ရှစ်ဆယ့်ရှစ် အရေးတော်ပုံကာလ ဖြစ်ပျက်ပုံ အပိုင်းအစများ

ပရင့်ထုတ်ရန်

ရှစ်လေးလုံး အရေးတော်ပုံကြီးဆိုတာ အရမ်းကြီးကျယ်တဲ့ လူထုအုံကြွမှုကြီးအဖြစ် မြန်မာသမိုင်းမှာ မှတ်တိုင်ထူရပါ
တယ်။

ပြည်သူလူထုကြီးတစ်ရပ်လုံး ဆီးဖြူသီးကို ဆန်ကောထဲထည့်ပြီး ခလောက်ဆန်အောင် နည်းမျိုးစုံနဲ့လှိမ့်ထားတဲ့ မဆလအစိုးရ၊ ကလေးကစ လူငယ်လူကြီးအားလုံး ခေါင်းမထောင်နိုင်အောင် နည်းမျိုးစုံနဲ့ဖိနှိပ်ထားတဲ့ စစ်ခေါင်းဆောင်တစ်ဖြစ်လည်း ဆိုရှယ်လစ်အကြီးအကဲတွေ အာဏာကို ခိုင်မြဲအောင်ထိန်းချုပ်ထားတဲ့အစိုးရ။
မြန်မာနိုင်ငံကြီးကို ချောက်ထဲကျဖို့ လက်နှစ်လုံးအလိုကနေ ကယ်တင်လိုက်တယ်ဆိုတဲ့ တော်လှန်ရေးကောင်စီ
အမည်ခံ ဆိုရှယ်လစ် အရေခြုံစစ်အစိုးရ အဲသလို စစ်အစိုးရအောက်မှာ တစ်ပြည်လုံး ပြားပြားဝပ်နေကြရတယ်။ ဒီလိုနဲ့ ပြည်သူတစ်ရပ်လုံး၊ ကြိမ်းမီးအုံးသလို ကြိတ်မှိတ်ပြီး ခံစားနေရချိန်မှာ ၁၉၈၇ ခုနှစ်၊ စက်တင်ဘာလ ၄ ရက် ၂၀ တန်နှင့် ၇၅ ကျပ်တန် ငွေစက္ကူတွေဖျက်သိမ်းပြီး အစားထိုးလဲမပေးတဲ့ အမိန့်ထုတ်ပြန်လိုက်တော့ ကျောင်းအိပ်
ကျောင်းသားလူငယ်တွေကအစ လက်လုပ်လက်စားအလုပ်သမားနဲ့ လခစားတွေလည်း အိုစာမင်းစာအတွက် စုဆောင်းရှာထားတဲ့ လူကြီးအိုမတွေအဆုံး အားလုံးငတ်လု ပြတ်လုအောင်ခံစားကြရတယ်။

အဲဒီလို မီးခဲပြာဖုံး အပူလုံးအောင်းခံနေရချိန်မှာမှ ရန်ကုန်စက်မှု တက္ကသိုလ်ကျောင်းသားနှင့် အနောက်ကြို့ကုန်း
အရပ်သားရပ်ကွက် ကောင်စီလူကြီးသားတို့ လက်ဖက်ရည်ဆိုင်မှာ ခိုက်ရန်ဖြစ်သွားတဲ့ကိစ္စကို မျက်နှာကြီးဟင်း
ဖတ်ပါ မျက်နှာလိုက်ကာဗာပေးပြီး ဥပဒေအပေါ်မှာ ရပ်ကွက်လူကြီးတွေ တက်ထိုင်ရာကအစ အမှိုက်ကအစ
ပြဿဒ်မီးလောင်ကြီးထွားခဲ့တယ်၊ အပ်နဲ့ထွင်းရမယ့် ကိစ္စ ပေါက်ဆိန်နဲ့ပေါက်တဲ့အထိ ကြီးမားကျယ်ပြန့်လာအောင် အာဏာပိုင်လူကြီးတွေက မာန်တက်တန်ခိုးပြရာက စက်မှုတက္ကသိုလ်ကျောင်းသားတွေ အပစ်အခတ်ခံရတဲ့ကြား
မှ မောင်ဖုန်းမော်ကျဆုံးခဲ့တယ်။ အဲဒါ ပြည်သူတွေရဲ့ မကျေနပ်ချက် အပူမီးကို လေပင့်ပေးလိုက်သလို၊ ၁၉၈၈ ခုနှစ်၊ မတ်လ ၁၃ ရက်ညက ဖုန်းမော်သေဆုံးမှုကို မကျေနပ်တဲ့ ကျောင်းသားအုံကြွမှုဟာ ရန်ကုန်တက္ကသိုလ်ရော၊ အခြေခံပညာအထက်တန်းအလယ်တန်း၊ မူလတန်းကျောင်းတွေအထိ ကူးစက်ခဲ့တယ်။

