www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္ဂနွေ, ၂၄ စက်တင်ဘာ ၂၀၁၇

Mizzima Burmese

count-down-assk
Home > အထူးကဏ္ဍ > လွတ်မြောက်မှုသို့

လွတ်မြောက်ချိန်ကို ရေတွက်ခြင်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
21 နာရီ 20 မိနစ် - မြန်မာစံတော်ချိန်
ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ ဗီဂျေး နမ်ဘီယား တွေ့ဆုံ

တနင်္ဂနွေနေ့၊ နိုဝင်ဘာလ ၁၄ ရက် ၂၀၁၀ ခုနှစ် ၁၄ နာရီ ၀၈ မိနစ်

20 နာရီ 05 မိနစ် - မြန်မာစံတော်ချိန်
ဒေါ်စု လုံခြုံရေး အန်အယ်ဒီ စီစဉ်ထား
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအတွက် အထူးသတိထားပြီး စီစဉ်ထားတယ်လို့ အနီးကပ် လုံခြုံရေး တာဝန်ယူသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - အန်အယ်ဒီ ပါတီဝင် လူငယ်ယောက်က ပြောပါတယ်။

“အဖွဲ့ချုပ်ရုံးကို ကျနော်တို့ ခေါင်းဆောင်လာရင် လုံခြုံရေးစည်းကို ၃ စည်းလောက် ချထားတယ်။ တကယ့် အနီးကပ်၊ ဒုတိယ၊ တတိယစည်း ရှိတယ်။ ရုံးရှေ့မှာ နောက်ထပ် တစည်း ပြန်ချတယ်။ မနေ့က တွေ့ကောင်း တွေ့ပါလိမ့်မယ်။ လူဦးရေအားကို ကျနော်တို့ လုံးဝ မနိုင်ဘူး။ လုံခြုံရေးက ဆက်ပြီးတော့ တိုးမြှင့်ဖို့ ရှိတယ်” လို့ အနီးကပ် လုံခြုံရေး တာဝန်ယူသူ ၁၄ ဦးထဲမှ ကိုညီညီအောင်က မဇ္ဈိမကို ပြောပါတယ်။ သူတို့အနေနဲ့ အသက်စွန့်ပြီး အကာအကွယ် ပေးသွားမယ်လို့ ဆိုပါတယ်။
12 နာရီ 25 မိနစ် - မြန်မာစံတော်ချိန်
ဒေါ်အောင်ဆန်းစုကြည် ပါတီတွင်းဆွေးနွေး
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက်ပိုင်း ၁ဝ နာရီချိန်တွင် ရန်ကုန်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်သို့ ရောက်ရှိလာပြီး တိုင်းနှင့် ပြည်နယ် အသီးသီးမှ ရောက်ရှိလာသော ဗဟိုကော်မတီအဖွဲ့ဝင်များ၊ ကိုယ်စားလှယ်များ၊ ဥပဒေ အထောက်အကူပြုကော်မတီ အဖွဲ့ဝင်များ အားလုံး ၁ဝဝ ကျော်တို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ထို့အပြင် ပါတီဒုဥက္ကဌ ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်တို့နှင့် သီးခြားတွေ့ဆုံ ဆွေးနွေးကြသည်။

နိုင်ငံခြားသတင်းထောက်များ၊ သံတမန်များနှင့်လည်း တွေ့ဆုံကြမည်ဟု ဦးအုန်းကြိုင်က ပြောသည်။
12 နာရီ 15 မိနစ် - မြန်မာစံတော်ချိန်
40020

၇ နှစ်အကြာမှာ ပထမဆုံး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ပြင်ပ လူထုဟောပြောပွဲကို တက်ရောက်လာကြသူ များပြား

၇ နှစ်အကြာမှာ ပထမဆုံး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ပြင်ပ လူထုဟောပြောပွဲကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်ရှေ့မှာ တနင်္ဂနွေ နိုဝင်ဘာ ၁၄ ရက်၊ ၂ဝ၁ဝ ပြည့်နှစ်က ပြုလုပ်နေစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ပရိတ်သတ် အနည်းဆုံး ၄ သောင်းရှိမယ်လို့ ရန်ကုန်က မဇ္ဈိမသတင်းထောက်တွေက ခန့်မှန်းထားသည်။




တနလာင်္နေ့၊ နိုဝင်ဘာလ ၁၅ ရက် ၂၀၁၀ ခုနှစ်

19 နာရီ 44 မိနစ် - မြန်မာစံတော်ချိန်
မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ
ဒေါ်အောင်ဆန်းစုကြည်လွတ်လာတာ ကျနော်တို့သိပ်ကို ဝမ်းသာတယ်။ ကြိုလဲ ကြိုဆိုတယ်။

ကျနော်တို့ဘက်ကဖြစ်စေချင်တာက မကြာခင်တုန်းက ကလေးမြို့မှာ NLD ခေါင်းဆောင်တွေ၊ နောက် ကျနော်တို့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ဝါရင့် နိုင်ငံရေးသမားကြီးများအဖွဲ့က ခေါင်းဆောင်တွေ ချုပ်ဆိုထားတဲ့ သဘောထားထင်မြင်ချက် အဲဒါကို လက်တွေ့အကောင်အထည်ဖေါ်လာနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် တွန်းအားပေးရင်ကောင်းမယ်လို့ ကျနော်တို့ တောင်းဆိုချင်ပါတယ်။

ကျနော်တို့နိုင်ငံမှာ အဲဒီ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို မတည်ဆောက်နိုင်ဘဲနဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံ ဘယ်လိုမှဖြစ်လာမှာမဟုတ်ဘူး။ ဒီကနေ့ပြည်တွင်းစစ်တွေဖြစ်နေရတာဟာ အမှန်ကတော့ တိုင်းရင်းသား အခွင့်အရေးတွေ ဆုံးရှုံးနေလို့ပါ။ ဒေါ်အောင်ဆန်းစုကြည်သိပါတယ်။

ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်

ဒီမိုကရေစီအရေးတွက် အရိပ်အယောင် သန်းလာတဲ့ သဘောရှိတယ်…

ဒေါ်အောင်ဆန်းစုကြည် လုပ်ပေးနိုင်မယ်ဆိုရင် လုပ်ပေးစေချင်တာက သူနဲ့ ဘဝတူ နိုင်ငံရေးအကျဉ်းသားတွေ အကုန်လုံးလွတ်မြောက်ဖို့ကို ကြိုးပမ်းစေချင်တယ်… ဒုတိယ တချက်က ဒီမိုကရေစီအရေးကြိုးပမ်းရင်းနဲ့ အမျိုးသားရင်ကြားစေ့ရေးကို တဆက်ထဲ ကြိုးပမ်း စေချင်တယ်…

တိုင်းရင်းသားတွေအတွက် စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရအောင် အပစ်ခတ် ရပ်စဲထားတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ သော်လည်းကောင်း အပစ်အခတ်ရပ်စဲခြင်းမရှိသေးတဲ့ အဖွဲ့တွေနဲ့သော်လည်းကောင်း ဒီလက်ရှိ အစိုးရနဲ့ အဆင်ပြေပြေညှိနှိုင်း ဆောင်ရွက်ပေးဖို့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး ဖြစ်မြောက်ဖို့ တနည်းအားဖြင့် နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းပေးဖို့ ကျနော်တို့ မျှော်လင့်ပါတယ်…

ဇိုမီးအမျိုးသားကွန်ဂရက် ဥက္ကဋ္ဌ ဦးပူကျင့်ရှင်းထန်

ကျနော်တို့ အထင် အခုချိန်ခါမှာ ဘာအလိုအပ်ဆုံးလဲဆိုတော့ ကျနော် ကလေးမြို့ မှာ ကြေညာတဲ့အတိုင်း ဒုတိယပင်လုံ ညီလာခံလိုနေတယ်… အခု အခြေခံဥပဒေ ဆွဲထားတယ် ပြောတယ်၊ ဒါတွေ ကျနော်တို့ လက်မခံဘူး… အခု ရွေးကောက်ပွဲ လုပ်တယ်၊ ဒါကို ကျနော်တို့ လက်မခံနိုင်ဘူး…

ကရင်အမျိုးသား အစည်းအရုံး KNU ဒုဥက္ကဋ္ဌ ပဒိုဒေးဗစ်သာကပေါ

သူ့အနေနဲ့ နိုင်ငံရေး သက်သက်ပေါ့ တိုက်ပွဲလုပ်လာတာ။ အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့ အာဏာမက်မောတဲ့ အာဏာရှင်စနစ်အောက်မှာ ဘာမှ အောင်မြင်ဖို့ မလုပ်နိုင်ဘူး။ ကျနော်တို့ တိုင်းရင်းသားတွေအတွက်လဲ သူ ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။

အဲတော့ သူအနေနဲ့က ပြန်ပီးစဉ်းစားရမယ်။ အခု နအဖက ရွေးကောက်ပွဲလုပ်တယ်၊ အစိုးရအသစ်ထောင်မယ် စသဖြင့် အဲဒီဘောင်အတွင်းမှာ သူတို့ သေချာ ပြန်လည် သုံးသပ်ရမယ်… အရင်ပုံစံအတိုင်းတော့ မလွယ်တော့ဘူး ဘာမှ ထူးမှာ မဟုတ်ဘူး။

Non – Violence အကြမ်းမဖက်တဲ့ နိုင်ငံရေးတိုက်ပွဲဆိုတာက ယဉ်ကျေးမှုရှိတဲ့ နိုင်ငံမှသာလျှင် ဖြစ်တာ။ အာဏာရ အစိုးရကလဲ လူ့အခွင့်အရေးလို ပြည်သူတွေရဲ့ ကောင်းစားရေး လွတ်လပ်ရေး အစရှိတဲ့ အဲဒီအတွက် ဆန္ဒရှိတဲ့ အစိုးရမျိုး မှာမှ ကျနော်တို့က လုပ်လို့ရမယ်။

