင်းပြားနဲ့ ပေါက်တောမြို့နယ်တွေ ထိခိုက်ပျက်စီးမှု များခဲ့ပါတယ်။ လူ ၂ သိန်းကျော် ထိခိုက်ခဲ့ပြီး၊ အိမ်ခြေ တသောင်းခွဲကျော် လုံးဝပျက်စီးခဲ့တယ်လို့ တရားဝင်သတင်းတွေက ဆိုပါတယ်။ ဒီလိုအခြေအနေမှာ ရွေးကောက်ပွဲရွှေ့ဆိုင်းဖို့ ရခိုင်တိုးတက်ရေးပါတီက ကော်မရှင်ကို အောက်တိုဘာ ၂၇ ရက်နေ့က အမြန်ချောပို့စာနဲ့ ပို့ပြီး မေတ္တာရပ်ခဲ့တာဖြစ်ပါတယ်။ မြေပုံနဲ့ ကျောက်ဖြူမြို့နယ်တွင် ရခိုင်ပြည်နယ် အမျိုးသားအင်အားစု၊ RNDP၊ ကြံ့ခိုင်ရေး၊ တစည တို့ပြိုင်မည်ဟု ဒေါက်တာအေးမောင်ထံမှ သိရသည်။
11:40
ကြံ့ဖွံ့ဦးဆောင်တဲ့ ညွန့်ပေါင်း အစိုးရဖွဲ့မယ့် အလားအလာ
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ဝင်ပြိုင်မည့် ကိုယ်စားလှယ်များကို စက်တင်ဘာလအတွင်း နေပြည်တော်တွင် ရက်တို သင်တန်းပေးပွဲတွင် ပါတီအကြီးအကဲ ဝန်ကြီးချုပ် ဦးသိန်းစိန်က ပြောကြားချက် ...

“ ပါတီတရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းပြီး ဘာကြောင့် ရွေးကောက်ပွဲ ဝင်ရသလဲဆိုရင်၊ တိုင်းပြည်ရဲ့ လိုအပ်ချက် အချိန်အခါရဲ့ လိုအပ်ချက်အရ၊ ဆောင်ရွက်ရခြင်းဖြစ်တယ်လို့ ပြောကြားလိုပါတယ်။ ဒါကြောင့် ကျနော်တို့ပါတီအနေနဲ့ ရွေးကောက်ပွဲဝင်မယ် မဲဆန္ဒနယ်အားလုံးမှာ ရွေးကောက်ပွဲကိုယ်စားလှယ်များ အဖြစ်နဲ့ ဝင်ရောက်ပြီးတော့ အရွေးခံမယ်၊ လွှတ်တော် အသီးသီးမှာ ကျနော်တို့ပါတီဝင် ကိုယ်စားလှယ်တွေ ရောက်လာအောင် ဥပဒေနဲ့အညီ တရားသဖြင့် ကြိုးပမ်းဆောင်ရွက်မယ်၊ ကျနော်တို့ ပါတီဝင်ကိုယ်စားလှယ် အများစုပါဝင်တဲ့ ခိုင်မာတဲ့ အစိုးရတရပ် ဖွဲ့စည်းမယ်၊ ပြီးတော့ နိုင်ငံတော်ရဲ့တာဝန်တွေကို တပ်မတော် အစိုးရထံမှ ပခုံးလွှဲပြောင်းရယူပြီး၊ တိုင်းပြည် အရှိန်အဟုန်မပျက် ရှေ့ဆက် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမယ်၊ ဒါကျနော်တို့ပါတီရဲ့ လတ်တလော ရည်ရွယ်ချက်ဖြစ်ပါတယ်။”
11:03
“ ရွေးကောက်ပွဲတွင် မဲမပေးဘဲ သပိတ်မှောက်ကြရန် စည်းရုံးလှုံ့ဆော် ဆောင်ရွက်လျှင်မူ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၇ နှင့် ငြိစွန်းသဖြင့် တနှစ်ထက်မပိုသော ထောင်ဒဏ် သို့မဟုတ် ကျပ်တသိန်းထက် မပိုသော ငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ကျခံရနိုင်သည်။” ဟု အောက်တိုဘာ ၃၁ ရက်နေ့ထုတ် စစ်အစိုးရ၏ အာဘော်ဖြစ်သော မြန်မာ့အလင်း သတင်းစာ ဆောင်းပါးတွင် ရေးသားထားသည်။ သို့သော်လည်း မဲဆန္ဒရှင်တဦးသည် မဲမပေးလိုပါက မဲမပေးဘဲ နေခွင့်ရှိသည်ဟု ပါရှိသည်။