မတ်လ ၁၆ ရက်မှာတော့ ဆန္ဒပြပြည်သူတွေဟာ မဟာဗန္ဓုလပန်းခြံထဲရှိ စား/ထွေ စားသောက်ဆိုင်၊ ဆူးလေဘုရား
လမ်းနဲ့ မဟာဗန္ဓုလမ်းထောင့်က ဟိုတယ်နဲ့ခရီးသွားလုပ်ငန်း ကော်ပိုရေးရှေ့ရှိ မာဇဒါဂျစ်တွေ၊ ရွှေတိဂုံဘုရားလမ်းရှိ ကုန်တိုက်ကြီးဆင်ဝင်နဲ့ ဗိုလ်ချုပ်လမ်းရှိ အိုးအိမ်ဦးစီးဌာနတွေကို မီးရှို့တဲ့အထိ လှုပ်ရှားလာတယ်။ အတိုချုပ်ပြီး
ဖြစ်စဉ်အကျဉ်းတွေကို ဖော်ပြရရင်၊ ဆန္ဒပြသူတွေကို ဖြိုခွင်းနှိမ်နင်းရာမှာ အချုပ်ကားထဲပြုတ်သိပ်ထည့်ပြီး အင်းစိန်ထောင်ကို သယ်သွားရာမှာ လေပိတ်ပြီး လူ ၄၀ သေတယ်ဆိုတာတို့ မြောက်ဥက္ကလာပမှာ ဆန္ဒပြသူတွေက ရဲစခန်းဝင်စီးတာတို့၊ မြောက်ဥက္ကလာပကပြည်သူတွေ ရန်ကုန်မြို့ထဲ ချီတက်အလာ မယ်လမုဘုရားအ လွန်နားမှာ သွပ်ဆူးကြိုးတားမြစ်ရာက လုံးထိန်းနဲ့စစ်တပ်တို့က ပစ်ခတ်နှိမ်နင်းလို့ လူအများသေဆုံးတာတို့၊ ဆန္ဒပြမှုတွေကြီးမား
လွန်းလို့ ၅၀၂ မင်္ဂလာဒုံလေတပ်စခန်းကို မြောက်ဥက္ကလာပသို့ ဗုံးကြဲခိုင်းတယ်ဆိုတဲ့ အမိန့် ထွက်ပေါ်ပြီး၊ လေတပ်
ရဲဘော်တွေက သူတို့မိသားစုနေထိုင်ရာ မြောက်ဥက္ကလာပကို ဗုံးကြဲရင် ပစ်ခတ်ရပါလိမ့်မယ်ဆိုပြီး တော်လှန်တာတို့၊ စစ်တပ်က ကင်းလှည့်ကားကို ခြုံခိုတိုက်တာတို့ ဖြစ်စဉ်တွေက ဆက်တိုက်လနဲ့ချီပြီး ဖြစ်ပွားခဲ့တယ်။

