www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၁၆ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > သတင်း > ရသသတင်း > ဒုက္ခနွံထဲမှ မျှော်လင့်သော အိပ်မက်များ

ဒုက္ခနွံထဲမှ မျှော်လင့်သော အိပ်မက်များ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

(နှစ် ၆၀ ပြည့် ကမ္ဘာ့ဒုက္ခသည်များနေ့ အမှတ်တရ)

နယူးဒေလီ (မဇ္ဈိမ) ။       ။ “ကျနော် မပြန်ချင်တော့ဘူး။ စစ်တပ်ကို တအားမုန်းတယ် တွေ့လည်း မတွေ့ချင်ဘူး” ဟု စကားသံဝဲဝဲဖြင့် တုံးတိတိဆိုရင်း ပေါင်ပေါ်ထိုင်နေသည့် သားနှင့် သမီးကို  ဖက်ထားထားသော ကင်မ်၏ လက်များမှာ ပိုတင်းကျပ်သွားကာ ရင်ဘတ်ဘက်သို့ ပိုမိုဆွဲယူလိုက်သည်။

စက်ဘီးလေးပေါ် လီတာ ၂ဝ ဝင် ရေသန့်ဗူးကို ရှေ့တလုံး နောက်တလုံး တင်ပြီး၊ အရပ်ထဲ လှည့်လည်ရေပို့သည့် သူ့ကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ Vikas Puri ရပ်ကွက်ထဲရှိ မြန်မာဒုက္ခသည် အများအပြား မြင်တွေ့နေကျပင်။ ဝဖိုင့်ဖိုင့် သူ့ခန္ဓာကိုယ်နှင့် မလိုက်ဖက်သော်လည်း သောက်ရေလိုက်ရောင်းရာ၌ အသုံးဝင်လှသည့် စက်ဘီးလေးကို တရွေ့ရွေ့ စီးနင်းရင်း သွားလာနေသည်မို့လည်း တခါတွေ့ တသက်မမေ့ ဆိုရမလားထင်ရ၏။

ချင်းပြည်နယ် တီးတိန်နယ်သား ၃ဝ နှစ်ကျော်အရွယ်
ကင်မ်သည် ကလေး ၂ ဦး ဖခင်ဖြစ်သည်။ ၂ဝဝ၅ ခုနှစ် ကတည်းက မွေးရပ်ဇာတိကိုစွန့်ကာ မိုင်တထောင်
 ကျော်ဝေးသည့် နယူးဒေလီမှာ ဒုက္ခသည်လာဖြစ်ရင်း မိသားစုအတွက် ရုန်းကန်နေသူပါ။

ကင်မ်ကဲ့သို့ပင် ချစ်ခင်တွယ်တာရသော မွေးရပ်မြေကို စွန့်ခွါကာ အကြောင်းအမျိုးမျိုးဖြင့် အိန္ဒိယနယ်စပ်ဒေသထဲ
 ပြန့်ကျဲနေသည်က မရေတွက်နိုင်။ ခိုလှုံလာသူ
 မြန်မာနိုင်ငံသား ၅ သောင်း၊ ၆ သောင်းထက်မနည်း ရှိနေသည်။ မပြေလည်ရသည့် အခြေအနေ ပေါင်းစုံကြောင့် တိုင်းတပါးကို ထွက်လာခဲ့သော်လည်း ရပ်တည်ရေးက ခက်ခက်ခဲခဲပါပဲ။

“ဒေလီမှာတော့ နယ်ပါလီ Nepali ဆိုတာ ရှိတယ်လေ။ ကျနော်တို့နဲ့ ရုပ်ချင်းက ဆင်တယ်။ အိန္ဒိယက နယ်ပါလီတွေကို နှိမ်တယ်။ ကျနော် လုံခြုံရေး လုပ်တုန်းကလည်း အထိုးခံရတာတွေ ရှိတယ်” ဟု ပြောအပြီး ကင်မ်က ခေါင်းငုံ့ကာ တိတ်ဆိတ်သွားပြန်သည်။ ခဏကြာမှ “District Center မှာလည်း ပန်းကန်ဆေး၊ စားပွဲထိုး၊ သန့်ရှင်းရေး အကုန်လုံး ကျနော်လုပ်ဖူးပါတယ်” ဟု ဆိုသည်။