အခုက အဲလိုမဟုတ်တဲ့အခါကျ ပြည်တွင်းက အကြမ်းမဖက်နိုင်ငံရေး လှုပ်ရှားမှုက အကျိုးမရှိတော့ဘူးလို့ မြင်တယ်လေ… ဆိုပါတော့ဗျာ၊ သူက လူထုဆန္ဒပြပွဲမဟုတ်သေးဘူးနော်၊ လူထုအစည်းအဝေးတွေ လုပ်မယ်ဆိုရင်တော့ တခါ ထောင်ထဲမှာ ပြန်ထည့်မှာပဲ အဲဒီအတိုင်းလာမှာပဲ။
17 နာရီ 05 မိနစ် - မြန်မာစံတော်ချိန်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ရုံးချုပ်ရှေ့ ဒီကနေ့ ဟောပြောပွဲကို ရောက်ခဲ့သူ ၃ ယောက်က သူတို့ခံစားချက်တွေကို ရင်ဖွင့်ထားပါတယ်။
အပျော်ဆုံးနေ့
(ဦးအောင်ဖေ၊ တွံတေးမြို့ကျုရှင်ဆရာ)

“ပြောရရင်တော့ အပျော်ဆုံးနေ့ပဲ။ ကျနော် ၁ဝ တန်း ကျောင်းသားသာဆိုရင် အပျော်ဆုံးနေ့ဆိုတဲ့ စာစီစာကုန်း ရေးခိုင်းရင် ဒီနေ့ကို ကျနော်ရေးမှာ။ မနေ့တုန်းက ဒေါ်စုခြံရှေ့မှာ လူထုကို ထိန်းတော့၊ အသံတိတ်ဖို့ ရှူးရှူးလုပ်တော့ လူတွေက မတိတ်ကြဘူးဗျာ။ ဒေါ်စုက သူ့လက်ကလေးခါပြီး ရှူးရှူး လုပ်လိုက်တော့ အားလုံးက မီးခဲကို ရေနဲ့ ဖြန်းလိုက်သလိုပဲ အကုန်လုံး ငြိမ်သွားတယ်။ အရမ်းပီတိဖြစ်သွားတာ။ နိုင်ငံရေးဆိုတာ အဲဒါပဲလို့ ပိုပြီးတော့ နားလည်သွားတယ်”

ပြောမပြနိုင်လောက်အောင် ဝမ်းမြောက်
(သံဃာ့တပ်ပေါင်းစု ဦးဆောင်ဆရာတော် ဦးဓမ္မဝံသ)

“ဦးဇင်းတို့အနေနဲ့ ဝမ်းမြောက်ပါတယ်။ ဘယ်လောက်ထိ ဝမ်းမြောက်လဲဆိုရင် ပြောမပြနိုင်လောက်တဲ့ အနေအထားမျိုးကို ဝမ်းမြောက်ပါတယ်။ ဒေါ်စုလွတ်လာတော့ ဘယ်လိုခံစားလဲဆိုရင် လေးလေးနက်နက် ခံစားရတယ်။ လူထုက ဒေါ်စုကို ထောက်ခံပါတယ်ဆိုတာကို မျက်ဝါးထင်ထင် မြင်တွေ့ရတယ်”

ပြည်သူ့ခေါင်းဆောင်
(ရန်ကုန်မြို့ခံတဦး)

“ဒီနေ့က အင်မတန်မှ လူသမုဒ္ဒရာကြီးလို့ ပြောရမှာပေါ့ဗျာ။ ပြည်သူတွေရဲ့ ဆန္ဒဟာ မဲမပေးရဘဲနဲ့ ရင်ထဲမှာ ဘာဆန္ဒ ရှိတယ်ဆိုတာကို မျက်ဝါးထင်ထင် မြင်တွေ့ရတာပေါ့ဗျာ။ ပြည်သူချစ်တဲ့ ပြည်သူတွေရဲ့ ခေါင်းဆောင်ဆိုတာ ဒီခေါင်းဆောင်မျိုးပဲ ဆိုတာကိုလည်း ရင်ထဲမှာ တကယ်ခံစားရပါတယ်ဗျာ”
16 နာရီ 45 မိနစ် - မြန်မာစံတော်ချိန်
NLD က နိုင်ငံရေး ဆက်လုပ်မယ်လို့ ဒေါ်စု ပြော
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဟာ နိုင်ငံရေးလုပ်ဖို့ ဖွဲ့စည်းထားတဲ့ ပါတီဖြစ်လို့ နိုင်ငံရေးပဲ ဆက်လုပ်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သံတမန်တချို့နဲ့ သတင်းထောက် အယောက် ၂ဝ လောက်ကို ဒီကနေ့ နေ့လည်ပိုင်းမှာ တွေ့ဆုံပြောဆိုခဲ့ပါတယ်။ ရန်ကုန် NLD ရုံးချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ “NLD ဟာ NGO (အစိုးရမဟုတ်သောအဖွဲ့) လုပ်မှာလား” ဆိုတဲ့ သတင်းထောက်တွေရဲ့ အမေးကို ပြန်ဖြေခဲ့တာ အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

NLD ထဲက ခေါင်းဆောင်တချို့ဟာ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ ဖွဲ့စည်းပြီး၊ ရွေးကောက်ပွဲ ဝင်ခဲ့တာကြောင့် NDF ကို ဘယ်လိုသဘောထားလဲဆိုတဲ့ အမေးကိုတော့ သူက “ကြံ့ခိုင်ရေးပါတီ အပါအဝင်၊ ပါတီတွေထဲက ပါတီတခုလို့ပဲ သဘောထားပါတယ်” လို့ ပြန်ဖြေခဲ့ပါတယ်။

ဒီကနေ့ နေ့လည် ၁၂ နာရီမှာ ဗဟန်းမြို့နယ်ထဲက ပါတီရုံးချုပ်မှာ လူထု ၄ သောင်းလောက်ကို မိန့်ခွန်းပြောခဲ့ရာမှာ “ ဇွဲရှိဖို့ တယောက်နဲ့တယောက် ညှာတာထောက်ထားဖို့၊ တယောက်နဲ့တယောက် စာနာစိတ်ထားဖို့ အဓိကထား ပြောသွားတယ်’’ လို့ NLD လူငယ် ကိုရာဇာက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က သူရဲ့ နေအိမ်မှာ အင်တာနက်နဲ့ တယ်လီဖုန်း သုံးနိုင်ဖို့ ကြိုးစားသွားမှာဖြစ်ပြီး၊ မနက်ဖြန်မှာ ရုံးတက်ဖို့ စီစဉ်ထားပါတယ်။ ရုံးကိုလာတဲ့ ပရိသတ်များရင်တော့ ဟောပြောပွဲလည်း လုပ်သွားမှာပါ။
15 နာရီ 53 မိနစ် - မြန်မာစံတော်ချိန်
13 နာရီ 29 မိနစ် - မြန်မာစံတော်ချိန်
ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ဝတ်ဆင်မှုက
''ထမီက ချိတ်ထမီဗျ။ စိမ်းပြာရောင်နဲ့ပါ။ အင်္ကျီကလည်း စိမ်းပြာရောင်လေးပါပဲ။ ပန်းကတော့ အနီ၊ အဖြူနဲ့ အဝါ နှင်းဆီပန်းကို ပတ်လည်ပန်ထားတယ်ဗျ''
13 နာရီ 00 မိနစ် - မြန်မာစံတော်ချိန်
ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောပွဲပြီးဆုံး
12 နာရီ 58 မိနစ် - မြန်မာစံတော်ချိန်
တိုးပေါက်မလွယ်တဲ့ လူအုပ်ကြီး
ကျမ လုပ်ဖော်ကိုင်ဘက်တွေ၊ ထောင်ထဲက ဒီမိုကရေစီ လုပ်ဖော်ကိုင်ဘက်တွေကို ဂုဏ်ပြုချင်တယ်။ မြန်မြန်လွတ်လာပါစေလို့။
12 နာရီ 35 မိနစ် - မြန်မာစံတော်ချိန်
မိန့်ခွန်း ကောက်နုတ်ချက် ...
“ သတ္တိဆိုတာ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ကိုယ်လိုချင်တဲ့ ကိစ္စကို မှန်မှန်ကန်ကန်နဲ့ လုပ်တာဟာ သတ္တိပဲ။ လုပ်ရဲရမယ် ”

“ ကျမတို့ပြောနေတာလဲ နိုင်ငံရေးဘဲ။ အားလုံးနိုင်ငံရေးဘဲ။ ကျမတို့ပြည်သူတွေ နိုင်ငံရေးကို နားလည်အောင်လုပ်ပါ။ အရှေ့က လုပ်နေတဲ့သူကို အနောက်က လူက ထိန်းနိုင်ရမယ်။ ဒါဟာ ဒီမိုကရေစီဘဲ။ ကျမတို့ ပြည်သူတွေ ထိန်းသိမ်းတာကို ခံပါမယ်။ တခြားသူ ထိန်းသိမ်းတာကို မခံနိုင်ဘူး။ ကျမ ထိန်းသိမ်းခံရတဲ့ချိန်မှာ လုံခြုံရေးသမားတွေ အများကြီး တွေ့ရပါတယ်။ ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်ပါတယ်။ ကျမအပေါ် ကောင်းကောင်းဆက်ဆံတဲ့ သူတွေကိုပါ။ ကျေးဇူးကို သိတတ်တဲ့သူက နည်းတယ်။ ကျေးဇူးသိတတ်တဲ့သူ ရှားတယ် ဆိုတာကို ကျမကတော့ လက်မခံချင်ဘူး။ ကျေးဇူးသိတယ်ဆိုတာ ဘာလဲ။ တယောက်နဲ့တယောက် သည်းခံရမယ်။ အရှေ့က လူက နောက်ကလူကို သိတတ်ရမယ်။ နောက်ကလည်း ရှေ့ကလူကို သိတတ်ရမယ်။ ဒါဟာ ကျမရဲ့ အခင်းအကျင်းဘဲ။”

