တက္ကသိုလ်အသင်းများနှင့် ခြေစမ်းပွဲတွင် လူငယ်ကစားသမားများကိုသာ ပတ်ဆောင်ဟွာ စမ်းသပ်သုံးစွဲခဲ့

ပရင့်ထုတ်ရန်

အောက်တိုဘာလ (၁၈) ရက်ကတည်းက ကိုရီးယားနိုင်ငံသို့ ရောက်ရှိလေ့ကျင့်မှုများ ပြုလုပ်နေသော မြန်မာယူ-၂၃ အသင်းအနေဖြင့် ခြေစမ်းပွဲသုံးပွဲကစားထားပြီး တက္ကသိုလ်အသင်းများနှင့် ကစားခဲ့သော ခြေစမ်းပွဲများတွင် လူငယ် ကစားသမားများကိုသာ စမ်းသပ်သုံးစွဲခဲ့ကြောင်း အသင်းမန်နေဂျာ ဦးစိုးမိုးကျော်က မဇ္ဈိမသို့ ပြောသည်။

မြန်မာအသင်းသည် ကိုရီးယားကေလိဂ်ကလပ်ဂွမ်ဂျုးအက်ဖ်စီ၊ တက္ကသိုလ်အသင်းများဖြစ်သည့် နမ်ဘူးတက္ကသိုလ် အသင်း၊ ဟိုနမ်တက္ကသိုလ်အသင်းတို့နှင့် ခြေစမ်းပွဲများကစားခဲ့သည်။ တက္ကသိုလ်အသင်းများနှင့် ပွဲစဉ်များတွင် ပတ်ဆောင်ဟွာက လူငယ်ကစားသမားများကို စမ်းသပ်ပွဲထုတ်ခဲ့ပြီး ကစားသမားများ ခြေစွမ်းကို ကျေနပ်နေကြောင်း ဦးစိုးမိုးကျော်က ဆိုသည်။

“တက္ကသိုလ်အသင်းတွေနဲ့ ပွဲတွေမှာ ပတ်ဆောင်ဟွာကအသင်းကို အသစ်ခေါ်ထားတဲ့ လူငယ်ကစားသမားတွေကို အဓိကစမ်းသပ်ပွဲထုတ်ခဲ့ပါတယ်။ လူငယ်တွေကလည်း အကောင်းဆုံးကြိုးစား ကစားနိုင်ခဲ့ပါတယ်။ လူငယ်ကစား သမားတွေရဲ့ ခြေစွမ်းကို သူကျေနပ်အားရနေပါတယ်။ ဒီလို လူငယ်တွေကို ပွဲထွက်ခွင့်ပေးမှ ပွဲကြီးတွေအတွက် အတွေ့ အကြုံရမှာပါ။ နောက်ပွဲတွေမှာလည်း စမ်းသပ်သုံးစွဲဖို့ရှိပါ တယ်” ဟု ၎င်းက ပြောသည်။ မြန်မာယူ-၂၃အသင်းသည် ဆီးဂိမ်းအကြို ပြင်ဆင်မှုအဖြစ် အောက်တို ဘာ (၁၈)ရက်မှ (၃၁)ရက်အထိ ကိုရီးယားနိုင်ငံတွင် သွားရောက်
လေ့ကျင့်မည်ဖြစ်ပြီး ဂျပန်နိုင်ငံသို့လည်း သွားရောက်လေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်ကာ နိုဝင်ဘာ (၁၀)ရက်တွင်
မြန်မာနိုင်ငံသို့ ပြန်လည်ရောက် ရှိမည် ဖြစ်သည်။

ထို့အပြင် မြန်မာယူ-၂၃အသင်းအနေဖြင့် ဆီးဂိမ်းမတိုင်မီ နောက်ဆုံးခြေစမ်းပွဲအဖြစ် နိုဝင်ဘာ (၂၃) ရက် တွင် ဂျပန် ယူ-၂၃ အသင်းနှင့် ကစားရန်လည်း စီစဉ်ထားသည်။