နေရောင်ခြည် စွမ်းအင်သုံး လေယာဉ်ပျံ အောင်မြင်စွာ ပျံသန်းပြီး အာရီဇိုးနားတွင် ဆင်းသက်ခဲ့

ပရင့်ထုတ်ရန်

အမေရိကန် နိုင်ငံအနှံ့ စံချိန်တင် လှည့်လည် ပျံသန်းမည့် နေရောင်ခြည် စွမ်းအင်သုံး လေယာဉ်ပျံသည် ညနေဆည်းဆာချိန် နောက်ပိုင်း အလင်းရောင် မရှိသည့် အချိန်တွင်ပင် နာရီပေါင်းများစွာ ဆက်လက် ပျံသန်းခဲ့ကာ၊ စနေနေ့က အမေရိကန်နိုင်ငံ အာရီဇိုးနားပြည်နယ် Pheonix မြို့တွင် ဆင်းသက်ခဲ့သည်။

Silar-Air
လက်ရှိအချိန်တွင် ကမ္ဘာပေါ်၌ အဆင့်အမြင့်ဆုံး နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ပျံ ဖြစ်သည့် Solar Impulse  သည် အလင်းရောင် လုံးဝ မရှိသော အချိန်ဖြစ်သည့် ဒေသစံတော်ချိန် ည ၁၂ နာရီခွဲ ခန့်တွင် Sky Harbor လေယာဉ်ကွင်း ၌ ဆင်းသက်ခဲ့ခြင်း ဖြစ်ပြီး ခရီးစဉ်၏ အစိတ်အပိုင်းတခုကို အောင်မြင်စွာ ပျံသန်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ပျံ၏ လေယာဉ်မှူးက ယခုခရီးစဉ်သည်
လေကြောင်း ပျံသန်းမှု သမိုင်းတွင် မှတ်တိုင်သစ်တခု စိုက်ထူနိုင်ခဲ့ခြင်းဖြစ်သည် ဟု ဆိုခဲ့သည်။

နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်တစီး အနေဖြင့် အမေရိက တလျှောက် ပျံသန်းရာတွင် လောင်စာဆီ လုံးဝ အသုံးပြုခြင်း မရှိဘဲ နေ့ရော ညပါ အောင်မြင်စွာ ပျံသန်းနိုင်ခဲ့သည့် ပထမဆုံး ခရီးစဉ် ဖြစ်လာသည်ဟု ထိုလေယာဉ်ကို တီထွင်ဖန်တီးခဲ့သူများက ဆိုကြသည်။

ထိုလေယာဉ်သည် သောကြာနေ့ အရုဏ်တက်ချိန်တွင်  ဆန်ဖရန်စစ်စကို အနီးရှိ Moffett Field မှ စတင်ထွက်ခွာခဲ့ခြင်း ဖြစ်သည်။

ထို စူးစမ်းလေ့လာ ပျံသန်းရေး အဖွဲ့၏ ဝက်ဘ်ဆိုဒ်ရှိ သတင်း ဗွီဒီယိုထဲတွင် ပါရှိသည်မှာ လေယာဉ်ပျံ အနေဖြင့် Pheonix မြို့တွင် ဆင်းသက်ခဲ့ပြီးနောက် လေယာဉ်မှူး Bertrand Piccard  သည် အားပေးသူ ပရိသတ်များအား အပြုံးဖြင့် လက်ဝှေ့ယှမ်း နှုတ်ဆက်ခဲ့ကာ နေရောင်ခြည် စွမ်းအင်သုံး လေယာဉ်၏ အမည်ကို ရေးထိုးထားသည့် အလံတခုကိုလည်း ကိုင်ဆောင်ထားခဲ့သည်ကို တွေ့ရသည်။  

“အိပ်မက်တခုထဲမှာ ရောက်ရှိနေသလိုမျိုး နည်းနည်းခံစားရပါတယ်” ဟု လေယာဉ်မှူး Piccard က ဆိုခဲ့သည်။

ထိုလေယာဉ်သည် Phoenix မှ နေ၍ တက်ဆက် ရှိ Dallas-Fort လေဆိပ်၊ ထိုမှတဆင့် Lambert-St. Louis လေဆိပ်၊ ဝါရှင်တန် ဧရိယာရှိ Dulles လေဆိပ်နှင့် နယူးယောက်ရှိ ဂျွန်အက်ဖ်ကနေဒီ လေဆိပ်များသို့ ပျံသန်းဦးမည် ဖြစ်သည်။ ထိုခရီးစဉ် တခုချင်းစီသည် ၁၉ နာရီ မှ ၂၅ နာရီ အတွင်း ကြာမြင့်မည် ဖြစ်ကာ ထိုမြို့တိုင်းတွင် ၁၀ ရက်စီ ရပ်နားမည် ဖြစ်သည်။