24:01
မဇ္ဈိမ ရွေးကောက်ပွဲ အထူးတင်ဆက်မှု (၂) - နိုဝင်ဘာလ ၁ ရက်
23:55
မဇ္ဈိမ ရွေးကောက်ပွဲသတင်း အထူးတင်ဆက်မှု - နိုဝင်ဘာလ ၁ ရက်
23:50
ပါတီတွေက ကြိုတင်မဲ ကောက်ပိုင်ခွင့်မရှိဘူး
(၈၈) မျိုးဆက် ကျောင်းသား လူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီ ခေါင်းဆောင် ဦးရဲထွန်းက ကြိုတင်မဲတွေ ကောက်ခံတဲ့ နေရာမှာ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီက ကောက်ခံ နေတာတွေဟာ ဥပဒေနဲ့ မညီကြောင်း မဇ္ဈိမကို ပြောပါတယ်။ မဇ္ဈိမ သတင်းထောက် ဂျာနွယ်က တနင်္လာနေ့ ကဆက်သွယ် မေးမြန်းထားတာကို မူရင်း အတိုင်း တင်ပြလိုက်ပါတယ်။

23:45
ရွေးကောက်ပွဲ ကျင်းပမယ့် နိုဝင်ဘာ (၇) ရက်နေ့မှာ နိုင်ငံခြား သံတမန်တွေနဲ့ သတင်းထောက်တွေကို ပြည်နယ်နဲ့တိုင်းက နေရာ (၁၈) နေရာမှာသာ သွားရောက် လေ့လာခွင့် ပြုမယ်ဆိုတဲ့ အချက်ကြောင့် ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာမှုကို အကန့်အသတ် ဖြစ်စေမလားလို့ မေးစရာ ဖြစ်နေပါတယ်။ နိုင်ငံတကာက ရွေးကောက်ပွဲ အကဲခပ်တွေနဲ့ သတင်းထောက်တွေကို လာရောက်ခွင့် မပြုဘူးလို့ မြန်မာအစိုးရက ကြေငြာခဲ့တဲ့အတွက် အခုလို စိုးရိမ်မှုတွေ ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။

ပြည်တွင်းက နိုင်ငံရေး အကဲခတ်တဦး ဖြစ်တဲ့ ဒေါက်တာ ခင်ဇော်ဝင်း ကတော့ ပြည်ပက အကဲခတ်တွေ မလာလည်း ဖြစ်ပါတယ်လို့ ပြောပါတယ်။

21:25
အန်ဒီအက်ဖ် မဲဆွယ်
အဟန့်အတားမရှိ မဲဆွယ် လှုပ်ရှားမှု တရပ်ကို အမျိုးသား ဒီမိုကရေစီ အင်အားစု - အန်ဒီအက်ဖ်ပါတီက ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ကြီးပွားရေး ရပ်ကွက်၌ ယမန်နေ့ (အောက်တိုဘာလ ၃၁ ရက်၊ ၂ဝ၁ဝ ပြည့်နှစ်) တွင် ပြုလုပ်ခဲ့သည်။

မဲဆွယ်မှု ဗီဒီယိုကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။

20:05
စားပွဲဝိုင်းအတွက် ဖိအားလိုအပ်
လုံလောက်သည့် ဖိအားနှင့် တိုက်ပွဲများ မရှိဘဲ စားပွဲဝိုင်းဆွေးနွေးပွဲ ဖြစ်လာနိုင်ဖွယ်မရှိဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး - ABSDF က ယနေ့ ကြေညာချက်တရပ် ထုတ်ပြန်ကာ ပြောဆိုလိုက်သည်။ တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးသည် မဟာဗျူဟာလုပ်ငန်းစဉ် မဟုတ်၊ ပြဿနာဖြေရှင်းရေး