သံရုံး ဗုံးခွဲရန်ကြံစည်မှု မသင်္ကာသူများကို အင်ဒိုရဲက စီးနင်းတိုက်ခိုက်၊ စစ်သွေးကြွ ၇ ဦး သေဆုံး

ပရင့်ထုတ်ရန်

အင်ဒိုနီးရှား နိုင်ငံ၊ ဂျာကာတာမြို့ရှိ မြန်မာသံရုံးအား ဗုံးခွဲရန် ကြံစည်မှုတွင် ပါဝင် ပတ်သတ်သည်ဟု ယူဆရသည့် အစ္စလာမ်မစ် စစ်သွေးကြွများကို အင်ဒိုနီးရှားနိုင်ငံ အကြမ်းဖက်မှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့ဝင်များက ၂၄ နာရီကြာ စီးနင်းတိုက်ခိုက်ခဲ့ရာ သီးခြား စစ်ဆင်ရေး သုံးခုအတွင်း စုစုပေါင်း စစ်သွေးကြွ ၇ ဦး သေဆုံးခဲ့ပြီး အခြား စစ်သွေးကြွ ၆ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်ဟု အေပီ သတင်းဌာနတွင် ရေးသားဖော်ပြထားသည်။ 

ဗဟိုဂျာဗား ပြည်နယ် Kebumen မြို့တွင် ရှိသည့် အိမ်တလုံးမှ စစ်သွေးကြွများကို ဝင်ရောက် စီးနင်း တိုက်ခိုက်ရာတွင်
ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေကို ညလုံးပေါက် ရင်ဆိုင်ခဲ့ရပြီးနောက် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် သံသယရှိသူ စစ်သွေးကြွ ၃ ဦးကို ကြာသပတေးနေ့ အစောပိုင်းတွင် အသေ ပစ်ခတ်နိုင်ခဲ့ပြီး အခြား ၄ ဦးကို အရှင် ဖမ်းဆီးနိုင်ခဲ့သည်ဟု အင်ဒိုနီးရှားနိုင်ငံ အမျိုးသား ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် Boy Rafli Amar က ဆိုသည်။ 

စီးနင်း တိုက်ခိုက်စဉ်အတွင်း သေဆုံးသွားသည့် စစ်သွေးကြွ ၃ ဦးမှာ လက်နက်ချရန် ငြင်းဆန်ခဲ့ကြသူများ ဖြစ်ကာ ရဲတပ်ဖွဲ့ဝင်များအား သေနတ်ဖြင့် တုံ့ပြန် ပစ်ခတ်ခဲ့သလို လက်လုပ်ဗုံး ဖြင့်လည်း တိုက်ခိုက်ခဲ့ကြသည်ဟု ဗိုလ်မှူးချုပ်က ဆိုသည်။ 

ဗဟို ဂျာဗားပြည်နယ်တွင် ဝင်ရောက် စီးနင်းတိုက်ခိုက်မှု မပြုလုပ်မီ နာရီ အနည်းငယ်ခန့်ကလည်း အနောက် ဂျာဗားပြည်နယ် Cigondewah ရွာတွင် ရဲတပ်ဖွဲ့များက စစ်သွေးကြွများကို အလားတူ စီးနင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားဟု ယူဆရသူ ၃ ဦးကို အသေပစ်ခတ်နိုင်ခဲ့သည်ဟု ရေးသားထားသည်။

ဗဟို ဂျာဗားပြည်နယ် Batang မြို့တွင်လည်း စစ်သွေးကြများအပေါ် တတိယမြောက် စစ်ဆင်ရေး တခုကို ဗုဒ္ဓဟူးနေ့
က ပြုလုပ်ခဲ့ကြရာ စစ်သွေးကြွဟု သံသယရှိသူ တဦးကို အသေပစ်ခတ် နိုင်ခဲ့ပြီး နောက်ထပ်တဦးကို ဖမ်းဆီးနိုင်ခဲ့
သည်ဟု အေပီသတင်းဌာနက ရေးသားထားသည်။

မြန်မာသံရုံးအား ဗုံးခွဲတိုက်ခိုက်မည့် မသင်္ကာသူ နှစ်ဦးကိုလည်း မေလ ၂ ရက်နေ့ညက ဂျာကာတာမြို့ပေါ်တွင် လက်လုပ်ဗုံး ငါးလုံးနှစ်အတူ စတင်ဖမ်းဆီးရမိပြီးနောက် ယခုကဲ့သို့ ဆက်တိုက် အရေးယူဆောင်ရွက်မှုများ ဖြစ်ပေါ်
လာခြင်း ဖြစ်သည်။