District Center သည် မြန်မာဒုက္ခသည် အများစုနေထိုင်သည့် Vikas Puri အနီး ရှိပြီး၊ ဈေးဝယ်စင်တာ Shopping Center တခု ဖြစ်သည်။ ဟိန္ဒီဘာသာ အနည်းအကျင်းသာ ပြောတတ်သည့် ဒုက္ခသည် ကလေးငယ်အချို့လည်း ယင်းနေရာရှိ ရရာအလုပ်များတွင် ဝင်လုပ်လေ့ရှိသည်။ တရက်လျှင် စရိတ်ငြိမ်း ရူပီး ၅ဝ မှ ၁ဝဝ ခန့် (ကျပ်အားဖြင့် ၉ဝဝ မှ ၁၈ဝဝ ခန့်) ရကြသည်။

၎ဝ ဒီဂရီ စင်တီဂရိတ်အထက် တက်နေသော နေပူရှိန်ကို အံတုကာ ရေသန့်ပို့ရသည့် အလုပ်မှာ အိန္ဒိယ
အလုပ်ရှင်ဆီ လုပ်ကိုင်နေသူများထက် ကင်မ်က ကံကောင်းသည်ဟု ဆိုရမည်။ အများစုမှာ တွက်ခြေမကိုက်၊ ဆက်ဆံရေး မပြေပြစ်၊ စကားမပေါက်သည့် အလုပ်များထဲ ဝင်လုပ်ကြသည်။ ကင်မ်ကတော့ ကိုယ့်နိုင်ငံသားများအကြား ရေသန့်ပို့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသား ဒုက္ခသည်အများအပြားမှာ စက်ရုံအလုပ်ရုံ အလုပ်သမား၊ သန့်ရှင်းရေး၊ သောက်ရေသန့်ပို့၊ မင်္ဂလာဆောင် စားပွဲထိုး၊ ညစောင့်နှင့် အိမ်အကူ စသည့် အလုပ်များတွင် ရှိကြသည်။

ဒေသခံ ဘာသာစကားက မတတ်၊ အင်္ဂလိပ်စကားလည်း မရ၊ ရပြန်တော့လည်း နေရာတိုင်းမှာ အသုံးမချနိုင်၊ ဒုက္ခသည်လည်း ဖြစ်ပြန်တော့ ဘာလုပ်လုပ်၊ ဘာကိုင်ကိုင် ယဉ်ကျေးမှုချင်း ကွာဟလှသည်။ ထိုသို့သော တိုင်းတပါးသား မျက်နှာစိမ်းများနှင့် ဒေသခံများအကြား ကမောက်ကမ ဆက်ဆံရေးသာမက အနိုင်ကျင့်မှုအချို့ပါ တွဲပြီး ကြုံရတတ်ကြောင်း သူတို့က ပြောပြသည်။ အလုပ်ရှင်အချို့က ဒေသခံနှင့် မြန်မာများကို ခွဲခြားဆက်ဆံတာ၊ လုပ်ခအပြည့်မပေးတာလည်း မကြားချင်အဆုံး ကြားနေရသည်သာ။

“စကားမတတ် တတတ်နဲ့ သူတို့ဆီမှာ အလုပ်လုပ်တယ်ဆိုရင် (ရူပီး) ၂ ထောင်အပြင် ပိုမပေးဘူး။ ပိုမပေးတဲ့အပြင် ရတဲ့ လခထဲက တရက်လျှော့၊ နှစ်ရက်လျှော့ အဲဒါမျိုးတွေကျတော့ ဘယ်လိုလုပ်စားတော့မလဲ။ အနှိမ်ခံရတယ်…” ဟု ကလေး ၂ ဦး မိခင်ဖြစ်သည့် ဒုက္ခသည်နောက်တဦး ဒေါ်ငယ်က မကျေမလည်အဖြစ်ကို ဆိုလေသည်။

စမူဆာနှင့် အကြော်စုံ ရောင်းကာ ရပ်တည်နေရသည့် သူက “သားသမီးတွေရှိလို့ အိမ်မှာနေရတော့ တဖက်က ဝင်ငွေရှိအောင် ဒီဟာတွေ လုပ်ရောင်းနေတာတောင် ပုံမှန် ရောင်းရတာ မဟုတ်တော့ အိမ်စရိတ်က မလောက်နိုင်ဘူး” ဟု ဆိုကာ ကျက်နေပြီဖြစ်သည့် ဆီအိုးထဲ စမူဆာများ ပစ်ထည့်ရင်း ညဉ်းတွားလိုက်သည်။