နည်းလမ်းသာ ဖြစ်ကြောင်းနှင့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ပေါ်လာရေးအတွက် ဖိအားများ လိုအပ်ကြောင်း ABSDF ၂၂ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ပြောဆိုခြင်း ဖြစ်သည်။ ရှစ်လေးလုံး လူထုအရေးတော်ပုံနောက်ပိုင်း ဒီမိုကရေစီ ရရှိရေးအတွက် လက်နက်ကိုင် နည်းလမ်းဖြင့် စစ်အာဏာရှင်စနစ်ကို တော်လှန်ရန်အတွက် ကျောင်းသားလူငယ်များက ABSDF ကို ထိုင်း-မြန်မာ နယ်စပ်တနေရာတွင် ဖွဲ့စည်းခဲ့သည်။
16:00
အင်းစိန်တွင် ကြိုတင်မဲ ကောက်ခံနေ
အင်းစိန်မြို့နယ်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီက ကြိုတင်မဲတွေ လိုက်လံ ကောက်ခံနေကြောင်း ဒေသခံတွေက မဇ္ဈိမကို ပြောပါတယ်။
14:48
လွတ်လပ်မျှတသည့် ရွေးကောက်ပွဲကို ဖိလစ်ပိုင် မျှော်လင့်
“ရွေးကောက်ပွဲဟာ တရားမျှတပြီး လွှတ်လပ်ဖို့ မျှော်လင့်တဲ့အကြောင်း မြန်မာခေါင်းဆောင်တွေကို ပြောခဲ့ပါတယ်” ဟု ဖိလစ်ပိုင်သမတ ဘနစ်နို အကွီနို (၃) က မြန်မာစစ်ခေါင်းဆောင်များကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ပြီးခဲ့သည့်လ ၃၁ ရက်နေ့ ညတွင် ပြောဆိုခဲ့သည်။ ၁၇ ကြိမ်မြောက် အရှေ့တောင်အာရှ နိုင်ငံများအသင်း - အာဆီယံ ထိပ်သီး အစည်းအဝေးမှအပြန် ပြောဆိုခဲ့ကြောင်း ဖိလစ်ပိုင် နေ့စဉ်ထုတ် Inquirer သတင်းစာက သမတ၏ စကားကို ကိုးကားကာ ယနေ့ ဖော်ပြထားသည်။။
13:30
ကြိုတင်မဲ
နိုဝင်ဘာလ (၇) ရက်နေ့ ရွေးကောက်ပွဲ အတွက် ကြိုတင်မဲတွေ ကောက်ခံတဲ့ နေရာမှာ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီက ကောက်ခံနေတဲ့ အတွက် ဥပဒေနဲ့ မညီ ကြောင်း ပြောဆိုမှုတွေ ထွက်ပေါ်လာပါတယ်။ အင်းစိန်မြို့နယ်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီက ကြိုတင်မဲတွေ လိုက်လံ ကောက်ခံနေကြောင်း ဒေသခံတွေက မဇ္ဈိမကို ပြောပါတယ်။ (၈၈)မျိုးဆက် ကျောင်းသား လူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီ ခေါင်းဆောင် ဦးရဲထွန်းက ဒီလို ကောက်ခံမှုတွေဟာ ဥပဒေနဲ့ မညီကြောင်း မဇ္ဈိမ ကို ပြောပါတယ်။
12:48
အကြီးဆုံးနှင့် အငယ်ဆုံး
၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သူများအနက် အသက်အကြီးဆုံးမှာ ၈၆ နှစ်အရွယ် ဦးထွန်းစိန်ဖြစ်ပြီး၊ အသက်အငယ်ဆုံးမှာ ၂၆ နှစ်အရွယ် ကိုစည်သူအောင် ဖြစ်သည်။ ဗိုလ်ကြီးထွန်းစိန်ဟု လူသိများသော ဦးထွန်းစိန်မှာ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှဖြစ်ပြီး မန္တလေးတိုင်း စဥ့်ကိုင် မြို့နယ်မှ၎င်း၊ ကိုစည်သူအောင်မှာ ၈၈ မျိုးဆက် ကျောင်းသားလူငယ် (ပြည်ထောင်စု မြန်မာနိုင်ငံ) မှ ဖြစ်ပြီး မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်မှ၎င်း ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ဝင်ပြိုင်ကြမည် ဖြစ်သည်။
2:33
ပြည်သူ့ကြားက ပြည်သူ့စကား

12:48
ဝန်ကြီးနှစ်ပါးနှင့် တောင်သူများ မြေလု
ဝန်ကြီးနှစ်ဦးနှင့် တောင်သူ ၂၈ ဦး လယ်ယာမြေ ပိုင်ဆိုင်သည့် အငြင်းပွားမှုတရပ် နေပြည်တော် တပ်ကုန်းမြို့နယ်တွင် ဖြစ်ပွားနေကြောင်း တောင်သူများက ပြောသည်။ မီးရထား ပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းနှင့် အခွန်ဘဏ္ဍာဝန်ကြီး ဦးလှထွန်းက တပ်ကုန်းမြို့နယ် ထန်းတောကြီးအုပ်စု သံခဲတောင်ရွာမှ လယ်မြေကို သိမ်းယူကာ စိန်တလုံး သရက်ပင်များ စိုက်ပျိုးနေသည်ဟု တောင်သူများဘက်က စွပ်စွဲထားသည်။ မြို့နယ်ဥက္ကဋ္ဌ ဦးနေအောင်က အငြင်းပွား မြေကွက်တွင် နှစ်ဖက်လုံးမှ ဝင်ရောက် လုပ်ကိုင်ခြင်း မပြုလုပ်ရန် တားမြစ်ခဲ့သော်လည်း အခွန်ဘဏ္ဍာမှ ညွှန်မှူး ဦးတင်ထူးနှင့် မီးရထားမှ ညွှန်မှူး ဦးနေလင်းက မလိုက်နာဘဲ လယ်မြေများကို မြေထိုးစက်များဖြင့် ဆက်လက်၍ ရှင်းလင်းနေသည်ဟု တောင်သူများက ဆိုသည်။
12:48
မဲရုံကိုယ်စားလှယ် မရနိုင်
ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများမှာ လုပ်အားပေး လုပ်ဆောင်မည့် မဲရုံကိုယ်စားလှယ်များ မရနိုင်သော အခက်အခဲနှင့် ကြုံတွေ့နေရသည်ဟု တညီတညွတ်ထဲ ပြောနေကြသည်။
12:48
အဝေးမှ Zoom ဖြင့် ဓာတ်ပုံရိုက်
ရန်ကုန်အခြေစိုက် နိုင်ငံခြား သတင်းထောက်များနှင့် ပြည်တွင်း သတင်းထောက်များကို ပြည်နယ်နှင့် တိုင်းအသီးသီးရှိ မဲရုံများသို့ သွားရောက်လေ့လာနိုင်ရန် စစ်အစိုးရက စီစဉ်နေသည်ဟု အာအက်ဖ်အေ မြန်မာပိုင်း အစီအစဉ် သတင်းတရပ်တွင် ပါရှိသည်။ သံတမန်များပါ လိုက်ပါနိုင်ပြီး ပြည်နယ်နှင့် တိုင်း ဒေသကြီး ၁၄ ခုအနက် ၁၈ နေရာကို ခွဲပြီး လေ့လာနိုင်အောင် သွားလာနေထိုင်ရေးမှအစ အာဏာပိုင်များက စီစဉ်ထားကြသည်။ သတင်းထောက်များ အနေဖြင့် မဲရုံနှင့် ပေ ၁၅ဝ ကျော်အကွာမှ သတင်းယူကြရမည် ဖြစ်ပြီး မဲပေးနေပုံ၊ မဲရေတွက်ပုံတို့ကို အဝေးမှသည် ကင်မရာ Zoom အသုံးပြု ရိုက်ကူးခွင့် ပေးထားသည်ဟု သတင်းတွင် ပါရှိသည်။