“ ပြည်သူကြားမှာ အားလုံးကြားမှာ အမျိုးသား ရင်ကြားစေ့ရေးကို ဆက်လုပ်သွားမယ်။ ဘယ်သူဘဲဖြစ်ဖြစ် အဆင်ပြေအောင် လုပ်ချင်ရင် ရတယ်။ စကားပြောချင်လည်း ရတယ်။ ကျမတို့ဘက်က ပြည်သူ့အင်အားတွေ လိုပါတယ်။ အခု ပြည်သူတွေ ကျမတို့ဘက်မှာရှိတယ်ဆိုတာ သိရတယ်။ ပြည်သူရဲ့ယုံကြည်မှု၊ ပြည်သူရဲ့ ထောက်ခံမှုကို ရယူသွားမယ်။ အခု ဘာလုပ်နိုင်တယ် ဆိုတာကို မပြောနိုင်တာ ခွင့်လွှတ်ပါ။ အပြင်ထွက်ထွက်လာခြင်း ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုတာကို ပြောတာက နားမလည်ဘဲ ပြောတယ် ဖြစ်မှာစိုးလို့ပါ။ ကျမတို့အားလုံး အနာခံရပါတယ်။ လုပ်ဖော်ကိုင်ဘက်တွေလည်း အနာခံခဲ့ရပါတယ်။ အနာခံရမယ်ဆိုရင် သည်းခံပြီး အနာခံကြပါလို့ ကျမပြောချင်တယ်။ လိုတော့လိုချင်တယ် အနာတော့ မခံချင်ဘူးဆိုတာတော့ မဖြစ်ဘူး။ အမှားအမှန်ကို ကိုးစားပြီး သိရမယ်။ အမှန်ဘက်က ရပ်တည်ရမယ်။ အမှားအမှန်က တစ်ချိန်လုံး အတည်ယူလို့မရဘူး။ အချိန်အတိုင်း ပြောင်းလဲမှု ရှိတယ်။ မှန်မှန်ကန်ကန်နဲ့ဖြစ်လာတဲ့ အင်အားကို ဘယ်သူကမှ ဖြိုလို့မရဘူး။”

“ ကျမကို ထိန်းသိမ်းခဲ့တဲ့လူတွေအပေါ်မှာလည်း ဘာအာဃာတမှာ မရှိဘူး ”

“ကျမတို့ မြန်မာတွေဟာ ကောက်ရိုးမီးလိုပဲလို့ ပြောတာကို ကျမတော့ မကြိုက်ဘူး’’

“ကျမတို့ ပြည်သူတွေက လက်ဖြန့်ပြီး တောင်းချင်စိတ် မရှိဘူးလို့ ကျမ ယုံတယ်’’

“ကျမကို ထိန်းသိမ်းတဲ့လူတွေကို မမုန်းဘူး။ ပုဂ္ဂိုလ်ရေးအရ ဘယ်သူကိုမုန်းတီးတာ မရှိဘူး။”

“ကျမ တရားဥပဒေစိုးမိုးရေးကို ယုံကြည်တယ်။ တောင်းပန်တာကို ကျမက တန်ဖိုးထားတယ်။ ကျေးဇူးတင်ထိုက်တာကို ကျမ ကျေးဇူးတင်တယ်။”

“လူ့အခွင့်အရေးကြေညာစာတမ်းမှာ လူတိုင်းလူတိုင်းအတွက်နဲ့ စထားတယ်။ ဒါကို လေးစားရမယ်။ လူတိုင်းလူတိုင်း တာဝန်ကျေပွန်ရမယ်။ တာဝန်သိရမယ်။ ဒါမှ ကျမတို့ နိုင်ငံတိုးတက်မယ်။ ကျမတို့နိုင်ငံတိုးတက်တယ်၊ မတိုးတက်တာ ပြည်သူသိတယ်။ မတိုးတက်တာ ဘယ်သူ့ကြောင့်လို့ ပြောနေလို့ အပိုဘဲ။ ကျမတို့ကို လုပ်ပိုင်ခွင့်ပေးပါလို့ဘဲ ပြောမယ်။
ကျမတို့ပြည်သူက လက်ဖြန့်ပြီးတောင်းမှာ မဟုတ်ဘူးလို့ ကျမ သိတယ်။ ကိုယ့်လုပ်ပိုင်ခွင့်ကို တောင်းဆိုတာဖြစ်တယ်။”

“ကျမ အမျိုးသားရင်ကြားစေ့ရေးကို ကျမ အမြဲ ယုံကြည်ပါတယ်။ ကျမတို့ဟာ ပြည်သူရဲ့ အင်အားကို အားကိုးပြီးတော့ အလုပ်လုပ်နေတာလို့ အကြိမ်ကြိမ်အခါခါ ပြောခဲ့ပြီးပါပြီ။ ပြည်သူရဲ့ အင်အားကို စနစ်တကျသုံးမှပဲ ထိရောက်မှာပါ။ ပြည်သူတွေကို ထပ်ပြီး မှာပါရစေ။ ကိုယ်လိုချင်တာကို မျှော်လင့်နေရုံနဲ့ မအောင်မြင်ပါဘူး။ ကိုယ်လိုချင်တာကို ရအောင် လုပ်ကြမှ လုပ်ရဲမှ လုပ်နိုင်မှ ရမယ်။ အကောင်းဆုံး နည်းလမ်းကို ရှာရမယ်’’

“ကျမရဲ့ လုံခြုံရေးကို တာဝန်ယူတဲ့ သူတွေက ကျမကို ကောင်းကောင်းမွန်မွန် ဆက်ဆံကြတယ်။ အဲဒီအတွက် ကျေးဖူးတင်တယ်။ ကျမကို ကောင်းကောင်းမွန်မွန် ဆက်ဆံသလိုပဲ ပြည်သူအားလုံးအပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံရင် ဘယ်လောက် ကောင်းလိုက်မလဲလို့ ကျမ တွေးမိပါတယ်။ ဒါပေမဲ့ ကျမကို အကျယ်ချုပ် ချသလိုတော့ ပြည်သူကို မချစေချင်ဘူး။ ပြည်သူကို အကျယ်ချုပ် မချပါနဲ့။ ကောင်းကောင်းမွန်မွန် ဆက်ဆံစေချင်ပါတယ်’’

“မကောင်းတာကို မပြောစေချင်ရင် မလုပ်ပါနဲ့။ ကောင်းတာတွေကို ကျမတို့က တန်ဖိုးထားပါတယ်၊ ကျေးဇူးလည်း တင်ပါတယ်။ ကောင်းတာတွေချည်း လုပ်နေရင် တသက်လုံး ကျမ ကျေးဇူးတင်လို့ ဆုံးမှာ မဟုတ်တော့ပါဘူး’’

“ပြည်သူတွေဟာ လုပ်စရာရှိတာ လုပ်ရမယ်၊ လူတိုင်း ကိုယ့်တာဝန် ကိုယ်ကျေရမယ်’’
12 နာရီ 33 မိနစ် - မြန်မာစံတော်ချိန်
တိုးပေါက်မလွယ်တဲ့ လူအုပ်ကြီး
၇ နှစ်အကြာမှာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး နေအိမ်အပြင်ဘက်ထွက် လူထုစကားပြောမှုကို လာရောက်နားထောင်သူဟာ အနည်းဆုံး ၄ သောင်းကျော်မယ်လို့ သွားရောက် နားထောင်နေတဲ့ မဇ္ဈိမသတင်းထောက်တွေက ခန့်မှန်းထားကြပါတယ်။

လူအုပ်ကြီးက “တိုးပေါက်လို့မလွယ်အောင် ပြည့်ညှပ်ကြပ်နေတယ်” လို့ သတင်းထောက် တယောက်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ပြောနေတဲ့ မိန်းခွန်းထဲက ကောက်နှုတ်ချက်တချို့ကို ထပ်မံတင်ပြရရင်

“ လူတွေရဲ့စိတ်ထဲမှာ ဘာတွေဖြစ်နေသလဲဆိုတာ မသိသေးဘူး။ နားထောင်ရဦးမယ်။ လူထုအသံကို နားထောင်ချင်တယ်။ တယောက်တည်း ထပြီးပြောနေတာ အဆင်မပြေဘူး။ တယောက်တည်းက ပြောနေတာကို ကျန်တဲ့လူတွေက နားထောင်နေရတာက ဒီမိုကရေစီ မကျဘူး။"

“ ပြည်သူ့လုပ်အားတဲ့ အလုပ်လုပ်ချင်တယ်။ ကျမတယောက်ထဲ အလုပ်လုပ်မလုပ်ချင်ဘူး။ တယောက်ထဲ လုပ်တာ ဒီမိုကရေစီ မဟုတ်ဘူး။ ကြင်နာမှုရှိတဲ့ ကမ္ဘာသူ ကမ္ဘာသားတွေရှိနေတယ်။”
12 နာရီ 24 မိနစ် - မြန်မာစံတော်ချိန်
ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြော
ဒေါ်အောင်ဆန်းစုကြည်ဟာ အခုဆိုရင် အန်အယ်ဒီရုံးချုပ် လူထုမိန့်ခွန်းဟောပြောမှု ပြုလုပ်နေပါတယ်။

သူမဟောပြောတဲ့အထဲက ကောက်နှုတ်ချက်တချို့ကို တင်ပြရရင် “ ပြည်သူတွေမပါဘဲနဲ့ ဘာကိစ္စမှ မအောင်မြင်ဘူး၊ ဘာမှ လုပ်လို့ မရဘူး။ ကျမတို့ အလုပ်ကို လုပ်ကြရမယ်။ ကျမတို့က ကံ ကံလို့ ပြောတယ်။ ကျမတို့ အလုပ်ကို လုပ်ကြရမယ့် တာဝန်ကို မကြောက်ဘူး၊ တာဝန်မကျေမှာကို ကြောက်တယ်”
11 နာရီ 00 မိနစ် - မြန်မာစံတော်ချိန်
ဒေါ်အောင်ဆန်းစုကြည် ၁၂ နာရီမှာ လူထုဟောပြောပွဲ လုပ်မယ်
တားမြစ် ကန့်သတ်ချက်တွေ မပါဘဲ နေအိမ်အချုပ်ကနေ လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ယနေ့ မွန်းတည့် ၁၂ နာရီ မှာ လူထုမိန့်ခွန်း ဟောပြောမှုကို ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

ဟောပြောမှု ပြီးသွားတဲ့နောက် မွန်းလွဲ ၂ နာရီမှာ ပါတီ အတွင်းရေးမှူး ဦးလွင်၏ ဇနီး ဒေါ်တင်တင်မလေးရဲ့ ဈာပနကို လိုက်ပါ ပို့ဆောင်မှာလည်း ဖြစ်ပါတယ်။

တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကနေ မနက် ၁ဝ နာရီခွဲမှာ ထွက်မှာဖြစ်ပြီး ဟောပြောမှု မတိုင်ခင် ရွှေဂုံတိုင်လမ်း ရုံးချုပ်မှာ နိုင်ငံခြား သံတမန်များနဲ့ တွေ့ဆုံမှု လုပ်မှာဖြစ်ပါတယ်။