ပုံမှန်ဝင်ငွေရမည့် ပြင်ပအလုပ်ရုံတွင် လုပ်ကိုင်လိုသော်လည်း ကလေးများ ကြည့်မည့်သူ မရှိသဖြင့် အိမ်မှာပဲ
 ဈေးရောင်းနေသူ ဖြစ်သည်။

ဒေလီရောက် မြန်မာဒုက္ခသည်များ၏ အခက်အခဲ၊ ပြဿနာများကား ဒုနဲ့ဒေးဟုပင် တဆင့်စကား တဆင့်နား ဆိုနေကြလင့်ကစား မြန်မာပြည်ထဲမှ ထွက်လာသူ ဦးရေက အတက်ဘက်ဆီ ဆင့်ကာဆက်ကာ တက်လာဆဲပင်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၏ တရားဝင် ကိန်းဂဏန်းများအရ နယူးဒေလီတွင် ဒုက္ခသည်လက်မှတ်ရပြီးသူ မြန်မာများမှာ ၂ဝ၁၁ ဇန်နဝါရီအထိ ဦးရေ ၅ ထောင်ခန့်ရှိနေပြီး၊ ဒုက္ခသည်ဖြစ်ရေး
 လျှောက်ထားဆဲက ၆၅ဝဝ ခန့် ရှိကြောင်း သိရသည်။ စာရင်းမရှိသော အရေအတွက်က ဤကိန်းဂဏန်းထက် ပိုရုံသာရှိသည်။ အားလုံးကို မြန်မာပြည်ထဲ အလိုမတူဘဲ နှင်ထုတ်ခြင်းမျိုး မရှိရအောင် UNHCR က ကာကွယ်ထားသည်။

၂ဝ၁၁ ဒီဇင်ဘာဆိုလျှင် နယူးဒေလီမှာ ဒုက္ခသည်ဖြစ်ရေး လျှောက်ထားသူပေါင်း ၈ ထောင်အထိ ရှိလာနိုင်ပြီး၊ ဒုက္ခသည်ဖြစ်မည့်သူမှာ လက်ရှိ ၅ ထောင် အပါအဝင် ၇၅ဝဝ အထိ ရှိမည်ဟု UNHCR က ဆိုထားသည်။

အများစုက နယူးဒေလီမြို့ရှိ Vikas Puri ၊ Hastsal ၊ Janakpuri ၊ Sitapuri ၊ အစရှိသည့် ရပ်ကွက်များတွင် စုဖွဲ့နေထိုင်ကြသည်။

ပူလွန်း၊ အေးလွန်းလှသည့် ဒေလီရာသီကို အံတုနိုင်မည့် လေအေးစက် cooler ၊ အပူငွေ့ပေး heater လို အသုံးအဆောင်တွေ မတတ်နိုင်သည့် မြန်မာပြည်သားများအဖို့ ဥတုဒဏ်ကို အံကြိတ်ခံရင်း ကျန်းမာရေးက ကျွဲကူးရေပါ ထိခိုက်စရာဖြစ်သည်။

နယူးဒေလီရှိ ချင်းဒုက္ခသည်ကော်မတီ CRC ၏ ၂ဝ၁၁ မေလတွင် ကောက်ယူခဲ့သော စစ်တမ်းအရ ချင်းဒုက္ခသည် ၁၉ ရာခိုင်နှုန်းတွင် HIV ၊ တီဘီ၊ ဆီးချို၊ ကျောက်ကပ်၊ အမျိုးသမီး မီးယပ်ရောဂါနှင့် နှလုံးရောဂါ အစရှိသည့် ကျန်းမာရေး ပြဿနာများ တွေ့ရသည်ဟု ဖော်ပြထားသည်။

ငွေကုန်ကြေးကျ သက်သာသည့် ပြည်သူ့ဆေးရုံများ၌ ကုသခွင့်ရှိသော်လည်း စိတ်တိုင်းကျ စောင့်ရှောက်ပေးနိုင်သော၊ ဦးစားပေး ဆက်ဆံခံရသော အနေအထားမျိုးတော့ မဟုတ်။ ဆေးရုံများကို မသွားချင်လျှင်  မြန်မာ့ဒီမိုကရေစီ အင်အားစုများ အခမဲ့ဖွင့်ထားသည့် ယမုံနာဆေးခန်း၊ အမျိုးသမီးအဖွဲ့ ဆေးခန်းများဆီသာ ခြေဦးလှည့်ကြသည်။

စားဝတ်နေရေးအတွက် ကြာလေခက်လေ ဖြစ်နေသော ဒုက္ခသည်များအဖို့ သားသမီးများအတွက် ပညာရေးသည်ကား ဗူးလေးရာ ဖရုံဆင့်စေခဲ့သည်။ 