ရန်ကုန်တစ်မြို့လုံး ဆိပ်ကမ်းလုပ်သားကြီးများက စတင်ချီတက် ထွက်လာပြီး ဆန္ဒပြရာကဌာနဆိုင်ရာ ၀န်ထမ်း
အားလုံးနီးပါး လှည့်လည်ဆန္ဒပြပွဲတွေ ဆင်နွှဲတာတို့ ရှပ်ရှင်သရုပ်ဆောင် အဆိုတော်အပါအ၀င် သုခုမအနုပညာ
သည်များ ဆန္ဒပြပွဲမှာပါဝင်လာလို့ လူထုအလွှာပေါင်း စုံအားလုံး ဆန္ဒပြလာတာတို့ ဆရာဝန်၊ ရှေ့နေ၊ အင်ဂျင်နီယာ
စတဲ့ အသက်မွေးဝမ်းကျောင်း ပညာရှင်တွေရဲ့ အသင်းမှန်သမျှနဲ့ အိမ်ရှင်မတွေက မီးဖိုးဆောင်သုံး ပန်းကန်ခွက်
ယောက် ဒန်အိုးဒန်းဖုံးကိုင်ပြီး ဆန္ဒပြပွဲမှာ ပါဝင်စီတန်းလှည့်လည်တာတို့၊ စ- လယ်- ဆုံး အများဆုံးက အင်္ကျီအဖြူ၊ ထမီးစိမ်း၊ အခြေခံပညာ ကျောင်းသူကျောင်းသားလေးတွေအားလုံး စီတန်းလှည့်လည်ဆန္ဒပြတဲ့အခါ။ မာရှယ်လော
တို့ ပုဒ်မ ၁၄၄ တို့နဲ့ မနိုင်တဲ့အတွက် မြို့ပေါ်ကစစ်သည်အရာရှိအရာခံ အကြပ်တပ်သားတွေက ပစ်ခတ်နှိမ်နင်းဖို့ အမိန့် ပေးပေမယ့် လက်ရွံ့တွန့်ဆုတ်လာတဲ့အတွက် ရှေ့တန်းက မြို့ထဲမရောက်ဖူးတဲ့ တပ်သားတွေကို ရန်ကုန်မြို့
ခေါ်လာပြီး ကွန်မြူနစ်တွေဟာ အင်္ကျီဖြူလုံချည်စိတ်ဝတ်ထားတယ်။ တွေ့တာမှန်သမျှပစ်ဆိုပြီး အရက်တိုက်၊ မူးယစ်ဆေးဝါးကျွေးပြီး ခိုင်းတာတို့၊ အဲဒီနည်းနဲ့ ပစ်ခတ်နှိမ်နင်းမှုတွေ စတင်ဖြစ်ပေါ်ခဲ့တယ်။ကျောင်းသား၊
ကျောင်းသူလေးတွေဟာ အ.ထ.က (၃) စမ်းချောင်းက ချီတက်ဆန္ဒပြအလာ၊ မြေနီကုန်းမှာ စစ်ကားနဲ့ဝင်တိုက်၊ ပစ်ခတ်သတ်ဖြတ်တာတို့၊ ရဲတပ်ဖွဲ့နဲ့ လုံထိန်းတို့က ဒိုင်းတွေ၊ လက်နက်တွေနဲ့ ထိုးစစ်ဆင် တိုက်ခိုက်တာတို့ကို
မြင်တဲ့အရပ်သားတွေဟာ မခံမရပ်နိုင်ဖြစ်ပြီး ရဲတပ်သားတွေကို ၀ိုင်းတိုက်၊ ၀ိုင်းပြီးခဲနဲ့ထုလို့ ခြောက်ဦးသေတာတို့၊ အထက်အကြီးအကဲရဲ့ မဆင်မခြင်ဥာဏ်ပညာကင်းမဲ့စွာ သတ်ဖြတ်နှိမ် နင်းခိုင်းမှုကြောင့် တံတားဖြူမှာ ကျောင်းသား
ကျောင်းသူတွေရဲ့ သွေးမြေကျရဲရဲနီကာ တံတာနီအဖြစ်ကင် ပွန်းတပ်ရတဲ့အထိဖြစ်တာတို့ လပိုင်းအတွင်း ဆိုးဝါးတဲ့
အဖြစ်တွေ ဆက်တိုက်ဖြစ်ခဲ့တယ်။