သူမကိုတွေ့ဖို့ ရုံးချုပ်မှာ လာစောင့်နေသူကတော့ အခုကိုပဲ ၂ဝဝ ကျော်သွားပြီလို့ ပါတီ ဗဟိုဦးစီးအဖွဲ့ဝင် မဖြူဖြူသင်းက ပြောပါတယ်။
2 နာရီ 25 မိနစ် - မြန်မာစံတော်ချိန်
စုလွတ်ကြိုနေသော အိန္ဒိယမြန်မာ့အရေးလှုပ်ရှားသူများ
22 နာရီ 02 မိနစ် - မြန်မာစံတော်ချိန်
သားကောင် ထောင်ဖမ်းတာမျိုး မဖြစ်စေလိုတဲ့ သာသနာ့ဥသျှောင်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အတွက် ဝမ်းမြောက်ဝမ်းသာ လှိုက်လှဲစွာ ကြိုဆိုကြောင်း ပြည်ပအခြေစိုက် သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ်က ကျေညာချက်တရပ် ထုတ်ပြန်ပြီး ပြောဆိုလိုက်ပါတယ်။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတာဟာ သားကောင်ကို ထောင်ဖမ်းတာမျိုး မဟုတ်ဘဲ၊ အစစ်အမှန် လွတ်လွတ်ကျွတ်ကျွတ် လွှတ်ပေးတာမျိုး ဖြစ်စေလိုတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အပြစ်မရှိဘဲ ထောင်ထဲမှာ မတရား ဖမ်းဆီးချုပ်နှောင်ခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁ဝဝ ကျော်ကိုလည်း အမြန်ဆုံး ခြွင်းချက်မရှိ လွှတ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။
21 နာရီ 55 မိနစ် - မြန်မာစံတော်ချိန်
ချင်းပါတီတွေက ဒေါ်စုနဲ့ လက်တွဲချင်
ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့အပေါ် ၂ဝ၁ဝ ရွေးကောက်ပွဲဝင် ချင်းတိုးတက်ရေးပါတီ CPP နဲ့ ချင်းအမျိုးသားပါတီ CNP က နွေးထွေးစွာ ကြိုဆိုကြပြီး သူမနဲ့ လက်တွဲသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

“သူ့ကို ဒီမိုကရေစီ အင်အားစု ခေါင်းဆောင်လို့ပဲ သဘောထားပါတယ်။ သူ့ကို လက်တွဲပြီး လှုပ်ရှားသွားဖို့ ရှိတယ်။ နိုင်ငံတော် လွတ်လပ်ရေး ဖခင်ကြီးရဲ့ သမီး ဖြစ်နေတာတကြောင်း၊ ပုဂ္ဂိုလ်ရေးအရ စိတ်သဘောထားလည်း အရမ်းလေးစားတယ်” လို့ CPP အထွေထွေအတွင်းရေးမှူး (၂) ဦးရှိန်ထွန်းက ပြောပါတယ်။

CNP အထွေထွေအတွင်းရေးမှူး ဦးကျဲအိုဘိစ်ခ်ထောင်းကလည်း “အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် သုံးပွင့်ဆိုင် ဆွေးနွေးရေး လမ်းစဉ်ကို လျှောက်လှမ်းဖို့က CNP ရဲ့ ခံယူချက်ပါ။ တိုင်းရင်းသားအရေးမှာ အဓိက ပြဿနာပါ။ သူ့အဖေ ဗိုလ်ချုပ်အောင်ဆန်းက ပင်လုံမှာ တောင်ပေါ်သားတွေနဲ့ ဖက်ဒရယ်ကိစ္စ ကျေပွန်စွာ ဆွေးနွေးနိုင်ခဲ့သလို ဒီအချိန်မှာ ဒေါ်စုနဲ့ ပြန်လည်ဆွေးနွေးနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ ပြောတယ်။
21 နာရီ 38 မိနစ် - မြန်မာစံတော်ချိန်
မရှိမဖြစ် ခေါင်းဆောင်ဟု DPP က ပြော
ဒေါ်အောင်ဆန်းစုကြည်ဟာ မရှိမဖြစ် ခေါင်းဆောင် ဖြစ်ပါတယ်လို့ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ DPP က ပြောပါတယ်။

“တိုင်းပြည်ပြောင်းလဲပြီး ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ မရှိမဖြစ် လိုအပ်တဲ့ လူထုခေါင်းဆောင်တယောက် ဖြစ်ပါတယ်။ ဒါကြောင့် တွေ့ဆုံညှိနှိုင်းအဖြေရှာကြဖို့ ဒီမိုကရက်တစ်အင်အားစုတွေ နားလည်စွာနဲ့ အရိပ်တခုအောက်မှာ ရပ်ဖို့ အချိန်တန်နေပါပြီလို့ ပြောလိုပါတယ်” လို့ DPP ဒုဥက္ကဋ္ဌ (၁) ဦးတင်မောင်အေးက ပြောပါတယ်။

“ဒီနေ့မြင်ကွင်းအရ ပြောရရင် ပြည်သူလူထုဟာ ပိုပြီး စည်းစနစ်ကျစွာနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတာကို ကြိုဆိုနေတဲ့ မြင်ကွင်းဟာ လူထုခေါင်းဆောင် တဦးနောက်ကို ကျေနပ်စွာနဲ့ လိုက်ပါနေတာကို တွေ့ရတယ်” လို့ သူက ဆိုပါတယ်။
21 နာရီ 15 မိနစ် - မြန်မာစံတော်ချိန်
ပြည်သူနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်
21 နာရီ 15 မိနစ် - မြန်မာစံတော်ချိန်
မရှိမဖြစ် ခေါင်းဆောင်ဟု DPP က ပြော
ဒေါ်အောင်ဆန်းစုကြည်ဟာ မရှိမဖြစ် ခေါင်းဆောင် ဖြစ်ပါတယ်လို့ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ DPP က ပြောပါတယ်။

“တိုင်းပြည်ပြောင်းလဲပြီး ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ မရှိမဖြစ် လိုအပ်တဲ့ လူထု ခေါင်းဆောင်တယောက် ဖြစ်ပါတယ်။ ဒါကြောင့် တွေ့ဆုံညှိနှိုင်း အဖြေရှာကြဖို့ ဒီမိုကရက်တစ် အင်အားစုတွေ နားလည်စွာနဲ့ အရိပ်တခုအောက်မှာ ရပ်ဖို့ အချိန် တန်နေပါပြီလို့ ပြောလိုပါတယ်” လို့ DPP ဒုဥက္ကဋ္ဌ (၁) ဦးတင်မောင်အေးက ပြောပါတယ်။

“ဒီနေ့မြင်ကွင်းအရ ပြောရရင် ပြည်သူလူထုဟာ ပိုပြီး စည်းစနစ်ကျစွာနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတာကို ကြိုဆိုနေတဲ့ မြင်ကွင်းဟာ လူထုခေါင်းဆောင် တဦးနောက်ကို ကျေနပ်စွာနဲ့ လိုက်ပါနေတာကို တွေ့ရတယ်” လို့ သူက ဆိုပါတယ်။
21 နာရီ 10 မိနစ် - မြန်မာစံတော်ချိန်
ပြည်သူနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်

လွတ်လပ်တံခါးဆီ အပြေးချီ

ရွှေဂုံတိုင်က ကြိုသူများ
21 နာရီ 10 မိနစ် - မြန်မာစံတော်ချိန်
ပြည်သူနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်
Daw-Suu-at-Gate7
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာလ ၁၃ ရက် ၂ဝ၁ဝ ပြည့်နှစ်၊ ယနေ့ ညနေပိုင်းတွင် လွတ်မြောက်အပြီး နေအိမ်ခြံဝင်းရှေ့၌ စောင့်ကြိုနေသည့် ပြည်သူများကို နှုတ်ခွန်းဆက်သနေစဉ် (ဓာတ်ပုံ - မဇ္ဈိမ) ။ လွတ်မြောက်လာချိန်တွင် ပြည်သူ ၄ ထောင်ကျော်က နေအိမ်အနီး စောင့်မျှော်နေခဲ့ပြီး၊ သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရုံးချုပ်ဘက်တွင်လည်း လူဦးရေ တသောင်းကျော် စောင့်ဆိုင်းနေခဲ့သည်။
20 နာရီ 10 မိနစ် - မြန်မာစံတော်ချိန်
ပန်းစည်းနှင့် ဒေါ်အောင်ဆန်းစုကြည်
flower-with-suuမြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၁၃ ရက် ၂ဝ၁ဝ ပြည့်နှစ်၊ ဒီကနေ့ ညနေ ၅ နာရီ ၁၅ မိနစ်တွင် နေအိမ်အထိန်းခံမှ ပြန်လွတ်လာအပြီး နေအိမ်ရှေ့၌ လာရောက် နှုတ်ဆက်သူ ပြည်သူများထဲမှ ပေးခဲ့သည့် ပန်းစည်းနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ - မဇ္ဈိမ)။ လူဦးရေ ၄ ထောင်ခန့်ရှိ ထောက်ခံ အားပေးသူများက နေအိမ်ရှေ့ လာရောက် နှုတ်ဆက်ခဲ့သည်။ သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်၌လည်း လူတသောင်းကျော် လာရောက် စောင့်ဆိုင်းခဲ့သည်။
20 နာရီ 00 မိနစ် - မြန်မာစံတော်ချိန်
တူတဲ့အချက်တွေ ပေါ်လာမယ်လို့ ကျားဖြူ ပြော
ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့အပေါ် ဝမ်းသာကြောင်းနဲ့ ပြည်သူလူထုအတွက် လုပ်ကိုင်ရာမှာ တူညီတဲ့ အချက်တွေ ပေါ်လာမှာဖြစ်ကြောင်း ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ဒုဥက္ကဋ္ဌ ဦးစိုင်းဆောင်စီက ပြောပါတယ်။

ပုဂ္ဂိုလ်ရေးအရလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ရည်ကိုင်ရည်တွေကို လက်ခံပြီး လေးစားတယ်လို့လည်း သူက ဆိုပါတယ်။

ကျားဖြူဟာ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ လွှတ်တော် ၃ ရပ်စလုံးအတွက် အမတ်နေရာ ၅၇ နေရာ ရထားပါတယ်။
19 နာရီ 40 မိနစ် - မြန်မာစံတော်ချိန်
အားတခု ဖြစ်ချင်တဲ့ ဦးရဲထွန်းတို့ ပါတီ
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာကို ဝမ်းသာတယ်လို့ ပြောဆိုလိုက်ပြီး၊ ညှိနှိုင်း လုပ်ကိုင်သွားရင် အားတခု ဖြစ်သွားမယ်လို့ ၈၈ မျိုးဆက် ကျောင်းသားများ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီ ဥက္ကဋ္ဌ ဦးရဲထွန်းက ပြောပါတယ်။