မြန်မာဒုက္ခသည် ကလေးများအတွက် UNHCR နှင့် လက်တွဲလုပ်ကိုင်ပေးနေသည့် YMCA ၊ Don Bosco စသည့်
NGO အဖွဲ့များက အင်္ဂလိပ်စာ၊ ကွန်ပြူတာ သင်ပေးသည့် ကျောင်းလေးများအပြင်၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
 ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ငြိမ်းချမ်းရေးဆုရ ငွေကြေးထဲမှ ထောက်ပံ့ပေးသည့် Prospects Burma ကျောင်း၊ ထို့အပြင် လူဦးရေအကန့်အသတ်ဖြင့် အခမဲ့ တက်ရောက်ခွင့်ပေးသော အောက်စဖို့ဒ်ကျောင်းမှာလည်း မြန်မာ ကလေးများ ပညာရေး ဝဲကယက်တွင် ကူရာကယ်ရာအဖြစ် အထောက်အကူ ဖြစ်စေသည့် ကောက်ရိုးမျှင်များသာ။

အောက်စဖို့ဒ်ကျောင်းကမူ အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက် လွန်ခဲ့သည့် နှစ် ၅ဝ ခန့်ကတည်းက
 နှင်ထုတ်ခံခဲ့ရသော အိန္ဒိယနွယ်ဖွား ဦးမောသီရိ တည်ထောင်ထားသည်။ ယခုလို စာသင်ကျောင်းများကြောင့်
 မြန်မာဒုက္ခသည် မိဘများ အသက်ရှူချောင်ရသော်လည်း ကျောင်းမထားနိုင်သည့် ကလေးငယ်များ ရှိနေဆဲပင်။ 

မြန်မာဒုက္ခသည် ကလေးများအနက် ၃၂ ရာခိုင်နှုန်း ကျောင်းနေခွင့်ရပြီး၊ ထိုအထဲကမှ ကောင်းမွန်သည့် ပုဂ္ဂလိက ကျောင်း၌ တက်ရောက်နိုင်သူ ၁ဝ ရာခိုင်နှုန်းခန့်သာ ပါဝင်သည်ဟု CRC စစ်တမ်းက ဆိုသည်။

“ကျနော့်အတွက်က ကိစ္စမရှိတော့ဘူး၊ သူတို့အတွက်ပဲလေ ကျောင်းထားချင်တယ်။ ကျောင်းမထားနိုင်ရင်
 ဒေလီမှာတော့ သူတောင်းစာလို ဖြစ်သွားမှာဆိုးလို့ တအားခံစားရတယ်လေ” ဟု ရင်ခွင်ထဲတွင် မှီနေသည့် သားနှင့် သမီးကို ငုံ့ကြည့်ကာ ကင်မ်က ဆိုလေ၏။

ဒုက္ခများကြားမှပင်  ယုံကြည်ချက်ကြောင့် ထွက်လာသည့် ဒီမိုကရေစီအရေး လှုပ်ရှားသူများကလည်း မြန်မာပြည် ဒီမိုကရေစီရရှိရန် နိုင်ငံရေး လှုပ်ရှားမှုတဖက်၊ ဒုက္ခသည် ဘဝတဖက်နှင့် နှစ်ရှည်လများ ခရီးဆက်နေကြဆဲပင်။ သင်တန်းများ၊ ဆန္ဒပြပွဲများ၊ ဆွေးနွေးပွဲများ မကြာခဏ ဖော်ထုတ်လုပ်ကိုင်နေကြဆဲပင်။

ကာလကြာရှည်သည်နှင့်အမျှ အရွယ်ရောက်လာသည့် သားသမီး ရှေ့ရေးအတွက် ဒီမိုကရေစီအရေးကို အချိန်ပြည့် ငဲ့စောင်းမကြည့်နိုင်တော့ဘဲ၊ တတိယနိုင်ငံများဆီ သွားရောက်ရေးကို ရွေးချယ်စရာ ဖြစ်လာရသည်ဟု ဒေလီတွင် နှစ် ၂ဝ နီးပါး နေထိုင်လာခဲ့သည့် ဦးရဲထွဋ်က ရင်ဖွင့်လေသည်။ သူက ဒေါ်ငယ်၏ ခင်ပွန်းသည်။