တပ်မ ၂၂ ဟာ ရှေ့တန်းကရဲတွေကို ရထားနဲ့တင်ပြီး ရန်ကုန်မြို့အ၀င်၊ ကြို့ကုန်းရပ်ကွက် သုံးလမ်းမရောက်ခင် ရထားကို ရပ်ကွက်လူထုက ခဲနဲ့ဝိုင်းပစ်ကြတော့၊ ရထားရပ်ပြီးတွဲပေါ်က ရဲဘော်တွေဟာ သုံးလမ်းထဲဝင်ပြီး မည်းမည်းမှန်သမျှ လိုက်ပစ်လို့ သေကြေကြရတဲ့ အရပ်သားတွေရဲ့ ရင်နင့်ကြေကွဲသံတို့ စစ်ကားတွေနဲ့ ရန်ကုန် စစ်မြို့လုံးကို ခြိမ်းခြောက် လှည့်ပတ်အင်အားပြတာကို မခံမရပ်နိုင်တဲ့အဆုံး အရပ်သားအချို့ သစ်လုံးပုံပေါ်က
ခုန်ချပြီးစစ်ကားပေါ်ရှိ တပ်သားတွေကို သစ်ပင်ပေါ်ကခုန်ချပြီး စစ်ကားပေါ်က စစ်သားတွေကို သတ်ဖြတ်တာတို့ အစိုးရကြီးယန္တရားလည်ပတ်မှု ရပ်ဆိုင်းသွားတာတို့။ ဒီလိုကြားထဲက မြို့ထဲမှာ စီတန်း လှည့်လည်ဆန္ဒပြပွဲတွေက ပိုများလာတယ်။ နေ့လည်နေ့ခင်းဆို လမ်းတိုင်းအပြည့်၊ ဆေးရုံရှေ့မှာ စုရပ်လည်းဟုတ်၊ ဆုံရပ်လည်းဟုတ်၊
ဟောပြောပွဲတွေလည်းလုပ်။ ဆေးရုံဆိုတာ အဖြူရောင်နယ်မြေ။ မပစ်မခတ်ဘူးရယ်လို့အထင်နဲ့ စာတွေကပ်၊ စာတမ်းတွေဝေ လုပ်ကြရာ၊ တစ်နေ့တော့ စစ်ကားတွေဝေါခနဲ့ထိုး ဆိုက်လာပြီး ရန်ကုန်ဆေးရုံကြီးထဲကို တဒိုင်းဒိုင်းနဲ့
ပစ်ခတ်လိုက်တော့ သူနာပြုဆရာမလေးတွေ ဆရာဝန်တွေ ဒဏ်ရာရတဲ့သူ ရကုန်ပါရောလား။ လုံခြုံမှုဆိုတာ ဘယ်မှာလဲ။ စီတန်းလှည့်လည်တဲ့ လူအုပ်ကို သောက်ရေကမ်းသတဲ့။ သောက်မိတဲ့ကျောင်းသား၊ ကျောင်းသူတွေ မူးဝေ့အော့အုန်ကုန်သတဲ့။ လှည့်လည်သူတွေကို ဘေးကအားပေးသူတွေမှာ ရောဝင်ပါသူတွေထဲမှာ MI ကေဒါတွေ
ဝင်လာပြီဆိုပဲ။ နေ့ပိုင်းမှာပိုပြီး ရုတ်ရုတ်သဲသဲဖြစ်အောင် အင်းစိန်ထောင်ကြီးခါလိုက်တယ်။ လူဆိုးတွေထွက်လာပြီး ၀င်ရှုပ်ကုန်အောင်လို့ပေါ့။ ညဘက်မှာ ကိုယ့်ရပ်ကွက်ကိုယ် လုံအောင်ကင်းစောင့်ရတယ်။ မီးလာရှို့မယ်တဲ့။ ကားနဲ့
လှည့်ပြီး ဂျင်ကလိနဲ့ပစ်တယ်တဲ့။ နစ်ဆန်းပစ်ကပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အပုတ်ချတဲ့စာတွေ၊ ရုပ်ပုံတွေလိုက် ကမ်းတယ်။ ရပ်ကွက်တွေကို လိုက်ပစ်တယ်။ ဘယ်သူတွေလဲ။ စောင့်ဖမ်းတော့ သိမ်ကြီးဈေးမှာ ကားတစ်စီးမိလာ
ပါရော။ ဗိုလ်ကြီးတစ်ယောက်မိတယ်။ နာမည်နဲ့တကွ ဖော်ထုတ်နိုင်တယ်။ အဖျက်အမှောက်လုပ်တာ မင်းကြီးတာက ထွက်နေမှကိုး။ ဒဂုံမြို့နယ် ကလေးဆေးရုံဝင်းထဲက ရေစင်ထဲကို အဆိပ်ခတ်သူနဲ့ အပေါင်းပါသုံးယောက်မိတယ်။ ဒဂုံမြို့နယ်ကောင်စီရုံးမှ လုံခြုံရေးရုံးကို သံဃာတွေနဲ့ အရပ်လူကြီးတွေဦး ဆောင်ဖွင့်ထားတဲ့နေရာ ခေါ်စစ်တယ်။