“ဒီမိုကရေစီ အသွင်ကူးပြောင်းရေးက ပွဲမသိမ်းသေးပါဘူး။ အဲဒီအချိန်မှာ သူလွတ်လာတယ်။ နိုင်ငံရေး အချိန်ကလည်း အချိန်ကောင်း ဖြစ်တယ်။ အဲဒီတော့ အလုပ်တူတဲ့ လူတွေအားလုံး ညှိညှိနှိုင်းနှိုင်း သုံးသပ်ပြီးတော့ လုပ်နိုင်မယ်ဆိုရင် ပိုပြီးတော့ အားတခု ဖြစ်သွားတာပေါ့” လို့ သူက ဆိုပါတယ်။
19 နာရီ 37 မိနစ် - မြန်မာစံတော်ချိန်
ဒေါ်စုနဲ့ လက်တွဲလိုဟု NDF ပြော
ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတာကို ကြိုဆိုကြောင်းနဲ့ လက်တွဲဖို့ အသင့်ရှိကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်သာ လက်ခံ တွေ့ဆုံမယ်ဆိုရင် အဆင်သင့်ပါပဲ။ ကျနော်တို့မှာ ဒီကြားထဲမှာ အခင်းအကျင်းတွေ ရှိတယ်လေ။ သူသာ တွေ့မယ်ဆိုရင် လက်တွဲသွားဖို့ အဆင်သင့် ရှိတယ်” လို့ သူက ဆိုပါတယ်။

လက်ရှိ တရားဝင် ပါတီတခု အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံတဲ့အတွက် ပါတီတည်ရှိမှု ပျက်ပြယ်မှာကိုလည်း မစိုးရိမ်ကြောင်း သူက ဆက်ပြောပါတယ်။

“သူက ကျနော်တို့ရဲ့ ခေါင်းဆောင်ပဲလေ။ သူ့ကို တွေ့လို့ ပါတီဖျက်မယ်ဆိုလည်း ဖျက်ပေါ့။ သူနဲ့ တွေ့တဲ့အခါမှာလည်း ဘာကြောင့် ပါတီထောင်ရတဲ့ အကြောင်းနဲ့ လူထုအတွက် လုပ်နေတဲ့ အကြောင်းကို ဒေါ်စုကို ရှင်းရှင်းလင်းလင်း တင်ပြသွားဖို့ ရှိပါတယ်” လို့ သူက ဆိုပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ၂ဝ၁ဝ ရွေးကောက်ပွဲကို တရားမျှတမှု မရှိဆိုပြီး ပါတီကို ပြန်လည်မှတ်ပုံခြင်း မပြုဘဲ ထားခဲ့ပေမယ့် သဘောထားကွဲလွဲသူ NLD ခေါင်းဆောင်ပိုင်းတချို့က ရွေးကောက်ပွဲဝင်ဖို့ NDF ပါတီကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
19 နာရီ 35 မိနစ် - မြန်မာစံတော်ချိန်
ပြည်သူများ လွတ်မြောက်မှု သင်္ကေတဟု ဒလိုင်းလားမား ပြော
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုဟာ မြန်မာပြည်သူတွေ လွတ်မြောက်မှုရဲ့ သင်္ကေတလို့ တိဘက်ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားက ပြောကြားတယ်လို့ အိန္ဒိယ ITV သတင်းဌာနက ဒီကနေ့ ဖော်ပြပါတယ်။

နိုဗယ်ငြိမ်းချမ်းရေး ဆုရှင်တွေရဲ့ နှစ်ပတ်လည် တွေ့ဆုံပွဲ တက်ရင်း ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှာ မိန့်ကြားတာပါ။

ဘုန်းတော်ကြီးက “ဒါဟာ တဦးတယောက်ထဲ လွတ်မြောက်မှု မဟုတ်ပါဘူး။ ဒီမိုကရေစီရေးအတွက် ဘဝကို မြှုပ်နှံထားတဲ့ မြန်မာပြည်သူတွေ လွတ်မြောက်မှုလို့လည်း ထင်မြင်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်ခြင်းဖြင့် မြန်မာအစိုးရရဲ့ ပုံရိပ်လည်း ကောင်းမွန်လာမှာ ဖြစ်လို့ အများကြီး အကျိုးရှိမှာပါ” လို့ ဆိုပါတယ်။
19 နာရီ 25 မိနစ် - မြန်မာစံတော်ချိန်
ဒေါ်စု လွတ်မြောက်မှု ကန်သမတ ဝမ်းမြောက်
အမေရိကန် သမ္မတ ဘာရက် အိုဘားမားက မြန်မာ့ဒီမိုကရေစီ သူရဲကောင်း ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့အတွက် ဝမ်းမြောက်မိကြောင်း အိမ်ဖြူတော်ကနေ ပြောဆိုလိုက်ပါတယ်။
19 နာရီ 20 မိနစ် - မြန်မာစံတော်ချိန်
ပြည်သူလူထုရှေ့ ပြုံးရွှင်နေသော ဒေါ်အောင်ဆန်းစုကြည်
Daw Aung San Suu Kyi
နေအိမ် အထိန်းသိမ်းခံထားရာမှ ယနေ့ ညနေ ၅ နာရီ ၁၅ တွင် လွတ်မြောက်လာသော မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်းရှိ သူမ၏ နေအိမ် ဝင်းတံခါးမှနေ၍ ပြည်သူများကို ပြုံးရွှင်စွာ နှုတ်ခွန်း ဆက်သနေစဉ် (ဓာတ်ပုံ - မဇ္ဈိမ)
19 နာရီ 08 မိနစ် - မြန်မာစံတော်ချိန်
ဒေါ်အောင်ဆန်းစုကြည် စကား
"တက်ညီလက်ညီ ရှိရမယ်" ဆိုတဲ့ စကားကို ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေနဲ့ တွေ့ဆုံစဉ် ပြောဆိုခဲ့ပါတယ်။
19 နာရီ 06 မိနစ် - မြန်မာစံတော်ချိန်
ဒေါ်အောင်ဆန်းစုကြည်က သားနဲ့ စကားပြော
ဒေါ်အောင်ဆန်းစုကြည်က ဆယ်စုနှစ်တခုကြာ မမြင်တွေ့ရသည့် သူမ၏ သားအငယ် ကင်မ် ခေါ် ကိုထိန်လင်းကို ဒီကနေ့ ဖုန်းနဲ့ စကားပြောခဲ့ပါတယ်။ ကိုထိန်လင်းဟာ မိခင်ဆီ အလည်အပတ် လာရောက်ဖို့အတွက် မြန်မာနိုင်ငံထဲ ပြည်ဝင်ခွင့်ဗီဇာရဖို့ ထိုင်းနိုင်ငံမှာ ကြိုးပမ်းနေပါတယ်။
19 နာရီ 04 မိနစ် - မြန်မာစံတော်ချိန်
မနက် ၁၂ နာရီ ရုံးကို လာခဲ့ပါ

ဒေါ်အောင်ဆန်းစုကြည်က လွတ်လာပြီးနောက် ခြံရှေ့မှာ ပြည်သူလူထုရှေ့ ပြောသွားတဲ့ စကားကတော့ ''နောက်ကလူတွေ မကြားရရင် ရှေ့ကလူက ပြန်ပြောပြပေါ့နော်။ အဲဒီလို တယောက်နဲ့ တယောက် မျှတစွာ ယူသွားကြဖို့ ၊ တယောက်နဲ့ တယောက် စာနာစိတ်ထားပေးပါ/ အားလုံး မနက်ဖြန် တွေ့ချင်ရင် မနက် ၁၂ နာရီ ရုံးကို လာခဲ့ပါ'' လို့ ဖြစ်ပါတယ်။
19 နာရီ 04 မိနစ် - မြန်မာစံတော်ချိန်
ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင်း ပြန်ဝင်
ဒေါ်အောင်ဆန်းစုကြည်က လွတ်လာပြီးနောက် ခြံရှေ့မှာ ပြည်သူလူထုရှေ့ ပြောသွားတဲ့ စကားကတော့ ''နောက်ကလူတွေ မကြားရရင် ရှေ့ကလူက ပြန်ပြောပြပေါ့နော်။ အဲဒီလို တယောက်နဲ့ တယောက် မျှတစွာ ယူသွားကြဖို့ ၊ တယောက်နဲ့ တယောက် စာနာစိတ်ထားပေးပါ/ အားလုံး မနက်ဖြန် တွေ့ချင်ရင် မနက် ၁၂ နာရီ ရုံးကို လာခဲ့ပါ'' လို့ ဖြစ်ပါတယ်။
18 နာရီ 00 မိနစ် - မြန်မာစံတော်ချိန်
ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင်း ပြန်ဝင်
နှုတ်ဆက်စကား ပြောကြားပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က နေအိမ် အတွင်းသို့ ပြန်လည် ဝင်ရောက်သွားပြီ ဖြစ်သည်။

ဦးတင်ဦးနှင့် ဇနီးနှင့် ဦးအုန်းကြိုင်တို့လည်း နေအိမ်တွင်းသို့ လိုက်ပါ ဝင်ရောက်သွားသည်။

မနက်ဖြန် မွန်းတည့် ၁၂ နာရီတွင် ရွှေဂုံတိုင် ရုံးချုပ်သို့ လာရောက် တွေ့ဆုံနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က လူအုပ်စုကြီးကို ထဲ့သွင်း ပြောကြားသွားသည်။
17 နာရီ 40 မိနစ် - မြန်မာစံတော်ချိန်
ဒေါ်အောင်ဆန်းစုကြည် လွတ်ပါပြီ
ဒေါ်အောင်ဆန်းစုကြည်က နေအိမ်ခြံဝင်းအတွင်းမှနေ၍ အိမ်ပြင်မှ လူအုပ်စုကြီးကို နှုတ်ဆက်စကား ပြောကြားနေပြီ ဖြစ်သည်။

ဗေဒါရောင် ဝမ်းဆက် ဝတ်ဆင်ထားသာ ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရေး ကောင်းမွန်ပြီး လန်းလန်းဆန်းဆန်း ရှိသည်ဟု နားထောင်နေသူ တဦးက မဇ္ဈိမသို တယ်လီဖုန်းမှတဆင့် ပြောပါတယ်။