10:05
ရန်ကုန်တိုင်းတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင် ဦးရေ ၂ သန်းခွဲရှိသည်ဟု ကြံ့ဖွံ့ ကိုယ်စားလှယ်လည်း ဖြစ်သော ရန်ကုန် မြို့တော်ဝန် ဦးအောင်သိန်းလင်းက The Voice နှင့် သီးသန့်ပြုလုပ်သော အင်တာဗျူး တခုတွင် ပြောသွားသည်။
10:04
ရွေးကောက်ပွဲ မလုပ်ခင်မှာပင် ကြံ့ဖွံ့က အလိုအလျောက် နိုင်သွားသော မဲဆန္ဒနယ် ၅၂ နေရာရှိရာ ပြိုင်ဘက်ပါတီ အချို့က စာရင်းသွင်းခဲ့ကြသော်လည်း ကိုယ်တိုင် နောက်ဆုတ်ပေးခဲ့ခြင်းများ ရှိသည်ဟု ကြံ့ဖွံ့ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက အောက်တိုဘာ ၂၇ ရက်နေ့က ရန်ကုန်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
10:00
လွှတ်တော်အတွင်း ရောက်သည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးကို ဦးစွာ ကြိုးပမ်းသွားမည်ဟု အမျိုးသား ဒီမိုကရစီ အင်အားစု NDF ပါတီက ပြောကြားလိုက်သည်။ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖော်ဆောင်ရန် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးမှာ အရေးကြီးသဖြင့် လွှတ်တော်တွင် ပထမဦးစားပေးအဖြစ် တင်ပြမည်ဟု NDF (National Democratic Force) က ပြောဆိုခြင်း ဖြစ်သည်။ “မြန်မာနိုင်ငံရဲ့ ပြဿနာတွေ စပြီး ဖြေရှင်းရာမှာ အဓိက လုပ်ရာမှာက အမျိုးသား ပြန်လည် သင့်မြတ်ရေးပဲ။ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ထိထိရောက်ရောက်၊ သေသေချာချာ အကောင်အထည် မဖော်နိုင်သေးဘဲနဲ့ တခြားပြဿနာကို ဖြေရှင်းဖို့ဆိုတာ ခက်ခဲပါတယ်” ဟု NDF ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းက မဇ္ဈိမကို ပြောသည်။
10:00
ရွေးကောက်ပွဲတွင် မဲမပေးဘဲနေခြင်းဖြင့် ဖွဲ့စည်းပုံ ဥပဒေသစ်ကို ကန့်ကွက်ကြရန် ရန်ကုန် NLD လူငယ်များ စနေနေ့ မနက်က လှုံ့ဆော်ခဲ့ကြသည်။ တာမွေမြို့နယ်တွင် NLD လူငယ် ၂ဝ က “ မဲမပေးချင်က မပေးဘဲ နေထိုင်ခွင့်ရှိတယ်” ဟု ရေးထားသော လက်ကမ်းစာစောင် ၁,၅ဝဝ ခန့် နံနက်ပိုင်းတွင် နှစ်နာရီကြာ ဖြန့်ဝေခဲ့သည်။
10:00