ပထမတော့ ကြည့်မြင့်တိုင်ကပါတဲ့ငွေကျပ် ၁၅၀၀ ပေးပြီးခိုင်းလို့လုပ်ရပါတယ်တဲ့။ အတန်ကြာတော့ စိတ်ကစင်
ကလျားဖြစ်သွားတယ်။ ဘာမျှမေးမရတော့ဘူး။ အဲဒါ မင်းမဲ့စရိုက်စပြီလို့ တပ်ကကြေညာတယ်။ ရှစ်ဆယ့်ရှစ်
အရေးတော်ပုံဆိုတာ အဲဒီလိုတစတစပွဲကြမ်းခဲ့တာ။ ဘယ်သူ့စနက်လဲ။ ဘယ်သူမွှေးတဲ့မီးလဲ။ နောက်ဆုံးမှာတော့ ၁၆.၉.၁၉၈၈ ရက်မွန်းတည့်ချိန်မှာ ရွှေဘုံသာလမ်းနဲ့ ကမ်းနားလမ်းထောင့်ရှိ ကုန်သွယ်ရေးဝန်ကြီးဌာနနဲ့ ဦးစီးဌာန
ခြောက်ထပ်ရုံးကြီးရဲ့ ကုန်သည်လမ်းဘက် နှစ်ထပ်ကနေတပ်ကြပ်ကြီးက ဆန္ဒပြစီတန်းလာတဲ့ မူလတန်း
ကျောင်းသားအုပ်ကို ပစ်ခတ်လိုက်လို့ တစ်ယောက်ဦးခေါင်းလျှပ်ထိတယ်။ ဆေးရုံပို့လိုက်ရတယ်။ ကျောင်းသူ
ကျောင်းသားလေးတွေက အဲဒီအဆောက်အဦရှေ့ ကုန်သည် လမ်းမပေါ်မှာ ငုတ်တုတ်ထိုင်ကြပြီး “ဗိုလ်ချုပ်ပေးတဲ့
စစ်ပညာ ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး” လို့ သံပြိုင် ကြွေးကြော်အော်ဟစ်နေလိုက်တာ ရှေ့မဆက်တော့ဘူး။ ဒီဖြစ်ရပ်က တပ်မတော်အကြီးအကဲတွေကို အလွန်တုန်လှုပ်ခြောက်ခြားသွားစေခဲ့တယ်။ အလွန်ဦးနှောက်စားစေခဲ့
တယ်။ အလွန်ကြံရာမရဖြစ်စေခဲ့တယ်။

နောက်နေ့ ၁၇.၉. ၁၉၈၈ ရက်မှာ ရန်ကုန်ဆေးရုံကြီးရှေ့ ကွက်လပ်မှာထိုင်ပြီး အစာငတ်ခံဆန္ဒပြနေတဲ့ လူအုပ်ကို စစ်ကားတွေဝင်စီးပြီး ဇွတ်ကားပေါ်တင် ဖမ်းဆီးဖို့ကြိုးစားတယ်။ ရုန်းရင်းဆံခတ်ဖြစ်တယ်။ ပြည်သူနဲ့တပ်ရဲ့ရင်ဆိုင် ဆန့်ကျင်မှုကြီးထွားလာနေတယ်။ ဒါနဲ့ပဲ ၁၈.၉.၁၉၈၈ ရက်နေ့ညနေ (၄) နာရီမှာ ရေဒီယိုကနေ မြန်မာ့တပ်မတော်က အာဏာသိမ်းလိုက်ကြောင်း တစ်ပြည်လုံးကို ကြေညာချက် ထုတ်ပြန်ခဲ့ပါလေတော့တယ်။ ။