အနီရောင် ပန်းတပွင့်နှင့် အဖြူရောင် ပန်းတပွင့်တိုကို ပရိတ်သတ်ထဲမှ ပေးလာ၍ ပန်ဆင်ထားသည်
------------------
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်လိုက်ပါပြီ။ မြန်မာစံတော်ချိန် ၅ နာရီ ၁၅ တွင် လွှတ်ပေးလိုက်တာ ဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်မှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က ပြောပါတယ်။

နေအိမ်ရှေ့တွင်ပင် လူထုကို စကားပြောရန် ဒေါ်အောင်ဆန်းစုကြည်က စီစဉ်လျှက်ရှိသည်ဟု ဦးဝင်းတင်က ပြောသည်။

အနည်းဆုံး ၄ ထောင်ခန့်ရှိသော စောင့်မျှော်နေသော လူအုပ်ကြီးက ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့ ခြံဝသို့တိုးကာ စောင့်ဆိုင်းနေကြသည်။ ဒေါ်အောင်ဆန်းစုကြည်ကို လူအုပ်စုကြီးက မတွေ့ရသေးသော်လည်း ဒေါက်တာတင်မျိုးဝင်းနဲ့ ဦးဥာဏ်ဝင်းတို့က လူအုပ်စုကြီးကို ထိန်းထားရသည်။

ရွှေဂုံတိုင်ရုံးချုပ်ရှေ့တွင်တော့ လူ ၁ သောင်းကျော်က စောင့်ဆိုင်းနေရာ ဒေါ်စုနေအိမ်ဘက်သို့ စတင်ထွက်ခွာကြပြီဖြစ်သည်။
16 နာရီ 45 မိနစ် - မြန်မာစံတော်ချိန်
အတားအဆီးများကို စတင် ဖယ်ရှား
ဒေါ်အောင်ဆန်းစုကြည် နေအိမ် အနီးရှိ လုံခြုံရေး အတားအဆီးများကို စတင် ဖယ်ရှားနေပြီ ဖြစ်သည်။
16 နာရီ 45 မိနစ် - မြန်မာစံတော်ချိန်
ဒေါ်စုကို ၇ နာရီမှာ လွှတ်ပေးမယ်လို့ ဆို
ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ည ၇ နာရီမှာ လွှတ်ပေးမှာလို့ နေအိမ်အနီး စောင့်ကြပ်နေတဲ့ ရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ အရာရှိ တယောက်က မဇ္ဈိမကို ပြောပါတယ်။

သီးခြား အတည်ပြုချက် မရနိုင်သေးသလို အသေးစိတ် ပြောဖို့ကိုလည်း ရဲအရာရှိက ငြင်းဆိုပါတယ်။

တက္ကသိုလ်ရိပ်သာ လမ်းနေအိမ် အတိုက်အခံ ခေါင်းဆောင်ကို ကြိုဆိုဖို့ ၅ဝဝ လောက်ရှိတဲ့ လူအုပ်ကြီးက စောင့်ဆိုင်းနေပြီး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် လူငယ် ၄ဝ လောက်က ထိုင်သပိတ်သဘော တင်ပျဉ်ခွေ ထိုင်နေကြပါတယ်။

လက်နက်ကိုင် လုံခြုံရေးတွေလည်း သိသိသာသာ များလာပြီး၊ တားမြစ် ဧရိယာထဲအထိ မဝင်ရောက်ဖို့ ဟန့်တားထားပါတယ်။
16 နာရီ 40 မိနစ် - မြန်မာစံတော်ချိန်
Stand with Aung San Suu Kyi
ရှေ့ဘက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ :: ဒေါ်အောင်ဆန်းစုကြည် ယနေ့ လွတ်မည်ဟု ယုံကြည်နေသော အန်အယ်ဒီ ရုံးချုပ်အနီး လာရောက် စောင့်ဆိုင်းနေသူ အများအပြားက ”ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ” စာတန်းပါသည့် တီရှပ်များနှင့် ”အောင်ဆန်းပေးတဲ့ ဒီမိုကရေစီ” ဆိုသော အကျီများ ဝတ်ဆင်ထားကြသည်။ တထည်လျှင် ကျပ် ၃ဝဝဝ ဖြင့် ရောင်းချသော အင်္ကျီများမှာ ယမန်နေ့ ညကတည်းက ရောင်းကုန်သွားခဲ့သည်။
16 နာရီ 35 မိနစ် - မြန်မာစံတော်ချိန်
ဒေါ်စုကို လူထုနည်းနဲ့ လုပ်ဆောင်စေချင်ဟု ဦးဝင်းတင် ပြော

"နောက်ဆုံးတွေ့တာ ၁၉၈၉ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့ မနက်မှာ ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ တွေ့တာ။ အဲဒါ နောက်ဆုံးပဲ။ ဒီနေ့အထိ တခါမှ မတွေ့တော့ဘူး။ အဲဒီတော့ ကျနော်က ဒေါ်စုကို ပြောချင်တာ တခုပဲ ရှိတယ်။ ဒေါ်စု လွတ်လာရင် ပြောချင်တဲ့ စကားတခွန်းပဲ ရှိပါတယ်။ ဒေါ်စု လက်ရှိ ရှိတဲ့ နိုင်ငံရေးကို ဒေါ်စု လုပ်မြဲဖြစ်တဲ့ လူထုနည်းနဲ့ ဆောင်ရွက်တဲ့ နည်းပေါ့။ လူထုနည်းနဲ့ ဆောင်ရွက်တဲ့ နည်းကို ထက်ထက်သန်သန် ထူးထူးခြားခြား လုပ်ပါလို့။ အဲဒါ တခုပဲဗျ"
16 နာရီ 25 မိနစ် - မြန်မာစံတော်ချိန်
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ
ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့သွားရာ တက္ကသိုလ်ရိပ်သာလမ်း ကန့်သတ်နယ်မြေအနီး ’’ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ ချမ်းသာပါစေ’’ ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် ပြည်သူအချို့က ယနေ့ နိုဝင်ဘာ ၁၃ ရက် ၂ဝ၁ဝ ပြည့်နှစ်၊ နေ့လည် ၁ နာရီခွဲခန့်တွင် အော်ဟစ် ဆုတောင်းစဉ် (ဓာတ်ပုံ - မဇ္ဈိမ)။ ပြည်သူများ၊ ပါတီဝင်များ၊ ပြည်တွင်းပြည်ပ သတင်းထောက်များ၊ နိုင်ငံခြားသားများ စုစုပေါင်း ၅ဝဝ ခန့်က ဒေါ်စု လွတ်လာမည်ဟု မျှော်လင့်ကာ စောင့်ဆိုင်းနေသည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့သွားရာ တက္ကသိုလ်ရိပ်သာလမ်း ကန့်သတ်နယ်မြေအနီး ’’ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ ချမ်းသာပါစေ’’ ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် ပြည်သူအချို့က ယနေ့ နိုဝင်ဘာ ၁၃ ရက် ၂ဝ၁ဝ ပြည့်နှစ်၊ နေ့လည် ၁ နာရီခွဲခန့်တွင် အော်ဟစ် ဆုတောင်းစဉ် (ဓာတ်ပုံ - မဇ္ဈိမ)။ ပြည်သူများ၊ ပါတီဝင်များ၊ ပြည်တွင်းပြည်ပ သတင်းထောက်များ၊ နိုင်ငံခြားသားများ စုစုပေါင်း ၅ဝဝ ခန့်က ဒေါ်စု လွတ်လာမည်ဟု မျှော်လင့်ကာ စောင့်ဆိုင်းနေသည်။
11 နာရီ 25 မိနစ် - မြန်မာစံတော်ချိန်
NLD ရုံးချုပ်မှာ ခေါင်းဆောင်များလည်းရောက်
ရန်ကုန်တိုင်း ဗဟန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်နဲ့ ရုံးရှေ့ ရွှေဂုံတိုင်လမ်းပေါ်မှာ ပါတီဝင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေ တထောင်ကျော် ရောက်နေတယ်လို့ ပါတီပြောခွင့်ရ ဦးအုန်းကြိုင်က ပြောပါတယ်။

NLD လူငယ်တယောက်ကလည်း ’’မနေ့ကလိုမျိုး အခင်းအကျင်း လုပ်နေတယ်။ ဓာတ်ပုံတွေ၊ တီရှပ်တွေ ဝတ်ပြီးတော့ စောင့်ဖို့ လုပ်နေတယ်နော်’’ လို့ ဆိုပါတယ်။

ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးနဲ့ ဗဟိုအလုပ်မှုဆောင်ဝင် ဦးဝင်းတင်တို့အပြင် ဗဟိုနဲ့ ပြည်နယ်/တိုင်း ခေါင်းဆောင်တွေ ရောက်နေပြီ ဖြစ်ပါတယ်။
10 နာရီ 55 မိနစ် - မြန်မာစံတော်ချိန်
ကုန်ဈေးနှုန်း ကျဆင်းရေး လူငယ်တွေလည်း စောင့်နေ
ယောလုံချည်အနက်နဲ့ အင်္ကျီအဖြူတွေ ဝတ်ထားတဲ့ ကုန်ဈေးနှုန်း ကျဆင်းရေး လူငယ်အဖွဲ့ ၅ဝ လောက်ဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ညာဘက်ရှိ တက္ကသိုလ် ရိပ်သာလမ်းနဲ့ အင်းလျားလမ်းဒေါင့်မှာ ရောက်နေတယ်လို့ အဖွဲ့ဝင် ကိုသိန်းအောင်မြင့်က ပြောပါတယ်။

“ကျနော်တို့ရဲ့ လူထု ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဥပအဒေ အကြောင်းအရ လွတ်မြောက်ပြီ ဆိုတာကို သိနေလို့ ကြိုဆိုဖို့၊ သူ့ကို ဂါရဝပြုနိုင်ဖို့အတွက် စောင့်မျှော်နေကြတာ ဖြစ်ပါတယ်။ ၇ နာရီလောက် ကတည်းကနေ စောင့်နေတာပါ။ ကျနော်တို့အဖွဲ့က ၅ဝ ရောက်နေပါပြီ” လို့ ဆိုပါတယ်။

ဒီလူငယ်တွေကတော့ ၂ဝဝ၇ ခုနှစ် သြဂုတ်လအတွင်း လောင်စာဆီနဲ့ ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြခဲ့သူတွေ ဖြစ်ပါတယ်။
8 နာရီ 15 မိနစ် - မြန်မာစံတော်ချိန်
”အန်တီ ဒီနေ့ လွတ်ကို လွတ်ရမယ်”
ကိုမျိုးညွန့်
NLD လူငယ် လုပ်ငန်းဖော်ဆောင်ရေး တာဝန်ခံ