ရွေးကောက်ပွဲ မဲမပေးရေး လှုံ့ဆော်သော လက်ကမ်း စာစောင်များအား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်များက ရန်ကုန်တိုင်း တောင်ဒဂုံမြို့၌ တနင်္ဂနွေ နံနက် က ဖြန့်ဝေခဲ့ရာ ရဲက သိမ်းဆည်းကြောင်း လှုံ့ဆော်သူများက ပြောသည်။ “စာရွက်တွေကို ပြည်သူတွေက တောင်းတဲ့အခါ ပေးတယ်။ ဖြန့်တဲ့ စာရွက်တွေကို ရဲတွေက လိုက်သိမ်းတယ်။ ဒီနေ့ ဖြစ်တဲ့နေရာတွေကတော့ တောင်ဒဂုံ ၂၀ ရပ်ကွက်၊ နောက် ဘုန်းကြီးကျောင်းကွေ့မှာ တခါ။ စုစုပေါင်း တောင်ဒဂုံမှာ နှစ်ခါ ဖြစ်တယ်’’ ဟု တောင်ဒဂုံ NLD လူငယ်အဖွဲ့ တွဲဖက် အတွင်းရေးမှူး ကိုညီညီက မဇ္ဈိမကို ပြောသည်။
10:00
တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက တရုတ် နိုင်ငံခြားရေးဝန်ကြီး Yang Jiechi ကို မြို့တော်ရှန်ဟိုင်း၌ စနေနေ့ က တွေ့ဆုံ၍ မြန်မာ့အရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။ AFP သတင်းဌာနသို့ ပေးပို့သည့် ကုလသမဂ္ဂ ကြေညာချက်ထဲတွင် “နျူကလီးယားလက်နက် ဖျက်သိမ်းရေးနဲ့ နျူလက်နက် မပြန့်ပွားရေးအပြင် ကိုရီးယားကျွန်းဆွယ် အခြေအနေ၊ မြန်မာ၊ ဆူဒန် အရေးကိစ္စများကိုပါ ဆွေးနွေးခဲ့တယ်’’ ဟု ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုထားသည်။ သို့သော် ဆွေးနွေးချက် အသေးစိတ်ကိုမူ ဖော်ပြခြင်း မရှိပါ။
10:00
မြန်မာနိုင်ငံရွေးကောက်ပွဲဟာ လက်ခံနိုင်စရာ အခြေအနေ မရှိလောက်အောင် စိုးရိမ်ဖွယ်ရာ ဖြစ်နေတယ်လို့ သြစတြေးလျနိုင်ငံက ပြောဆိုလိုက်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ အရွေးခံခဲ့ရတဲ့ ပါတီဆယ်ခု ဖျက်သိမ်းခံရတာနဲ့ အခု ၂၀၁၀ မှာ ပါတီ အသစ် တချို့ မှတ်ပုံတင်ခွင့် မရပဲ ဖြစ်ခဲ့ရတာကြောင့် လက်ခံနိုင်ဘူးရယ်လို့ သြစတြေးလျ ဝန်ကြီးချုပ် Kevin Rudd ကို ကိုးကားပြီး ရိုက်တာက ဖော်ပြထားပါတယ်။
10:00
မစ္စတာကယ်ဗင်က မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးဖို့လည်း တောင်းဆို လိုက်ကြောင်းလည်း ပါရှိပါတယ်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က မနေ့က ပြီးဆုံးသွားတဲ့ အာဆီယံ ထိပ်သီး စည်းဝေးပွဲအတွင်း မြန်မာ ဝန်ကြီးချုပ် ဦးသိန်းစိန်နဲ့ တွေ့ဆုံပြီး၊ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ ပြောဆိုခဲ့ပါတယ်။ အာဆီယံနိုင်ငံ တချို့က မြန်မာ အစိုးရ အနေနဲ့ ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးဖို့ နဲ့ အများ လက်ခံနိုင်မယ့် ရွေးကောက်ပွဲ ဖြစ်အောင် ဖန်တီးပေးဖို့ တိုက်တွန်းခဲ့ကြပါတယ်။ လူ့အခွင့်အရေး အဖွဲ့အစည်းတွေကတော့ အာဆီယံ အဖွဲ့ရဲ့ တရားဝင် ဆွေးနွေးမယ့် စာရင်းထဲမှာ မြန်မာ နိုင်ငံကိစ္စ မပါဝင်ခဲ့လို့ ဝေဖန် ခဲ့ကြပါတယ်။