“၂၀ ရာစုရဲ့ ရှေ့ဆောင် စွန့်စား သူတွေ အားလုံးဟာ  အမေရိက အနှံ့ ပျံသန်းဖို့ ကြိုးစားခဲ့ကြပါတယ်” ဟု  လေယာဉ်မှူး Piccard  က ယခုအကြိမ် ပျံသန်းမှု မစတင်မီက ပြောကြားခဲ့သည်။ “ဒါကြောင့်မို့ ဒီနေ့မှာ ကျနော်တို့ဟာလည်း အဲဒါကို ပြုလုပ်နိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပြီး ထူးခြားတာကတော့ လောင်စာဆီ လုံးဝ အသုံးပြုခြင်း မရှိဘဲ နေရောင်ခြည် စွမ်းအင် တမျိုးတည်းကို အသုံးပြုပြီး  နေ့ရောညပါ ပျံသန်းနိုင်တဲ့ ပထမဆုံး လေယာဉ်ဖြစ်ဖို့ ကြိုးစားနေတာပါ” ဟု သူက ဆိုသည်။

အလင်းရောင်ကို သုံး၍ လျှပ်စစ်ဗို့အား ထုတ်ပေးနိုင်သည့် ဓါတ်ခဲ စုစုပေါင်း ၁၂,၀၀၀ ခန့် ကို ကြီးမားသည့်
လေယာဉ်တောင်ပံများပေါ်တွင် ဖြန့်ကျက်တပ်ဆင်ထားပြီး လေယာဉ်ကို စွမ်းအင် ပံ့ပိုးပေးထားခြင်း
ဖြစ်သည်ဟု သိရသည်။

အနုစိတ်ဖန်တီးထားကာ ထိုင်ခုံတခုတည်း ပါရှိသည့် Solar Impulse လေယာဉ်သည် တနာရီလျှင် မိုင် ၄၀ နှုန်းခန့်ဖြင့် ပျံသန်းနိုင်ကာ၊ တိမ်တိုက်များကိုတော့ ဖြတ်သန်းပျံသန်းနိုင်စွမ်း မရှိသေးချေ။ ကားတစီး၏ အလေးချိန်ခန့် ရှိပြီး ဆိုးဝါးသည့် ရာသီဥတုကို ခံနိုင်စွမ်း မရှိပေ။

ထိုလေယာဉ်ကို ဖန်တီးသူများက နေရောင်ခြည် စွမ်းအင်သုံး လေယာဉ်များသည် လောင်စာဆီ စွမ်းအင်သုံး လုပ်ငန်းသုံးလေယာဉ်များကို မည်သည့်အခါတွင်မျှ အစားထိုးနိုင်လိမ့်မည် မဟုတ်သော်လည်း၊ ယခု ခရီးစဉ်၏ ရည်ရွယ်ချက်မှာ နေရောင်ခြည် စွမ်းအင်ကို အသုံးချခြင်းနှင့် ပတ်သတ်၍ ကောင်းမွန်လှသည့် အလားအလာ ကို ပြသရန် ဖြစ်သည်ဟု ဆိုကြသည်။

လေယာဉ်မှူး Piccard က “ကျနော်တို့ ရည်ရွယ်နေတာက အလွန် စိတ်လှုပ်ရှားစရာ ကောင်းတဲ့ လေကြောင်း ပျံသန်းမှု သမိုင်းကြောင်းမှာ

မှတ်တိုင်သစ်တခု စိုက်ထူဖို့ ဖြစ်ပြီး၊ သန့်ရှင်းတဲ့ စွမ်းအင်ပုံစံတွေကို အသုံးပြုပြီး၊ မဖြစ်နိုင်ဘူး ထင်ခဲ့ရတာ
တွေကို ကျနော်တို့ အနေနဲ့ အောင်မြင်စွာ လုပ်ဆောင်ပြသပြီးတော့ လူတွေ စိတ်ဝင်စားမှုရှိလာအောင် ဆွဲဆောင်နိုင်ဖို့၊ နိုင်ငံရေး လောကတွေ မီဒီယာတွေ စိတ်ဝင်စားမှု ရှိလာအောင် ဆွဲဆောင်နိုင်ဖို့ပဲ ဖြစ်ပါတယ်” ဟု ဆိုသည်။

ထိုလေယာဉ်သည် ဥရောပတိုက်မှ ပရိသတ်များကိုလည်း မြင့်မားသော နည်းပညာဖြင့်၊ လေယာဉ်အား အထင်ကြီးစေနိုင်ခဲ့သည်။