“ရုံးကို မနက် ၇ နာရီကတည်းက ဖွင့်ထားတယ်။ အခု ရောက်နေတာက လူ ၁ဝဝ နီးပါး ရောက်နေပြီ။ ရုံးအတွင်းမှာရော၊ ရုံးပြင်မှာပါ လူတွေ စရောက်နေကြပြီ။ ကျနော်တို့က ရုံးမှာ အလုပ်ရှိလို့ ပြန်လာတာ။ တချို့တဝက်ကိုတော့ အန်တီ နေအိမ်ဘက် ထားထားခဲ့တယ်။ ကျနော်တို့က ယုံကြည်တာ တချက်ရှိတယ်။ အဲဒါ ဘာလဲဆိုတော့ အန်တီ ဒီနေ့ လွတ်ကို လွတ်ရမယ်လို့ ယုံကြည်တယ်”
02:00
ဒေါ်စုလွတ်မည်ကိုမျှော်
23:45
အခြေအနေ မထူးသေး ဦးလွင်ကတော်ဆုံး
“သိပ်တော့ မထူးသေးဘူး။ လူကတော့ တဖြေးဖြေး နည်းနည်းသွားတယ်။ သတင်းထောက် အနည်းအကျဉ်းလောက်ပဲ ကျန်တော့တယ်။ ကျနော်တို့တော့ ၁၂ နာရီ ကျော်တဲ့အထိ ထိုင်စောင့်မယ်။ ထူးတာက ဘဘဦးလွင် အမျိုးသမီး ဒေါ်တင်တင်မလေး ၉ နာရီ ခွဲလောက်က ဆုံးသွားပြီ။ ဘာရောဂါဆိုတာ မသိရသေးဘူး။ ဆုံးတယ်လို့ ဦးဟန်သာမြင့်က ဖုန်းဆက်ပြောတယ်” ဟု ဒေါ်အောင်ဆန်းစုကြည် အိမ်အနီးတွင် စောင့်နေဆဲ NLD လူငယ် တဦးက ပြောသည်။
23:30
ထောက်ခံသူများ စောင့်ကြို
ဒေါ်အောင်ဆန်းစုကြည် လွတ်လာလိမ့်မည် ဟူသော မျှော်လင့်ချက်ဖြင့် စောင့်ဆိုင်းနေကြသူများကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ် အနီးတွင် သောကြာနေ့ နိုဝင်ဘာ ၁၂ ရက်နေ့က တွေ့ရစဉ်။ ဗီဒီိယို- မဇ္ဈိမ။
23:20
လွတ်လာမည် မျှော်
ဒေါ်အောင်ဆန်းစုကြည် ယနေ့ (သောကြာနေ့) လွတ်လာမည် မျှော်လင့်ပြီး ဗဟန်း NLD ရုံးချုပ်ရှေ့တွင် စောင့်နေသူများထဲက အမျိုးသမီးကြီး တဦးကို သူ့ဓာတ်ပုံကိုင်လျက် တွေ့ရစဉ်။ ယနေ့ ညအစောပိုင်းက သူ့ကိုတွေ့ရန် စောင့်နေကြသူများကို ပါတီ ခေါင်းဆောင်များက အိမ်ပြန်ကြရန်နှင့် မနက်ဖြန်မှ ပြန်လာရန် ပြောဆိုခဲ့သည်။ ဓာတ်ပုံ- မဇ္ဈိမ။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း လွှတ်ပေးရန် နယူးဒေလီမြို့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူများက ၅ ရက်မြောက် ယနေ့ ဆက်လက် ဆန္ဒပြစဉ်။ (ဓာတ်ပုံ- မဇ္ဈိမ) ဆန္ဒပြသူများက မြန်မာ စစ်အစိုးရ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုရန်လည်း အိန္ဒိယ အစိုးရကို တောင်းဆိုကြသည်။
23:15
အပြည့်အဝ ယုံကြည်တယ်
ဒေါ်အောင်ဆန်းစုကြည် လွတ်လာတော့မယ် ဆိုသည့် သတင်းနှင့် ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ၏ မှတ်ချက်

“သူလွတ်လာရင် မကြာခင်က ပြီးသွားတဲ့ ရွေးကောက်ပွဲအပေါ်မှာ အများက ထောက်ပြ ဝေဖန်နေသလို သူကလဲ ထောက်ပြ ဝေဖန်မှာပဲ။ နောက်ပြီးတော့ ကလေးမြို့ သဘောတူညီချက်နဲ့ ပင်လုံ ညီလာခံတစ်ခု လုပ်ဘို့ သဘောထားတွေ အပေါ်မှာလဲ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံလိမ့်မယ်လို့ ကျနော် အပြည့်အဝ ယုံကြည်တယ်။ အရင်ကလဲ သူ့သဘောထားကို ပြောခဲ့ဘူးတာကိုး။ နောက်ပြီး မကြာခင်က ဖြစ်ပွားတဲ့ ဒီ မြဝတီတို့ ဘုရားသုံးဆူတို့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး သူ့ဝေဖန်ချက် ထွက်လာမယ်လေ။ ကနေ့ နိုင်ငံရေး အခြေအနေပေါ်မှာ သူ့ရဲ့ဝေဖန်ထောက်ပြမှုတွေက အများကြီး ဂယက်ရိုက်မယ်၊ သူ့သုံးသပ်မှု အမြင်တွေ နောက်ကို လူထုက အများကြီးလိုက်ဖို့ ရှိတယ်။ အားလုံးကို ခြုံလိုက်ရင် ကောင်းတဲ့ဘက်ကို ဦးတည်နေမယ်လို့ ကျနော် ယုံကြည်တယ်။ ”
21:30
Win Tin on Suu Kyi release on November 12
21:00
ဒေါ်စု မလွတ်သေး
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးက “အခုအချိန်ထိ မလွတ်သေးပါဘူး။ ကျနော်လည်း အိမ်ပြန်ရောက်လို့ ထမင်းစားနေတုန်းပဲ ရှိသေးတယ်။ ကလေးတွေက ဒီနေ့လွတ်မှာပဲဆိုပြီးတော့ စောင့်နေကြတယ်။ ကျနော်တုန်းကလည်း ၉ နာရီ၊ ၁ဝ နာရီမှာ လွတ်တယ်ဆိုတော့ အဲဒီအချိန်မှာ လွတ်မလားဆိုပြီးတော့ ကလေးတွေ စောင့်ကြတယ်လို့ ထင်ရတာပဲလေ” လို့ ပြောပါတယ်။
20:35
ဒေါ်စုလွတ်မှ တင်းမာမှု လျော့နိုင်
ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိချာချီဝ က ဒေါ်အောင်ဆန်းစုကြည် လွှတ်လာမှသာ မြန်မာနိုင်ငံအတွင်း တင်းမာမှုတွေ လျော့ကျသွားမယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့တယ်လို့ ထိုင်းသတင်းအေဂျင်စီ MCOT က ဒီနေ့ ဖော်ပြပါတယ်။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မလွတ်နဲ့ ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေဘက်က သူ့ဆီကို တစုံတရာ အကြောင်းကြားခြင်း မရှိကြောင်းနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း သူမ လွတ်လာမှာကို တွေ့မြင်လိုကြောင်း ထိုင်းဝန်ကြီးချုပ် ပြောဆိုချက်ကို MCOT က ကိုးကားရေးသားပါတယ်။
19:10
ဒေါ်အောင်ဆန်းစုကြည် လွတ်လာမည်ဟု မျှော်လင့်ပြီး ရန်ကုန် ဗဟန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်တွင် စောင့်ဆိုင်းနေသူများကို သောကြာနေ့ နိုဝင်ဘာ ၁၂ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ
19:10
ဒေါ်စုကို စောင့်ဆိုင်းနေသူများ လူစုခွဲ
ဒေါ်အောင်ဆန်းစုကြည် လွတ်လာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်ရှေ့မှာ တနေကုန် စောင့်နေခဲ့တဲ့ လူငယ်တွေဟာ ညနေ ၆ နာရီခွဲလောက်မှာ လူစုခွဲလိုက်တယ်လို့ ပါတီဝင် လူငယ်တယောက်က မဇ္ဈိမကို ပြောပါတယ်။

မနက်ဖြန်မှာ လွတ်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်သစ်တွေ ပေါ်လာပြန်ပြီး၊ ကုက္ကိုင်းလမ်းဆုံအနီး စောင့်ဆိုင်းနေခဲ့တဲ့ ထောက်ခံသူတွေလည်း ပြန်သွားကြပြီလို့ မဇ္ဈိမသတင်းထောက်က ပြောပါတယ်။
18:07
ဒေါ်စု ဒီနေ့ ရုံးလာရောက်ဖွယ်မရှိဟု အန်အယ်ဒီပြော
“တကယ်လို့ လွတ်လာရင်လည်း အခုချိန်ကျမှ ရုံးကိုလာဖို့ မဖြစ်နိုင်တော့ဘူး။ မနက်ဖြန် မနက်ကျမှပဲ ရုံးလာဖို့ စီစဉ်မှာပါ။ မနက်ဖြန်ကျမှပဲ ပြန်လာဖို့ လာတဲ့သူတွေကို ပြောလိုက်ရတယ်။ အခု အခြေအနေထိတော့ မလွတ်လာသေးဘူးလို့ ပြောလို့ရမယ်” လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောပါတယ်။
16:25
တွစ်တာမှာ ဒေါ်စုအကြောင်း ပြောနေကြ
လွန်ခဲ့တဲ့ ၂ နာရီအတွင်း ကမ္ဘာတဝှန်း လူမှုဆက်သွယ်ရေး ကွန်ယက်တခုဖြစ်တဲ့ တွစ်တာ Twitter သုံးစွဲသူတွေကြား ဆွေးနွေးမှုအများဆုံး အကြောင်းအရာ ထိပ်ဆုံးတန်းဝင်စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်အမည် ပါဝင်ပါတယ်။ အများဆုံး ပြောကြတဲ့ အကြောင်းအရာ ၁ဝ မျိုးထဲမှာ အဆင့် ၄ လိုက်ပါတယ်။