“ခုနောက်ပိုင်းမှာတော့ တတိယ နိုင်ငံသွားဖို့ အာရုံစိုက်ကြတဲ့ မိသားစုတွေ ရှိလာတယ်။ သားသမီးတွေရဲ့ အနာဂတ်ကို ကြည့်လာတယ်။ တော်လှန်ရေး ရေရှည်ဖြစ်သွားတော့ ကိုယ်ကြည့်လာရမှာက သားသမီးရဲ့ ကျန်းမာရေး၊ ပညာရေး အနာဂတ်ပေါ့။ ဒီမှာနေတယ်ဆိုရင်တော့ စားဝတ်နေရေးတောင် အနိုင်နိုင် ဖြစ်နေကြတာကိုး” ဟု သူက စဉ်းစဉ်းစားစား ပြောချသည်။

ဒုက္ခသည်များ၏ မျှော်လင့်ချက် ထွက်ပေါက်တခုဖြစ်သော တတိယနိုင်ငံများဆီ ရောက်ပြီးနောက် အင်္ဂလိပ်စာသင်၊
 ကျောင်းတက်၊ အလုပ်လုပ်၊ ဝင်ငွေရှာရင်း အမိမြေ၊ ဆွေမျိုးသားချင်းများနှင့် ဝေးကွာနေသည့် လူ့ဘဝခရီးက
 ပျော်ရွှင်စရာအတိ ဖြစ်ရဲ့လား ဆိုသည်က စဉ်းစားစရာပင်။

ကိုရဲထွဋ်ကတော့ “ကိုယ့်နိုင်ငံလို နေရာမျိုး ပြန်မရောက်သရွေ့ ကျနော်တို့က လမ်းမဆုံးသေးဘူး။ ပန်းတိုင်က မရောက်သေးသရွေ့ လမ်းလျှောက်နေရတော့ နိုင်ငံခြားကိုသွားရတာလည်း ဘယ်လိုကျေနပ်မှုရှိမှာလဲ” ဟု သူ၏ မပြီးဆုံးသေးသော ခရီးရှည်ကြီးကို မျှော်တွေးမှန်းဆကာ ဆို၏။

အိန္ဒိယတွင် ဒုက္ခသည်ဘဝဖြင့် မည်မျှပင် ခက်ခဲနေပါစေ အနာဂတ်တွင် ယခုထက် ကောင်းမွန်သော တတိယနိုင်ငံ ဆိုသည့် အိပ်မက်သည် ရုန်းကန်စရာ ခွန်အားတရပ် ဖြစ်နေသလားပင်။

ပြည်ပမှာ ရောက်နေချိန် ကျားကုတ်ကျားခဲ ရယူသင်ကြားရမည့် ပညာများ၊ အတွေ့အကြုံများကို တချိန်ကျလျှင် ကိုယ့်နိုင်ငံမှာ ထိထိမိမိ အသုံးချသွားမည်ဆိုသော စိတ်ပိုင်းဖြတ်မှုများဖြင့် ဒုက္ခနွံအတွင်းမှာပင် တတိယနိုင်ငံ အိပ်မက်များ ဆက်မက်ရင်း ရုန်းကန်ကြဦးမည်ဖြစ်သည်…။ ။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

နောက်ဆုံးသတင်းများ

  1. ယခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး(တောင်ပိုင်း)တွင် မူးယစ်ဆေးဝါးအမှု တစ်ရာကျော် အရေးယူနိုင်ခဲ့ဟုဆို
  2. ဇနီးဖြစ်သူနှင့် စကားများပြီး ယောက်ျားတစ်ဦး ဆွဲကြိုးချသတ်သေမှု ထပ်ဖြစ်
  3. ချစ်သူမိန်းကလေး၏ ဘောင်းဘီကို သော့ခတ်သည့် ယောက်ျားဖမ်းဆီးခံရ
  4. အမျိုးသမီးတစ်ဦးကို အိမ်ထဲဝင်သတ်ပြီး ပစ္စည်းလုယက်သူကို ဖမ်းမိ
  5. ထိုင်ဝမ်ပန်းချီဆရာ Chung Aik Hust ၏တစ်ကိုယ်တော်ပြပွဲကို ရန်ကုန်တွင်ပထမဆုံးအကြိမ်ကျင်းပမည်
  6. စင်ကာပူတွင်ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့် အနုပညာရှင်များတက်ရောက်မည်
  7. ကိုရီးယားရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသည့်မင်းသား ကင်ဒုံဝန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်းပြောကြား

ဆက်စပ် သတင်းများ

ဆက်စပ် သတင်း မရှိပါ။


e-letter-burmese

Who is Online

We have 97 guests online