ဒေါ်အောင်ဆန်းစုကြည်က တွစ်တာ အသုံးပြုချင်တယ်လို့ ပြောဆိုကြောင်း သူမရဲ့ ရှေ့နေ ဦးဥာဏ်ဝင်းက သတင်းဌာနများကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်ေန့မှာ ပြောခဲ့ပါတယ်။
16:12
ဒေါ်အောင်ဆန်းစုကြည် လွတ်လာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပါတီဝင်များ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင် စောင့်ဆိုင်းနေကြသည်ကို သောကြာနေ့မွန်းလွဲက တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ ဒေါ်အောင်ဆန်းစုကြည် လွတ်လာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပါတီဝင်များ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင် စောင့်ဆိုင်းနေကြသည်ကို သောကြာနေ့မွန်းလွဲက တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ ဒေါ်အောင်ဆန်းစုကြည် လွတ်လာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပါတီဝင်များ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင် စောင့်ဆိုင်းနေကြသည်ကို သောကြာနေ့မွန်းလွဲက တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ ဒေါ်အောင်ဆန်းစုကြည် လွတ်လာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပါတီဝင်များ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင် စောင့်ဆိုင်းနေကြသည်ကို သောကြာနေ့မွန်းလွဲက တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ ဒေါ်အောင်ဆန်းစုကြည် လွတ်လာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပါတီဝင်များ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင် စောင့်ဆိုင်းနေကြသည်ကို သောကြာနေ့မွန်းလွဲက တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ ဒေါ်အောင်ဆန်းစုကြည် လွတ်လာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပါတီဝင်များ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင် စောင့်ဆိုင်းနေကြသည်ကို သောကြာနေ့မွန်းလွဲက တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ
15:15
15:15
ဒေါ်စု ခြံဝင်းထဲ သံတမန်တွေ အဝင်အထွက်ရှိ
တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ဝင်းထဲကို ရန်ကုန်အခြေစိုက် သံရုံးတချို့မှ သံတမန်တွေ ဝင်ထွက်သွားလာတာကို တွေ့ရတယ်လို့ အခြေအနေကို စောင့်ကြည့်နေတဲ့ မဇ္ဈိမ သတင်းထောက်တွေက ပြောပါတယ်။

ကုက္ကိုင်းလမ်းဆုံအနီးမှာလည်း သတင်းစာဆရာတွေ အပါအဝင် စောင့်ဆိုင်းသူ ၈ဝ လောက်ရှိတယ်လို့ သိရပါတယ်။
15:01
အိန္ဒိယ မာ့က်(စ်) ဝါဒီများက ဒေါ်စုကို လွှတ်ဖို့ တောင်းဆို
မြန်မာ့ဒီမိုကရေစီ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ အိန္ဒိယ ကွန်မြူနစ်ပါတီ (မာ့က်စ်) က စစ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ ကျနော်တို့အနေနဲ့ ထပ်မံတောင်းဆိုပါတယ်။ မြန်မာနိုင်ငံသား အားလုံးနဲ့တကွ၊ သူတို့ကို ကိုယ်စားပြုမယ့် နိုင်ငံရေးပါတီတွေ ပူးပေါင်းပါဝင်ခွင့် ပေးမှသာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖြစ်ထွန်းလိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်” လို့ ကွန်မြူနစ်ပါတီ (မာ့က်စ်) ပါတီရဲ့ နိုင်ငံတကာ ဆက်ဆံရေး ဌာနမှူးနဲ့ ပေါ်လစ်ဗျူရိုအဖွဲ့ဝင် မစ္စတာ Sitaram Yechury က ပြောပါတယ်။
14:12
နေအိမ်အကျယ်ချုပ် ကျခံနေရသည့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကြီး ၂ ပုံကို ချိတ်ဆွဲထားသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ရုံးချုပ်ရှေ့မှ ဆွမ်းခံကိုရင်တပါး ဖြတ်သွားသည်ကို နိုဝင်ဘာလ ၁၂ရက်နေ့က တွေ့ရစဉ်။ ဒေါ်အောင်ဆန်းစုကြည်ကို ယခုရက်ပိုင်း လွှတ်ပေးလိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် အန်အယ်ဒီရုံးချုပ်တွင် ပါတီဝင်လူငယ်များ စောင့်ဆိုင်းနေကြသည်။ (ဓါတ်ပုံ=AFP)
13:25
အဖွဲ့ချုပ်ရုံးမှာ ပြည့်ညပ်နေပြီ
ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့အတွက် ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းမှာရှိတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရဲ့ အတွင်းအပြင်မှာ တိုင်းနဲ့ ပြည်နယ် အဖွဲ့ချုပ်ခေါင်းဆောင်တွေ၊ လူငယ်တွေ၊ ပရိသတ်တွေနဲ့ စည်ကားနေပါတယ်။

ဒီအကြောင်းကို အဖွဲ့ချုပ်ရုံးမှာ အခု ရှိနေတဲ့ သူတယောက် ပြောပြတာက ...

“ပြည်နယ်နဲ့တိုင်းက ခေါင်းဆောင်တွေ ရုံးရှေ့မှာ အကုန်နီးပါး ရောက်နေကြတယ်။ လူငယ်တွေလည်း တော်တော်များများ ရောက်နေကြတယ်။ ရုံးရှေ့မှာက ပရိသတ်က ၈ဝဝ - ၁ဝဝဝ လောက် ရောက်နေကြတယ်။ ရုံးထဲမှာလည်း ပြည့်ညပ်နေပြီ။ လူတွေတောင် နေစရာမရှိတော့ဘူး။ လူငယ်တွေက ဒေါ်အောင်ဆန်းစုကြည် ပုံတွေကို ပိုစတာလို ပုံစံမျိုးဖြစ်အောင် တုတ်တံလေးတွေနဲ့ ကြွေးကြော်လို့ရအောင် လုပ်ထားတယ်။ လူငယ်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရပ်တည်မယ်ဆိုတဲ့ အင်္ကျီတွေ ဝတ်ဆင်ထားတယ်။ ဆေးရုံတွေမှာ သွားပြီးတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်တဲ့ အထိမ်းအမှတ်နဲ့ သွေးလှူတဲ့ လူငယ်တွေလည်း ပြန်ရောက်နေကြပြီ။ အဲဒီ လူတွေနဲ့ ရုံးမှာ ပြည့်နေတယ်”
13:10
သား မောင်ထိန်လင်း ပြည်ဝင်ခွင့် ဗီဇာရဟု ဆို
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား မောင်ထိန်လင်း ရန်ကုန် ရောက်နေတယ် ဆိုတာကို အတည်ပြုလို့ မရသေးပါဘူး။ မနေ့က ဦးဥာဏ်ဝင်း (ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ) ရဲ့ နောက်ဆုံး စကားကတော့ ဗီဇာတော့ ပေးလိုက်ပြီလို့ ပြောတယ်” လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောပါတယ်။
13:00
ဒေါ်စုခြံရှေ့ လုံခြုံရေး တင်းကျပ်ဆဲ
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ...

“တချို့ကတော့ လွှတ်ပေးဖို့ဆိုပြီး လက်မှတ် ထိုးလိုက်ပြီးလို့လည်း ပြောတယ်။ အခုထက်ထိတော့ ဒေါ်စုက ခြံထဲကနေ ထွက်မလာသေးဘူး။ ခြံမှာလည်း လုံခြုံရေးတွေ တင်းကျပ်စွာ ချထားတယ်။ ကျနော်တို့ ရုံးရှေ့မှာ ပြည်နယ်နဲ့ တိုင်းအသီးသီးက ရောက်လာတဲ့ လူငယ်တွေ၊ ကြိုဆိုမယ့်သူတွေ၊ မြို့နယ် အသီးသီးက ကြိုဆိုမယ့်သူတွေ၊ ပြည်နယ်နဲ့ တိုင်းအသီးသီးက ခေါင်းဆောင်တွေ၊ လူငယ်တွေက ဒေါ်စု ဓာတ်ပုံတွေ၊ ပိုစတာ ဓာတ်ပုံတွေနဲ့ စောင့်နေကြတယ်။ ဒေါ်စု ခြံဘက်ကို သွားကြည့်တဲ့ သူတွေကတော့ ဘာမှ မထူးခြားသေးဘူးလို့ ပြောတယ်”
12:40
ရုံးချုပ်ရှေ့မှာ ဒေါ်စုပုံတွေ ဝေဝေဆာဆာ
ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံပါတဲ့ တီရှပ် အင်္ကျီတွေ ဆင်တူဝတ်ထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ် ၅ဝဝ လောက်ဟာ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေ ကိုင်ပြီး၊ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းမှာရှိတဲ့ အဖွဲ့ချုပ် ရုံးချုပ်ရှေ့မှာ စောင့်ဆိုင်းနေတယ်လို့ မဇ္ဈိမ သတင်းထောက်တွေက သတင်းပေးပို့ပါတယ်။
12:35
ဒေါ်စုအိမ်ရှေ့ ကန့်သတ်ထားဆဲ
ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာ လမ်းမှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ဘက် သွားရောက် ကြည့်ရှု့ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်တယောက် ပြောပြတာကတော့ ...

"ကျနော် ခုနက ခြံနားသွားကြည့်တော့ အရင်အတိုင်းပဲ။ အခုပဲ ကျနော်တို့ လူငယ်တဖွဲ့လေ။ လွတ်ပြီ ဆိုတဲ့အသံ ထွက်နေတယ်။ ကျနော်တို့ လူငယ်တွေ တံခါး မဖွင့်သေးဘူး။ ကန့်သတ်နယ်မြေ ဆိုပြီးတော့ အရင်အတိုင်းပဲ။ လွတ်မယ်၊ မလွတ်ဘူးဆိုတာ ကျနော် မသိဘူး။ ကျနော် ပြောတာက လူက အပြင် မထွက်သေးတော့ မသေချာသေးဘူးပေါ့ဗျာ”
12:30
ဒေါ်အောင်ဆန်းစုကြည် လွတ်မယ်လို့ မျှော်လင့်နေကြ
ပါတီဝင်တွေက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ စောင့်ဆိုင်းနေကြသလို၊ ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ လွတ်လာလိမ့်မယ် ဆိုတဲ့ မှော်လင့်ချက်တွေက ရန်ကုန် နိုင်ငံရေး အသိုင်းအဝိုင်းအကြား ပျံ့နှံ့နေပါတယ်။ ဖြစ်ထွန်းမှုနဲ့ ပတ်သက်ပြီး မဇ္ဈိမက အမြန်ဆုံး သတင်း ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။